Sunday, July 17, 2011

ခင်ခင်ထူး ၏ ဇော်နီ ကွမ်းသွေး

ဇော်နီ ကွမ်းသွေး
ခင်ခင်ထူး

သည်ရက်ထဲ မိုးတွေ တစ်မပြီးတစ်မ ရွာလွန်းလို့ထင်ပါရဲ့၊ ရွာအနောက်၊ ရွာမြောက် စပါးခင်းတွေမှာ ရေတွေ ဖွေးလို့။ ပျိုးခင်းတွေမှာတော့ ကောက်ပင်စိမ်းကလေးတွေ တစ်မိုက်သာသာ တစ်ထောင် လျော့လျော့ နုရေဖတ်ရေ စိမ်းလန်းလိုက်ပုံက တစ်ပြင်တစ်ခွင်ကြီး။ တချို့စိုက်ကွက် လယ်ကွက်တွေ မှာ တော့ ပျိုးစည်းတွေချထားကြပြီ။ တချို့လယ်တွေမှာတော့ ပျိုးစည်းတွေ မရောက်သေးဘူး။ “သာကွန်း” က ကွမ်းရည်ေ တွ ဖွမ်းခနဲ ထွေးလိုက်ပြီး ခါးဆန့်တယ်။ တစ်မနက်လုံးလိုက်နုတ်လိုက်ရတဲ့ပျိုး။ ပါးစပ်ထဲက လက်ကျန် ကွမ်းဖတ်ကို ကြိတ်ဝါးရင်း ခါးကလေးဆန့်မိတုန်း ဘေးဘီကို လှမ်းကြည့်လိုက်တယ်။ လယ်ပြင်ကြီး ထဲမှာ ယောက်ျားမိန်းမ မနည်းပေါင်။ လူတွေကို ပျိုးကြဲသလို ကြဲထားပုံမျိုး။ သည်လူတွေ ထဲမှာ “ခင်ရိပ်” ပါမှန်းသိတော့ သာကွန်း မမောနိုင်ဘူး။

“ဟောဒီရွာတစ်ရွာလုံး သည်သူငယ်မ အလှဆုံး ဖြစ်ပေမယ်…လှပါတယ်ဆိုနေမှ ရှက်ပြုံးလေးနဲ့ ကြည့်လို့ နေပြန်တယ်…ယုံပါကွယ်….မြှောက်ကာပင့်ကာ မပြောတတ်တယ် …လျှိုမြောင်စိမ့်စမ်းနဲ့  အေးချမ်းတဲ့ ဟောဒီ ရွာမှာကွယ်…ယဉ်နေလိုက်တာလှပုံများ…ရေမြေလိုက်ကာ ချောနေတာ လားကွယ်…”
သာကွန်း က ရေဒီယိုသီချင်းတစ်ပုဒ်ကို ခပ်ကျယ်ကျယ် ဟစ်တယ်။ တော်ရုံတန်ရုံ အော်ဆိုရုံနဲ့ ကြား
နိုင်မှန်း သိသားပဲ။ ပိုသေချာအောင် ဟစ်ဆိုလိုက်တာပါ။ ခင်ရိပ်ကြားဖို့ လိုတာလေ။ ခင်ရိပ်ကလည်း သာကွန်း သီချင်းက သူ့ကိုစောင်းမှန်း သိတယ်။ သိလို့လည်း မကြည့်မိအောင်နေတဲ့ကြားက မြရီက ခါးလှမ်းတို့ တယ်။ မြရီမျက်နှာက ချဉ်ဖြုံးဖြုံးနဲ့။ လူမှမောရတဲ့ကြားထဲတော် …ဆိုတဲ့မျက်နှာနဲ့ မြရီကို မျက်စောင်းထိုး လိုက်တယ်။

“ဘာတုံး….ဘာတုံး….ညည်းမျှော့များ တွယ်ရော့လား”
အမှန်တော့ ခင်ရိပ်တို့ ရွာလယ်တွေမှာ မျှော့မပေါပါဘူး။ ကျွဲမျှော့ ဆိုတာကြီးတွေတော့ ရှိတယ်။ ဟိုးအောက်လယ်တွေဘက်မှာတော့ မျှော့ပေါတယ် ကြားဖူးပါရဲ့။ မြရီမျက်နှာ မချိုမချဉ်ကို မကြိုက်လို့ အငေါ်တူး လိုက်တာပါ။ မြရီက သာကွန်းဘက် လှမ်းကြည့်ပြီးမှ ပြန်ပြောတယ်။
“မျှော့ထက် ဆိုးတာပေါ့အေ…သာကွန်းက တွယ်မိရင် ဆေးရွက်ကြီးရေဖျော်တို့လို့တောင် ကွာကျမယ့်ဟာ မဟုတ်ဘူး။ တစ်မနက်လုံး ပျိုးနုတ်ပျိုးစည်း ပျိုးတွေ ထမ်းပိုးလျှိုထမ်းရတာ မမောသဲ့အတိုင်းပဲ၊ သီချင်း တောင် ဟစ်လိုက်သေး”
“သာကွန်း ကို ညည်းသနားနေရင်လည်းယူလိုက်ပါလားဟဲ့၊ ဘာလို့ငါ့လာပြောနေသာတုံး”

“ငါ့မကြိုက်လို့ပေါ့အေ..နို့မို့လား…သာကွန်းရင်အုပ်ကြီးတောင် ထုလိုက်ချင်သေး”
“သွားထုချေပါလား၊ ဟိုမယ် တို့ဘက်ကိုကြည့်နေသာ သာကွန်းများတော့ မျက်နှာပိုး မသေသာကို မကြိုက်သာ တော်၊ ဘယ်လိုရေစက်မှန်း မသိဘူး”
မြရီကတော့ မချိုမချဉ်ပါပဲ။ ခင်ရိပ်က ပါးစပ်က တတွတ်တွတ် ပြောဆိုနေတုန်း။ အသံတိတ်သွားလို့ မသိ မသာ လှမ်းကြည့်တော့ ပျိုးစည်းကြီး ထမ်းပိုးလျှိုထမ်းသွားလို့ လယ်နှစ်ကွက်ကျော်ကျော် တောင် ရောက်နေပြီ။ သာကွန်းက ခင်ရိပ်ကို သ်ရီုးသရီ လုပ်တယ်ဆိုတာကလည်း အဲသလောက်ပါ။ တစ်ရွာတည်း သူ တစ်ရွာတည်းသားချင်း သည်ထက်လည်း ပိုမကွန့်ဝံ့ဘူး။

သာကွန်းနဲ့ ခင်ရိပ်က ကုန်းရိုးမွေး၊ ကုန်းရိုးကြီးတွေ၊ အသက်ချင်းကလည်း မတိမ်းမယိမ်းရယ်။ ရွာကျောင်း မှာ တုန်းက ကျောင်းတက်ဖက်တွေ။ ကုန်းရိုးရွာမှ ရွာဘေးက ကပ်စီးနေတဲ့ ဆည်တော် ချောင်းကြီး ရှိတယ်။ သည် ချောင်းမကြီးနဲ့ ကုန်းရိုးရွာကြားမှာ ရေကန်ကြီးတစ်ကန်လည်း ရှိတယ်။ လူသုံးတဲ့ရေကန်တော့ မဟုတ် ပါဘူး။ ချောင်းရေလျှံတဲ့အခါမှာ ကုန်းကျင်းကုန်းချိုင့်ထဲ ရေ၀င်ရာက ကန်ဖြစ်နေတာပါ။ နွားရေ သောက်ကန်၊ ကျွဲရေစိမ်ကန်ပါ။ ကြာတွေကတော့ အပြည့်ရှိတယ်။ သာကွန်းက ကျောင်းကတည်းက ကြာပန်း တွေ ဆင်းဆင်းခူးပြီး ခင်ရိပ်ကို ပေးနေကျ။ ကလေးတွေဆိုတော့ ခူးလာတဲ့ ကြာပန်း ကြုံရာ မိန်းကလေး ပေးကြတာ သဘာဝပေမယ့် သာကွန်းက တခြားလူမပေးဘူး။ ခင်ရိပ် ကိုပဲ ပေးတယ်။ ခင်ရိပ် ကလည်း ကြာပန်းများတော့ ကြိုက်သကိုး။ ကန်ထဲကိုယ်တိုင် ဆင်းခူးဝံ့တာ မဟုတ်တော့ သာကွန်းပေးတာ ၀မ်းသာ အားရ ယူတာပါပဲ။

“သာကွန်း …..ကန်ကြီးထဲမှာ ကြာတွေပွင့်နေပြီဟ… နင်မခူးဘူးလား”
“ငါဟာ ငါတော့ ဘာခူးစရာလိုတုံး၊ နင်လိုချင်ရင် ခူးဖို့ရှိသာပဲ”
“လိုချင်တယ်”
တစ်ခါတော့ သာကွန်း ကြာကန်ထဲမှာ ကြာခူးရင်း ရေနစ်ဖူးတယ်၊ ကံသီလို့မသေခဲ့တာပါ။ နွားထွန် ပြန်လာ တဲ့ ရွာသားတစ်ယောက် က ကယ်လိုက်သာပေါ့။ ဒါပေမဲ့ သာကွန်းက မမှတ်ဘူး။ ခူးတာပါပဲ။
သည်လို ကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေပေမယ့် လေးတန်းရောက်တော့ ခင်ရိပ်မိဘတွေက ကျောင်နုတ် လိုက်ကြတယ်။ ဒါကလည်း ရွာထုံးစံလိုဖြစ်နေတာ မဟုတ်လား။ သမီးမိန်းကလေး သေစာ ရှင်စာ တတ်ပြီးဆိုတာနဲ့ ကျောင်းကနုတ်ကြတာများတယ်။ လေးတန်းအောင်လို့် ကျောင်းဆက်တက် ရအောင် ကလည်း ဆည်တော်ချောင်းတာရိုးပေါင်ကြီးအတိုင်း အလယ်တန်း ကျောင်းရှိတဲ့ ရွာကို ရောက်အောင် တော်တော်သွားရတာဆိုတော့ တော်ရုံမိန်းကလေးက လေးတန်းမှာ အနားလုံးကြတာပဲ။

လေးတန်းကထွက်၊ မအေ့ဖိုချောင်ဝင်၊ လယ်ထဲထမင်းပို့ပေါ့။ ကောက်စိုက် လိုက်နိုင်တဲ့အရွယ်ရောက်တော့ ကောက်စိုက်။ လယ်သမားသားသမီးဆိုတော့ ရေခပ် မောင်းထောင်း၊ စပါးရိတ် နှမ်းရိတ်ကလည်း မလွတ်ဘူး။ သည်လိုနဲ့ လုပ်ရင်းကိုင်ရင်း သွားရင်းလာရင်း ထန်းပင်များလို ကျေးမြီးလက်မျှော် ဆင်ခြေပေါ် အရွယ်က ရည်ရပင်ထွက် ဖြစ်လာရတာပါပဲ။ ရွာမိန်းကလေးတစ်ယောက် ရွာထဲရပ်ထဲ သည်လိုပဲ လူမသိ သူမသိ ကြီးပြင်းကြ ရတာ သူသူကိုယ်ကိုယ် ဘာမှဆန်းလှတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သာကွန်း အဖို့ရာတော့ ဆန်းတယ်။ သာကွန်းမှာ ခင်ရိပ်ကို မမြင်ရတဲ့နေ့ မရှိဘူးလို့တောင် ပြောမယ်ဆိုရင် ပြောနိုင် ပါရဲ့။

ပြောရရင် ခင်ရိပ်မိဘများက သာကွန်းမိဘများထက် သောင်သာကြတယ်။ ခင်ရိပ်မိဘများ အလုပ်မနိုင်ရင် သာကွန်းကို အလုပ်ကူ ခေါ်ကြတာလည်း ရှိတယ်။ သူရင်းငှားရယ်လို့တော့ မဟုတ်ပါဘူး။ အလုပ်ကူ ဆိုတာက နိုင်သလောက် ၀င်ရုန်းပေးတာလောက်ပါ။ ကောက်ရိုးစဉ်းရင်း၊ မြက်စဉ်းရင်း လာခဲ့ပါဦးဆိုရင် ထသွား လိုက်တာပါပဲ။ တစ်ခါတစ်ခါ ခင်ရိပ်က လာခေါ်တာဆိုတော့ သာကွန်းက သွားဖြီးကြီးနဲ့ အေး အေး.. လာခဲ့မယ် ခင်ရိပ်ရေ လို့ အာမဘန္တေ ခံလိုက်တာချည်းပဲ။ ရောက်လည်းရောက်တယ်။ လုပ်လည်း ပေးတယ်။ တစ်ခါတလေ ခင်ရိပ်တို့အိမ်မှာ ထမင်းစား တာတောင်ရှိသေး တော့ ခင်ရိပ်ကပဲ ခူးခပ် ကျွေးရတာ များတယ်။ သာကွန်းက လူရိပ်ကလေး မမြင်ရင် စကားထည့်တော့တာပါ။

သည် ဟင်းချက်မျိုး တစ်သက်လုံး စားရလို့ကတော့ အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ် ခိုစရာတောင် လိုအံ့ထင်ပေါင်ဗျာ၊ ရှည်လိုက်မယ့်အသက်၊ ခံတွင်းများ မတင်းတိမ်နိုင်ဘူး။
“အဲဒါဆို ဒွေးလေးစိန် တို့ အိမ်သာ လိုက်နေတော့၊ ဟင်းတွေက ဒွေးလေးစိန် လာချက်ပေးသွားသာ”
“နင်ချက်သာ မဟုတ်ဘူးပေါ့”
“ဟုတ်ပေါင်”
“ငါထင်တော့ ထင်သား၊ ဟင်းတွေက မနူးမနပ်နဲ့ တစ်ပွက်ဆူထင်ပါရဲ့လို့”
သည်လို ဆိုတော့လည်း ခင်ရိပ်က ရယ်နေတတ်တယ်။ ဒွေးလေးစိန်ဆိုတာက ခင်ရိပ်တို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းဘူး။ ခင်ရိပ်တို့အိမ်မှာပဲ လုပ်လုပ်စားစားလုပ်ကိုင်ပေးတတ်တယ်။ တစ်ခါတလေ သာကွန်းကို လာခေါ်ရင် သာကွန်းက ခင်ရိပ်ရေ…ကန်ထဲမှာကြာတေ ပွင့်နေလိုက်တာ မြင်မကောင်းဘူးလို့ စကား ခေါ်တတ် တယ်။ နင်လိုချင်သလားပေါ့။

“လိုချင်ပေါင် …ငါကလေးမဟုတ်တော့ဘူး”
“ကလေးမဟုတ်တော့လို့ ခူးပေးချင်သာပေါ့ဟ၊ ခက်ပါ့ဟာ”
သာကွန်းကတော့ သည့်ထက်လည်း မပိုဝံ့ပါဘူး။ တောသူတောင်းသားဆိုတော့ တစ်ဖက်မိန်းကလေး ထိခိုက် မယ့် စကားရှောင်တာလည်း ပါသလို ခင်ရိပ်ကိုလန့်တာလည်း ပါတယ်။ ကျောင်းတုန်းကတော့ ထိပ်ပုတ်ေ ခါင်းပုတ်။ ဖန်ခုန်တွက်ထိုး၊ ရှပ်ထိုး၊ ဇယ်ခုပ် ကလေးသဘာဝ ကစားခဲ့ကြတာပါ။ ခင်ရိပ်က သီးသီး စားချင်လှဆို သီးသီး၊ ခင်ရိပ်က ရီးလှဲ့တို့စည်းရိုးက ခတ္တာပန်း လိုချင်တယ် ခတ္တာပန်းကိုး။ သာကွန်း က ခင်ရိပ် အပေါ်မှာ ငယ်ငယ်ကတည်းက ကောင်းရှာတာလည်း မှနပါရဲ့။ အနွံတာခံ အစီးပိုးခံခဲ့တာလည်း မှန်ပါရဲ့။ ဒါပေမဲ့ခင်ရိပ်သည်ညောင်ကိုင်းချိုးလို့ ရွှေအိုးရမယ် ဆိုဦးတော့၊ သာကွန်းကို မျက်နှာသာ မပေးခဲ့ဖူး ဘူး။ ချည်လို့လည်း မမြဲ ဆွဲလို့လည်း မပါ စဉ်းစားလို့ကို မရခဲ့တာ မဟုတ်လား။

“မိုးဖြောက်ဖြောက်ကယ်နှင့်လေ၊ ရွာမြောက်က လယ်မှာ၊ ထမင်းရယ်ဆာ၊ ပေါ်လာပါပဲ၊ လာပါပဲ။ လာပြန် သောအခါ ဟင်းဗလာ၊ ကျီးအာရွက်ပြုတ်၊ ငပိမီးမှာဖုတ် ငရုတ်မပါ၊ မစပ်တာ၊ ဘာမှမသိသလေ၊ လယ်သူကြီး မောင်တို့ရေ……”
ကန်သင်းဘေး ထမင်းစားရတဲ့ အရသာက အိမ်မှာစားရတာနှင့် မတူ။ မောကလည်းမော ဆာကလည်းဆာ ဆိုတော့ အင်မတန်ခံတွင်းမြိန်ရတာမျိုးပါ။ မိုးကလေးဖြောက်ဖြောက်မှာ ထမင်းတောင်း ဟင်းတောင်းထဲက ခူးစ ထမင်း က အငွေ့တွေ ထောင်းထောင်းဆိုတော့ ၀မ်းကိုလှိုက်ပြီး ဟာလာအောင် ဆာလာတတ်တယ်။ လယ်ရှင် က တည်ဟင်းတစ်ခွက် အိုးကြီးနဲ့ ရွက်လာပို့ထားတာတော့ ရှိပါရဲ့။ အငန်ဖက်  အစပ်ဖက် ကလေး တော့ အိမ်က ထုပ်ခဲ့ကြတာများတယ်။ သံကြွေရည်သုတ်ပန်းကန် ပါပေမယ့် သည်ပန်းကန်နဲ့ စားကြတာ မဟုတ်ဘူး။ အဲဒါကခပ်ပန်းကန်ပါ။ ထမင်းတောင်းထဲကို သံကြွှေရည်သုန်ပန်းနဲ့ စောင်းထိုးနှစ်လိုက်ပြီး ပါလာ သမျှ ထမင်းလက်ထိုးခံကြတဲ့ ဇောက်ဇလုံကြီးတွေ ထည့်ပေးလိုက် တာပဲ။ တော်ရုံမြို့သား ဘယ်ကုန် မှာတုံး။ တောသူတောင်သားများတော့ ထမင်းစား ကောင်းဘူး ဆိုတာတောင် တစ်စလယ်ချက်တော့ နံမကပ် ဘူး။

“ခင်ရိပ်…ညည်းတို့အိမ်က ငါးဇင်ရိုင်းချက် ကလေး ကောင်းလိုက်သာအေ။ မွှေးချက်တော့၊ ငါတို့ ဟင်း လည်း စားပါအေ၊ ရော့ ပဲငပိချက်”
ကန်သင်းဘေးမှာ ထမင်းစားနေကြတဲ့ ကောက်စိုက်မတွေကချည်း ဆယ်အစိတ်လောက် ရှိမယ်။ လေးငါးယောက် တစ်အုပ် ခေါင်းမဖော်တမ်းစားနေကြတာများ ငှက်ထမင်းလုံး ကောက်စရာ မကျန်ဘူး။ ဟင်းတွေ ကတော့ စုံပေါ့။ တောထမင်း တောဟင်းများ တောသူတောင်သားတွေ တင်းတိမ်ကြတာ မဟုတ် လား။
“သုတ်သုတ်စားကြဟဲ့၊ ငါဖြင့် ဟောသည်တိမ်ခဲကြီး ရွာလိမ့်မယ်ထင်သာပဲ။ သည်နှစ်မိုး ကောင်းချက်အေ၊ ငါ့ တစ်သက် ကြုံဖူးဘူး”
မသေးသွယ်က ကောင်းကင်ကို မော့ကြည့်ရင်း လောဆော်လိုက်တော့ အားလုံးက လိုက်ကြည့်ကြတယ်။ ဟုတ်ပါရဲ့၊ တိမ်ပုပ်တွေမည်းလို့။ သည်နှစ်မိုးကောင်းတော့ ရွာက ၀မ်းသာကြတယ်။ အညာရွာ ဆည်တော် ချောင်း ရေသောက်လယ် ဆိုပေသိ မိုးတော့် မျှော်ကြရတာပဲ။ လယ်ရေရော မိုးရေရော ရလိုက်တော့ သကာ ပေါ် သကြားဖြူးပေါ့လေ။

“ညည်းတို့အပျိုတွေ သည်နှစ် လယ်ရေကောင်းရင် လင်ယူကြ၊ တစ်နှစ် ဆို တစ်နှစ်အေ့၊ နောက်မကျ စေကြ နဲ့။” ကလေးမအေ မအေးလှက အပျိုတွေထမင်းစားတဲ့ဘက် လှည့်အော်တော့ အပျိုတွေ ပွဲကျ သွားကြတယ်။ မြရီက ပြုံတယ်။ ခင်ရိပ်က ထမင်းစားရင်းတန်းလန်းဆိုတော့ စကားထဲ စိတ်မရောက် နိုင် သေးဘူး။
“မအေးလှ ရယ်…. လင်ယူ လင်ယူ နဲ့ လွယ်မှတ်လို့…နော့အေ ခင်ရိပ်”
“ငါဘယ်သိပါ့မလဲ၊ ငါမှလင်မရဖူးသာ”
“သဘော ပြောသာပါအေ၊ ညည်းနှယ်….လင်ယူသယ်ဆိုသာ သမုန်းဥကြွေဥများလို တူလို့ရသာမှ မဟုတ်သာ၊ ကိုယ့်ကြိုက်သူ ရှိလို့ကတော့ အကြောင်းလား”

မြရီက သာကွန်းနဲ့ စချင်လို့ စကားဖန်နေတာပါ။ ဒါကို တခြားလယ်သူမတွေကလည်း သိကြတယ်။ သာကွန်း နဲ့ စရင် ခင်ရိပ်မကြိုက်မှန်း သိကြတော့ စကားအ၀င်စောင့်နေကြတာ။ တစ်ကွင်းလုံး ထမင်းစား နေကြပေ မယ့် သာကွန်းက မစားနိုင်သေးဘူး။ ပျိုးစည်းတွေနဲ့ အလုပ်ရှုပ်နေတုန်း၊ တစ်ခါ တစ်ခါ ဆိုလိုက် တဲ့ သီချင်းသံတောင် ထမင်းဝိုင်းဆီ ရောက်လာတတ်သေးကိုး။
“သာကွန်း ရသဲ့မိန်းမတော့ စိတ်ချမ်းသာမှာပဲ၊ ကြည့်ပါလား၊ ခုထိမနားသေးဘူး၊ အလုပ်များတော့ လက် ကြောတင်း ပါ့တော်၊ ခက်သာက မိန်းမတွေက သာကွန်း လိုလူတော့ မကြိုက်ကြဘူး အေရဲ့၊ တစ်မြို့သားမှ အဟုတ် ထင်ကြသာ”

သည်စကားက ခင်ရိပ်နား ရောက်သွားတယ်။ တစ်မြို့သားဆိုတာ ရွာကြီးမှာနေတဲ့ ကျန်းမာရေးမှူး ဆရာလေး ကို ပြောတာမဟုတ်လား။ ခင်ရိပ်တို့ရွာတွေမှာတော့ ကျန်းမာရေးမှူးလည်း ဆရာဝန်ဆို တောရွာ မိန်းကလေးတွေက အထင်ကြီးတယ်။ ဆရာလေးနဲ့ ခင်ရတာ၊ အရေးတယူ ရှိရတာကလည်း တစ်ဂုဏ် ကိုး။ ခင်ရိပ်တို့အိမ်ကိုလည်း ရောက်လာတတ်သားပဲ။ ကျန်းမာရေးမှူးကလေး ကိုမြဖေတဲ့ ရွာ ကတော့ ဆရာလေး ခေါ်ကြတာပါပဲ။ လူက ရိုးကျကျ နေတတ်တာရော စကားအပြောအဆို ညင်သာ တာရော၊ ဘယ်သူ့အိမ်မှာပဲဖြစ်ဖြစ် ၀င်ဟယ် ထွက်ဟယ် စားဟယ် သောက်ဟယ် ရှိတာရောဆိုတော့ ရွာက ခင်ကြတယ်။ တခြားရွာ အပျိုတွေလိုပါပဲ ခင်ရိပ်လည်း ဆရာလေးကို ခင်ချင်မင်ချင် အရောဝင်ချင်တာပေါ့။ မနေ့ကတောင် မြို့ကပြန်လာလို့တဲ့ ကော်နှင်းဆီရင်ထိုးကလေးတွေ ရွာထဲ ဝေသေးတာမဟုတ်လား။ ခင်ရိပ် တောင် တစ်ခု ရလိုက်သေးတယ်။

“အဖိုးတော့ မတန်ပါဘူး မခင်ရိပ်ရယ်၊ မြို့ရောက်တုန်း ရွာကနှမများအတွက် ၀ယ်လာတာ၊ ဟိုဘက်ရွာ တွေလည်း ပေးခဲ့သေးတယ်။ ဆရာမ နမသီတာကိုလည်း ပေးရဦးမယ်”
မသီတာ ဆိုတာ ခင်ရိပ်တို့ရွာကျောင်းက ကျောင်းဆရာမလေးပါ။ ဆရာလေးက ဆရာမ မသီတာ ဆီ ကိုလည်း မကြာခဏ ၀င်လည်တတ်တာ ခင်ရိပ်သိတယ်။ ဆရာမ မသီတာကိုလည်း ခင်ရိပ်တို့တစ်ရွာလုံးက ချစ်ကြ ခင်တာပါပဲ။ ဆရာလေးက ညည်နားက ရွာတွေအကုန် ဆေးလည်ကုတာဆိုတော့ ခင်ရိပ် ထက် ချောတဲ့ မိန်းကလေးတွေ ၀ိုင်းနေမှာပါလို့လည်း တွေးမိတယ်။
“ခင်ရိပ်….ဘာချက်သတုံးဟ၊ င့ါဖို့များ ချန်ပါဦး”

ထိုင်နေတဲ့ မိန်းမတွေပေါ် မိုးကြည့်နေတဲ့ သာကွန်းက ခင်ရိပ်ကို မေးလိုက်တာပါ။ ခင်ရိပ်တောင် အတွင်း ၀င်ေ နရာက သာကွန်းအသံကြီးကြောင့် လန့်သွားမိသေးတော့။ ခင်ရိပ်တို့အားလုံး ထမင်းစားပြီးကြပါပြီ။ မြေစိုစို ဗွက်စိုစိုမှာ ထိုင်ကြရင်းတစ်ယောက်ခေါင်း တစ်ယောက် သန်းရှာသူက ရှာကြလို့။ ရေနွေးကြမ်း ပူပူ လောင်လောင်ကို ရေဆာပြေအောင် တဖူးဖူး မှုတ်သောက်သူက သောက်ကြလို့။
“ခင်ရိပ်….ရော်ဗျာ….ခေါ်နေတာကို”
“ဘာတုံး…..ဘာတုံး….ပြောစရာရှိသာ ပြောလေ၊ ဘယ့်နှယ့်ကြောင့်များ တွန်းခေါ်နေသာပါလိမ့်၊ ကိုင်းပြော … .ဘာတုန်း”
“ဘာချက်တုံး မေးသာပါဟ၊ င့ါဖြင့် ထမင်းမစားရသေးပေါင်ဟာ”
“လယ်ရှင် မျက်နှာ လုပ်နေတာကိုး၊ ဘယ်စားရပါ့မလဲ၊ လယ်ရှင်သမီးခင်တုတ် မျက်နှာနဲ့ ပိုးကြေးပန်းကြေး လုပ် နေတာ မစားရငတ်ပေါ့”
“ဟာ….ခင်ရိပ်၊ မကြားသာ ကြားသာဟာ ပေါက်ကရ”

ခင်ရိပ် နဲ့ သာကွန်းက အဲသလို တွေ့တိုင်း တကျက်ကျက် အော်နေကျ သာကွန်းကလည်း မထိတထိ စတယ်။ ခင်ရိပ်ကလည်း မခံဘူး။ ရွာကတော့ ခင်ရိပ်ကို သာကွန်းကြိုက်နေမှန်း သိကြပါတယ်။ သဘော လည်း တူကြတယ်။ ကိုယ့်တောသူတောင်သားချင်းဆိုတော့ သာတယ် နာတယ် စီးတယ် ပိုးတယ် မရှိကြ ပါဘူး။ မိဘချင်း သဘောတူလို့၊ လူငယ်ချင်း မေတ္တာရှိကြလို့ကတော့ ပေးစားကြတာများတယ်။ ယူကြတာ များတယ်။ အခုက ခင်ရိပ်ကိုယ်က သာကွန်းကို မေတ္တာမရှာတာဆိုတော့ မလှော်ဝံ့ကြဘူး။
သာကွန်း က မိန်းမအုပ်ဘေးမှာ ငုတ်တုတ်ဝင်ထိုင်တယ်။ လယ်ဖက်ရည်အကြမ်းတစ်ခွက်ကို ယူ သောက်တယ်။ လက်မှာက ရွှံတွေနဲ့။ မအေးလှက ထမင်းတောင်းထဲက ထမင်းခူးပြီး သာကွန်း ကို ပေးတယ်။ ဟင်းတွေ ကတော့ ပုံထည့်ပေးလိုက်တာပါ။ တကယ်က သာကွန်းအတွက် လယ်ရှင်က ထမင်း ပို့ ပါတယ်။ သာကွန်း က မစားသေးဘဲ ခင်ရိပ် ကို လာစရင်း ကြုံရာဝင်စားလိုက်တဲ့ သဘောပါ။ မအေးလှ က မေးတယ်။

“လယ်ရှင်က ဘာချက်သတဲ့တုံး”
“က ကတစ် ငပိကောင်ထင်ပါရဲ့၊ ကန်သင်းဘေးမှာ သည်အတိုင်း တစ်ယောက်တည်း စားရတာ ထမင်းစား မြိန်ပေါင်ဗျာ”
“မမြိန်ရင် တို့ နဲ့ လာစားပေါ့ဟဲ့၊ ခင်ရိပ်လည်းရှိသားပဲ”
ခင်ရိပ် က သည်စကားကြားတော့ ဇတ်ဇတ်ပါအောင် ၀င်ငေါက်တယ်။
“အမယ်လေး လေး….ခင်ရိပ်နဲ့မဆိုင်လိုက်သာမျာ မဆီလေးရယ်တဲ့မှ အိုမဆိုင်…နွေခေါင်ခေါင်ကြီး ဘူးပင် မှာ ခရမ်းဝင်လို့သီး”

“ခင်ရိပ် ရယ်၊ ထူပါရုံ ထီးတော်ဖျား နှံပြည်စုတ်ဝင်လို့နား ဆိုသာလို င့ါနှမများနဲ့ စားရတော့ ထမင်း ပို ၀င်တယ် ပြောသာပါဟာ၊ ဒါထက် ခင်ရိပ်နင်တို့အိမ်က ဇော်နီကွမ်းသွေးကြီး နေကောင်းသွားပလား”
ဇော်နီကွမ်းသွေးဆိုတာ ခင်ရိပ်တို့အိမ်က နွားကြီးကို ပြောတာပါ။ အရောင်နဲ့ ပြောလိုက်ရင် သိကြတာကိုး။ ခင်ရိပ်က မဖြေဘူး။ သာကွန်းက အမြဲတမ်း ပါလေရာ ဆိုတာ သူအသိ။ ငယ်ငယ်က လူကောင်ကြီး ထွန်း လွန်း လို့ ကျောင်းမှာ ဆရာကအတန်းအပ်ရင် အင်မတန်ပါဝါပြတာ ခင်ရိပ်မှတ်မိတယ်။ ဆရာ က မြို့ သွားစရာ ရှိရင် သာကွန်း အတန်းထိန်းထားစမ်း အပ်ထားခဲ့ရင် သာကွန်းက ချက်ချင်း ကျောင်းဆရာ ဂိုက်ဖမ်း တော့တာပဲ။ ပေတံတစ်ချောင်းကိုင်ပြီး တစ်တန်းလုံး လိုက်ကြည့်တော့တာပဲ။ စကားပြော ပြောလို့၊ ကစား တော့ ကစားလို့။ အခုလည်း ဒါမျိုးပဲ။ နွားနေကေင်းသလားမေးတာ အကောင်းမဟုတ်ဘူး။ မကောင်းဘူး ပြောရင် သူအိမ်ရောက်လာမယ်၊ အဖေ့ကိုပြောပြီး သူကုပေးမယ် ဆိုမယ်။ နေ့တိုင်း နွားဆေး တွေ နဲ့ ရောက်လာမယ်။ ဒါမျိုးတွေ ရိုးနေပေါ့။

“ဆရာလေး သွားပင့်ထားတယ်၊ ဆရာလေးလောက် ဘယ်သူက စွမ်းမှာတဲ့တုံး”
သာကွန်း က ထမင်းလုပ်ကြီး ပါးစပ်ထဲသွင်းခါနီး ခင်ရိပ်ကို ကြည့်တယ်။
“ဆရာလေး က လူကုသာပါဟာ၊ နွားအကြောင်းတော့ မသိလောက်ပါဘူး၊ ဆရာလေးကိုယ်တိုင် ကလည်း ပြောဖူး သားဟာကို၊ နင်တို့တွေ အဲဒါ ခက်သာ၊ ကိုယ့်ရိုးရာဆေးကျတော့ အထင်သေးသလိုလို ၊ ဆေးပဲ မစွမ်း သလိုလို…..”
“အို….ဆရာလေးက လူတောင် ကုနိုင်သေးသာ၊ နွားလောက်တော့ စပျော့ပေါ့”

“အေး…တော်ကြာ စပျော့က စမျော့ ဖြစ်မှာစိုးတာဗျာ၊ ကျွဲနဲ့နွားနဲ့  လုပ်ကိုင်စားနေကြမှာတော့ ကျွဲ အကြောင်း နွားအကြောင်း အကဲခတ်တတ်ရမှာပေါ့၊ တို့ရွာကလူတွေ အသိအရင်လိုသာများ”
လယ်သူမတွေကတော့ သာကွန်းနဲ့ ခင်ရိပ် တစ်ယောက်တစ်ခွန်း စကားများနေကြတာကိုပဲ သဘောကျ နေကြတာပါ။ မိုးတွေ ညို့လာပြန်ပြီ။ လယ်ဆင်းချိန်ရောက်ပြန်တော့ သုတ်ခနဲ ထရပ်ကြရပြန်တယ်။ ခင်ရိပ် တို့တွေ ထသွားပေမယ့် သာကွန်း မထသေးဘူး။ ခင်ရိပ် နောက်ကျောကို ကြည့်ရင်း ပြုံးကျန်ရစ်တယ်။ မအေးလှ က သူတို့နှစ်ယောက်ကို သီချင်းစောင်း ဆိုလိုက်တယ်။ ကွင်းလုံးကြားဆိုလိုက်တာပါ။
“အမေရယ်…ဟိုလူကြီးက နမ်းတယ် နမ်းတယ်
နမ်းတာများ နာလို့လားဟယ် ဗိုင်းတာမရယ်
နမ်းတာတော့ မနာဘူးပေါ့…နှုတ်ခမ်းမွေးက စူးသတော့၊ မုတ်ဆိတ်မွေးက ယားသတော့်…. အာလာလား…အိုအမေ့….ပလို့ဂျိ”
ခင်ရိပ် က သူ့စောင်းဆိုမှန်း သိတော့ မအေးလှ ကျောကိုအုန်းခနဲ ထုတယ်။ လယ်သူမတွေ ရယ်သံကြောင့် ရွာ တော့မယ့် မိုးတောင် တန့်သွားလေရဲ့။

ခင်ရိပ် ထင်တဲ့အတိုင်းပဲ။ ညနေဘက် လယ်ပြန်ချိန်လောက် သာကွန်းရောက်လာပါကောလား။ ခင်ရိပ် အဖေ ကတော့ သာကွန်းရောက်လာတာကို ဘုရင်ခံရောက်လာတဲ့အတိုင်းပဲ။ သာကွန်းက အသုံးတည့် တယ် လို့လည်း ပြောနေကျကိုး၊ သာကွန်းက ဖင်ပေါ့တော့ နှီးကလေး တုပ်ခဲ့ပါဦး၊ နွားချေးကလေး သိမ်း ခဲ့ ပါဦး၊ နွားစာကလေး ကျွေးခဲ့ပါဦး၊ သည်နားကပစ္စည်း ဟိုနားရွှေ့ခဲ့ပါဦး ကအစ အားကိုးတာကိုး။ သွက်လိုက်တာလည်း မပြောနဲ့ ဖျိုးဖျိုးဖျက်ဖျက် သိပ်ရှိတာ။ မောင်ရို့လေး ဆိုတာနဲ့ “၀ိတ်” ဆိုတဲ့လူမျိုး။
“ဘကြီးတင့် နွားဘာဖြစ်သာတုံး၊ ခင်ရိပ်မေးတော့လည်း စကားကောင်းမပြောဘူး၊ ဆရာလေးနဲ့ ကုမလိုလို ပြောနေ လို့၊ ကျုပ်တို့ရိုးရာနွားဆေးတွေ ကောင်းချက်ဗျာ”
“ခင်ရိပ်ကို ဗွေမယူပါနဲ့ သာကွန်းရာ၊ မင်းနှမက ကလေးစိတ် မကုန်သေးဘူးရယ်၊ ဆရာလေး ပြမယ်ရယ် ဟုတ်ပေါင်ကွာ၊ မင်းကြည့်စမ်း၊ ဘာဖြစ်သတုံးလို့”

သာကွန်းက ဇော်နီကွမ်းသွေးကြီး ချည်ထားတဲ့ နွားချည်တိုင်ဆီသွားပြီး ငုတ်တုတ်ထိုင်ကြည့်တယ်။ တောသူ တောင်သား များထုံးစံ နွားတစ်ကောင်ကို ရေဆုံးရေဖျား ကြည့်တော့တာပေါ့။ အမွေးအရောင် ကြည့်တယ်။ ဗွေအင်္ဂါကို ကြည့်တယ်။ ချိုလက္ခဏာကို ကြည့်တယ်။ မျက်စိ၊ အသားအရေ၊ အမြီး၊ ခွာ၊သွား က အစ အကျင့်လက္ခဏာတွေ ကုန်အောင် ကြည့်ကြတာ သဘာဝပါ။ နွားကြီးက နွားမျိုးကောင်း။ လည်မှာ ဗွေထိုးနေ တဲ့ နွား မကောင်းရှိပါ့မလား။ ကြာလည်းရှေ့ရောက် တယ်။ ကျောဗွေနုကလည်း ကောင်းလှ သလို နားရွက်တို ခွာရှည်ထဲက နွားမျိုး။ လည်ပင်းကလေး ရှည်ချင်တာတော့ သာကွန်း မကြိုက်ဘူး။ မွေးကြမ်းမြီးရှည်၊ ခေါင်းတိုနံကျပ်၊ မျက်ကွင်းလည်းကြား၊ သွားကြားရေယို ဆိုတဲ့ ကြန်အင်ဆိုးတွေ ကင်းတာ တော့ ရိုးရိုးရိပ်ရိပ် တောင် မပါဘူး။

“ဘကြီးတင်နွားက ချိုနှစ်ဖက်ကြား ထိပ်ကွင်းကြီး ကျယ်လိုက်တာ၊ ခြစ်ခုံလည်း ကျယ်သားပဲ၊ ရင်ဆုံကလေး ယောင် ယောင်ကျဉ်း လို့သာ၊ နို့မို့ လက်ခမောက်သာခတ်တော့”
ခြစ်ခုံကျယ်တယ်ဆိုတာ တင်ပါးဆုံ ကျယ်တာကို ပြောတာပါ။ သာကွန်းက နွားဆိုလို့ကတော့ ၀ါသနာ ပါပြီးသား။ နွားကလေးမွေးပါပြီ “ဖွားကျ” ဘ၀ကတည်းက လိုက်ကြည့်တတ်တယ်။ ဖွားကျအရွယ်ကမှ အင်ပဲ့၊ နွားဖျန်း၊ နွားပေါက်၊ နွားမတန်၊ နဖားထိုး၊ သင်ခြင်း၊ နွားသိုး၊ နွားပိုက်အထိ သာကွန်း မှန်းရင် လွဲခဲ တယ်။
“သင်းပြီးသားနွား အခါလည်ပြည့်ရင် ညှပ်ခေါ်ကြတာ၊ တချို့က နွားနို့ခွဲခါစ နွားပေါက်ကို နှစ်နှစ်မပြည့်ခင် ပိုက် ကျတော့ လှီတာပေါ့။ သည့်ထက်လွန်မှ ပိုက်ပြန်တော့ “ရှူး” သွားတတ်တယ်။ ဖင်ရှူးခေါင်းရှူး ဗိုက်အိုးကြီး ကား ကရော။ ဘကြီးတင် ဇော်နီကွမ်းသွေးလိုကောင်များ လှည်းတပ်လိုက်ရလို့ကတော့ သေအောင် ပြေးပေါ့ဗျာ”
ဒါမျိုးများ ဆို ခင်ရိပ်အဖေက သဘောကျလို့ မဆုံးတော့ဘူး။

“သာကွန်း ကြည့်စမ်းပါဦးကွ၊ ၀ယ်တာ မကြာသေးပေါင်ကွာ၊ မတ္တရာဘက်က ငဆောင် နွားလာပြလို့ ယူထား လိုက်သာ”
“နွားလာပြတိုင်း မယူနဲ့ ဘကြီးတင်ရ၊ နွားပွဲစားများ နွားဆိုး နွားကောင်းလုပ်ပြောကြသာ၊ နွားကောင်း များဟာ ခေါင်းမော့ လည်မော့ရှိရသယ်၊ လဘို့မြောက်ရသယ်၊ မြီးရင်းမောက်ရသယ်၊ လှည်းတင်မယ့် နွားများ သွားရင်း နဲ့ ထိုင်ချသာတောင် ရှိသေးသာ၊ နွားဘီးလူးခေါ်တယ်၊ ဟောသည်မယ် ကြည့်”
သာကွန်း က နွားမြီးကို သွားမ တယ်။ အမြီးကို ထုံးပြတယ်။

“အမြီးမှာ မြီးသွယ်တဲ့….သံကွင်းစွပ်တဲ့… ကြက်ဆူးတဲ့…သိုးမြီးထိုးတဲ့….တံမြက်လှည်းတဲ့… သရက်ကင်းတဲ့ …ဟောသလို မြီးလုံးသေးသေးသွယ်သွယ် ဆင်းသွားရင် ကောင်းပြီမှတ်တော့။ သည်ကောင်တစ်ချက်ညံ့တာက နွားမြီးကို ပေါင်နှစ်လုံးကြား တစ်ခါတစ်ခါ ထိုးချင်သယ်၊ သိုမြီးထိုးသယ် ခေါ်သာ ပေါ့ သည်တစ်ချက် မကြိုက်သာ။”
ခင်ရိပ်ကတော့ သူ့အဖေနဲ့ သာကွန်း သည်လိုများ နွားစကားပြောနေရရင် နေကုန်တတ်မှန်းလည်း သိပါရဲ့။ သာကွန်းက နွာအကြောင်း နားလည်သူဆိုတော့ သာကွန်းရှိရင် နွားအ၀ယ် မမှားနိုင်ဘူးလို့ လည်း တွက်နေပုံရတယ်။ နွားဆိုတာ အ၀ယ်မှားရင် နွားတစ်သက် အိမ်မှာ အဖတ်တင်နေတတ် တာ မဟုတ်လား။
“အခု ဘကြီးတင်နွားက မှင်နေသာပါ။ အခိုးငုပ်နေသာ ထင်ပါရဲ့ နေပူထဲ အခိုင်းနာမိသွားရော့ လားဗျာ၊ လွယ်ပါ့၊ ဒါမျိုးတော့ ကျုပ်တို့ရိုးရာဆေးကောင်းလွန်းလို့မှ၊ လူတွေရိုးရာဆေး အထင်သေး တတ်လွန်းလို့”

သည်စကား က ခင်ရိပ်ကို စောင်းပြောနေတာ ခင်ရိပ် သိသားပဲ။ သာကွန်းကို မျက်စောင်းတစ်ချက် လှမ်းထိုး လိုက်တယ်။ ဒါမျိုးကို မကြိုက်တာ။ သာကွန်းက ခင်ရိပ်ကို လှမ်းခေါ်လိုက်တယ်။ ငရုတ်ကောင်း တစ်ဆုပ်၊ ချင်းတစ်တက်၊ဆားတစ်ဆုပ်နဲ့ ကျွန်သားမီးသွေး ရောအထောင်းခိုင်းတယ်။ သာကွန်း မျက်နှာက တကယ့် ဆေးဆရာကြီးပုံ။ မျက်နှာကြီး ချီလိုက်လို့။ အမြင်ကတ်လိုက ပုံများတော့။ ခင်ရိပ်ထောင်းပြီးသား သတ္တုရည် ကို ပုဆိုးစုတ်နဲ့ အရည်စစ်ပြီး ခွက်နဲ့ခံတယ်။ လက်ခလယ် နဲ့ တို့တို့ပြီး နွားကို မျက်စဉ်းခတ် တော့တာပဲ။ နွားက စပ်လွန်းလို့ “ဘူး”ခနဲအော်လိုက် တော့ ခင်ရိပ်အဖေက နွားကျောကို သပ်ပေးတယ်။
“ခက်ရိပ်သည်နားတော့ ရှိမယ်မထင်ဘူး။ လယ်စပ်မှာပေါက်တဲ့ ကျွဲနှပေါင်းရွက်နဲ့ နမြေရင်း (နွားမြေရင်း) ရွက် ရသလောက် ခူးချေစမ်း၊ ညက်အောင်ထောင်းတိုက်လိုကရင် ငါ့ကောင် ရန်တောင် ထတွေ့လိမ့်ဦးမယ်”

ခင်ရိပ်က အောင့်သက်သက် ဖြစ်သွားတယ်။ ရန်ထတွေ့နိုင်တယ်ဆိုတာ သူ့ကို စောင်းပြောတာ မဟုတ် လား။ မိုးကလေးချုပ်စဆိုတော့ အိမ်က မောင်အလတ်ကောင်ကို ပြေးခူးခိုင်းရတယ်။ ဆေးရွက်ရလာတော့ ခင်ရိပ် ကပဲ ထောင်းရတာပါ။ သာကွန်းက နွားပါးစပ်ထဲ ဆေးဝင်အောင်တိုက် ပြီးခဏစောင့်ကြည့်တယ်။ နွားက ဆေးနဲ့ တွေ့သွားလို့ထင်ပါရဲ့၊ မျက်စိအောက်တင် လန်းလာတယ်။
ဘကြီးတင် က မုန့်လက်ကောက်တွေ ချခိုင်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ လက်တွေဆေးတော့ ခင်ရိပ် ကပဲ ရေလောင်းပေးရတာဆိုတော့ သာကွန်း က လက်နမ်းကြည့်လိုက်၊ ရေလောင်းခိုင်းလိုက် လုပ်နေတာ အကြာကြီး။ ကြာတော့ခင်ရိပ်က အမြင်ကတ်လာတာနဲ့ ရေတစ်ဖလားခပ်ပြီး သာကွန်းကို ခေါင်းကနေ လောင်းချ လိုက်ကရော။
“ခင်ရိပ်ရယ်….ငါဆရာ ဟ၊ မရိုမသေနဲ့ဟာ”
“ဘာဆရာ လဲ၊ မသိရင် ခက်မယ် ဟွန်း”

ဘကြီးတင် က သမီးအကြောင်းသိတော့ ရယ်နေတာပါပဲ။ တစ်ရွာတည်းသားတွေလည်း ဖြစ်ပြန်၊ သာကွန်း ကိုလည်း ချစ်ချင်ကြလေတော့ ဘယ့်နှယ်မှလည်း မထင်ပါဘူး။ မောင်လိုနှမလို သည်လို စနေကြတာ မဟုတ်လား။ သာကွန်းက မုန့်လက်ကောက်ကြော်တွေ ပလုပ်ပလောင်း စားနေတော့ ခင်ရိပ်က “ဘယ်အချိန် ကများ သရောကြီး ခိုင်းနေသယ်မသိဘူး” လို့လှမ်းဆိုလိုက်သေးတာ။ သာကွန်းကတော့ တဟားဟား ရယ်ရင်းက တစ်ခုပြီးတစ်ခု စားနေတော့တာပေါ့။
အဲသည် ည က သာကွန်းနဲ့ ဘကြီးတင် နွားအကြောင်းတွေ ပြောလိုက်ကြတာ ညကြီးကို ရင့်ကရောပဲ။
“ကျန်းမာရေးမှူး ဆရာလေး ကိုမြဖေနဲ့ ဆရာမ မသီတာတို့ ယူကြတော့မတဲ့တော်…”
ဆောင်းပေါက်ပြီ။ လယ်စပါးတွေလည်း မှည့်ကြပြီ။ တစ်ရွာလုံး လယ်တွေရိတ်ကြဖို့ ပြင်ကြရပြီ။ သူ့လယ် ကိုယ့်လယ် မောင်းမညိုခင် ရိတ်ကြရမှာဆိုတော့ ရင့်နှင့်တဲ့လယ် လယ်စား လိုက်ကြရတယ်။ သည်ကနေ့ ဖွားလေးသီ တို့လယ်တွေ ရိတ်ကြရမှာလေ။

“ဆရာမ မသီတာနဲ့ ယူမှာပေါ့အေ့၊ သူတို့ချင်းဖြစ်နေသာပဲ ကြာလှပေါ့။ ကောင်းပါသယ်အေ၊ စာတတ် စာတတ် ချင်း ယူကြတော့မပေါ့”
ခင်ရိပ် ၀မ်းနည်းသလိုလိုတော့ ဖြစ်မိသား။ ဒါပေမဲ့ သည်လိုပဲ ဖြစ်ရမှာပါ့လေ။ ရွာအပျိုတွေကလည်း ဆရာလေး ကို ချစ်လှချည့် ကြိုက်လှချည့်ရယ် မဟုတ်ကြပါဘူး။ မြို့သား ပညာတတ် ကျန်းမာရေးမှူုး ဆိုတော့ အထင်ကြီးကြတာတော့ ရှိတာပေါ့။ မိန်းကလေးသဘာဝ စိတ်ကူးကလေး ယဉ်ကြတာတော့ ရှိ မပေါ့
“ခင်ရိပ်ရေ …အေ ခင်ရိပ်”
လယ်စည်းခေါင်း မကြီးတင်ရဲ့ အသံ။ အော်လိုက်တဲ့အသံနှယ်တော်။
“လာပြီ တော်ရေ…လာပြီ…လာပြီ”
ရွာလမ်းပေါ်မှာ ကောက်ရိတ်မယ့် ယောက်ျား မိန်းမ ပလုံထိုးကြလို့။ တံစဉ်ရိုးရှည်၊ ရိုးတိုတွေ ကိုင်ကြလို့။ ခေါင်းပေါင်းကြီးတွေ ခမောက်ကြီးတွေနဲ့။ သနပ်ခါးတွေက ပိန်းကြမ်း။ ဖျင်လက်ရှည် ထူထူကြီးတွေ ၀တ် ထားကြတော့ အိုင့်တိုင့်တိုင့်ကြီးတွေ။

“ရော်….ခင်ရိပ် နင်ပါ ပါသကိုး၊ ၀မ်းသာသဟ”
သာကွန်း က ဝေလီဝေလင်း အလင်းရောင်ထဲ မြင်လိုက်တဲ့ ခင်ရိပ်ကို နှုတ်ဆက်တယ်။ ခင်ရိပ်က မဖြေဘဲ တစ်ဖက် ကို လှည့်နေလေရဲ့။ သာကွန်းကသူ့ထုံးစံ အပြုံးမပျက်ဘူး။ ခင်ရိပ်အကြောင်း သိနေတာ မဟုတ်လား။ ပုဆိုးပိုတစ်ထည်ကို ခေါင်းခြုံပြီး လက်တွေပါ ပုဆိုးထဲ ထည့်ထားတယ်။ အေးလိုက်တာ စက် လို့ ကိုး။
“င့ါက နင့်ကို ဒွေးဖော့တို့လယ်ဘက် လိုက်သွားသယ်မှတ်သာ”
“ငါ့ဟာငါ ဘယ်ကွင်းလိုက်လိုက် နင့်အပူလား”
“င့ါအပူပေါ့ဟ၊ ငါဖြင့် အိပ်တောင်မပျော်ဘူး၊ ဒွေးဖော့တို့လယ်ဘက်ပါသွားမှာစိုးလို့”
“သေ လိုက်ပါလား”

“မသေနိုင်သေးပေါင်ဗျာ၊ မိန်းမတောင် ရသေးသာမဟုတ်ဘူး”
“နင့်ဘယ်သူ က ကြိုက်မှာတုံး”
“နင်ရှိသားပဲ ဟာ၊ ဘယ်သူရှိရဦးမှာတုံး”
ခင်ရိပ်က တံစဉ်နဲ့ လိုက်တော့ သာကွန်းပြေးတယ်။ ကောက်ရိတ်ထွက်မယ့် ရွာသားတွေက တဟေးဟေး။ စည်းခေါင်း မကြီးတင် အသံက အကျယ်ဆုံး။ ရွာလမ်းပင် တုန်သွားတော့တယ်။
“ခင်ရိပ်ရေ…. မိတာနဲ့ တံစဉ်နဲ့ တိခနဲ ဖြတ်လိုက်ဟေ့”
“၀ါး…..ဟား….ဟား….”
တာပေါင်ပေါ်မှာ လူတွေ အုံးအုံးထလို့။ ခင်ရိပ်မှာတော့ ဆောင်းတွင်းချမ်းချမ်းစီးစီးကြီးထဲ ချွေးများတောင် ပြန် လို့လေ။ မျက်နှာကတော့ ပြုံးလို့ပါလား။
“ကျောကုန်းကြီး ၀အောင် ထုခဲ့တာလေ”
မြရီ က သီချင်းတစ်ပုဒ် ကောက်ဆိုလိုက်ကရော.။

“ပျိုစိုက်တဲ့ လယ်ထိပ်က
လည်ညိတ်ကာကူ ချိုးဖြူ ချိုးဖြူ
အသံတူတူ ကူရရိုးလား
သည်းအူကျချိုး
ချိုးလဟဲ့…”

ကောက်စိုက်သမတွေ “၀ါး” ခနဲ ရယ်ကြတော့လည်း ခင်ရိပ် အရှက်သား။

ရွာအနောက်က လယ်တွေက တစ်မျှော်တစ်ခေါ်ကြီး။ စပါးရိတ်ကြမယ့် လူတွေဆိုတာ ရွစိထိုးလို့။ တံစဉ်ရိုးရှည်၊ တံစဉ်ရိုးတို၊ ကျွဲချိုတံစဉ်ကြီးတွေ ကိုင်ကြရင်း လယ်တွေဘက် သွားကြပြီ။ ခင်ရိပ်တို့ အပျို တွေကလည်း သနပ်ခါး ပိန်းကြမ်းကြီးတွေနဲ့။ ရွာသူတွေဆိုတော့ နဖူးစာ က တခြားရွာ သွားလည်စရာ တောင် မလိုတော့ဘူး။ ကိုယ့်ရွာ ကိုယ့်အပျို ကိုယ်လူပျို လယ်ခင်းစပါးခင်းထဲ လည်ကြပါလေ့။ သာကွန်းက ကျွဲချိုတံစဉ်ကြီး နဲ့ ရှေ့က ဒီးလွှားဒီးလွှား သွားနေတော့ ခင်ရိပ်တို့မှာ နောက်က မီအောင် လိုက်ကြရတယ်။ သာကွန်း က စပါးရိတ်တော့ အဖြစ်။ လူ့မနောကောင်း ဆိုတော့ လူတိုင်းကလည်း ချစ်ကြပါရဲ့။ ခင်ရိပ်က အဖေ ပြောတဲ့ စကားနားထဲကြားမိတယ်။

“သာကွန်း က လယ်ကိစ္စ နွားကိစ္စများတော့ ဗုံတောင် တောင်ခေါက်နိုင်သေးဗျာ၊ တို့အိမ်က ဇော်နီ ကွမ်းသွေးကြီး နဲ့များ ဖက်လိုက်ရင် တစ်ရှည်းဖြစ်မယ့်ကောင်”
ခင်ရိတ်က သာကွန်းကို စချင်လို့ နောက်က ပြေးလိုက်တယ်။ သာကွန်းဝတ်ထားတဲ့ နေပူခံ ကျောစုတ် အင်ကျီင်္ ကို နောက်ကနေ ဖြဲချလိုက်တော့ ကျောလုံး လန်သွားလိုက်တာ ဖတ်လတ်ကြီး။ လယ်ကွင်းထဲက ရယ်သံ တွေကြောင့် လက်ပံပင်ပေါ်က ဆက်ရက်တွေတောင် ဝေါခနဲ ထပျံကြပါရောလား။

ကလျာမဂ္ဂဇင်း
2009 ဇန်နဝါရီ
.

4 comments:

မင်းဧရာ said...

ကျွန်တော်တို့လို အညာသားအတွက်တော့ ဒီဝတ္ထုကိုဖတ်လိုက်မှ အလွမ်းကို ပြေလို့ သာကွန်း ခင်ရိပ် နဲ့အတူ ဇော်နီကွမ်းသွေး ကြီးကိုလည်း မျှော်နေပါ့မယ်
အမရွှေစင်။

Anonymous said...

ဆရာမ ခငိခငိထူးရဲ့ အဲဒီလို မြင်ယောင်အောင်ရေးတတ်တဲ့ ချစ်စရာ အဖွဲ့အနွဲ့လေးတွေကို ကြိုက်တာ မမရွှေစင်ရေ.... ကျေးးးးးးးးးးးးဇူးးးးးးးးးးး
ညီမ- အနော်။

စံပယ်ချို said...

အညာကိုရောက်ဖူးတာပဲရှိပါတယ်
ရာသီဥတုပူတာကလွှဲရင် အညာကိုကြိုက်တယ်
ချစ်လဲချစ်တယ်....
ရှမ်းပြည်နဲ့တော့မတူဘူးပေါ့
တစ်နေရာတစ်မျိုးဆိုသလိုပါပဲ
ဆရာမ ခင်ခင်ထူးရဲ့စာကိုဖတ်ပြီး
လွမ်းသလိုခံစားရလိုက်တယ်....
အညာသားတွေအတွက်တော့...ပိုပြီးလွမ်းလို့
ကောင်းတာပေါ့နော်...

ညီလင်းသစ် said...

်ဆရာမ ခင်ခင်ထူးရဲ့ စာတွေကတော့ တစ်ပုဒ်ဆို ဆိုသလောက်ပါပဲဗျာ..၊ အသုံးအနှုန်းတွေများ ကျေးလက်ဆန်လိုက်တာ..၊ မသိဖူး မကြားဖူးတဲ့ အညာဓလေ့တွေလည်း အမြဲလိုလို မှတ်သားရစမြဲ...၊ ကျေးဇူး အများကြီးတင်ပါတယ် မရွှေဇင်ဦးရေ...။