အခန်း (၁၃)
ရဟတ်ယာဉ်များ၏ ပန်ကာဒလက်မြည်သံများက သူ့ကို စိတ်ချမ်းသာစေသည်။
ထိုအသံများ က လွန်ခဲ့သည့်အဖြစ်အပျက်ကြီးတစ်ခုလုံးကို ပြန်လည်အမှတ်ရစေသည်။
ဟိုတုန်းကလည်း တက္ကသိုလ်ပရ၀ုဏ်အတွင်းမှာရှိနေသူအားလုံး အပြင်ထွက်ပြီး ပျောက်ဆုံးနေသည့် ကလေး များကို ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြသည်။
အနီး ပတ်ဝန်းကျင် မှာရှိသော ရွာများ၊ မြို့များရှိ လူတွေကလည်း ၀ိုင်းဝန်းရှာဖွေပေးခဲ့ကြသည်။
ပင်လယ်အော်ကြီး တစ်ခုလုံး ကို အပေါ်စီးမှ မြင်နေရသည့် အိမ်ရှေ့ပြတင်းပေါက်မှတစ်ဆင့် အပြင် သို့ သူ ငေးကြည့် နေသည်။
ပင်လယ်ရေ က မီးခိုးရောင် ပေါက်နေသည်။
ရေစပ်များတွင်မူ ဟိုနားတချို့သည်နားတစ်ချို့ ရေခဲစပြုနေသည်ကို မြင်ရသည်။
စောစောပိုင်း ရေဒီယိုအသံလွှင့်ချက်တွင် မုန်တိုင်းကျမည့်အကြောင်း၊ မိုးသီးကြွေကာ မိုးရွာမည့်အ ကြောင်း၊ မြူထူထပ်မည့်အကြောင်း သတိပေးကြေညာသွားသည်။
သည်တစ်ခါတော့ မိုးလေ၀သဌာန မှန်သွားသည်။
လေပြင်း သည် ပင်လယ်အော်၏မျက်နှာပြင်ကို ဒေါသပေါက်ကွဲသော ဦးထုပ်ဖြူများအဖြစ်သို့ အသွင် ပြောင်းပေး လျက်ရှိချေသည်။
လှိုင်းခေါင်းဖြူ တို့သည် ကုန်းထနေကြပြီ။
စင်ရော်ငှက် များက လေကိုဆန်ပြီး ပျံနေကြသည်။
သို့သော်လည်း လေက ပြင်းထန်စပြုနေပြီဖြစ်သောကြောင့် လိုရာသို့မရောက်ဘဲ လေနောက်သို့သာ ပြန်၍ပါသွားတတ်သည်။
ထိုသို့သော အပြင်မြင်ကွင်းကို သူ သေသေချာချာ ကြည့်နေသည်။
နောက်ပြီးတော့ အပူချိန်တိုင်း ကိရိယာများကို သေသေချာချာ လေ့လာကြည့်သည်။
အပြင် အပူချိန်၊ အိမ်တွင်း အပူချိန်များကိုပါ စစ်ဆေးကြည့်သည်။
မနက်တုန်းက ၄၈ ဒီဂရီရှိခဲ့သည်။
ယခု ရေခဲမှတ်အောက်ရောက်တာ ၂၈-ဒီဂရီပဲ ရှိတော့သည်ကို တွေ့ရသည်။
ရာသီဥတု ဒါလောက်ဆိုးနေလျှင် ကလေးပျောက်ရှာနေသည့် ရဟတ်ယာဉ်များနှင့် လေယာဉ်ပျံများ သည် နောက်ထပ်အချိန်ကြာကြာ ဆက်လက်ရှာဖွေနိုင်ကြတော့မည်မဟုတ်။
ဝေဟင်သာ မဟုတ် မြေပြင်ပေါ်တွင် ပိုက်စိပ်တိုက် ရှာဖွေနေကြသူများသည်လည်း မကြာခင် တပ် ခေါက်ကြ ရပေတော့မည်။
အမြင့်ဆုံး ဒီရေ သည် ယနေ့ည ခုနှစ်နာရီတွင် တက်မည်ဖြစ်သည်။
ထိုသို့ ဒီရေအမြင့်ဆုံးတက်သည့် အချိန်တွင်ကလေးနှစ်ယောက် ကို လသာဆောင်ပေါ်သို့ ခေါ်သွားရမည်။
လသာဆောင် ဟု ခေါ်သော်လည်း တကယ်တော့ ကြွက်လျှောက်တန်း သဘောမျိုးဖြစ်သည်။
ဒီရေအမြင့်ဆုံးအချိန်တွင် ဒေါသကြီးနေသည့် လှိုင်းတို့ သည် သူနေနေသည့် ရှုခင်းသာအိမ် ကြီး၏ အောက်ခံအုတ်ဖိနပ် ကို တ၀ုန်း ၀ုန်းလာရောက် တိုက်ခိုက်နေမြဲ ဖြစ်သည်။
ဒီလှိုင်းတို့သည် ရှုခင်းသာ၏ အုတ်ဖိနပ်ကို တအားတိုက်ခိုက်ပြီး ရေမျက်နှာပြင်အောက် ရေစီး ကြောင်း က ပင်လယ်တွင်း သို့ ပြန်ဆွဲယူသွားမြဲ ဖြစ်သည်။
ထိုသို့သော အချိန်အတိအကျ မှာ ကလေးနှစ်ယောက် ကို ပစ်ချလိုက်ရမည်ဖြစ်လေသည်။
ဟောဒီ အပေါ်က-အောက်မှာရှိသည့် ဒီလှိုင်းများပေါ်သို့ ကလေးနှစ်ယောက် ကို ပစ်ချလိုက်ရမည်။
သူတို့၏အလောင်း များသည် ရက်သတ္တပတ်ပေါင်းအတော်ကြာအောင် ကမ်းဆီသို့ ပြန်ရောက် လာဦးမည် မဟုတ် ။
အကယ်၍ ရက်သတ္တပတ် အတော်များများ မကြာဘဲ ရက်အနည်း ငယ်အတွင်း အလောင်းများကို တွေ့မည်ဆိုလျှင်လည်း လိုအပ်သည်များကို သူ ကြိုတင် စီစဉ်ထားပြီး ဖြစ်လေသည်။ ကလေးများ ကို နွားနို့ နှင့် ဘီစကစ် မုန့်သာ ကျွေးထားသည်။
ဒါလောက်တော့ သူ့ဘက်က သတိရှိဖို့လိုသည်။
သူတို့ အလောင်းများကို တွေ့လျင် ခွဲစိတ်စစ်ဆေးမည်။ ထိုအခါ သဲလွန်စ တစ်စုံတစ်ရာကို တွေ့ သွား ၍ မဖြစ်။
သူ တစ်ချက် ရယ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့မှာအချိန် ငါးနာရီရှိနေသေးသည်။
အလွန်တန်ဖိုးကြီးပြီး ရှည်လျားသည့် အချိန်များ ဖြစ်သည်။
နန်စီ ၏ အိမ်နားတွင် ဆလိုက်မီးကြီးတွေ ဆင်နေကြသည်။
မှောင်လာသောအခါ ထိုမီးမောင်းကြီးများနှင့် ရေကန်ထဲမှာ သူတို့ ရှာဖွေရေး လုပ်ကြမည့် သဘော ဖြစ်သည်။
ထိုသို့သော် လှုပ်ရှားမှုများကို သူ့အနေဖြင့် သည် နေရာမှနေ၍ စိမ်ပြေနပြေ ကြည့်နေနိုင်မည် ဖြစ်သည်။
ငါးနာရီလုံးလုံး ကလေးများနှင့် အတူနေရမည်။ နန်စီ၏ ကလေးများနှင့် သူ အတူနေခွင့်ရမည်။
ကလေးများအကြောင်းကို စဉ်းစားသည်။
ယောက်ျားလေး အကြောင်း အရင်စဉ်းစားသည်။
အလွန်လှပသည့်သား ယောက်ျားလေးဖြစ်သည်။ အသားအရေက အလွန်တစ်ရာ နူးညံ့သည်။ ကိုယ်လုံး ကိုယ်ထည် တည်ဆောက်ပုံကလည်း အပြစ်အနာအဆာမရှိ။ သေသေသပ်သပ် ရှိသည်။
သမီးလေး..
နန်စီနှင့် ချွတ်စွတ်တူသည်ဟု ဆိုရမည်။
ပိုးသားလို နူးညံ့ပြီးအလွန်လှပသည့်ဆံ ပင်၊ သေးငယ်ပြီး ပုံပန်းကျလှသည့် နားရွက်အစုံ-
ပြတင်းပေါက်တွင် ရပ် နေရာမှဖြုန်းခနဲ နောက်သို့ သူပြန်လှည့်လိုက်သည်။
ကလေးနှစ်ယောက်သည် ကွပ်ပျစ်ပေါ်တွင် အိပ်ပျော်နေကြသည်။
နွားနို့ထဲမှာ အိပ်ဆေးထည့်ပြီး တိုက်ထားသောကြောင့် အိပ်ပျော်နေကြခြင်း ဖြစ်သည်။
ယောက်ျားလေးက သူ့င်္ညီမလေးကို အကာအကွယ် ပေးသည့်သဘောမျိုးဖြင့် လက်နှင့် သိုင်းဖက် ထားသည်။.
သို့သော်လည်း မိန်းကလေးကို သူကောက်ချီင်္လိုက်သောအခါ ယောက်ျားလေးက နည်းနည်းမှ မလှုပ်ပေ ။
သမီးလေးကို အိပ်ခန်းထဲသို့ ပွေ့ယူသွားရမည်။ အိပ်ရာပေါ်မှာချရမည်။ ကိုယ်ပေါ်မှ အ၀တ်အစား ကလေး များကို ချွတ်ရမည်။
သမီးလေး ကို သူဂရုတစိုက်ပွေ့သည်။
အိပ်ခန်းထဲသို့ ယူခဲ့သည်။ တုတ်တုတ်မှ မလှုပ်ဘဲ အိပ်မောကျနေသည်။ အိပ်ရာပေါ် အသာချသည်။
ပြီးတော့ ရေချိုးခန်းထဲသို့ သူဝင်ခဲ့သည်။
ရေချိုးကြွေဇလုံထဲသို့ ရေဖြည့်သည်။ ရေနွေးနှင့် စပ်သည်။ အပူအအေးကို စမ်းကြည့်သည်။
လိုသလောက် အပူချိန်ရအောင် စပ်ယူသည်။
သေချာအောင် တစ်ကြိမ်ထပ်စမ်းကြည့်သည်။ လိုချင်သည်ထက် နည်းနည်းတော့် ပိုပူနေသည်။
သို့သော်လည်း ရာဦဥတုက အေးလွန်းသောကြောင့် ခဏချင်းမှာပင် အေးသွားပေလိမ့်မည်။
အသက်ကို သူဝအောင်ရှူသည်။
သူသက်သက်အချိန်ဖြုန်းနေခြင်း ဖြစ်သည်။
ဆေးဗီိရိုတံခါး ကို ခပ်မြန်မြန်ဖွင့်သည်။ ဘေဘီပေါင်ဒါဘူးကို ယူသည်။
မနက်တုန်းက ၀စ်ဂင်တို့၏ ဈေးဆိုင်မှ သူအလစ်သုတ်လာခဲ့သော ပေါင်ဒါဘူးဖြစ်သည်။
ဗီရိုတံခါး ပြန်ပိတ်မည် အလုပ်တွင် ရာဘာနှင့်လုပ်ထားသော ဘဲရုပ်ကလေးကို မြင်သည်။
ထိုဘဲရုပ်ကလေးကို သူမေ့နေသည်။ ဟိုတစ်ခါတုန်းကလည်း ဘဲရုပ်ကလေးကိုပင် သူအသုံး ပြုခဲ့ဖူ သည်။
သူခပ်သာသာတစ်ချက်ရယ်သည်။
ဘဲရုပ်ကလေးကို လှမ်းယူသည်သည်။ ရေချိုးကြွေဇလုံထဲသို့ ပစ်ထည့်လိုက်သည်။
ရေပေါ်မှာ ပေါ်လောပေါ်ပြီး မျောနေသည်။
တစ်ခါတစ်ရံကျတော့ ကလေးတို့၏ အာရုံကိုလွဲပြောင်းရန် အလွန်ကောင်း သော ပစ္စည်းဖြစ် သည်။
ဘေဘီပေါင်ဒါဘူးကို တင်းတင်းဆုပ်ပြီး အိပ်ခန်းထဲသို့ သူခပ်သွက်သွက် ပြန်ဝင်လာသည်။
မစ်စီ ၏ အင်္ကျီ မှ ကြယ်သီးများကို ဖြုတ်ကာ ကလေး၏ ကိုယ်ပေါ်မှ ဆွဲချွတ်လိုက်သည်။
အတွင်းခံ အင်္ကျီကလေး ကိုပါချွတ်သည်။
သူ သက်ပြင်းချသည်။
သက်ပြင်းချသံသည် ကျယ်လောင်သွားသည်။ ညည်းထွားသည့် အသံမျိုးထွက်သွား သည်။
ပြီးတော့ မစ်စီ ကို ကောက်ပွေ့လိုက်သည်။ ပျော့ခွေနေသော ကိုယ်လုံးကလေးကို ဖက်ထားသည်။
သုံးနှစ်သမီးလေး ဖြစ်သည်။ အလွန်လှပ သည့် အသက်ဖြစ်သည်။
မစ်စီ၏ကိုယ်လုံးကလေး လူးလွန့်လာသည်။ မျက်လုံးများဖြည်းဖြည်းချင်း ပွင့်လာသည်။
"မာမီ...မာမီ"
အလွန်အားနည်းသည့် လေသံကလေး...
လေးလေး တွဲ့တွဲ့ ငိုသည်။
အလွန် ချစ်စရာ ကောင်း သည်။
အလွန် တန်ဖိုးကြီးမားသော အသံကလေးဖြစ်သည်။
တယ်လီဖုန်းခေါင်းလောင်းမြည်သည်။
ဒေါသတကြီးဖြင့် ကလေးလေးကို တင်းတင်းကျပ်ကျပ်ကြီး သူဖက်ထားလိုက်မိလေသည်။
မက်စီ က စတင်ငိုကြွေးသည်။
မျှော်လင့်ချက် ကင်းမဲ့သော အိပ်ချင်မူးတူး နိုင်သော ငိုသံပေါ်ထွက်လာသည်။
မြည်နေသော တယ်လီဖုန်းခေါင်းလောင်းကို သည်အတိုင်းဆက်မြည်နေစေသည်။
သူ့ဆီသို့ တယ်လီဖုန်းမလာ။
ဘယ်တုန်းကမှ မလာ။
ဆက်မည့်သူ တစ်ယောက်မှမရှိ။
ယခုဘာကြောင့် တယ်လီဖုန်း ခေါင်းလောင်း မြည်သနည်း။
ဘယ်သူက ဆက်သနည်း။
သူ့မျက်လုံးများ ကျဉ်းသွားသ ည်။
မြို့တော်ကော်မတီ က သူ့ကို ဖုန်းဆက်ခြင်း ဖြစ်နိုင်သည်။
ပျောက်နေသည့် ကလေးများကို ရှာဖွေရာတွင် စေတနာ့ဝန်ထမ်း ပါဝင်ပူးပေါင်း ရှာဖွေပေးရန် သူ့ကို မေတ္တာ ရပ်ခံခြင်း ဖြစ်နိုင်သည်။
သည်အတိုင်းဆိုလျှင် အဖြေပြန်ပေးလိုက်ခြင်းက ပိုကောင်းမည်။
မဖြေဘဲ နေလျှင် သင်္ကာမကင်း ဖြစ်သွားနိုင်သည်။
မက်စီကို အိပ်ရာပေါ်သို့ ပြန်တင်သည်။ အိပ်ခန်းတံခါးကို သေချာအောင် ဂရုတစိုက်ပိတ်သည်။
ဧည့်ခန်း ထဲသို့ သွားပြီး ဖုန်းကို ကောက်ကိုင်သည်။
"အမိန့်ရှိပါ"
အသံကို ပုံမှန်ဖြစ်အောင် ကြိုးစားပြီးပြောသည်။
"မစ္စဘာပါးရစ် ရှင့်ကို အနှောင့်အယှက် ပေးသလိုတော့ ဖြစ်သွားပြီးနဲ့တူတယ်၊ ကျွန်မအဲလ်ဒရက်ခ်ျ အိမ်မြေရောင်းဝယ်ရေး ကုမ္ပဏီက ဒေါ်ရော်ဘီပါ၊ အခုလို အချိန်ကပ်ပြီး အကြောင်းကြားရတဲ့အတွက် စိတ်မကောင်းပါဘူးရှင်၊ ဒါပေမယ့် အခုမိနစ် နှစ်ဆယ်လောက်အတွင်း အိမ်ဝယ်ချင်တဲ့ လူတစ်ယောက်ကို ကျွန်မ ခေါ်လာပြီး အိမ်ပြပါရစေ၊ ရှင်အဲဒီမှာ ရှိနေဦးမှာလား၊ ဒါမှမဟုတ် ကျွန်မ တို့ဆီမှာရှိတဲ့သော့ နဲ့ ၀င်ခဲ့ရမှာလား"
အခန်း (၁၄)
ဒေါက်တာ လင်ဒန်မိုင်းလ်စ် သည် အဝေးပြေး လမ်းမကြီးပေါ်မှာနေ၍ မြို့ဝင် လမ်းပေါ်သို့ သူ့မော် တော်ကား ကို ချိုးကွေ့လိုက်လေသည်။
ဘော်စတွ န်မြို့ မှ သူကားမောင်းလာသည့် လမ်းတစ်လျှောက်လုံး သူ့ရေဒီယိုကို လုံးဝမပိတ်ဘဲ ချိုး ကွေ့လိုက်လေသည်။
အသံလွင့်ဌာန အားလုံးက နန်စီအဲလ်ဒရက်ခ်ျ၏ ကလေးများပျောက်ဆုံးနေသည့် သတင်း ကို သာ မပြတ်လွှင့်ပေးနေကြသည်။
ထိုသတင်းများ အရ ဆိုလျှင် မောရှော့ရေကန် ကို အကန့်လိုက်နေရာများ သတ်မှတ်ပြီး ရေငုပ်သမားများနှင့် ရှာဖွေနေကြကြောင်း၊ နေရာလပ်မကျန်အောင် ပိုက်စိပ်တိုက်ရှာမည်ဆိုလျှင် သုံးရက် လောက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ မောရှော့ရေကန်ကြီးမှာ ရေအောက်ကျောက်ဆောင် များထူပြောသည့် ရေကန်ဖြစ်လေသည်။
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်ကလည်း ရေအောက်ကျောက်ဆောင်များအကြောင်းကို အထူးတ လည် ရှင်းလင်းပြောပြကြောင်း သတင်းများတွင် ဖော်ပြသည်။
ရေကန်၏အချို့နေရာများသည် ရေအလွန်တိမ်ကြောင်း၊ ခါးလယ်မျှသာ ရေနက်ပြီး ကန်တစ်ဘက် ခြမ်းမှ တစ်ဘက်ခြမ်းသို့လမ်းလျှောက်သွား၍ရကြောင်း...
သို့သော်လည်း အချို့နေရာများတွင်မူ ကမ်းစပ်မှ ငါးပေမျှအကွာမှာပင် ပေလေးဆယ်လောက်နက် ကြောင်း၊ အောက်တွင်ရှိနေသည့် ကျောက်ဆောင်များသည် ရေအောက်သို့ရောက်သွားသည့် အရာ ၀တ္ထုများကို ငြိတွယ်စေနိုင်ကြောင်း...
ထို့ကြောင့် ရေငုပ်သမားများအနေဖြင့် ထိုကန်ထဲ အလောင်းရှာရသည်မှာ အန္တရာယ်ကြီးမားလှ ကြောင်းဖြင့် ရဲအရာရှိ ဂျက်ကော်ဖင်က သတင်းထောက်များကို ရှင်းပြသည်ဟု ဆိုသည်။
ရဟတ်ယာဉ်များ၊ လေယာဉ်ပျံငယ်များနှင့် ကုန်းပေါ်ရှာဖွေရေးအဖွဲ့များသည် ရှာဖွေရေးလုပ်ငန်း များကို အားတက်သရော ဆောင်ရွက်ခဲ့ကြကြောင်း...
သို့သော်လည်း မိုးလေ၀သဌာနမှ မုန်တိုင်းသတိပေးချက်ကြောင့် ရှာဖွေရေုးလုပ်ငန်းများကို ရပ် ဆိုင်းလိုက်ရပြီဖြစ်ကြောင်းဖြင့်လည်း ရေဒီယိုသတင်းများတွင် ပါလာသည်။
နန်စီအဲလ်ဒရက်ခ်ျကို ရဲစခန်းသို့ခေါ်ပြီး စစ်ဆေးမှုများပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သ တင်းကိုကြားရသည်တွင် လင်ဒန်သည် စိတ်မှတ်မထင် မော်တော်ကား လီဗာကို ခပ်နာနာကလေး ဖိနင်း ထားမိ လေသည်။
နန်စီ ထံသို့အမြန်ဆုံးရောက်မှ ဖြစ်တော့မည်ဟူသော အသိဝင်လာသောကြောင့် ဖြစ်သည်။
သို့သော်လည်း ခဏအကြာမှပင် သူ့မော်တော်ကား၏အရှိန်သည် အန္တရာယ်ဖြစ်လောက်အောင် မြန်နေကြောင်း သတိထားမိသဖြင့် လီဗာပေါ်မှ ခြေထောက်ကိုကြွလိုက်ရလေသည်။
ရှေ့လေကာမှန်ပေါ်သို့ မိုးသီးများကျရောက်မှုမှာ အရမ်းသိပ်သည်းလာသည်။
မိုးသီးများအရည်ပျော်စေသည့် ကိရိယာကလည်း ကောင်းစွာမနိုင်တော့ချေ။
ထို့ကြောင့် ရှေ့ဘက်ကို အတော်အားစိုက်ကြည့် သတိကြီးစွာ ထား၍မောင်းနှင်နေရသည်။
နောက်ဆုံးတွင် ကိပ်ကော့ သို့ ရောက်လာသည်။
နန်စီတို့နေသည့် လမ်းအတိုင်း ကားမောင်းလာသည်။
နန်စီတို့အိမ်ကို ခက်ခက်ခဲခဲ ရှာမနေရပါ။
အိမ်တစ်အိမ်၏ပတ်လည်တွင် လူတွေ၊ ကားတွေ ပျားပန်းခတ် လှုပ်ရှားနေကြသည်။
ရုပ်မြင်သံကြားမော်တော်ကား တစ်စီးက ထိုအိမ်နှင့် မလှမ်းမကမ်းမှာ ရပ်ထားသည်။
ထိုကားရှေ့တွင် ရဲကားနှစ်စီး ရပ်ထားသည်။
ကိုယ်ပိုင်ကားများက တစ်ဘက်ဘေးတွင် တန်းစီရပ်နေကြသည်။
သတင်းထောက်များ၊ သတင်းဌနများနှင့် သတင်းစာတိုက် အမှတ်အသားပါသည့် ကားများကို လည်းတွေ့ရသည်။
ထို့ကြောင့် မည်သည့်နည်းနှင့်မှ အိပ်မမှား နိုင်ကြောင်းလင်ဒန်အလိုလို သိပါသည်။
ခြံထဲသို့ ချိုးဝင်လာသောအခါ စက်ဝိုင်းခြမ်းပုံ ကားလမ်းကလေးတွင် ရဲကားတစ်စီးက ပိတ်ရပ်ထား သည်ကိုတွေ့ရသည်။
လင်ဒန်က ကားရပ်ပြီး ရဲသားတစ်ယောက် အလာကိုစောင့်နေလိုက်သည်။
ခဏကြာတော့ ရဲသားတစ်ယောက်ရောက်လာသည်။
လင်ဒန် ကို လေသံမာမာဖြင့် မေးသည်။
"ဘာကိစ္စရှိလို့ လာတာလဲ"
ထိုသို့သော မေးခွန်းမျိုးနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရာရှိကြေင်း လင်ဒန်ကလည်း ကြိုတင်တွက်ဆထား ခဲ့သည်။
ထို့ကြောင့် သူ၏လိပ်စာကတ်ပြားပေါ်တွင် စာတိုလေးတစ်ခုကို စောစောကတည်းက သူအဆင်သင့် ရေးထားခဲ့သည်။
ထိုကတ်ပြားကို ရဲသားအား လှမ်းပေးလိုက်သည်။
"မစ္စက်အဲလ်ဒရက်ခ်ျကို ဒီကတ်ပြားလေး တဆိတ်လောက်သွားပေး ပေးပါ"ဟု ပြောသည်။
ရဲသားမှာ ဇဝေဇ၀ါ ဖြစ်သွားသည်။ ခဏကြာအောင် ဘာဆက်လုပ်ရမှန်း မသိအောင် ကြောင် နေသည်။
"ခဏလေးစောင့်ပါ ဒေါက်တာ၊ ကျွန်တော် သွားမေးကြည့်လိုက်ပါဦးမယ်"
ရဲသားထွက်သွားသည်။
ချက်ချင်းဆိုသလိုပင် သူပြန်ရောက်လာသည်။
စောစောက မာရေကျောရေနိုင်လှသော်လည်း အခု လေသံ ပျော့ပျောင်းသွားသည်။
"ကျွန်တော်တို့ကား ဖယ်ပေးပါ့မယ် ခင်ဗျာ။ ရှေ့နားမှာ ဒေါက်တာရဲ့ကားကို သွားရပ်ထားပြီး အိမ်ထဲကို ၀င်သွားနိုင်ပါတယ်"
သူတို့အဖြစ်ကို စောင့်ကြည့်နေကြသည့် သတင်းထောက်များက လင်ဒန်ကို မည်သူမည်ဝါဖြစ်ကြောင်း သိသွားကြသည်။
ထို့ကြောင့် သူ့ဆီသို့ ပြုံပြေးလာကြသည်။
ကားပေါ်မှ သူ အဆင်းတွင် သတင်းထောက်တစ်ယောက်က မိုက်ကရိုဖုန်းကို သူ့မျက်နှာရှေ့သို့ ထိုး ပေးလိုက်ပြီး စတင် မေးမြန်းလေတော့သည်။
"ဒေါက်တာမိုင်းလ်၊ ကျွန်တော်တို့ မေးခွန်းနည်းနည်းပါးပါးလောက် မေးနိုင်ပါသလား ခင်ဗျာ"
သို့သော်လည်း ဒေါက်တာလင်ဒန်မိုင်းလ်စ်၏အဖြေကို သူ စောင့်မနေပါ။
"ဒေါက်တာဟာ ဟားဗက်ဆေးတက္ကသိုလ်က အင်မတန် ကျော်ကြားတဲ့စိတ်ရောဂါ အထူးကုဆရာဝန် ကြီးဖြစ်ကြောင်း ကျွန်တော်တို့ သိပါတယ်။ အဲဒရက်ခ်ျမိသားစုက ဒေါက်တာကို ပင့်လို့ အခုလို ရောက် လာတာပါလား"
"ဘယ်သူမှ မပင့်ဘူး"
လင်ဒန်က တုံးတိတိဖြင့် ခပ်ဆတ်ဆတ်ပြန်ဖြေသည်။
"ကျုပ်ဟာ မိတ်ဆွေတစ်ယောက်ပဲ၊ မစ္စက်အဲလ်ဒရက်ခ်ျအမေရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့တယ်၊ ဒါ ကြောင့် မိတ်ဆွေတစ်ယောက်အနေနဲ့ ကျုပ် ဒီကိုလာတာပဲ။ တခြား ဘာအကြောင်းမှမရှိဘူး"
သူက အိမ်ဆီသို့ ဆက်သွားဖို့ကြိုးစားသည်။ သို့သော်လည်း သတင်းထောက်များက သူမသွားနိုင် အောင် ပိတ်ဆို့ရပ်နေကြသည်။
"ဒေါက်တာဟာ နန်စီအဲလ်ဒရက်ခ်ျအမေရဲ့မိတ်ဆွေ ဖြစ်ကြောင်း ဒေါက်တာ ပြောလို့သိရပါပြီ။ ဒါဆိုရင် ကျွန်တော်တို့ကို တစ်ခုလောက် ပြောပြပါ ခင်ဗျာ၊ နန်စီဟာမွန် အဲလ်ဒရက်ခ်ျဟာ ဒေါက်တာရဲ့လူနာ ဖြစ်ဖူးပါသလား"
"ဘယ်တုန်း က မှ မဖြစ်ဖူးဘူး"
ဒေါသတကြီး ဖြေပြီး သတင်းထောက်များကြားမှ ဆောင့်တိုးထွက်လာခဲ့သည်။
အိမ်ဆင်ဝင်အောက်သို့ ရောက်သည်။
အခြားရဲသားတစ်ယောက်က အိမ်အ၀င်တံခါးမကြီးကို အဆင်သင့် ဖွင့်ပေးထားသည်။
"အထဲကို ကြွပါ ဒေါက်တာ"
ညာဘက်မှာရှိသော အခန်းတစ်ခန်းကို ရဲသားက ညွှန်ပြသည်။
မီးလင်းဖိုနားမှာ နန်စီအဲလ်ဒရက်ခ်ျ ရပ်နေသည်။
သူ့ဘေးမှာ အရပ်မြင့်မြင့် လူငယ်တစ်ယောက် ရပ်နေသည်။
သူ့ယောက်ျားဖြစ်ကြောင်း သံသယဖြစ်စရာမလိုပါ။
နန်စီကို လင်ဒန် သိခဲ့ဖူးသလိုလို ဖြစ်နေသည်။
အမှန်တော့ အမေတူသမီးမို့ ထိုသို့ ထင်မိခြင်းဖြစ်သည်။
ဖြောင့်တန်းပေါ်လွင်သည့် နှာတံ၊ အပြာရောင် မျက်လုံးကျယ်ကြီးများ၊ ထူထဲသည့် မျက်တောင်များ သည် သူ့အမေ ပရစ်စီလာနှင့် တစ်ပုံတည်း ဖြစ်နေချေသည်။
အနားမှာရှိသော ရဲအရာရှိက သူ့ကို မကျေမနပ် ကြည့်နေသည်။
ပြတင်းပေါက်နားမှာ ရပ်နေသော ယောက်ျားတစ်ယောက်ကလည်း လင်ဒန်ကို အကဲခတ်ကြည့်နေ သည်။
လင်ဒန်က သူတို့နှစ်ယောက်ကို ဂရုစိုက်မနေတော့ဘဲ မီးလင်းဖိုနားရှိ နန်စီဆီသို့ တိုက်ရိုက်သွားသည်။
"ဟိုတုန်းကတည်းက ငါ ရောက်အောင်လာဖို့ကောင်းတယ်"
လင်ဒန်က နန်စီကို ပြောသည်။
နန်စီ၏မျက်လုံးများ ကြောင်နေသည်။
သို့သော်လည်း လင်ဒန် ဘာကိုဆိုလိုကြောင်းတော့ သူ နားလည်ပါသည်။
"မေမေဆုံးတုန်းက ရှင်လာမယ်လို့ ကျွန်မ ထင်နေခဲ့တယ်"
နန်စီက ပြန်ပြောသည်။
"ရှင် လာမှာပဲလို့ ကျွန်မ သေချာပေါက် ထင်ထားခဲ့တယ်၊ ဒါပေမယ့် ရှင် ရောက်မလာဘူး"
လင်ဒန် က နန်စီကို မသိမသာ လေ့လာကြည့်သည်။
အတွေ့အကြုံ အလွန်ရင့်ကျက်နေသည့် မျက်လုံးများက နန်စီ အဘယ်မျှ တုန်လှုပ်ချောက်ချားနေ ကြောင်း ကို အလွယ်တကူ မြင်တွေ့လိုက်ရလေသည်။
မျက်စိသူငယ်အိမ်က ကျယ်လွန်းနေသည်။
ကိုယ်လုံးက တောင့်တောင့်ကြီး ဖြစ်နေသည်။
လေသံက အတက်အကျမရှိဘဲ တပြေးညီ ဖြစ်နေသည်။
ထိုအရာများသည် တုန်လှုပ်ချောက်ချားမှု၏ လက္ခဏာများဖြစ်သည်။
ရေးကို သူ လှည့်ကြည့်သည်။
"ဖြစ်နိုင်မယ့် နည်းလမ်းရှိမယ်ဆိုရင် ကျုပ် ကူညီချင်ပါတယ်"ဟု ပြောသည်။
ရေးက သူ့ကို သေသေချာချာ အကဲခတ် ကြည့်သည်။ အကဲခတ်နေရင်းမှာပင် သူ အလိုလို သဘောကျ သွားပါသည်။
"ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ ဒီလိုဆိုရင် ခရိုင်ရဲအရာရှိကို တစ်ခု ဖျောင်းဖျပေးပါ။ နန်စီကို ရဲစခန်း ခေါ်သွားပြီး စစ်မယ်လို့ ပြောနေပါတယ်။ အဲဒီလိုလုပ်လိုက်ရင် နန်စီရဲ့အခြေအနေဟာ ပိုဆိုးသွားနိုင်ပါ တယ်"
နန်စီက လင်ဒန်၏မျက်နှာကို စိုက်ကြည့်နေသည်။
သို့သော်လည်း သူ့စိတ်အာရုံထဲမှာ ဘာမှမရှိ။ သူ့အာရုံများက အဝေးသို့ လွင့်နေသည်။
ယခု လင်ဒန်ကိုကြည့်နေဆဲမှာပင် သူ့အာရုံများသည် ပို၍ ပို၍ ဝေးသောနေရာသို့ ပြေးသွားနေကြ သည်။
ခဏနေတော့ လင်ဒန်ဆီသို့ ပြန်ရောက်လာပြန်သည်။
ဒေါက်တာလင်ဒန်မိုင်းလ်စ်သည် တစ်စုံတစ်ခုတော့ တစ်စုံတစ်ခုပဲ ဆိုသည်ကို အလိုလိုသိနေသည်။
သူ့အမေ က လင်ဒန်ကို အရမ်းသဘောကျခဲ့သည်။
သူ့အကြောင်းရေးသော အမေ၏စာများသည် အလွန်တစ်ရာ ပျော်ရွှင်တက်ကြွနေတတ်သည်။
ပြီးတော့ မကြာခဏလည်း သူ့အကြောင်း ထည့်ရေးသည်။ နောက်ပိုင်းတွင် စာတိုင်း၌ လင်ဒန်အ ကြောင်း ပါလာသည်။
နန်စီနေသည့် ကောလိပ်သို့ အမေ ရောက်လာတုန်းက ဒေါက်တာ လင်ဒန်မိုင်းလ်စ်သည် အမေ့အတွက် ဘယ်လောက်များ အရေးကြီးပါသလဲဟု သူ မေးကြည့်ခဲ့ဖူးသည်။
အမေက ပြုံးပြီး ရိုးရိုးကလေးပြန်ဖြေသည်။
"အိုး… အရမ်းကြီးကို အရေးကြီးတာပေါ့ သမီးရယ်။ နောက်မှပဲ မေမေ အသေးစိတ်ပြောပြတော့မယ် နော်"
ထိုအကြောင်းများကို သူ ထင်ထင်ရှားရှား ပြန်သတိရနေသည်။
ဒေါက်တာမိုင်းလ်စ်ကို သူ အရမ်းတွေ့ချင်နေခဲ့သည်။
မေမေ မော်တော်ကားမှောက်ပြီး ကွယ်လွန်ကြောင်း သတင်းကိုကြားရလျှင် မိမိထံသို့ သူ ဖုန်းဆက်မည် မုာ မလွဲဟု သူ သေချာပေါက် တွက်ထားခဲ့သည်။
ထိုအချိန်တုန်းက မေမေနှင့်ရင်းနှီးသူ တစ်ယောက်ယောက်နှင့် အရမ်းစကားပြောချင်ခဲ့သည်။
"မေမေ့ကို ရှင် ချစ်ခဲ့တယ်၊ ဟုတ်ပါတယ်နော်"
သူ့နှုတ်ဖျားမှ ထိုမေးခွန်းထွက်သွားသည်။ သို့သော်လည်း ထိုသို့ မေးလိုက်မိကြောင်း သူသတိမထားမိ။
တမင်ရည်စူးပြီး မေးလိုက်ခြင်းလည်း မဟုတ်။
ဇာတိစိတ်က မေးလိုက်ခြင်းသာ ဖြစ်လေသည်။
"ဟုတ်တယ် ချစ်ခဲ့တယ်၊ မင်းအမေကို ကျုပ် အရမ်းချစ်ခဲ့တယ်၊ ကျုပ်အကြောင်းတွေ မင်းအမေက မင်း ကို ပြောပြထားတာ ကျုပ် မသိခဲ့ဘူး။ ကျုပ်ကို မင်း စိတ်ဆိုးနေတယ်လို့ ထင်ခဲ့မိတယ်။ မင်းကို အဲဒီ တုန်းက ကျုပ် အကူအညီပေးခဲ့ဖို့ ကောင်းတယ်"
"ကျွန်မကို အခု ကူညီပါ"
လင်ဒန်က နန်စီ၏လက်ကို ဆွဲယူဆုပ်ကိုင်သည်။ လက်များသည် ရေခဲတုံးလို အလွန်အကျွံ အေးစက် နေသည်။
"ကျုပ် ကြိုးစားပြီး ကူညီမယ် နန်စီ၊ မင်းကို ကျုပ် ကတိပေးပါတယ်"
နန်စီ၏ကိုယ်လုံးကလေးမှာ ရုပ်ခြည်း ပျော့ခွေသွားလေသည်။
ရေးက သိမ်းဖက်ပြီး ထိန်းထားလိုက်ရသည်။
ရေးအဲလ်ဒရက်ခ်ျဖြစ်နေသည့် အမူအရာကို လင်ဒန် သဘောကျသည်။
ပူပန်သောကကြောင့် မျက်နှာအပျက်ကြီး ပျက်နေသည်။ သို့သော်လည်း သူ့စိတ်ကို သူ နိုင်အောင် ထိန်းထားသည်။
သူ့မိန်းမကို ဆက်ဆံပုံမှာ ဘာမဆိုရှေ့ကနေပြီး မားမားမတ်မတ်ရပ်တည်မည့် အမူအရာအပြည့်ပါ သည်။
စိတ်လှုပ်ရှားတတ်သည့် လူမျိုးတော့ မဟုတ်ပေ။
ဆိုဖာတစ်လုံးဘေးရှိ စားပွဲပေါ်မှာ ဘောင်သေးသေးတပ်ထားသည့် ဓာတ်ပုံတစ်ပုံကို လင်ဒန် သတိ ထားမိသည်။
ကလေးနှစ်ယောက် ကို ရေးက ဖက်ထားသည့် ဓာတ်ပုံဖြစ်သည်။
အိမ်ပြင်တစ်နေရာရာမှာ ရိုက်ကူးထားသည်။
ပျောက်ဆုံးနေသည့် ကလေးများပင် ဖြစ်ရပေမည်။
မှန်ပါသည်။
ဘယ်လောက် ရုပ်ရည်သန့်ပြန့်သည့် မိသားစုပါလဲဟု စိတ်ထဲမှာ ကျိတ်တွေးကြည့်နေမိသည်။
သည်အခန်းထဲမှာ နန်စီ၏ဓာတ်ပုံတစ်ပုံမှ မရှိပုံကလည်း အတော်တော့ စိတ်ဝင်စားစရာကောင်းသည်။
နန်စီသည် ဓာတ်ပုံအရိုက်မခံသော မိန်းကလေးများဖြစ်လေသလားဟု သူ တွေးကြည့်နေသည်။
"နန်စီ သက်သက်သာသာကလေး နားနေလိုက်နော်"
ရေးက နန်စီကို ဆိုဖာပေါ်သို့ တင်ပေးသည်။
သူ လုပ်လိုက်ပေးနေပုံမှာ ညင်သာလွန်းလှသည်။ တယုတယရှိသည်မှာ ထင်ရှားနေသည်။
"အဲ ဟုတ်ပြီ။ အဲဒီလို နေလိုက်တော့ သက်သာသွားတာပေါ့"
နန်စီကလည်း ကျိုးနွံစွာဖြင့် သူ ပြောသမျှကို နားထောင်သည်။
ကိုယ်ကလေးကို ဆိုဖာနောက်မှီမှာ မှီသည်။
နန်စီ၏မျက်လုံးများက စားပွဲပေါ်ရှိ ရေးနှင့် ကလေးနှစ်ယောက်တို့၏ဓာတ်ပုံဆီသို့ ရောက်သွားသည်ကို လည်းကောင်း၊ ပြီးတော့ စိတ်ထိခိုက်စွာဖြင့် မျက်လုံးမှိတ်ပစ်လိုက်သည်ကို လည်းကောင်း လင်ဒန်က မျက်ခြည် မပြတ် ကြည့်ပြီး အကဲခတ်နေသည်။
နန်စီ သည် မျက်လုံးများကို မှိတ်လိုက်ပြီး ဆိုဖာပေါ်မှာ ခေါင်းမှီချလိုက်သည်။
သူ့တစ်ကိုယ်လုံးမှာ တဆတ်ဆတ်တုန်ယင်နေလေသည်။
"မီးလင်းဖိုထဲ မှာ မီးထပ်ထည့်လိုက်ရင် ကောင်းမယ်ထင်တယ်"
လင်ဒန် က ရေးကို ပြောသည်။
ပြီးတော့ အနားမှရှိသော ထင်းထည့်ထားသည့် တောင်းထဲမှ ခပ်ရွယ်ရွယ်ထင်းတုံးတစ်တုံးကိုယူပြီး မီးဖို ထဲ ထည့် လိုက်သည်။
အောက်က မီးကို ဆွပေးလိုက်သောအခါ မီးတောက်တက်လာသည်။
ရေး က ဂွမ်းစောင်တစ်ထည်ကို နန်စီ၏ကိုယ်ပေါ်မှာ ပတ်ပေးနေသည်။
"မင်း အရမ်းအေးနေပြီကွယ်"
နှုတ်မှလည်း ပြောသည်။
နန်စီ ၏ မျက်နှာကလေးကို သူ့လက်နှစ်ဘက်ထဲမှာ ထည့်ထားသည်။
မျက်နှာကလေး ကို စိုက်ကြည့်နေသည်။
နန်စီက မျက်လုံးများ မှိတ်ထားသည်။ ထိုမျက်လုံးများမှ မျက်ရည်များ စီးကျနေသည်။
"ရေး နန်စီ ရဲ့ဥပဒေအကျိုးဆောင်အဖြစ် ငါ တာဝန်ယူဖို့ မင်း ခွင့်ပေးမှာလား"
ဂျိုနသန် ၏ အသံက ရုတ်တရက် စူးစူးရှရှ ပေါ်ထွက်လာသည်။
သူ မေးပုံ မှာ ပိုင်စိုးပိုင်နင်းလည်း နိုင်သည်။
အခန်းထဲမှာ ရှိသူအားလုံးက သူ့ကို ၀ိုင်းကြည့်ကြသည်။ သူကလည်း လူတိုင်း၏ လူတိုင်း၏အကြည့်ကို ရဲရဲတင်းတင်း ပြန်ရင်ဆိုင်သည်။
"ငါဟာ အတွေ့အကြုံ အင်မတန် ရင့်ကျက်ပြီး အရည်အချင်း တကယ်ရှိတဲ့ ဥပဒေအကျိုးဆောင်တစ် ယောက်ဖြစ်ကြောင်း မင်းကို အာမခံပါတယ်"
ဂျိုနသန်က ခြောက်ကပ်ကပ် လေသံဖြင့် ဆက်ပြောသည်။
"ဥပဒေ အကျိုးဆောင်…"
နန်စီ က လေသံတိုးတိုးကလေးဖြင့် ရေရွတ်ကြည့်နေသည်။
လွန်ခဲ့သည့်တစ်ချိန်တုန်းက သူ မြင်တွေ့ခဲ့ဖူးသော သွေးရောင်ပျောက်ပြီး အထိတ်တလန့် ဖြစ်နေသည့် ဥပဒေ အကျိုးဆောင်တစ်ယောက်၏မျက်နှာကို သူ့မျက်စိထဲမှာ ပြန်မြင်ယောင်လာသည်။
ဒုမ်းစ်…
ထိုသူ၏နာမည်ဖြစ်သည်။
နာမည် အပြည့်အစုံမှာ ဂျိုးဇက်ဒုမ်းစ် ဖြစ်သည်။
ထိုဥပဒေအကျိုးဆောင် ဂျိုးဇက်ဒုမ်းစ်က သူ့ကို အနားကပ်ပြီး တတွတ်တွတ်ပြောခဲ့ဖူးသည်။
"ဘာပဲဖြစ်ဖြစ် ငါ့ကိုတော့ အမှန်အတိုင်း မင်း ဖွင့်ပြောမှဖြစ်မယ်။ မင်းကို ကူညီနိုင်ဖို့ ငါ့ကို မင်းယုံကြည် မှဖြစ်မယ်၊ ယုံယုံကြည်ကြည်နဲ့ အမှန်အတိုင်း ဖွင့်ပြောမှ မင်းကို ငါ ကယ်နိုင်မယ်"
သူ၏ဥပဒေအကျိုးဆောင် ကိုယ်တိုင်ကလည်း နန်စီအပေါ် ယုံကြည်မှုမရှိခဲ့ပေ။
သို့သော်လည်း ဂျိုနသန်းနိုးလ်စ် ကတော့ တစ်မျိုးဖြစ်ပါသည်။
ဟိုတုန်းက တွေ့ခဲ့သည့် ဥပဒေအကျိုးဆောင် ဂျိုးဇက်ဒုမ်းစ်နှင့် ဘာမှမဆိုင်ပါ။
ကိုယ်လုံးကိုယ်ထည် ထွားထွားကျိုင်းကျိုင်းနှင့် သဘောကောင်းပြီး ဖော်ရွေသောဂျိုနသန်ကို နန်စီ သဘော ကျ သည်။
ခင်လည်း ခင်သည်။
သူ့ကို စကားပြောပုံ၊ အရေးတယူရှိပုံများကို နန်စီ သဘောကျလေသည်။
လိုဝါရီဆိုင်မှာ ကြုံခဲ့ရပုံမျိုး ဆိုပါတော့။
လွန်ခဲ့သည့် နှစ်ပတ်လောက်တုန်းက သူတို့သားအမိ လိုဝါရီဆိုင်သို့ ဈေးသွားဝယ်ခိုက် စည်သွတ်ဘူး အပုံကြီး ကို မိုက်ကယ်၏လက်ဖြင့် မတော်တဆတိုက်မိပြီး အပုံကြီးပြိုကျသွားခဲ့သည်။
ထိုအခါ အနားတွင်ရှိသော ဂျိုနသန်သည် သူတို့သားအမိနှင့်အတူ စည်သွတ်ဘူးများကို မူလပုံစံအတိုင်း ပြန်ဖြစ်အောင် ၀ိုင်းကူလုပ်ကိုင်ပေးခဲ့သည်။
မိမိကို သူခင်ကြောင်း နန်စီ အသေအချာသိပါသည်။
သူ့စိတ်ထဲက အလိုလို သိနေခြင်းဖြစ်ပါသည်။
နန်စီ က မျက်လုံးများကို ဖွင့်လိုက်သည်။
"ခွင့်ပေးလိုက်ပါ မောင်"
နန်စီက ရေးကိုကြည့်ပြီး တိုးတိုးကလေးပြောသည်။
ဂျိုနသန်က လင်ဒန်မိုင်းလ်စ်ဘက်သို့ လှည့်သွားသည်။
"ဒေါက်တာ၊ လိုအပ်တာတွေ စစ်ဆေးမေးမြန်းဖို့ မစ္စက်အဲလ်ဒရက်ခ်ျကို ရဲစခန်းခေါ်သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ခွင့်ပြုဖို့ သင့်မသင့် ဆေးဘက်ဆိုင်ရာ ထင်မြင်ချက်ကလေး သိပါရစေ"
"ဘယ်လိုနည်းနဲ့မှ ခွင့်မပြုသင့်ပါဘူး"
လင်ဒန်က ချက်ချင်းဖြေသည်။
"မေးစရာ ရှိတာ မှန်သမျှ ဒီနေရာမှာပဲ မေးဖို့ ကျုပ် တိုက်တွန်းပါတယ်"ဟုလည်း ဆက်ပြောသည်။
"ဒါပေမယ့် ကျွန်မ မမှတ်မိတော့ဘူး"
နန်စီ က ၀င်ပြောသည်။
သူ့အသံမှာ အားနည်းလွန်းလှလေသည်။
နောက်ပြီးတော့ ထိုစကားကိုပင် အကြိမ်ပေါင်းများစွာ ပြောထားပြီးဖြစ်သောကြောင့် ထပ်ပြောဖို့ စိတ် ကုန်နေသည့် အသံမျိုးလည်း ရောစွက်ပါဝင်နေသည်။
"ကလေးတွေ ဘယ်မှာရှိကြောင်း ကျွန်မ သိတယ်လို့ ရှင် ပြောခဲ့တယ်မဟုတ်လား။ ဒါပေမယ့် ဒီနေ့ မနက် မီးဖိုချောင် ထဲမှာ သတင်းစာကို မြင်လိုက်ရတဲ့အချိန်ကစပြီး သောင်ပြင်ပေါ်မှာ ကျွန်မ နာမည် ကို ရေး က ခေါ်ခဲ့ တဲ့ အချိန်အထိ ကျွန်မ ဘာကိုမှမမှတ်မိတော့ဘူး။ ဘာဆို ဘာကိုမှ မမှတ်မိတော့ပါဘူး"
လင်ဒန် ကို သူ မော့ကြည့်သည်။
သူ့မျက်လုံးများ မှိုင်းဝေနေသည်။
ငေးမိ ငေးရာ ငေးနေသည်။
"ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ ပြန်မှတ်မိအောင် ကျွန်မကို ကူညီနိုင်မလားဟင်၊ ပြန်မှတ်မိအောင် လုပ်တဲ့ နည်းလမ်း ရော ရှိရဲ့လား"
"မင်း ဘာကိုဆိုလိုတာလဲ"
လင်ဒန် က နန်စီကို ပြန်မေးသည်။
"ကျွန်မ ဆိုလိုတာက ဒီလိုလေ၊ ကျွန်မ ဘာတွေသိခဲ့တယ်ဆိုတာ၊ ဒါမှမဟုတ် ကျွန်မ ဘာတွေမြင်ခဲ့ တယ် ဆိုတာ၊ ဒါမှမဟုတ် ကျွန်မ ဘာတွေလုပ်ခဲ့မိတယ်ဆိုတာ ပြန်မှတ်မိအောင် လုပ်တဲ့နည်းလမ်းရှိသ လား ဆိုတာ ကို မေးတာပါ။ ကျွန်မ ဘာတွေဖြစ်ခဲ့တယ်ဆိုတာသိမှ ဖြစ်မယ်။ အဲဒါတွေကို ဖုံးကွယ်ထား လို့ မဖြစ်နိုင်ဘူး။ ကျွန်မကြောင့် ကလေးတွေ ဒုက္ခရောက်သွားနိုင်သလား။ ကလေးတွေ ဒုက္ခရောက် အောင် ကျွန်မ ကိုယ်တိုင် လုပ်မိခဲ့သလား။ အဲဒါတွေကိုလဲ ကျွန်မတို့သိမှ ဖြစ်တော့မယ်။ ကလေးတွေ ဘယ်ရောက် သွားပြီလဲ။ ကျွန်မ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ မြင်ခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့သလဲ၊ ဘာ တွေကြားခဲ့ သလဲ၊ အခု ဆိုရင် ကျွန်မတို့ အလကားသက်သက် အချိန်ဖြုန်းနေတာပဲ"
"နန်စီ… ကိုယ် ခွင့်မပြုနိုင်…"
ရေး သည် စကားကို ဆုံးအောင်မပြောတော့ဘဲ တစ်ပိုင်းတန်းလန်း ဖြတ်ပစ်လိုက်သည်။
နန်စီ ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။
"ဒီနေ့မနက် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ နန်စီ ပြန်မှတ်မိအောင် လုပ်လို့ရနိုင်ပါသလား ဒေါက်တာ"
ဂျိုနသန် က ၀င်မေးသည်။
"ဖြစ်နိုင်ပါတယ်။ နန်စီဟာ သတိမေ့တတ်တဲ့ ရောဂါတစ်ခု ကို ခံစားနေရတယ်။ အင်မတန်ကြီးကျယ်တဲ့ စိုးရိမ် ထိတ်လန့်စရာ ကောင်းတဲ့ အဖြစ်အပျက်ကြီးတစ်ခုခုကို ကြုံတွေ့ရပြီးတဲ့နောက်မှာ အဲဒီလို မေ့ တတ်လျော့တတ် တဲ့ ရောဂါမျိုး ခံစားရတတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ဘူး။ တချို့တလေမှာ ဖြစ် တတ်တယ်။ ရူးရူးမူးမူးဖြစ်ပြီး မေ့လျော့ခြင်းမျိုးလို့လဲ ခေါ်ပါတယ်။ ဒီလိုစိတ်ဝေဒနာရှင်မျိုးကို ဆိုဒီယမ် အမိုက်တယ် ဆိုတဲ့ ဆေးထိုးပေးလိုက်ရင် စိတ်သက်သာရာရသွားတတ်တယ်။ နောက်ပြီးတော့ သူ ဘာတွေဖြစ်ခဲ့တယ်၊ ကြားခဲ့တယ်၊ မြင်ခဲ့တယ်။ လုပ်ခဲ့တယ်ဆိုတာတွေကို ပြန်သတိရချင်ရလာတတ် တယ်"
"အဲဒီလို ဆေးထိုးပြီး ထွက်ဆိုခိုင်းတဲ့ ထွက်ဆိုချက်တွေဟာ တရားရုံးတော်မှာ သက်သေခံအရာမ မြောက် နိုင်ပါဘူး။ ဒါကြောင့် ပစ္စက်အဲလ်ဒရက်ခ်ျကို အဲဒီနည်းမျိုးနဲ့ ခင်ဗျား မေးတာမြန်းတာကို ကျွန်တော် ခွင့်မပြုနိုင်ပါဘူး"
ဂျက်ကော်ဖင် က လေသံမာမာဖြင့် ဖြတ်ပြောသည်။
"အရင် တုန်းက ကျွန်မ မှတ်ဥာဏ်သိပ်ကောင်းခဲ့ပါတယ်ရှင်"
နန်စီက သူ့ကိုယ်သူ ပြောသလိုပြောနေသည်။
"တက္ကသိုလ်မှာတုန်းက ကျွန်မတို့ကျောင်းသူတွေ မှတ်ဥာဏ်အကောင်းပြိုင်ပွဲတစ်ခု လုပ်ဖူးပါတယ်။ ကုန်လွန်ခဲ့တဲ့ရက်တွေအကြောင်း ဘယ်လောက်မှတ်မိသလဲဆိုတာ ပြိုင်ကြတာပါ။ ကုန်လွန်ခဲ့တဲ့ရက် တွေ အကြောင်း တစ်ရက်ပြီးတစ်ရက် ပြောရပါတယ်။ အဲဒီမှာ ကျွန်မက အမှတ်မိဆုံးဖြစ်ပြီး အနိုင်ရခဲ့ဖူး ပါတယ်။ အဆောင် မှာ နောက်ပြောင်တာကိုတောင် ခံရပါသေးတယ်။ အဖြစ်အပျက်တိုင်းဟာ အရမ်း ရှင်းပြီးတော့-"
တယ်လီဖုန်း ခေါင်းလောင်းမြည်သည်။
ခေါင်းလောင်းသံက သူတို့အခန်းတွင်းသို့ ပစ္စတိုသေနတ်ပစ်ဖောက်လိုက်သလို စူးစူးရှရှ ၀င်ရောက်လာ သည်။
နန်စီ၏ကိုယ်လုံးကလေး တွန့်ခနဲဖြစ်သွားသည်။
နောက်သို့ ကျုံ့ဝင်သွားသည်။ ရေးက အသာဖက်ထားလိုက်သည်။
သူုတို့ အားလုံး တိတ်ဆိတ်စွာ စောင့်နေကြသည်။
ခဏကြာတော့ တယ်လီဖုန်းနားမှာ တာဝန်ချထားပေးသည့် ရဲသား အခန်းတွင်းသို့ ၀င်လာသည်။
"ဆရာကြီး က ရပ်ဝေးက လှမ်းခေါ်တာပါ ခင်ဗျ"ဟု ရဲသားက ဂျက်ကို ပြောသည်။
"ကျုပ် စကားပြောချင်လို့ ဖုန်းနဲ့ရှာနေတဲ့ လူဆီကပဲ ဖြစ်ပါလိမ့်မယ်"
ဂျက်က ရေးနှင့် နန်စီကို လှမ်းပြောသည်။ ပြီးတော့ ဂျိုနသန်နိုးလ်စ်ဘက်သို့ လှည့်သွားသည်။
"မစ္စတာနိုးလ်စ်၊ ကျွန်တော်နဲ့အတူတူ လိုက်ခဲ့စေချင်တယ်။ မောင်ရင်ပါ လိုက်ခဲ့ပါ ရေး"
"အခု ပြန်လာခဲ့မယ်နော်"
ရေး က နန်စီကို တိုးတိုးပြောသည်။
ပြီးတော့ လင်ဒန်၏မျက်နှာကို လှမ်းကြည့်သည်။ မြင်လိုက်ရသည့် အမူအရာကြောင့် ကျေနပ်သွား သည်။
အခြားသူများ နောက်သို့ သူ လိုက်သွားသည်။
စောစောတုန်းက စိတ်သက်သာရာရနေသည့် နန်စီ၏မျက်နှာပေါ်မှ အမူအရာ တဖြည်းဖြည်း ပျောက် ကွယ် သွားသည်ကို လင်ဒန်က ကြည့်ပြီး အကဲခတ်နေသည်။
နန်စီ က သူ့ကို မော့ကြည့်သည်။
"တယ်လီဖုန်းခေါင်းလောင်းမြည်သံကြားတိုင်း ကျွန်မသားနဲ့သမီးကို တစ်ယောက်ယောက်က ကောင်း ကောင်းမွန်မွန်ပြန်တွေ့ကြောင်း အကြောင်းကြားတဲ့ တယ်လီဖုန်းပဲလို့ ကျွန်မ ထင်နေမိတယ်"
နန်စီ က ခပ်တိုးတိုးပြောသည်။
"နောက်ပြီးတော့ အရင်တစ်ခါ ဖြစ်တုန်းကလို ဖုန်းဆက်ပြီး ကျွန်မကို အကြောင်းကြားတာဖြစ်မယ်လို့ ထင် နေမိတယ်"
လင်ဒန် က သူ့နားသို့တိုးသွားသည်။
"စိတ်အေးအေးထား နန်စီ၊ မင်းကို အရေးကြီးတာ တစ်ခု မေးရဦးမယ်၊ ဒီအဖြစ်ဆိုးကြီးတွေကို မင်း ပြန် ပြန်သတိရ နေတာ ဘယ်တုန်းလောက်က စဖြစ်လာတာလဲ"
"ပီတာနဲ့ လီဇာ သေတုန်း က စတာ၊ အေးလေ- အဲဒီထက် စောချင်လဲစောလိမ့်မယ်၊ ကားလ်နဲ့ ကျွန်မ လက်ထပ်ပြီး တဲ့အချိန်ကစပြီး နောက်ကြောင်းတွေကို ပြန်မှတ်မိဖို့ ခဲယဉ်းသွားတော့တယ်။ ဘယ်တုန်း ကစပြီး ဒီလို ဖြစ်လာတယ်ဆိုတာ အပြောရခက်တယ်"
"ကလေးတွေကို မင်း သိပ်သံယောဇဉ်ကြီးခဲ့လို့ ဖြစ်မယ်၊ ကလေးတွေအကြောင်း ပြန်စဉ်းစားရင်း စိတ် အရမ်းထိခိုက် တဲ့ အတွက် မှတ်ဥာဏ်ကိုပါ ပျက်ပြားစေခဲ့တာဖြစ်မယ်"
"ဒါပေမယ့် အဲဒီ ငါးနှစ်လောက်ကတော့ ကျွန်မ အရမ်းပင်ပန်းခဲ့တယ်၊ အရမ်းကို ပင်ပန်းခဲ့တယ်။ မေမေ ဆုံးပြီးတဲ့နောက် ကျွန်မဟာ အမြဲတမ်း မောပန်းနေတယ်။ ကားလ် ဟာ သနားစရာကောင်းပါတယ် ကျွန် မ အပေါ် သိပ်ကောင်းရှာတယ်၊ အရမ်းလဲ သည်းညည်းခံတယ်၊ ကလေးတွေရဲ့ ချေးဝတ်သေးဝတ်ကို သူပဲ လုပ်တယ်။ သူပဲ တာဝန်ယူတယ်၊ ညဘက်ဆိုရင်လဲ ကလေးတွေကို သူပဲထကြည့်တယ်။ အ၀တ် လဲ ပေးစရာ ရှိရင် သူပဲ ထလဲပေးတယ်။ ကျွန်မရဲ့တာဝန်တွေအားလုံးကို သူ ယူခဲ့တာပါပဲ။ ကလေးတွေ ပျောက် သွားပြီးတဲ့နောက် ကျွန်မ ဘာကိုမှ မမှတ်မိတော့ဘူး။ မှတ်ဥာဏ်တွေ ပျက်ကုန်တယ် အခုလိုပဲ ကျွန်မ ဘာကိုမှ မမှတ်မိတော့ဘူး"
နန်စီ၏ အသံမှာ ပြောနေရင်း တဖြည်းဖြည်းချင်း မြင့်တက်လာသည်။
အခန်းထဲသို့ ရေး ပြန်ဝင်လာသည်။
တစ်ခုခုတော့ ဖြစ်ပြီ။
သူ၏နှုတ်ခမ်းများ တင်းတင်းစေ့လာခြင်းကို လင်ဒန်က သေသေချာချာ သတိထားမိနေသည်။
သူ့လက်တွေလည်း တဆတ်ဆတ်တုန်နေသည်ကို တွေ့ရသည်။
လင်ဒန်သည်…
"ဘာမှမဖြစ်ပါစေနဲ့၊ သတင်းဆိုးကို မကြားပါရစေနဲ့"ဟု စိတ်ထဲက ကျိတ်ပြီးဆုတောင်းနေမိသည်။
"ဒေါက်တာ ဂျိုနသန်နဲ့ ခဏလောက် စကားပြောနိုင်မလား ခင်ဗျာ၊ လိုက်ပြောပေးပါ ခင်ဗျာ"
ရေးက လင်ဒန်ကို ပြောသည်။ သူ့အသံ မပျက်အောင် အတော်ကြီးထိန်းပြောနေရကြောင်း သိသာထင် ရှားလေသည်။
"ရပါတယ် မောင်"
လင်ဒန်က မဆိုင်းမတွဖြေသည်။ ပြီးတော့ တစ်ဖက်ခန်းဆီသို့ ကသောကမျော ထသွားသည်။
တယ်လီဖုန်းကြောင့် ရေး ချောက်ချားသွားခြင်းဖြစ်သည်မှာ သေချာသွားလေသည်။
ထမင်းစားခန်းထဲသို့ သူ ရောက်သွားတော့ ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်သည် ဖုန်းစကား ပြောနေဆဲဖြစ် သည်။
တစ်ဘက် ရဲစခန်းမှာရှိသော သူ့လက်ထောင်ရဲအရာရှိကို ဒေါသတကြီးအော်ဟစ် အမိန့်ပေးနေသည် နှင့် တိုးနေသည်။
"အဲဒီစာတိုက်ကို အခုချက်ချင်းသွား၊ အောက်တိုဘာ သုံးဆယ်ရက်နေ့က တာဝန်ကျတဲ့ စာရေးတွေကို အားလုံးဖမ်း၊ မနားတမ်းစစ်၊ ဂျေ၊ အာရ်၊ ပင်ရို့စ် နာမည်ပါတဲ့ စာအိတ်ကို ဘယ်သူ လာယူသွားတယ်ဆို တာ သူတို့ မမှတ်မိမချင်း မရပ်မနားစစ်၊ ပုံပန်းသဏ္ဍာန် အပြည့်အစုံ ငါ လိုချင်တယ်။ အခုချက်ချင်း လို ချင်တယ်။ ကြားတယ် မဟုတ်လား။ သတင်းစာတိုက်က ပို့လိုက်တဲ့စာအိတ်ကို ဘယ်သူလာယူသွား တယ်ဆိုတာ သိဖို့ဟာ သေရေးရှင်ရေးပဲ"
စကားဆုံးတော့ စကားပြောခွက်ကို တအားပြန်ဆောင့်ချလိုက်လေသည်။
ဂျိုနသန်လည်း အတော်လေး စိုးရိမ်နေပုံရသည်။ စောစောကနှင့် မတူတော့။ ပြီးတော့ ဆိုင်းမဆင့် ပတ် မပျိုးဘဲ လင်ဒန်ကို ဆီးကြိုပြောသည်။
"ဒေါက်တာ ကျွန်တော်တို့ အချိန်မဖြုန်းနိုင်တော့ပါဘူး၊ အချိန်တိုင်းဟာ အရမ်းအဖိုးတန်နေပါပြီ၊ ဒေါက် တာ သဘောပေါက်အောင် ကျွန်တော် ရှင်းပြပါ့မယ်။ ဟာမွန်အမှုနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အချက် အလက်တွေ အပြည့်အစုံ ရှိနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီအမှုအကြောင်းကို ကျွန်တော် စာ အုပ်တစ်အုပ် ရေးနေလို့ပါ၊ လွန်ခဲ့တဲ့ သုံးနာရီလောက်ကပဲ အဲဒီအမှုတွဲကို ကျွန်တော် အသေးစိတ်လေ့ လာခဲ့ပါသေးတယ်။
နောက်ပြီးတော့ ဒီနေ့သတင်းစာထဲမှာပါတဲ့ သူတို့အကြောင်း ဆောင်းပါးကိုလဲ သေ သေချာချာ ဖတ်ခဲ့ ပါတယ်။ ဒီလိုဖတ်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ အတွေးတွေပေါ်လာပါတယ်။ ဒါကြောင့် စန်ဖရန်စစ္စကို မှာရှိတဲ့ ခရိုင်ရှေ့နေကို ဖုန်းဆက်ကြည့်ဖို့ ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်ကို အကြံပေးပါတယ်။ ဂျက် က ဆက်ကြည့်တယ်။ ဟိုဘက်က ခရိုင်ရှေ့နေရဲ့လက်ထောက်က အခုပဲ ဖုန်း ပြန်ဆက်လာပါတယ်"
ဂျိုနသန်က စကားဖြတ်သည်။
ဘောင်းဘီအိတ်ထဲ လက်နှိုက်သည်။
ဆေးတံပါလာသည်။
မီးမညှိဘဲ ပါးစပ်ထဲမှာ ခဲသည်။
ပြီးတော့ သူ့စကားကို ဆက်သည်။
"ဒေါက်တာ… ခင်ဗျားသိတဲ့အတိုင်းပဲ၊ ကလေးပျောက်ပြီဆိုရင် ထုံးစံအတိုင်း တစ်ယောက်ယောက်က နောက်ပြောင် ထားတယ်ပဲ ထင်လေ့ရှိကြတယ်၊ နောက်ပြီး တောင်ထင်မြောက်ထင် ထင်တတ်ကြတယ်၊ ရဲကလဲ ရသမျှ သတင်းအချက်အလက်တွေကို အကုန်လုံး စုဆောင်းစမြဲပဲ၊ ကလေးပျောက်ကြောင်း သတင်းပြန့် သွားပြီးတဲ့နောက်ပိုင်းမှာ မရေရာတဲ့သတင်းတွေကိုလဲ ရစမြဲပဲ"
သူ စကားပြော တဖြည်းဖြည်း မြန်လာသည်။
အကြောင်းမဲ့ အချိန်တွေကုန်နေသည်ဟု သူ ယုံကြည်နေပုံရသည်။
ခဏနားပြီး ဆက်ပြောပြန်သည်။
"လွန်ခဲ့တဲ့ ခုနစ်နှစ်က ကလေးပျောက်တဲ့အကြောင်းရေးထားတဲ့ သတင်းစာတွေကို ကျွန်တော် ပြန်ဖတ် ခဲ့တယ်၊ ပျောက်သွားတဲ့ ကလေးနှစ်ယောက်စလုံးဟာ ဆွယ်တာအနီလေးတွေကို ၀တ်ထားတယ်လို့ သတင်း ရေးထားတယ်။ သူတို့ကိုယ်ပေါ်က နောက်ဆုံးအ၀တ်အစားကို ဖော်ပြပြီး ကလေးရဲ့ပုံပန်း သဏ္ဍာန် ကို ဖော်ထုတ်ကြတာပါပဲ"
ဂျိုနသန် က လင်ဒန်ကို တည့်တည့်စိုက်ကြည့်သည်။
ဆိုလိုသည့်အဓိပ္ပာယ်ကို လင်ဒန်နားလည်စေလိုပြီး ထိုဆိုလိုရင်းသည်လည်း အဘယ်မျှ အရေးကြီး ကြောင်း ကို သဘောပေါက်စေလိုသည်။
"ဒီနေ့ထုတ် ကိပ်ကော့ကွန်မြူနီတီ သတင်းစာမှာ ဟာမွန်ရဲ့ကလေးတွေ ပျောက်ခဲ့တဲ့အကြောင်းကို အသေးစိတ် ပြန်ရေးထားတယ်။ အဲဒီဆောင်းပါးထဲမှာ ကလေးနှစ်ယောက်စလုံး အနီရောင်ဆွယ်တာ လေး တွေ ၀တ်ထားရင်း ပျောက်သွားကြောင်း ရေးထားတာကို သတိထားမိတယ်။ အလောင်းတွေ ကမ်း ကို လာတင်တဲ့အခါမှာ ကလေးနှစ်ယောက်စလုံးဟာ အဲဒီဆွယ်တာ အနီလေးတွေကိုပဲ ၀တ်ထားတယ် လို့ ဆိုတယ်၊ အဲဒီဆွယ်တာလေးတွေကို နန်စီကိုယ်တိုင် ထိုးပေးတာလို့ဆိုတယ်၊ ဒီအကြောင်းကို မှတ် မိသူဟာ စန်ဖရန်စစ္စ ကို စုံထောက်အဖွဲ့က တစ်ယောက်ပဲ ရှိတော့တယ်"
ဂျိုနသန်၏ အသံက စောစောကထက် ပိုမိုစူးရှလာသည်။
စကားကို ခဏဖြတ်ပြီး ချက်ချင်းဆက်သည်။
"နန်စီမှာ ဘာအပြစ်မှမရှိဘူးဆိုရင် အခု ကလေးနှစ်ယောက်ကို ခေါ်သွားသူဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်က ဟာမွန် ရဲ့ ကလေးနှစ်ယောက်ကို ခေါ်သွားပြီး သတ်ပစ်ခဲ့တဲ့လူပဲ ဖြစ်ရမယ်၊ တစ်ယောက်တည်းပဲ ဖြစ်ရ မယ်။ ဒီနေ့ထုတ် ကွန်မြူနီတီသတင်းစာထဲမှာပါတဲ့ ဆောင်းပါးကိုလဲ အဲဒီလူ ရေးတာပဲဖြစ်ရမယ်"
"ဒီလိုဆိုရင် ခင်ဗျား ဆိုလိုတာက"
လင်ဒန်က မေးခွန်းထုတ်ဖို့ ဟန်ပြင်သည်။
"ဒေါက်တာ၊ ကျွန်တော်ဆိုလိုတာက နန်စီရဲ့ဥပဒေအကျိုးဆောင်တစ်ယောက်အနေနဲ့ရော၊ မိတ်ဆွေ တစ်ယောက် အနေနဲ့ရော၊ ကျွန်တော် အကြံပေးရမယ်ဆိုရင် နန်စီရဲ့မေ့တတ်တဲ့ရောဂါ ခဏပျောက်ဖို့ ဆိုဒီယမ်အမိုက်ကယ် ဆေးထိုးမယ်ဆိုရင် မြန်မြန်ထိုးပါ။ ဒီလို လုပ်ဖို့ အမှန်တကယ် လိုအပ်ကြောင်း ရေး ကိုလဲ ကျွန်တော် ရှင်းပြပြီးပါပြီ၊ ဘာဖြစ်တယ်ဆိုတာ နန်စီ သိချင်သိနေလိမ့်မယ်၊ ဒါကြောင့် အချိန် လု လိုက်ကြရင်ကောင်းမယ်၊ ကလေးတွေကို အချိန်သိပ်နောက်မကျခင် ကယ်ဆယ်နိုင်အောင်ပေါ့လေ"
"ဆေးဆိုင် ကို ကျွန်တော် ဖုန်းလှမ်းဆက်လို့ ရမလား၊ လိုချင်တဲ့ဆေးတွေ မှာရအောင်"
လင်ဒန်က ရဲအရာရှိ ဂျက်ကို မေးသည်။
"ဆက်ပါ ဒေါက်တာ၊ ဒေါက်တာလိုချင်တဲ့ဆေးကို ကျွန်တော်ရဲ့ကားလွှတ်ပြီး ယူခိုင်းပေးပါ့မယ်"
ဂျက်က ပြောသည်။
ပြီးတော့ ဖုန်းကို လှမ်းဆွဲသည်။
"ဆေးဆိုင်ဖုန်းနံပါတ်ကို ကျွန်တော်ပဲ လှည့်ပေးပါ့မယ်"
ဂျက်က ဖုန်းနံပါတ်ကို လှည့်သည်။
တစ်ဘက်နှင့် အဆက်အသွယ်ရတော့ လင်ဒန်ကို ဖုန်းလှမ်းပေးသည်။
လင်ဒန်က ညင်သာသောလေသံဖြင့် သူ လိုချင်သည့်ဆေးများကို မှာနေသည်။
ထိုကိစ္စပြီးတော့ မီးဖိုချောင်ထဲသို့ဝင်သွားပြီး ရေတစ်ခွက်သောက်သည်။
ကုန်လိုက် တဲ့ အချိန်တွေ၊ ဘုရားသခင်… ကုန်လိုက်တဲ့အချိန်တွေ၊ အကြောင်းမဲ့ ကုန်ဆုံးနေရတယ်…
လင်ဒန်က တွေးနေသည်။
ပရစ်စီလာ ကားမှောက်ပြီး ကွယ်လွန်သွားသည့်အချိန်မှစ၍ ကြေကွဲဖွယ် ဇာတ်လမ်းများ စတင်ခဲ့ခြင်း ဖြစ်လေသည်။
အကြောင်းနှင့်အကျိုး…
အကြောင်းကြောင့် အကျိုးဖြစ်ရသည်။
အကယ်၍ ပရစ်စီလာသာ မော်တော်ကားမှောက်ပြီး မသေခဲ့သော် နန်စီကို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ် ထောင်မပြုဖို့ တိုက်တွန်းပေလိမ့်မည်။
နန်စီသာ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်မပြုခဲ့သော် ဟာမွန်နှင့်လည်း ကလေးနှစ်ယောက် မွေးဖြစ် မည်မဟုတ်။
တောင်စဉ်ရေမရ သူ၏အတွေးများကို ရုတ်တရက် ဖြတ်ပစ်လိုက်သည်။
သူ့စိတ်ကို ပြန်ထိန်းလိုက်သည်။
မီးဖိုချောင်ထဲမှာ ရှုပ်ပွနေသည်။
မီးဖို၊ ကြမ်းပြင်၊ တံခါးဘောင်များ၊ ကော်ဖီအိုးမှောက်သည့်နေရာစသည်ဖြင့် နေရာအနှံ့အပြားတွင် လက် ဗွေယူထားသည်။
ပေါင်ဒါမှုန့်များ မြင်မကောင်းအောင် ပေကျံနေသည်။
ထမင်းစားခန်းထဲသို့ သူ ပြန်လာသည်။
သူ အခန်းထဲသို့ ရောက်သည့်အချိန်မှာပင် ဂျက်ကော်ဖင်၏စကားများကို ကြားလိုက်ရလေသည်။
"ကျုပ်မှာ အာဏာရှိတယ်ကို မမေ့ပါနဲ့ ဂျိုနသန်၊ ဥပဒေအကြောင်းအရ ဘာမဆို ကျုပ် ကန့်ကွက်နိုင် တယ်၊ ဘာပဲဖြစ်ဖြစ် ဆရာဝန်က ကောင်မလေးကို ဆေးထိုးပြီး စစ်ဆေးမေးမြန်းမယ်ဆိုရင် အဲဒါတွေ အားလုံးကို ကျုပ် အသံဖမ်းထားရမယ်၊ စိတ်ငြိမ်ဆေးထိုးပြီး မေးတာကို ဖြေတဲ့ အဖြေဟာ တကယ်က တော့ တန်ဖိုး ရှိတဲ့ သက်သေခံ အထောက်အထားမဟုတ်ဘူး။ ဒါပေမယ့် သွယ်ဝိုက်ပြီးတော့ သုံးမယ်ဆို ရင် သုံးလို့ ရတယ်၊ ဒါတွေပြီးသွားရင် ကောင်မလေးကို ကျုပ် ဘာတွေမေးရမယ်ဆိုတာ ကျုပ် ကောင်း ကောင်း သိတယ်"
"နန်စီမှာ ဘာကိုမှ ဖြောင့်ချက်ပေးစရာ မရှိဘူးလေဗျာ"
ဂျိုနသန်က စိတ်မရှည်သည့်လေသံဖြင့် ပြောသည်။
ကျုပ်တို့စိတ်ဝင်စားတာက မိုက်ကယ်နဲ့ မစ်စီ ပျောက်ပျောက်သွားတာနဲ့ ပတ်သက်လို့ သူ့မှာဘာအပြစ်မှမရှိဘူးဆိုတာပဲ မိုက်ကယ်နဲ့ မစ်စီကိစ္စတင် မကသေးဘူး၊ ဟိုခုနစ်နှစ်က ပီတာနဲ့ လီဇာ ပျောက်သွားပြီး အလောင်းပြန်တွေ့တာနဲ့ သူနဲ့ဘာမှမဆိုင်ကြောင်း ဆိုတာတွေပဲ နောက်တစ်ခုက ကွန်မြူနီ မှာပါတဲ့ ဆောင်းပါးကို အဲဒီလူသတ်သမားက ရေးတယ်ဆိုရင် လူသတ်သမားဟာ ကျုပ်တို့ ဂိတ်ကောလီ ကိုရောက်နေပြီ၊ ဒါမှမဟုတ် တစ်ချိန်ချိန်ကရောက်ခဲ့တယ် ဆိုတာပဲဖြစ်တယ်”
”နောက်ပြီးတော့ ဒီနေ့မနက် အဲလ်ဒရက်ခ်ျရဲ့ ကလေးတွေကိုလဲ အဲဒီလူကပဲ ပြန်ပေးဆွဲသွား တယ်လို့ ခင်ဗျား ပြောနေတာပေါ့”
ဂျက်ကသူ့စကားကို ဆက်ပေးသည်။
ဂျိုနသန်က ဆေးတံကိုမီးညှိသည်။ မီးခိုးထောင်းထောင်းထသွားအောင် တအားဖွာသည်။ ပြီးမှဖြေသည်။ ဒီလိုပဲ ဆိုရတော့မှာပေါ့
သူ့လေသံကို အကဲခတ်ရခက်ပါသည်။ အမူအရာကို အကဲခတ်ရခက်ပါသည်။ သူ့စိတ်ထဲတွင် မည်သူ ရှိနေကြောင်း မသိနိုင်ပါ။ သို့သော်လည်း လင်ဒန်ကတော့ သူဘာကိုဆိုလိုကြောင်းနားလည် လိုက်သည်။
ကာပွန်၏ကလေးများကို ခေါ်သွားသူကပဲ အဲလ်ဒရက်ခ်ျ၏ ကလေးများကို ခေါ်သွားသည်ဆိုလျှင် ထိုကလေး နှစ်ယောက်သည် ယခုအချိန်လောက်၌ သေဆုံးနေပြီဖြစ်ကြောင်း ဂျိုနသန်ယုံကြည် နေလေသည်။
ကောင်းပြီ နောက်တစ်မျိုးစဉ်းစားမယ်
ဂျက်ကဝင်ပြောပြန်သည်။
မသင်္ကာသူစာရင်းထဲက နန်စီကိုပယ်ဖျက်လိုက်မယ် ဆိုပါစို့ အဲဒီလိုဆိုရင် ဒီနေ့ထုတ် ကွန်မြူနီတီ သတင်းစာ မှာ ဆောင်းပါးရေးသူဟာ ဟာမွန်အမှုတုန်းက ရှေ့တန်းကိုမထွက်ခဲ့သူဖြစ်ရမယ်၊ ပြီးတော့ အမှုမှန် ကိုလည်း သေသေချာချာသိနေတဲ့လူ ဖြစ်ရမယ် အဲဒီလူကပဲ အခုတစ်ခါ အဲလ်ဒရက်ခ်ျ ရဲ့ကလေးတွေ ကို ပြန်ပေးဆွဲသွားတာဖြစ်ရမယ်
ဂျက်ကကျန်လူနှစ်ယောက်ကို အကဲခတ်ကြည့်သည် ပြီးတော့ ဆက်ပြောပြန်သည်။
တတိယမြောက်ဖြစ်နိုင်စရာအကြောင်းကတော့ ဒီလိုဟာမွန်ကလေးတွေအမှုနဲ့ အဲလ်ဒရက်ခ်ျ ကလေးတွေ အမှုဟာ တစ်မှုနဲ့တစ်မှု ဘာမှမဆိုင်ဘူး ဒီနေ့ထုတ် သတင်းစာကဆောင်းပါးကို ကလေးအမေ တစ်ယောက်ယောက် က ဖတ်မိမယ် ဟာမွန်ရဲ့ကလေးနှစ်ယောက်ကို သတ်ပစ်လိုက် သူဟာ နန်စီဖြစ်တယ်လို့ သူသဘောပေါက်သွားမယ် ဒါကြောင့်စိတ်လှုပ်ရှားလာပြီး နန်စီရဲ့ ကလေး နှစ်ယောက် ဒီဘေးဒုက္ခမျိုး နဲ့ မကြုံရအောင် ကယ်ဆယ်လို့တဲ့သဘောနဲ့ ဖမ်းခေါ်သွားတာလဲဖြစ် နိုင်တယ်
ဂျက် ဇာတ်လမ်းရှုပ်အောင် လျှောက်လုပ်မနေနဲ့လေ “
ဂျိုနသန် က ခပ်ဆတ်ဆတ်လှမ်းငေါက်သည်။ ဂျက်စကားပြတ်သွားတော့ သူကပြောသည်။
ကျုပ်ဆိုလိုချင်တာက ဒီအမှုမှာ ဘယ်သူပဲ ပတ်သတ်နေပါစေ ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး ဒီအမှုမှာ နန်စီ ပတ်သက် နေတယ်ဆိုတာ ကျုပ်လုံးဝမယုံကြည်ဘူး ဒါပေမယ့် လွန်ခဲ့တဲ့ ခုနစ်နှစ်က သူ့သားနဲ့ သမီး ပျောက်သွားပြီး အလောင်းပဲပြန်တွေ့တဲ့ကိစ္စမှာ သူထုတ်ဖော်ပြောဆိုခဲ့တာထက် ပိုပြီးသူသိ နေတဲ့အချက်ပဲ ကျုပ် ဆိုလိုချင်တာက အဲဒါပါ အဘောပေါက်ကြပြီမဟုတ်လား လင်ဒန်၏ မျက်လုံးအစုံက အပေါ်သို့မြင့်တက်သွားသည်။
ဂျက်ကော်ဖင်ကတော့ မျုက်မှောက်ကြီးကို တအားကုပ်ထားသည်။
“ထိုလူနှစ်ယောက်၏ မျက်နှာပေါ်မှ အမူအရာများကို မြင်ရသည်တွင် ဂျိုနသန်သည် စိတ်မရှည်နိုင်သလို စားပွဲကို လက်နှင့် ပုတ်လိုက်လေသည်။”
“ဒီကောင်မလေး မှာ အပြစ်ရှိနေပြီလို့ ကျုပ်ဆိုတာမဟုတ်ဘူးဗျ သူဖွင့်ပြောတာထက် သူပိုပြီးသိနေတယ်လို့ ကျုပ် ပြောနေတာ၊ သူသိတယ်လို့ ထင်နေတာထက် ပိုပြီးသိနေတယ်လို့ ကျုပ်ပြောနေတာ၊ သတင်းစာ ထဲမှာပါတဲ့တရားရုံးတော်မှာ သက်သေအဖြစ် သူအစစ်ခံနေတဲ့ ဓာတ်ပုံကိုကြည့်စမ်း သူ့မျက်နှာမှာ ဘာခံစားချက် မှ မရှိဘူး ဘာအမူအရာမှမရှိဘူး”
ဂျိုနသန်က လင်ဒန်နှင့် ဂျက်၏မျက်နှာကို အကဲခတ်ကြည့်သည်။ ပြီးတော့ ဆက်ပြောပြန်သည်။
“ရုံးတော်မှာ သူ့ရဲ့အစစ်ခံချက်တွေကို ဖတ်ကြည့်စမ်း၊ နှစ်ဘက်ရှေ့နေတွေမေးတာကို သူဖြေတဲ့ အဖြေ တွေကို ဖတ်ကြည့်စမ်း ကောင်မလေးဟာ ဒါတွေကို ဘာမှမသိဘူး သူ့စိတ်ထဲမှာ ဒါတွေမရှိဘူး၊ သူ့ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသုံးမကျလို့ ကောင်မလေးကို သေဒဏ်အချမှတ်ခံရတာ၊ ဒါပေမယ့် ကောင်မလေး မှာ အပြစ်မရှိဘူး၊ သူကြုံခဲ့ရတဲ့ အမှုကြီးရဲ့သဘောဟာ အဲဒါပဲ အခုတစ်ခါ ခင်ဗျားတို့က ကောင်မလေး ကို အရင်အမှုတုန်းက ပုံစံမျိုးပြန်ချိုးပြီး ကြိုးစင်တင်ဖို့ လုပ်နေကြတာလား”
“ကျွန်တော် က ခင်ဗျားစဉ်းစားတဲ့ နည်းကို မစဉ်းစားဘူးလေဗျာ၊ ကိုယ်နည်းနဲ့ကိုယ် စဉ်းစားတာပဲ ဘယ်လိုနည်းလဲဆိုရင်”
ဂျက်က စကားမဆက်ဘဲ ခဏ ဆိုင်းနေသည်။ ပြီးမှ ဆက်ပြောသည်။
“ကျုပ်က ကျုပ်ပခုံးပေါ်ကို ကျရောက်လာတဲ့ တာဝန်ကိုလဲထမ်းဆောင်ရဦးမယ် အဲဒီတာဝန်ကဘာ လဲ ဆိုရင် ကလေးတွေကို ပြန်တွေ့အောင်ရှာဖို့ပဲ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကလေးတွေကို တွေ့အောင် ပြန်ရှာရမယ်။ နောက်ပြီးတော့ ကလေးတွေကိုဘယ်သူပြန်ပေးဆွဲသွားတာလဲ ဆိုတာ ကို ရအောင် ဖော်ထုတ်ရမယ်။”
ဂျက်သည်ပြောရင်း စိတ်ပိုတိုလာသည်။ နန်စီဟာ သူပြောတာတွေထက် ပိုသိနေတယ်လို့ ခင်ဗျားက လွယ်လွယ်ကလေး ပြောချလိုက်တယ် နောက်ပြီတော့ နန်စီကို ဒီလိုအချိန်မှာ ရဲစခန်းခေါ်သွားပြီး စစ်လားဆေးလား မလုပ်ရဘူးလို့ ခင်ဗျားကပြောနေတယ်၊ ဒီမှာ ဂျိုနသန် အငြင်းပွားစရာကောင်းတဲ့ ရာဇဝတ်မှု တွေအကြောင်း စအုပ်တစ်အုပ်ရေးနေတယ်လို့ ခင်ဗျားပြော တယ်။ အဲဒီလိုရေးတာဟာ ခင်ဗျားရဲ့ ဝါသနာလို့လဲပြောတယ်၊ ဒါပေမယ့် အဲဒါတွေဟာ ကျုပ်ရဲ့ဝါသနာမဟုတ်ဘူး ကျုပ်ဒီနေရာ ကိုရောက်နေတာဟာ ခင်ဗျားရဲ့ဝါသနာကို ပါရမီဖြည့်ဆည်း ပေးဖို့ရောက်နေတာမဟုတ်ဘူး ဥပဒေနဲ့ ခင်ဗျား လက်တစ်လုံးကြားကစားတာကို ကူညီဖို့ ကျုပ်ရောက်နေတာမဟုတ်ဘူး
“ဖြည်းဖြည်းလေး....ဖြည်းဖြည်း”
လင်ဒန်က ရဲအရာရှိ၏ပခုံးပေါ်သို့ လက်တစ်ဘက်တင်ပြီးသတိပေးလိုက်သည်။
“မစ္စတာ နိုးလ်စ် ပထမ အိမ်ထောင်နဲ့ရခဲ့တဲ့ ကလေးနှစ်ယောက် သေဆုံးရတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာကို နန်စီသိထားမယ်ဆိုရင် အခုကလေးနှစ်ယောက် ပျောက်ဆုံးနေတာနဲ့ ပတ်သက် ပြီး ကျုပ်တို့အဖြေရှာနိုင်လောက်အောင် သူ့ဆီက အကူအညီရမယ်လို့ ခင်ဗျားယုံကြည် နေတာ မဟုတ်လား
“ဟုတ်ပါတယ်၊ အဲဒီအတိုင်း အတိအကျပါပဲ၊ ဒါပေမယ့် ပြဿနာက သူသိနေတယ်ဆိုတာကို ဘယ်လို ဖော်ထုတ်မလဲဆိုတာပဲ လိမ်လိမ်မာမာဖော်ထုတ်တတ်ဖို့လိုတယ်၊ သူ့ရဲ့ဇာတိစိတ်ထဲကို နက်နက်ရှိုင်းကြီး ထိုးဖောက်မစူးစမ်းဖို့လိုတယ်၊ ဒေါက်တာမိုင်းလ်စ် ခင်ဗျားဟာစိတ်ရောဂါ အထူးကုဆရာဝန်ကြီးပါ စိတ်ရောဂါ နဲ့ ပတ်သက်တဲ့ ပါရဂူကြီးပါ ဆိုဒီယမ်အမိုက်တယ်ထိုးပြီး မေးဖို့ဆိုတာ စိတ်ရောဂါအစ လိုအပ်လို့ ဆုံးဖြတ်တာမဟုတ်ပါလား”
“ဟုတ်ပါတယ်”
“ဒီလိုဆိုရင် မိုက်ကယ်နဲ့မစ်စီ ဘယ်ရောက်နေတယ် ဆိုတာလောက်ကို နန်စီပြောပြနိုင်မယ်ဆိုရင်ပဲ ကျွန်တော် အတွက်နည်းတဲ့ အမြတ်မဟုတ်ဘူး၊ ဒါကြောင့် ကြိုးစားကြည်ဖို့ ကျွန်တော်တောင်းပန် ပါတယ်”
နောက်တစ်နာရီအကြာတွင် အိမ်ထဲသို့ ဒေါ်ရော်သီပြန်ဝင်လာသည်။
မိသားစုခန်းနှင့် မီးဖိုချောင်ထဲတွင် ရဲသားဘာနီမှတစ်ပါး မည်သူမျှမရှိတော့ချေ။ ဘာနီသည်ပင်လျှင် ဖုန်းစောင့်ရန်တာဝန်ကျသောကြောင့် ရှိနေခြင်းဖြစ်လေသည်။
သူတို့အားလုံး ဟိုဘက်ခန်းထဲမှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုတော့ဖြစ်နေတယ် ရဲသားဘာနီက အခန်းတစ်ခန်းဆီသို့ ဒေါ်ရောသီကို မေးငေါ့ညွှန်ပြရင်းပြောသည်။ ဘာနီညွှန်ပြ သည့် အခန်းဆီသို့ ဒေါ်ရော်သီ ခပ်သုတ်သုတ်သွားသည်။
သို့သော်လည်း အခန်းတွင်းကမြင်ကွင်းကြောင့် တံခါးပေါက်မှာ သူဖြုန်းခနဲရပ်လိုက်သည်။ တစ်စုံတစ်ရာ အော်မိမလိုလည်းဖြစ်သွားသည်။ သို့သော် နှုတ်ခမ်းဖျားသို့ အရောက်တွင် အချိန်မီ သူဘရိတ်အုပ် လိုက်နိုင် သဖြင့် ကံကောင်းသွားသည်။
ညောင်စောင်းတစ်ခုပေါ်မှာ နန်စီလဲလျောင်းနေသည်။ ခေါင်းအောက်တွင် ခေါင်းအုံးတစ်လုံး ခံထား ပေးသည်။ ဂွမ်းဆောင်တစ်ထည်ကို ကိုယ်မှာပတ်ထားသည်။ ဆရာဝန်နှင့်တူသည့် ဒေါ်ရော်သီ မမြင်ဖူးသော မျက်နှာစိမ်းတစ်ယောက်က နန်စီ၏ဘေးမှာ ထိုင်နေသည်။ ပြီးတော့ နန်စီကို နူးညံ့ ပျော့ပျောင်းသော လေသံကလေးဖြင့် စကားပြောနေသည်။ နန်စီကမျက်လုံးများ မှိတ်ထားသည်။
အကြီးအကျယ် စိတ်သောကရောက်နေရှာသော ရေးနှင့်မျက်နှာထား တင်းမာသော ဂျိုနသန်တို့ နှစ်ယောက် က နှစ်ယောက်ထိုင် ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေသည်။
ဂျက်ကော်ဖင် က ညောင်စောင်းဘေးက စားပွဲမှာထိုင်သည်။ မိုက်ကရိုဖုန်းကို နန်စီဘက်သို့ချိန်ပြီး ကိုင်ထားသည်။ ဘာဖြစ်နေကြသည်ကို ဒေါ်ရော်သီ သဘောပေါက်သွားပါသည်။ ထို့ကြောင့် ကုလားထိုင် တစ်လုံးမှာ အသာကလေးဝင်ထိုင်သည်။
ကုတ်အကျီင်္ကိုပင် ဒုက္ခခံပြီး ချွတ်မနေတော့။ ဘေးအိတ်နှစ်ဘက်ထဲသို့ လက်နှစ်ဘက်သွင်းထား လိုက်သည်။ သူ့လက်ချောင်းကလေးများ အေးစက်နေသောကြောင့် နွေးသွားအောင် ထည့်ထား လိုက်ခြင်း ဖြစ်သည်။ ညာဘက်အိတ်ထဲတွင် စိုထိုင်းနေသော သိုးမွေးထည်တစ်ခုကို စိတ်မှတ်မထင် ဆုပ်ကိုင်မိသည်။
သို့သော်လည်း ဘာကိုကိုင်မိမှန်း သူမသိပါ။ သူ့စိတ်အာရုံသည် နန်စီတို့ဆီရောက်နေသည်။ ဘယ်လိုနေသလဲ နန်စီ၊ စိတ်ထဲမှာဘယ်လိုခံစားနေရသလဲ နေရတာသက်သောင့်သက်သာရှိရဲ့လား လင်ဒန် က မေးသည်။ သူ့အသံကလည်း အိပ်ချင်မူးတူးဖြစ်နေသည့် အသံမျိုးပင်။
ကျွန်မကြောက်တယ်...
နန်စီကပြန်ပြောသည်။
“ဘာဖြစ်လို့လဲ”
လင်ဒန်ကမေးသည်။
“ကလေးတွေ... ကလေးတွေ”
နန်စီက အိပ်မွေ့ချခံထားရသူလို ပြောနေသည်။
သို့သော်လည်း သူ့စကားများသည် ဝါကျအဖြစ်ပေါ်ထွက်မလာ။
“နန်စီ... ဒီနေ့မနက်က အကြောင်းကို ပြောကြရအောင်နော် မနေ့ညတုန်းက မင်းကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လား ဘယ်အချိန်မင်း အိပ်ရာက နိုးသလဲ၊ အိပ်ရေးကောဝရဲ့လား၊ ကောင်းကောင်းနား လိုက်ရတယ်လို့ စိတ်ထဲမှာခံစားရရဲ့လား” လင်ဒန်က လေးလေးကြီးမေးနေသည်။
“ကျွန်ကအိပ်မက်မက်တယ်၊ ကျွန်မအိပ်မက်တွေ...အိပ်မက်တွေအများကြီးမက်တယ်”
နန်စီ က ဖြေသည်။
“ဘာအကြောင်းတွေ မင်းအိပ်မက်မက်သလဲ”
“ပီတာနဲ့လီဇာ သူတို့အရမ်းကြီးကိုထွားနေကြပြီ၊ သူတို့သေသွားတာခုနစ်နှစ်”...
နန်စီ စတင်ရှိုက်သည်။
ဂျိုနသန်က ရေး၏ကျောကို အားပေးသည့်အနေဖြင့် ခပ်တင်းတင်းကလေးကိုင်ထားသည်။
နန်စီငိုပြီ
ပြီးတော့ ငိုသံပါကြီးဖြင့် အော်ပြောသည်။
“သူတို့ကို ကျွန်မဘယ်လိုလုပ်သတ်နိုင်မှာလဲ၊ သူတို့ဟာ ကျွန်မရဲ့ကလေးတွေ၊ ကျွန်မကလေးတွေ ကျွန်မ ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ”`
အခန်း (၁၅) ဆက်ရန်
.
2 comments:
စဖတ်လာကတည်းက ကောင်းလိုက်တဲ့ ဇာတ်လမ်း ခုလိုဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ် အစ်မရေ...
very သိုင်းကျူးပါ။ စာအုပ်ဆိုင်မသွားရတော့ဘူးပေါ့။
Post a Comment