အပွင့်ကြီး ၍ အသီးအောင်တယ်
ကိုမင်းရာ
ကိုမင်းရာ
ကျွန်တော်နေတဲ့ မြို့ကလေးက စာရေးစရာတွေ ရုပ်ရှင်အနုပညာသည်တွေ ချစ်ခင်စွဲလန်း နှစ်သက်တဲ့ တောင်စခန်း မြို့လေးပါ။ မန္တလေးမြို့ကနေ ၄၂ မိုင်ပဲ ဝေးကွာပေမယ့် ရာသီဥတုက အေးချမ်း သာယာ လို့လည်း အမေလူထုဒေါ်အမာ နွေရာသီမှာ နွေလာခိုနေကျနေ ရာလေး ဖြစ်ခဲ့ရပါတယ်။ အမေမာ ရှိခဲ့တုန်းက ဆိုရင် စာပေမိသားစုမောင်နှမတွေ ဒီမြို့ကို ဝင်ထွက်သွားလာနေကြတာ ပန်းရောင်စုံ တွေ ဖူးပွင့်ဝေဆာ နေကြတာ နဲ့ အပြိုင်ပါပဲ။ မကြာခဏရောက်လာနေကြသူတွေထဲမှာ "အမေ" လို့ အားရပါးရ ခေါ်ပြီး စကားတွေပြော၊ ဂါရဝပြုနေကျ သူတစ်ယောက်ကတော့ ဦးဖုန်းမြင့် (ဖုန်းမြင့်အောင် မန္တလေး)ပါ။ အမေ မရှိတဲ့ နောက် ဆရာဖုန်းလည်း အလာကြဲသွားပါပြီ။ အခု ၂၀၀၉ ခုနှစ် သြဂုတ်လဆန်း ဆရာ ပြင်ဦးလွင် က ကျွန်တော့်အိမ်ကို ရောက်လာတော့ ကျွန်တော်အိမ်မှာရှိမနေဘူး။ ကျွန်တော်နဲ့မတွေ့လို့ စာရေးထားခဲ့ပါတယ်။
တူမောင်
ဒီနေ့ အမေ ဒို့ကို ခွဲသွားတာ ၁၆ လရှိပြီ။ ဘဘဦးသုခက (၄၄)လရှိပြီပေါ့။ ဒီနေ့ ဆွမ်းဟင်း(၇)ခွက်၊ မုန့်ခဲဖွယ် နဲ့ ဆွမ်းလောင်းတယ်၊ ဒီ မန္တလေးနှစ် (၁၅၀) ပုံစအတိုင်း ဘဘဦးသုခ ရာပြည့်မဂ္ဂဇင်းထုတ်မယ်။ စာမူတောင်းခံလွှာလေးတွေ ကျေးဇူးပြုပို့ပေးကွာ။
ခင်မင်လျက်
ဖုန်းမြင့်
၇.၈.၂၀၀၉ ပြင်ဦးလွင်မြို့မှာရှိတဲ့ စာရေးဆရာ၊ ကဗျာဆရာ အားလုံးနဲ့ ကျွန်တော်ရင်းနှီး ကျွမ်းဝင် ရှိပြီးသားမို့ စာမူစုဆောင်းရတာ မခက်ခဲပါဘူး။ ကျွန်တော့်အနေနဲ့တော့ စာရေးဆရာကြီး ဒါရိုက်တာ ဘဘဦးသုခ အကြောင်း ရေးနိုင်လောက်အောင် နီးနီးကပ်ကပ် ကျွမ်းကျွမ်းဝင်ဝင် မရှိခဲ့လို့ခက်ခဲပါတယ်။ လူချင်းမရင်းနှီး မနီးကပ်ခဲ့ပေမယ့် ရေးတတ်၊ ဖတ်တတ်၊ မြင်တတ်၊ ကြည့်တတ်၊ နားလည်တတ်တဲ့အရွယ် အပိုင်း အခြား တစ်လျှောက်မှာ တော့ ဘဘဦးသုခရဲ့စာတွေကို ဖတ်ခဲ့ မှတ်ခဲ့ သိခဲ့ရတယ်။ ရုပ်ရှင်တွေကို ကြည့်ခဲ့ မြင်ခဲ့ စွဲလန်းခံစားခဲ့ရတယ်။ ဟောပြောဆုံးမစကားတွေ ကြားခဲ့နာခဲ့မှတ်သားခဲ့ရပါတယ်။ ၁ပါးစု၊ ၂ပါးစု၊ ၃ပါးစု…ဆိုတဲ့ ဗဟုသုတတွေ စုစည်းပေးတဲ့ သုခမှတ်စု၊ ချယ်ရီမှတ်စု၊ စာအလှ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ လို စာပေနဲ့ ဗုဒ္ဓသာသနာ ယဉ်ကျေးမှုပညာပေး စာအုပ်တွေနဲ့ အရွယ်ရောက် ကြီးပြင်းခဲ့ ရပါတယ်။
စကားပြောသော အသဲနှလုံး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်လို ရုပ်ရှင်ကားကြီးတွေက တစ်ခါကြည့်ခဲ့ဖူးတာ နဲ့ ဘဝတစ်လျှောက်လုံးစာ စွဲငြိပါလာခဲ့ဖူးပါတယ်။ အမေ၊ အဖေ မိဘကျေးဇူတန်ဖိုး ဟောပြောဆုံးမ လို့ နောင်တ၊ ဘဝအမောတွေက ကင်းလွတ်ကြတာ ကိုယ်တွေ့ လက်တွေ့ ကြားနာခဲ့ဖူးပါတယ်။ ဘဘဦးသုခ က လောကအကြောင်း၊ ဓမ္မအကြောင်း၊ စာပေအနုပညာ အကြောင်းအရာတွေကို ကိုယ်တိုင်ကျေညက် နားလည် သလောက် တစ်ပါးသူကိုလည်း ပြည့်ပြည့်ဝဝ ပေးပို့နိုင်စွမ်း ကြီးမားပါတယ်။ံ
လူထုချစ်သမျှ လူထုဦးလှ (၁၉၈၄ခုနှစ်၊ ကြီးပွားရေး ပုံနှိပ်တိုက်) စာအုပ်ထဲမှာ ဘဘဦးသုခရေးတဲ့ "သုခပြောတဲ့ ဦးလှ" ဆိုတဲ့ ဆောင်းပါးဖတ်ခဲ့ဖူးပါတယ်။ ၁၉၈၁ ခုနှစ် ကုန်ခါနီးလောက်မှာ ဘဘဦးသုခက တိပိဋကနိကာယ သာသနာပြု သုံးနှစ်ခရီး စာအုပ်ကြီးအတွက် စာမူတွေစီစစ်ဖို့ တွဲဖက်တာဝန်ယူ ထားရတယ်။ ဒီစာမူတွေထဲမှာ ဓမ္မနာဒချောင်က သီလရှင်ဆရာကြီး ဒေါ်ဓမ္မစာရီအကြောင်း ဘယ်သူမှ ရေးကြတာ မတွေ့ရသေးဘူး။ ဒီသီလရှင်ဆရာကြီးဟာ ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ ကိုယ်တော် ရဲ့ သာသနာ့မိခင်ကြီး။ တိပိဋကဓရဓမ္မ ဘဏ္ဍဂါရိကဘဝရောက်အောင် အားပေးချီးမြှောက် လာခဲ့သူလည်း ဖြစ်ပါတယ်။
လယ်တီဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်း ဦးပဉ္စဦးပဏ္ဍိတနဲ့ စာသင်ဖက်ဖြစ်ခဲ့ဖူးတယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး က မန္တလေး ခင်တုတ် လို့ ကလောင်နာမည်ယူတာဟာ ဒေါ်ဓမ္မစာရီရဲ့ ငယ်နာမည် "တုတ်တုတ်" ကို ရည်ညွှန်းတာမို့ ဤမျှအရေးတယူ လေးစားခံစားခဲ့ရတဲ့ မယ်တော်ကြီးအကြောင်း လူထု ဒေါ်အမာ ရေးနိုင်ပါလိမ့်မယ်။ ရေးပေးစမ်းပါလို့ ဦးသုခ တိုက်တွန်းခဲ့ပါတယ်။ အဲဒီစာမူကို ပြင်ဦးလွင် (မေမြို့) အထိ ဘဘဦးသုခ လိုက်စောင့်ပြီးယူပါတယ်။ လူထုဦးလေးလှ၊ အမေ လူထုဒေါ်အမာ၊ ဘဘဦးသုခ နဲ့ ဆရာကြီး ဦးဇဝန (ဦးသိန်း) တို့ အတူအိပ်၊ အတူစားပြီး ပျော်ပျော်ရွှင်ရွှင် ဆုံစည်းခဲ့ရတဲ့ နောက်ဆုးံ မြို့နေရာလေးပါ။ ဘဘဦးသုခက စာမူယူပြီးမှ ရန်ကုန်မြို့ကိုပြန် ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ထံမှာစာမူကိုအပ်ပါတယ်။ ဆရာတော်က စာမူဖတ်ပြီး "အင်း အမျိုးသမီးကြီး တစ်ယောက် အကြောင်း ကို အမျိုးသမီးစာရေးဆရာမက ရေးတာမို့ သဘာဝကျနေတယ်။
မယ်တော်ကြီး နဲ့ သူတို့မိဘများက ရပ်ဆွေရပ်မျိုး ဖြစ်နေတာမို့လည်း အကြောင်း အချက် စုံစုံလင်လင် ပါတာပေါ့။ မအမာကလည်း အရေးအသား ကောင်းပါတယ်။"အပွင့်ကြီး၍ အသီးအောင်တယ်၊ အသီး အောင် လို့ မြားမြောင်တဲ့ မျိုးစေ့တွေပေးစွမ်း နိုင်တယ်" ဆိုတဲ့ စာပိုဒ်ဟာ မယ်တော်ကြီးရဲ့ ဂုဏ်ကျေးဇူး တို့ကို တိုတို နဲ့ နက်ရှိုင်းကျယ်ပြန့်စွာ ဖော်ထုတ်ရေးလိုက်တာဖြစ်တယ်" လို့ ချီးမွမ်းတယ်လို့ ဘဘဦးသုခ ပြန်ရေးပြထားပါတယ်။ ကျွန်တော်တို့နောက်မျိုးဆက် လူငယ်တွေကို အသိပညာတွေ အများကြီး ဖြန့်ဝေ ပေးခဲ့ တဲ့ စာပေမိဘ ပညာရှိကြီးတွေဖြစ်တဲ့ လူထုဦးလေးလှ၊ အမေဒေါ်အမာ ဆရာဇဝန (ဦးသိန်း) ဘဘဦးသုခတို့ နောက်ဆုံး နားနေဆုံစည်းခဲ့ကြတဲ့ ကျွန်တော်တို့ မြို့ကလေးက လွမ်းစရာ၊ ဂုဏ်ယူစရာ ကလေးဖြစ်လို့ နေပါတယ်။
ဘဘဦးသုခနဲ့ ပတ်သက်လို့ အများကြီးမပြောနိုင်ပေမယ့် ဘဘဦးသုခရဲ့ တပည့်သားမြေးတွေ၊ ရုပ်ရှင် တပည့် သားမြေးတွေ၊ ဘာသာရေးတပည့်မြေးတွေအဖြစ်နဲ့ အပွင့်ကြီးလို့ အောင်တဲ့အသီးတွေ အများကြီး တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ပြင်ဦးလွင်မြို့နဲ့ နီးစပ်လို့ ထင်သာမြင်သာရှိတဲ့ အသီးတစ်သီး ကို နည်းနည်း ပြောချင် ပါတယ်။
က စာရေးဆရာ၊ အနုပညာသည်တွေကတာ့ ဦးဖုန်းမြင့်အောင်လို့ ပြောရင် တော်တော်များများ ရင်းနှီး ချစ်ခင် သိကျွမ်းကြပါတယ်။ ဒါပေမယ့် ဆရာဖုန်းမြင့်အောင်ရဲ့ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် လုပ်ကိုင်သွားလာ လှုပ်ရှား နေတာကိုတော့ လူတိုင်းမသိမှီနိုင်ကြပါဘူး။ ဆရာဖုန်း နဲ့ လှုပ်ရှားမှုတွေဟာ ပရိဟိတ အများအကျိုး၊ လူငယ်အကျိုး၊ စာပေ ပညာရေးအကျိုးနဲ့ ဆင်းရဲ့ကြောင့်ကျ ဒုက္ခရောက်သူတွေရဲ့ အကျိုး အတွက် အများဆုံး လုပ်ကိုင်နေလို့ ဖြစ်ပါတယ်။
လက်ရှိ အထင်ရှားဆုံး အလုပ်ကတော့ "မန္တလေး အမေနေ့ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ" ပါ။ မန္တလေး အ.ထ.က(၁)ရွှေဘိုဆရာကန်တော့ပွဲ ဖြစ်မြောက်ရေးတွေကိုလည်း အင်အားအပြည့်နဲ့ ဦးဆာင်ကူညီနေပါ တယ်။ ကိုယ်တိုင်စာရေး ဆရာလည်း ဖြစ်တယ်။ ဆရာဖုန်း လေးစားကြည်ညိုတဲ့ စာရေးဆရာကြီးတွေ၊ ဆင်းရဲ ချို့တဲ့ သူနှင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာ အဆောက်အဦးမြေနေရာ၊ ငွေလှူဒါန်းနေတာ ကျပ် သိန်းထောင်နဲ့ချီလို့ ရှိနေပါပြီ။ အ.ထ.က (၁၃) မန္တလေးမြို့မှာ အထက်တန်းပြကျောင်းဆရာ လုပ်သက် (၁၆)နှစ် ရှိခဲ့တာမို့ ဆရာဖုန်းရဲ့ တပည့်တွေက တက္ကသိုလ်မှာ ပါမောက္ခ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျူရှင် ဆရာ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အများကြီး ရှိကြပါတယ်။
မန္တလေးမြို့ မန္တလေးတက္ကသိုလ်အရှေ့ဘက် မဟာမြိုင်မှာနေတဲ့ ဆရာဖုန်းက မန္တလေး။ ပြင်ဦးလွင် ကားလမ်းဘေး ပြင်စာကျေးရွာမှာလည်း နေပါတယ်။ ပြင်စာရွာမှာ "ပညာအလင်းရောင်" ဆိုတဲ့ စာကြည့်တိုက် ကို ဖွင့်ထားတာ (၄)နှစ်လောက် ရှိနေပါပြီ။ လက်ရှိ ထွက်နေတဲ့ မဂ္ဂဇင်း ဂျာနယ်တွေကနေ ရှေးဝတ္ထု စာအုပ်ကောင်း တွေနဲ့မို့ ပြင်စာရွာကလေးက စာဖတ်တဲ့သူ တွေ ကုသိုလ်ထူးပါတယ်။ အဲဒီ ရွာကလေးမှာ "သုခမေတ္တာ မိဘမဲ့ကျောင်း" ဖွင့်ဖို့အတွက်လည်း ပြင်ဆင် ထားတာ အတော် ခရီး ရောက်နေပါပြီ။ ဆရာဖုန်းမြင့်အောင်ကို စီးတော်ယာဉ် မိန်းမစီး စက်ဘီးကြီးရဲ့ လက်ကိုင်မှာ အိတ်၂လုံး ချိတ်လို့ တွေ့နိုင်တယ်။ လက်ဆွဲအိတ်ထဲမှာ စာမူတွေ ပါတတ်တယ်။ ဂျာနယ်၊ မဂ္ဂဇင်းအသစ်တွေ ပါတတ်တယ်။ ဖိတ်စာတွ ပါတတ်တယ်။
ဆရာ့ကို ကန်တော့တဲ့မုန့်၊ ဒါမှမဟုတ် ဆရာက ကန်တော့ဖို့ မုန့်တွေလည်း ပါတတ်တယ်။ နေကာ မျက်မှန် အနက်ရောင်နဲ့ ဆရာဖုန်းမြင့်အောင်ကို မနက်ပိုင်း မဟာမြိုင် ဗောဓိကုန်းမှာ တွေ့ရပေမယ့် နေ့လည်ပိုင်း "ထွန်းဦးစာပေ" မှာ ရှိနေပြီး ညနေစောင်း တော့ မန္တလေးတောင်ခြေမှာ ရောက်နေနိုင်တယ်။ ညပိုင်း မန္တလေးမြို့သစ်မှာ မြင်နိုင်ပေမယ့် မနက်လင်း တော့ စီးတော်ယာဉ် စက်ဘီးကြီးနဲ့ ပြင်စာရွာမှာ ရောက်နေနိုင်ပါသေးတယ်။ မန္တလေးနယ်ဝန်းကျင်၊ ပြင်ဦးလွင်နယ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းအတွက်ဖြစ်ဖြစ်၊ အမေနေ့ပွဲအတွက်ဖြစ်ဖြစ်၊ အဖေနေ့ပွဲဖြစ်ဖြစ် သာရေးနာရေး လူမှုရေး ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ဖြစ်ဖြစ် ရုန်းကန်လှုပ်ရှားနေတဲ့သူမို့ လမ်းပေါ်မှာ ထင်သာ မြင်သာ ပါတယ်။ မန္တလေးက မဟာမြိုင်နဲ့ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးက ပြင်စာရွာက အိမ်တွေ မှာ သေသေ ချာချာ တွေ့နိုင်တဲ့ အချိန်တွေတော့ ရှိပါတယ်။
၂၀၀၅ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့ ကွယ်လွန်သွားတဲ့ ဆရာကြီးဒေါက်တာသန်းထွန်း၊ ၂၀၀၅ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့ ကွယ်လွန် သွားတဲ့ ဘဘဦးသုခ၊ ၂၀၀၈ခုနှစ် ဧပြီ ၇ရက်နေ့ ကွယ်လွန်သွားတဲ့ အမေ လူထုဒေါ်အမာ တို့အတွက် လစဉ် ၇ရက်နေ့တိုင်း၊ (၃၀)ရက်နေ့တိုင်းမှာ ကျောက်သင်ပုန်းမှာ စာရေးပြီး သံဃာတော်တွေကို တန်းဆွမ်း လောင်းလှူပါတယ်။ မိသားစုအရင်းကလွဲလို့ လူတိုင်း လိုက် မလုပ်နိုင် တဲ့ လစဉ်ဝတ်တွေနဲ့ ကုသိုလ်ယူနေတဲ့ သူ ဖြစ်ပါတယ်။ ဘဘ ဦးသုခရဲ့ ငှက်တစ်သောင်း နားနိုင်တဲ့ အရိပ်ကြီးထဲက အပွင့်ကြီးလို့ အသီးအောင်တဲ့ ဆရာဖုန်းမြင့်အောင်ကို ပရဟိတ ကုသိုလ် အလှူ အားလုံး အတွက် ကျေနပ်ဂုဏ်ယူ သာဓု-သာဓု-သာဓု ခေါ်နိုင်ကြပါစေ။
ကိုမင်းရာ
ဘဘဦးသုခရေးခဲ့တဲ့ အဘွားမာအတွက် ကဗျာလေး၂ပုဒ်
အောင်မှူး
၁.၆.၂၀၀၅ (ဗုဒ္ဓဟူးနေ့)
အောင်မှူး
၁.၆.၂၀၀၅ (ဗုဒ္ဓဟူးနေ့)
ကျွန်တော်၊ ကိုဖေငယ်၊ မိချမ်းဝေတို့ ဘဘဦးသုခဆီ ရောက်ခဲ့ကြသည်။ ကျွန်တော်မရောက်တာ (၅)နှစ် ကျော်ပြီ။ ခုတစ်ခေါက်မှာ ဘကြီးဖြစ်သူထံ သူ့တူ (စာရေးဆရာမောင်ဖေငယ်)ကို ခေါ်သွားခြင်း ဖြစ်သည်။ မသွား လိုပါဟု အကြိမ်ကြိမ် ငြင်းနေသော မောင်ဖေငယ်ကို အတင်းခေါ်သွားခြင်း ဖြစ်သည်။ မောင်ဖေငယ် မှာ ဦးတင်ဖေ ၏ ကလောင်အမည် ဖြစ်သည်။ ဦးတင်ဖေမှာ ဘဘဦးသုခ၏ နှမအငယ်ဆုံးမှ မွေးသော တူအရင်း တစ်ယောက် ဖြစ်သည်။ ပေါင်းရသင်းရခက်သော မောင်ဖေငယ်ကို ကျွန်တော်က ဂွစာရေးဆရာ ဟုခေါ်သည်။ သူက ကျေနပ်ပုံရသည်။ တစ်လမ်းတည်း တစ်ရပ်ကွက်တည်းနေတာက တစ်ကြောင်း ကျွန်တော် က သူ့ထက်ဂွကျပုံရသောကြောင့်လည်းကောင်း ကျွန်တော်တို့ အလွန်ရင်းနှီးသွားကြသည်။
ဘဘဦးသုခနှင့် ဒေါ်ဒေါ်ကြင်တို့ကို ဦးလေးလှ၊ ဒေါ်ဒေါ်မာသူတို့သမီး မမတင်ဝင်းနှင့်အတူ မြိတ်လာကြ စဉ်က တစ်နေ့တစ်ရက်တည်း စတင်သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ထိုနေ့မှာ ၁၃ ဇန်န၀ါရီ ၁၉၈၂ ခုနှစ် ဖြစ် သည်။ ဘဘဦးလေးလှတို့ မြိတ်ကပြန်တဲ့ရက်က ၂၁ ဇန်န၀ါရီ ၁၉၈၂ ဖြစ်သည်။ ဒေါ်ဒေါ်က "အညာသူများ ပင်လယ်သွား" စာအုပ်ထဲတွင် "ကျွန်မတို့ ၅နာရီခွဲမှာ သင်္ဘောစထွက်မှာပါ။ ကျွန်မတို့ကို မိတ်ဆွေတွေ အများကြီးက လိုက်ပို့ကြသည်။ တချို့က သင်္ဘောကြီးပေါ်အထိ လိုက်ပြီးပို့တယ်" လို့ ရေးခဲ့တယ်။ လိုက်ပို့ သူထဲတွင် သင်္ဘောပေါ်မှာ ကျွန်တော်တစ်ယောက်တည်း နောက်ဆုံးကျန်တော့သည်။ အထက်တန်း အခန်းတွဲ။
ဧည့်ခန်းတွင် ဒေါ်ဒေါ်မာနှင့် မမတင်ဝင်း တို့ ထိုင်နေကြသည်။ ဒေါ်ဒေါ်မာက ပြုံးလို့ မမတင်ဝင်း က "ဖေဖေ ကောင်လေးတစ်ယောက် သမီးတို့ကို လာနှုတ်ဆက်နေတယ်" ဟု လှမ်းပြောသည်။ အခန်းထဲ မှာ စာဖတ် နေရာက ဖတ်လက်စလေး လက်ကြားညှပ်ပြီး ဦးလေးလှ ဧည့်ခန်းထွက်လာသည်။ တစ်ဘက်ခန်း က ဘဘဦးသုခ တို့လည်း ရောက်လာသည်။ မမ မတင်ဝင်းက သူထက်လည်း သိပ်မငယ်တဲ့ ကျွန်တော့်ကို "ကောင်လေး" ဟု ဆိုသဖြင့် စိတ်ဆိုးမိသေးသည်။ ဒါသည်ပင် နောင်အခါ ကျွန်တော်တို့ မောင်နှမအရင်း သဖွယ် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ပါ။ ဘဘဦးသုခ၊ ဦးလေးမှ ဒေါ်ဒေါ်မာတို့ရဲ့ တူညီသော နှုတ်ဆက် စကားတစ်ခွန်း မှာ တို့ဆီဖြစ်အောင်လာခဲ့ကြဦးကွ" ဟု ဖြစ်ပါသည်။
ဘဘရယ် ဦးလေးလှတို့ရယ် တစ်နေ့တည်း ခင်မင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်း ပိုရောက်ခဲ့ သည်မှာ ရန်ကုန်မဟုတ် မန္တလေး ဖြစ်သည်။ ဒါကလည်း ရုပ်ရှင်ကို ၀ါသနာမပါဘဲ စာပေကို ၀ါသနာပို၍ ဖြစ် သည်။ လူထုတိုက်တွင် ကျွန်တော်နှင့် သက်တူရွယ်တူ (ကိုညို) (ညီပုလေး)တို့ ဇနီးမောင်နှ့ ကျွန်တော့် ကလေးတွေ နှင့် ရွယ်တူ မမသန်းရင်မာကလေးတွေ၊ ကိုညို့ကလေးတွေ ရှိသည်။ ဒါကြောင့် နောက်ပိုင်း ဒေါ်ဒေါ်တို့ အိမ်က ဘဘတို့အိမ်ထက် ပိုနွေးထွေးသည်ဟု ကျွန်တော် ခံစားလာရသည်။ သို့ကြောင့်လည်း လူထုတိုက် နှင့် ပိုရင်းနှီးလာရခြင်း ဖြစ်ပေလိမ့်မည်။
ဘဘထံကို ထားဝယ်၊ မြိတ်၊ ကော့သောင်းက မိတ်ဆွေတွေ့ချင်လို့ လိုက်ပို့တာကလွဲပြီး မရောက်ဖြစ်။ ယခု မှ ပြန်လည်ရောက် ဖြစ်ပါသည်။ ဘဘက အမြင်အာရုံ မရှိလှတော့ပေမယ့် အကြားအာရုံဖြင့် မှတ်မိနေ သည်ဟု ဆိုသည်။ ကျွန်တော့်စကားပြောသံ ၀ဲနေ၍လည်း ပါသည်။ မိချမ်းဝေ ကိုတော့ မမှတ်မိ။ လွမ်းလွမ်း ဆွေးဆွေး အပြစ်တင်သည်။ နှမအကြောင်း၊ အမျိုးတွေအကြောင်း ပြောနေကြသည်။ "မောင်ဖေငယ် မင်းတစ်ယောက် ပဲ ငါ့ခြေရာကို နင်းမယ့်ကောင် ရှိတာ" ဟု ဆိုသည်။ "မင်းဒီလို မနေနဲ့ ဘဘဆီ မကြာ မကြာ လာ မိန်းမနဲ့ကလေးတွေလည်း ခေါ်ခဲ့ဦး" မောင်ဖေငယ် က ငြိမ်လို့ ကျွန်တော်က ဘေးကနေ ကြည့်ပြီး ၀မ်းသာရသည်။
ကျွန်တော့်ကိုလည်း "မအာ နေကာင်းရဲ့လား ခင်ဗျားတို့ကို ရဟန်းခံပေးတုန်းက လာမလို့ပဲ အဆင်မပြေ ဘူး တွေ့ရင် ကျုပ်က သတိရကြောင်း ပြောပါ" တဲ့။ ဟုတ်ကဲ့။ ကျွန်တော်တို့လည်း ပြန်ဖို့ နှုတ်ဆက်ရင်း ကန်တော့ကြသည်။ ဘဘက ဘယ်လိုသတိရသွားသည်မသိ ကိုစိုးမြင့်ရေ ခင်ဗျားမြိတ်က ပို့ပေးတဲ့ ကတ်ကြေးကိုက် သိပ်စားလို့ကောင်းတာပဲဗျာတဲ့။ ကျွန်တော်က သတိရသားပဲ စားချင်လို့လားဆိုတော့ စားချင်တာပေါ့ဗျာတဲ့။
ကျွန်တော်လည်း နောက်တစ်ခေါက် လာဦးမှာဖြစ်ကြောင်း ကတ်ကြေးကိုက်ယူလာမယ် ကြိုပြီး ဖုန်းဆက် မယ်ဟု ပြောခဲ့သည်။ ဘဘတို့ ဒေါ်ဒေါ်ကြင်တို့လည်း ပြုံးပြုံးရွှင်ရွှင် ကျန်ခဲ့ကြသည်။ လမ်းမှာ ကိုဖေငယ်က ခင်ဗျား ခေါ်လို့ လိုက်လာတာနော်လို့ ဆိုသည်။ ဤကားမောင်ဖေငယ်တည်း။
၂၀.၆.၂၀၀၅ (တနင်္ဂနွေနေ့)
ကျွန်တော် မောင်ဖေငယ်၊ မိချမ်းဝေတို့ ဘဘဦးသုခအိမ် ရောက်ခဲ့ရပြန်သည်။ ကတ်ကြေးကိုက်ကြော်ချိုင့် ကြီးဆွဲလို့ ဘဘနှင့်ဒေါ်ဒေါ်ကြင်တို့ စားကြသည်။ အားရသည်။ ၀မ်းသာသည်။ ဘဘမှာ မုန့်ဖတ် မာနေလျှင် မစားနိုင်တော့။ ရေနှင့်မုန်ဖတ်တွေကို နူးပေးရသည်။ အသက်က (၉၅)နှစ် ရှိပြီ။ ဘဘက စားလို့ကောင်း သည် ဘယ်က၀ယ်လာတာလဲဟု မေးသည်။ မိချမ်းဝေက ၀ယ်လာတာ မဟုတ်။ သူကိုယ်တိုင် ကြော်လာ တာဟု ပြောပြသည်။ ဘဘ က မိချမ်းဝေလက်ကလေးကို ဆုပ်ထားပြီး ဆုတွေ အများကြီးပေးသည်။ ကျွန်တော်တို့ကို ဘဘက သူ့အိမ်မှာပဲ ထမင်းစားကြစေသည်။
ပြီးတော့ စကားတွေ ပြောကြပြန်သည်။
ဘဘ က သူ့တစ်သက်မှာ ရုပ်ရှင် ဇာတ်ကားပေါင်း (၃၃)ကား သာ ရိုက်ခဲ့နိုင်သည်။ ယခုခေတ် ဒါရိုက်တာ လေးတွေမှာ ရုပ်ရှင်ဇာတ်ကားပေါ င်း (၁၀၀)ကျော် ရိုက်ကြပြီးပြီဟု သူသိရသည်။ မှန်လားဟု မေးသည်။ ဗီဒီယို တွေပါ ထည့်ပြောပုံရသည်။ ကျွန်တော်ကလည်း ရုပ်ရှင်ကို ၀ါသနာမပါ၍ မသိပါဟု ဆိုရသည်။ တစ်ခါ ဒေါ်ဒေါ်မာတို့အကြောင်း ရောက်သွားပြန်သည်။ ခင်ဗျား ကျုပ်ဆီမလာပေမယ့် ခင်ဗျားတို့ကို ရဟန်းခံပေးတာ ခင်ဗျား ပြင်ဦးလွင်မှာ သွားနေတယ်လို့ ကြားပါတယ် ဟု ဆိုသည်။
အမှန် မအမာက အလွန်စိတ်ကောင်းတယ်ဗျ ကိုလှဧည့်သည် ဆိုရင် မအမာ ဧည့်ဝတ်ကျေလို့ ကျေနပ် ၀မ်းသာကြတာချည်းပဲဗျ။ မအမာပိုံကု ကိုဟန်တင်က ပန်းပုထုသေးတယ် မဟုတ်လား မအမာအကြောင်း ပြောရမယ်ဆိုရင် အများကြီးပါ ။ ကျုပ်တို့၊ ကိုသိန်း(ဇ၀န)တို့အပေါ်လည်း သိပ်ကောင်းတယ် ကျုပ်လည်း တလောက သူ့အတွက် ကဗျာ(၂)ပုဒ် စိတ်နဲ့စီ စိတ်ဲ့ရေးထားမိသေးတယ်။ ဘဘက ဖြည်းဖြည်းနှင့်များများ စကားတွေ ပြောသည်။ ကျွန်တော်တို့က ဘဘရေးထားတဲ့ကဗျာ သတိရသေးရင် ပြောပြဖို့ တောင်းဆိုကြ သည်။
ဘဘက ငေးငေးတွေးတွေးလေး ရှိနေသည်။ ဦးလေးလှ ဒေါ်ဒေါ်မာတို့အကြောင်း တွေးနေပုံရသည်။ ပြီးတော့ "မအမာ နေကောင်းလား"တဲ့။ ဘဘ ဘာကိုတွေး၍ ဘာလို့မေးသည်မသိ။ ကျွန်တော်က နေကောင်းပါတယ်။ ကျွန်တော်တောင် ဒီနှစ်ပြင်ဦးလွင်မှာ အဘွားမာနဲ့ သွားနေမလို့ ဘဘလိုက်ခဲ့ပါလားဟု ပြောမိသည်။ ဘဘက ပြန်မပြောပါ။ ကျွန်တော်က ကဗျာရွတ်ပြပါလားဟု ထပ်ပြောရာ ဘဘက ဘာမှပြန် မပြော၊ ကျွန်တော်နှင့် မောင်ဖေငယ်က သိချင်ဇော နှင့် အထပ်ထပ်အခါခါ ပြောမှ ဘဘက ခင်ဗျားတို့မို့ လို့ ကျုပ်က ပြောပြ ရမှာ တခြားဘယ်သူ့ကိုမှ မပြောဘူး၊ ပြီးတော့ ကျုပ်အသက်ရှင် သမျှ ဒီကဗျာ အကြောင်း မရေးပါနှင့် ကာလတစ်ခုထိပေါ့ဗျာ-
ကျွန်တော်တို့က ကတိပေးသည်။ ရေးဦးမှာလည်း မဟုတ်သလို ဘယ်သူ့ကိုမှလည်း ပြောပြမှာ မဟုတ်၊ တစ်ချိန်ကျမှ အခါအခွင့်သင့်ရင် မှတ်မှတ်ရရ ဖြစ်အောင် ရေးပါမည်ဟု ကတိပေးကြသည်။
ဘဘ က တွေးရင်း ပြောပြပါသည်။
(၁)
လောကတဲ့သုံးရွာ
စိုးမရပါ။
ထိုအထဲဝင်ပါ
မအမာလည်းထိုအတိုင်း
သူလည်းလေ ဇာတိရသူမို့
ဗျာဓိဆိုမဏကို
တို့ရှေ့ကစိုင်း။
(၂)
စာဖြင့် စကားတွေ
အများကြီးပြောနေခဲ့တဲ့
လူထုဒေါ်အမာ
အခုအခါ
နှုတ်ပိတ်သွားရှာပြီတဲ့လားကွယ်။
သုခ ၂၀.၆.၂၀၀၅
မှတ်စုစာအုပ်လေးထဲတွင် ကဗျာကို ရေးမှတ်လိုက်သည်။ ပြန်ဖတ်ကြည့်သည်။ စိတ်မကောင်းပါ။ အတိတ် နမိတ် ကို မယုံပေမယ့် ကဗျာလေးကို ၀မ်းနည်းစွာ မှတ်လိုက်ရသည်။ ကျွန်တော်တို့ စကားမပြောနိုင်ကြ၊ ငေးနေမိသည်။ ဘဘအောက်ခြေမှာ ကလောင်အမည် "သုခ" တစ်ခုတည်းလား။ "သုခိအတ္တာနံ ပရိဟရန္တု" ထည့်လိုက်မယ် ဆိုတော့ ဘဘက မထည့်ပါနှင့် သုခ လို့ပဲ ရေးပါ။ သေသူကို ရည်ရွယ်ပြီး ရေးတဲ့စာတွေမှာ "သုခိအတ္တာနံ ပရိဟန္တု" မထည့်ရဘူး။ သူက ရှင်နေသူအတွက်ပဲ မှန်တာတဲ့။
ကျွန်တော်တို့ ၀မ်းနည်းကြသည်။ အဘွားမာ ဘာလို့သေရဦးမှာလဲ နေရဦးမှာပါ။ နေတာမှ အသက် ၁၂၀ အထိ ဇာတာထဲကအတိုင်း နေရဦးမှာပါ။ ဘဘက အေးလေ ကျုပ်တို့ကလည်း အရင်သေနိုင်တာပဲ ကျုပ်က ခင်ဗျားမို့ ပေးတာ ကျုပ်အသက်တရှိ၊ မအမာ အသက်တရှိ မရေးဖို့ ကတိပေးပါဟု ထပ်ဆို၍ ကတိ ပေးပါတယ် ဘဘရယ် ဘဘလည်း ကျန်းမာအောင်နေ၊ အဘွားမာလည်း ကျန်းမာနေပါတယ်ဟု ဆိုကာ ဘဘပေး လိုက်သော သုခ၀တ္ထုတိုများ၊ စိတ်ဆိုသော စိတ်စာအုပ်များကို ယူ၍ ကျွန်တော်တို့ ပြန်လာခဲ့ကြ ပါသည်။
(၇.၄.၂၀၀၈)
(ကြာသပတေးနေ့)
ခုတော့ ဘဘရယ် အဘွားမာရယ် ဆုံးရှာကြလေပြီ။ ဘဘက အရင်ဆုံးသည်။ ဘဘဆုံးတော့ အဘွားမာက လူထုဦးလှ၊ လူထုဒေါ်အမာ ရဲ့ လွမ်းသူ့ပန်းခြင်း ပန်းအဖြူလေးတွေနှင့် ပို့ပေးဖြစ်သည်။ သင်္ကန်းတစ်စုံ ပါသည်။ ကျွန်တော်ကိုယ်တိုင် မနက်စောစော သွားပို့ ဖြစ်သည်။
အဘွားမာ ၇ ဧပြီ ၂၀၀၈ မနက် ၈း၃၇ နာရီမှာ ဆုံးသည်။ ဘဘက အဘွားမာအတွက်ဆိုတဲ့ ကဗျာ(၂)ပုဒ် ကို ဖော်ပြအပ်ပါသည်။ လူကြီးတွေရဲ့ ချစ်ခင်မှုကို ရည်ညွှန်းလို၍ ဖော်ပြခြင်း ဖြစ်ပါသည်။ တခြား ဘာရည်ရွယ်ချက် မှ မရှိပါ။ ကဗျာ(၂)ပုဒ်ကို ပြင်ဦးလွင်တွင် အဘွားမာနှင့်တူနေသော ကျွန်တော့်ညီပမာ ချစ်သော ကိုကျော်ဦး (စာရေးဆရာကိုမင်းရာ)ကိုသာ တစ်ကြိမ်ပြဖူးပါသည်။ တခြားမည်သူ့ကိုမှ မပြဖူးပါ။ ဘဘကလည်း အဘွားမာအတွက် သံယောဇဉ်ကြီးမားရသော သူ့ငယ်ပေါင်း ဦးလေးလှဇနီးအတွက် စိတ်ပူပန်စွာ ကဗျာကို ကြိုရေးမိသွားပုံရသည်။ ကဗျာကို ပထမဦးဆုံး တင်ပြခြင်း ဖြစ်သည်။
အဘွားမာ သည် ဘဘ၏ ကဗျာ အကြောင်း သိမသွားပါ။
ဝမ်းနည်းကြေကွစွာ ခံစားရပါသည်။ လူထုမိသားစု နှင့် ဖုန်းအဆက်အသွယ် အမြဲရပါသည်။ မထင်မှတ်ပါ။ ယခုနှစ်တွေကလို ဆေးရုံကဆင်းပြီး ပြင်ဦးလွင်သို့ သွားနိုင်လိမ့်မည်ဟု မျှော်လင့်နေပါသည်။ အဘွားမာ ဈာပန ကို နောက်ဆုံး သွားကန်တော့ ဖြစ်ပါသည်။
အောင်မှူး
.
No comments:
Post a Comment