စာရေးဆရာကြီး အလင်္ကာကျော်စွာ
ဦးသုခနှင့် ကျွန်တော် မင်းသူရိန်
ဦးသုခနှင့် ကျွန်တော် မင်းသူရိန်
ဆရာကြီးဦးသုခ၏ နာရေးသတင်းမှာ ရန်ကုန်မြို့နှင့် (၂၇)မိုင် ဝေးကွာသော နေမိန္ဒြဓမ္မအေးရိပ်သာ တရားစခန်း သို့ (၈.၁၂.၀၅)နေ့ ညနေ(၄)နာရီတွင် ရောက်ရှိလာပါသည်။ မနေ့က (၇.၁၂.၀၅)တွင် ကွယ်လွန် ကြောင်း သိရပါသည်။
သတင်းလာပို့သူမှာ ကျွန်တော်၏ သားတပည့်ရင်း ဆောက်လုပ်ရေး အင်ဂျင်နီယာ(ငြိမ်း) ဦးခင်အောင် ဖြစ်ပါသည်။ ကျွန်တော်သည် ချက်ချင်းပင် ဆရာတော် အရှင်နေမိန္ဒြဓမ္မ၀ိဇ္ဇာအား သွားရောက် လျှောက်ထား လိုက်ပါသည်။ ဆရာတော်သည် စိတ်မကောင်းဖြစ်သော ကျွန်တော်အား လိုက်သွားရန် တိုက်တွန်း ပါသည်။
ကျွန်တော်သည် ဦးခင်အောင်၏ ကားနှင့်ပင် ပါရမီရိပ်သာ ဆရာဦးသုခ၏ နေအိမ်သို့ ဦးခင်အောင်၏ ဇနီးနှင့် မိသားစုပါ တစ်ပါတည်း ခေါ်သွားပါသည်။ ညနေ(၅)နာရီသာသာတွင် ဆရာအိမ်သို့ ရောက်ပါသည်။ ဆရာ၏ ရုပ်ကလာပ်မှာ နေအိမ်တွင် မရှိတော့ပါ။ ရေဝေးအအေးတိုက်သို့ ပို့ဆောင်ပြီး ဖြစ်ပါသည်။
ဆရာ၏ မိတ်ဆွေသင်္ဂဟများ၊ စာပေ၊ ရုပ်ရှင်အနုပညာလောကမှ တပည့်သားသမီးများ ဧည့်ပရိသတ် များဖြင့် စည်ကားရှုပ်ထွေးနေပါသည်။ ကျွန်တော် ရင်ထဲမှာ သောကဖြင့် ရင်ခုန်လှုပ်ရှားနေပါသဖြင့် ဘယ်သူ ဘယ်ဝါမှန်း မသိ ပြုံးပြနှုတ်ဆက်မိပါသည်။
ဆရာ နှင့် ကျွန်တော်တို့ ဘုရားဝတ်ပြု၊ ဘုရားကြောင်း၊ တရားကြောင်း ဆွေးနွေးနေကျ ဘုရားဆောင်သို့ ၀င်ရောက် ဦးတိုက် ပူဇော်လိုက်ပါသည်။ ဆရာ့ဓာတ်ပုံကို ရိုသေစွာ ကန်တော့ပြီး ဆရာကတော်ကို မေးရာ နေမကောင်း ၍ အိပ်ရာထဲတွင် လှဲနေကြောင်း သိရပါသည်။ စိတ်မကောင်း၍ မတွေ့တော့ပါ။
အိမ်ရှေ့ဝရံတာတွင် စားပွဲဖြင့် ပြင်ဆင်ထားသော ဆရာ့အတွက် "အမှတ်တရမှတ်တမ်း" စာအုပ်တွင် အောက်ပါ ဂုဏ်ပြုမှတ်တမ်းကို ရေးခဲ့မိပါတော့သည်။
ဆရာ
ဆရာ၏ အထူးထူးသော စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဘာသာရေး၊ သာသနာရေး စသည့် ချီးကျူးဂုဏ်ပြုဖော်ပြ၍ မကုန်နိုင်သော ဂုဏ်ကျေးဇူးများကို ချီးကျူးဂုဏ်ပြု ရိုသေစွာ ကန်တော့ပါ၏။
နောက်ဆုံး အထူးခြားဆုံး အအောင်မြင်ဆုံးဖြစ်သော မြန်မာနိုင်ငံတွင် "အမေနေ့" ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခဲ့သော ဆရာ၏ အမြတ်ဆုံး ကြိုးစား ဆောင်ရွက်မှုကို လေးလေးနက်နက်၊ လှိုက်လှိုက်လှဲလှဲ ကြည်နူးအားရ ချီးကျူး ဂုဏ်ပြုပူဇော်ကန်တော့ပါသည် ခင်ဗျား။
ကြေကွဲတမ်းတ အမှတ်တရ
မင်းသူရိန်
၈.၁၂.၀၅
၁၉၅၄-၅၅ တွင် ကျွန်တော်တို့ မန္တလေးသား စာပေ၊ ရုပ်ရှင်ဝါသနာရှင်များ ဂုဏ်ယူအားထားစရာ "မန္တလေး ရုပှ်င်" ကုမ္ပဏီစတင်တည်ထောင်ပေါ်ထွက်ခဲ့သည်။ မန္တလေးရုပ်ရှင်နှင့်အတူ စာရေးဆရာဒါရိုက်တာ ဦးသုခ မန္တလေးသို့ စတင် ရောက်လာပါသည်။ ဆရာဦးသုခနှင့်အတူ မန္တလေးရုပ်ရှင်ပွဲဦးထွက် "ဘ၀သံသရာ" ရုပ်ရှင်ဇာတ်ကားကြီး ထွက်ပေါ်လာပါတော့သည်။
ထိုစဉ် မန္တလေးမြို့တွင် "အထက်ဗမာနိုင်ငံစာရေးဆရာအသင်း" တည်ထောင်၍ မန္တလေးမြို့ရှိ စာပေ လူငယ်များ တက်ကြွလှုပ်ရှားနေဆဲ ဖြစ်ပါသည်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် လူထုဦးလှက ဆောင်ရွက်ပြီး ရဲဘော်နေအောင်က အတွင်းရေးမှူး၊ ကျွန်တော် တွဲဘက်အတွင်းရေးမှူး ဖြစ်ပါသည်။
ထိုစဉ် လက်ချိုးရေတွက်၍ ရသော မန္တလေးမြို့ရှိ စာပေ၀ါသနာရှင်များမှာ ဆယ့်လေးငါးယောက်သာ ရှိပါသေးသည်။ တစ်ဘက်မှ အထက်ဗမာနိုင်ငံ သတင်းစာ ဆရာအသင်းနှင့်ပေါင်းပါမှ သုံးဆယ်ခန့် ရှိပါသည်။
မန္တလေးရုပ်ရှင်တည်ရာ နှင်းဆီခြံရပ်၊ ရုပ်ရှင်ခြံကျယ်ကြိးတွင် တိုက်တာ ဆက်တင် အဆောက်အဦများဖြင့် ပြည့်စုံစည်ကားနေပါသည်။ ဆရာဦးသုခ တည်းခိုနေထိုင်ရာ အဆောက်အဦးတွင် ကျွန်တော်တို့ မန္တလေး စာပေ ရုပ်ရှင် ၀ါသနာအိုးများ စုဝေးလာရောက် ရုပ်ရှင်ဇာတ်လမ်း ရိုက်ကွင်း ရိုက်ကွက်များ တိုင်ပင် ဆွေးနွေးပြောဆိုလေ့ ရှိကြပါသည်။
ဆရာဦးသုခကလည်း အပြောအဟော ကောင်းသဖြင့် ကျွန်တော်တို့အား စာပေ၊ ရုပ်ရှင်၊ ဂီတ စသည့် ဗဟုသုတများ ပြောလေ့ ရှိပါသည်။ ထိုစဉ်က ဆရာဦးသုခနှင့် ကျွန်တော်တို့ စတင်ရင်းနှီးခဲ့ကြပါသည်။
ထိုစဉ်က ကျွန်တော်သည် မန္တလေးမြို့၊ အမှတ်(၁) အ.ထ.ကတွင် အလယ်တန်းပြ ဆရာ ဖြစ်ပါသည်။ ၁၉၅၈ခုနှစ်၊ ဇန်န၀ါရီလတွင် ကျွန်တော်ကျောင်းဆရာဘ၀မှ အင်းစိန်ဗဟိုစံပြထောင်သို့ ထောင်မှူးအဖြစ် ပြောင်းရွှေ့ပြီး အမှုထမ်းခဲ့ပါသည်။ ထောင်မှူးဘ၀နှင့် အားလပ်ရက်များတွင် ရန်ကုန်မြို့၊ ကျောက်မြောင်း ရပ် ကျောက်ရေတွင်းလမ်းတွင်နေသော ဆရာဦးသုခထံ အားလပ်သော ရက်များတွင် သွားရောက် လည်ပတ်လေ့ ရှိပါသည်။
မန္တလေးရုပ်ရှင်မှ မရိုက်ဖြစ်ခဲ့သော "ကမ္ဘောဇတစ်နေရာဝယ်" ဇာတ်ကားကိစ္စ ဦးကျော်ဝင်း၊ ဦးကျော်မင်း တို့က မန္တလေးရုပ်ရှင်မှာ ၀င်ရောက်လုပ်ကိုင်ရန် ခေါ်ကြောင်း၊ ယခု ထောင်မှူးအလုပ်မှာ ၀ါသနာမပါ ကြောင်း၊ စာပေရုပ်ရှင်လောကသို့ ၀င်ရောက်ရန် ကြိုးစားနေကြောင်း ပြောပြမိပါသည်။
ဆရာဦးသုခ က "ဆရာဝါသနာပါတာသာလုပ်၊ ၀ါသနာပါတဲ့အလုပ်မှ ကြီးပွား အောင်မြင်တယ်" ဟု ဆုံးမ စကားပြောကြား အားပေးတိုက်တွန်းခဲ့ပါသည်။ ၁၉၆၁ခုနှစ်တွင် ကျွန်တော် ထောင်မှူးအလုပ် မှ နှုတ်ထွက် ပြီး မန္တလေးလူထုသတင်းစာ တွင် လက်ထောက်အယ်ဒီတာအဖြစ် စာပေလောကတွင် ပထမဆုံးစွန့်စား၍ ခြေစုံချခဲ့ပါသည်။
၁၉၆၁ ခုနှစ်တွင် ဆရာဦးသု၏ "လှဲကျိုး နဲ့ နသိုး" ရုပ်ရှင်ဇာတ်ကား လာရောက် ရိုက်ကူးပါသည်။ မန္တလေး လူထု သတင်းစာတိုက် တွင် ဆရာနှင့် ကျွန်တော်တို့ ဆုံမိကြပြန်သည်။
ဆရာဦးသုခ ၏ "လှဲကျိုးနဲ့ နသိုး" (လှည်းကျိုးနှင့်နသိုးမဟုတ်ပါ) ဇာတ်ကားရိုက်ကူးမှုအတွက် မန္တလေးမြို့ရှိ စာပေ၊ သတင်းစာဆရာများအား လူထုသတင်းစာတိုက်တွင် ဖိတ်ကြား၍ ဧည့်ခံပွဲတစ်ခု လုပ်ပါသည်။
"ဆရာ ကျွန်တော်တို့ စာပေ၊ စာနယ်ဇင်းလောကကို စွန့်စားဝင်ရောက်ခဲ့ပါပြီ" ဟု ပြောပြရာ ဆရာက ၀မ်းသာအားပေးကြောင်း ပြောပြပါသည်။ မန္တလေးရုပ်ရှင်တွင် ဆရာနှင့် စတင်တွေ့စဉ်က ကျွန်တော့် အသက် မှာ (၄၆)နှစ် ဖြစ်ပါသည်။
ဆရာဦးသုခသည် ကျွန်တော့်ထက် အသက်နှစ်ဆယ်ကြီးသော်လည်း တွေ့စချိန်မှစ၍ ဆရာဟုပဲ ခေါ်ရန် မင်းနဲ့ငါနဲ့ ပြောရန် တောင်းပန်ပါသည်။ ဆရာက မပြောပါ။ စာပေအနုပညာရှင်များအားလုံးကို ကြီးကြီး ငယ်ငယ် အလွန်အရေးထား၍ လေးစားတတ်သော ဆရာ၏ စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုမိပါသည်။
၁၉၈၀ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ "သမ္မတဟိုတယ်"၌ ကျင်းပသည့် ဆရာဦးသုခ၏ တပည့်ရင်း ရှုမ၀မိတင်အေး၏ သမီးမင်္ဂလာဆောင်တွင် ကျွန်တော် မင်္ဂလာဘိသိက်ဆရာ လုပ်ရပါသည်။ ဆရာဦးသုခ သည် ဆရာမင်းသူရိန် မင်္ဂလာဘိသိက်သွန်းမည်ဆို၍ စောစောကြွလာပြီးေ ရှ့ဆုံးစားပွဲတွင် မင်္ဂလာစင်မြင့် ဘက် မျက်နှာပြု၍ ထိုင်နေပါသည်။
ထိုခေတ်က ရန်ကုန် အင်းယားလိပ်၊ စထရင်း၊ သမ္မတဟိုတယ်တို့တွင် ကျင်းပသော မင်္ဂလာအခမ်းအနား များတွင် စာရေးဆရာ စိန်လွင်လေးနှင့် ကျွန်တော်တို့ မင်္ဂလာဘိသိက်ဆရာများအဖြစ် ခေတ်စားခဲ့ပါသည်။ ဆရာသည် မင်္ဂလာပွဲမစမီ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ထိုင်၍ အတော်ကြာ စကားပြောနေပါသည်။
မင်္ဂလာအခမ်းအနားစရန် အချိန်နီး၍ စင်မြင်ပေါ်သို့ ကျွန်တော်မတက်မီ ဆရာဦးသုခအား ရှေးဦးစွာ လက်အုပ်ချီ ၍ ဂါရ၀ပြုပါသည်။
စင်မြင့်ပေါ်မှ ကျွန်တော်၏ "ဇယန္တော ဗောဓိယာမူလေ" အောင်ဂါထာဖြင့် အခမ်းအနားစသည်မှစ၍ စိန္တာမဏိမန္တာန်ဖြင့် ဆုပေးသည်အထိ အသံနေအသံထားဖြင့် ရွတ်ဖတ်သရဇ္ဈာယ် မင်္ဂလာဘိသိက်သွန်းနေ ခြင်း ကို အထူးစိတ်ပါဝင်စား ကြည့်ရှုအကဲခတ်နေသည်ကို ကျွန်တော်စင်ပေါ်မှ တွေ့မြင်နေရပါသည်။
မင်္ဂလာ အခမ်းအနားပြီး၍ စင်အောက်သို့ ဆင်းလာချိန်တွင် ဆရာသည် ၀မ်းသာအားရ ကျွန်တော့်လက်ကို လှမ်းဆွဲပြီး
"ကြိုက်သွားပြီ ဆရာရေ … အဲဒီလို ဖြစ်စေချင်တာ၊ ကျွန်တော်မရှိတဲ့နောက် ကျွန်တော်နေရာ ၀င်မယ့် လူတွေ ကြည်နေတာ … စိတ်ချပြီ ဆက်လုပ်ပါ" ဟု ၀မ်းသာလှိုက်လှဲချီးကျူးစကားပြောခဲ့သည်ကို သတိရ တိုင်း လက်အုပ်ချီမိပါသည်။
၁၉၈၂ခုနှစ်က တောင်ဥက္ကလာပ (၁၁)ရပ်ကွက်၊ စာပေဟောပြောပွဲတစ်ခုတွင် ဆုံကြပါသည်။ ဟောပြော မည့် စာရေးဆရာ(၃)ယောက် ဖြစ်ပါသည်။ စာရေးဆာ ဦးသုခ၊ စာရေးဆရာသိပ္ပံမှူးတင်နှင့် ကျွန်တော် မင်းသူရိန် တို့ ဖြစ်ကြပါသည်။
စာရေးဆရာ သုံးယောက်သဘောတူ ကျွန်တော်အား ရှေ့ဆုံးက ပွဲဦးထွက် ဟောပြော၍ ဆရာဦးသုခကို အလယ်မှ ထားပြီး သိပ္ပံမှူးတင်ကို နောက်ဆုံးဟောပြောရန် စီစဉ်နေကြပါသည်။ ဟောပြောပွဲထုံးစံအတိုင်း ဟောပြောပွဲ မစမှီ စာရေးဆရာများအား ဧည့်ခံကျွေးမွေးပါသည်။
ဟောပြောမည့်စင်မြင့်နှင့် မျက်စောင်းထိုး နှစ်ထပ်တိုကအောက်ထပ်တွင် ကျွန်တော်တို့အား ဒံပေါက် ထမင်း၊ အချိုပွဲတို့ဖြင့် ဧည့်ခံကျွေးမွေးပါသည်။ ဒံပေါက်ထမင်းစားပြီး အလ္လာပသလ္လာပစကားပြောနေစဉ် ဆရာဦးသုခ က "သွားကြားထိုးတံကလေး တစ်ခုရရင် ကောင်းမှာဘဲ" ဟု ပြောပါသည်။
ရပ်ကွက်လူကြီးများ ဆရာဦးသုခအတွက် သွားကြားထိုးတံရရန် အပြေးအလွှား စီစဉ်နေကြပါသည်။ ရပ်ကွက်လူကြီး များမှာ သူတို့ချို့ယွင်းမှုအတွက် အားနာနေကြပါသည်။ ထိုအခိုက်အတန့်အတွင်း မနီးမဝေး တွင် ထမင်းပွဲ များ ကူညီသိမ်းဆည်းနေသော အသက်(၅၀)ခန့် မိန်းမကြီး တစ်ယောက်က "သြော် ဒီမယ် … ဒီမယ် ရော့ ရော့" ဟု ပြောပြောဆိုဆို အင်္ကျီရင်ဘတ်ကို လှန်၍ ဘော်လီတွင် ချိတ်တွယ်ထားသော တွယ်ချိတ်အပ် ကို ဖြုတ်၍ ဆရာ့ဦးသုခ၏လက်သို့ လှမ်းပေးလိုက်ပါသည်။
"ဟာ … မပေးနဲ့ … မပေးနဲ့" ဟု ကျွန်တော် စိတ်တိုဟန်ဖြင့် လက်နဲ့ လှမ်းတားလိုက်ပါသည်။ ဆရာဦးသုခ က လက်လှမ်းပြီး ယူနေပြင်နေဆဲ ရပ်ကွက်လူကြီးတစ်ယောက် ယူလာသော သွားကြားထိုးတံကို ဆရာဦးသုခ အား ရိုရိုသေသေ လှမ်းပေးရှာပါသည်။
ဆရာက လှမ်းယူ၍ လက်ဝါးကလေးနှင့် ပါးစပ်ကိုကာပြီး သွားကြားထိုးပါသည်။ သိပ္ပံမှူးတင်က ပြုံး၍ ကြည့်နေသည်။ ကျွန်တော်တစ်ယောက် ဆရာကြီးဦးသုခလို ပုဂ္ဂိုလ်မျိုးအား မရိုမသေလုပ်သော မိန်းမကြီး အား မကျေမနပ် ခံစားနေမိပါသည်။
ကျွန်တော်တို့ ဟောပြောပွဲ ဆက်တီကုလားထိုင်များတွင် ထိုင်နေစဉ် ဆရာဦးသုခက ကျွန်တော့်အား ခပ်တိုးတိုး ဆုံးမစကား ပြောပါသည်။
"ဒီခေတ်မှာ မယဉ်ကျေးတဲ့ သူတွေ တွေ့တိုင်း စိတ်မဆိုးနဲ့ ဆရာ … ယဉ်ကျေးမှုဆိုတာ လျော့နည်း ခန်းခြောက် လာပြီ … သည်းသာခံပေတော့"။
သူငယ်ချင်းစာရေးဆရာ ရန်အောင်မောင်မောင်ရေးသော "ကြမ္မာရဟတ်တစ်ပတ်လည်" ၀တ္ထုကို ပဲခူး ရုပ်ရှင်မှ ၀ယ်၍ ဆရာဦးသုခဒါရိုက်တာအဖြစေ် ရိုက်ကူးပါသည်။ ဇာတ်ကားကို ဆရာက "သိကြားစေ သက်သေညွှန်း" ဟု အမည်ပြောင်း၍ ရိုက်ကူးအောင်မြင်ခဲ့ပါသည်။
အဆိုပါ ရုပ်ရှင်ရိုက်ကူး၍ ဆရာနှင့်ကျွန်တော်တို့ ပိုမိုရင်းနှီးကြရသည်။ ရန်အောင်မောင်မောင်သည် ထို ဇာတ်ကား ရုပ်ရှင်ရိုက်စဉ်က ကသာမြို့တွင် ထောင်ပိုင်ကြီးတာဝန်နှင့်ဖြစ်၍ ကားရိုက်ရာသို့ မလာနိုင်ပါ။ ရန်ကုန်တွင် ရှိနေသော ကျွန်တော့်အား ကားရိုက်ရာတွင် လိုအပ်သည်များကို ဆရာဦးသုခနှင့် တိုင်ပင် ကူညီ ပေးရန် လွှဲအပ်ထားသဖြင့် ဆရာနှင့် ကျွန်တော် ပိုမို ရင်းနှီးခဲ့ရပါသည်။
ကျွန်တော်သည် ဆရာဦးသုခအား ချစ်ခင်လေးစားအရေးထားသကဲ့သို့ ဆရာကလည်း ကျွန်တော့်အပေါ် သံယောဇဉ် ထားပါသည်။ ကျွန်တော်၏ "ဒီအရွယ်နဲ့ ဒီစပယ်" ၀တ္ထုကို အမျိုးသားရုပ်ရှင်မှ ၀ယ်ယူရိုက်ကူး ရာ ဇာတ်ညွှန်းပါ ရေးပေးဖို့ အပ်ပါသည်။
ကျွန်တော်သည် ဒါရိုက်တာလှအောင်နှင့်အတူ မန္တလးသို့ လိုက်၍ မိမိဝတ္ထုဇာတ်ညွှန်းကို ရိုက်ကွင်းတွင် ကိုယ်တိုင် လိုက်ပါ ရိုက်ကူး၍ ကိုယ်တိုင်ပင် သရုပ်ဆောင်ခဲ့ပါသည်။
မန္တလေးသို့ သွားခါနီး ဆရာဦးသုခအား သွားရောက်၍ အကျိုးအကြောင်း ပြောပြတိုင်ပင်ပါသည်။ ဆရာ သည် ရုပ်ရှင်နှင့်ပတ်သက်၍ ကျွန်တော့်အား ညွှန်ကြားမှုများ ပြုလုပ်ပါသည်။ မန္တလေးတောင်ခြေတွင် ကျွန်တော် တို့ ရုပ်ရှင်အဖွဲ့ ရက်ရှည် စခန်းချင ရုပ်ရှင်ရိုက်ရမည်ဖြစ်ရာ မန္တလေးတောင်ခြေ ခြင်္သေ့ကြီးအနီး ဆိုင်ခန်းဖြင့် ဗေဒင်ဟောနေသော ပခုက္ကူ မျက်မမြင်ကျောင်းထွက် ဗေဒင်ဆရာ ဆရာကျော်အား သွားရောက် ဗေဒင်မေးရန် ဗေဒင်ဟောခ ၃ကျပ်ပေးရကြောင်း မှာကြားလိုက်ပါသည်။
ကျွန်တော်နှင့် ဆရာဦးသုခတို့ ခင်မင်ရင်းနှီးကြသည့် အကြောင်းရင်းမှာ ရတနာသုံးပါး ကြည်ညိုလေးစား သဒ္ဓါတရား ထက်သန်မှု ၀ါသနာတူကြ၍ ဖြစ်ပါသည်။ အထူးသဖြင့် တစ်ဦးတည်းသော ကျွန်တော်သည် ဖခင် ဖြစ်သူ ကွယ်လွန်ပြီးနောက် တစ်သက်ပတ်လုံး အမေနှင့် မခွဲဘဲ ကောင်းမွန်ရိုသေစွာ လုပ်ကျွေးသူ ဖြစ်သော ကြောင့်ဟု ပြောပါသည်။
ကျွန်တော့်အမေ အသက်(၈၃)နှစ်ရွယ်တွင် ကွယ်လွန်သည့်အချိန်အထိ အမေ့ဖင်မှ နောက်ဆုံးထွက်ကျလာ သော ကျင်ကြီးကို ညာလက်ဝါးဖြင့် ခံယူသုတ်သင်ပေးခဲ့ကြောင်း ပြောပြရာ ဆရာဦးသုခက သာဓုခေါ်ပါ၏။
ကျွန်တော်ရေးသားပြုစု၍ ယနေ့ထိ အောင်မြင်ကျော်ကြားလျက်ရှိသော "ဗုဒ္ဓဂုဏ်တော်များနှင့် ကိုယ်တွေ့ ဖြစ်ရပ်များ" စာအုပ် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ အထိ စာအုပ်ထွက်လာတိုင်း ဆရာအား သွားရောက်ပို့ပါသည်။
အမှတ်(၃)စာအုပ်တွင် ဆရာဦးသုခ အမွန်မြတ်ဆုံး ဓမ္မဒါနပြုခဲ့သော ရွှေတောင်ကျီးသဲလေးထပ်ဆရာ ဘုရားကြီး ရေးသားပြုစုသည့် "ပကိဏ္ဏက နမက္ကာရ အစိန္တေယျကြီး" ဘုရားရှိခိုးစာအုပ်ကို ခက်ဆစ် အဓိပ္ပာယ် မကျန် ထည့်သွင်း ဖော်ပြခွင့်ပြုခဲ့ပါသည်။
"ပကိဏ္ဏက နမက္ကာရ အစိန္တေယျကြီး" ဘုရားရှိခိုး စာအုပ်ကို ဆရာဦးသုခသည် အလွန်မွန်မြတ် ကြည်ညို လှ၍ အမှန်တကယ် ယုံကြည် လေးနက် ရွတ်ဆိုပူဇော်မည့် သူများကို ဓမ္မဒါနပြုရန် ဓိဌာန်ပြုခဲ့သည်။ ကျွန်တော်ဆရာ့အိမ်ဘုရားခန်းတွင် အဆိုပါ အစိန္တေယျကြီး ဘုရားရှိခိုးကို အသံနေအသံထား ပီသမှန်ကန် စွာ အာရုံပြုရွတ်ဆို ပူဇော်ပြရာ ဆရာသည် ၀မ်းသာအားရ ပခုံးကိုဖက်၍ စာအုပ်(၅)အုပ် လှူလိုက်ပါသည်။
"ဗုဒ္ဓဂုဏ်တော်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များ" အမှတ်(၃)စာအုပ်တွင် ဆရာကြီး ဦးသုခကိုယ်တိုင် ရေးသား ချီးမြှင့် ပေးသော ကိုယ်တွေ့အကျိုးကျေးဇူးများ၏ နောက်ဆုံးစာသုံးပိုဒ်ကို မူရင်းအတိုင်း ထည့်သွင်းဖော်ပြ လိုက်ပါသည်။
ဤဘုရားရှိခိုးကြီးကို လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်က လက်ရေးစာမူဖြင့် ကျွန်တော်ရ၍ ရွတ်ဖတ် ကြည်ညိုခဲ့ရာ အဖန်တလဲလဲ ဆင်ခြင်မိသောအခါ ဆရာတော်ဘုရားကြီး၏ ထူးခြားသော စေတနာကို သတိ ပြုမိပါသည်။ အကြောင်းကား ဘုရားရှိခိုးဟူ၍ ကျွန်တော် တွေ့ကြုံ ဖတ်မိခဲ့သမျှ ဘုရားကို ရှိခိုးပူဇော် သည်က နည်းနည်း၊ မိမိရချင်လိုချင်သော ဆုတောင်းများက သောင်းခြောက်ထောင် ဖြစ်နေပါ သည်။
ဤအစိန္တေယျကြီးမှာကား ရှည်လျားထွေပြားသော ဆုတောင်းစကားများအစား ဗုဒ္ဓ၏ဂုဏ်တော်၊ ကျေးဇူး တော်၊ ဘုန်းတော်တို့ကိုသာ ဖော်ကျူးထားပါသည်။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ အလုံးစုံပါသောကြောင့် စာရေးဆရာကြီး ဦးသော်ဇင်က "ဤဘုရားရှိခိုးမှာ ဘုရားရှိခိုးမည်ကာမျှ မဟုတ်ချေ။ အဆီအနှစ်ကို ထုတ်ထားသော ပိဋကတ်သုံးပုံ၏ အကျဉ်းချုပ်သဖွယ် ဖြစ်၏။" ဟု အမှာစကား ရေးသားခဲ့ပေသည်။ ဆရာကြီး ဒဂုဏ်ဦးထွန်းမြင့်ကလည်း ပါဠိပုဒ်ဖြတ် သုတ်သင်ကြီးကြပ်ပေးရုံမက ပါဠိတစ်လုံးချင်း၏ အနက် အဓိပ္ပာယ် ခက်ဆစ်အဖြေကို ထုတ်ဖော် ရှင်းလင်းပေးထားပါသည်။ ထို့ကြောင့်ပင် မင်းကွန်းဓမ္မနာဒတိုက် ဆရာတော် ဗုဒ္ဓသာသနာဝိသိဋ္ဌ တိပိဋကဓရ မဟာတိပိဋကကောဝိဒ အရှင်ဝိစိတ္တ သာရာဘိသံဝ အရှင် သူမြတ်ပင်လျှင် နေ့စဉ် နိစ္စပါတ် ရွတ်ဖတ်ပူဇော်နိုင်ရန် ဓမ္မဒါန အလှူတော်ခံတော်မူခဲ့ပါသည်။
ကျွန်တော် ကြည်ညို ကြည်နူးနိုင်သကဲ့သို့ ဓမ္မ မိတ်ဆွေအများအပြား နေ့စဉ်ရွတ်ဖတ် ကြည်ညိုရှိခိုး စေလိုသော စေတနာဖြင့် (၁၅.၃.၆၄)နေ့မှစ၍ ယခုအထိ လေးကြိမ်တိုင် အုပ်ရေ တစ်သောင်းတစ်ထောင်မျှ ဓမ္မဒါနပြုခဲ့ပြီး ဖြစ်ရာ ဒုတိယပုံနှိပ်ခြင်းကပင် အလှူခံ၍ ကြည်ညိုရှိခိုးခဲ့သော ဓမ္မမိတ်ဆွေ စာရေးဆရာ မင်းသူရိန်က သူကိုယ်တိုင် ရှာဖွေစုဆောင်းပြုစုသည့် "တန်ခိုးထက်မြက်သည့် ဗုဒ္ဓဂုဏ်တော်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များ" တတိယတွဲ အမှတ်(၃)တွင် ထည့်သွင်းဖော်ပြခွင့်ပြုရန် တောင်းခံလာသည်ကို ခုနစ်ရက်သားသမီး ဓမ္မဝေနေယျများထဲသို့ ပျံ့နှံ့ရောက်ရှိမည်ဟု ယုံကြည်သည့်အလျောက် ၀မ်းမြောက် ၀မ်းသာ ခွင့်ပေးလိုက်ရပါသည်။
ကုလ၊ လာဘ၊ ဘယမမျှော် ကျေးဇူးတော်နှင့် ဂုဏ်တော်အနန္တကို မှန်းဆကြည်ညိုနိုင်ကြပါစေသတည်း။
သုခိအတ္တာနံ ပရိဟရန္တု
သုခ
(၂၉.၈.၇၇)
ဤစာစုဖြင့် အလင်္ကာကျော်စွာ စာရေးဆရာကြီး ဦးသုခ၏ စာပေ၊ ရုပ်ရှင်၊ ဂီတအနုပညာ၊ ဘာသာရေး၊ သာသနာ ရေး ဆောင်ရွက်ချက်များနှင့် "အမေနေ့" ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခဲ့သော ဂုဏ်ကျေးဇူး များ ကို ရိုသေစွာ ပူဇော်ကန်တော့ပါ ၏။
အမျိုးသားစာပေဆုရ
မင်းသူရိန်
၂၈.၈.၀၉
.
No comments:
Post a Comment