Sunday, July 17, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၁၉)

ဆရာကြီး ဦးသုခ၏ ဆုံးမစကား
အိကျော်

ကျွန်မသည် ဆရာကြီးဦးသုခ ၏ နုပျိုနေဆဲ၊ ရှင်သန်ထက်မြက်ဆဲ၊ အနုပညာလက် ရာများ အကြောင်းကို အားပါးတရ ရေးဖွဲ့ချင်လှသော်လည်း မြန်မာ့စာပေနှင့် အနုပညာ လောကတွင် အရှိန်အဝါကြီးမားလှသည့် ဆရာကြီး တစ်ယောက်ရဲ့ အကြောင်းကိုစာတစ် စောင်ပေတဖွဲ့ ရေးနိုင်လောက်တဲ့ အရည်အချင်းမျိုး ကျွန်မမှာ မရှိသေးပါ။ သို့ပေမယ့် ကလောင်ကို ကိုင်ကာ ဆရာကြီးကို အရမ်းလေးစားတဲ့ အထိမ်းအမှတ် အဖြစ် ဆောင်းပါး တစ်ပုဒ်လောက် ရေးချင်မိသည်။

ကျွန်မသည် စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာတန်းတွင် ကျောင်းသူလေး တစ်ယောက်အနေနဲ့ ပညာ သင်ကြားခဲ့ ပါသည်။ "ပညာဘဏ်တိုက်" ကြီးဟုတင်စား ခေါ်ရသော စာကြည့်တိုက်ကြီးမှ တခြား စာအုပ်၊ စာပေများအပြင် ဆရာ၏ စာအုပ်စာပေ အချို့ကိုလည်း နှစ်သက်စွာ ဖတ်ခဲ့ဖူး၏။ သို့ပေမယ့် ဆရာ့အကြောင်း၊ ဆရာ၏ထက်မြက်သော အနုပညာလက်ရာများအကြောင်းကိုတော့ အမှတ်တမဲ့နှင့် သေသေချာချာ မသိခဲ့ပါ။

ရန်ကုန်တက္ကသိုလ်ကြီး မှာ၊ စာတွေသင်လိုက်၊ စာကြည့်တိုက်ကြီးတွေ ဝင်ဖတ်လိုက်၊ ကင်တင်းတွေ ထိုင်လိုက်၊ စာတွေကျက်လိုက်နဲ့ပဲ၊ ဒီပလိုမာစာမေးပွဲကြီးပြီးလို့ Thesis လုပ်ရင်း Training ဆင်းရတဲ့ ကာလကို ရောက်လာပါတော့၏။ တခြားတက္ကသိုလ် စာကြည့်တိုက် တွေမှာ (၆)လ Training ဆင်းနေတဲ့ အချိန်မှာ Thesis ကိုပြီးအောင်ရေးပြီး အစီစဉ်တကျ မှန်မှန်ကန်ကန်နဲ့ အချိန်မှီ တင်ပြနိုင်မှ ဘွဲ့လက်မှတ် ထုတ်ပေးမည်။ မှန်မမှန်ကိုတော့ Supervisor နှင့် Examiner တို့က ဝေဖန်စစ်ဆေးအုံးမည် ဖြစ်လို့ ရေးမည့်ဘွဲ့ယူစာတန်း Thesis အတွက် ခေါင်းစဉ်ကို စဉ်းစားရွေးချယ်နေပေမယ့် မယ်မယ်ရရ ဘာမှ ဆုံးဖြတ်လို့မရခဲ့။ တချို့စာရေးသူတွေနဲ့ စာအုပ်တွေကလည်း ရှေးဦးသူတို့ ပြုစုပြီးသား ဖြစ်နေပြန်၏။

နောက်ဆုံးတော့ ဆရာကြီး ဦးသုခရဲ့ "အတ္တုပ္ပတ္တိနဲ့ စာစု စာရင်း" ကိုပဲ  ပြုစုလိုက်တော့မည်ဆိုပြီး လွယ်လွယ်ပဲ ဆုံးဖြတ်မိသည်။ ကျမ်းစာစောင်ဖြစ်ဖို့အတွက် တက္ကသိုလ်စာကြည့်တိုက်များသို့ အပင်ပန်း ခံပြီး အခေါက်ခေါက်သွားရောက် မှတ်သားခဲ့ရ၏။ သုတ္တန်၊ သုတ် ပုံပြင်စသော လုံးချင်းစာ အုပ်များ အပါအဝင် မဂ္ဂဇင်းစာအုပ်များမှ ဝတ္တုတိုဆောင်းပါးတို့အပြင် စာတိုပေစများကိုပါ အသေးစိတ် လေ့လာ စုဆောင်း မိချိန်မှာ ဆရာကြီးကို ကြည်ညိုရင်းက ဆရာ၏ အနုပညာကို အထင်ကြီးလေးစားစိတ်တွေ တစစ ပေါ်လာခဲ့သည် ခေတ်အဆက်ဆက်ကိုမှီ၍ ဖြတ်သန်း လျှောက်လှမ်းခဲ့သောဆရာ၏ အတွေ့အကြုံ များကို သူ၏အနုပညာနှင့် စာပေများတွင် ထင်ဟပ်လျှက်ရှိသည်။
ကျွန်မသိပ်လေးစားတဲ့ ဆရာကြီး ဦးသုခကို တွေ့ဆုံရန်ဆရာနေထိုင်သော နေအိမ်သို့ သွားရောက်ခဲ့ သော် လည်း ကျန်းမာရေး အခြေအနေကြောင့် အိပ်စက် အနားယူနေသဖြင့် တွေ့ဆုံခြင်းမပြုတော့ပဲ ပြန်လာ ခဲ့ရသည်။

ရုပ်ရှင်သမိုင်းပြတိုက်မှ ဆရာကြီး၏ မိတ်ဆွေ၊ လုပ်ဖော်လုပ်ဖော်ကိုင်ဖက် တပည့်များဖြစ်ကြသော ဘဘဦးတင်ယု အဘ ဦးချစ်သန်းမြင့်၊ ဦးသန်းမောင်၊ ဦးအုန်းရွှေ၊ ဦးအေးကြူလေး၊ ဦးနှင်းမိုး (ဒါရိုက်တာ) တို့ အပါအဝင် ရုပ်ရှင်အဖွဲ့သားများ၏ ကူညီပံ့ပိုး မှုတို့လည်း ရယူခဲ့ပြန်သည်။
ဆရာကြီး၏ငယ်စဉ်က ရေးသားသောဝတ္တုများမှ လူငယ်လူရွယ်များ အကြိုက်အချစ် ဇာတ်လမ်းများ ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆရာရေးသားသော ဝတ္တုများမှ လက်ရှိဘဝတွင် ရုန်းကန် လှုပ်ရှား နေကြသော လူတန်းစားအသီးသီးတို့ကို ဇာတ်ကောင် များအဖြစ် ဖန်တီးရေးသားခဲ့သည်။ နောက်ပိုင်းတွင်၊ ဘာသာ၊ သာသနာအကျိုးအတွက် ရည်ရွယ်လျှက် ပညာပေးဝတ္တုဆောင်းပါးများကို ပိုမိုရေးသားသော စာများကို စာများကို ရဟန်းရှင်လူ ပြည်သူအများက နှစ်သက်စွာ အားပေးခဲ့ကြသည်။

ဆရာကြီး ၏ အောင်မြင်ကျော်ကြားသော ဘာသာရေးစာအုပ်များအနက်မှ အချို့ကို ထုတ်နုတ် တင်ပြ ရမည် ဆိုလျှင် သုခမှတ်စု မေတ္တသုတ်၊ မင်္ဂလသုတ်၊ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ ရာမာခရာဇ်ရှန ၏ သုတ္တန်ပုံပြင်များ၊ ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ ဖတ်ဆိုသောစိတ် စသည်စာအုပ်များမှ အထူးကျော်ကြား လှသည်။
သုခမှတ်စုအကြောင်းကို အကျဉ်းချုပ်တင်ပြရလျှင် သုခမှတ်စုတွင် မင်းကျင့်တရား ဆယ်ပါး သင်္ဂဟ တရားလေးပါး အပရိဟာနိယတရား ခုနှစ်ပါး၊ ပါရမီဆယ်ပါး၊ မြေလှုပ်တရားရှစ်ပါး စသည်တို့ကို ပါးစု ၃ပါးစု၊ ၄ပါးစု၊ ၅ပါးစုမှ စ၍စုဆောင်းဖော်ပြထားသည်။ ထို့ကြောင့်မည်သည့် ဇာတ်တော်မှ မှတ်စုမှတ်ရာ ကို မဆို ဒီတစ်အုပ်ထဲမှာပင် အလွယ်တကူ ရှာဖွေနိုင်၏။

မင်္ဂလာဟူသည် လူသားအားလုံးနှင့် သက်ဆိုင်သောကြီးပွားချမ်းသာရေး နည်းပညာဟု ခေါ်ဆိုနိုင်သော ပါဠိအမည်ဖြစ်သည်ဟူသော "မင်္ဂလသုတ်ဖွင့်ဆိုချက်သည်လည်း ထူးခြား သော စာအုပ်တစ်အုပ်ပင်။
ဆရာရေးသား၍ စုစည်းထုတ်ဝေခဲ့သော သုခဝတ္တုတိုပေါင်းချုပ်ဆိုလျှင် အခါခါပြန် ဖတ်သော်လည်း မပျင်းမရိ မငြီးမငွေ့ပဲ စိတ်ဝင်စားအောင် ဒိုးဒိုးဒေါက်ဒေါက် ဆွဲဆောင် နိုင်ခဲ့သည်။
ဆရာကြီးကား အလွန်ချီးကျူး ထိုက်သူတစ်ဦးဆိုတာကို ကျွန်မယုံကြည်ပါ၏။ ဗုဒ္ဓစာပေကိုလည်း တတ်ကျွမ်းနားလည်ယုံသာမက သဘောတရားကိုလည်း ပိုင်နိုင်  ကျွမ်းကျင်လှပေသည်။ အသက်၉၀ ကျော်အထိ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံ ဗဟုသုတများဖြင့် ခြယ်မှုန်းရေးဖွဲ့ထားသော သူ၏စာများမှာ လိုက်နာ ကျင့်ကြံ မှတ်သား လောက်အောင်ပင် အသိပညာပေးထိရောက်လှသည်။
ထိုသို့ စာရေးစာဆရာကောင်း တစ်ယောက်ဖြစ်ရုံသာမက အဟောအပြောနှင့် သီချင်းများစွာကိုလည်း သီဆိုနိုင်သူ တစ်ဦးဖြစ်ပြန်၏။ ဂီတနှင့်ပတ်သက်ပြီး ကိုယ်တိုင် တီးမှုတ်ခြင်းကို မတတ်သော်လည်း ကျွမ်းကျင်သော ဂီတဆရာတစ်ဦး ပမာဂီတကို နားလည်သည်။

ရုပ်ရှင်ရိုက်ရာတွင်လည်း ဗဟုသုတပညာပေး ထိရောက်လှပြီး အကျိုးပြု ရည်ရွယ် ချက်ကောင်းသော ဇာတ်ကားများကို ရိုက်ကူးခြင်းကြောင့် လူကြီး၊ လူငယ်များအားလုံး လက်ခံနှစ်ခြိုက်အားပေးသည်သာမက နိုင်ငံတော်အစိုးရကပါ ဆရာ၏ပညာကို လေးစားချီးမြှင့်မြှောက်စားခဲ့သည်။ နိုင်ငံခြားသို့ လေ့လာရေးအဖြစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော မနီလာရုပ်ရှင်ပွဲတော်တွင် ဆရာရိုက်ကူးသော "ချစ်အမျှ" နှင့် "ရွှေခြည်ငွေခြည်တန်းပါလို့" ဇာတ်ကားများကို လာရောက်ပြသပါရန် ဖိတ်ကြားခြင်းခံရ၍  သွားရောက် ခဲ့ရသဖြင့် မြန်မာ့ရုပ်ရှင်လောတွင် မည်သူမှ မရရှိသေးသော အောင်မြင်မှု တွေရရှိခဲ့သည်။ အကောင်းဆုံး ဒါရိုက်တာဆု (၆)ဆုကို ဆွတ်ခူးရရှိယုံသာမက ဆရာရိုက်ကူးသော ဇာတ်ကားများမှ ဇာတ်ကား(၈)ဆုကို ဆွတ်ခူးခဲ့ပြန်၏၊ မြန်မာ့ရုပ်ရှင် လောကတွင် ရန်ကုန်မြို့တွင်းပြသ၍ ဇာတ်ကားဝင်ငွေကောင်းပါက ရာခိုင်နှုန်းဖြင့် ယူသော ဒါရိုက်တာမှာ ဆရာကြီးဦးသုခ တစ်ဦးတည်းသာရှိသည်။

ဆရာကြီးမှာ အသက်အရွယ်ကြီးပြီဖြစ်သော်လည်း အနုပညာလုပ်ငန်းများနှင့် ပတ်သက်လျှင် လူငယ်များ ပင် လိုက်မမှီအောင် သွက်လက်နုပျိုလျှက်ရှိကြောင်းကို ဟောပြောပွဲများက သက်သေခံနိုင်ခဲ့သည်။ မိဘ မေတ္တာ အကြောင်းကို အနှစ်(၂၀) အတွင်း အကြိမ်(၂၀၀)ထက်မနည်း နယ်တကာလှည့်၍ ဟောပြောခဲ့ ၏။ ထို့အပြင် တရားဓမ္မနှင့် စာပေအနုပညာအကြောင်းကိုလည်း မြို့တကလှည့်၍ ဟောပြောခဲ့သည်။

ပြာသိုလပြည့်နေ့သည် အေးချမ်းသာယာသောအခါကာလဖြစ်သောကြောင့် အမေ၏ မေတ္တာကို တင်စား သော အားဖြင့် အမေနေ့ဟု သတ်မှတ်လိုကြောင်း အမေဟုဆိုရာ၌ ဥစ္စာဓနပေါများခြင်း၊ ဆင်းရဲခြင်း၊ ဂုဏ်ရှိခြင်း၊ ဂုဏ်မဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊ ရုပ်ရည်မတင့်တယ်ခြင်း၊ ကိုယ်ကျင့်တရားပြည့်ဝခြင်း၊ ကိုယ်ကျင့် တရားမပြည့်ဝခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ မိခင်တို့၏ ဝတ္တရားကျေပွန်ခြင်း၊ ပျက်ကွက်ခြင်း စသည်တို့သည်။ ပဓာနမဟုတ်ဘဲ အမေသည် အမေသာဖြစ်သည်ဟူသော အနှစ်သာရကို ကြည်ညိုရ မည်ဟု အမေ၏ဂုဏ်ကျေးဇူးကို ဖော်ညွှန်းရေးသားသည်ကို ဖတ်ရသောအခါ ဆရာကြီး၏ မိဘ အပေါ် ထားရှိ သော ဖြူစင်သည့် စိတ်ထားကိုမကြည်ညိုပဲ မနေနိုင်အောင်ဖြစ်ရ၏။

ဆရာကြီးသည် အမေကို အလွန်ချစ်မြတ်နိုးသူဖြစ်၍ အမေ၏ကျေးဇူးကို တဖွဖွပြောတတ်သူဖြစ်ကာ ဆရာကြီး၏ ကြိုးစားမှုကြောင့် ၄င်း၏နှလုံးသားမှ အနှစ်နှစ် အလလက တမ်းတမျှော်လင့်ခဲ့သော အမေနေ့ဖြစ်မြောက်လာခဲ့လေပြီ။
ထို့ပြင် မွန်မြတ်ကရုဏာနာရေး ကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီ၏ နာယကကြီးအဖြစ်လဲ တာဝန် ထမ်းဆောင် သွားခဲ့၏။
ကျွန်မ ပြုစုနေသော စာမူကြမ်းပြုစုပြီးချိန်တွင် ဆရာကြီးနှင့်တွေ့ဆုံခွင့် ရခဲ့ပါသည်။ ဆရာကြီးသည် အသက် အရွယ်ကြီးပြီဖြစ်၍ မောပန်းနေသောကြောင့် စာမရေးနိုင်တော့ပြီ ဖြစ်သော်လည်း သူ၏ အထ္တုပ္ပတ္တိနှင့် စာပေများ၊ အနုပညာဆောင်ရွက်ချက်များကို ခုနှစ်သက္ကရာဇ်မှစ၍ မေ့သည်မရှိ အားလုံးကို မှတ်မိ နေဆဲဖြစ်သည်။ ဆရာကြီးသည် စာကိုကိုယ်တိုင် မဖတ်နိုင်သော်လည်း ဆရာကြီး၏မြေးဖြစ်သူ ဖတ်ပြနေသည် ကို နားစိုက် ထောင်ရင်းက ခုနှစ်မှစ၍ လွဲမှားနေသော စာသားအချို့ ပြင်ဆင်ရန် မှာကြား ပေးခဲ့၏။

ဆရာကြီး၏ အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်၍ အသားအရည် အင်အားတို့က အားနည်း လျှော့ကျ သွားပြီဖြစ်သော်လည်း ဆရာ၏ရင်ထဲက အနုပညာနဲ့အသ ဥာဏ်ပညာတွေကတော့ လျော့နည်း ပျက်စီး သွားခြင်း မရှိသေးဘူးဆိုတာကို သက်သေခံလိုက်ခြင်းပဲဆိုပြီး အံ့သြနေမိခဲ့သည်။

ထို့နောက် ဆရာကြီးအား ကန်တော့သောအခါ ဆရာကြီးမှ…
မိမိတတ်အပ်သော လောကအကျိုး၊ ဓမ္မအကျိုးကို သယ်ပိုးနိုင်သော သားသမီး ကောင်းများ ဖြစ်ကြပါစေ၊ လောက သဘာဝကို နားလည်နိုင်သူဖြစ်ပါစေ၊ မိမိတတ်သည့်ပညာနဲ့ လောကအကျိုး ဓမ္မအကျိုးကို မသယ်ပိုး ဘဲ မိမိ၏အကျိုးအတွက်ပဲ အသုံးချတဲ့လူဟာ တကိုယ်ကောင်းသမား၊ အတ္တသမားပဲ၊ ရေရှည် မအောင်မြင် နိုင်ဘူး လောကအတွက် အသုံးမကျဘူး၊ ဘယ်အလုပ်လုပ်ကိုဘဲ လုပ်လုပ် ငါအလုပ်လုပ်ဖို့ ထမင်း စားတာ ထမင်းစားဖို့ အလုပ်လုပ်တာမဟုတ်ဘူး ဆိုတဲ့စိတ်ကိုထားရမယ်။

ဘိုးဘိုးလည်း ချမ်းသာ သလားဆိုရင် မချမ်းသာဘူး၊ ဒါပေမယ့် အလုပ်လုပ်ဖို့ ထမင်းစားတာ ဆိုတဲ့စိတ်နဲ့ စေတနာ ထားပြီး လုပ်တယ်။ ပညာဆိုတာ ဘယ်ပညာဖြစ်ဖြစ် ဆည်းပူးလို့ ကုန်နိုင်တယ်မရှိဘူး။ ဖိုးဖိုးဆိုရင်လဲ အသက်(၉၅)နှစ်ရှိပြီ။ ရုပ်ရှင်ပညာကို သင်လို့ကုန် နိုင်တယ်မရှိဘူး၊ မတတ်သေးဘူး၊ တခါတလေ ကိုယ်ရိုက်ခဲ့တဲ့ကားကိုကြည့်ပြီးတော့ ဟိုနေရာလေးလိုသွားပါလား၊ ငါအဲ ဒီအချိန်တုန်းက ဘာလို့ သတိမရလိုက်တာလဲ ဆိုပြီးအား မလို အားမရဖြစ်ရတာတွေရှိတယ်။ အခုရိုက်နေတဲ့ ဒါရိုက်တာ တွေရဲ့ ရုပ်ရှင်ဇာတ်ကား တွေမှာလဲ လိုအပ်ချက် တွေအများကြီးတွေ့တယ်။ ဖိုးဖိုးစိတ်တိုင်းမကျတာတွေ ရှိသေးတယ်။ လောကမှာ လောက ရဲ့သဘာဝဆိုတာကို အသက်ကြီးတဲ့လူတွေ ပိုပြီးနားလည်နိုင်ကြတယ်။ အသက်ငယ် တဲ့လူတွေက သိပ်ပြီးနားလည်နိုင်ကြဘူး။ အသက်တစ်ရက်ကြီးလာလေ လောကရဲ့ ကောင်းကျိုး ကို နားလည်လာလေပဲ။ အဲဒီလိုနားလည်မှ လောကနဲ့ လိုက်လျောညီထွေဖြစ်မှာ၊ ဒါကြောင့် လောကသဘာဝကို နားလည်အောင် ကြိုးစားယူရမယ်" ဟု ဆုံးမလိုက်ပါသည်။

ကျွန်မသည် ဆရာကြီး၏ကျေးဇူးကြောင့် ကျမ်းစာတစ်စောင်အောင်မြင်သွားခဲ့ရသလို ဆရာကြီး၏ စေတနာဖြင့် ဆုံးမလိုက်သော စကားများကိုလည်း မှတ်သားရသဖြင့် ကျွန်မ၏ ရှေ့ဆက်ရမည့် ဘဝခရီး အတွက် အင်အားများရရှိသွားပါသည်။

ဆရာကြီးအား ကြည်ညိုနေဆဲမှာပင် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆရာကြီး ကွယ်လွန် ကြောင်း ကို ဝမ်းနည်းစွာဖြင့် ကြားလိုက်ရသဖြင့် ဆရာကြီး၏ဈာပန အခမ်းအနားကို လိုက်လံ ပို့ဆောင် ခဲ့ရ၏။ ဆရာကြီးကဲ့သို့ အဘက်ဘက်မှ ထူးချွန်ပြောင် မြောင်သော  ဆရာကြီး တစ်ယောက် ကွယ်လွန် သွားသည် မှာ အနုပညာမှတ်တိုင်ကြီးတစ်ခု ပြိုလဲသွားသကဲ့သို့ဝမ်းနည်း တသ နှမျောမိပါသည်။

ဆရာကြီးသည် ကျေးဇူးရှင် လယ်တီဆရာတော်ကြီး၏ဒီပနီကျမ်းစာ မဆိတ်သုဉ်းသမျှ ဆရာတော်ကြီး သက်ရှိထင်ရှားရှိနေပါသေးသည်ဟု ပြောနိုင်ဝံ့သကဲ့သို့ ဆရာဇော်ဂျီ၏ ပလေတိုနိဒါန်းမှအစ ကဗျာ့ကဗျာ မြန်မာစာများ မဆိတ်မသုန်သမျှ ဆရာဇော်ဂျီ သက်ရှိထင်ရှား ရှိနေပါလိမ့်မည်ဟု တင်စားရေးဖွဲ့ ခဲ့ဖူးသည်နော်။
ထိုကဲ့သို့ ဆရာကြီးရေးသားခဲ့သော သုခမှတ်စုအပါအဝင်၊သုတ်၊သုတ္တန်ကဗျာ၊ကဗျာ မြန်မာစာနှင့် အနုပညာ ဆောင်ရွက်ချက်များ မဆိတ်သုဉ်း မပျောက်ကွယ်သရွေ့ ဆရာကြီး သက်ရှိထင်ရှား ရှိနေအုံး မှာပါ။

စာစုစာရင်း အပြုစုခံ စာရေးဆရာ ဒါရိုက်တာကြီး ဖိုးဖိုးဦးသုခ၏ ကျေးဇူးကို 
အစဉ်အောင့်မေ့ဦးညွတ်လျက်

အိကျော်
(စာကြည့်သုတ)
-----------------------------------------------------------------------------
နှလုံးသားထဲ စွဲနေတဲ့စကား
အရှင်ဝိမလဗုဒ္ဓိ

မိမိ-ဆရာကြီးဦးသုခ နှင့် နှစ်ကြိမ်သာတွေ့ဖူးပါတယ်။ ကျေးဇူတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရဲ့ ဈာပန အခမ်းအနားတွင် ဆရာကြီးကိုယ်တိုင် ဦးစီးပြီး ရုပ်ရှင်ရိုက် စဉ်ကတစ်ကြိမ် ဆရာတော် ဘုရားကြီး ရဲ့ "တစ်ဘဝသာသနာစာအုပ်ကြီး" ပထမအကြိမ်ထွက် ပြီးစ ၁၉၈၄- ခုနှစ်၊ မတ်လလယ်တွင် ဒကာထိန်ဝင်း တို့အဖွဲ့လာပြီး စာအုပ်ကြီးလာလှူစဉ်က ဆရာကြီးပါလာ၍ တစ်ကြိမ်ဖြစ်ပါတယ်။

ဒုတိယအကြိမ်တွေ့စဉ်က ယခုမဟာနာယကဆရာတော်များအား လျှောက်ထားတဲ့ ဆရာကြီးရဲ့ စကားဟာ မိမိနှလုံးသားထဲမှာ ရေမှာရေးတဲ့စာလို ချက်ချင်း လဲပျက်သွား ခြင်းမရှိ၊ ကျောက်မှာရေးတဲ့စာလို ရက်လ မျှဖြင့် ပျောက်သွားခြင်းလဲမရှိ၊ ကျောက်မှာရေး တဲ့ စာလို ယနေ့အထိသာမက တစ်ဘဝ လုံး တည်နေမှာ ဖြစ်ပါတယ်။
ဆရာကြီးလျှောက်ထားတဲ့စကားက"ဆရာတော်တို့ ဘုရားတပည့်တော်ဟာ အခုမှာ "မမြင်-မကဏ်း "ဘဝ ရောက်နေပါပြီ၊ "မြင်သလား"လို့ဆိုရမှာပါ။ "ကာဏ်းသလား" ဆိုတော့လဲ လုံးဝမမြင်ရတော့ မဟုတ်ပဲ၊ မှုန်တိမှုန်ဝါး မြင်နေရသေးတဲ့ အတွက် "မကာဏ်းဘူး" လို့ပြောရ မှာပါ ဘုရားတဲ့။

ဒီနေ့တော့ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒ န္တကုဏ္ဍလာဘိဝံသက အားပေး စကားမိန့်ကြား ပါတယ်။"ကျုပ်ဟာ ရွှေငွေစိန်ကျောက် ထိန်တောက်လျှံဝေ လောကီရတနာတွေ မရှိပေမယ့် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ သူတော်ကောင်း ဥစ္စာရတနာတွေ အပြည့်အဝရှိနေလို့ ဆင်းရဲသူမဟုတ်ပါ။ ချမ်းသာသူ သာဖြစ်ပါတယ်" လို့ သုပ္ပဗုဒ္ဓက သိကြားမင်းကို ပြောသလိုပါဘဲ။
ဒကာကြီး မှာ မျက်စိအားနည်းသော်လည်း ပညာမျက်စိအလင်းအားတွေက နေမင်းအလား လင်း လက် တောက်ပ နေလို့ " မမြင်-မကာဏ်း" လို့မဆိုနိုင်ပါ။ မြင်တယ်လို့သာဆိုရမှာပါ။ ဒကာကြီးရဲ့ မင်္ဂလသုတ် မေတ္တသုတ် စတဲ့ စာအုပ်တွေရဲ့ ကျေးဇူးကြောင့် မျိုးဆက် သစ်လူငယ်တွေမှာ ပညာမျက်စိတွေ ပွင့်လင်း လာတယ် လို့ ကြားသိရပါတယ် ဒကာကြီး။

ဒီလိုကြားရတော့ တပည့်တော်ဝမ်းသာပါတယ်ဘုရား၊ ဒါပေမယ့် မေတ္တသုတ်ရေးမိလို့ တပည့်တော်မှာ အိမ်က ဒကာမကြီး ရဲ့ အနိုင်ယူတာကို မကြာမကြာခံနေရပါတယ်၊ တပည့်တော်က ပုထုဇဉ်ဆိုတော့ ပုထုဇဉ်ပီပီ မကြိုက်တဲ့ အသံကြားရရင် မကြိုက်တာမြင်ရရင် တခါတရံစိတ်ဆိုးတတ်ပါတယ်၊ အသံမာမာ နဲ့ လဲ ပြောမိတတ်ပါတယ်။
ဒီလိုအခါမျိုးမှာ ဒကာမကြီးက "ဒါလား မေတ္တသုတ်ဆရာကြီး" လို့ လေအေး အေးလေးနဲ့ မကြားတကြား ပြောကာ အနိုင်ယူတတ်ပါတယ်၊ ဒီတော့တပည့်တော် ရှေ့မတိုး ရဲတော့ပါဘုရား။
ဒီလိုအနိုင်ခံရတာလဲ အကောင်းမြင်ဘက်က ကြည့်ရင်ဒေါသမီးမြန်မြန်ငြိမ်းသွားတဲ့ အတွက် ကောင်းတယ် လို့ဆိုရမှာပါ။ ဝမ်းမီးကောင်းသူဟာ စားလိုက်သမျှ အစာကြေပြီး အားဖြစ်သလို အရာရာအတွက် ကျေးဇူး ရှာတင် တတ်ရင် ကုသိုလ်ရတယ်လို့ ကျေးဇူးရှင် ဆရာတော်ကြီးမိန့်ဖူးပါတယ် ဒကာကြီး။

"မှန်ပါဘုရား"
ပညာရှိကြီးများ တခဏမျှ တွေ့ကြခိုက်မှာ မေတ္တာရှေ့ထားလျက် ပြောဆိုကြ တဲ့စကားတွေဟာ မိမိအဖို့ ကျေးဇူးများလှသဖြင့် နှလုံးသားထဲမှာစွဲနေပါတယ်။ စာဖတ်သူတို့ နှလုံးသားထဲမှာလဲ စွဲနေမယ် ဆိုတာ ယုံကြည် ပါတယ်။
"သုတသောမမင်း… သူတော်ကောင်းတို့နဲ့ တစ်ကြိမ်တစ်ခါ တစ်ခဏမျှ တွေ့ကြုံ ပေါင်းသင်း ဆက်ဆံရခြင်း ဟာ အမြတ်သာထွက်ပါတယ်၊ အရှုံးမရှိပါ" ဆို့တဲ့ ဗုဒ္ဓ စကား တော်ကို သတိရလျက် ဒီဆောင်းပါး နဲ့ ဆရာကြီးအား ကျေးဇူးရှင်အဖြစ် မှတ်တမ်းတင်ကာ ဂါရဝပြုပါတယ်။

 အရှင်ဝိမလဗုဒ္ဓိ
-----------------------------------------------------------------------
ဘိုးဘိုးမှာခဲ့တဲ့ တန်ဖိုးရှိစကား
ဝင်းဝင်း (ဒဂုံ အရှေ့)

ကျွန်မသည် စာရေးဆရာဒါရိုက်တာ ဦးသုခ (ဦးသိန်းမောင်) နှင့် ကျိုက်လတ်သူ ဒေါ်ပိန်တို့၏သမီးကြီး  ဒေါ်လှလှ မှ ဖွားမြင်သော ဒုတိယသမီးဖြစ်ပါတယ်။ နွေရာသီကျောင်း ပိတ်တာနှင့် ဖိုးဖိုးတို့အိမ်မှာ သွားပြီး နေကြပါတယ်။ ကျွန်မတို့ကိုမြင်လိုက်တာနှင့် ဖိုးဖိုးက "ဟေ့ မိကျင်" ရေ အမှိုက်တို့သရိုက်တို့ လာကြပြီ လို့ စတတ် ပါတယ်။ ကျွန်မတို့ကငယ်တော့ ဖိုးဖိုးစတာကို စိတ်ဆိုးပြီး ဒါဆိုပြန်တော့မယ်လို့ ပြန်ပြော မိပါတယ်။ အဲဒီစကား ကို ကြားတာနဲ့ တဟားဟားရယ်ပါတယ်။

နောက်ပိုင်းမှာ ဖိုးဖိုးဟာရုပ်ရှင်လောကမှာကျော်ကြားလာလို့ အလွန်အလုပ်ရှုပ်တာဘဲ တွေ့ရတော့တယ်။ ကျွန်မ တို့ သွားရင် အရင်လိုနောက်လို့မနေနိုင်တော့ပေ။ ဖိုးဖိုးကတော့ သူ့အလုပ်ခန်း ဖလင်ဆေးခန်း ထဲမှာ အမြဲအလုပ်ရှုပ်နေတတ်ပါတယ်။ တခါတလေ မိုးအလင်းအလုပ်ရှုပ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့နဲ့ တွေ့တဲ့အချိန်တွေမှာ အဖိုးကဘုရား စာတွေကို ကျက်ခိုင်းတတ်ပါတယ်။ ဒီဘုရားစာရရင် မုန့်ဖိုး ဘယ်လောက်ပေးမယ်။ ဘာဝယ် ပေးမယ်ဆိုပြီး  ချော့ကျက်ခိုင်းလေ့ရှိပါတယ်။ အဲဒီလိုကျက်ခိုင်းတဲ့ အတွက် ကလေးဘဝမှာ ကိုယ်လိုချင်တာလေးတွေကို ရတော့မယ်ဆိုတဲ့ အတွေးတွေကိုသာ ဦးစား ပေးပြီး ကျက်ခဲ့ကြ ပါတယ်။ ဓမ္မစကြာတပုဒ်လုံးရရင် ၅၀ိ/ (ငါးဆယ်ကျပ်) ပေးမယ်ဆိုတုန်းက ကျွန်မတို့မှာ အလွန် ပျော်မိ ပါတယ်။

အဲတုန်းကဆီချက်တစ်ပွဲမှ ၅၀ပြား(ငါးဆယ်ပြား)သာရှိတာဆိုတော့ ပေးမဲ့ဆုကအများ ကြီးရှိနေလို့လေ။ အလွတ် ဆိုပြဖို့ အတွက် ကျွန်မတို့မှာ အထစ်အငေါ့မရှိအောင် အားတာနဲ့ ကျက်။ ရတဲ့အချိန်ကျတော့ ဖိုးဖိုး နဲ့ တွေ့နိုင်ဖို့ ဖိုးဖိုးအားတဲ့အချိန်လေးကို ဆောင့်ပြီးဆိုပြဖို့ တော်တော်အချိန်ယူခဲ့ရတယ်။
ဖိုးဖိုး အားတဲ့ အချိန်လေးမှာ ကျွန်မတို့ဆိုပြပြီးတော့ ဖိုးဖိုးဆီကဆုထက် သာဓုခေါ်ခံရတဲ့ ပီတိလေးကို ခုထိကျွန်မတို့မမေ့နိုင် မဖော်ပြနိုင်အောင်ဖြစ်ခဲ့ရတယ်လေ။ နောက်ပိုင်းဖိုးဖိုးနဲ့ ကျွန်မတို့ တွေ့ဆုံကြတဲ့ အချိန် တွေ မရှိသလောက်ဖြစ်သွားပါတယ်။

ဖိုးဖိုးနေမကောင်းလို့ ဆေးရုံတက်ရတဲ့ အခါမျိုးမှာ ဆေးရုံမှာတွေ့ရပေမဲ့ ဖိုးဖိုးအခြေ အနေက မောနေတာ တွေ့ရတော့ စကားတွေမပြောဖြစ်ခဲ့ရသော်လည်း ဖိုးဖိုးမဆုံးခင်ကာလ အလိုလေးမှာ ဖိုးဖိုးအခန်းမှာ မြေးအဖိုး တွေ တွေ့ဆုံပြီး ရှေးဟောင်းနှောင်းဖြစ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အသက် အရွယ် ကြီးသူတိုင်း ဟာ ယခင်ကအကြောင်းအရာလေးတွေကို ပြန်ပြီးပြောချင်ကြတာများပါတယ်။

"သမီးတို့ဘုရားစာတွေ သင်ပေးကျက်ခိုင်းတာက အိမ်တွင်းသာသနာပြုနည်းတစ်မျိုးပေါ့။ သမီးတို့ ခုဓမ္မစကြာ ကို ရထားတာဘယ်လောက်ကောင်းလဲ၊ အဲဒီဓမ္မစကြာကို ဘုရားရှင်တိုင်းက ဟောကြားခဲ့တဲ့ တရား၊ တရားဦးလည်းပြောလို့ရတယ် အဲဒီဓမ္မစကြာတရားကြောင့် ပဉ္စဝဂ္ဂီငါးဦး သောတာပတ္တိဖိုလ် တည်ကြ တာလေ၊ ဓမ္မစကြာဒေသနာကို ဟောတော် မူပြီး အဆုံးမှာ ရှင်ကောဏ္ဍညသောတာ ပတ္တိဖိုလ်၌တည်ပြီးနောက ဝါဆိုလပြည့်ကျော် ၁ရက်မှာ ရှင်ဝပ္ပ၊ နှစ်ရက်နေ့မှာ ရှင်ဘဒ္ဒိယ၊ သုံးရက်နေ့၌ ရှင်မဟာနာမ်၊ လေးရက်နေ့၌ ရှင်အဿဇိတို့ အသီးသီးသောတ္တာဖိုလ် တည်ကြတယ်လေ"
"နောက်ဝါဆိုလပြည့်ကျော် ၅ရက်နေ့မှာ ရဟန်းငါးပါးလုံးကို စည်းဝေးစေပြီးမြတ်စွာ ဘုရားက အနတ္တ လက္ခဏာသုတ် ကိုဟောလို့ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာအဖြစ်ကို ရောက်ကြတယ်လေ။ သမီးတို့ကို ဖိုးဖိုးက ဓမ္မစကြာ တရားတော်ကို ရရင်ဆက်ပြီး အနတ္တလက္ခဏာသုတ် ကို ကျက်လို့မှာလိုက်တာပေါ့။ အဲဒီလို ရထား တဲ့ လူဖြစ်ကျိုးနပ်တာပေါ့။

"ဟုတ်ပါတယ်ဖိုးဖိုးရယ် သမီးတို့ကငယ်တော့ ဟိုသုတ္တန်ထဲက မင်းသားလိုတရား နာရင မုန့်ပေးမယ်ပြောလို့ သွားနာ တဲ့ သူလို သမီးတို့လည်းဖြစ်သွားတာကို ခုမှပြန်ရှက်မိသ လိုလဲ။်
"ဘယ်ဟုတ် ပါ့မလဲ အဲတုန်းကသမီးတို့က ၉နှစ်၊ ၁၀နှစ် ကလေးတွေဆိုတော့ ဘာမသိလဲဒီထဲက ဘုရားစာ တွေကိုစုံအောင် ရအောင်ကျက်ခဲပလို့ သမီးတို့ခုလိုဘာသာတရား တွေကို လွယ်လွယ်နဲ့သိတယ် လေ့လာ လိုက်စား တတ်တာပေါ့"

"ဒါနဲ့သမီး နမက္ကာရ အစိန္တေယျကြီးဘုရားရှိခိုးကောရပြီလား၊ ဘိုးဘိုးကိုရွတ်ဖတ်ပြပါ အုံး" "ငါ့သမီးက ရွတ်ဖတ် နိုင်သားပဲ"
"ဘိုးဘိုး ရဲ့ အစိန္တေယျကြီး ဘုရားရှိခိုးကို သမီးတို့တွေ ညတိုင်းဘုရားရှိခိုးရင် အမြဲထည့် ရွတ်ဖတ် ပူဇော်ကြ ပါတယ်" "သာဓု- သာဓု - သာဓု ကွယ်"
ရွှေကျင်သာသနာပိုင်ဒီပဲယင်း ဆရာတော်ဘုရားကြီးက ဘုရားရှင်၏ ပုံသဏ္ဍာန်တော်၊ ဘုရား ဂုဏ်တော်များကို အဖန်ဖန်အောက်မေ့ခြင်း၊ ကြည်ညိုရွတ်ဖတ်ချီးမွမ်းခြင်း ရှိခိုးပူဇော် ခြင်း ဗုဒ္ဓနုဿတိ ကမ္မဌာန်း မည်သည် လောကီလောကုတ္တရာ အကျိုးများကို ပွားတိုးစေ၏။ ကြီးမြတ် ဆန်းကျယ်သော လိုအင်ဆန္ဒ ကောင်းကျိုးတို့ကိုလည်း ပေးစွမ်းနိုင်၏။ ဒါနသီလ စသည့် အမျိုးမျိုးသော ကုသိုလ် တို့သည် ဘုရားဂုဏ် ကို ဆင်ခြင်အောက်မေ့နိုင်သည့် အမျိုးမျိုးသော ကုသိုလ်တို့သည် ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့ နိုင်သည့် ဗုဒ္ဓါနုဿတိ အရင်းခံရှိမှ ကြီးမားထက်မြက်သောအကျိုးကို ပေးနိုင် ပေသည်။

ဘုရားဂုဏ်တော် များသည် သွားရင်း၊ လာရင်း၊ အိပ်ရင်း၊ ထိုင်ရင်းပါးစပ်နှင့် လွယ်လွယ်ရယူနိုင်ပါပေသည်။ ဒါကြောင့် သေလျှင်ပစ်ထားခဲ့ရမည့် ပါးစပ်ကိုမသေခင်အသုံး ချရွတ်ဖတ် ရှိခိုးသင့်ကြပေသည်ဟ ရွှေကျင်သာသနာပိုင်ဒီပဲယင်း ဆရာတော်ဘုရားကြီးက သြဝါဒပေးခဲ့တော်မူတယ်လို့ သိရှိခဲ့ရတယ်သမီးရဲ့"
ဘိုးဘိုး သည် နမက္ကာရအစိန္တေယျကြီးဘုရားရှိခိုးကို အမြဲရွတ်ဖတ်ပူဇော်နေလေ့ရှိပါ သည်။"ဘိုးဘိုးကိုကြည့် ခုဆို ဖိုးဖိုးအသက်အရွယ်နဲ့ ဘာမှမလုပ်နိုင်တော့ဘူး၊ ဒါပေမယ့်ဖိုးဖိုးအတွက် အားလုံးပြည့်စုံတယ်။ အဲဒါ ဘုရားရှင် ရဲ့ ဂုဏ်ကျေးဇူးတွေဘဲသမီး"
"ဖိုးဖိုးစကား တွေ အများကြီးပြောတော့ မောနေမှာပေါ့"

"မမောပါဘူး ခုလိုပြောဆိုနေရတော့ ရောဂါတစ်ဝက်လျှော့တယ်လို့တောင် အောက်မေ့ တယ်၊ ဘုရား၏ဂုဏ်တော်ထပ်ခါထပ်ခါပွားများတာတွေ ရွတ်ဖတ်ပူဇော်နေတာဟာလဲ ဗုဒ္ဓါ နုဿတိဘာဝနာ အားထုတ် ပွားများ နေတာနဲ့ တူပါတယ်။

ဗုဒ္ဓ နုဿတိဘာဝနာအားထုတ်သော ပုဂ္ဂိုလ်တွေဟာ
၁။    ဗုဒ္ဓမြတ်စွာကို အလွန်ရိုသေ၍ ဗုဒ္ဓမြတ်စွာ၏ စကားတော်ကို အလွန်လိုက် နာခြင်း
၂။ ဗုဒ္ဓမြတ်စွာကို မကြာမကြာသတိရနေသောကြောင့် သတိကောင်း၍ အသက်                ကြီးသော်လည်း သတိမမေ့ခြင်း
၃။    အသိဥာဏ်များ တိုးပွားလာခြင်း။
၎။    ဗုဒ္ဓမြတ်စွာအပေါ်၌ ဥာဏ်အမြင်ဖြင့်သက်ဝင်၍ နက်နက်နဲနဲ ကြည်ညိုခြင်း။
၅။    ဘုန်းကံကြီးမားခြင်း။
၆။    စိတ်ချမ်းသာကြည်လင်ခြင်း၊ အေးမြခြင်း တခါတခါကြက်သီးထလောက်အောင် ပီတိဖြစ်ခြင်း ။
၇။    ကြောက်စရာ ဘေးအန္တရာယ်နှင့်ကြုံရသည့်အခါ ထိတ်လန့်ကြောက်ရွံ့မှုမရှိခြင်း
၈။    ဗုဒ္ဓမြတ်စွာ နဲ့အတူနေရသကဲ့သို့ဖြစ်၍ ကျူးလွန်ရမည့်အပြစ်ကိုမကျူးလွန်ဖြစ် ခြင်း။
၉။ ဗုဒ္ဓနုဿတိ ဘာဝနာပွားသူ၏ ခန္ဓာကိုယ်သည်စေတီအိမ်နှင့်တူ၍လူနတ်ဗြဟ္မ တို့၏ အပူဇော် ခံထိုက်ခြင်း။
၁၀။    အကုသိုလ်များကို ပြုရန်ရှက်လာ၊ ကြောက်လာခြင်း။
၁၁။    ဘုရားဖြစ်ချင်သောစိတ် ဖြစ်ပေါ်လာခြင်း။
၁၂။    အထက်မဂ်ဖိုလ်ကို မရလျှင် နောက်ဘဝ၌ သုဂတိဘဝသို့ကားရောက်ရခြင်း စသည် တို့ကို ဖြစ်စေ ပါသည်။
    ဘုရားရှိခိုးတဲ့အတွက် ဘုရားရှိခိုးရကျိုး(၁၇)မျိုးကိုလည်း ရရှိစေပါသေးသည်။
၁။    စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတပါးတို့ရှိခိုးခံထိုက်ခြင်း
၂။    စိတ်၏ရဲရင့်တည်ကြည်မှုရှိခြင်း။
၃။    သေသောအခါ နတ်ပြည်စသော သုဂတိဘဝသို့ရောက်ရခြင်း
၎။    နောင်ဘုရားမြတ်စွာနှင့် တွေ့သောအခါ သစ္စာ ၄ပါးကို သိလွယ်ခြင်း
၅။    မြတ်သောအမျိုး၌ဖြစ်ရခြင်း။
၆။    အရိုအသေအလေးအမြတ်ပြုခံရခြင်း။
၇။    ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း။
၈။    အဆင်း လှပခြင်း။
၉။    ကိုယ်အနံ့မွေးပျံခြင်း။
၁၀။    ခံတွင်းအနံ့မွေးပျံခြင်း။
၁၁။    ကြီးကျယ်သောပညာနှင့်ပြည့်စုံခြင်း။
၁၂။    နက်နဲသောပညာနှင့်ပြည့်စုံခြင်း။
၁၃။    ထက်သောပညာနှင့်ပြည့်စုံခြင်း။
၁၄။    ရွှင်သောပညာနှင့်ပြည့်စုံခြင်း။
၁၅။    လျင်သောဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၆။    ဆန်းကြယ်သောဥာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၇။    စကားကောင်းကိုဆိုနိုင်ခြင်း တို့ကိုရရှိစေပါတယ်။

ဘုရားရဲ့ ဂုဏ်တော်တွေကို ထပ်ခါထပ်ခါရွတ်ပွားပူဇော်ရှိခိုးတာဟာလည်း စိတ်ကြည်နူးချမ်းမြေ့စရာဘဲ ဘုရားဂုဏ်တော်ကို ဆင်ခြင်ပွားများ၍ စိတ်ကိုဆောက်တည်သည့် အလေ့အကျင့်ရနေသူသည် ဝိပဿနာ အလုပ်ကို ကူးပြောင်းလျှင်လူစိမ်းတစ် ယောက်ထက်ပိုပြီး လွယ်ကူလေသည်။ ဗုဒ္ဓအနုဿတိကို ပွားများ လျက် ပင် ရရှိသောပီတိကို ပယ်ခွာ၍အနိစ္စ၊ဒုက္ခ၊အနတ္တလက္ခဏာရေးသုံးပါးသို့ ကူးပြောင်းလိုက်ပါက ဝိပဿနာ ဖြစ်သွား လေသည်။ ရှေးအခါက ဂမိယတိဿအမည်ရှိသော မထေရ်တစ်ပါးသည် ပဌာန်းကျမ်း နှင့် စပ်လျဉ်း၍ ဘုရားဂုဏ်တော်ကို အာရုံပြုပြီးဖြစ်ပေါ်လာသော ပီတိကိုပယ်ခွာ၍ ဝိပဿနာရှု့ သ ဖြင့် ရဟန္တာဖြစ်ခဲ့ဖူးတယ်လို့ ဆရာတော်ဘုရားဟောကြားဖူးတယ်။

သမီးတို့ နမက္ကာရအစိန္တေယျကြီး ဘုရားရှိခိုးကို နေ့စဉ်မပျက်ဘုရားရှိခိုးမှုကို ပြုပြီးကုသိုလ်စိတ်များ တရိပ်ရိပ် တဖွားဖွားဖြစ်ပွားပါလို့ ဖိုးဖိုးမှာချင်တယ်။ အဲဒီလိုလုပ်လျှင် ဖိုးဖိုးကိုချစ်တာလို့မှတ်ပါ့မယ်။ ဖိုးဖိုးကို ချစ်လျှင် နမက္ကာရအစိန္တေယျကြီး ဘုရားရှိခိုးကို ဝတ်မပျက်တစ်နေ့ကို တတ်နိုင်သမျှ ရွတ်ဖတ်ပူဇော်ပါလို့ ပါချင် တယ်။

 ဝင်းဝင်း (ဒဂုံ အရှေ့)
.

No comments: