Saturday, July 23, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၂၅)

လူထု ဒေါ်အမာ
 ဆရာကြီးဦးသုခ မွေးနေ့

ဆရာဦးသု ဆေးရုံတတ်ရတယ်။ ခုတော့ ပြန်ဆင်းပြီး အိမ်မှာ ရောက်နေပြီဆိုလို့ ဆရာ့ကျန်းမာရေး ဘယ်လိုလဲ လို့ မကြင် ကို ဖုန်းဆက်မေးတော့ ထူထူထောင်ထောင် တော့ ရှိပါတယ်။ ထမင်းတော့ မစားသေး ဘူးလို့ ဆရာကတော်က ဖြေပါတယ်။ ပြီးတော့ ၂၇ရက်နေ့မှာ မုန့်ဟင်းခါးဆွမ်းကပ်ဖို့ အစီအစဉ် ရှိတယ်။ မွေးနေ့ကို ကြီးကြီးကျယ်ကျာ်တော့ မလုပ်ဘူး။ အိမ်လာတဲ့လူအနည်းအပါးကို မုန့်ဟင်းခါးကျွေး မယ် လို့ လည်း မကြင်က သတင်းပေးပါတယ်။

"ကျွန်တော့်ထက် ၅ရက်ကြီးတာနဲ့ နောင်ကြီးခေါ်နေရတာ" လို့ ဦးလှ ပြောတတ်တဲ့ သူ့မိတ်ဆွေကြီး "ကိုသုခ" က တပို့တွဲလဆန်း ၁၀ရက်မွေးလေ။ ဟုတ်တာပေါ့။ ဒီဇန်န၀ါရီ ၂၇ရက်ဆိုရင် မြန်မာရက် တပို့တွဲလဆန်း ၅ရက်မို့ အသက်(၈၃)နှစ်ပြည့်တဲ့ ဆရာ့မွေးနေ့ပါ။

ဆရာဦးသုက ကျွန်မ မွေးနေ့ဆိုရင် ရောက်ရောက်လာတတ်တယ်။ ကျွန်မကဖြင့် ဆရာ့မွေးနေ့ကို တစ်ခါ တစ်ခေါက်မှ မရောက်ရသေးဘူး။ ဒါကြောင့် ဒီနှစ်တော့ သွားချင်လိုက်တာ။ ဆရာ ဆေးရုံက ဆင်းလာစမို့ သာပြီး ရောက်ချင်တယ်။ သွားချင်တယ်။ နို့ပေမယ့် ကျွန်မအဖို့ မန္တလေးက ရန်ကုန်ကို လွယ်လွယ်နဲ့ တစ်ယောက်တည်း ထလာဝံ့တာ မဟုတ်ဘူး။ ဒီခရီးမျိုးမှာ ကိုယ့်ကိုယ်ကို မယုံမရဲမို့ ဘယ်သူရေ အမေနဲ့  လိုက်ခဲ့စမ်းလို့ ကောက်ကာငင်ကာ ခေါ်စရာလည်း ရှိတာ မဟုတ်ဘူး။ ဒါကြောင့် ဘယ်သူနဲ့များ သွားရပါ့လို့ စိတ်ထဲမှာ အဖော်ရှာလိုက်ရတာ။ ရတနာပုံထီဆိုင်ရှင်ကို သတိရလို့ အဖော်စပ်မိတော့မှ သူတို့က လိုက်မှာ ပေါ့လို့ အဖြေရပြီး ကျွန်မကို လိုက်ပို့လို့ ရန်ကုန်က ဆရာ့မွေးနေ့ကို အရောက်လာခဲ့နိုင်ပါတယ်။

ကျွန်မရောက်လို့ ဆရာ့အိမ်ကို ကျွန်မသွားတော့ ဆရာက ၀မ်းသာလိုက်တာ။ ကျွန်မကလည်း ၀မ်းသာ လိုက် တာ။ နှစ်ယောက်သား စကားတွေလည်း အားရပါးရ ပြောကြ။ ရယ်စရာရှိရင် ဟက်ဟက်ပက်ပက် ရယ်ကြ။
"မအမာ ရေ … သေကုန်ကြပြီဗျ၊ ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်ပဲ ကျန်တော့တာ" တဲ့။
"ဟုတ်တာပေါ့ ဆရာရယ် … စာရေးဆရာတွေနဲ့ အနုပညာနယ်က လူတွေ မနှစ်ကများ သေလိုက်တာ … ဒီအထဲ ငါလည်းပါပြီလို့တောင် အောက်မေ့မိလို့ နာရေးကြော်ငြာတွေထဲ ကိုယ့်နာမည် ရှာမိသေးတယ်" လို့ လူအိုချင်း သေခြင်းတရား နီးကပ်နေပုံကိုလည်း ပြောမိကြသေးရဲ့။

ဆရာနဲ့ကျွန်မက မတွေ့ရတာ သိပ်တော မကြာလှသေးပါဘူး။ ဆရာက မန္တလေး ရောက်ရောက်နေတာပဲ။ ဒါပေမယ့် နှစ်ယောက်ချင်းတွေ့မှ ပြောချင်တဲ့  စကားမျိုးတွေက ဒီကြာထဲးမှာ အများကြီး ရှိကြသေးတာ မှုတ်လား။ အဲဒီတော့ နှစ်တွေ အကြာကြီး ကွဲကွဲနေကြတာ ကျနေတာပဲ။ တိုးတိုးလေး ပြောလိုက်။ ကျယ်ကျယ် ပြောလိုက်။ "ဟုတ်လိုက်လေ မအမာရယ် ကျွန်တော်နဲ့ ခင်ဗျား အမြင်ချင်း တူသဗျာ" လို့ ကျေနပ်လိုက် နဲ့။ နေ့လည် ၁၂နာရီလောက်က စကားတွေ ပြောကြတာ ညနေ ၄နာရီထိုးတာ ထိုးမှန်း မသိကြဘူး။

အဲဒီနေ့က မကြင်က ကျွန်မကို ထမင်းကျွေးတယ်။ "လာ ဆရာ အတူတူ ထမင်းစားမယ်" လို့ခေါ်တော့ ဆရာ က ထမင်းတွေ ၀င်စားတယ်။ ကနေ့ ပထမဆုံး ထမင်းစားတာပဲလို့လည်း ပြောပါသေးတယ်။
ခါတိုင်းတော့ ဆန်ပြုတ်ကလေး၊ ခေါက်ဆွဲပြုတ်လေး ဆိုတာမျိုးနဲ့ တင်းတိမ်နေတာတဲ့။ ခုထိ ဆရာ ထမင်း မစား သေးတာကို ကျွန်မက …
"မကြင် ကလည်း အလိုလိုက်အားကြီးတယ် … ဆရာကလည်း ချွဲတယ်" လို့ နှစ်ယောက်စလုံးကို အပြစ်တင် လိုက်သေးတယ်။ အဲဒါ မွေးနေ့မတိုင်မီ တစ်ရက်ကပါ။
မွေးနေ့ မှာတော့ မနက် ၈နာရီလောက်ကတည်းက ကျွန်မ အရောက်သွားခဲ့တယ်။ ဆရာ့မွေးနေ့က ဖိတ်စာ နဲ့ ဖိတ်တာ မဟုတ်ဘူး။ အကြားနဲ့လာကြတာ ဆိုပေမယ့် ရုပ်ရှင်နယ်ကလည်း ဂရိတ်တွေရော၊ စာပေနယ် ကလည်း ကြားသမျှ က လာကြတာ။ ဆရာ့ကိုချစ်တဲ့ တပည့် တပန်းတွေလည်း သူဝင်ငါထွက်။

ကျွန်မ တို့ ထိုင်တဲ့ဝိုင်းမှာတော့ ဆရာရန်အောင်ကြီးရယ်၊ ကျွန်မရယ်၊ ဆရာဦးသုခရယ်၊ အေ၀မ်း ဦးတင်မောင် ရယ်၊ မြတ်မင်္ဂလာ မင်္ဂလာဗျူဟာမှူး ဦးအောင်သိမ်းရယ် ထိုင်တယ်။ ထိုင်နေရင်း ကျွန်မက ဦးလှ ပြောတတ်တာ ကလေး တစ်ခု သွားသတိရလိုက်သေးတယ်။ ဦးလှက အသက်(၆၀)ကျော် လာတော့ ရောက်ခဲ တွေ့ခဲတဲ့ မိတ်ဆွေ ကို တွေ့ရင် …
"ကျွန်တော် ဘယ်လောက်အိုနေပြီဆိုတာ လာပြရင်း ခင်ဗျား ဘယ်လောက်အိုနေတယ် ဆိုတာ လာကြည့် သလို ပဲဗျာ တဲ့"။
ခုလည်း ကျွန်မတို့ ငယ်ငယ်က စွဲလန်းခဲ့ရတဲ့ "မေရှင်"၊ "တင်မောင်"။

"မမထားနဲ့အပါ" အဖြစ် ပိတ်ကားပေါ်မှာ မြင်ခဲ့ရတာကို မျက်စိထဲက မထွက်ပေမယ့် ခု ထိုင်နေတဲ့ ကိုတင်မောင် က အသက် နဲ့ လိုက်လျောညီထွေ အိုလို့။ သွားတွေက ကျိုးလို့။
ဆရာရန်အောင်ကြီး ကတော့ ဂျော်နီဝါးကား ၀ီစကီကြော်ငြာထဲကအတိုင်း ဒီအရွယ်ကြီးအထိ ပြောတုန်း ဆိုတုန်း။ တဟားဟား ရယ်နေတုန်း။ သူ့မှာ ပျော်နေလို့ထင်ရဲ့ သိပ်ကြီးလည်း ရုပ်က  မကျသေးဘူး။ သူ့အကြောင်း ၀ိုင်းရေးကြတဲ့ "ရန်အောင်" ဆိုတဲ့ စာအုပ်ထွက်ပြီတဲ့။ ရေးကြသူတွေကလည်း သူ့အကြောင်း အကောင်း တွေချည်းပဲ ရေးထားကြသတဲ့။

ကျွန်မ က မေးတယ်။ "ကျွန်မကိုတော့ ဦးရန်အောင် က အရေးမခိုင်းလာဘူး … မကောင်းတာတွေရေးမှာ စိုးလို့လား" ဆိုတော့ တဟားဟားနဲ့ ရယ်တယ်။ ပြီးမှ သူကိုယ်တိုင် စာမူစုတာ မဟုတ်ဘူး။ နန်းညွန့်ဆွေတို့ က စုတာပါလို့ ပြောပါတယ်။ ကျွန်မ တို့ စားပွဲမှာ ဦးအောင်သိမ်းက တော်တော်တင်သေးတယ်။ အားလုံး ကတော့ ဦးရန်အောင် ပြောတာတွေကို နားထောင်နေကြတာပါပဲ။
ဆရာ ဦးသုခ က သူ့ကို ဘယ်သူကမှန်းမသိ စာအိတ်ထဲထည့် ကန်တော့တဲ့ငွေနဲ့ ဦးရန်အောင်ကို ကန်တော့ တဲ့အခါ "အိမ်ကျရင် ဖွင့်ကြည့်မယ် … နည်းနေရင်တော့ ဆဲနေမှာပဲ" တဲ့။ ဟီးဟီး ဟားဟား ရယ်စရာတွေ ချည်းပြောပြီး အရင်ဆုံးထ ပြန်သွားပါတယ်။ ဦးရန်အောင်ကတော့ ပျော်ပျော်နေသေခဲ။ အသက်ရှည်ဦးမှာ ပါ။

ကျွန်မ က ဆရာဦးသုခ နဲ့ တစ်စားပွဲတည်း ထိုင်နေတော့ မွေးနေ့လာပြီး ဆရာ့ကို ကန်တော့ပြီးမှ ပြန်သူတွေ က အများသား။ လက်ချည်းကန်တော့တာပါသလို ငွေနဲ့၊ ပစ္စည်းနဲ့ ကန်တော့သူတွေကလည်း အများကြီး။ အဲ ဆရာကိုယ်တိုင်ကလည်း သူ့ထက် အသက်ကြီးတဲ့ ဦးရန်အောင်၊ သူထက် အသက်ငယ် ပေမယ့် ရုပ်ရှင် ပညာမှာ သူ့ဆရာ လို့ သတ်မှတ်ထားတဲ့ အေ၀မ်းဦးတင်မောင် တို့ကို ကန်တော့ပါတယ်။ ဒါ ကျွန်မ တို့ ယဉ်ကျေးမှုလေ။ "ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိရော ပူဇာစ ပူဇနေယျ နံရော" ပေါ့။

အဲဒီနေ့က ဆရာ့ဆီလာတဲ့ ဧည့်သည်တွေထဲမှာ နီပေါ့လူမျိုး သီလရှင်တစ်ပါးလည်း ပါတယ်။ သူကတော့ ဆရာဓမ္မဒါန ပြုနေတဲ့ အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ်ရဖူးလို့ အဲဒီဘုရားရှိခိုးစာအုပ်ကို နေ့တိုင်း ရွတ်ဖတ် ရှိခိုးနေရာ က ရန်ကုန်ရောက်လာခိုက် ဆရာ့ကို ကျေးဇူးတင်ပြီး လာကန်တော့တာတဲ့။ ဆရာလေးဘွဲ့က ဘယ်သူတဲ့ လဲလို့ မေးတော့ "ဒေါ်မောလိနီ"။ စစ်ကိုင်းတောင်ရိုး မောက္ခသီဝံသချေင်ကပါတဲ့။

သူ့နာမည်က တောင်ရိုးသီလရှင်တွေ မှည့်နေကျနာမည်မျိုးမှ မဟုတ်ဘဲ။ ဒါကြောင့် မေးကြည့်တော့ ဆရာလေးက နီပေါလူမျိုး။ ဟိန္ဒူအယူ မိရိုးဖလာ ယုံကြည်ရာက မြန်မာကျောင်းဆရာမလုပ်ရင်း ကျီးသဲ လေးထပ် ဆရာတော်ရေးတဲ့ ဇိနတ္တပကာသနီကို ဖတ်ရလို့ ဗုဒ္ဓဘာသာတရားကို သက်ဝင်ယုံကြည်လာတာ ကြောင့် ကျောင်းဆရာမ ဘ၀က နေပြီး သီလရှင်ဝတ်တာ ခု ၁၃နှစ် ရှိပြီတဲ့။

မြန်မာနိုင်ငံ မှာ နီပေါလိစ် ခေါ်တဲ့ ဂေါ်ရခါး ၄၊ ၅ သောင်းရှိတယ်။ အေးတဲ့တောင်ပေါ်ဒေသတွေ မှာ အနေများ ကြတယ်။ မြေပြန့်က မြို့ကြီးတွေမှာ နို့ရောင်း၊ ထောပတ်ရောင်း လုပ်ငန်းလုပ်တဲ့ ဂေါ်ရခါး အနည်းပါးပဲ ရှိတယ်။ အဲဒီအထဲက အများစု ရိုးရာကိုးကွယ်မှုဖြစ်တဲ့ ဟိန္ဒူဝါဒနဲ့ ယဇ်နတ်ပူဇော်မှုတွေပဲ ပြုကြတယ်။ သူတို့လို ဗုဒ္ဓဘာသာတွေက နည်းသေးတယ်။ သူ့အနေနဲ့ သာသနာပြုဖို့ စိတ်ကးတယ်။ ခုခတ္တမန်ဒူကို ပညာသင် ၂နှစ်သွားဖို့ ရန်ကုန်ဆင်းလာတာ ဖြစ်သတဲ့။

ဆရာ့ကို ကြည်ကြည်ညိုညို လေးလေးစားစား ကန်တော့ပြီး အစိန္တေယျကြီး ဘုရားရှိခိုးစာအုပ် ၁၅အုပ် လောက်ထပ်ပြီး အလှူခံသွားပါတယ်။ သူက မွေးနေ့မှန်း မသိဘူးတဲ့။ ဆရာ့ဆီလာတဲ့ ပရိသတ်ကလည်း တယ်စုံတာကိုး။
 
ဆရာက မကြင်ကို ခင်နှင်းယုဆီ ဖုန်းဆက်ခိုင်းပါသေးတယ်။ ကျွန်မလည်း ရောက်နေလို့ သူ့မွေးနေ့လာခဲ့ဖို့။ ခင်နှင်းယု က ရိပ်သာမှာ မရှိဘူး။ မရှိပေမယ့် ရိပ်သာက သူရှိရာ သူ့အစ်ကိုကြီးအိမ်ကို ဖုန်းဆက်ပေးတော့ ခင်နှင်းယု လည်း ဆရာ့ဆီကို ရောက်လာတယ်။ ပရိသတ် စည်တုန်းတော့ မဟုတ်ဘူး။ လူရှင်းတော့မှ ရောက် လာတော့ သူရယ်၊ ဆရာရယ်၊ ကျွန်မ ရယ် ကျွန်မမိတ်ဆွေ ဒေါ်ထားမြင့်ရယ် လွတ်လွတ် လပ်လပ်ကြီး စကားတွေ တ၀ကြီးပြောကြပြန်ရော။

ဒေါ်ခင်နှင်းယု နဲ့ တွေ့တော့ စာအကြောင်း နဲ့ ဘာသာရေးစကားတွေ အများဆုံး ပြောဖြစ်ကြတာပေါ့။
လူ့အတ္တုပ္ပတ္တိရေးကြတဲ့အခါ တွေ့တတ်တဲ့ အခက်အခဲတွေ့အကြောင်း ကျွန်မတို့ပြောကြ ဆွေးနွေးကြ အကြံပေးကြတာ စုံနေတာပဲ။
ဆရာက နေမကောင်းဘူးသာ ပြောပါ။ သူပြောချင်တဲ့ အကြောင်းအရာမျိုးကို ပြောရရင် နှုတ်ဆိတ်တာ မဟုတ်ပါဘူး။ သူချည်းပြောနေတာပါ။ ဒေါ်ခင်နှင်းယုနဲ့ တရားစကားတွေ ပြောကြတာများ မမောနိုင် မပန်းနိုင်ပါ။ ဒါကြောင့် ကျွန်မ က စားတော့၊ သောက်တော့ ကာဖီအကြမ်းကလေးနဲ့ ဆန်ပြုတ်လေးနဲ့ ဆိုတာ မျိုး လုပ်နေလို့ တစ်ယောက်ကို တစ်ယောက် ယုယလွန်းနေကြတာလို့ အပြစ်တင်လိုက်တာပါ။
 
မွေးနေ့မှာ မုန့်ဟင်းခါး ၂၅ပိဿ ၀ယ်ပြီး ဟင်းရည် ကို ပထမတန်းစားရအောင် ဆရာက အိမ်မှာပဲ ချက်စေ တာမို့ ဟင်းရည် ကလည်း ကောင်းပါတယ်။ နေမွန်းတိမ်းလောက် ရောက်တော့ ပရိသတ်အတော်စဲသွားပြီ။ ဒါနဲ့ ကျွန်မ တို့ကို မကြင် က ထမင်း ကျွေးပါတယ်။ မကြင်ရဲ့ ထမင်းဝိုင်းကို ဆရာတပည့်မ ရှုမဝ မိတင်အေး ကလည်း ဟင်းချိုင့်တစ်ချိုင့် နဲ့ လာပေါင်းတယ်။ သူက ကျွန်မဖို့ဆိုပြီး ပုဇွန်ထုပ်ကြီး ဆီပြန် နဲ့ ငါးရံ့အူဟင်း တွေ ပါလာတယ်။

အညာမှာ ပုဇွန်တုပ်ကြီး က တစ်ပိဿာ ၆၀၀ကျပ် ဈေးလောက်ပေးပြီး ၀ယ်စားနိုင်ရင် ရသေးတယ်။ ငါးရံ့အူ တော့ မရှိ တဲ့ ဟင်းမို့ ထည့်ပေးတဲ့ ပုဇွန်တုပ်ကို ဖယ်ထားပြီး ငါးရံ့အူဟင်းကို အားရပါးရ နောင် တော်တော် နဲ့ စားရမှာ မဟုတ်လို့ အီလောက်အောင် စားလိုက်တာပါ။ ဆရာကတော့ အဲဒီဟင်းတွေကို ညှိလို့မစားဘဲ ဟင်းသီးဟင်းရွက်ကြော်တာ သုပ်တာကလေးနဲ့ ငါးအသားလေး နည်းနည်းပါးပါးနဲ့ပဲ စားပါတယ်။

မိတင်အေးက ရှုမ၀ဦးကျော် က ဆရာဦးသုခထက် ၅ရက် ကြီးတယ်။ ဆရာဦးသုခ က လူထုဦးလှထက် ၅ရက်ကြီးတယ်။ ဒီသုံးယောက် ၅ရက်ကြီး ၅ရက်ငယ်တွေပဲဆိုတာကို အစဖော်ပေးတော့ ရှုမ၀မဂ္ဂဇင်းရပ်စဲ ထားတာ ကို နှမြောတဲ့အကြောင်း ဦးကျော်ကို သတိရတဲ့အကြောင်းဆီကို ကျွန်မတို့ စကားဝိုင်း ရောက်သွား ကြပြန်တယ်။
ဦးကျော် နဲ့ ဦးလှ က သေဆုံးကုန်ကြပြီလေ။

ဘ၀နိဂုံးဆိုတာ သိပ်မှန်တဲ့ အသုံးအနှုန်း။ လူတစ်ယောက် သေဆုံးသွားပြီဆိုရင် သူ့အလုပ်တွေ အားလုံးဟာ လည်း နိဂုံးချုပ်ပြီး အဆုံးသတ်သွားရတော့တာပဲ။
ဒီသုံးယောက်ထဲ မှာ ဆရာဦးသုခ က အသက်အရှည်ဆုံး။ အသက်ရှည်တာနဲ့အမျှ သူလုပ်နိုင်တဲ့အလုပ်တွေ ကိုလည်း ဆက်လက်လုပ်ကိုင်နေတုန်း။ ခု မြင်တွေ့နေရတဲ့ ကျန်းမာရေးနဲ့ဆိုရင် ဆရာ မကြာခင် ပြန်ပြီး သူ့အလုပ်ခွင် ကို ၀င်ဦးတော့မှာပဲ။ ၀င်ရင်လည်း ဆရာဦးသုခရဲ့ စွမ်းအင်တွေကို ကျွန်မတို့က မြင်ကြဦး တော့ မှပဲ။
ခုနေ ဦးကျော်သာ ရှိစမ်းပါလား။ ရှုမ၀ ဘယ်ရပ်ထားလိမ့်မလဲ။

ဦးလှ လည်း ဦးကျော် လိုပဲပေါ့။ သူ လုပ်နိုင်တာတွေကို မနားမနေ လုပ်နေဦးမှာပဲ။
ဆရာနဲ့ ကျွန်မကတော့ ဆရာ မကြာခင် မန္တလေး လာဦးမယ်။ ဒီတစ်ခါလာရင် ပထမဆုံး ဘယ်သူ့ကိုမှ အသိမပေးသေးဘဲ အမရပူက တောင်လေးလုံး ကိုပညာကျောင်းကို ကျွန်မနဲ့ သွားကြမယ်။ အဲဒီကျောင်းမှာ ၄၊ ၅ ည အိပ်ပြီး စကားတွေ တစ်ဝကြီး ပြောကြမယ်။ ပြီးမှ မန္တလေး ပြန်လာပြီး တခြားမိတ်ဆွေတွေနဲ့ တွေ့မယ်လို့ ချိန်းခဲ့ပါတယ်။
ဆရာက …
"မအမာ … မသေနဲ့ဦးနော်" တဲ့ မှာလိုက်တယ်။

ကျွန်မကလည်း
"မသေသေးဘူး ဆရာ … ကျွန်မမှာ ဦးလှအကြောင်းရေးဖို့ စာအုပ်တစ်အုပ်၊ ဆရာ့အကြောင်း ရေးဖို့ စာအုပ်တစ်အုပ် တာဝန်ကြီးနှစ်ခု ကျန်သေးတယ်။ အဲဒါတွေ ပြီးအောင် လုပ်ရဦးမယ်" လို့ ပြောခဲ့ပါတယ်။

လူထုဒေါ်အမာ
(မဟေသီမဂ္ဂဇင်း၊ မတ် ၁၉၉၃မှ)
.

No comments: