Friday, July 29, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၁)

ချစ်သန်းမြင့်
ဆရာကြီးဦးသုခနှင့် ကျွန်တော်

မှတ်မှတ်ရရရေးရလျှင် ၁၉၅၀ပြည့်နှစ် ကာလများက ဖြစ်ပါမယ်။
ကျွန်တော်ဟာ ဟင်္သာတမြို့သား၊ ပုသိမ်မှာ ကျောင်းနေတယ်။ ၁၉၄၉ခုနှစ်၊ တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန် ဆိုသည့်အတိုင်း ပြည်တွင်းသောင်းကျန်းသူတို့ကြောင့် ရန်ကုန်အစိုးရဟု ခေါ်ဆိုနေကြသည့် အချိန်ကာလမှာ ကျောင်းတွေပိတ်လို့ ကျွန်တော်ပုသိမ်နှင့် ဟင်္သာတ ရထားလမ်းရှိလျက်နဲ့ သွားမရလို့ ရန်ကုန်ဘက် က လှည့်ဖို့ရာ သင်္ဘောနဲ့ လှည့်ခဲ့ပါတယ်။
အဲဒီအချိန်က ကျွန်တော့်အဒေါ်တစ်ယောက်က ဆိပ်ကမ်းသာလမ်း (လူးဝစ်(စ)လမ်း)မှာနေတော့ အဒေါ့် အိမ်မှာ ကွန်းခိုရင်း ဟင်္သတာမှာလည်း သောင်းကျန်းသူတွေနှင့် "ငါပြန်လို့မဖြစ်ဘူး" ရယ်လို့တွေးရင်း ကျွန်တော်ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တဲ့ အလုပ် အနုပညာအလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအချိန်က ကာဌေးရုံမှာ ပြဇာတ်မင်းသား၊ မင်းသမီးတွေ ရွေးနေတယ်။ ကြည်ကြည်ဌေးတို့၊ မြင့်မြင့်ဌေး တို့၊ ခင်မောင်ကြည်တို့ မင်းသား၊ မင်းသမီးတွေဖြစ်ပြီး ပြဇာတ်ကနေ ကြပြီ။
ကျွန်တော်က ဆူးလေဘုရားလမ်းနားက မက်ထရိုဓာတ်ပုံတိုက်မှာ ဓာတ်ပုံရိုက်ပြီး လျှောက်လွှာတင်လိုက်ပါ တယ်။
ကျွန်တော်တို့ကို စစ်ဆေးနေတဲ့ လူကြီးတွေထဲမှာ ဆရာဦးသုခလည်း ပါတယ်။ ဇာတ်ဝင်ခန်းနှင့် အမူအရာ လုပ်ဖို့ သုံးရက်ချိန်းလိုက်တယ်။
ကျွန်တော်က "ငါဝါသနာပါတဲ့ အနုပညာလုပ်ရပြီ၊ မင်းသားဖြစ်ပြီး" စိတ်ကူးတွေယဉ်ပြီး ကျွန်တော့်အစ်ကို ဦးမြတင် တာဝန်ထမ်းဆောင်နေရာ မင်္ဂလာဒုံစစ်ဆေးရုံကို ချီတက်ခဲ့တယ်။
အစ်ကို အစည်းအဝေးသွားနေလို့ မတွေ့ရဘူး၊ ခုမှ တွေ့ရတဲ့မရီးနဲ့ စကားတွေ ပြောနေမိတယ်။ ညနေကျမှ အစကို ပြန်ရောက်လာတယ်။ ကျွန်တော်က ကျွန်တော့်ဘ၀အချိုးအကွေ့တွေ၊ ကျွန်တော်ဝါသနာပါတဲ့ အနုပညာ အလုပ်နဲ့ဘ၀ကို ရပ်တည်မယ်လို့ ပြောတော့ အစ်ကိုကြီးက အကြာကြီး စဉ်းစားနေတယ်။

"ဒီကောင်ကွာ"
စကားတစ်ခွန်းလည်း ညည်းလိုက်ပါတယ်။
ကာလ၊ ဒေသ၊ ပယောဂ
ကာလ၊ ဒေသ၊ ပုဂ္ဂလ။
အချိန်၊ နေရာ၊ အခြေအနေတွေ။ အခြေအနေ အချိန်အခါနှင့် လူတွေ။
နောက်တော့ အစ်ကိုက သူ့မျက်စိရှေ့မှာတင် ရှိနေဖို့ ကျွန်တော့်ကို ဆေးတပ်ထဲ သွင်းပေးပါတယ်။
ကျွန်တော့်ရဲ့ အနုပညာလုပ်မယ်ဆိုတဲ့ ဆန္ဒဇောတွေလည်း တစ်ခန်းရပ်သွားပါတော့တယ်။
ဒါပေမယ့် တပ်ထဲမှာ အမှုထမ်းရင်း စာရေးဖို့ ကြိုးစားနေတယ်။

တစ်ခါတော့ လမ်းမတော်ဘက်မှာနေတဲ့ ဆရာဦးသုခတိုက်ခန်း ရောက်သွားတယ်။ ဆရာက ပြဇာတ် တွေမှာ ဒါရိုက်တာလုပ် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်နေတော့ မတွေ့ရပါဘူး။
ဆရာက စာရေးဆရာဘ၀နှင့် ရုပ်ရှင်ထဲရောက်လာတော့ ကျွန်တော် ဆရာဆီက နည်းနာ ခံချင်တယ်။ ဆရာတပည့် ဖြစ်ချင်တယ်။ ဆရာကလည်း ဆရာ့အနုပညာတာဝန်နှင့်၊ ကျွန်တော်ကလည်း တိုင်းပြည် တာဝန်နှင့် ကျွန်တော်ပရိသတ်တစ်ယောက်အနေနဲ့ပဲ ဆရာရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ခဲ့ရတယ်။
"ဂုဏ်ရည်မတူ" "သည်ဆောင်းဟေမာန်" "သြော်မိန်းမ" စသည့် ဇာတ်ကားတို့ကို ကျွန်တော် တသသ စွဲခဲ့ပါ တယ်။

စာပေနှင့် ပတ်သက်လို့လည်း ဆရာ့ဝတ္ထုတိုတွေကို ကျွန်တော် စွဲမက်ခဲ့ပါတယ်။ "ကံတူအကျိုးပေး" ဆိုတဲ့ ၀တ္ထုတိုဟာ အိမ်ထောင်ရေးဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီဝတ္ထုတိုကို ဆရာတပည့် ဒါရိုက်တာ မောင်နှင်းမိုး က "သားယောက္ခထီး" အမည်နဲ့ တီဗီဇာတ်လမ်း ပြန်ရိုက်ခဲ့ပါတယ်။

ဇာတ်လမ်းကတော့ သမီးကို အိမ်ထောင်ချပေးတယ်။ သမီးက သူ့ခင်ပွန်းသည်ကို သူ့ဘ၀အကြောင်း ပြော ပြတယ်။ ခင်ပွန်းသည်က "ငါလှည်းကျိုး ထမ်းမိလေခြင်း" လို့ ဝေဒနာအပြည့်နှင့် ခံစားနေရတယ်။ ဒီတစ်ခါ အမေဖြစ်သူက သမီးနှင့် သမက်အကြောင်းကို သိသွားပြီး၊ သူ့ဘ၀ ဇာတ်ကြောင်းနှင့် ယှဉ်ပြီး "မိုက်ပါဘိ သမီးရယ်" ခုအိမ်မှာ ခိုင်းဖို့ဆိုပြီး မွေးစားထားတဲ့ မောင်နှမနှစ်ယောက်က အမေ့အရင် ယောက်ျားနှင့်ရပြီး ခေါ်ထားတာ။ ညည်းအဖေ ခုထိမသိဘူးလို့ပြောတော့ တံခါးနားက နားထောင်နေတဲ့ အဖေက ခြံထဲဆင်း ပြေးသွားပြီး "ငါနွားကျလေခြင်း" ဆိုပြီး ငေးငိုင်နေတဲ့ သမက်ရှေ့မှာ မြက်စားပြတယ်။
ဆရာရဲ့ဝတ္ထုတိုမှာ ရသအဖွဲ့ အလှည့်ကလေးတွေပါတယ်။

ဆရာ ဦးတင့်တယ်က အမေရိကန်စာရေး ဆရာကြီး အိုဟင်နရီရဲ ၀တ္ထုတွေနှင့် ဆရာဦးသုခရဲ့ အရေးအဖွဲ့ ကို ပုံခိုင်းပြထားပါတယ်။ အိုဟင်နရီက ဇာတ်ကောင်တွေမှာ လူလတ်တန်းစားသာ အများဆုံး ပါဝင်တယ်။ ဆရာဦးသုခ ရဲ့ဇာတ်ကောင်များမှာ ငွေငါးကျပ်သာ တတ်နိုင်သော တီဘီရောက်ဂါရှိသူ ကျောက်သွေးသမား ကိုတလုပ်ဖြင့် တရားသူကြီးဦးထွန်းဇော်၊ အယ်ဒီတာ ကိုချစ်ထူး၊ ပွဲစားဦးဘိုးဘ၊ တောသူကလေး စိန်ဥ စတဲ့ ဇာတ်ကောင်အမျိုးမျိုး ပါတယ်။
ဆရာဝတ္ထုတွေက ရသ(၉)ပါးနဲ့ ပြည့်နေတယ်။ ဟားရတယ်ဆိုပေမယ့် ပျက်ရယ်ပြုသရော်ထားတယ်။
ဆရာဟာ စာပေပညာရှင်ကြီး ဖြစ်သလို ရုပ်ရှင်ပညာရှင်ကြီးလည်း ဖြစ်ပါတယ်။

ကျွန်တော် တပ်မတော်က နှုတ်ထွက်ခွင့်တောင်းပြီး စာရေးရုပ်ရှင်ရိုက်တော့ ဆရာတပည့်တစ်ယောက် အဖြစ် မလုပ်ရပေမယ့် ဆရာပတ်ဝန်းကျင်မှာရှိတဲ့ ဆရာ့တပည့် မောင်နှင်းမိုးနှင့် ကိုအောင်မြင့်မြတ်တို့က ကျွန်တော်နှင့်ရင်းနှီးလေတော့ ဗိုလ်အောင်ကျော်လမ်းက စန်းသော်တာကုမ္ပဏီမှာ ဆရာကို တွေ့နေရပါ တယ်။
ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး (ယခင်ရုပ်ရှင် ကောင်စီ)မှာ အပတ်စဉ် ဟောပြောပွဲတွေ ရှိပါတယ်။ ဆရာ့ ဟောပြောပွဲတွေ ရှိပါတယ်။ ဆရာ့ဟောပြောပွဲကိုလည်း ကျွန်တော် တက်ရောက် နာေးထာင့် ရှိပါတယ်။

တစ်နေ့ …
ဆရာဟောပြောပွဲမှာ ဆရာက ရုပ်ရှင်ပညာရပ်တွေကို ဟောပြောပါတယ်။ ဟောပြောပြီးလို့ ဆွေးနွေးခန်းမှာ စာရေးဆရာဦးဆန်းလွင် (ဒဿနိက)က ဆရာရုပ်ရှင်ရိုက်တဲ့အခါ ကင်မရာထောင့်ပုံနှင့် ပတ်သက်လို့ မေးမြန်းပါတယ်။
ဦးဆန်းလွင်က ဆရာရဲ့ "ဂုဏ်ရည်မတူ" ဇာတ်ကားက ကင်မရာထောင်ပုံ၊ ရိုက်ချက်တွေနဲ့ "သားတို့ ဂုဏ်ရည်" ဇာတ်ကားမှာ က်ငမရာထောင်ပုံရိုက်ချက်တွေကို နှိုင်းယှဉ်မေးသွားပါတယ်။
ဆရာက အခမ်းအနားမှူးလုပ်တဲ့ သွေးသောက်ဆရာ ဦးပြည့်စုံကို "မေးခွန်းရှင်ဟာ ဘယ်သူလဲ" လို့ မေးပါတယ်။ ဦးပြည့်စုံက "ကိုညွန့်ဝင်းရဲ့ ဇာတ်ညွှန်းရေးဆရာ" ဖြစ်ကြောင်း ပြောပါတယ်။
ဒီတစ်ခါဆရာက "(၂၂)နဲ့ (၂၂)ပေါင်းရင် (၄၄)ရသလို၊ (၁၃)နဲ့ (၃၁)ပေါင်းရင်လည်း (၄၄)ရပါတယ်။ အဓိက က ကိုင် ဘာပြချင်သလဲ" လို့ ဖြေသွားခဲ့ပါတယ်။
ဒီအဖြေကို ကျွန်တော် ဘ၀င်မကျဘူး။ ဆရာက အနုပညာကို သင်္ချာနဲ့ ရိုးမယ်ဖွဲ့တယ်ပေါ့။ ကျွန်တော်အဲဒီ လို နားလည်လိုက်လို့ ကျွန်တော်ဆရာများဖြစ်ကြတဲ့ အေ၀မ်းဦးတင်မောင်၊ ဆရာရွှေဒုံး ဘီအောင် တို့နဲ့လည်း ဆရာ့ ဒါယာလော့ကို ပြန်လည်ဆွေးနွေးပါတယ်။

အမှန်က ကျွန်တော်တိမ်တာ။
ကျွန်တော်တို့ မြန်မာမှု၊ တရားတော်တွေမှာ (၅၂၈) သွယ်သော မေတ္တာတို့၊ (၁၅၀၀)ကိလေသာတို့ဆိုတာ သင်္ချာအရည်အတွက်နဲ့ ပြသွားပါတယ်။
ဒီလိုနဲ့ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း ကောက်လှိုင်းတို့ ရေးခဲ့တဲ့ "မလှပေမယ့်ချစ်တတ်သူ" လုံးချင်း ၀တ္ထု ကို ဆရာ့တပည့် မောင်နှင်းမိုးက ၀ယ်လို့ ဆရာက "တစ်ဦးကမေတ္တာ၊ တစ်ဦးကစေတနာ" အမည်နဲ့ ရုပ်ရှင်ရိုက် လို့ ဆရာနဲ့ ကံဆုံဖူးပါတယ်။

အဲ … ၁၉၉၅ခု ဒီဘက်ပိုင်းမှာ ကျွန်တော်က ရုပ်ရှင်အစည်းအရုံးဇာတ်လမ်း ဇာတ်ညွှန်းဥက္ကဌ တာဝန် ထမ်းဆောင်နေတုန်း "မြန်မာ့ရုပ်ရှင်နေ့" တွေ ကျင်းပရင်း ဆရာ့ကို နိုင်ငံတော်က ချီးမြှင့်မယ့် ဇာတ်ညွှန်း ထူးချွန်ဆု စံတွေနဲ့ ပတ်သက်လို့၊ ဇာတ်ညွှန်းပညာရပ်ကို ဟောပြောပေးဖို့ ချဉ်းကပ်ဖိတ်ကြားလို့ ဆရာက ရုပ်ရှင်အစည်းအရုံးခန်းမမှာ ဟောပြောပေးပါတယ်။
ဆရာ့ဟောပြောပွဲကို မြ၀တီရုပ်မြင်သံကြားက အစအဆုံး ရိုက်ကူးမှတ်တမ်း တင်ခဲ့ပါတယ်။
ရုပ်ရှင်သဘောအရ Flash Back ပြန်လည်နောက်ကြောင်း ပြန်ရရင် ဆရာက "ချစ်အမျှ" ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာ အေ၀မ်းဦးတင်မောင်က ဒါရိုက်တာမင်းသားအနေနဲ့ ရိုက်တော့ ဆရာက သူ့ဝတ္ထုမှာ ဇာတ်ညွှန်းရေး ဆရာအနေနဲ့ ရုပ်ရှင်နယ်ထဲကို ရောက်ရှိလာပါတယ်။

ဆရာက မြန်မာ့ဇာတက နားလည်တယ်။ ဇာတ်အဖွဲ့ကောင်းတယ်။ စာရေးကောင်းတယ်။ စကားပြော ကောင်းတယ်။
ဟောပြောပွဲတစ်ခုမှာ ဆရာက သူ့ရုပ်ရှင်ဇာတ်ကားတွေမှာ ခြင်ထောင်ပတ်လည် က ဇာတ်တွေကို ဖွဲ့တယ် လို့ ပြောဟောသွားခဲ့တယ်။ ဗြုန်းကနဲ နားထောင်ရင်တော့ ကာမရာဂတွေနှင့် ပတ်သက်နေတယ်ပေါ့။ ဒါပေမယ့် ဆရာဖွဲ့တာတွေက သစ္စာတွေ၊ သမုဒယတွေကြောင့် ဒုက္ခဖြစ်နေပုံတွေ ဖြစ်နေပါတယ်။

သစ္စာအနက် (၁၆)ချက်
ဒုက္ခသစ္စာ(၄)ချက်၊ သမုဒယသစ္စာ(၄)ချက်၊ နိရောဓသစ္စာ(၄)ချက်၊ မဂ္ဂသစ္စာ(၄)ချက်၊ စုစုပေါင်း(၁၆)ချက် ရှိပါတယ်။
ဒုက္ခသစ္စာ(၄)ချက်မှာ
(၁) ဒုက္ခဿပီဠနဋ္ဌော၊ ဒုက္ခသစ္စာ ကိန်းရာပုဂ္ဂိုလ်အား ညှာတာမဖက် အမြဲနှိပ်စက်တတ်သော သဘော လည်းတစ်ပါး။ (၀ါ)ပဋိသန္ဓေ အိုနာသေနှင့် ပူပန်ခြင်းတို့ဖြင့် အဖန်ဖန်နှိပ်စက်တတ်သော သဘောလည်း တစ်ပါး။
(၂) ဒုက္ခဿ သင်္ခတဋ္ဌော၊ ကံစိတ်ခုတု အာဟာရတို့ဖြင့် နေ့ညမပြတ် ပြုပြင်အပ်သော သဘောလည်း တစ်ပါး။ (၀ါ) တဏှာယောက်ျား၊ လက်သမား၏ ဆိုးရွားယုတ်မာ ပြုပြင်ရာကို ရံခါမသွေ မမြဲခံနေရသော သဘောလည်းတစ်ပါး။
(၃) ဒုက္ခဿသန္ထာပဋ္ဌော၊ ၁၅၀၀ ကိလေသာမီး တငြီးငြီး တပြောင်ပြောင် အမြဲတောက်လောင်သော သဘောလည်း တစ်ပါး။ (၀ါ) အဖန်ဖန် ပူပန်တတ်သော သဘောလည်းတစ်ပါး။
(၄) ၀ိပရိဏဋ္ဌော၊ အဖန်ဖန်အိုနာသေတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော သဘောလည်းတစ်ပါး။ (၀ါ) နဂိုရ်ခန့်ခိုင်၊ မတည်နိုင်ပဲ ယိမ်းယိုင်ပြိုကွဲ ပျက်စီးခြင်းမြဲသော သဘောလည်းတစ်ပါး။

ဒုက္ခသစ္စာအနက်(၄)ချက် ပြီးတော့ သမုဒယသစ္စာ(၄)ချက် ရှိပါသေးတယ်။
သမုဒယကြောင့် ဒုက္ခဖြစ်တဲ့ သမုဒယ အကြောင်းတရား၊ ဒုက္ခ က အကျိုးတရား။
သမုဒယ သစ္စာ(၄)ချက်ကတော့
(၁) သမုဒယဿ အာယူဟနဋ္ဌော၊ ဒုက္ခ၀တ္ထု၊ ဒုက္ခမှုတို့ကို မပြတ်စုဆောင်း၊ ဆည်းပူးတတ်သော သဘောလည်းတစ်ပါး။
(၂) သမုဒယဿ နိဒါနဋ္ဌော၊ ဒုက္ခ၀တ္ထု၊ ဒုက္ခမှုတို့ကို မပြတ်ပေးအပ် ဆောင်နှင်းတတ်သော သဘောလည်းတစ်ပါး။
(၃) သမုဒယဿ သံယောဂဋ္ဌော၊ ဒုက္ခ၀တ္ထု၊ ဒုက္ခမှုတို့သာ စိတ်ကိုမပြတ်ယှဉ်စေခြင်း သဘောလည်း တစ်ပါး။
(၄) သမုဒယဿ ပလိဗောဓဋ္ဌော၊ ၀ဋ်မှဆန်ထွက် နိဗ္ဗာန်ဘက်သို့ မရောက်အောင် တားမြစ် နှောက်ယှက် ကန့်ကွက်တတ်သော သဘောလည်းတစ်ပါး။
အဲဒီလို သစ္စာတရား ဓမ္မနှင့်ဆရာ့စာပေ၊ ဆရာရုပ်ရှင်တွေမှာ ဖွဲ့ခဲ့တာကို ကျွန်တော်အသက်ကလေးရတော့ ခံစားမိလိုက်တယ်။

ကျွန်တော်တို့ ရုပ်ရှင်တွေ၊ ၀တ္ထုဇာတ်လမ်းတွေမှာ ချစ်ကြိုက်ကွဲညားပဲဖွဲ့ဖွဲ့၊ လျှို့ဝှက်သည်းဖိုတွေ၊ သည်းထိတ်ရှုဖိုတွေ၊ ဘ၀သရုပ်ဖော်တွေပဲဖွဲ့ဖွဲ့ သမုဒယကြောင့် ဒုက္ခဖြစ်ရပုံက မလွတ်ပါဘူး။
ဆရာက ဒီသစ္စာတရားတွေ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို နားလည်တော့ ဆရာ့မှတ်တိုင်တစ်ခု ဖြစ်တဲ့ "အ" သုံးလုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "ဘယ်သူပြိုင်လို့လှပါတော့နိုင်" မှာလည်း ဘယ်သူပြိုင်လို့ လှပါတော့နိုင်မှာလဲ။

ကျွန်တော် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာတင်အောင်မြင့်ဦးရိုက်တဲ့ "ကျွန်တော်ပြောချင်တဲ့ အချစ်အကြောင်း" ဇာတ်ကားကို ဆရာတို့ ဝေဖန်အကြံပြုမှုကို ခံယူချင်လို့ ဆရာ၊ ဆရာအေ၀မ်းဦးတင်မောင်၊ ဆရာရွှေဒုံးဘီ အောင်တို့ကို ဖိတ်ပြခဲ့ပါတယ်။
ဆရာက ရုပ်ရှင်သံဝေဂတွေပါ ဖြည့်စွက် ပြောသွားခဲ့ပါတယ်။
ဆရာက ဒီဘက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ပေမယ့် ရဟန်းစားရသောဆွမ်းတစ်နပ်၊ ရဟန်း မစားရသောဆွမ်းတစ်နပ်၊ တစ်ပါးသီလ၊ ဗီဒီယိုကားတွေ ရိုက်ပြီး မြန်မာ့ရုပ်မြင်သံကြားမှာ ပြသွားတာ ကြည့်ခဲ့ရဖူးပါတယ်။

ဆရာ့အသက်အရွယ်အရ မျက်စိမကောင်းလို့ ကျွန်တော်နှင့် မောင်နှင်းမိုးတို့ တွဲပြီး "ကံ … ကံ၏အကျိုး" နှင့် "တန်ခူးလဘွဲ့" ကို ဗီဒီယိုဇာတ်လမ်းတွေ ရိုက်ကြတော့လည်း ဆရာ့ရဲ့သြ၀ါဒကို ခံယူပြီး ကျွန်တော်တို့ ဆောင်ရွက်ကြပါတယ်။
ဆရာ့အနုပညာ သဘောက မျက်စိနဲ့ မြင်မှ မဟုတ်ဘူး၊ နားနဲ့ကြားတာနဲ့ သရုပ်ဆောင်ရဲ့ အိုက်တင်ကို သိနေတတ်ပါတယ်။ တစ်ခါက ရုပ်ရှင်အစည်းအရုံးမှာ ရွှေတိဂုံဘုရားသမိုင်း ဇာတ်လာတိုက်ပေးတော့လည်း ဆရာ က သရုပ်ဆောင်တွေရဲ့ လေယူလေသိမ်း အမူအရာတွေ နားထောင်ရင်း နားနဲ့သာ ဇာတ်တိုက်ပေးခဲ့ တာ တွေ့ရပါတယ်။ ဆရာတပည့်မောင်းနှင်းမိုးက ဆရာ့အလိုကျ ပြောပြ ဇာတ်တိုက်ပေးခဲ့တယ်။

၁၉၉၅ခုနှစ် မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်ပွဲတော်မှာ ကျွန်တော်က ရုပ်ရှင်သမိုင်းပြုစုတဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်လေတော့ မသိတာမေးရင်း ဆရာအိမ်ကို ရောက်လာတတ်ပါတယ်။ စိန်ရတုပွဲတော် နာယကဖြစ်တဲ့ ဆရာအိမ်ကို ကန်တော့ပန်းခြင်း သွားပို့ရင်းလည်း ရောက်ပါသေးတယ်။
ဆရာကို တွေ့တိုင်း အမြဲတမ်း တရားဘာဝနာပွားများနေတာ တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း ဆရာ ရေးဖွဲ့ခဲ့တဲ့ "မေတ္တသုတ်" နှင့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရဲ့ "ပကိဏ္ဏက နမက္ကာရ အစိန္တေယျ ကြီးဘုရားရှိခိုး" စာအုပ်ပေးလိုက်ပါတယ်။ အကြောင်းအားလျော်စွာပဲ ကျွန်တော်က ရုပ်ရှင် သမိုင်းပြတိုက်မှာ ဆောင်ရွက်နေတော့ ဆရာဦးသုခရဲ့ ဘ၀အနုပညာကို မအိအိကျော်ဆိုတဲ့ မိန်းကလေး က စာတန်းပြုစု အကူအညီ တောင်းခဲ့ပါတယ်။ ကျွန်တော်က စာတန်းအတွက် ကူညီဖြည့်ဆည်း ပေးရင်း ပိုမိုပြည့်အောင် ဆရာနဲ့ ဆရာတပည့် မောင်နှင်းမိုးတို့ဆီ ဆက်သွယ်ပြီး လမ်းညွှန် လိုက်ပါတယ်။

မအိအိကျော် ပြုစုရေးသားတဲ့ ဆရာဦးသုခရဲ့ "သုခစာစုစာရင်း" ဟု အမည်ပေးထားပေးမယ့် စာကြည့် တိုက်နှင့် သုတပညာဌာန၊ ၀ိဇ္ဇာဘွဲ့(သမိုင်း) Thesis ဖြစ်နေပါတယ်။
ကျွန်တော်က မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်အတွက် တစ်အုပ်တောင်းထားလို့ ခုဆိုရင် မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်မှာ ရည်ညွှန်းစာအုပ်အဖြစ် ၀င့်ထည်စွာ တည်ရှိနေပါတယ်။
ပြီးတော့ မောင်နှင်းမိုးရဲ့ ကြိုးစားမှုကြောင့် ပန်းပုဆရာကြီး ဦးဟန်တင် ထုလုပ်ပေးထားတဲ့ ဆရာဦးသုခရဲ့ ရုပ်တုကိုလည်း မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ထူးချွန်ဆုပြခန်းမှာ ဆရာသက်ရှိ ထင်ရှားရှိစဉ်ကတည်းက လှူထားတာ ရှိပါတယ်။

ယခုတလော ကျွန်တော်တို့ ရုပ်ရှင်သမိုင်းပြတိုက်ကို လာရောက်ကြတဲ့ တရုပ်ပြည်က ရုပ်ရှင်အဖွဲ့၊ ဘင်္ဂလားဒေ့သံအမတ်ကြီး၊ နိုင်ငံတကာက လာရောက် လေ့လာကြတဲ့ ဧည့်သည်များကိုလည်း မြန်မာ့ ရုပ်ရှင်သမိုင်းစဉ်နဲ့ ဆရာဦးသုခအကြောင်းကို ဂုဏ်ပြုဝင့်ကြွားစွာ ရှင်းပြနိုင်ခဲ့ပါတယ်။
ဆရာဦးသုခ ရုပ်ရှင်ဒါရိုက်တာ ထူးချွတ်ဆု ရရှိခဲ့ ဇာတ်ကားတွေကတော့-
၁၉၅၄    သြော်မိန်း
၁၉၅၆    ဘ၀သံသရာ
၁၉၆၈    စကားပြောသောအသည်းနှလုံး
၁၉၇၀    ကျွန်မမှာမိန်းမသား
၁၉၇၅    ရွှေခြည်ငွေခြည်တန်းပါလို့
ဇာတ်ကားများ ဖြစ်ကြပါတယ်။
ဆရာဦးသုခကို နိုင်ငံတော်က ချီးမြှင့်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကတော့ -
၁၉၆၀    အလင်္ကာကျော်စွာ
၁၉၉၄    ပခုက္ကူဦးအုန်းဖေတသက်တာဆု
၂၀၀၀    မဟာသဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Ph.D (Doctor of Letters (Honowris Causa)ဘွဲ့
၂၀၀၂    ၀ိဇ္ဇာထူးချွန်ဆုဘွဲ့များ ဖြစ်ကြပါတယ်။
ဆရာဦးသုခက ထေရ၀ါဒဗုဒ္ဓဘာသာကို ဖွင့်ဆိုတဲ့ ဗီဒီယို ဇာတ်လမ်းတွေက-
"ရဟန်းစားရသော ဆွမ်းတစ်နပ်"
"ရဟန်းမစားရသော ဆွမ်းတစ်နပ် (သီလ၀ိသုဒ္ဓိ) "
"တစ်ပါးသီလ"
ဆရာကတော့ စာပေရုပ်ရှင်နှင့် ပတ်သက်လို့ တာဝန်ကျေခဲ့ပါပြီ။ ကျွန်တော်တို့က ဆက်လက် ဆောင်ရွက်ဖို့ ပဲ လိုပါတော့တယ်။

ချစ်သန်းမြင့်
ဆက်ရန်

.

No comments: