Monday, July 25, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၂၇)

"မေမေ၊ မေမေ
ကျေးဇူးရှင် မေမေ
တွေးကြည့်ရင်၊ မွေးသမိခင်
စို့လို့မနှေး၊ နို့ချိုအေး
တိုက်ကျွေးပါတဲ့ မေမေ၊ မေမေ"

ဒီသီချင်းလေးဟာ ၁၉၆၃ခုနှစ် ပတ်ဝန်းကျင်က မင်းရှင်ရဲ့ ငွေကြွယ်ဝတ္ထု ကို ဆရာဦးသုခ ရိုက်ကူးတဲ့ "မိုးလုံးပတ်လည်" ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခန်းတွင် ဗဂျီအောင်စိုး သီဆိုခဲ့တဲ့ သီချင်း ဖြစ်ပါသည်။

စာရေးဆရာအဖြစ် သရုပ်ဆောင်သည့် ကိုအောင်စိုးဟာ သူရေးသားတဲ့ဝတ္ထုကို ရုပ်ရှင် ရိုက်ကူးရန်အတွက် အနုပညာကြေး ရရှိခဲ့ပါသည်။ ထုံးစံအတိုင်း ရေးဖော်သောက်ဖော်တွေကို ဂုဏ်ပြု ကျွေးမွေးခဲ့ပါသည်။ အဲဒီနောက် မိခင်အတွက် ခေါက်ဆွဲထုပ် ကလေးတစ်ထုပ် ၀ယ်လာပြီး မိုးရွာထဲ ပြန်လာတဲ့အခန်းမှာ ပါဝင် သီဆိုရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းကို ကျွန်တော်တို့ နယူးဘားမားခြံမှာ ညပိုင်း ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ နိဒါန်းအရှည်ကြီး ရေးရတာ အမှတ်တရတွေ အများကြီး ရှိလို့ပါ။ မိခင်အဖြစ် သရုပ်ဆောင်သူ ဒေါ်ဂျမ်းစိန်အား သားဖြစ်သူ ကိုအောင်စိုးက အရက်သောက်လာတာကို အမေမကြိုက်မှန်းသိ၍ ခေါက်ဆွဲ ထုပ်နှင့် မိမိရရှိသော ငွေအား ပေး၍ တောင်းပန်ချော့မော့သည့် အခန်း ဖြစ်ပါသည်။

သီချင်းအသံနေ အသံထား၊ အမူအယာ စိတ်ကြိုက်မရမချင်း မကြာခဏ ပြန်ပြန်ရိုက်ကူးရခြင်းအတွက် အချိန်ကြာမြင့်စွာ ရိုက်ကူးခဲ့ရသည့်အခန်း ဖြစ်ပါသည်။
တင်ပြချင်သည့်  အကြောင်းအရာ အဓိကမှာ မိဘမေတ္တာပါ။ ထူးခြားချက်က လူကြမ်းမင်းသား ဗဂျီအောင်စိုး ကို ဆရာ မင်းသား တင်ပြီး ရုပ်ချောမင်းသား ကိုမြင့်အောင်ကို လူကြမ်းအဖြစ် ရိုက်ကူးတာ ဖြစ်ပါသည်။ မင်းသမီး တင်တင်မူ၊ ကြည်ကြည်ဌေး ဇာတ်ပို့ ဦးကျောက်လုံး၊ သန်းနွဲ့နှင့် နာမည်ရ ဇာတ်ရံပေါင်း များစွာ ပါခဲ့ပါသည်။ စာရေးဆရာများလည်း ပါပါသည်။ မှတ်မိသလောက် စာရေးဆရာ မင်းရှင်၊ သော်တာဆွေ၊ ဦးကြီးမောင် (ငွေဥဒေါင်း)၊ မိုးဝေတို့လည်း ပါဝင်ပါသည်။

သို့သော်လည်း ဤဇာတ်ကားသည် ကံမကောင်း အကြောင်းမလှလို့ မအောင်မြင်ဘဲ အရှုံးကြီး ရှုံးခဲ့ပါသည်။ ယင်းအချိန်က ကျွန်တော်က နယူဘားမားခြံမှ မီးသမားလေး ကိုခွေးလေးဘ၀နှင့် လက်ထောက်ကင်မရာ မင်း အောင်မြင့်၊ ကားဆက်သူ အောင်မြင့်ဘ၀၊ အော်ပရေတာဘ၀နှင့် ဘ၀မျိုးစုံ ကျင်လည်ထိတွေ့ရတဲ့ ဇာတ်ကား ဖြစ်လို့ ဆုံးရှုံးမှုများကို မှတ်မှတ်ရရ ဖြစ်ခဲ့ရပါသည်။
မိုးလုံးပတ်လည် နည်းတူ ဆရာဦးသုခ၏ မိဘမေတ္တာ ဇာတ်ကားများဖြစ်သည့် "သားတို့ရုပ်ရည်၊ ဇယဒီသ" ဇာတ်ကား များသည်လည်း အောင်မြင်မှု မရဘဲ ဆုံးရှုံးခဲ့ပါသည်။
လူ့ဘ၀တွင် အနိမ့်၊ အမြင့်၊ အတက်၊ အကျ ဟူသည် သဘာဝတရားပင် မဟုတ်ပါလော။ ထိုကဲ့သို့ သံသရာ ထဲက ဆရာလည်း ခံစားရုန်းကန်ခဲ့ရသူတစ်ယောက် ဖြစ်သည်ဆိုသည်ကို သိရှိနိုင်ရန်အတွက်သာ တင်ပြရ ခြင်း ဖြစ်ပါသည်။ အောင်မြင်မှုကိုသာ အဓိကထား တင်ပြလျှင်လည်း သဘာဝမကျဟု ကျွန်တော်အနေနှင့် မြင်မိပါသည်။

ထိုမိဘမေတ္တာ ဇာတ်ကားများဖြင့် ဆုံးရှုံးခဲ့သော ဆရာဦးသုခသည် မိဘမေတ္တာဇာတ်လမ်းတစ်ပုဒ်ဖြစ်သော "စကားပြောသော အသဲနှလုံး" ဇာတ်ကားဖြင့် အောင်မြင်မှုသရဖူကို ၁၉၆၈ခုနှစ်တွင် ပြန်လည်စိုက်ထူခဲ့ပါ သည်။
ထိုဇာတ်ကားတွင်တော့ ကျွန်တော်သည် ကင်မရာမင်းအဖြစ် တာဝန်ယူကာ တောင်ငူတ၀ိုက်တွင် အပြင်ခန်း များ ရိုက်ကူးပေးရသည်။ ကြည်ကြည်ဌေး ကားနှင့် ကုန်ကူးသည့်အခန်းများ၊ တောင်ငူထောင်မှ လွတ် လာသော အခန်းများ ဖြစ်သည့် အပြင်ခန်းများ ရိုက်ကူးပါဝင် ပတ်သက်ခဲ့ရခြင်း အတွက်လည်း အမှတ်တရ ဖြစ်ခဲ့ရပါသည်။ အနိမ့်၊ အမြင့်၊ အတက်၊ အကျကို အတူတကွ လုပ်ကိုင်ခံစား အမှတ်ရခြင်း ဖြစ်ပါသည်။

၁၉၇၀နောက်ပိုင်းတွင် ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးမည့်အချိန်တွင် ကျွန်တော့်အား အနုပညာ နာမည်မှည့်ရန်အတွက် ဆရာဦးသုခနှင့် မောင်နှင်းမိုးတို့နှင့်အတူ ဗေဒင်ဆရာထံ သွားရောက်၍ ယခုနာမည် အောင်မြင့်မြတ်ဟု အမည်ပေး ခေါ်ဝေါ်ခဲ့သည်လည်း ကျွန်တော့်အတွက် အမှတ်တရဖြစ်စေခဲ့ သည့် အချက် တစ်ချက်လည်း ပါပါသည်။
ယင်းနောက်ပိုင်း ၁၉၇၆ခုနှစ်တွင် မောင်သိန်းဆိုင် ၏ အမေနဲ့သမီးများ ဇာတ်လမ်းရုပ်ရှင်ရိုက်ရန် ၀ယ်ယူ သောအခါ ၎င်းဇာတ်လမ်းကို မောင်သိန်းဆိုင်က ဆရာအား ရိုက်ကူးရန် ပြသခဲ့ဖူးပါသည်။ ယင်းဇာတ်လမ်း ကို ဆရာက အမေဖြစ်သူအား သမီးက စော်ကားပြောဆိုသည့် အခန်းပါ၍ မရိုက်မှန်း ကျွန်တော် သိခဲ့ရပါ သည်။

ထိုဇာတ်လမ်းကို ကျွန်တော် က မိန်းကလေးရှင်ရဲ့ဆန္ဒ အမည်ဖြင့် ရုပ်ရှင်အသွင် ရိုက်ကူးခဲ့ရာ မင်းသမီး ၀ါဝါ၀င်းရွှေ နှင့် ဆွေဇင်ထိုက်တို့ ၁၉၇၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ပါသည်။
ယင်းဇာတ်ကား ကို မြန်မာ့ရုပ်မြင်သံကြားတွင် ပြန်ပြသည့်အခါမှ ဆရာ ကြည့်မိခဲ့ပါသည်။ အဲဒီနေ့ည ၁၀း၃၀ ကျော်ကျော်လောက်မှာ ဇာတ်လမ်းပြီးပြီးချင်း ကျွန်တော့်ထံ ဆရာ ဖုန်းဆက်ခဲ့ပါသည်။
ဇာတ်ကားကောင်းကြောင်း၊ သူမရိုက်ချင်သည့် အကြောင်းအရာကို မိခင်ဖြစ်သူက သမီးဖြစ်သူ အပြစ် ကျရောက်မည် ကို စိုးရိမ်၍ ဘုရားတွင် ဆုတောင်းသည့်အခန်း ထည့်သွင်းပြင်ဆင် ရိုက်ကူးထားသည့် အတွက် အမေ့မေတ္တာကို ပိုလေးနက်စေသည်တဲ့။ ဘယ်သူတွေ အကယ်ဒမီရကြသလဲ မေးပြီး၊ မင်းကော မရဘူးလား မေးပါသည်။ ကျွန်တော်မပါပါ ဟု ဖြေလိုက်သောအခါ၊ ငါ့အနေနဲ့တော့ မင်းကို ရတယ်လို့ သတ်မှတ် တယ်။ အမေအတွက်  စဉ်းစားတတ်လို့ဟု ပြောသောအခါ ကျွန်တော့်မှာ ၀မ်းသာပီတိ ဖြစ်ရပြီး၊ မျက်ရည် များပင် ကျခဲ့ရပါသည်။

ယင်းနောက် ကျွန်တော်လည်း ကျွန်တော့်အလုပ်နှင့် ကျွန်တော်၊ ဆရာလည်း ဆရာ့အလုပ်နှင့် ဆရာ ဖြစ်နေသည့် အတွက် အလုပ်ကိစ္စနှင့် ပတ်သက်၍ မတွေ့ဖြစ်ကြပါ။
ယင်းနောက် ကျွန်တော် ကားတွေအများကြီး ရိုက်လာသောအခါ ဆရာက တွေ့ရင် ပြောပါသည်။ စီးပွား ရှာတာလည်း ရှာပေါ့။ အောင်မြင်မှုမှတ်တိုင်လည်း ထူနိုင်အောင် ကြိုးစားရန် ပြောပါသည်။
နောက်နှစ်များစွာ ကြာလာသောအခါ ဆရာရုပ်ရှင် မရိုက်တော့ဘဲ ဓမ္မစာပေတွေ ရေးလာကြသည်။ ရုပ်မြင် သံကြားမှ ရဟန်းစားရသော ဆွမ်းတစ်နပ်၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်၊ တစ်ပါး သီလ စသည့် ဓမ္မ ရသ ဇာတ်လမ်း ရိုက်ကူး၍ အောင်မြင်စွာ သာသနာပြုခဲ့သည်။ မျက်စိအား မကောင်း၍ ဂျပန်သွားကုသည် မရခဲ့ပါ။ အချိန်အတော်ကြာ ကွဲနေခဲ့ပြီး မရောက်ဖြစ်ခဲ့ပါ။
မြန်မာ့ရုပ်မြင်သံကြားမှ သက်ကြီး အနုပညာရှင်များနှင့် တွေ့ဆုံခန်း၊ ဆရာအေ၀မ်း ဦးတင်မောင်နှင့် ရိုက်ကူး ထုတ်လွှင့် အပြီးမှာ ဆရာ့ကို ဖုန်းနှင့် တွေ့ခွင့်ရပါသည်။ ယင်းအစီအစဉ်ကို ကြည့်ပြီး ကောင်းကြောင်း နောက်ထပ် ဆက်ရိုက်ဖို့လည်း တိုက်တွန်းပါသည်။

ကျွန်တော်ညလ်း အခွင့်အရေးရတုန်း နောက်အလှည့်ကျရင် ဆရာနဲ့ ရိုက်ချင်ပါတယ်လို့ ပြောလိုက်မိပါ တယ်။ ရိုက်ချင်တာ ဟုတ်ပါပြီ။ မင်းမှာ ၀မ်းစာ ဘယ်လောက်ရှိလဲ၊ ငါ့အကြောင်း နှိုက်နှိုက်ချွတ်ချွတ် မေးနိုင် မှ ငါက ရိုက်ချင်တာဟု ပြောပါသည်။
ကျွန်တော်လည်း ကျွန်တော့်မှာ ရှိသော အစီအစဉ်များနှင့် အစီအရီတင်ပြ ပြောသောအခါ စိတ်ကြိုက် တွေ့ သွားသည် ထင်ပါသည်။ ရိုက်မည်ဟု တုန့်ပြန်ခဲ့ပါသည်။
ဆရာ့ကျန်းမာရေးအခြေအနေကြောင့် အကြိမ်ကြိမ် ရက်ရွေးခဲ့ရပြီး ဒီတစ်ခါ ကြိမ်းသေ ရိုက်မည်၊ ကျန်းမာ သည်ဟု မောင်နှင်းမိုး ထံမှ အကြောင်းပြန်၍ ချိုပြုံး၊ ဦးစံမတူ၊ ဦးနှင်းမိုးတို့နှင့် အားလုံး အဆင်ပြေသည့်ရက် ကို သတ်မှတ်ချိန်းဆိုခဲ့ပါသည်။

သတ်မှတ်ရိုက်ကူးရက်မတိုင်မီ ညနေ ၅နာရီလောက်မှာ ရုပ်ရှင်အစည်းအရုံးမှ ဖုန်းဆက်လာပါသည်။ အေ၀မ်းဦးတင်မောင် ဆုံးပြီတဲ့။ မြန်မာ့ရုပ်မြင်သံကြားကလည်း ကျွန်တော့်ထံ ဆက်ပြီး အတည်ပြုချက် ယူပြီး မနက်ဖြန် ရိုက်ကူးရေးကိစ္စ ဘယ်လိုလုပ်ကြမလဲဟု မေးလာပါသည်။ ကျွန်တော် မောင်နှင်းမိုးထံ ဆက်၍ ဆရာဦးသုခထံသို့ ဦးတင်မောင် ဆုံးကြောင်းကို အခြေအနေကြည့်၍ ပြောရန်နှင့် မနက်ဖြန်ကိစ္စကို လည်း အလျဉ်းသင့်သလို မေးရန် ဆက်ပြောမိပါသည်။
ကံကောင်းထောက်မစွာဘဲ ဆရာက ကြိုတွက်ဆထားပြီး ဖြစ်တဲ့ သူ့ဆရာဦးလေးတင် (ဦးတင်မောင်) သေမည့်ရက် ကို စောင့်နေရတာ သိကြောင်း၊ အားလုံးစီစဉ်ထားတဲ့အတိုင်း ရက်မရွှေ့ဘဲ ရိုက်ရန် အကြောင်း ပြန်ခဲ့ပါသည်။

စိတ်ထဲ တထင့်ထင့်နှင့် ဖြစ်ခဲ့သောအရာအားလုံး လွန်မြောက်၍ နောက်နေ့မနက် ၁၀နာရီမှ စတင် ရိုက်ကြ ပါသည်။ နေ့လယ် ထမင်းစားချိန် ခေတ္တနား၍ ညနေ ၃နာရီခွဲလောက်မှာ အားလုံး ပြီးစီး သွားပါတယ်။ ဆရာက ကျေနပ်ရဲ့လား၊ ကားဆက်ပြီး လိုနေရင်လည်း ထပ်ရိုက်၊ ငါ့ကို အားမနာနဲ့။ အခုတော့ ငါ့ကို ဆရာ ဦးတင်မောင် အိမ် လိုက်ပို့ဟု ပြောပါသည်။ ယင်းကိစ္စအ၀၀ကို ဆောင်ရွက်ပြီးမှသာ ကျွန်တော် ပြန်လာခဲ့ ပါသည်။

ရိုက်ကူးရေးပြီး၍ တည်းဖြတ်အသံသွင်း အားလုံးပြီးစီးသွားသောအခါ အပိုင်း(၃)ပိုင်း ၃နာရီကျော်ရှည်၍ ဆရာထံ ကော်ပီအကြမ်းကူးပြီး သွားရောက်ပို့ပေးခဲ့ပါသည်။
ဆရာ့အား ပြင်စရာရှိလျှင် ပြင်နိုင်ပါသည်ဟု ပြောသောအခါ ငါ့စိတ်ကျေနပ်လို့၊ ယုံလို့ ရိုက်ပြီးပြီ၊ မင်းစိတ်ကြိုက် ဖြစ်တယ် မဟုတ်လား ပြန်မေးပါသည်။ ရှေးလူကြီးတို့ ထုံးစံအတိုင်း သူက သရုပ်ဆောင်၊ ကျွန်တော်က ဒါရိုက်တာဖြစ်လို့ ကျွန်တော် ကြိုက်ရင်ပြီးပြီဟု ပြောခြင်း ဖြစ်ပါသည်။ တပည့်ပင် ဖြစ်လင့် ကစား ဒါရိုက်တာဟူသော အသိဖြင့် ၀င်မစွက်သော အနုပညာသည်၏ စိတ်ထားသည် လေးစားစရာပင် ဖြစ်ပါသည်။

ယင်းအစီအစဉ်ကို ထုတ်လွင့်ပြီးတိုင်း သူ့မိတ်ဆွေ စာရေးဆရာများ ချီးကျူးကြပုံများကိုလည်း ကျွန်တော့် အား ဖုန်းဖြင့် အမြဲတမ်း ပြန်ပြောပြပါသည်။ ပီတိကို မျှဝေခံစားလိုသော ဆန္ဒ ဖြစ်ပါသည်။
နှစ်အတန်ကြာ၊ ဆေးရုံတက်လိုက်၊ ကျန်းမာလိုက်နှင့် သံသရာလည်ကာ ဆရာ၏ ကျန်းမာရေးသည် ကောင်းတစ်ချက် မကောင်းတစ်ချက်ပါ။ တစ်ရက် မောင်းနှင်းမိုးက ရုပ်ရှင်သမိုင်းပြတိုက်သို့ ရောက်လာပြီး၊ ဆရာ့အသက်(၉၆)နှစ် ရှိပြီ၊ နောက်လေးနှစ်ဆိုက်ရင် နှစ်(၁၀၀)ပြည့်တော့မယ်။ တို့တပည့်တွေ ဆရာ့ နှစ်(၁၀၀)ပြည့် အခမ်းအနား ရုပ်ရှင်လောကမှာ ရှားရှားပါးပါး အသက်ရှည်တဲ့ အနုပညာသမားမွေးနေ့ကို လုပ်ကြရအောင်ဟု ၀မ်းသာအားရ သမိုင်းပြတိုက်အဖွဲ့ဝင်များနှင့် ကျွန်တော့်ကို ပြောလာပြီး လုပ်စရာ ရှိတာ လုပ်ရအောင်ဟု စီစဉ်ခဲ့ပါသည်။
ရက်များမကြာမီ ဆရာကွယ်လွန်သွားပါသည်။

ဒီအစီအစဉ်ကို ယခု မန္တလေးအသိုင်းအ၀န်းမှ ပြုလုပ်ရန် စီစဉ်နေပြီး စာအုပ်အမှတ်တရ ထွက်မည်ဆိုတော့ ကျွန်တော်တို့တွေ မလုပ်ဖြစ်ခဲ့တဲ့ အစီအစဉ်ကို လုပ်နိုင်တဲ့သူတွေ၊ စီစဉ်လုပ်ကိုင်ကြလို့ အဆင်ပြေချောမွေ့ စွာ အောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

အောင်မြင့်မြတ်
၂၆.၈.၀၉


ပြဇာတ်လောကမှ ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သော ဒါရိုက်တာကြီးဦးသုခ ရုပ်ရှင်လောကမှ လျှမ်းလျှမ်း တောက်နေစဉ်မှာပဲ စစ်ဗိုလ်ထွက်စာရေးဆရာ ၀င်းဦး၊ ပြည်ထောင်စုမယ် ခင်သန်းနုဆိုတဲ့ ပွင့်သစ်စ မင်းသားသစ်၊ မင်းသမီးသစ် စုံတွဲဟာ ပရိသတ်ရဲ့ နှလုံးသားထဲ ထင်ဟပ်ပြီး တခဲနက်အားပေးခြင်းခံခဲ့ကြတဲ့ အချိန် အဲဒီခေတ်ကလည်း မင်းသားသစ်၊ မင်းသမီးသစ်တွေကို ကမ်းလှမ်း ကြိုဆိုနေတဲ့ အချိန်ပေါ့။

ပဲခူး ရုပ်ရှင် ဒါရိုက်တာဦးသုခ ရိုက်ကူးမယ့် "မောင်တို့ချယ်ရီမြေ" ဇာတ်ကားဟာ ရှေ့နောက်တစ်ပြိုင်တည်း လက်ခံရိုက်ကူးဖို့ ဖြစ်လာခဲ့ပါတယ်။ ဆရာသမားကောင်းတွေနဲ့ ရိုက်ကူးခွင့်ရခဲ့တဲ့  ခင်သန်းနုဟာ ကံကောင်း ခြင်း လမ်းမပေါ်သို့ ဆက်ကာ ဆက်ကာ ဦးတည်း လျှောက်လှမ်းခဲ့ရပါသည်။ ထူးထူးဆန်းဆန်း ဆရာကြီး ဇာတ်ကားထဲမှာတော့ ဦးဝင်းဦးနဲ့ ခင်သန်းနုဟာ သားအဖခန်းက ပါဝင်ရမှာ ဖြစ်ပါတယ်။ ကိုကို၊ မောင်မောင်လို့ ခေါ်ပြီး တွဲနေရာက ဒယ်ဒီ ဒယ်ဒီ သမီးကို ခွင့်လွှတ်ပေးပါ။ ဒယ်ဒီနော် ဒယ်ဒီဆိုပြီး သရုပ်ဆောင်ရတာလည်း ရုပ်အဆင်းအရွယ် ကွာခြင်းမှု လှည့်စားချက်၊ ပညာသဘောရဲ့ခံစားချက် အတိမ်အနက်ကို သိရှိလာခဲ့ပါတယ်။ တွဲရမယ့် မင်သားအသစ်ကတော့ ကိုပဲခူးသန်းအောင်ပါ။ နောင်သူလည်း သရုပ်ဆောင် ဒါရိုက်တာ ဖြစ်သွားဖူးသူပါ။ မှတ်မှတ်ရရ အဲဒီကားကစလို့ ဆရာကြီး ကျေးဇူး ကြောင့် မင်းသားသစ်ကို လက်တွဲ ခေါ်ယူတက်လာတဲ့ မင်းသမီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။

"သိကြားစေသက်သေညွှန်း" မှာ (ကို)၀င်းဦး၊ (မ)၀ါဝါ၀င်းရွှေတို့အသက် (၅၀)နီးပါးအရွယ် အထူးပြု လုပ်ချက် မိတ်ကပ်ပညာများ စိန်မောင် စတူဒီယိုမှာ ဆက်တင်အခန်းအနားတွေ ပြုလုပ် ရိုက်ကူးခဲ့ပုံများ သားအဖသရုပ်ဆောင်ရာမှာ တကယ့်အဖေလိုမျိုး ခံစားချက်အကြည့်နဲ့ ဇာတ်ရဲ့အထွတ်အထိပ် ဇာတ်အနှစ် သာရအခန်းတွေမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ ဆရာကြီးက ညွှန်ကြားပြသခြင်း ခံခဲ့ရပါတယ်။

ဒီနောက်မှာတော့ ဆရာကြီးရဲ့ ရုပ်ရှင်နှစ်ကား ရိုက်ဖြစ်ခဲ့ပါသေးတယ်။ လွတ်လပ်ရေးရုပ်ရှင် "ချစ်မုန်းမာန်" မင်းသား(ဦး)ကောလိပ်ဂျင်နေ၀င်း၊ အဆိုတော်(ကို)တွံတေးသိန်းတန်၊ အောင်တေဇ ရုပ်ရှင် "မိုက်တယ် ဆိုတာ လွယ်ပါတယ်" မင်းသား(ကို)ညွန့်ဝင်းနဲ့တို့ပါ။ ဆရာကြီးဆီက ခင်သန်းနုလက်လှမ်းမှီသေးတဲ့ ရုပ်ရှင် အနုပညာအကြောင်းတွေ လေ့လာ သိရှိခဲ့ပါတယ်။ ၁၉၇၂ခုနှစ် နောက်ပိုင်းမှာ ဆရာနဲ့မရိုက်ဖြစ်ကြပေမယ့် အဆက်အဆံမကင်း အနေမစိမ်းခဲ့ကြပုံတွေ၊ အတိတ်က အတွေးအာရုံပုံရိပ်တွေ ပေါ်လာပါတော့တယ်၊ ခင်သန်းနု ပထမ ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တဲ့ "ဖြူပြာ၊ မူယာ၊ သူဇာ" ဇာတ်ကား အင်းယားလိပ် ဟိုတယ်မှာ ကန်တော့ပွဲကို တက်ရောက်အားပေး ချီးမြှင့်ခဲ့တဲ့ ပုံရိပ်တွေ၊ မင်းသားတွေက (ဦး)ကောလိပ်ဂျင်နေ၀င်းနဲ့ (ကို)ဇော်ဝမ်းပါ။

နေလရတနာရုပ်ရှင်က ထုတ်လုပ်ခဲ့ပါတယ်။ နောက်ဗိုလ်မှူးကြီး သရေစည်သူ (ဦး)စောမြင့်၊ ဆရာကြီး ဦးသုခ၊ ခင်သန်းတို့ဟာ ဘိုကလေးတင့်အောင်၊ (ညီ)ဂီတလုပ်လင်(ဦ)မောင်ကိုကိုရဲ့ မွေးနေ့ပွဲမှာ စကား လက်ဆုံ ကျခဲ့ပုံတွေ မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ ဇာတ်ကားမှာ ညည်းတော်တယ်ဆိုပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပုံတွေ၊ ရုပ်ရှင်ကောင်စီ သတ်ကြီးပူဇော်ပွဲမှာလည်း ကန်တော့ခဲ့ရတာတွေ၊ ဆရာကြီး အိမ်မှာ ပြုလုပ်တဲ့ ဆရာကြီးမွေးနေ့ပွဲတွေမှာ တပည့်တွေကို ဆုတောင်းမေတ္တောပေးပြီး မမောနိုင် မပမ်းနိုင် ဆိုဆုံးမခဲ့တာတွေ ဆရာကြီး၏ တပည့် ဒေါ်မြမြ၀င်းရဲ့ စီစဉ်မှုကြောင့် ဆရာကြီးနဲ့ ရိုက်ကူးခဲ့သော သရုပ်ဆောင် အနုပညာသည်များနှင့် ပျော်ပျော်ပါးပါး ရင်းရင်းနှီးနှီး ဓာတ်ပုံရိုက်၊ စားသောက်ခဲ့တာတွေ၊ ဆရာ့ရုပ်ရှင်ကုမ္ပဏီမှ ဒါရိုက်တာ (ဦး)အောင်မြင့်မြတ်၊ မင်းသားစိုးသူနဲ့ "သြော် အချစ်" ဇာတ်ကား ရိုက်ဖြစ် ခဲ့ကြပုံတွေ၊ ရဟန်းစားရသော ဆွမ်းတစ်နပ်ကားမှာ လိုအပ်တဲ့ ငွေဒင်္ဂါးပြားများကိုလည်း ဆရာကြီးကို ပါရမီ ဖြည့် ကူညီခွင့်ရခဲ့တာတွေ၊ နောက်ဆုံး ပီနံဆရာတော်ဘုရားကြီး ဦးပညာဝံသ၊ ပီနံဘုရားထီးတင်ပွဲ စင်ကာပူ-မလေးရှား-ကွာလာလမ်ပူ ဘုရားဖူး အဖွဲ့သွားရောက်စဉ် (Restaurant) ဆိုင်တစ်ဆိုင်မှာ ဆရာကြီးနဲ့ တစ်စားပွဲတည်း စားသောက်ခဲ့ရပုံတွေ သိကောင်းစရာ အကြောင်းအရာမျိုးစုံကို မရိုးနိုင်အောင် ဟောပြောတတ်တဲ့ ဆရာကြီးရဲ့ စကားရေယာဉ်ကြော်မှာ မျောခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဆရာကြီးရဲ့ "ရဟန်းစားရသော ဆွမ်းတစ်နပ်" "ရဟန်းမစားရသော ဆွမ်းတစ်နပ်" နဲ့ "တစ်ပါးသီလ" ဆိုတဲ့ကားတွေ TV ဖန်သားပြင်မှာ ကြည့်ပြီး တအံ့တသြ ဆရာကြီး၏ ဒါရိုက်တာပညာ အစွမ်းပကားသည် လင်းလက်ဆဲ၊ တောက်ပဆဲ ဖြစ်နေကြောင်း တွေ့ရပါသည်။ လူပင်အိုသော်လည်း အနုပညာမအိုကြောင်း သာဓက ဖြစ်ပါ တော့သည်။

ဆရာကြီး ရိုက်ကူးခဲ့သော ဇာတ်ကားများတိုင်း သေသပ်ကောင်းမွန်အောင် အမွှန်းတင် ချယ်မှုန်းနိုင်ခဲ့သလို မိမိရဲ့ဘ၀အလှ ဖြစ်စဉ်သမိုင်းကိုလည်း အများက အံ့သြလောက်အောင် ပြုလုပ်သွားသည်မှာ (ဘယ်သူပြိုင် လို့လှပါတော့နိုင်) ဆိုတဲ့ စာမတတ်သူပပျောက်ရေး၊ လှုံ့ဆော်စည်းရုံးခဲ့သော ဒါရိုက်တာ အကယ်ဒမီဆုရ ဇာတ်ကားအမည်ဟာ ဆရာကြီးရဲ့ ကြီးမားသော ၀ါရင့်သဘာရင့် ပညာရင့်သန်ခြင်း ပြယုဂ်များ ဖြစ် ပါတယ်။
နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည့် အလင်္ကာကျော်စွာဘွဲ့၊ အကယ်ဒမီ(၆)ဆု၊ သာသနာရေးဆိုင်ရာ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့၊ ပခုက္ကူဦးအုံးဖေ၊ တသက်တာစာပေဆု၊ အာစီယံပြန်ကြားရေးနှင့် ယဉ်ကျေးမှုဆု၊ ဂုဏ်ထူးဆောင် စာပေပါရဂူဆွဲ့ ၊ လူမှုထူးချွန်ပထမဆင့်၊ ၀ိဇ္ဇာပညာထူးချွန်ဆု အများ အပြားကို ရရှိထား သည့် လေးစားကြည်ညို ဂုဏ်ယူစရာ ပုဂ္ဂိုလ်ထူးကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာကြီးသ်ည ဗုဒ္ဓစာပေ (၅၅၀)နိပါတ်တော်များ၊ အခြားစာပေ ဗဟုသုတ အမြောက်အမြား လေ့လာ မှတ်သားခဲ့သူ ဖြစ်ပြီး၊ မိမိတတ်စွမ်းသော ကျွမ်းကျင်ရာ လိမ္မာ၊ ရုပ်ရှင်အနုပညာ အတွေ့အကြုံများနှင့် ပေါင်းစပ်ခါ အတ္တဟိတ ပရဟိတ ကိစ္စများကို စွမ်းဆောင်သွားသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ ကာလံဒေသံ အဂ္ဂံဓနံဆိုသည့်အတိုင်း ကာလဒေသ ရေစီးကြောင်း Trend အလိုက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင် နိုင်ခဲ့သူ ထီးလိုမင်းလိုသာသနာရေးဆိုင်ရာဘွဲ့ကို ရရှိခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ပြည်သူအများ အထူးလိုအပ်သော နာရေးကူညီမှုအသင်းကြီးကိုလည်း တည်ထောင်ခဲ့ပြီး အမေနေ့အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ကာ အမေ ဖြစ်သူရဲ့ ဂုဏ်ကျေးဇူးကြီးမားပုံ၊ မေတ္တာတရားကြီးမားပုံ ဟောပြောပွဲ လုပ်ပြီး အမေ့ကျေးဇူးကို ပိုပိုပြီး သိတတ်ကြဖို့ တိတ်ခွေများ ထုတ်ခဲ့ပါတယ်။ အသံဖြင့် သရုပ်ဆောင်ဖော်ဆောင်ရာမှာလည်း အထူးကျွမ်းကျင် ပိုင်နိုင်လှပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ကောင်းသူလည်း ဖြစ်ပါတယ်။ ဆရာကြီးဟာ အဟောအပြော ကောင်းရုံမက သီချင်း များလည်း သီဆိုဖူးသူ၊ သီချင်းစားသားများလည်း သီကုံးဖွဲ့ဆိုတတ်သူလို့ သိရပါတယ်။ ကိုယ်တိုင် ဇာတ်ညွှန်း ရေးသားပြီး ဒါရိုက်တာအကောင်ဆုံးဆုရအောင် စွမ်းဆောင်နိုင်သူပါ။

အမေနေ့ (၁၀)နှစ်မြောက် မှာတော့ ဆရာကြီးဘ၀တပါးသို့ ချုပ်ပျက် ကွယ်လွန်ခဲ့ပါပြီ အသက်(၉၆)နှစ် ရှိသော်လည်း သတိတရားမချို့ယွင်းသော သီလကုသိုလ်ထူးသော ဆရာကြီး၏ ရေဝေးဈာပနာ အခန်းအနား သို့ တက်ရောက်ဂါရ၀ပြုခဲ့ပါသည်။ လူအများ၏ လေးစားကြည်ညိုခြင်းခံရသော မိမိအကျိုး၊ သူတပါးအကျိုး၊ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးဆောင်ရွက်ခဲ့သော ဆရာကြီး ပြုဖွယ်ကိစ္စများ ပြီးစီးအောင် ကျင့်ကြံ သွားနိုင်ပါစေ ဆုတောင်းခဲ့ပါသည်။

ဆရာကြီး မကွယ်လွန်မှီခန့်က နာမည်ကြီး တရားအဟောအပြော ကောင်း၊ အရေးအသားကောင်း "အရှင်ဆန္ဒာဓိက" ဆရာတော် ကိုယ်တိုင် ဆရာ့စာပေကျေးဇူးကို ဆပ်သည့် အနေနှင့် ဆရာကြီးထံ သွားရောက်၍ ငွေ(၂)သိန်း လှူဒါန်းကာ ပြန်လည် ကျေးဇူးပြုသောအားဖြင့် ဦးသုခ ဟူသော သုခချမ်းသာ မှုသည် တကယ့်သုခချမ်းသာ အစစ်ဖြစ်သော သန္တိသုခ ချမ်းသာစစ်တရားကို ရရှိ အောင် ကျင့်ကြံပွားများဖို့ သတိပေးတရား ဓမ္မအနှစ်သားကို မြွက်ကြားတော်မူခဲ့သည်မှာ ဆရာကြီးရဲ့ စေတနာရောင်ပြန်ဟပ်ခြင်း ဖြစ်ပါသည်။ ယခုအခါ အမေနေ့ (၁၄)ကြိမ်မြောက်မှာ ဆရာကြီးမွေးနေ့ နှစ်(၁၀၀)သို့ ရောက်ခဲ့ပါပြီ။ ဆရာကြီးရဲ့ ဘ၀အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးကို အကျိုးရှိရှိနဲ့ ဇွဲလုံ့လ ၀ီရိယ သမာဓိ၊ သဒ္ဓါပညာများဖြင့် လှုပ်ရှားပြုပြင်ပြီး ရိုးရိုးကျင့် မြင့်မြင့်ကြံခဲ့တဲ့ ဆရာကြီးပါ။ ကျွန်မတို့ အတုယူဖွယ်၊ အားကျဖွယ်၊ ဂုဏ်ယူဖွယ်၊ လေးစားဖွယ်၊ အောက်မေ့ဖွယ် ဖြစ်နေပါတယ်။ ဆရာကြီး တစ်ယောက် ဘ၀သံသရာမှ လွတ်မြောက်သော သန္တိသုခနိဗ္ဗာန်ချမ်းသာသို့ ရောက်ရှိပါစေကြောင်း ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။ ခင်သန်းနု သတိရသမျှ ဤဆောင်းပါးဖြင့် ဆရာကြီးကို ဦးခိုက်ကန်တော့ လိုက်ပါ၏။

အကယ်ဒမီ ခင်သန်းနု
ဆက်ရန်
.

No comments: