အခန်း (၁ဝ)
"ကျုပ်တို့ ကန်ထဲမှာ ပိုက်စိပ်တိုက်ပြီး စ ရှာနေပြီ ရေး၊ အသံလွင့်ဌာနတွေနဲ့ ရုပ်မြင်သံကြားဌာနတွေ ကိုလဲ သတင်း ထုတ် ပေးလိုက်ပြီ၊ သတင်းတွေ ကြေညာပြီးတာနဲ့ တစ်နယ်လုံးမှာရှိနေတဲ့ အရပ်သူ အရပ်သား တွေ ကပါ ၀ိုင်းရှာပေးကြလိမ့်မယ်၊ ဒါကြောင့် ရှာဖွေရေးအတွက် လူ အင်အားတော့ မပူနဲ့၊ သတင်း ကို ကြား တဲ့ လူတိုင်းလိုလို က တတ်နိုင်သလောက် ကူရှာပေးကြမှာပဲ"
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်က ရေးအဲလ်ဒရက်ခ်ျကို ပြောသည်။
သာမာန် ပြောရိုးပြောစဉ် လေသံမျိုးမဟုတ်ဘဲ စိတ်ထိခိုက်သည့် လေသံပါအောင် သူ ကြိုးစားဟန် ဆောင် ပြောနေခြင်း ဖြစ်ကြောင်း သိသာပါသည်။
သို့သော်လည်း ရေး၏မျက်နှာပေါ်မှ အမူအရာကို မြင်သောအခါ သူ တကယ်ပဲ စိတ်မကောင်းဖြစ် သွားမိ လေသည်။
ရေး ၏ မျက်နှာပေါ်တွင် သွေးရောင်လုံးဝမရှိတော့ဘဲ ဆွတ်ဆွတ်ဖြူနေသည်။
မျက်လုံး များလည်း အခါတိုင်းလို အရောင်တောက်ခြင်းမရှိတော့။
ရေး က သူ့ကိုလိမ်ခဲ့သည်။
သူ့မိန်းမ နန်စီအကြောင်းကို လိမ်ပြီး သူနှင့် မိတ်ဆက်ပေးခဲ့သည်။
နန်စီ သည် ဗာဂျီးနီးယားပြည်နယ်ကလာကြောင်း၊ ဒေါ်ရော်သီ နှင့် ငယ်စဉ်ကတည်းက သိခဲ့ကြောင်း များ ပြောပြ ထားခဲ့သည်။
အမှန်တရားကို လုံးဝ ပြောမပြခဲ့။
ခရိုင် ရဲအရာရှိ ကလည်း ရေး ပြောသမျှကို ယုံကြည်ခဲ့သည်။
နန်စီ ကို နည်းနည်းကလေးမှ သံသယမဖြစ်ခဲ့။
ယခုအမှုနှင့်ပတ်သက်၍ ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်၏အမြင်ကမူ ရှင်းရှင်းရိုးရိုးကလေးဖြစ်သည်။
နန်စီသည် သတင်းစာထဲမှာပါသည့် အကြောင်းဆောင်းပါးနှင့် ဓာတ်ပုံများကို မြင်ရမည်။
ငါ့အကြောင်း လူအားလုံးသိသွားပြီဆိုပြီး စိတ်ဖောက်ပြန်သွားရမည်။
ထို့ကြောင့် သနားစရာကောင်းသည့် ရင်သွေးငယ်နှစ်ယောက်ကို ယခင် ရင်သွေးငယ်နှစ်ယောက် အား သတ်ပစ်လိုက် သကဲ့သို့ လက်စဖျောက်လိုက်ခြင်းဖြစ်သည်။
ငြိမ်ကုပ် နေသော ရေးကို သူ အကဲခတ်ကြည့်သည်။
ရေး လည်း သူလိုပင် တွေးနေကြောင်း သိသာပါသည်။
တွန့်လိပ် နေသည့် သတင်းစာပြာ များသည် မီးလင်းဖိုထဲမှာ ရှိနေသေးသည်။
ထိုပြာပုံ ကို ရေး ကြည့်နေကြောင်း ဂျက်ကော်ဖင် သတိထားမိသည်။
မီးလောင်သော စာရွက်များကို အစိတ်စိတ် အမြွာမြွာ ဖြစ်အောင် ဆွဲဆုတ်ထားသည်။
တစ်စုံတစ်ယောက် သည် ကမူးကရှူးထိုး လုပ်နေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
"အပေါ်ထပ်မှာ မစ္စက်အဲလ်ဒရက်ခ်ျနဲ့ အတူတူ ဒေါက်တာစမာသာ ရှိနေတုန်းလား"
"ရှိတယ်၊ သူ့ကို စိတ်ငြိမ်ဆေး ထိုးပေးဖို့ ရှိနေတယ်၊ သတိလစ်သွားစေမယ့် ဆေးတော့ထိုးမှာ မဟုတ်ဘူး၊ အိပ်ဆေး လဲ မထိုးဘူး၊ ဘာကြောင့်လဲဆိုတော့ မစ္စက်အဲလ်ဒရက်ခ်ျကို ကျုပ်တို့ စစ်ဆေး စရာတွေ ရှိနေ သေးတယ်လေ"
ခရိုင်ရဲအရာရှိ ဂျက်သည် နန်စီကို ယခုအချိန်တိုင်အောင် "မစ္စက်အဲလ်ဒရက်ခ်ျ"ဟု ခေါ်နေတုန်းဖြစ် သည်။
ရေး သည် ထမင်းစား စားပွဲပေါ်ရှိ ကုလားထိုင် တစ်လုံးတွင် ထိုင်နေသည်။
သူ့ မျက်နှာ ကို သူ့လက်ဝါးနှစ်ဘက်ထဲမှာ ထည့်ထားသည်။
လွန်ခဲ့သည့် နာရီအနည်းငယ်တုန်းက သည်စားပွဲမှာ နန်စီ ထိုင်သွားခဲ့သည်ကို အမှတ်ရနေဆဲ ဖြစ်သည်။
နန်စီ သည် သမီးငယ် မစ်စီကို ပေါင်ပေါ်တင်ပြီး သားကြီး မိုက်ကယ်နှင့်အတူ သည်စားပွဲမှာ ထိုင်နေ ခဲ့သည်။
မိုက်ကယ်က-
"ဒီနေ့ဟာ တကယ်ပဲ မာမီ့မွေးနေ့လားဟင်"ဟု နန်စီကို မော်ကြည့်ပြီး မေးခဲ့သည်။
မွေးနေ့ပွဲ လုပ်ဖြစ်အောင် နန်စီကို မိမိအကျပ်ကိုင်ခဲ့မိလေပြီလားဟု ရေး တွေးကြည့်နေသည်။
ပြီးတော့ သတင်းစာထဲမှာ ပါလာသည့်ဆောင်းပါး-
နန်စီဟာ ကလေးနှစ်ယောက်ကို တကယ်ပဲ…
"မဖြစ်နိုင်ဘူး"
ရေးက ကြောက်အားလန့်အား ထအော်သည်။ ထိုသို့ အော်လိုက်မိကြောင်း အော်ပြီးတော့မှ သူ သိသည်။
မျက်တောင် များကို ကမန်းကတန်း ခတ်သည်။
အပေါက်ဝမှာ ရပ်နေသည့် ရဲအရာရှိ ဂျက်နှင့် မျက်လုံးချင်းမဆိုင်မိအောင် မျက်နှာလွှဲလိုက်သည်။
"ဘာမဖြစ်နိုင်တာလဲ ရေး"
ဂျက်ကော်ဖင်က မေးဖြစ်အောင် လှမ်းမေးသည်။
"ကလေးတွေ နာကျင်အောင် နန်စီ ဘယ်လိုနည်းနဲ့မှ လုပ်မှာမဟုတ်ဘူး၊ ဘယ်လိုအကြောင်းနဲ့မှ ကလေး တွေ ကို သူ ဒုက္ခပေးမှာ မဟုတ်ဘူး"
"မင်းမိန်းမရဲ့စိတ်ဓာတ်ဟာ သာမာန်အတိုင်းရှိနေမယ်ဆိုရင် ကလေးတွေ နာကျင်အောင် မလုပ်ဘူး ဆိုတာ ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်ဟာ စိတ်အထိခိုက်ဆုံးဖြစ်သွားပြီဆိုရင်၊ နောက်ပြီးတော့ မင်းမိန်းမ လို နောက်ကြောင်းရာဇ၀င်ကလဲ ရှိထားခဲ့မယ်ဆိုရင်…"
ရေး က ထိုင်ရာမှထသည်။
စားပွဲစွန်း ကို လက်နှစ်ဘက်နှင့် တင်းတင်းကိုင်ပြီး သူ့ကိုယ်ကို ထိန်းထားရသည်။
ဂျက်ကော်ဖင် ကို လှမ်းကြည့်သည်။
ချက်ချင်း မျက်နှာပြန်လွှဲပစ်လိုက်ပြန်သည်။
"ကျွန်တော် အကူအညီလိုပြီ၊ စစ်မှန်တဲ့ အကူအညီရဖို့ လိုနေပြီဗျာ"
ရေးက ပြောသည်။
အခန်းထဲ မှာ ဖရိုဖရဲ ဖြစ်ချင်တိုင်း ဖြစ်နေသည်။
ရဲတပ်ဖွဲ့ဝင် များက အိမ်အပြင်မှာမရှာခင် အိမ်ထဲမှာ အသေးစိတ်ရှာဖွေ လေ့လာကြည့်ခဲ့ကြသည်။
ရဲဓာတ်ပုံဆရာသည် အခုအချိန်အထိ မီးဖိုချောင်ထဲမှာ ဓာတ်ပုံရိုက်ယူနေတုန်းဖြစ်သည်။
မီးဖိုပေါ်မှ ကော်ဖီအိုးလွင့်ကျပြီး ကြမ်းပြင်တွင် ကော်ဖီများ စွန်းထင်းကုန်သည်ကို အသေးစိတ် ဓာတ်ပုံရိုက် ယူနေသည်။
တယ်လီဖုန်း ခေါင်းလောင်းကလည်း အဆက်မပြတ် မြည်နေသည်။
လာသည့် တယ်လီဖုန်းတိုင်းကို ရဲသားတစ်ယောက်က နားထောင်ပြီး…
"ခရိုင်ရဲအရာရှိက ကြေညာချက်တစ်စောင် ထုတ်ပြန်ပေးပါလိမ့်မယ် ခင်ဗျာ" ဟူသော အဖြေကိုသာ ဒိုင်ခံ ဖြေ နေသည်။
သည်တစ်ခါတော့ ရဲသားက ဖုန်းနားထောင်ပြီး ဂျက်ကော်ဖင်ဆီသို့ လျှောက်လာသည်။
"အေ၀ီသတင်းဌာနက ဆက်တာပါ ခင်ဗျာ၊ သတင်းဌာနအားလုံးသိကုန်ပြီတဲ့၊ မကြာခင် ဒီနေရာကို သတင်းထောက် တွေ အများကြီးရောက်လာကြတော့မယ်တဲ့၊ တစ်နာရီအတွင်း ကျွန်တော်တို့ထွက် ပေါက် မရှိလောက်အောင် ဖြစ်သွားတော့မယ်"
သတင်းဌာနတွေ…
သတင်းစာထဲက ဓာတ်ပုံမှာပါသည့် နန်စီ၏မျက်နှာကလေးကို ရေး ပြန်လည်မြင်ယောင်လာသည်။
တစ်ယောက်ယောက် က ထိုးကြိတ်လိုက်သည်ကို လက်နှစ်ဘက်ဖြင့် ကြောက်အားလန့်အား ကာကွယ် နေသည့် သဘောမျိုးဖြစ်နေသည်။
သနားစရာ ကောင်းသည့်မျက်နှာကလေးဖြစ်သည်။
ရေး သည် ဂျက်ကော်ဖင်ကို တွန်းဖယ်ပြီး အိမ်ပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်သွားသည်။
အပေါ်ထပ် ရောက်တော့ သူတို့နှစ်ယောက်၏အိပ်ခန်းကြီးထဲသို့ တန်းဝင်သွားသည်။
နန်စီ ၏ ဘေးမှာ ဆရာဝန် ထိုင်နေသည်။
နန်စီ ၏ လက်ကို ဆုပ်ကိုင်ပေးထားသည်။
"နန်စီ ဆရာ့အသံကို ကြားတယ်မဟုတ်လား၊ ဆရာ ခေါ်နေတယ်လေ၊ ဆရာ့အသံကို မင်း ကြားပါ တယ်၊ ဟောဒီမှာ ရေး ရောက်လာပြီလေ၊ မင်းအတွက် သူ အရမ်းစိတ်ပူနေတယ်၊ သူနဲ့ စကားပြော လိုက်ပါဦး နန်စီ"
ရေး ကို မြင်တော့ ဆရာဝန်က နန်စီကို ပြောပြနေသည်။
နန်စီ ၏ မျက်လုံးများ မှိတ်နေသည်။
အိမ်ပြန်ယူလာပြီးစက သူ့ကိုယ်ပေါ်မှ ရေစိုနေသော အ၀တ်များကို ဒေါ်ရော်သီနှင့် ရေးတို့နှစ် ယောက်က အခြောက် များဖြင့် လဲပေးထားပြီးဖြစ်သည်။
နန်စီ သည် ထိုအ၀တ်အစား ပွပွကြီးထဲမှာ သေးသေးကွေးကွေးလေး ဖြစ်နေသည်။
ကလေးလေး တစ်ယောက်နှင့်တော့ မတူပါ။
ရေး က သူ့ကိုယ်ပေါ်သို့ ကိုင်းလိုက်သည်။
"အချစ်ရေ ကလေးတွေကို မင်းကယ်မှဖြစ်တော့မယ်ကွယ်၊ သူတို့ကိုပြန်တွေ့အောင် မင်း ကူညီမှ ဖြစ် တော့မယ်၊ ကလေးတွေကို မတွေ့တွေ့အောင် ရှာကြရတော့မယ်၊ မောင်တို့ကို ကူညီပါ အချစ် ရယ်၊ သူတို့ မှာလဲ အမေ ရှိမှဖြစ်မယ်၊ မင်းရှိနေမှ ဖြစ်မယ်၊ ကြိုးစားပြီး ဖြေစမ်း နန်စီ၊ ကြိုးစားပြီး ဖြေ လိုက်စမ်း"
"ရေး ခဏနေဦး"
ဒေါက်တာ စမာသာ က သတိပေးသည်။
ရေးက ဆရာဝန်ကို မော့်ကြည့်သည်။
"သူဟာ အရမ်းချောက်ချားနေတယ်၊ စိတ်လဲ အရမ်းလှုပ်ရှားနေတယ်၊ ဒီနေ့သတင်းစာကို ဖတ် သည်ဖြစ်စေ မဖတ်သည် ဖြစ်စေ စိတ်ချောက်ချားမှုကို သူ အကြီးအကျယ် ခံစားနေရတယ်"
"ဒါပေမယ့် အဲဒီလို ခံစားနေရတာဟာ ဘာကြောင့် ခံစားနေရတယ် ဆိုတာ ကျွန်တော်တို့သိဖို့လို တယ် မဟုတ်လား ဒေါက်တာ၊ တစ်ယောက်ယောက်က ကလေးတွေကို ခေါ်သွားတာ သူ မြင် ကောင်းမြင် လိုက် လိမ့်မယ်"
ရေးက ခေါင်းမာမာဖြင့် ပြန်ပြောသည်။
ပြီး တော့ နန်စီဘက်သို့ လှည့်သွားသည်။
"နန်စီ ကိုယ်သိတယ်၊ ကိုယ် နားလည်တယ်၊ သတင်းစာထဲမှပါတဲ့ ဆောင်းပါးအကြောင်း မစဉ်းစားနဲ့ ဒီဆောင်းပါး ကြောင့် ဘာမှမဖြစ်နိုင်ဘူး၊ မောင်တို့နှစ်ယောက်လက်တွဲပြီး ဘာကိုမဆို ရင်ဆိုင်မယ်၊ ဒါပေမယ့် အချစ်ရယ်- ကလေးတွေ ဘယ်မှာလဲကွယ်၊ ကလေးတွေကို ပြန်တွေ့အောင် မောင်တို့ ကြိုးစား နေတာ ကို မင်း ကူညီပါ၊ ရေကန်ကြီးနားကို သူတို့သွားတယ်လို့ မင်း ထင်သလား"
နန်စီ၏ ကိုယ်လုံးကလေး တွန့်သွားသည်။
ကြိုးစား ညှစ်ထုတ်လိုက်ရသည့်အသံမျိုး တစ်ခုပေါ်ထွက်လာသည်။
လည်ချောင်း ထဲ မှ ပေါ်ထွက်လာသောအသံဖြစ်လေသည်။
နှုတ်ခမ်း များ က စကားပြောဖို့ အားယူနေသည်။
တဆတ်ဆတ်တုန်နေသည်။
ခဏနေတော့-
"တွေ့အောင်ရှာပါ၊ တွေ့အောင်ရှာပါ"ဟူသော အသံကလေးကို ကြားကြရသည်။
"မောင် တို့ ရှာမှာပါကွယ်၊ ဒါပေမယ့် မောင်တို့ ရှာလို့လွယ်အောင် မင်းကူညီမှ ဖြစ်မယ် နန်စီ၊ မောင်တို့ကို ကူညီပါ အချစ်ရယ်၊ မင်းကို ထူပေးမယ်နော်၊ ထိုင်နေလိုက်၊ ထိုင်နိုင်ပါတယ်၊ ကဲ- ပြော စမ်းပါဦး"
ရေးက နန်စီ၏ ကိုယ်လုံးကလေးကို ထိန်းမတ်ပေးထားသည်။
သဲ နှင့် ပွတ်တိုက်မိသောကြောင့် ပွန်းနေသည့် အစင်းကြောင်းများကို နန်စီ ၏ မျက်နှာပေါ်တွင် မြင်တွေ့ ရလေသည်။
ဆံပင်ထဲမှာလည်း သဲများ ကပ်နေသေးသည်။
ဆံပင် မှာ ကောင်းကောင်း မခြောက်သေး။
ဘာကြောင့် ရေကန် ဆီ သို့ နန်စီ သွားသလဲ။
ဘာကြောင့် သူ့တစ်ကိုယ်လုံး ရေတွေ စိုရွဲနေရသလဲ၊
အကြောင်း မရှိဘဲနဲ့တော့....
"သူ့ကို ကျွန်တော် စိတ်ငြိမ်းဆေး တစ်လုံးထိုးပေးထားတယ်၊ ပူပန်မှုတွေတော့ အထိုက်အလျောက် သက်သာ သွား မှာပါ၊ ဒါပေမယ့် သတိလစ်သွားလောက်အောင် အိပ်ပျော်သွားလောက်အောင် တော့ မဖြစ်ပါဘူး"
ဆရာဝန် က လှမ်းပြောသောကြောင့် ရေး၏ အတွေးမှာ တစ်ဝက်နှင့် ပြတ်သွားသည်။
နန်စီသည် စိတ်တွေ အရမ်း ထုံထိုင်းနေသည်။
သာကို မှ ရှင်းရှင်းလင်းလင်း စဉ်းစား၍ မရ။
အားလုံး ဝေေ၀၀ါးဝါး ဖြစ်နေသည်။
ထိုသို့ ခံစားခဲ့ရသည်မှာ ကြာပြီ။
မေမေ ကွယ်လွန်သွားသည့် ညက ဖြစ်နိုင်သည်။
သို့တည်းမဟုတ် ထိုထက် စောသော တစ်ချိန်ချိန် ကတည်းကလည်း ဖြစ်နိုင်သည်။
အကာအကွယ် ကင်းမဲ့သွားသည်ဟု ထင်မှတ်သောစိတ်-
အားကိုးရာ မဲ့ သွားသည်ဟု ခံစားရသောစိတ်-
ပျော့ညံ့ သွားသည်ဟု ထင်မှတ်ရသောစိတ်-
သူ့ကိုယ်ခန္ဓာထဲမှာ ဘာခွန်အားမှ မရှိတော့။
လှုပ်လို့လည်း မရတော့။
ရှင်းရှင်း လင်းလင်း စဉ်းစားလို့လည်း မရတော့။
သူ၏ မျက်လုံးများဖွင့်မရသည့် ဝေဒနာ တစ်မျိုးကို ညပေါင်းများစွာ သူခံစားခဲ့ရဖူးသည်။
မျက်ခွံများက အလိုလိုလေးကျလာသည်။
ကြိုးစားပြီး ဘယ်လိုဖွင့်ဖွင့် မပွင့်။
နောက်ပြီး လူကလည်း အရမ်းပင်ပန်းနေသည်။
ကားလ် သည် သူ့အပေါ်တွင် အလွန်သည်းညည်းခံခဲ့သည်။
နန်စီ လိုအပ်သည်များကို အလစ်အဟာမရှိအောင် ဆောင်ရွက်ပေးခဲ့သည်။
ခွန်အား ရှိလာဖို့၊ တွေဝေမှုများ ပပျောက်သွားဖို့ နန်စီက သူ့ကိုယ်သူ အမြဲအားပေးသည်။
အမြဲအားတင်းသည်။
သို့သော်လည်း အကြောင်းထူးမလာပါ။
ဘယ်လိုပဲ အားတင်းတင်း တွေဝေထိုင်းမှိုင်းမှုများသည် ပျောက်ကွယ်မသွား။
ထိုသို့ဖြစ်ခဲ့သည်မှာ တကယ်တော့လည်း ကြာမြင့်ခဲပါပြီ။
ထိုအကြောင်းများ ကို သူမစဉ်းစားတော့ပါ။
ယုတ်စွ အဆုံး ကားလ်အကြောင်းကိုလည်း သူမစဉ်းစားတော့ပါ။
အားလုံးကို မေ့ပျောက်ပစ်ခဲ့ပါပြီ။
ကလေးများအကြောင်းကို မစဉ်းစား။
ရော့လဂ္ဂလာအကြောင်းကို မစဉ်းစာ။
ရော့လဂ္ဂလာဆိုသူမှာ တက္ကသိုလ် ကျောင်းသားဖြစ်သည်။ ရုပ်ချောသည်။ နန်စီ ရယ်မောအောင် ဖန်တီး ပေး နိုင်ခဲ့သူ ဖြစ်သည်။
ရော့လဂ္ဂလာ ရှိနေသည်ဆိုလျှင် ကလေးများလည်းအရမ်းပျော်ကြသည်။ ပြုံးပြုံးရယ်ရယ် မောမော ရှိကြ သည်။ သူ မှ တကယ့်မိတ်ဆွေစစ်ဟု နန်စီ ထင်ခဲ့သည်။
သို့သော်လည်း နောက်ဆုံးတော့ ရော့လဂ္ဂလာသည်တရားလိုပြသက်သေ ကုလားထိုင်မှာ ၀င်ထိုင် ခဲ့သည်။
ပြီးတော့ ရုံးတော်သို့ အစစ်ခံသည်။
သူ့သားသမီးတွေကို နှာခေါင်းပိတ် သတ်ပစ်မယ်လို့ နန်စီက ကျွန်တော့ကိုပြောပါတယ်၊ ကလေး တွေ ပျောက် မသွားခင်လေးရက်လောက် အလိုမှာ အဲဒီစကားလုံးအတိုင်း ကျွန်တော်ကို သူပြောခဲ့ပါ တယ်။
"နန်စီ၊ ပြောစမ်းပါ နန်စီ၊ ရေကန်ဆီကို မင်းဘာဖြစ်လို့ သွားတာလဲဟင်"
နန်စီ၏ နားထဲမှာ အသံတွေကြားနေရသည်။ တောင့်တောင့် အသံများကို ကြားနေရသည်။
ရေကန်.............
အဲဒီနေရာကို ကလေးတွေသွားသလား။
ကလေးမျာကို မတွေ့တွေ့အောင် သူရှာရတော့မည်။
ရေး ၏ ကိုယ်လုံးကို သူမှီထားနေမိကြေင်း သတိပြုမိသည်။
သူ့ဘာသာသူ ထိုင်နိုင်အောင်ကြိုးစားသည်။
အချိန်မရွေး သူအိပ်ပျော်သွားနိုင်သည်။
အိပ်ပျော်ဖို့ လွယ်လွယ် ကလေးဖြစ်နေသည်။
အခါတိုင်း ဖြစ်နေကျ အတိုင်းအလွယ်ကလေးနှင့် အိပ်ပျော်သွားနိုင်သည်။
ကိုယ်ကိုကြိုးစားပြီ မတ်မတ်ဖြစ်အောင် တောင့်နေလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲလိုနေလိုက်မှပေါ့"
ရေး က ပြောသည်။
ပြီးတော့ ဆရာဝန်ကို လှမ်းကြည့်သည်။
"သူ့ကိုကော်ဖီတစ်ခွက်လောက် တိုက်လိုက်ရင် ကောင်းမလား ဒေါက်တာ"
ဆရာဝန် က ခေါင်းညိတ်ပြသည်။
ဒေါ်ရော်သီ ကို ဖျော်ခိုင်းလိုက်ပါ
ကော်ဖီ..........
ထိုစကားကို ကြားတော့ သတင်းစာထဲက ဓာတ်ပုံများကို မြင်ရသည့် အချိန်တွင် သူကော်ဖီ ဖျော် နေသည့် အကြောင်းကို နန်စီ ပြန်မှတ်မိလာသည်။
နန်စီမျက်လုံးဖွင့်ကြည့်သည်။
"ရေး..........."
လေသံကလေး နှင့် သူ တိုးတိုး ခေါ်သည်။
"သူတို့ သိကုန်ကြတော့မယ်၊ လူအားလုံး သိကုန်ကြတော့မယ်၊ ဒါတွေကို မောင် ဖုံးကွယ် ထားလို့ မရ နိုင်တော့ဘူး"
သို့သော်လည်း ဒါထက်ပိုအရေးကြီးသော ရှိနေသည်ကို သူအမှတ်ရသည်။
"ရေး... ကလေးတွေ.... ကလေးတွေ"
ရေး၏လက်မောင်းကို သူ တင်းတင်းကြီး ဆုပ်ကိုင်ထားလိုက်မိသည်။
"ရေး၊ ကလေးတွေကို တွေ့အောင်ရှာပေးပါ"
စိတ်အေးအေးထား နန်စီ၊ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထား၊ အဲဒီကိစ္စပဲ မင်းဆီကကိုယ်တို့ အကူအညီ လိုနေတာပါ၊ မင်းသိထားတာတွေ ကိုယ်တို့ကို ပြောပြရမယ်၊ တစ်ခုမှမချန်ဘဲ မင်းပြောပြမှ ကလေးတွေကို ပြန် တွေ့အောင် ကိုယ်တို့ရှာနိုင်ကြမယ်၊ မင်းမှတ်မိသလောက် ပြန်စဉ်းစားစမ်း
ထိုအခိုက်ကော်ဖီပန်းကန်ယူပြီး ဒေါ်ရောဘီဝင်လာသည်။
"ဘယ်လိုနေသေးလဲ"
ဒေါ်ရော်ဘီက နန်စီကို လှမ်းကြည့်ပြီး မေးသည်။
"သတိတော့ ပြန်ရလာပြီ"
"ခရိုင် ရဲအရာရှိ ဂျက်ကော်ဖင်ကလဲ သူ့ကို အရေးကြီးတာတွေ စစ်ချင်လှပြီတဲ့"
"ရေး"
နန်စီ ကြောက်သွားပုံပေါ်သည်။
ရေးကို ရုတ်တရက်ခေါ်ရင်း ရေး ၏လက်မောင်းကိုလည်း ပို၍တင်းအောင် ဆုပ်ထားလိုက်လေသည်။
"မစိုးရိမ်ပါနဲ့နန်စီ၊ ကလေးတွေကို ပြန်တွေ့ဖို့ ရနိုင်သမျှ အကူအညီအားလုံး ကိုယ်တို့ ယူနေကြရတယ်၊ လူတိုင်း ဆီမှာ အကူအညီတောင်းနေကြရတယ်၊ စိတ်အေးအေးထားပါ"
ကော်ဖီကို သူသောက်သည်။
အပူဓာတ် က ရင်ထဲသို့ဆင်းသွားသည်။
ကော်ဖီအရသာကို သူမသိ။
ပူသောအရာသာကိုသာ သူသိသည်။
သူစဉ်းစားနိုင်မည်ဆိုလျှင်...
နိုးစမ်း.........
တွေဝေထုံထိုင်နေတာတွေ ပျောက်သွားစမ်း
အိပ်ချင်စိတ် တွေ ပျောက်သွားစမ်း...
ပျောက်နေ တဲ့ အသံတွေပြန်လာစမ်း။
ဟုတ်ပြီ၊ သူစကားပြောနိုင်ပြီ၊ အခုစကားပြောနိုင်ပြီ။
သို့သော်လည်း လျှာလိပ်နေသည်။ နှုတ်ခမ်းများက ရာဘာ လိုဖြစ်နေသည်။
ခံစားချက် ကင်း နေသည်။
သို့သော်လည်း သူစကားပြောမှဖြစ်မည်။
ကလေးများကိုပြန်တွေ့အောင် ရှာခိုင်းရမည်။
အောက်ထပ်ကို သူဆင်းသွားရမည်။
သည်အခန်းထဲမှာ ယခုလို ထိုင်နေ၍မဖြစ်။
ဟိုတစ်ခါတုန်းကလို အခန်းထဲမှာ ကျောက်ချပြီး ထိုင်နေလို့ မဖြစ်။
အောက်ထပ် ကို ဆင်းဖို့ဆိုပြန်တော့လည်း ဘာအခက်အခဲရှိနေသလဲ၊ ဘာကြောင့် မဆင်း နိုင်ရမှာလဲ၊ ဆင်း ကို ဆင်းရမည်။
အောက်ထပ်မှာ ရှိနေသူများကို တွေ့ရမည်။
ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရမည်။
တက္ကသိုလ် မှ ဆရာကတော်များကို တွေ့ရမည်။
အောက်မှ ဆွေမျိုးတွေများ ရောက်နေကြသလား။
တစ်ယောက်ယောက်ကိုများ လှမ်းခေါ်ချင်သလား။
မခေါ်ချင်ဘူး။
မခေါ်ချင်ဘူး။
ဘယ်သို့ကိုမှမခေါ်ချင်ဘူး။
ဘယ်သူမှလဲမလာကြနဲ့။
ရေး ၏ လက်မောင်းပေါ်မှ တစ်ကိုယ်လုံးမှီခိုကာ ထိုင်ရာမှ ကြိုးစားထသည်။
မတ်မတ်မရပ်နိုင်ဘဲ ယိမ်းယိုင်နေသည်။
ရေး............
သူ့လက်မောင်းကို ယခုအားထားမှီခိုနေရပေပြီ။
သူ့ကလေးတွေ။
သူ့သားသမီးလေးတွေ။
"ရေး- သူတို့နာကျင်အောင် ကျွန်မဘာမှမလုပ်ပါဘူး မောင်ရယ်"
အားမရှိစွာ သူပြောသည်။
"မဟုတ်တာဘဲ အချစ်ရယ်၊ ကလေးတွေ ထိခိုက်နစ်နာအောင် မင်း မလုပ်ဘူးဆို မောင်ယုံကြည် ပါတယ်"
သူ့ အသံ အရမ်းနူးညံ့ပျော့ပျောင်းနေသည်။
ချော့မော့သည့်လေသံ ရာခိုင်နှုန်းပြည့်ပါနေသည်။
နောက်ပြီးတော့ တုန်လှုပ်ချောက်ချားသံများလည်း ရောစွက်ပါနေပါသည်။
မှန်ပါသည်။
သူတကယ်ပဲတုန်လှုပ်ချောက်ချားနေပါသည်။
ကလေး တွေ နာကျင်အောင် သူမလုပ်သည့် အကြောင်း ဘာကြောင့် ဖွင့်ပြောနေသလဲဟု သူ တွေးကြည့် နေ မိသည်။
လောကကြီးတွေ မည်သို့သောမိခင်မျိုးကမှ ကိုယ့်သားသမီးကို နာကျင်အောင် ပြုလုပ်မည် မဟုတ်။
သည် သို့ ဆိုလျှင် ဘာကြောင့်သူကထုတ်ဖော်ငြင်းဆိုနေရသနည်း။
နန်စီ သည် ရှိသမျှ ခွန်အားများကို ညှစ်ထုတ်ယူကာ တံခါးပေါက်ဆီသို့ လျှောက်သွားသည်။
ရေး က သူ့ခါးလေးကို သိုင်းဖက်ကာ ထိန်းပေးထားသည်။
ကြမ်းပြင် နှင့်ခြေထောက် ထိနေသည်ကို နန်စီမသိ။
မခံစားရ။
ကြမ်းပြင်မရှိ။
ခြေထောက်မရှိ။
နန်စီဆိုတာလည်း မရှိ။
အိမ်မက်တစ်ခု မက်နေသလို ဖြစ်နေသည်။
ခဏနေလျှင် သူ အိပ်ရာမှ လန့်နိုးတော့မည်။
ယခင် ညပေါင်းများစွာတုန်းက ဖြစ်ခဲ့ဖူးသလိုပင် ဖြစ်ဦးတော့မည်။
အိပ်ရာက လန့်နိုးသောအခါ ခုတင်ပေါ်မှ အသံမမြည်အောင် အသာကလေးဆင်းမည်။
မိုက်ကယ် နှင့် မစ်စီတို့ အိပ်နေသည့် အခန်းထဲသို့ ခြေဖော့ပြီး လျှောက်သွားမည်။
ပြီးတော့ သူ့အိပ်ရာသို့ ပြန်လာမည်။
တိုးတိုး တိတ်တိတ် ကလေး။
ညင်ညင် သာသာ ကလေး။
ရေး အိပ်ရာမှ နိုးမသွားအောင် အတိုးတိတ်နိုင်သမျှ အတိုးတိတ်ဆုံး၊ အညင်သာနိုင်သမျှ အညင် သာနိုင်ဆုံး ပြန်လာ ခဲ့မည်။
အိပ်ရာထဲသို့ အသာကလေး ၀င်လိုက်မည်။
သို့သော်လည်း ရေးကအိပ်ပျော်နေရာမှ သူ့ကိုလှမ်းဖက်လိုက်မည်။
သူ့ကိုယ်လုံးလေးကို ရေးကရင်ခွင်ထဲသို့ ဆွဲသွင်းမည်။
နွေးထွေးသောရင်ခွင်ထဲမှာ မွှေးထုံစွာဖြင့် သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပေမည်။
တည်ငြိမ်စွာဖြင့် အိပ်ပျော်သွားပေမည်။
လှေကားအတိုင်း သူတို့နှစ်ယောက် စတင်ဆင်းသက်လာကြသည်။
ရဲကားတွေများလိုက်တာ။
လူတွေအားလုံးက သူတို့နှစ်ယောက်ကို မော်ကြည့်နေကြသည်။
သူတို့အားလုံး အရမ်းသိချင်နေကြသည်။
နန်စီကို အမျှော်ကြီး မျှော်နေကြသည်။
အစောင့်ကြီးစောင့်နေကြသည်။
ထမင်းစားခန်းထဲက ထမင်းစားစားပွဲမှာ ခရိုက်ရဲအရာရှိ ဂျက်ကော်ဖင် ရှိနေသည်။
ဂျက်က မိမိအပေါ်မှာ ရန်လိုနေကြောင်း နန်စီ အလိုလို သိရှိခံစားနေရသည်။
ဟိုတစ်ချိန်တုန်းကအတိုင်းပါပဲ။
အားလုံးအတူတူပါပဲ။
"မစ္စက်အဲလ်ဒရက်ခ်ျ၊ ဘယ်လိုနေသေးသလဲ"
ဂျက်ကလှမ်းမေးသည်။
ဝတ်ကျေတန်းကျေ မေးခြင်းဖြစ်သည်။
စေတနာမပါ။
အသံထဲမှာကို အထင်အရှားပါဝင်နေသည်။
အမှန်တော့ ထိုမေးခွန်းမျိုးကိုပင် သူမေးချင်ပုံမရပါ။ "ကျွန်မနေကောင်းပါတယ်"
နန်စီကပုံမှန်ပြန်ဖြေသည်။
သူကလည်း ဂျက်ကော်ဖင်ကို ဘယ်တုန်းကမှ ကြည့်၍မရခဲ့။ ကလေးတွေကို ကျုပ်တို့ ရှာနေကြ လေတယ်၊ အမြန်ဆုံးပြန်တွေ့လိမ့်မယ်လို့လဲ ကျုပ်ယုံကြည်နေတယ်၊ ဒါပေမယ့် ကျုပ်တို့ကို မင်းကူညီမှ ဖြစ်မယ်၊ ကလေး တွေကို ဘယ်အချိန်မှာ မင်းနောက်ဆုံး တွေ့လိုက်ရသလဲ
"ဆယ်နာရီမထိုးခင် မိနစ်အနည်းငယ်လောက်ကပါ၊ သူတို့ကို ခြံထဲမှာဆင်းပြီး ကစား ခိုင်းလိုက်ပါတယ်၊ ကျွန်မ ကတော့ အိပ်ရာပြင်ခင်းဖို့ အိမ်ပေါ်ထပ်ကို တက်သွားပါတယ်"
"အိမ်ပေါ်ထပ်မှာ မင်းဘယ်လောက်ကြာသလဲ"
"ဆယ်မိနစ်၊ ဆယ့်နားမိနစ်ထက် ပိုမကြာပါဘူး"
"အဲ့ဒီနောက် မင်းဘာလုပ်သလဲ"
"ကျွန်မအောက်ထပ် ကို ဆင်းလာပါတယ်၊ အ၀တ်လျှော် စက်ထဲမှာ အ၀တ်တွေထည့်ပြီး ခလုတ်ဖွင့်ဖို့၊ ပြီးရင် ကလေးတွေကို လှမ်းခေါ်ဖို့ ဖြစ်ပါတယ်၊ ဒါမေမယ့် အ၀တ်လျှော်စက်ခလုတ် ကိုဖွင့်ပြီးနောက် ကလေး တွေကို လှမ်းမခေါ်ဖြစ်ပါဘူး၊ ကော်ဖီနွှေးဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ အဲဒီ အချိန်မှာ သတင်းစာပို့ သမားလေး ကို ကျွန်မလှမ်းမြင်လိုက်ပါတယ်။"
"သူနဲ့မင်း စကားပြောသေးသလား"
"မပြောပါဘူး၊ သူ့ကိုမြင်လိုက်ရတယ်လို့လဲ မဆိုသာပါဘူး၊ သတင်းစာယူဖို့ ကျွန်မအိမ်ပြင်ထွက် သွား ပါတယ်၊ အဲဒီချိန်လောက်မှာ သူကတော့ လမ်းထောင့်မှာ ပျောက်သွားပါပြီ"
"ဒီလိုကိုး အဲဒီနောက် ဘာဖြစ်သလဲ"
"မီးဖိုချောင်ထဲကို ကျွန်မ ပြန်ဝင်သွားပါတယ်၊ ကော်ဖီအိုးတင်ထားတဲ့ မိးဖို ခလုတ်ကိုဖွင့်ပါတယ်၊ ကော်ဖီက ပူ နေတုန်းပါပဲ၊ ပြီးတော့ သတင်းစာ စာမျက်နှာ တွေကို လှန်လှောကြည့်ပါတယ်"
"ဒီလို လှန်လှော ကြည့်တော့ မင်းအကြောင်း ရေးထားတဲ့ဆောင်းပါးကို တွေ့ရောဆိုပါတော့"
နန်စီ က ရှေ့တည့်တည့်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
ပြီးတော့ ခေါင်းညိတ်ပြသည်။
"အဲဒီလို ဆောင်းပါးကို မြင်လိုက်ရတော့ မင်းဘယ်လိုဖြစ်သွားသလဲ"
"ကျွန်မ ထအော်လိုက်မိတယ် ထင်တယ်၊ ကျွန်မ- ကျွန်မ ဘာဖြစ်သွားမှန် မသိလိုက်ဘူး"
"ကော်ဖီအိုး က ဘာဖြစ်သွားတာလဲ"
"ကျွန်မ လက်နဲ့ တိုက်ချလိုက်မိပါတယ်၊ ကော်ဖီတွေဖိတ်ကုန်ပြီး ကြမ်းပြင်မှရွှဲသွားပါတယ်၊ ကျွန်မ လက် ကိုလဲ အပူလောင်သွားပါတယ်"
"ဘာကြောင့် မင်းအဲဒီလို လုပ်လိုက်တာလဲ"
"ကျွန်မ မသိပါဘူး၊ တမင်လုပ်တာလဲ မဟုတ်ပါဘူး၊ အလိုလို တိုက်ချလိုက်မိတာပါ၊ ကျွန်မ တအား အော်ငို မိတော့မလို ဖြစ်သွားပါတယ်၊ ဘာကြောင့်ဖြစ်သွားတယ် ဆိုတာ မသိပါဘူး၊ ဘယ်လိုဖြစ် သွားတယ်ဆိုတာ မသိပါဘူး၊ လူတိုင်း လူတိုင်းက ကျွန်မကို ပြန်ကြည့်ကြဦးတော့မယ် ဆိုတာကို ကျွန်မသိတယ်၊ ကျွန်မကို သူတို့ စိုက်ကြည့်ကြဦးမယ်၊ ပြီးတော့ သူတို့ချင်း တိုးတိုး တိုးတိုးနဲ့ ပြောကြဦးမယ်၊ ကလေးတွေကို ကျွန်မ သတ်ပစ်လိုက်တယ် လို့ သူတို့ ပြောကြဦးမယ်"
နန်စီ က အသက်ရှူဖို့ ခဏရပ်သည်။ ချက်ချင်း ဆိုသလိုပင် သူ့စကားကို ဆက်ပြန်သည်။
"ဒီသတင်းစာကို ဘယ်နည်းနဲ့မှ မိုက်ကယ် မမြင်စေရဘူး သတင်းစာကိုင်ပြီး ကျွန်မပြေးတယ်၊ သတင်းစာ ကို မီးလင်းဖိုထဲမှာ ထိုးကြိတ်ထည့်လိုက်တယ်၊ မီးခြစ်ခြစ်ပြီး သတင်းစာကို ကျွန်မ မီးရှို့တယ်၊ သတင်းစာကို မီးစလောင်တယ်၊ နောက်ပြီးတော့ မိုက်ကယ်နဲ့ မစ်စီကို ကျွန်မ ပြန်ခေါ် မှဖြစ်တော့မယ်ဆိုတာကို သိတယ်၊ သူတို့နှစ်ယောက် ကို ကျွန်မ၀ှက်ထားမှ ဖြစ်တော့မယ်၊ ဒါပေ မယ့် ဟိုတစ်ခါတုန်းကလိုပဲ ဖြစ်တာပါပဲရှင်၊ ဟို တစ်ခါတုန်းကလဲ ကလေးတွေ အားလုံး ပျောက် သွားခဲ့ပါတယ်၊ မိုက်ကယ် နဲ့မစ်စီ ကို ခေါ်ဖို့ အိမ်ပြင် ကို ကျွန်မပြေးထွက်ခဲ့ပါတယ်၊ ကျွန်မ ကြောက် နေတယ်"
"အင်း အရေးကြီးလာပြီ၊ အဲဒီလို ပြေးထွက်သွားတဲ့အခါမှာ ကလေးတွေကို မင်းတွေ့သလား"
"မတွေ့ပါဘူး၊ သူတို့ပျောက်သွားပါပြီ၊ ကျွန်မ အော်ဟစ်ခေါ်တယ်၊ ရေကန်ဆီ ကို တအားပြေး တယ်"
ဂျက်ကော်ဖင် က ရှေ့တိုးပြီးမေးသည်။
"မစ္စက်အဲလ်ဒရက်ခ်ျ ဒီကိစ္စဟာ သိပ်အရေးကြီးတယ်၊ ရေကန်ဆီကို မင်းဘာဖြစ်လို့ သွားသလဲ၊ ကလေး တွေကို ရေကန်နား မသွားရဘူးလို့ ပြောထားကြောင်းနဲ့ ကလေးတွေဟာပြောစကားကို တစ်သဝေမတိမ်း နားထောင်ကြကြောင်း မင်းယောက်ျားက အစစ်ခံထားတယ်၊ ဒါကြောင့် ရေကန် ဆီကို မင်း ဘာဖြစ် လို့သွားတာလဲ၊ လမ်းမပေါ်မှာ ဘာဖြစ်လို့ မရှာတာလဲ၊ ဒါမှမဟုတ် တောထဲကို ဘာဖြစ်လို့ ၀င်မရှာတာလဲ၊ ကလေးတွေက မင်းဖို့မွေးနေ့လက်ဆောင် ၀ယ်ရအေင် ဆိုင်တစ်ဆိုင် ကို သွားနေကြတယ်လို့ မင်း မစဉ်းစား မိဘူးလား၊ အဲဒီလို မစဉ်းစားဘဲနဲ့ ရေကန်ဆီကိုမှ ဘာဖြစ် လို့ သွားရတာလဲ"
"ဘာကြောင့် လဲဆိုရင် ကျွန်မကြောက်နေလို့ပါပဲ၊ ဘာကြောင့်လဲ ဆိုရင် ပီတာ နဲ့လီဇာ ရေနစ်သေခဲ့ ကြလို့ ပါပဲ၊ ဘာကြောင့်လဲဆိုရင် မိုက်ကယ် နဲ့ မစ်စီ ကို ကျွန်မတွေ့ထားမှ ဖြစ်မှာမို့လို့ပါပဲ မစ်ရဲ့ လက်အိတ်လေး တစ်ဘက် ဒန်းမှာ ငြိပြီး ကျွတ်ကန်နေခဲ့ပါတယ်၊ သူဟာ လက်အိတ် ကို အမြဲတမ်း ပစ်စလက်ခက် လုပ်တတ်ပါတယ် ဟိုနေရာကျွန်ကျန် ဒီနေရာကျွန်ကျန် ဖြစ်တတ်ပါတယ်၊ ကျွန်မ ရေကန် ဆီ ကို ပြေးသွားပါတယ်၊ ကလေးတွေကို ကျွန်မပြန်တွေ့မှ ဖြစ်ပါမယ်။ အရင်တစ်ခါတုန်းက လိုဖြစ်တော့ မှာပါပဲ၊ သူတို့မျက်နှာတွေမှာ ရေတွေစိုနေခဲ့ပါတယ်၊ ပြီးတော့ လုံးဝတိတ်ဆိတ်နေကြ ပါတယ်၊ ကျွန်မကိုလဲ သူတို့ စကား မပြောကြတော့ပါဘူး"
ဂျက်ကော်ဖင် က ကိုယ်ကို မတ်မတ်ထောင့်လိုက်သည်။
ပြီးတော့ သူ့စကားပြောသည်။
လေသံသည် အလုပ်သဘော ဆန်လွန်းလှလေသည်။
"မစ္စက်အဲလ်ဒရက်ခ်ျ၊ မင်းကို အရေးကြီးတာတွေ ကျုပ်မေးတော့မယ်၊ အဲဒီမေးခွန်းကို မဖြေခင် ရှေ့နေနဲ့ တိုင်ပင်ခွင့်ရှိကြောင်း တာဝန်အရ မင်းကို ကျုပ်အသိပေးပါတယ်၊ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ အဖြေ တွေဟာ မင်းအဖို့ အပြစ်ပိုကြီးသွားနိုင်လို့ပါပဲ"
ဂျက် သည် နန်စီ ၏ အဖြေကို စောင့်မနေတော့ဘဲ ထိုင်ရာမှ ထသည်။
ပြီးတော့ နောက်ဘက်သို့ထွက်သည့်တံခါးပေါက်ဆီသို့ လျှောက်သွားသည်။
အိမ်နောက်ဘက်မှ ရဲကားတစ်စီးက သူ့ကို အသင့်စောင့်နေသည်။ ရဲသားတစ်ယောက်က ဒရိုင် ဘာ နေရာ မှ အသင့်နေရာယူထားသည်။
အိမ်ပြင် သို့ သူထွက်လိုက်သောအခါ မိုးသီးသေးသေးကလေးများက သူ့မျက်နှာကို ပြေး၍တိုက် ခိုက်ကြသည်။ သူ့တစ်ကိုယ်လုံးကို မိုးသီး ဖြူဖြူများ လွှမ်းခြုံကြလေသည်။
ကားထဲ သို့ သူဝင်ထိုင်သည်။
ကားတံခါး ကို လက်နှင့်ပိတ်ရန်မလို။
လေတိုက်သောကြောင့် တံခါးအလိုလိုပိတ်သွားသည်။
သူ့ခြေထောက်တစ်ဖက်ပင် ညပ်မလိုဖြစ်သွားသေးသည်။
ခြေထောက် အနည်းငယ် နာသွားသဖြင့် စိတ်တိုတိုဖြင့် အသံထွက်အောင် ညည်းလိုက်မိလေ သည်။
"ရေကန် ကိုမောင်း"
ဒရိုင်ဘာ ရဲသားကို သူအမိန့်ပေးသည်။
ရာသီဥတု ကောင်းမည်ဆိုလျှင် သူတို့၏ ရှာဖွေးရေးလုပ်ငန်းမှာ အများကြီးအခြေအနေ ကောင်းနိုင် သည်။
ယနေ့ နေ့လယ်ပိုင်းပဲရှိသေးသည်။
သို့သော်လည်း မိုးမှောင်ကြီးကျပြီး မှောင်နေသည်။ ညလားဟု ထင်ရလောက်သည်။
လမ်းမီး များ ကိုပင် ထွန်းထားရသည်။
ရေငုပ် အဖွဲ့အနေဖြင့် အတော်ကြီး ခက်ခက်ခဲခဲ အလုပ်လုပ်ရပေတော့မည်။
မောရှော့ကန် သည် ကိပ်ကော့တွင်ရှိသည့် ရေကန်များ၊ ရေအိုင်များအနက် အကြီးဆုံး၊ ရေအနက် ဆုံးနှင့် လျှို့ဝှက်မှု အများဆုံးသော ကန်ကြီးတစ်ကန် ဖြစ်လေသည်။
တစ်နှစ်တစ်နှစ် လျှင် သည်ကန်ထဲ၌ ရေနစ်သေဆုံးသူတွေများလှသည်။
နှစ်စဉ် နှစ်တိုင်း ဖြစ်သည်။
ရေထဲဆင်းသွားသောအခါ ရေက ခါးလောက်ရှိနေရာမှ ချက်ချင်း ပေလေးဆယ်နက်သည့် ချောက် ကြီးထဲ ကျချင်ကျ သွားနိုင်သည်။ ထိုမျှ ပရိယာယ်များသော ရေကန်ဖြစ်သည်။
သည်ရေကန်ထဲမှာသာ ကလေးနှစ်ယောက် ရေနစ်သေဆုံးသွားသည်ဆိုပါက သူတို့အလောင်းကို ပြန်ရဖို့ ဆောင်းရာသီ တစ်ခုလုံး စောင့်ဆိုင်ရပေတော့မည်။
ဆောင်းရာသီ လွန်မြောက်ပြီး ရေများပြန်၍ အရည်ပျော်မှ အလောင်းပေါ်မည် ဖြစ်သည်။
အပူဒီဂရီက နာရီနှင့်အမျှ တဟုန်းဟုန်းထိုး ထိုးကျနေသည်။
သုံးလေးရက် အတွင်း ရေခဲပြင် လျှောစီး၍ရလောက်အောင် ရေကန်ထဲမှာ ရေများ ခဲတော့မည်ဖြစ် သည်။
သာမန်အားဖြင့်ဆိုလျှင် ယခုလိုရာသီဥတုဆိုးရွားချိန်မျိုး၌ ရေကန်ဘေးတွင် လူသူကင်းရှင်းနေမြဲ ဖြစ်သည်။
ယခုတော့သည်လိုမဟုတ်ပြီ။ ရေကန်ဘောင်ပေါ် လူတွေ ညွှန်နေသည်။
ပျောက်ဆုံးသွားသည့် ကလေးနှစ်ယောက်ကို ၀ိုင်းဝန်းရှာဖွေပေးသူများ၊ ရေငုပ်ပြီး ရှာဖွေနေသည် ကို စောင့်ကြည့်နေကြသူများဖြင့် ပြည့်ကျပ်နေသည်။
ရဲတပ်ဖွဲ့ဝင်များလည်း အမျးအပြား ရှိနေသည်။
ကားရပ်လိုက်သည်နှင့် ဂျက်ကော်ဖင်က ခုန်ဆင်းသွားသည်။
ပြီးတော့ ကန်ဘောင်ဆီသို့ ခပ်သုပ်သုပ် သွားသည်။
ရေငုပ်အဖွဲ့ကို လက်ထောက်ရဲအရာရှိ ပီတီရီဂင်က ကြီးကြပ်နေသည်ကို တွေ့ရသည်။
ဂျက်က ပီတီဆီသို့တန်းသွားသည်။
သူထုတ်ဖော် မမေးသည့် မေးခွန်းကို ပီတီက ဟန်ပါပါပခုံး တွန့်ပြပြီး ဆီးကြိုအဖြေပေးသည်။
ဘာမှအကြောင်းမထူးသေးဆိုးတာ သဘော..........
မိုးသီးများက အရည်ပျော်ပြီး ဖိနပ်ထဲသို့လည်းကောင်း ကုပ်မှတဆင့် ကျောကုန်းထဲသို့ လည်းကောင်း စီးဝင်နေသည်။
ဂျက်က စိတ်မရှည်နိုင်သလို ခါထုတ်နေသည်။
သားနှင့်သမီးကို နန်စီအဲလ်ဒရက်ခ်ျ ရေနှစ်သတ်သည့်နေရာမှာ သည်နေရာများ ဖြစ်လေမလားဟု သူတွေးကြည့်နေသည်။
ယခုဆိုလျှင် လူအများသည် ထိုမိန်း၏မိုက်မဲမှုကြောင့် ဆိုးရွားလှသော ရာသီဥတုအတွင်းတွင် ကလေး နှစ်ယောက် ပြန်တွေ့ရေးအတွက် သက်စွန့်ကြိုးပမ်း ရှာဖွေ နေကြရလေသည်။
သနားစရာ ကောင်းသည့် ထိုကလေးနှစ်ယောက်ကို ဘယ်နေရာတွင် ဘယ်အချိန်၌ပြန်တွေ့မည် ဖြစ်ကြောင်း ဘုရားသခင်မှသာ သိနိုင်ပေတော့မည်။
ယခင် အမှုကတည်းက နန်စီဟာမွန် သေစား သေစေ စီရင်ခြင်း ခံခဲ့ရဖို့ကောင်းသည်။
သို့သော် သူ လွတ်သွားသည်။
သူ့ဘက်က လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတော်လွန်းသောကြောင့် ဖြစ်သည်။
အရေးကြီးသော တရားလိုပြ သက်သေကလည်း ပျောက်သွားသည်။
ထို့ကြောင့်အမှုနှင့်ပြစ်ဒဏ်ကို ဆိုင်းငံ့ခြင်း ခံခဲ့ရလေသည်။
ယခုတော့ နောက်တစ်မှုကို နန်စီအဲလ်ဒရက်ခ်ျ ထပ်မံ ကျူးလွန်နေပြန်ပြီ။
ထိုအကြောင်းများကို စဉ်းစားမိသော ဂျက်ကော်ဖင်မှာ ဒေါသပိုဖြစ်လာသည်။
စိတ်ဆိုးမာန်ဆိုးဖြင့် ပီတီရီဂင်၏ နာမည်ကို ခေါ်မိသည်။
ပီတီက ဖျတ်ခနဲ သူ့ဘက်လှည့်ကြည့်သည်။
"ဟုတ်ကဲ့ဆရာ"
"သူတို့ ရေငုပ်ပြီးရှာမယ့်ုအစီအစဉ်ဟာ နောက်ဘယ်လောက် ကြာဦးမှာလဲ"
"သူတို့နှစ်ခါ ငုပ်ပြီးပြီး ဆရာ၊ အခုတစ်ခါ ငုပ်ပြီးရင်နောက်တစ်ခါ ထပ်ငုပ်ဦးမယ်၊ အဲဒီနောက် ခဏ နားမယ်၊ နားပြီး နောက်တစ်နေရာကို ရွှေု့ငုပ်မယ်"
ပြီးတော့ ပီတီက ရုပ်မြင်သံကြား ကင်မရာ ဆရာများဆီသို့ လက်ညှိုးထိုးပြသည်။
"ဒီနေ့ အဖို့ အရေးကြီးဆုံး သတင်းကတော့ ဒီသတင်းပဲ ဖြစ်တော့မှာပဲ၊ ဒါကြောင့် ကြေညာချက် တစ်ခု တော့ ထုတ်ပေးဖို့သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်ဆရာ"
ဂျက် က ကုတ်အင်္ကျီအိတ်ထဲသို့ လက်နှိုက်သည်။
စာရွက်တစ်ရွက်ကို ဆွဲထုတ်သည်။
သူ့လက်များ ထုံကျဉ်နေသည်။
"ငါအကြမ်းရေးထားပြီးပြီ"
စာရွက်ကို ဖြန့်ပြီး ဆပ်သွက်သွက် သူဖတ်ပြသည်။
ပီတီရီဂင် က နားစိုက်ထောင်နေသည်။
"အဲလ်ဒရက်ခ်ျ၏ ကလေးများကို ပြန်လည်တွေ့ရှိ နိုင်ရန် မိမိတို့ရဲ့အဖွဲ့က အပြင်း အထန်ကြိုးစားရှာဖွေ နေပါသည်။ စေတနာ့ဝန်ထမ်း ကူညီရှာဖွေ ပေးသူများကိုလည်း အပိုင်း လိုက်နေရာချထားပေးကာ ရှာဖွေရေး များကို အလစ်အဟာ မရှိစေရအောင် ကြပ်မတ်ပေးထားပါ သည်။ အနီးတစ်ဝိုက်ရှိ သစ်တော များ အတွင်းမှာလည်း ရှာဖွေနေပါသည်။"
"ကင်းထောက်လုပ်ငန်းများကို ရဟတ်ယာဉ်များများဖြင့် စေ့စေ့စပ်စပ် ပြုလုပ်နေပါသည်။ မောရှော့ ရေကန်တွင်းမှာ လည်း ရေငုပ်အဖွဲ့သားများဖြင့် ပိုက်စိပ်တိုက် ရှာဖွေနေပါသည်။ မောရှော့ ရေကန်သည် အဲလ်ဒရက်ခ်ျ တို့ နေအိမ်နှင့် အနီးကပ်ဆုံးနေရာ ဖြစ်သောကြောင့် ထိုနေရာ အထူး ဂရရုစိုက်ရှာဖွေခြင်း ဖြစ်ပါသည်။"
နောက်မိနစ်အနည်းငယ်ကြတော့ တဖြည်းဖြည်းပိုများလာသည့် သတင်းထောက်အုပ်စုကြီး ကို ထိုေ ကြညာချက် ထုတ်ပေးလိုက်တော့သည်။
ထိုအခါကျမှ မြောက်မြားစွာ သောသတင်းထောက်များ၊ ဓာတ်ပုံသတင်းထောက်များ၊ ရုပ်မြင်သံ ကြား ကင်မရာ ဆရာများက ဂျက်ကော်ဖင် ကို ၀ိုင်းပတ်ထားကြတော့သည်။
မေးခွန်းပေါင်းများစွာဖြင့် တရစပ် ပစ်ပေါက်ကြတော့သည်။
"ကလေးတွေ ပျောက်သွားပြီးတဲ့နောက် ဒီနေ့မနက်ရေကန်ဘေးမှာ မစ္စက်အဲလ်ဒရက်ခ်ျ စိတ်နောက် သလို ဖြစ်ပြီး လဲနေတာကို တွေ့ရတယ်ဆို မှန်ပါသလား"
ရှောင်တိမ်း ၍ မရတော့သောကြောင့် မေးခွန်းများကို ဂျက်ကော်ဖင် ဖြေရလေတော့သည်။
"မှန်ပါတယ်"
ပိန်ပိန်ပါးပါး၊ မျက်လုံးစူးစူးရှရှနှင့် သတင်းထောက်တစ်ယောက်က ရှေ့သို့အတင်းတိုးဝင် လာသည်။
သူ့ကိုတော့ ဂျက်မျက်မှန်းတန်းမိနေပါသည်။
"အရင် ကလေးနှစ်ယောက် အမှုကြောင့် အခုကလေးနှစ်ယောက်ဟာလဲ ရေကန်ထဲမှာပဲ ရှိရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေကန်ထဲကို သဲကြီးမဲကြီး ရှာဖွေနေတာလား"
ဖြစ်နိုင်စရာ ရှိတဲ့ နေရာအားလုံးကို ကျွန်တော်တို့ ပိုက်စိပ်တိုက်ရှာဖွေ နေကြပါတယ်။
ထို့နောက်ပိုင်း တွင် မေးခွန်းများ ပိုလာသည်။
ပိုမြန် လာသည်။
သတင်းထောက်အချင်းချင်း သူ့ထက်ငါကောင်း အလုအယက်မေးလာကြသည်။
တစ်ယောက်မေးခွန်းမဆုံးမီနောက်တစ်ယောက်က တင်းဖြတ်ဝင်မေးသည်။
"ဟိုးတုန်းက ကလေးနှစ်ယောက်ရဲ့ ကြေကွဲစရာအဖြစ်အပျက် အတွ့အကြုံကြောင့် အခု အဲဒရက်ခ်ျ့ရဲ့ ကလေး နှစ်ယောက် ပျောက်သွားတာဟာ ရိုးရိုးသားသား မဖြစ်နိုင်ဘူးလို့ ယူဆထားတာ ဖြစ်ပါသလား"
"ဒီမေးခွန်း ဟာ ကြိုတင်တရားစီရင်ရာ ရောက်ပါတယ် ဒီမေးခွန်းကို ဖြေရင် မစ္စက်အဲလ်ဒရက်ခ်ျကို ထိခိုက် သွားစရာ အကြောင်းရှိပါတယ်"
"မစ္စက်အဲလ်ဒရက်ခ်ျ ကို ခင်ဗျား ဘယ်တော့ထပ်စစ်ဦးမှာလဲ"
"အခွင့်အရေး ရတာနဲ့ ချက်ချင်းစစ်မှာပါ"
"ဒီနေ့မနက်ထွက်ခဲ့ ထိပ်ကော့ ကွန်မြူနီတီ သတင်းစာမှာ မစ္စက်အဲလ်ဒရက်ခ်ျအကြောင်း ဆောင်းပါးပါ လာပါတယ်၊ အဲဒီဆောင်းပါးကို သူတွေ့ပြီးပါပြီလား"
"သူတွေ့ပြီးပြီလို့ ကျွန်တော်ယုံကြည်ပါတယ်"
"အဲဒီဆောင်းပါး ကိုတွေ့တော့ သူဘယ်လိုဖြစ်သွားပါသလဲ"
"ကျွန်တော် မပြောနိုင်ပါဘူး"
ဒီမြို့ပေါ်မှာရှိတဲ့ လူအများစုဟာ မစ္စက်အဲလ်ဒရက်ခ်ျရဲ့ အတိတ်ကဇာတ်ကြောင်းကို မသိကြဘူးဆိုတာ မှန်ပါသလား
"မှန်ပါတယ်"
သူဘယ်သူဖြစ်တယ်ဆိုတာကိုရော ခင်ဗျားကိုယ်တိုင် ကြိုတင်သိခဲ့ပါသလား
"မသိပါဘူး"
ဂျက်ကော်ဖကင်က အံကြိတ်လိုက်သည်။
မေးခွန်းတော်ပြီ၊ ဒါလောက်ပဲ ဖြေနိုင်မယ်ဟု ခပ်ပြတ်ပြတ်ပြောလိုက်သည်။
တစ်ဘက်သို့ လှည့်ထွက်ဖို့ သူပြင်လိုက်သည်။
သို့သော်လည်း နောက်ထပ်မေးခွန်းတစ်ခု ပေါ်ထွက်လာပြန်သည်။
မေးသူ မှာ ဘော့စ်တွန်ဟာရယ် သတင်းစာတိုက်မှ သတင်းထောက်ဖြစ်သည်။
ထိုသတင်းထောက် က ဂျက်၏ရှေ့မှ လမ်းပိတ်ပြီး ရပ်လိုက်သည်။ ထိုသတင်းထောက်က အကျယ်ကြီး အော်မေးသည်။
ထို့ကြောင့်လည်း သူ့မေးခွန်းကို သတင်းထောက်များများသာမက ဂျက်ကော်ဖင်လည်း ခေါင်းထောင်ပြီး နားထောင် ရတော့သည်။
"ခရိုင်ရဲအရာရှိခင်ဗျား၊ လွန်ခဲ့တဲ့ခြောက်နှစ်အတွင်း ကိပ်ကော့မှာရော၊ အနီးတစ်ဝိုက်က နယ်ပယ် တွေ မှာရော ကလေးသူငယ်များ အသတ်ခံရမှုတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ဖော်ထုတ် လို့မရဘဲ အမှုတွဲပိတ်ပစ်လိုက်ရတဲ့အမှု တစ်မှုမှမရှိခဲ့ဘူးဆိုတာ မှန်ပါသလား"
"မှန်ပါတယ်"
"မစ္စတာကော်ဖင်၊ နန်စီဟာမွန်အဲလ်ဒရက်ခ်ျကိပ်ကော့မှာ နေနေတာ ဘယ်လောက် ကြာပြီလဲ"
"ခြောက်နှစ် ရှိပါပြီ"
"ကျေးဇူးတင်ပါတယ် မစ္စတာကော်ဖင်"
အခန်း (၁၁) ဆက်ရန်
.
1 comment:
ဒီအထိ ဖတ်ပြီးစ်၊ အများကြီး ကျေးဇူးတင်ပါတယ်။
Post a Comment