အနှစ်တရာပြည့်
အမေနေ့ ဗိသုကာကြီး
ဖုန်းမြင့်အောင် (မန္တလေး)
အမေနေ့ ဗိသုကာကြီး
ဖုန်းမြင့်အောင် (မန္တလေး)
တဖက်ပါ စာတိုလေးကို ၁၉-၂-၉၇နေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် "မျိုးမြင့်ဆွေ အနုပညာရိပ်ကွန်း" (ငွေစန္ဒာ၊ အမှတ်(၁၇၇)၊ ၃၂လမ်း၊ ၇၆နှင့်၇၇လမ်းကြား၊ မန္တလေး)၌ နိုင်ငံကျော်စာရေးဆရာ၊ ဒါရိုက်တာကြီး ဘဘဦးသုခ က ဧည့်သည်မှတ်တမ်းမှာ ကမ္ဗည်းတင်ခဲ့ပါသည်။ ဆရာမျိုးမြင့်ဆွေသည် စာရေးဆရာ၊ ကဗျာ ဆရာ၊ ပန်းချီဆရာ၊ သီချင်းရေ ဆရာ၊ ဂီတစာဆို၊ ပန်းပုဆရာ၊ ရွှေချည်ထိုး ဆရာ စသဖြင့် မြန်မာမှု အနုပညာ နယ်ပယ်မှာ ထင်ရှားခဲ့သော ပုဂ္ဂိုလ် ဖြစ်ပါသည်။
ဆရာ ကွယ်လွန်ပြီးသည့်နောက် ကျန်ရစ်သူ ညီအစ်ကို၊ မောင်နှမများက မန္တလေးမြို့၏ အချက်အချာ ကျသောနေရာ တိုက် အထပ်ထပ် တစ်ခုလုံးတွင် ဆရာ့ပန်းချီ ကား (၇၀၀)ကျော်နှင့် အနုပညာလက်ရာ ပစ္စည်း များကို တခမ်းတနား ပြခန်း ပြုလုပ်ထားရှိပါသည်။ ထိုနေရာကို ငှားစားပါက တစ်လတစ်လ သိန်းချီ ရနိုင်ပေမယ့် ဆရာအနုပညာလက်ရာများကို တန်ဖိုးထား တတ်ကြသော ဆရာ့ညီအစ်ကိုမောင်နှမများ၏ ကျေးဇူး ကြောင့် ကျွန်တော်တို့မှာ လေ့လာကြည့်ရှုမှတ်သား ခွင့်ရခဲ့ပါသည်။ "မျိုးမြင့်ဆွေ အနုပညာရိပ်ကွန်း" အမည်ကို နိုင်ငံကျော်စာရေး ဆရာမကြီး၊ သတင်းစာ ဆရာမကြီး အမေလူထု ဒေါ်အမာ က ပေးခဲ့ပါသည်။ ပထမဆုံးအကြမ် မန္တလေးအမေနေ့ အခမ်းအနားသို့ ကြွရောက် ဟောပြော ပေးခဲ့ ပါသော ဘဘဦးသုခက "ကိုဖုန်းမြင့်ရယ် ကျွန်တော့်မှာ အချိန်လေးနည်းနည်း ပိုနေတယ်၊ သွားသင့်တဲ့ နေရာ လိုက်ပို့ပေးပါဗျာ" ဟု မိန့်ကြားပါသည်။
၁၉၉၇ခုနှစ် (၁၃၅၈ခုနှစ် ပြာသိုလပြည့်) ပထမအကြိမ် မန္တလေးအမေနေ့ အခမ်းအနားသို့ ကြွရောက်ချီးမြှင့် ဟောပြောခဲ့ပါသော ဘဘက တူအရွယ်၊ သားအရွယ်၊ တပည့်အရွယ် ကျွန်တော့်ကို "ခင်ဗျား" "ကျွန်တော်" သုံးနေ၍ တောင်းပန်ပေမယ့် မရ။ "ခင်ဗျားက ကျောင်းဆရာလေ၊ ကျွန်တော်လည်း ကျောင်းဆရာလုပ်ခဲ့ဖူး သော ဘ၀တူချင်း လေးစားရမှာပေါ့။ အချင်းချင်း ဆရာလုပ်တာတော့ မဟုတ်ပါဘူး၊ မြို့တော်သိန်းအောင် ဇာတ်မှာ ခင်ဗျား က ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်ဒါရိုက်တာလည်း လုပ်နေသေးတော့ ဇာတ်သမား များ နဲ့ ဆက်ဆံတဲ့အခါ ထားသင့်တဲ့ မာနတော့ထားဗျာ၊ ဇာတ်သမားတချို့က ဇာတ်တိုက်တဲ့အခါ စင်အောက် မှာ အကုန်မလုပ်ချင်ဘူး၊ အကုန်မပြောချင်ဘူး၊ အာစရိ စင်ပေါ်ကျမှ အကုန်လုပ်မယ်၊ အကုန် ပြောမယ်၊ စိတ်ချအာစရိလို့ ပြောတတ်တယ်၊ စင်ပေါ်ရောက်တော့ ပရိသတ်ရယ်၊ မီးရယ်၊ တီးဝိုင်းဆိုင်းရယ် ကြောင့် အကုန်လွဲချော်တတ်တယ်။ စင်အောက်မှာ စိတ်တိုင်းကျ ဇာတ်တိုက်ပြီးမှ စင်ပေါ်တင်ပါဗျာ" ဟု အကြံဥာဏ်ကောင်း ပေးခဲ့ဖူးပါသည်။
ဘဘက ဆရာမျိုးမြင့်ဆွေအား "နယ်စုံအနုပညာရှင်" ဟု ဂုဏ်တင်ခဲ့သည့်နည်းတူ ဘဘကိုယ်တိုင် ဘက်စုံ၊ စွယ်စုံမက နယ်စုံ အနုပညာရှင် ဖြစ်ခဲ့ကြောင်း အားလုံးအသိ ဖြစ်ပါသည်။ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် မြန်မာမှု အနုပညာနယ်ပယ်မှာ ဘသည် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါသည်။ အနုပညာအမွေ များများ ထားနိုင်ခဲ့ပါသည်။ ဘဘဦးသုခ ဘ၀က ပန်းခင်းသော လမ်းချည်းမဟုတ်ခဲ့ပါ။ သုခဟူသော နာမည် ရရှိခဲ့ဘို့ ဒုက္ခအမြောက်အမြားနှင့် ရင်းနှီးခဲ့ကြောင်း မကြာခဏ မိန့်ကြားဖူးပါသည်။
ဘဘက သွားသင့်တဲ့နေရာ လိုက်ပို့ခိုင်းပေမယ့် ကျွန်တော့်မှာ ကားမရှိ၊ ဆိုင်ကယ်မရှိ၊ ရှိလည်း မမောင်းတတ်၊ မစီးတတ်၊ ကျောင်းဆရာဟောင်းသက်ကြားအိုမှာ စက်ဘီးအိုလေးသာ ရှိသည်။ ဒီစက်ဘီးအို လေးနှင့် မြို့ပတ်ပြီး ပရလုပ်ငန်း လုပ်ရသည်။ တစ်ခါတစ်ရံ ပြင်စာ၊ ပြင်ဦးလွင်၊ တောင်လေးလုံး ဆရာတော် ဦးပညာကျောင်း၊ မင်းကွန်း၊ စစ်ကိုင်း၊ မြို့တော်ဦးသိန်းအောင်ရွာ ကန်ကြီးကုန်း ထိ ခရီးဆန့်ရသည်။ ဘဘ လိုက်ပို့ပေးဘို့ ကားလိုလာသည်။ ရတနာပုံ ထီဆိုင် က အစ်ကိုကြီး ဦးသန်းဆွေ၊ တက်နေ၀င်း ဓာတ်ပုံတိုက် နှင့် ဗွီဒီယိုက ဦးလေး ဦးစန်းမောင်တို့ထံ အလှည့်ကျ အကူအညီ တောင်းခံရသည်။ ဆရာမျိုးမြင့်ဆွေ ပြခန်းရောက်တော့ ဘဘပျော်နေသည်။
ဆရာမျိုးမြင့်ဆွေ (ဦးမြသောင်း)၏ အနုပညာပစ္စည်းများနှင့် ဆရာ့ အစ်မကြီးတို့ပါ ဘဘနှင့်ပါအောင် ဓာတ်ပုံ ရိုက်ခိုင်းသည်။ ဓာတ်ပုံဆရာက အနားမှာ မရှိ၊ ကိုမြတ်သစ်မှာ လည်း ကင်မရာမပါလာ။ မတောက် တခေါက် သာ ဓာတ်ပုံရိုက်တတ်သော ကျွန်တော်က မဖြစ်ညစ်ကျယ် ရိုက်ပေးရသည်။ ဘဘကို (၁၄-၁၁-၁၉၁၀)မွေးတော့ ၁၉-၂-၁၉၉၇နေ့မှာ ဘဘအသက်(၈၈)နှစ်ထဲ ၀င်လာ နေပြီ။ ဧည့်မှတ်တမ်းကို အလွဲအချော် မရှိ ရေးနိုင်သည်။ အချို့က ဘဘကို မျက်စိကွယ်နေသည်ဟု ပြောကြ၊ ရေးကြသည်။ ဘဘ က "ကိုဖုန်းမြင့်ရ၊ ကျွန်တော်က မမြင်မကန်းဗျို့၊ သူများလိုလည်း အမြင်အာရုံ မသန်ဘူး၊ ကန်းလည်း မနေဘူးဗျ" တဲ့။ ဘဘအသက်ကြီးလာလို့သာ မျက်စိအသုံးချတာများလာလို့သာ မျက်စိမှုန်တာပါ။ ဘဘ မကွယ်လွန်မီ မျက်စိမကွယ်ဘူးဆိုချင်တာပါ။ ဘဘက အစိန္တယျကြီးဘုရားရှိခိုး စာအုပ်ကို သိန်းချီရိုက်ပြီး အကြိမ်ကြိမ် ဓမ္မဒါနလုပ်တာအားကျပြီး ကျွန်တော်က ဓမ္မဒါနလုပ်တဲ့အခါ ဘဘက မျက်နှာဖုံးကြည့်ပြီး ဒီဘုရား ပုံတော်က ဗုဒ္ဓဂါယာဘုရားပုံတော်ဗျ၊ သိပ်သပ္ပါယ်တာပဲဟု မိန့်ကြားပါသည်။ အသက်ကြီး လာပြီဖြစ်သည့် ဘဘကိုဖေးကူ တွဲတာကြည့် ဘဘမျက်စိမမြင်လို့ တွဲခေါ်နေရပြီဟု တလွဲမြင် နေကြ၍ ကျွန်တော်ရှင်းရခြင်း ဖြစ်ည်။ အမြင်အာရုံနည်းသည့် ဘဘသည် အကြားအာရုံ ထက်မြက်လာပါ သည်။
အဓိပ္ပာယ်ကျယ်ဝန်းလေးနက်သော စကားလုံးများကို ဘဘ သုံးတတ်သည်။ အဓိပ္ပာယ်ကျယ်ဝန်းသည့် "နယ်စုံ အနုပညာရှင်" ဟူသော စကားလုံးနှင့် ဆာမျိုးမြင့်ဆွေကို ဂုဏ်တင်သည်။ ဆရာတော် အရှင်ဆန္ဒာဓိက မှ ၀တ္ထုငွေ ချီးမြှင့်သောအခါ ဘဘက "လောကမှာတတ်သိသူတွေများပါတယ်ဘုရား သိတတ်သူ တွေ ရှားပါးတယ်ဘုရား" ဟု လျှောက်ထားပြန်ပါသည်။ ထိုစဉ်ကာလက ဘဘအသက် (၉၀)ကျော် အရွယ်ပါ ကျွန်တော်တို့မှာ ဒီလို ပြောတတ် သုံးတတ်ဖို့ နေနေသာသာ လောကကြီးမှာ ဒီအရွယ် ထိနေချင် မှ နေရမှာပါ။ ငါန်းစွန်းမြို့နယ်၊ သားကြင်ကျေးရွာ ပရိယတ္တိစာသင်တိုက် ငွေရတုသဘင်မှာ မြို့တော် သိန်းအောင် ကို "ကိုသိန်းအောင်က မင်းသားတော့ မင်းသားဇာတ်မင်းသားနဲ့မတူဘဲ အရပ်သားနဲ့ တူတဲ့ မင်းသား" ဟု ဆိုပြန်ပါသည်။ ထိုအချိန်မှာ ဘဘအသက်(၇၅)နှစ်ပါ။ စန္ဒကူးနှစ်လို ကြာလေ မွှေးလေ ပါ။ ဘဘ က အသက်ကြီးလာလေ တန်ဖိုးရှိလာလေပါ။
၂၀-၃-၁၉၀၇နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာပါ "ထိုတစ်နေ့" ဟူသော စာတစ်ပုဒ်သည် အမေ နေ့ ကျင်းပဖြစ်ဖို့ သန္ဓေတည်ခဲ့သည်။ နှစ်ပေါင်း(၂၇)နှစ်ကြာမှ ကျွန်တော်တို့ မန္တလေး က အမေနေ့ ကျင်းပ ရန် အကြံရခဲ့သည်။ မန္တလေးမောရိယဆေးတိုက်က ဦးခင်မောင်ဌေးနှင့် ကျွန်တော့်ငယ်တပည့် မခင်သန်းဆွေ တို့၏ သမီး စုခိုင်ဌေး၏ လက်ထပ်မင်္ဂလာပွဲတွင် ဘဘက သြ၀ါဒစကား၊ ဆုပေးစကားချီးမြှင့် ပေးရန် မန္တလေးမြို့သို့ ခေတ္တရောက်လာခိုက် ၃၃လမ်း၊ ၈၃နှင့် ၈၄လမ်းကြားရှိ မန်းဧရာတည်းခိုခန်းတွင် ကျွန်တော် တို့ သားအဖနှစ်ယောက် (ဆရာတပည့်နှစ်ယောက်) အမေနေ့အကြောင်း အကျယ်တ၀င့် ပြောဖြစ်ကြသည်။ ပြောရင်းပြောရင်း ဘဘက မျက်ရည်တွေ ကျလာသည်။ "မင်္ဂလာရှိလိုက်တာ ကိုဖုန်းမြင့် ရယ် ကျွန်တော်လာတာ လောကီမင်္ဂလာ သက်သက်အတွက် ပါ။ ခက်ဗျားပြောလိုက်တဲ့ အမေနေ့က လောကီ ရော၊ လောကုတ္တရာပါ အကျိုးနှစ်ဖြာ ပေးစွမ်းမယ့် မင်္ဂလာနေ့မြတ်ပါ"။ ဘဘကျသည့် မျက်ရည်က ပီတိမျက်ရည် ပါ။ မင်္ဂလာမျက်ရည်ပါ။
အမေနေ့အကြောင်း ပြောရင်း ဘဘက ကျွန်တော့်ကို ပိုရင်းလာပါသည်။ ဘဘ၏ သားတပည့်သြရဿ ဆရာမောင်နှင်းမိုး နှင့် ပါရမီစာပေက ဦးကျော်ဦးတို့က မန္တလေးအမေနေ့အကြောင်း ဘဘပြောတိုင်း ကျွန်တော့် နာမည်အမြဲ ထည့်ပြောတတ်ကြောင်း အသိပေးကြပါသည်။ ဘဘဖြစ်ချင်သည့် အမေနေ့ကို ကျင်းပ ပေး၍ ကျေးဇူး တင်ကြောင်း တဖွဖွ ပြောပါသည်။ မန္တလေးကို ဘဘ ပိုချစ်လာပါသည်။ ဘဘမက်ခဲ့သည့် အိပ်မက်ကို မန္တလးက ဦးဆောင်ခဲ့လို့ပါတဲ့။
ဘဘက ထပ်ပြောပါသေးတယ်။ "ကိုဖုန်းမြင့်၊ ခင်ဗျားတို့ "အမေနေ့" တကယ်လုပ်မှာနော် ကျွန်တော် အိပ်မက် မက်နေတာများ ဖြစ်နေမလား၊ ခင်ဗျားပြောတာ ကျွန်တော် နားထောင် ကျွန်တော် မယုံဘူး၊ တကယ်ပါဗျာ၊ မင်္ဂလာတရားပေါ်ထွန်းဘို့ (၁၂)နှစ်ကြိုပြီး သတင်းပျံ့တယ်၊ ကျွန်တော်ဖြစ်ချင်တဲ့ အမေနေ့ ပေါ်ထွန်းဘို့ နှစ်ပေါင်း(၃၀)လောက်ကြာတယ်။ ခင်ဗျားအဖွဲ့ဝင်တွေကို လေးလေးနက်နက် သာဓုခေါ် ကြောင်း ပြောပေးပါဗျာ၊ သူတို့ကိုလည်း ကျွန်တော်နဲ့ ဆုံပေးပါဦးဗျာ"။ "ဘဘ၀မ်းသာအောင် သားလာ ညာနေတာ မဟုတ်ပါဘူး၊ အမေနေ့ မလုပ်ပဲနဲ့ လုပ်ပါ့မယ်လို့ ဘဘလို ပုဂ္ဂိုလ်မျိုးကို သား မလိမ်မညာရဲပါ ဘူး။ ပျားရည်တစ်စက်နဲ့ ၀မ်းလာချတာ မဟုတ်ပါဘူး ဘဘရာ်၊ ဘဘ ၀မ်းသာရအောင် သား ကတိပေးပါ မယ်။ ဘဘ ရှိတုန်းရော၊ ဘဘ မျက်စိမှိတ်သွားတော့ရော သားတို့ မန္တလေးမှာ နှစ်စဉ်အမေနေ့ကျင်းပပါ မယ်။ ဒီအတွက် စိတ်ချပါဘဘ၊ အမေနေ့ အခမ်းအနားကို သားတို့ချည်း မလုပ်ပါဘူး။ လုပ်ချင်တဲ့မြို့၊ ရွာဌာန တွေကို ကူညီပါမယ်။ လိုအပ်တာ ပံ့ပိုးပါ့မယ်၊ အမေနေ့ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေကို ဘဘဆီ သား ခေါ်လာခဲ့ပါ့မယ်"။
ဘဘဦးသုခ အနှစ်တစ်ရာနီးလာလေ၊ ဒီစကားသံတွေ ပြန်ကြားရလေ ဖြစ်နေပါသည်။ အမေနေ့ကျင်းပရေး မဟာတာဝန်သည် ကျွန်တော့်ခေါင်းပေါ် အကြီးလေးဆုံးရောက်နေပါသည်။ လမ်းပေါ်မှာ အမေနေ့ရုံးခန်း ဖွင့်ပြီး အလုပ်လုပ်ရပါသည်။ စက်ဘီးအိုလေးနှင့် ခြေတိုအောင်ပတ်ရပါသည်။ ဆရာကြီး ဦးသိန်းအောင်မြင့် နှင့် ဆရာကြီးဦးချစ်ထူး (မိုးသောက်ပန်း)တို့ အကူအညီနှင့် ဘော်ဒါနှင့်နေ့အထူးသင်တန်းမှာ အလှူငွေ ကြိုတင်ရွာရပါသည်။ မိတ်ဆွေနှင့် တပည့်များဆီ လှည့်ရပါသည်။ အမေကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ် ကြသူများ က စေတနာအပြည့်နှင့် ယုံကြည်စွာ လှူဒါန်းကြပါသည်။ ဘဘရေးခဲ့သည့် စာများနှင့် ဟောပြောပွဲ များက ပိုသဒ္ဓါပေါက်စေခဲ့ပါသည်။ အမေနေ့ မတိုင်မီ အမေစားရသော "ထမင်းတစ်နပ်" ဟောပြောပွဲမျိုး နှင့် "ထိုတစ်နေ့" စာမျိုး ဖြစ်ပါသည်။
နွေငြိမ်းစတီရီယို အသံချဲ့စက် ဦးချိုလေး+ဒေါ်ကြည်ကြည်ဝင်းတို့က သိန်းချီရသည့် ပွဲကြီးများကို လက်မခံ ဘဲ မေတ္တာနှင့် ကူညီကြပါသည်။ နွေငြိမ်းဦးချိုလေးတစ်သက်၊ ကျွန်တော့်တစ်သက် ပါးစပ်ကတိ စာချုပ်ချုပ်ထားကြပါသည်။ အခမ်းအနားအလှနှင့် ဧည့်ခံလက်ဖက် ရာသက်ပန် အလှူရှင် ဦးလေး ဦးကျော်သိန်း (အရီးတောင်း)နှင့် အစ်မကြီး ဒေါ်ကြွယ်ကြွယ် မိသားစုတို့၏ စေတနာကလည်း စာဖွဲ့ လောက် ပါသည်။ နှစ်စဉ်အခမဲ့ ဗီဒီယို ရိုက်ကူးပေးသော မန္တလေးတိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဌများ ဖြစ်ကြသော ဒေါက်တာခင်မောင်ကြည်၊ ဦးမျိုးသန်းနှင့် အဖွဲ့ဝင်များ၏ စေတနာကိုလည်း ကျေးဇူးတင် ရပါသည်။
မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်ထုတ်ဝေသူ၊ အယ်ဒီတာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းထောက်၊ မီဒီယာ များ၏ ပံ့ပိုးကူညီမှုကလည်း "အမေနေ့" ဂုဏ်ကြီးမား လာစေပါသည်။ အမေနှင့် ပတ်သကသော ၀တ္ထု၊ ကဗျာ၊ ဆောင်းပါးများကလည်း အမေ့ ဂုဏ်တတ်စေပါ သည်။ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်များကလည်း "အမေ့"ကို ဂုဏ်တင်ပေးကြရပါသည်။ "အိမ်" နာမည် ပေးသည်ကပင် "အမေ့အိမ်" "အမေ့ရင်ခွင်" စသည် ဖြစ်လာကြပါသည်။ အမေ့ဇာတာစန်းလဂ်တက်လာရ ခြင်း၏ လက်သည်မှာ ဘဘဦးသုခ၏ အမေနေ့ကြောင့် ဖြစ်ပါသည်။ မန္တလေး နှစ်(၁၅၀)အတွင်းမှာ ဘဘ ဦးသုခကြောင့် အမေနေ့ အခမ်းအနား (၁၃)ကြိမ်တိုင် သမိုင်းတွင်အောင် ကျင်းပလာနိုင်ခဲ့ပါသည်။ ဘဘ ဦးသုခ၏ မျက်နှာကြောင့် ဆရာမြသန်းစံနှင့် မြ၀တီရုပ်မြင်သံကြားအဖွဲ့က တကူးတက လာရောက် ရိုက်ကူး ထုတ်လွှင့် ပြသပေးကြ သဖြင့်လည်း "ပြာသိုလပြည့်အမေနေ့" ဟု အများပြညသူအသိအမှတ် ပြုလာကြပါ သည်။
ပညာရှင်အချို့က အမေန့ကို ဂရိနိုင်ငံမှ စတင်ကျင်းပခဲ့ကြောင်း ဆိုမိန့်ကြပါသည်။ နတ်ဘုရားများ၏ မိခင်ဆိုင်ဘယ်လီ (CYBELE) အားမတ်လ (၁၅)ရက်မှ (၁၈)ရက်ကြား နှစ်စဉ်ကန်တော့ခဲ့ကြရာမှ အနောက်နိုင်ငံများတွင် အမေနေ့ ပေါ်ထွန်းလာခဲ့သည်ဟု အသိအမှတ်ပြုခဲ့ကြသည်။ ဂရိခေတ်လွန်၍ ရောမခေတ် ရောက်လာပြန်သောအခါ မဟာအမေ ကို မက်ထရိုနယ်လီယာ (MATRONALIA) ဟု သတ်မှတ်ကာ မတ်လ(၁၅)ရက် သို့မဟုတ် မတ်(၁၈)ရက်နေ့၌ ဂါရ၀ပြုပူဇော်ကန်တော့ခဲ့ကြ၏။
ထိုအမေ ကန်တော့ပွဲမှစတင်ကာ ရောမပိုင်နက်အတွင်း အမေနေ့အခမ်းအနားများ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာခဲ့ ကြ၏။ ထိုအမေကန်တော့ပွဲမှစတင်ကာ ရောမပိုင်နက်အတွင်း အမေနေ့ အခမ်းအနားများ ကျယ်ကျယ် ပြန့်ပြန့် ကျင်းပလာခဲ့ကြ၏ အင်္ဂလန်နိုင်ငံသို့ အမေနေ့ပျံ့နှံ့ပြီး အင်္ဂလန်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိ သွားတော့၏။ "အမေနေ့ကြေညာစာတမ်း" ကို ၁၈၇၀တွင် ဂျူလီယာဝပ်(ဒ်)ဟောင် (Julia Ward Howe)က အမေရိကန်နိုင်ငံတွင် ရေးသားထုတ်ဝေခဲ့ပါသည်။ သို့ရာတွင် သူမ၏ပန်ကြားချက် မအောင်မြင်ခဲ့ပါ။ သူမ၏ မိတ်ဆွေ အင်နာဂျာဗစ် (Anna Jarvis)က ၁၉၀၈ခု၊ မေလ(၁၀)ရက်နေ့တွင် အနောက်ဗာဂျီးနီးယား ပြည်နယ် ဂရဖစဟ်တ် (Grafton) တွင် "အမေနေ့" ကျင်းပပါသည်။
၁၉၁၂ ခု၊ ဂျီနီဗါတွင် ကျင်းပသည့် မက်သဒစ်ခရစ်ယန်အသင်းများကောင်စီက အင်နာဂျာဗစ်ကို "အမေနေ့" ဆော်ကြသူအဖြစ် အသိအမှတ် ပြုကာ "အမေနေ့" ကျင်းပရေးကို အားလုံး လက်ခံအတည်ပြုခဲ့ကြသည်။ ထို့နောက် အမေရိကန် ပြည်ထောင်စု ပြည်နယ်(၄၅)ခုတွင် နှစ်စဉ်မေလ၌ "အမေနေ့" အခမ်းအနားများ ကျင်းပခဲ့ကြသည်။ ၁၉၁၄ခုနှစ်တွင် အမေရိကန်သမ္မတ "၀ူဒရိုးဝီလဆင်" က "အမေနေ့" ကို အစိုးရ ရုံးပိတ်ရက်အဖြစ် ကြေညာ ကာ အသိအမှတ်ပြုအားပေးခဲ့သည်။ ဤသို့ဖြင့် နိုင်ငံတကာတွင် "အမေနေ့" အခမ်းအနားများကို ကျင်းပ လာခဲ့ကြရာ နော်ဝေးနိုင်ငံက မတ်လ(၃)ရက်၊ တရုတ်ပြည်၊ ရူမေနီးယား၊ ယူကရိန်း၊ ဗီယက်နမ်၊ အယ်လ်ဂျီးရီးယား၊ အယ်လ်ဘေးနီးယားနိုင်ငံတို့က မတ်လ(၈)ရက်၊ ဗြိတိန်နိုင်ငံနှင့် နိုင်ဂျီးရီးယားတို့က မတ်လ(၁၈)ရက်၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်စသော အာရပ်နိုင်ငံများက မတ်လ(၂၁)ရက်၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလီးယား၊ စင်္ကာပူ၊ မလေးရှား၊ ကနေဒါ၊ တူရကီ၊ ပါကစ္စတန်၊ ကမ္ဘာနိုင်ငံအများစုက မေလဒုတိယပါတ် တနင်္ဂနွေ၊ ပိုလန်နိုင်ငံက မေ(၂၆)ရက်၊ ထိုးနိုင်ငံက သြဂုတ်(၂၁)ရက်၊ ရုရှားနိုင်ငံက နိုဝင်ဘာနောက်ဆုံးပါတ် တနင်္ဂနွေ၊ အင်ဒိုနီးရှားနိုင်ငံက ဒီဇင်ဘာ (၂၂)ရက် စသဖြင့် ကျင်းပလာခဲ့ကြပါ သည်။
ဘဘဦးသုက ကမ္ဘာ့နိုင်ငံအတော်များများသို့ လေ့လာရေး ခရီးအလည်အပတ်ခရီးရောက်ရှိခဲ့ရာ ကျွန်တော် တို့ မြန်မာနိုင်ငံတွင်လည်း "အမေနေ့" အခမ်းအနားများ ကျင်းပပြီး အမေ့အကျေးဇူး လေးလေးနက်နက် သိကာ လက်တွေ့ ပေးဆပ်တတ်သော သားသမီးဦးရေ များလာစေချင်သည်။ ထို့ကြောင့် အမေနေ့ ဖြစ်မြောက်ရေး ကို ဦးဆောင်လုံးပန်းခဲ့ပသါည်။ အမေနေ့ ဗိသုကာကြီး ဘဘဦးသုခသည် (၁၄-၁-၁၉၁၀) တွင် မွေးဖွားခဲ့ရာ ဘဘသည်မကြာမီ အနှစ်တစ်ရာပြည့်ပါတော့မည်။
ဘဘရာပြည့်ပွဲကို (၁၄)ကြိမ်မြောက် မန္တလေးအမေနေ့ အခမ်းအနားနှင့် ပူးတွဲပြီး ၃၀-၁၂-၂၀၀၉ (၁၃၇၁)ခုနှစ် ပြာသလပြည်နေ့တွင် မန္တလေးမြို့ ၈၅လမ်း၊ ၃၀နှင့်၃၁လမ်းကြား မဟာသကျသီဟ ဘုရားဝင်း အတွင်းရှိ ဘာသာခြားမှ ဗုဒ္ဓဘာသာဖြစ်လာ သော ဗန္ဓုလ ဦးဆိုင်+ဒေါ်စောတင် မိသားစုတို့၏ မဟာဗန္ဓုလဝေဇယန္တာဓမ္မာရုံကြီး၌ ဂုဏ်ပြုကျင်းပပါတော့ မည်။ (၁၅-၁၂-၂၀၀၉)နေ့မှ (၂၉-၁၂-၂၀၀၉)နေ့အထိ မိဘခြေရာခံယူပေးခြင်း၊ အလွတ်တန်းဝတ္ထုတို ပြိုင်ပွဲကျင်းပခြင်း၊ ဘဘဦးသုခ ဘ၀ ဖြစ်သန်းမှု ရုပ်ပုံလွှာပြခန်း ဖွင့်လှစ်ခြင်း၊ အမေနေ့ အထိးအမှတ် "ရွှေကြာအင်းဓမ္မာရုံ" ဂေါပကအဖွဲ့နှင့် "အေးမေတ္တာမြန်မာထမင်းဆိုင်" ဦးအုန်းမောင်+ဒေါ်အေးရီတို့ ဦးဆောင်သော ဘုံဆွမ်းလောင်းလှူပွဲ၊ အမေများအား ဦးခိုက် ပူဇော်သော လူငယ်များ ဘုံဆွမ်ါးလောင်းလှူ ပွဲ၊ မြတ်ဆုရှင် ဘုံ ဆွမ်းလောင်း လှူပွဲများ နှင့် ကုသိုလ်အားပွားများငြခ်း၊ ဆယ့်တစ်မီးငြိမ်းစေရန် ရည်သန်၍ ကွယ်လွန်ခဲ့ကြသော အမေများ၊ ဦးဆာင်နာယကကြီးများဖြစ်ကြသော
ဘဘဦးသုခ၊
အမေလူထုဒေါ်အမာ
နှင့် အငြိမ်းစားမြန်မာစာပါမောက္ခ ဆရာမကြီး ဒေါ်မိမိလေး၊
ဒုဥက္ကဌ ဦးသိန်းအောင်မြင့်၊ အမေနေ့အဖွဲ့ဝင် ကိုသန့်ဇင်၊ ကိုတင်အောင်(မြို့သစ်)၊
ဒုဥက္ကဋ္ဌ ဦးသိန်းအောင်မြင့်
တို့နှင့် (၃၁)ဘုံသားတို့အား ရည်စူးပြီး ပြာသိုလပြည့်နေ့တွင် နေ့ဆွမ်း၊ သင်္ကန်းလှူဖွယ်များနှင့် အလှူတော်ငွေများကို ဆရာတော်ကြီး(၁၁)ပါးတို့ အား ဆက်ကပ်ကာ ရေစက်ချ အမျှဝေခြင်း၊ အမေများ၊ အမေလောင်းများရှိရာ လူမှုရေး အသင်းအဖွဲ့များ သို့ အလှူငွေပေးလှူခြင်း၊ ငွေအား လုပ်အား အလှူရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာ ချီးမြှင့်ခြင်း၊ ပြာသိုလပြည့်အမေနေ့ မွန်းလွဲ(၁)နာရီတွင် စာရေးဆရာဒါရိုက်တာ ဂီတစာဆိုဆရာကြီး ဘိုကလေး တင့်အောင်၊ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဆရာကြီးချစ်သန်းမြင့်၊ စာရေးဆရာ ဒါရိုက်တာဆရာကြီး မောင်နေမျိုး၊ စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ သုမောင်၊ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ ချိုပြုံးတို့က အမေ့ မေတ္တာ စေတနာ ကျေးဇူးဂုဏ်ရည်များနှင့် ဘဘဦးသုခဘ၀ ဖြတ်သန်းမှုပုံရိပ်လွှာတို့ကို ဂုဏ်ပြုဟောပြောကြခြင်း စသော အစီအစဉ်များကို ဆောင်ရွက်ကြပါမည်။ မန္တလေးအသင်း (ရန်ကုန်)က ထုတ်ဝေခဲ့သော မန္တလေး အနှစ်(၁၅၀)ပြည့် မဂ္ဂဇင်းကြီးသည် အဆင့်မြင့်တန်း မီခဲ့ပါသည်။
ထိုမဂ္ဂဇင်း ၀ိုင်းတော်သားများ စီစဉ်သည့် "စွယ်စုံအနုပညာရှင် ဦးသုခ အနှစ်တစ်ရာပြည့်" မဂ္ဂဇင်းကြီး တစ်စောင် ကိုလည်း တခမ်းတနား ဂုဏ်ပြုထုတ်ဝေကြပါမည်။ ထိုအစီအစဉ်များနှင့် (၁၄)ကြိမ် မြောက် မန္တလေး အမေနေ့ အခမ်းအနားနှင့် အမေနေ့ ဗိသုကာကြီးဘဘဦးသုခ ၏ ရာပြည့်ပွဲ ကို ခမ်းနားအောင် ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း။
ဖုန်းမြင့်အောင်(မန္တလေး)
.
No comments:
Post a Comment