အခန်း (၇)
အရမ်းအေးနေပါသည်။ ပါးစပ်မှာလဲ တရှပ်ရှပ်ဖြစ်နေသည်။
သဲတွေ… သဲတွေ…
ပါးစပ်ထဲကို ဘာကြောင့် သဲတွေရောက်နေရသလဲ။ ဘာကြောင့် သဲတရှပ်ရှပ် ဖြစ်နေရသလဲ။
သူ ဘယ်နေရာ ကို ရောက်နေသလဲ။
သူ့အား ရေး ခေါ်နေသည့်အသံကို ကြားနေရသည်။
သူ့ကိုယ်ပေါ်မှာ ရေး ၏ ကိုယ်လုံး က မိုးထားကြောင်း သိနေသည်။
ရေး က သူ့ကို အသာလှုပ်ယမ်းနေသည်ကိုလည်း ခံစားနေရသည်။
"နန်စီ၊ ဘာဖြစ်တာလဲဟင်၊ ဘယ်လိုဖြစ်တာလဲ၊ ကလေးတွေရော ဘယ်ရောက်ကုန်ပြီလဲ"
ရေးက မေးနေသည်။
ထိုအသံထဲတွင် စိုးရိမ်ထိတ်လန့်မှုများအပြည့်ပါကြောင်းကိုလည်း နန်စီက အတိုင်းသားကြားနေရ သည်။
လက် ကို မြှောက်ဖို့ နန်စီ ကြိုးစားကြည့်သည်။ သို့သော်လည်း သူ့လက်သည် သူ့ဘေးသို့ ပြန်ပြုတ် ကျသွား လေသည်။
သူစကားပြောဖို့ ကြိုးစားသည်။ သို့သော်လည်း စကားလုံးများ ဖြစ်အောင် နှုတ်ခမ်းကို လှုပ်၍မရ။
အနား မှာ ရေးရှိနေသည်။ သို့သော် ရေး ကို ကိုင်၍မရ။ ထိ၍မရ။ စကားပြောလို့လည်း မရ။
ဒေါ်ရော်သီ ပြောသည့်အသံကိုလည်း ကြားရသည်။
"သူ့ကိုပွေ့လိုက် ရေး၊ အိမ်ကို ပွေ့ယူလာခဲ့၊ ပြီးရင် ကလေးတွေကို ရှာဖို့ အကူအညီတွေ တောင်း ရမယ်"
ကလေး တွေ…
သူတို့ကို ရှာတွေ့မှ ဖြစ်မည်။
သူတို့ကို မတွေ့တွေ့အောင် ရှာပေးပါဟု ရေးကို နန်စီပြောချင်သည်။
သူ့နှုတ်ခမ်းများသည် စကားလုံးများဖြစ်ပေါ်လာအောင် ကြိုးစားဖွဲ့စည်းနေကြောင်း သိသည်။
သို့သော်လည်း ဘာစကားလုံးမှ ပေါ်ထွက်မလာ။
"ဘုရားသခင်"
ရေး ၏ စိုးရိမ်တကြီး ဘုရားတ သံကို ကြားရသည်။
"ကျွန်မအတွက် ပူမနေနဲ့၊ ကလေးတွေကိုသာ တွေ့အောင် အမြန်ဆုံး ရှာပါ၊ ကျွန်မကို ဒီမှာထားခဲ့" ဟု ပြော ချင်သည်။
သို့သော် သူ စကားမပြောနိုင်ပြီ။
ရေးက သူ့ကို ကောက်ချီလိုက်ကြောင်းသိသည်။ ရေးက သူ့ကိုယ်လုံးနှင့် ပူးကပ်ထားသည်ကို လည်း သိသည်။ သူတို့ ပြောဆိုနေကြသည်များလည်း ကြားနေရသည်။
"နန်စီ ဘာဖြစ်တာလဲ ဒေါ်ရော်သီ၊ နန်စီ ဘာဖြစ်သွားတာလဲဗျာ"
ရေးက ဒေါ်ရော်သီ ကို အထိတ်တလန့် မေးနေသည်။
"ရေး၊ တို့ ရဲကို အကြောင်းကြားမှ ဖြစ်မယ်"
ဒေါ်ရော်သီ ပြန်ပြောသံကိုလည်း ကြားရသည်။
"ရဲ… ရဲကိုလား…"
ရေး ၏ လေသံထဲမှာ သဘောမတူသည့် အရိပ်အရောင်များ ပါဝင်နေကြောင်းကိုလည်း နန်စီ ကောင်းစွာ သတိထား မိလေသည်။
"ဟုတ်တယ်၊ ကလေးတွေကို တွေ့အောင် ရှာဖို့တို့မှာ အကူအညီလိုနေပြီ၊ မြန်မြန်လုပ် ရေး၊ မြန် မြန်လုပ်၊ တို့ အဖို့ အချိန်ဟာ အရမ်းအဖိုးတန်နေပြီ၊ နန်စီ ကို မင်းအကာအကွယ် အပေးနိုင်တော့ဘူး ဆိုတာ အခုထက်ထိ မင်းသဘောမပေါက်သေးဘူး၊ သတင်းစာထဲက ဓာတ်ပုံကြောင့် နန်စီကို လူတိုင်း သိသွားတော့မယ်"
ဓာတ်ပုံ…
မိမိ ကို ပွေ့ချီပြီး သယ်သွားကြောင်း နန်စီ ခံစားလိုက်မိသည်။
သူ အရမ်းချမ်းပြီး တစ်ကိုယ်လုံး တုန်နေကြောင်းလည်း သိသည်။
သို့သော်လည်း သူတွေးချင်သောအကြောင်းအရာများသည် ထိုအရာများမဟုတ်ပါ။
သူ့အပေါ် စီရင်ချက်ကို ဆိုင်းငံ့ပြီးနောက် ၀ယ်ယူခဲ့သည့် ကွမ်းရိုးစင်း ၀တ်စုံကလေးကို ၀တ်ဆင် ထားခိုက် ရိုက်ယူခြင်း ခံလိုက်ရသော ဓာတ်ပုံအကြောင်းကိုသာ စဉ်းစားနေချင်သည်။
သူ့ကို သက်ဆိုင်ရာ များ က ထောင်ထဲမှ လွှတ်ပေးသည်။
ပြည်နယ်အနေဖြင့် သူ့အမှုကို ပြန်လည်စစ်ဆေးတော့မည် မဟုတ်။
ကားလ် လည်း သေသွားပြီ။
ပြီးတော့ ကလေးများကို သူသတ်ကြောင်း ထွက်ဆိုခဲ့သည့် အဓိက သက်သေလည်း ပျောက်ခြင်းမလှ ပျောက် သွားပြီ။
ထို့ကြောင့် သူ့ကို ထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
တရားလို ရှေ့နေ ကတော့ ပြောသည်။
"ဒီအမှု ကို အပြီးအပိုင် ပိတ်လိုက်ပြီလို့တော့ မထင်နဲ့၊ အဓိကသက်သေ ပြန်ပေါ်လာရင် ဒီအမှုကို ပြန်စစ် ရမယ်"
ထိုစကားလုံးများသည် နန်စီ၏တစ်ကိုယ်လုံးကို ရိုက်ပုတ်နေကြသည်ဟု ထင်မှတ်ရလေသည်။
နားထဲ မှာ ထိုစကားများ ဆူညံစွာ မြည်ဟည်းရင်း အခန်းထဲမှ သူ ထွက်ခဲ့သည်။
အဲသည်နောက် ထိုပြည်နယ်မှ ထွက်သွားခွင့်ရသည်။
သူ၏ရွှေရောင်ဆံပင်ကို ခေါင်းတုံးတုံးပစ်လိုက်သည်။ ပေါက်လာသည့်ဆံပင်များကို အညိုရောင် ဆေးဆိုး သည်။
ဈေး သို့ သွားသည်။ အ၀တ်အစားသစ်များ ၀ယ်သည်။ ယခင် အ၀တ်အစားဟောင်းများကို စွန့်ပစ် လိုက် သည်။
ကားလ် က သူ့ကို ကလေးလေးနှင့်တူအောင် အ၀တ်အစားများ ကို အထူးတလည် ရွေးချယ်ပေး သည်။
ကားလ် ကြိုက်သည့် အ၀တ် များကို သူ အလွန်မုန်းပါသည်။
ယခုတော့ လူကြီး နှင့် တူသည့် သူကြိုက်သောအ၀တ်အစားများကို ၀ယ်ယူဝတ်ဆင်သည်။
ထိုကြားထဲက ယခု ဓာတ်ပုံ ပေါ်လာသည်။ အသွင်ပြောင်းပြီးနောက် ရိုက်ယူလိုက်သော ဓာတ်ပုံဖြစ် သဖြင့် လူတိုင်း မှတ်မိနိုင်ကြခြင်းဖြစ်သည်။
ဓာတ်ပုံ…
ထိုဓာတ်ပုံ ကို အဝေးပြေးဘတ်စ်ကားဂိတ်တွင် ရိုက်ယူလိုက်ခြင်း ဖြစ်ပုံရလေသည်။ ထိုဘတ်စ်ကား ဂိတ်မှာ သူ ရှိခဲ့ ဖူးသည်။
သူ့ကို တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်သွားကြောင်း သူလုံးဝမသိခဲ့။
ညနေပိုင်း ထွက်သည့် ဘတ်စ်ကားဖြင့် ဘော့စ်တွန်မြို့သို့ သူ လိုက်ပါခဲ့သည်။
ဘတ်စ်ကားဂိတ် မှာ လူရှင်းနေပါသည်။
မည်သူ ကမှလည်း သူ့ကို သတိမထားမိကြ။
အရေးလုပ်ပြီး ကြည့်နေသူလည်း မရှိခဲ့။
ထို့ကြောင့် နန်စီသည် သူ ကျင်လည်ခဲ့ရသည့် အသိုက်အ၀န်းထဲမှ လွတ်မြောက်အောင် ပြေးထွက် လာနိုင်ခဲ့ပြီး သူဘ၀ကို အသစ်တစ်ဖန်ပြန်လည်စတင်နိုင်ပြီဟု ယူဆယုံကြည်ခဲ့လေသည်။
သို့သော် ယခုတော့ သူ ယူဆယုံကြည်ခဲ့သလို မဟုတ်တော့ပြီ။
တစ်စုံ တစ်ယောက် သည် သူ့ဘ၀ကိုဖော်ထုတ်ပြဖို့ စောင့်ဆိုင်းနေခဲ့ပါပြီကော။
ငါ သေချင်တယ်…
သူ စဉ်းစားကြည့်နေသည်။
ငါ သေချင်တယ်…
ရေးက ခပ်မြန်မြန်လျှောက်နေသည်။ နန်စီ၏ကိုယ်လုံးကို ဂျာကင်အင်္ကျီနှင့် ဖုံးပေးထားသည်။
ရေစိုနေသည့် အ၀တ်အစားများကို ထိုးဖောက်ဝင်ရောက်လာသော လေကြောင့် အပ်နှင့်ဆွနေသလို ခံနေ ရသည်။
နန်စီ ၏ ဘ၀ လုံခြုံအောင် ရေး အကာအကွယ်မပေးနိုင်ပါ။ ဘယ်လိုနည်းနှင့်မှ အကာအကွယ် မပေး နိုင်ပါ။
အချိန် တွေ သိပ်ကို နောက်ကျသွားပါပြီ။
သည်လိုပဲ အမြဲတမ်း အချိန်နောက်ကျခဲ့တာဖြစ်နိုင်ပါသည်။
ပီတာနှင့် လီဇာ…
ပြီးတော့…
မိုက်ကယ်နှင့် မစ်စီ။
သူတို့အားလုံးသွားပြီ။ အားလုံးသွားကုန်ကြပြီ။
သူတို့ အားလုံး အတွက် အချိန်တွေ အရမ်းကို နောက်ကျသွားပါပြီ။
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။
မိုက်ကယ် နှင့် မစ်စီ သေသွားပြီဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။
အခုနလေးတင် သူတို့နှစ်ယောက် သည်နေရာမှာ ရှိနေခဲ့သည်။ သူတို့မောင်နှမနှစ်ယောက် သည် နေရာမှာ ကစား နေခဲ့ကြသည်။
သူတို့ဒန်းပေါ်က ဆင်းသွားကြသည်။ မစ်စီ၏လက်အိတ်တစ်ဘက် ဒန်းနှင့်ငြိပြီး ကျွတ်ကျန်ခဲ့သည်။
မိုက်ကယ် သည် မစ်စီ ကို ဘယ်တော့မှ ခွဲထားမည်မဟုတ်။ အခွဲခံမည် မဟုတ်။
သူ့ ညီမလေး ကို သူ အရမ်းဂရုစိုက်သည်။ အရမ်းစောင့်ရှောက်သည်။
ယခုတော့ ဟိုတုန်းကလို ပြန်ဖြစ်ပြန်ပြီ။
ပီတာ နှင့် လီဇာကို ပြန်တွေ့ရသလို မိုက်ကယ်နှင့် မစ်စီကို လည်း ပြန်တွေ့ကြရတော့မည်။
ပီတာ နှင့် လီဇာ တို့မှာ ရေတွေစိုနေသည်။ သူတို့ကိုယ်ပေါ်မှာ ပင်လယ်ခရုတွေ တွယ်ကပ်နေသည်။
မျက်နှာ ကို ပလတ်စတစ်အိတ် နှင့် စွပ်ထားသည်။ သူတို့ ကိုယ်လုံးများမှာ ပုပ်ပွနေသည်။
မိုက်ကယ် နှင့် မစ်စီ ကတော့ အိမ်မှာရှိနေပါလိမ့်မည်။
ဒေါ်ရောသီ က အိမ်တံခါးဖွင့်ရင်းပြောသည်။
"ရဲကို ငါဖုန်းဆက်မယ် ရေး"
အမှောင်တိုက်ကြီး ကျလာသည်ဟု နန်စီ ခံစားလိုက်ရလေသည်။
တဖြည်းဖြည်း သူ သတိလစ်သွားသည်။
သတိမလစ်ပါနဲ့၊ သတိမလစ်ပါနဲ့။
သူ တင်းမခံနိုင်ပါ။
အခန်း (၈) ဆက်ရန်
.
3 comments:
စိတ်ဝင်စားဖို့ တစ်ကယ်ကောင်းတယ်...မမ
ကျေးဇူးပါလို့..
နည်းနည်းမေ့သွားလို့ အစကနေ ပြန်ရှာဖတ်လိုက်ရတယ်။
စိတ်ဝင်စားဖို့ တကယ်ကောင်းတယ် အစ်မရေ..
ဘာသာရေးလေးတွေမှာ အချိန်ပေးနေရလို့ ဒီကနေ့မှ အကြွေးလေးတွေပါပေါင်းပြီး ဝင်ဖတ်သွားတယ် ညီမရေ။
စိတ်ရှည်စွာနဲ့ စဉ်ဆက်မပြတ် တင်ပေးတဲ့အတွက် ကျေးဇူးပါနော်။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment