လွန်ခဲ့သော ခြောက်နှစ်ကျော်ကာလ က ဖြစ်သည်။ ရုံးတော်မှ စီရင်ချက်ကို ခေတ္တဆိုင်းငံ့ထားပြီးနောက် ကိပ်ကော့ သို့ နန်စီလာသည်။ တရားလိုဘက်မှ အဓိကသက်သေဖြစ်သော ရော့လဂ္ဂလာ ပျောက်ဆုံး သွားသဖြင့် အစိုးရရှေ့နေကလည်း စီရင်ချက်ဆိုင်းငံ့ခြင်းကို အကျောက်အကန် ကန့်ကွက်မနေတော့ပါ။
ထို့ကြောင့် သည်အရပ်သို့ နန်စီထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ ကာလီဖိုးနီးယား ပြည်နယ်နှင့် ဝေးနိုင်သမျှ ဝေးသည့် နေရာသို့ သူထွက်လာခဲ့ခြင်းဖြစ်သည်။
သူ သိကျွမ်းခဲ့သောလူများ သူနေထိုင်ခဲ့သော တက္ကသိုလ် အသိုင်းအဝိုင်းနှင့် သူကျင်လည်ခဲ့ရသည့် ပတ်ဝန်းကျင် နှင့် ဝေးနိုင်သမျှဝေးအောင် သူထွက်ခဲ့ခြင်းဖြစ်ပါသည်။
သူ သိကျွမ်းပေါင်းသင်း ခဲ့သူ များကို ဘယ်တော့မှ ပြန်မတွေ့ချင်တော့ပါ။ ဘယ် တော့မှ ပြန် လည် ပေါင်းသင်း ဆက်ဆံခြင်း မပြုလိုတော့ပါ။
မိတ်ဆွေ အပေါင်းအသင်းများသည် သူ့အပေါ်သဘောထား ပြောင်းလဲသွားကြပြီ။ သူ့ကို ရန်သူလို ဆက်ဆံကြပြီ။
ကားလ် သူ့ကိုယ်သူ သတ်သေသွားခြင်း နှင့် ပတ်သက်၍လည်း ကားလ်ခမျာ သနားစရာ ကောင်းလိုက်တာ နော် ဟု စုတ်တသပ်သပ်ဖြစ်ကြပြီး ထိုသို့ သတ်သေသွားခြင်းသည် နန်စီကြောင့်ဖြစ်ရသည်ဆိုပြီး သူ့ အပေါ် ကိုသာ အပြစ်ပုံချကြလေသည်။
နယူးအင်္ဂလန် နယ်သူနယ်သားများ နှင့် ကိပ်ကော့ မြို့သူမြို့သားများသည် အခြားသူ၏ ကိစ္စကို စပ်စပ်စုစု မလုပ်တတ်ဘဲ ကိုယ့်ဘာသာကိုယ် နေတတ်ကြကြောင်း အမြဲတမ်းကြားဖူးနေသောကြောင့် သူ သည်အရပ် သို့ ရောက်လာခြင်းလည်း ဖြစ်ပါသည်။
ထိုအတိုင်းမှန်လျှင် အလွန်ကောင်းပါသည်။ လူစိမ်းသူစိမ်း များကို မစပ်စုဘဲ ကိုယ့်ဘာသာကိုယ်နေ၍ ရနိုင်သည့် နေရာမျိုး မှာ သူပုန်းအောင်းရမည်။ သူ့ကိုယ်သူ ထိန်းသိမ်းရမည်။ သူ့ကိုယ်သူဆင်ခြင်ရမည်။ သူဘာတွေ ဖြစ်ခဲ့ကြောင်း ပြန်စဉ်းစား ဆန်းစစ်ရမည်။
နောက်ပြီးတော့ ပြိုကွဲပျက်စီးသွားသော သူ့ဘဝကို ပြန်လည်တည်ဆောက်ရမည်။
နန်စီ က သူ၏ရွှေရောင်ဆံပင်များကို ခေါင်းတုံးတုံးပစ်လိုက်သည်။ ပြီးတော့ အညိုရောင်ဆေးဆိုးသည်။ သည်လောက် ဆိုလျှင်ပင် ရုံးတော် မှာ အမှုစစ်နေဆဲကာလ တစ်လျှောက်လုံး တစ်တိုင်းတစ်ပြည်လုံးရှိ သတင်းစာ များ ၏ မျက်နှာဖုံးတွင် အစဉ်တစိုက် ပါခဲ့သည့် သူ့ဓာတ်ပုံထဲက ရုပ်နှင့် လုံးဝခြားနား သွား တော့သည်။
ဒါလောက်ဆိုလျှင် သူ့ကို အခြားလူများအလွယ်တကူ မှတ်မိနိုင်စရာ အကြောင်း မရှိတော့။ အိမ်မြေပွဲစား ဖြစ်သော ရေး၏ ရုံးသို့ သူရောက်ရှိသွားသောအခါတွင် သူ၏ ဇာတာစန်းလဂ်များ ပြန်တက်လာမည် ဟု ဆိုရမည်ဖြစ်သည်။ အိမ်တစ်လုံးငှားလိုသော ကြောင့် ရေး၏ ရုံးခန်းသို့ သူရောက်သွားခြင်းဖြစ်သည်။ အမှန် ကတော့ ရေး၏ရုံးခန်းသို့ သူသွားဖို့မဟုတ်။ အခြားတစ်ယောက်ပွဲစားနှင့် ချိန်းဆိုထားပြီးဖြစ်သည်။
သို့သော် ရေး၏ ရုံးခန်းအပြင်အဆင် က တစ်မျိုးထူးဆန်းနေသည်။ ဆိုင်းဘုတ်က လည်းဆန်းသည်။ ထို့ကြောင့် ဝင်သွားမိခြင်းဖြစ်သည်။
သူအရင် တစ်ယောက်ရောက်နေသည်။ ထို့ကြောင့် နန်စီက သူ့အလှည့်ကို စောင့်ရသည်။ ရေးက အသက်ကြီးကြီး အဘိုးကြီး တစ်ယောက်နှင့် အလုပ်အကြောင်း စကားပြောနေသည်။ အိမ်ငှားရသည့် အခါ တွင် အိမ်စရိတ်ကျေသွားမည့် အကြောင်းကို များကို ရေးက အကြံပေးနေသည်။
ပြောပုံ ဆိုပုံ အကြံပေးပုံများကို နားထောင်ရခြင်းအားဖြင့် နန်စီက ရေးကို အထင်ကြီးသွားသည်။ အဘိုးကြီး ထွက် သွားတော့ နန်စီ ကို ရေးကလက်ခံတွေ့သည်။
ခုန အဘိုးကြီးကလဲ သူ့အိမ်ပေါ်ကို အငှားတင်ချင်တယ်ဆိုတော့ ကျွန်မအခု ရောက်လာတာ အချိန်ကိုက်ပဲနဲ့ တူတယ်၊ ကျွန်မကလဲ အိမ်ငှားချင်လို့ပါဟု နန်စီက ပြောသည်။
သို့သော်လည်း ရေးက မစ္စတာဟန့်ဆိုသော စောစောက အဘိုးကြီး၏ အိမ်ကို မပြပါ။ ရှုခင်းသာက သိပ်ကြီးလွန်း တယ်၊ ခင်ဗျားတစ်ယောက်တည်း သိပ်ကို အဖော်မဲ့နေသလိုဖြစ်သွားမယ်၊ ငှားမယ့် တခြား အိမ်တစ်လုံး ရှိပါသေးတယ်၊ အိမ်ထောင် ပရိဘောဂနဲ့ အသုံးအဆောင်တွေလဲ အပြည့်အစုံရှိပြီးသား၊ နောက်ပြီးတော့ ခင်ဗျားသဘောကျ လို့ ဝယ်မယ်ဆိုရင်လဲရတယ်၊ ငှားချင်လဲရတယ်၊ ဝယ်ချင်လဲရတယ် ဆိုတဲ့အိမ်မျိုး အိပ်ခန်းဘယ်နှစ်ခန်း ပါစေချင်လဲ မစ္စ…အဲမစ္စက်
မစ္စကီအာနန်၊ နန်စီကီအာနန်လို့ ခေါ်ပါတယ် ထစ်နေသောရေးကို နန်စီက နာမည်ပြောပြလိုက်သည်။ သို့သော်လည်း သူ့အမေ၏ နာမည်အရင်းကို ထည့်ပြောလိုက် မိချေသည်။
အခန်းများများ ပါဖို့ မလိုပါဘူး၊ ဟုတ်တယ် မလိုပါဘူး ကျွန်မနဲ့အတူနေမဲ့လူ မရှိဘူး၊ ဧည့်သည် စောင်သည် လည်း လာဖို့ မရှိဘူး။
ထိုသို့ပြောသော်လည်း ရေး၏ မျက်နှာပေါ်တွင် စပ်စုလိုသည့် အမူအရာ မရှိခြင်းကို နန်စီ အရမ်း သဘောကျ သွားသည်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ် ဆိုရင် ကိပ်ကော့ဟာ အကောင်းဆုံး အရပ်ဒေသပါ၊ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက် နိုင်တယ်၊ ဘယ်သူကမှ ခင်ဗျားကို မနှောင့်ယှက်ဘူး၊ မစပ်စုဘူး၊ ဒါပေမယ့် ခင်ဗျားပတ်လည်မှာ လူတွေရှိနေတဲ့ အတွက် တစ်ယောက်တည်း အထီးကျန် ဖြစ်နေသလိုလဲ မခံစားရဘူး ပြတင်းပေါက်မှာထိုင်ပြီး နေဝင်တာကိုလဲ အေးအေးဆေးဆေး ကြည့် နေနိုင်တယ်။
ရေးက ထိုသို့ ရှင်းပြပြီး အိမ်လိုက်ပြသည်။ အိမ်ကိုမြင်သည်နှင့် နန်စီသဘော ကျသွားပြီးနေဖို့ ဆုံးဖြတ် လိုက် လေသည်။
အိမ်ကတော့ ရှေးခေတ်အိမ်ပုံစံဖြစ်သည်။ အိမ်ထောင်ပရိဘောဂများ နေရာချ ထားပုံနှင့် မီးလင်းဖိုရှေ့တွင် လှုပ်ကုလားထိုင် ချထားပုံများကို အထူးသဘော ကျသွားသည်။
ထမင်းစားပွဲကို ပြတင်းပေါက်နားမှာ ခင်းကျင်းပြင်ဆင်ထားသည်။ ထို့ကြောင့် ထမင်းစားနေရင်း ပင်လယ်အော် ကြီးကို လှမ်းအော်ကြည့်နေနိုင်သည်။ နန်စီ၏ အနေအထားမှာ အိမ်ပေါ်သို့ ချက်ချင်း ရွှေ့ပြောင်း နိုင်သည့် အနေအထားဖြစ်ပါသည်။ သူပိုင်ပစ္စည်းဆိုလို့ ဘတ်စ်ကားပေါ်မှ ချလာသော အဝတ်အစား သေတ္တာ နှစ်လုံးသာ ရှိုသည်။
ထိုအခြေအနေ နှင့် ပတ်သက်၍လည်း ရေးသည် တစ်စုံတစ်ရာကို စဉ်းစားချင် စဉ်းစားနေလိမ့်မည်။ သို့သော် သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမျိုးကိုမှ မတွေ့ရပေ။ ဒါကိုလည်း နန်စီ သဘောကျ သွားပြန်သည်။
မိခင်ကွယ်လွန်သွားကြောင်း၊ ထို့ကြောင့် အိုဟိုင်းယိုးမှာ ရှိသည့်အိမ်ကို ရောင်းပြီး အရှေ့ဘက်သို့ ရွှေ့ပြောင်း နေထိုင်ရန် ဆုံးဖြစ်ချက်ဖြင့် ရောက်လာခြင်းဖြစ်ကြောင်း နန်စီက ရိုးရိုးပဲ ရှင်းပြသည်။
မိခင် ကွယ်လွန်ပြီးနောက် ခြောက်နှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့သည့်အကြောင်း အရာများကိုတော့ သူ ဖုံးကွယ် ထားလိုက်လေတော့သည်။ လပေါင်းများစွာသော အချိန်အတွင်း ထိုညသည် နန်စီအဖို့ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သည့် ပထမဆုံး သောညဖြစ်လေသည်။ ညလုံးပေါက် အိပ်ပျော်သွားခြင်း ပင် ဖြစ်လေ သည်။
ဘာအိမ်မက်မှ မမက်ပါ။ ပီတာ နှင့် လီဇာ တို့၏ ခေါ်သံများကိုလည်း မကြားပါ။
ရုံးခန်း ထဲတွင် ကားလ် က သူ့ကိုအပြစ်ဖို့နေသည့် အသံများကိုလည်း မကြားရပါ။ သည်အိမ်ပေါ်ရောက်ပြီး ပထမ ဆုံးသော မနက် တွင် ကော်ဖီဖျော်ပြီး ပြတင်းပေါက်နား မှာသူထိုင်သည်။
အလွန်သာယာသောနေ့ဖြစ်သည်။ မြူဆိုင်းမနေ။ ကောင်းကင်တွင်လည်းတိမ်မရှိ။ တံငါလှေကလေး များ အနီးတွင် ပျံဝဲနေကြသည့် ဇင်ယော်ငှက်များကိုသာ လှုပ်ရှားမှု အဖြစ်မြင်တွေ့ရသည်။
ကော်ဖီကို တစ်ငုံချင်းသောက်ရင်း ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုနေမိသည်။ နွေးသောကော်ဖီက သွေးကြော များမှ တစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့သွားသည်။ ပြတင်းပေါက်မှတဆင့် ထိုးကျလာသော နေရောင် က သူ့မျက်နှာကို နွေးထွေးနေ စေသည်။
ထိုအချိန်မှစပြီး ငြိမ်းချမ်းမှုကို သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။ အိပ်မက်ကင်းမဲ့သည့် အိပ်ပျော်ခြင်းများကို ပြန်လည် ရရှိလာခြင်းဖြစ်သည်။ ငြိမ်းချမ်းမှု ငြိမ်းချမ်းမှုကို ပေးသနားတော်မူပါအရှင်။
အမှုစစ် နေသည့် ကာလတစ်လျှောက်လုံး အချုပ်ခန်းထဲမှာ ထိုအရာကိုသာ သူမနားတမ်း ဆုတောင်း ခဲ့သည်။ ဘာတွေဖြစ်နေတယ်ဆိုတာ လက်ခံနိုင်စွမ်း ရှိဖို့ကိုလည်း သူဆန္ဒပြုခဲ့သည်။ ခုနစ်နှစ်ကြီးများပင် ကြာမြင့် ခဲ့ချေပြီ။
ထိုအကြောင်းများကို ပြန်ပြောင်းစဉ်းစားမိရင်း နန်စီ သက်ပြင်းရှည်ကြီးချမိသည်။ လှေကား အောက်ဆုံး ထစ် တွင် သူရပ်နေမိကြောင်း သူ့ကိုယ်သူ သတိထားမိသည်။ အတိတ်အကြောင်းများကို စဉ်းစား ရလျှင် ပတ်ဝန်းကျင် ကို မေ့လွယ်တတ်လွန်းသည်။ ထို့ကြောင့်လည်း အတိတ်ကို မစဉ်းစား ဖြစ်အောင် သူကြိုးစား ခဲ့ခြင်း ဖြစ်သည်။
မှန်ပါသည်။ အနာဂတ်ကိုသာ ဦးတည်ရပေမည်။ အတိတ်ကို ကျောခိုင်းမေ့ပျောက် ထားရမည်။ အပေါ်ထပ် သို့ ဖြည်းဖြည်းချင်း သူတက်လာခဲ့သည်။ ပျောက်နေသော ရော့လဂ္ဂလာ ပြန်ပေါ်လာလျှင် လူသတ်မှုဖြင့် မိမိ ကို အမှုပြန်စစ် မည်ဖြစ်ကြောင်း အသိကြီး ရှိနေသည့်ကြားထဲက ဘယ်လိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် ပါမည်နည်း။
ထိုအမှုကြီး ကို ပြန်စစ်သောအခါ မိမိကိုသိပ်ချစ်သော ခင်ပွန်းဖြစ်သူရေး၊ မိမိ၏ ရင်မှဖြစ်သော မိုက်ကယ် နှင့် မစ်စီ တို့ကို ဘယ်လိုလုပ်ပြီး ခွဲခွာထားခဲ့နိုင်ပါမည်နည်း။ နန်စီသည် သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်ထား လိုက်မိသည်။ မတွေးနဲ့ ဒီအကြောင်း တွေတွေးမနေနဲ့ ဘာမှ အဓိပ္ပာယ်မရှိဘူး နန်စီက သူ့ကိုယ်သူ ပြန်ပြော နေမိသည်။
လှေကားထိပ်ရောက်တော့ ခေါင်းကို ယမ်းခါပစ်လိုက်သည်။ ပြီးတော့ စိတ်ကိုတင်းပြီး အိပ်ခန်းဆီသို့ ခပ်သွက်သွက် လျှောက်သွားသည်။ ပြတင်းပေါက်များကို ဖွင့်လိုက်သည်။ လေအေးက ခပ်ကြမ်းကြမ်း ဝင်လာသည်။
မိုးသားများ တက်လာနေပြီ။ ပင်လယ်အော်ထဲကရေပြင်ပေါ်တွင်လည်း လှိုင်းခေါင်း ဖြူတို့ လှုပ်ရှားစ ပြုလာပြီ။ အပူရှိန် သည် လျင်မြန်စွာ ထိုးကျနေသည်။ မကြာမီ မုန်တိုင်းကျတော့မည်ဖြစ်ကြောင်း နန်စီ သိသည်။
နန်စီသည်လည်း သည်အရပ်သူတစ်ယောက်လိုပင် မိုးလေဝသအခြေအနေကို ခန့်မှန်း ပြောဆို တတ် နေပေပြီ။ သို့သော်လည်း ယခုအချိန်ထိတော့ ရာသီဥတုကကောင်း နေဆဲဖြစ်သည်။
ထို့ကြောင့် ကလေးများကို အိမ်ပြင်မှာထား၍ ရနိုင်သေးသည်။ မနက်ပိုင်းတွင် အိမ်အပြင်မှ လေကောင်း လေသန့်ကို ရှူခွင့်ရသလောက် ရှူစေခြင်းအားဖြင့် ကျန်းမာ ရေးကို အထောက်အကူပြုသည်။ နေ့လယ်စာ စားပြီးလျှင် မစ်စီကအိပ်မည်။ မိုက်ကယ်က မူလတန်းကျောင်းသို့ သွားမည်။
နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှ အိပ်ရာခင်းကို ဆွဲခွာယူလိုက်သည်။ ပြီးတော့ သူတုံ့ခနဲ ရပ်သွားသည်။
မနေ့တုန်းက မစ်စီ နှာစေးနေသည်။ လည်ပင်းကြယ်သီးကို မဖြုတ်ဖို့ဆင်းပြီး သတိပေးရလျှင် ကောင်း မည်လား ဟု စဉ်းစားကြည့်သည်။ မစ်စီသည် အဝတ်အစား လုံလုံခြုံခြုံဝတ်ရသည်ကို အလွန် ဇီဇာ ကြောင်သည်။ ဆွယ်တာများ၊ အင်ကျီင်္များသည် သူ့လည်ပင်းကို အစ်စေကြောင်း အမြဲတမ်း အကြောင်းပြ တတ်သည်။
သို့သော် ယနေ့ မစ်စီဝတ်ထားသည့် ဆွယ်တာ သည် လည်ပင်းဖုံးဖြစ်သောကြောင့် လည်ပင်း ကြယ်သီး ဖြုတ်မည့် အန္တရာယ် မရှိနိုင်ကြောင်း အမှတ်ရသည်။ ထို့ကြောင့် အလုပ်ဆက်လုပ်နေလိုက်သည်။ နောက်ပြီး သူ့အလုပ်ကလည်း သိပ်မကြာနိုင်။ အိပ်ရာခင်းများနှင့် ခေါင်းအုံးစွပ်များ လဲပြီးအဟောင်းများကို လျှော်ရန် ဖြစ်သည်။
ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ကြာမည်။ အလွန်ဆုံး ဆယ်မိနစ်ပဲလေဟု နန်စီက သူ့ကိုယ်သူပြောသည်။ ထို ကြားထဲက ကလေးတွေအတွက် စိတ်ထဲမှာ ထင့်တင့်တင့် ဖြစ်နေသည်။ ယခု ဆင်းခေါ်ရလျှင် ကောင်းမည် ဟု တွေးသေးသည်။ သိပ်ကြာမှာမဟုတ် ဟု အားတင်းကာ လုပ်လက်စ အလုပ်ကို ဆက်လုပ် နေလိုက် သည်။

အခန်း (၂)
ဂျိုနသန်နိုးလ်စ် သည် မနက်တိုင်းမလှမ်းမကမ်းရှိ ကုန်စုံဆိုင်မှာ သတင်းစာ သွားယူလေ့ရှိသည်။ တစ်ခါ တစ်ရံ လမ်းလျှောက်သွားပြီး တစ်ခါတစ်ရံ စက်ဘီးနှင့်သွားလေ့ရှိသည်။
ထိုသို့ သွားတိုင်း နစ်ကာဆင်၏အိမ်ဟောင်းကြီးရှေ့မှဖြတ်ရလေသည်။ ရေးအဲလ်ဒရက်ခ်ျ က မိန်းမချော လေး တစ်ယောက် နှင့် လက်ထပ်ပြီးသောအခါ ထိုအိမ်ကြီးကို ၀ယ်ယူလိုက်လေသည်။
အဘိုးကြီး ဆမ်နစ်ကာဆင် ပိုင်တုန်း က ထိုအိမ်ကြီးမှာ ဗုန်းဗုန်းလဲပြိုကျတော့မည် အခြေအနေမျိုး ဖြစ်နေသည်။ သို့သော်လည်း ယခု ရေး၏ လက်ထက်တွင်မူ အလွန်တောင့်တင်းခိုင်မာသည့် အိမ် တစ်ဆောင် အဖြစ်သို့ အသွင်ကူးပြောင်းသွားလေသည်။
ရေးက အမိုးအသစ်ပြင်မိုးသည်။ ဆေးအသစ်သုတ်သည်။ လိုအပ်သည်များ ပြင်ဆင်သည်။
သူ့ဇနီးသည် ကလည်း အလွန်မြင်တတ်သည့်မျက်စိ ရှိပုံရသည်။ အိမ်ရှင်မ၏အလှအပ ကြိုက်တတ် ခြင်း၊ ပြင်ဆင် တတ်ခြင်းတို့ကြောင့် မြင်သူတိုင်း နောက်တစ်ခါပြန်ကြည့်ရသည့် အိမ်တစ်ဆောင်ဖြစ် လာလေ သည်။
ရာသီဥတုဆိုးရွားပြီး ညို့ဆိုင်းမှုန်မှိုင်းနေသည့်နေ့မျိုးမှာပင် သူတို့အိမ်က အရောင်လွင်လွင်ကလေး တောက်ပ နေတတ် သည်။
ရာသီဥတုကောင်းမွန်သည့် နေ့များတွင် နန်စီအဲလ်ဒရက်ခ်ျသည် မနက်ပိုင်းများ၌ ဥယျာဉ်ထဲဆင်း ပြီး ပန်းပင် များ စိုက်ပျိုးခြင်း၊ မြေသြဇာထည့်ခြင်း၊ ပေါင်းသင်ခြင်း၊ အရွက်ခြွေခြင်း၊ ရေလောင်းခြင်း များကို ပြု လုပ်လေ့ ရှိသည်။
ထိုအချိန်တွင် သူတို့အိမ်ရှေ့မှ ဂျိုနသန်ဖြတ်လျှောက်သွားသည်နှင့်ကြုံလျှင် သူ့ကို အားပါးတရ လှမ်း နှုတ်ဆက် မြဲဖြစ်သည်။ ပြီးမှ သူ့အလုပ်ကို သူ ဆက်လုပ်တတ်သည်။
ရေး၏ ဘိုးဘွားများကိုပါ ဂျိုနသန် သိကျွမ်းခဲ့သည်။ သူတို့သည် ယခင်တုန်းက နွေရာသီများတွင်သာ ကိပ်ကော့ သို့ လာရောက်အနားယူတတ်ကြသည်။ ပြီးတော့ ရေး၏မိဘများသည် ကိပ်ကော့ ဒေသ ဖွံ့ဖြိုး တိုးတက်လာရေး အတွက် ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများလည်း ဖြစ်သည်။
ထို့ကြောင့်လည်း ရေးကိုယ်တိုင် သည်အရပ်အပေါ် သံယောဇဉ်ဖြစ်ပြီး သူ၏စီးပွားရေးလုပ်ငန်းကို သည် နေရာမှာ ထူထောင်နိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။
သည်အရပ် မှာ ရေအိုင်တွေရှိသည်။ ရေကန်တွေရှိသည်။ သစ်တောတွေရှိသည်။ လမ်းလျှောက်စရာ မြေပြင်ကျယ်ကြီးေ တွ ရှိသည်။ ပြေးလွှားလှုပ်ရှားစရာ မြေပြန့်လွင်ပြင်တွေရှိသည်။
တစ်အိုးတစ်အိမ်ထူထောင်စ မိသားစုများအဖို့ သားသမီးများကို ပြုစုပျိုးထောင်ပေးရန် ကောင်း သော အရပ်ဒေသ လည်း ဖြစ်သည်။
ပင်စင်စားများ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကာ ခေါင်းချသင့်သည် အရပ်လည်း ဖြစ်သည်။
ဂျိုနသန်သည်လည်း ပင်စင်မယူမီတုန်းက ဇနီးသည် အယ်မလီနှင့်အတူ သည်အရပ်မှာ နှစ်စဉ် လာရောက် အနားယူ ခဲ့သည်။ ပင်စင်ယူပြီးလျှင် အယ်မလီနှင့်အတူ အပြီးပြောင်းရွှေ့လာဖို့ကိုလည်း ဆုံးဖြတ် ထားခဲ့ သည်။
သို့သော်လည်း တကယ်ပင်စင်ယူပြီး ကိပ်ကော့သို့ပြောင်းရွှေ့လာသောအခါတွင်မူ အယ်မလီ မပါ တော့ချေ။ အသေစောရှာခဲ့လေပြီ။
ဂျိုနသန်က သက်ပြင်းရှည်ကြီးချသည်။
သူသည် ကိုယ်လုံးကိုယ်ထည် ထွားထွားကျိုင်းကျိုင်းကြီးဖြစ်သည်။ မေးရိုးကြီးများကားပြီး မျက်နှာ ကြီးက ၀ိုင်း နေသည်။ ဆံပင်အလွန်သန်သည်။ သို့သော် အားလုံး ဆွတ်ဆွတ်ဖြူနေပြီ။
သူသည် ပင်စင်စား ဥပဒေပညာရှင်ကြီး ဖြစ်သည်။
အယ်မလီ ရှိစဉ်က သူတို့နှစ်ယောက် အနားယူရင်း နေရာတကာ ရောက်ခဲ့ကြသည်။ ရှေးဟောင်း ပစ္စည်း ဆိုင် များသို့လည်း ရောက်သည်။ သည်လို လှည့်လည် သွားလာနေရသည်မှာ စိတ်ချမ်းသာစရာ ကောင်း သည်။
ယခု တစ်ကိုယ်တည်း နေရသော အခါ ထိုအရာများကို သူ စိတ်မ၀င်စားနိုင်တော့ချေ။
ပင်စင်ယူပြီး ကိပ်ကော့ သို့ သူပြောင်းလာသည်မှာ နှစ်နှစ်ရှိပြီ။ သည်နေရာမှာ ခေါင်းချဖို့လည်း ဆုံး ဖြတ်ထား ပြီးပြီ။
ယခုအခါတွင် စာအုပ်တစ်အုပ်ကို သူစတင်ရေးသားနေပြီဖြစ်သည်။
အစတုန်း ကတော့ ဘာရယ်မဟုတ်။ အပျော်သဘောအဖြစ် လည်းကောင်း၊ အလုပ်တစ်ခုခု လုပ်နေ ရသောကြောင့် စိတ်ငြိမ်သည့်လုပ်ငန်း အဖြစ်လည်းကောင်း စာရေးကြည့်ခြင်း ဖြစ်သည်။
ပြီးသွားသော အခါ မိတ်ဆွေထုတ်ဝေသူ တစ်ယောက်ထံသို့ ထိုစာမူပို့ကြည့်သည်။
ထုတ်ဝေသူ က တစ်ခန်း နှစ်ခန်း ဖတ်ကြည့်ပြီး သူ့ဆီ သို့ သဘောတူစာချုပ် တစ်ခုကို ချက်ချင်း ပို့ လိုက် လေတော့ သည်။
သူ့စာအုပ်များကို ဆက်လက်ထုတ်ဝေသွားရန် ဖြစ်သည်။
သူရေးသည့်စာအုပ်မှာ တရားရုံးတော်သို့ရောက်ခဲ့သည့် နာမည်ကြီးလူသတ်မှုများကို လေ့လာသုံး သပ်သည့် အကြောင်း ဖြစ်လေသည်။
ဂျိုနသန် သည် တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ငါးနာရီ စာရေးသည်။ နေ့စဉ် နေ့တိုင်း နံနက် ကိုးနာရီခွဲ သည် နှင့် စာရေးစားပွဲမှာ မပျက်မကွက် ထိုင်တော့သည်။
နိစ္စပတ် အလုပ် ကို သူ အပျက်မခံ။
ပင်လယ်လေက သူ့မျက်နှာကို ခပ်ဆတ်ဆတ်ကလေး ဆောင့်တိုးလိုက်သည်။ မာဖလာကို သူ ဆွဲ ထုတ်သည်။ နေသာပြီး သူ့မျက်နှာပေါ်သို့ နေရောင်ထိုးကျနေသဖြင့် ကျေးဇူးတင်ရသေးတော့ သည်။
ပင်လယ်အော် ဆီသို့ သူ လှမ်းမျှော်ကြည့်သည်။ ရေပြင်ဆီသို့ ရှင်းရှင်းလင်းလင်းကြီး လှမ်းမြင်နေရ သည်။ မြင်ကွင်းက ရှင်းလှသည်။
ရှုပ်နေသည် မှာ အဘိုးကြီး မစ္စတာဟန့်၏အိမ်ကြီး ဖြစ်သည်။ ရေစပ်မှာ ကျောက်နံရံတွေ ခံဆောက် ထားပြီး ထီးတည်းကြီးရှိသည်။
ထိုအိမ်ကြီး ကို "ရှုခင်းသာ" ဟု အားလုံးက ခေါ်ကြသည်။
ဂျိုနသန်သည် သည်နေရာရောက်တိုင်း ပင်လယ်အော်ကို လှမ်းကြည့်မြဲဖြစ်သည်။ မြင်ကွင်းလှ သော ကြောင့် ဖြစ်သည်။
ထိုသို့ လှမ်းမျှော်ကြည့်တိုင်း ရှုခင်းသာ အိမ်ကြီးက သူ့မြင်ကွင်းတွင် ကန့်လန့်ခံနေသည်ဟု ထင် သည်။
ယခုလည်း သည်နေရာမှနေ၍ ရေပြင်ကျယ်ကြီးကို လှမ်းကြည့်သည်။ ဟန့်၏အိမ်ကြီးကို မြင်ပြန် သည်။
ထိုရှုခင်းသာ အိမ်ကြီး မှာ ငှားနေသည့် ငတိ သည် ပြတင်းပေါက်နားမှာ သတ္တုပစ္စည်းတစ်ခုခုကို ချထားပုံ ရသည်။ တစ်ချက် တစ်ချက်တွင် လက်ခနဲ လက်ခနဲဖြစ်သွားတတ်သည်။
ထိုအရာဝတ္ထုက ကြည့်သူတိုင်းကို အနှောင့်အယှက်ဖြစ်မဖြစ်တော့ မသိ။ သို့သော်လည်း ဂျိုနသန် အဖို့ တော့ အလွန်အနှောင့်အယှက်ဖြစ်သည်။ ကြည့်မိတိုင်း မခံချိမခံသာ အမြဲဖြစ်ရသည်။
ထိုအကြောင်း ရေးကို ပြောပြရလျှင် ကောင်းမည်လားဟု စဉ်းစားမိသေးသည်။ သို့သော်လည်း ချက်ချင်းပင် ထိုအတွေး ကို မေ့လိုက်သည်။
အိမ်ငှားနေသူကလည်း ပင်လယ်ပြင်ကို ကြည့်စရာ ဒါလောက်နေရာရှားလို့လား၊ တခြားနေရာက သွားကြည့် ပေါ့ ဟု ဂျိုနသန်ကို ပြန်ပြောပေလိမ့်မည်။
အမှတ်တမဲ့ သူ ပခုံးတွန့်လိုက်မိသည်။
အဲလ်ဒရက်ခ်ျ တို့၏ အိမ်ရှေ့တည့်တည့်ကို သူ ရောက်လာပြီ။
နန်စီ သည် ပြတင်းပေါက်အနီးရှိ ထမင်းစားစားပွဲမှာ ထိုင်ပြီး သူ့သားလေးနှင့် စကားပြောနေသည်ကို တွေ့ရ သည်။ သမီး အငယ်လေး က သူ့ပေါင်ပေါ်မှာ ထိုင်နေသည်။
ဂျိုနသန်က ကမန်းကတန်း မျက်နှာလွှဲလိုက်သည်။ တစ်စုံတစ်ယောက်၏အိမ်ထဲသို့ ခိုးကြောင် ခိုး ၀ှက် ၀င်မိ လိုက် သလို စိတ်ထဲမှာ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
နန်စီနှင့် မျက်လုံးချင်းမဆုံချင်ပါ။
သတင်းစာ သွားယူရမည်။ ပြီးတော့ အိမ်ပြန်ပြီး တစ်ယောက်တည်း နံနက်စာစားမည်။
ထို့နောက် စာရေးစားပွဲမှာထိုင်မည်။
ယနေ့ ဟာမွန် လူသတ်မှုအကြောင်း ရေးမည်။
ထိုလူသတ်မှု တွင် သူခံစားနေရသော သံသယသည် စိတ်ဝင်စားစရာအကောင်းဆုံးအခန်း ဖြစ် သည်။
ဆက်ရန်
.
.
3 comments:
ဖတ်သွားပြီ ညီမရေ
ပုံမှန်လေး စိတ်ရှည်စွာ တင်ပေးတာ ကျေးဇူးပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မူရင်းဝတ္တုအမည်နှင့် ရေးသူအမည်ကိုသိချင်ပါတယ်။ ရှာတွေ့ရင် တင်ပြပေးပါရန် မေတ္တာရပ်ခံပါတယ်။
အနောနီးမက်စ်ရေ
Where are the children?
Mary Higgins Clark
Post a Comment