Sunday, July 24, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၂၆)

မောင်နှင်းမိုး
ကျွန်တော် ရှက်မိပါသည်

ဟုတ်ပါသည်။ ကျွန်တော် ရှက်မိရခြင်း အကြောင်းရင်းမှာ ကျွန်တော်ဆရာရင်းဖြစ်သူ ဆရာဦးသုခအတွက် ဖြစ်ပါသည်။ ဆရာဦးသုခအတွက် ရှက်ရခြင်းမှာလည်း ကျွန်တော်သည် ဆရာဦးသုခ၏ သားတပည့်တစ်ဦး ဖြစ်သည့် အကြောင်းရင်းက အဓိက ကျပါသည်။ (ကျွန်တော့်ကိုယ်ကျွန်တော် ဆရာဦးသုခ ၏ သားတပည့် ဟု တင်စားပြောကြားခြင်းတော့ မဟုတ်ပါ။ ဦးသုခနှင့် မောင်နှင်းမိုး ဟူ၍ အတူတွဲကာ အမြဲမြင်တွေ့နေရ သောကြောင့် အများက သတ်မှတ်ကြခြင်းသာ ဖြစ်ပါသည်။ (ရိုးသားစွာ ၀န်ခံရလျှင် ဒါကိုလည်း ကျွန်တော် ဂုဏ်ယူပါသည်။)

ဆရာကြီး၏ သီလ၊ သမာဓိ နှင့် ဂုဏ်သိက္ခာတို့ကြောင့် ဆရာကြီးအား ကြည်ညိုလေးစားသူများက ကျွန်တော် ကိုလည်း အရေးထားလေးစားကြပါသည်။ (စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ဆိုသကဲ့သို့) ဆရာကြီး၏ အရှိန်အ၀ါကြောင့် တပည့်ဖြစ်သူ ကျွန်တော့်၏ ဂုဏ်ရောင်ပါ အလိုလို တောက်ပြောင်ခဲ့ရခြင်း ဖြစ်ပါသည်။ တကယ်တော့ ဆရာကြီး၏ ပညာပါရမီဟု ဆိုအပ်သော၊ ခက်ခဲနက်နဲလှသည့် လောကီ၊ လောကုတ္တရာ ပညာနှင့် အတွေးအခေါ်များ၊ ဆရာကြီး ကျွမ်းကျင်စွာ ရေးသားစပ်ဆိုနိုင်သော စာပေ တေးဂီတ၊ ဆရာကြီး လိမ္မာ ပါးနစ်စွာဖြင့် ဖော်ညွှန်းရိုက်ကူးနိုင်စွမ်းရှိသော ရုပ်ရှင်အနုပညာရပ်များနှင့် ပတ်သက်၍၊ ကျွန်တော့်မှာ ဆရာကြီး၏ ခြေဖ၀ါးအစုံမှ မြူမှုံကလေးမျှသာ ရိပ်မိ သိရှိနားလည်သူ ဖြစ်ပါသည်။ ဒါကြောင့်လည်း ဆရာကြီးက ကျွန်တော့်အား "မင်း ဘာသာရေးမှာ သိပ်အားနည်းတယ်ကွာ ငါ့ဆီက ပညာတစ်ပိဿာ လောက် မင်းကို ပေးချင်ပေမဲ့ မင်းက အစိတ်သားလောက်ပဲ ယူနိုင်တယ်၊ မင်းကို ငါအားမရဘူး" ဒါက ကျွန်တော့်အပေါ် အထင်တကြီးဖြင့် ဂုဏ်ယူပြီး ပြောကြားသော ဆရာကြီး၏ မှတ်ချက် စကား ဖြစ်ပါသည်။

သည်မျှလောက်ဆိုပါလျှင် စာဖတ်သူများ ကျွန်တော့် အခြေအနေနှင့် ကျွန်တော့်အရည်အချင်းကို အကဲ ခတ်မိလောက်ပြီဟု ထင်ပသါည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဆရာကြီး ပြောစကားအတိုင်း ဖြစ်နေခဲ့ သည်က အမှန်ပါ။ ဆရာကြီးနှင့် နှစ်ပေါင်းငါးဆယ်ခန့် လက်တွဲလုပ်ကိုင်ခဲ့ပါလျှက် မည်မည်ရရ တတ်ကျွမ်း နားလည်ခဲ့ခြင်း မရှိခဲ့ပါ။ ဒါကလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ်၊ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ထိုက်တန် သလောက်သာ ရယူနိုင်ခြင်း ဖြစ်ပါသည်။

တကယ်တော့ ဆရာကြီးလို ဘက်စုံတော်သူ၊ တတ်သူ ကျွမ်းကျင်သူ ပညာရှိ ပုဂ္ဂိုလ်မျိုးကား ရှာမှရှားလှပါ ကြောင်းကို ဆရာကြီး ရရှိခဲ့သော ဆုတံဆိပ်နှင့် ဘွဲ့များက သက်သေပြလျှက် ရှိပါသည်။

၁။ အကောင်းဆုံးဒါရိုက်တာ အကယ်ဒမီ (၆)ဆု
၂။ အလင်္ကာကျော်စွာဘွဲ့ ရွှေတံဆိပ်ဆု
၃။ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်
၎။ ပခုက္ကူ ဦးအုန်းဖေတသက်တာ စာပေဆု
၅။ အာစီယံပြန်ကြားရေးနှင့် ယဉ်ကျေးမှုဆု
၆။ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့
၇။ လူမှုထူးချွန် (ပထမဆင့်)

၈။ ၀ိဇ္ဇာပညာထူးချွန်ဆုများအပြင် (ရုပ်ရှင်ဝါသနာ အိုးများ ချီးမြှင့်သော သူရဿတီရုပ်တု၊ နတ်ရေကန် ရွှေစောင်းဆု၊ ဓမ္မဗိမ္မာန်တသက်တာ စာပေဆုများကိုပါ ရရှိထားသူလည်း ဖြစ်ပါသည်။
ဤမျှအထိ အောင်မြင်ထင်ရှားကျော်ကြားခဲ့သည့် ဆရာကြီးကား သည်လို ဘ၀မျိုးကို လွယ်ကူချောမွေ့စွာ ဖြင့် ရောက်လာခဲ့ခြင်းတော့ မဟုတ်ပါ။ ဆရာကြီး လျှောက်လှမ်းခဲ့သော ခရီးလမ်းက လွန်စွာမှ ကြမ်းတမ်း လှ ပါသည်။ "ငါ့ဘ၀က ဒုက္ခနဲ့နဘန်း လုံးပြီးမှ သုခဘ၀ကို ရောက်ခဲ့ရတာပါကွာ" ဒါက မကြာခဏ ကျွန်တော့် ကို ပြောပြသော ဆရာကြီး၏ လက်သုံးစကား ဖြစ်ပါသည်။ ဆရာကြီး၏ ဇာတိမွေးရပ် ကျိုက်လတ်မြို့ကား စာပေဂီတ၊ အနုပညာနှင့် ပတ်သက်ပြီး တော်သော၊ ကျော်သော ဆရာကြီးများ ပေါ်ထွက်ရာမြို့ဖြစ်သည်နှင့်အညီ၊ ဆရာကြီးသည်လည်း ဆရာကောင်း၊ သမားကောင်းကြီးများထံ ချဉ်းကပ် ကာ ခြေဆုပ်လက်နယ်ပြုစုရင်း သိချင်တာ မှန်သမျှကို စပ်စပ်စုစု မေးသည်။ ကိုယ့်အတွေး ကိုလည်း ဆရာကြီးများအား ပြန်လည် ပြောပြပြီး ဆည်းပူးပညာယူခဲ့သည်။ ပင်ကိုယ်ပညာပါရမီ အခြေခံ ကောင်းပြီး ဇွဲလုံ့လ၊ ၀ီရိယ၊ ကြိုးစားအားထုတ်မှုများကြောင့် ဆရာကြီးသည် ဘက်စုံပညာ တော်-တတ်-ကျွမ်းကျင်သူ ဆရာကြီးတစ်ဆူ ဖြစ်ခဲ့ရခြင်း မဟုတ်ပါလား။
အထူးသဖြင့် မိဘမေတ္တာ ဆရာကြီးပီပီ၊ အမေကို ချစ်မြတ်နိုးကြစေရန်အတွက် "ပြာသိုလပြည့်အမေနေ့ကို မန္တလေးမြို့ တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်မပျက် ဆောင်ရွက်ခဲ့ကြရာ ယခုအခါ မြို့နယ်အနှံ့အပြားတွင် ပြန့်ပွား လျှက် ရှိနေပြီ ဖြစ်ပါသည်။

"မြင်မြင်သမျှ သင်္ခါရ-မုချသေရမည် မှန်လှသည်။ အလောင်းပြာကျဈာပနာ သောကမျိုးစုံ ကြုံရသည်။ ပရိဒေ၀ ထိုဒုက္ခဖေးမကူညီကြပါမည်။ ဆင်းရဲချမ်းသာဘာသာမရွေး ကိစ္စအား အားပေး ဆောင်ရွက်ကြပါ သည်။ အသုဘ သညာ အနိစ္စာ ဒုက္ခအနတ္တ မြင်ရမည်။ မသေရ အမှန်အမတံ နိဗ္ဗာန်ချမ်းသာ ဆိုက်စေ သတည်း" ဟူသည့် ဆောင်ပုဒ်အတိုင်း၊ သောကဖြင့် ကျန်ရစ်သူများ အပူငြိမ်းအေးစေရန်အတွက် နာရေး ကူညီမှုအသင်းကြီးကိုလည်း စတင်ဖွဲ့စည်းခဲ့ပါသည်။ ဒါတွက်ကတော့ ဆရာကြီး အာသီသပြင်းထန်စွာဖြင့် စတင် မျိုးစေ့ချပေးခဲ့တာများ ဖြစ်ပါသည်။ ယခုအခါမှာတော့ ဆရာကြီး ချပေးခဲ့သော မျိုးစေ့များမှ အပင်များ ကား ရှင်သန်ကြီးထွားလာလျှက် ရှိနေပြီဖြစ်ရာ ဤနာရေးကူညီမှု အသင်းကြီးကပင် သေရေးကို စိတ်အေး ရအောင် အကူအညီပေးနေရုံမျှမက "သုခဆေးခန်း"ကိုပါ ထပ်မံ ဖွင့်လှစ်ပြိး အခမဲ့ကုသပေးလျှက် ရှိနေပါပြီ။ ငွေရေးကြေးရေး ဆင်းရဲ့ချို့တဲ့ပြီး ဆေးရုံတက် ကုသလျှက် ရှိနေကြသူ လူနာများနှင့် အရေးပေါ် ခွဲစိတ် မီးဖွားရမည့် မိခင်လောင်းများအတွက်ကိုပါ  ဆေးဖိုးဝါးခ လိုအပ်သည့် ကုန်ကျစရိတ်များပေးအပ် အကူအညီပေးလျှက် ရှိပါသည်။

"ဘ၀ခုံရုံးမှာ တရားလို မဖြစ်လိုပါ။ တရားခံ မဖြစ်လိုပါ။ သက်သေမဖြစ်လိုပါ။ ပြောလာသမျှ စောဒက မတက်လိုပါ။ လောကဓံတရား ထိုရှစ်ပါး ဘုရားသော်မှ ငြင်းမရ မင်းက ဘာမို့လဲ" ဟု အမြဲဆင်ခြင်ပြီး နေလို ပါသည်။ ဖြစ်ချင်တာလည်း မဖြစ်ရ။ မဖြစ်ချင်တာတွေလည်း ဖြစ်နေရတဲ့ လူ့ဘ၀မှာ ဆရာကြီးသည်လည်း အနိစ္စာဝရ သင်္ခါရတရားတိုင်း ကွယ်လွန်သွားပြီ ဖြစ်ပါသည်။ ဆရာကြီး သက်ရှိ ထင်ရှားရှိစဉ်အခါမှာရော ဆရာကြီး ကွယ်လွန်သွားပြိး နောက်ပိုင်းမှာရော ဆရာကြီးအား ကြည်ညိုလေးစားခဲ့ကြသော မန္တလေးသား/ သူများက အမေနေ့ ပေါင်းများစွာကို ကျင်းပခဲ့၊ ကျင်းပဆဲ၊ ဆက်လက်၍လည်း ကျင်းပနေကြဦးမည်သာ ဖြစ် ပါသည်။

ယခုနှစ်တွင်တော့ ပြာသိုလပြည့် အမေနေ့သာမက ဆရာကြီး၏ ရာပြည့် မွေးနေ့ပွဲကြီးကိုပါ ခြိမ့်ခြိမ့်သဲ ပူးတွဲ ကျင်းပရန် စီစဉ်လျှက် ရှိကြပါသည်။ ကျွန်တော်တစ်ခါက ရေးခဲ့ဖူးပါသည်။ ရန်ကုန်တွင်နေ၍ ရန်ကုန်တွင် ခေါင်းချခဲ့သော ဆရာကြီး၏ ဓမ္မမိတ်ဆွေ၊ ဂီတမိတ်ဆွေ၊ စာပေမိတ်ဆွေများသာမက ရုပ်ရှင်လောကမှ တပည့်ပေါင်းများစွာ ရန်ကုန်တွင် ရှိနေကြပါလျှက် ဆရာကြီးအတွက် မှတ်မှတ်ရရ ဘာတစ်ခုမျှ မရှိခဲ့ပါ။ ဒါကတော့ လွန်စွာမှ ၀မ်းနည်းစရာ ကောင်းလှပါသည်။ ဤအထဲတွင် ဆရာကြီး၏ သားတပည့်ဖြစ်သူ ကျွန်တော် အပါအ၀င်ဖြစ်သောကြောင့် ကျွန်တော် ရှက်မိခြင်း ဖြစ်ပါသည်။ ငွေကြေး အကုန်အကျခံကာ စနစ်တကျဖြင့် စည်စည်ကားကား ဖြစ်အောင် စီစဉ်တတ်ကြသော မန္တလေးအမေနေ့ ဖြစ်မြောက်ရေး အဖွဲ့၏ (၁၄)ကြိမ်မြောက် "ပြာသိုလပြည့်နေ အမေနေ့နှင့် ဆရာကြီးဦးသုခ၏ ရာပြည့်မွေးနေ့" သည်ကား ၂၀၀၉ခုနှစ် ကုန်လောက်တွင် ကျင်းပတော့မည် ဖြစ်ပါသည်။

ဆရာကြီးနှင့် ပတ်သက်၍ မန္တလေးသား/သူများ၏ ကြိုးစားအာထုတ်မှုများကို ဆရာကြီး၏ သားတပည့် ဖြစ်သူ ကျွန်တော့်အနေနှင့် ကိုယ်တတ်နိုင်သည့်ဖက်မှ ကူညီဆောင်ရွက်ပေးခြင်းဖြင့် မန္တလေး အမေနေ့ ဖြစ်မြောက်ရေးအဖွဲ့အတွက် တစုံတရာ အသေးအမွှားကလေးမျှ အထောက်အကူ ဖြစ်မည်ဆိုပါက ကျွန်တော်၏ ရှက်စရာကား သက်သာရာရမည်ဟု ယုံကြည်မိပါသည်။

သုခိ အတ္တာနံ ပရိဟရန္တု
မောင်နှင်းမိုး

စာကြွင်း။     ။ ဆရာကြီးဦးသုခ သက်ရှိထင်ရှားရှိစဉ်ကပင် "သုခိအတ္တာနံ ပရိဟရန္တု" ဆုတောင်းစာသား လေးကို အသုံးပြုခွင့် ပေးပါရန် တောင်းခံခဲ့ရာ ဆရာကြီး၏ ခွင့်ပြုချက်အရ အသုံးပြုပါသည်။

ဆက်ရန်
.

No comments: