(၁၈)
နန်စီဟာမွန် ထံ မှာ ငွေညှစ်ဖို့ အခွင့်အရေးကို ရော့်လဂ္ဂလာ စောင့်ဆိုင်းနေခဲ့ရသည်မှာ ခြောက်နှစ်ကျော် မျှပင် ကြာမြင့်ခဲ့ချေပြီ။
ဗီယက်နမ်နိုင်ငံ တွင် စစ်မှုထမ်းဆောင်ဖို့ သွားရောက်ရန် ထုတ်ပေးထားသော အမိန့်စာရွက်များကို တစ်စ မျှ မကျန်အောင် သေသေချာချာ ဖျက်စီးပြီး ကနေဒါနိုင်ငံသို့ လေယာဉ်ပျံဖြင့် ထွက်ခွာလာ သည့်နေ့မှ စ၍ နန်စီဟာမွန် ကို ငွေညှစ်လိုခဲ့ခြင်း ဖြစ်လေသည်။
အဆိုပါ ခြောက်နှစ်ကျော်ကာလအတွင်း ဟာလီင်္ဖက်မြို့အနီး၌ ယာသမားခြံသမားအဖြစ်သူ အသက်မွေး ၀မ်းကျောင်း ပြုခဲ့ရလေသည်။
သူ အရွံမုန်းဆုံးသော အလုပ်ဖြစ်ပါသည်။
သို့သော်လည်း မတတ်နိုင်ပြီ။
ဗီယက်နမ်းနိုင်ငံသို့ သွားပြီး ပူးပြင်းခြောက်သွေ့သည် မြေကျင်းကလေးထဲမှာ ၀ပ်ရင်း လူကောင်း သေးသေး ကလေးများ၏ စိတ်တိုင်းကျပစ်ခက်သတ်ဖြတ်ခြင်းကိုခံရသည်နှင့် စာလျှင်တော်သေး သည်ဟု သူ သဘောရ ခဲ့သည်။
ကနေဒါနိုင်ငံ တောရွာကလေးတစ်ရွာတွင် ခြံအလုပ်သမားအဖြစ် လုပ်ကိုင်ရသည်မှာလည်း အခြား အလုပ် မရနိုင်သော ကြောင့် ဖြစ်လေသည်။
စန်ဖရန်စစ္စကိုမြို့ သို့ ပြန်သွားလျှင် သူ့ကိုထောင်ချကြတော့မည်။
လောလောဆယ်ထောင်ချမခံချင်သေးပါက ဗီယက်နမ် စစ်မြေပြင် သို့ သွားရမည်။ စစ်မှုထမ်းပြီးလျှင် ထောင်ဒဏ် ကို ပြန်ခံရမည်။
သည်တော့ သူ့အဖို့ဇာတ်မြှုပ်ပြီး ထွက်ပြေးခြင်းသည် သာလျှင် အကောင်းဆုံး မဟုတ် ပါလား။ ဟာမွန်၏ ကလေး များ ပျောက်ဆုံးမှုနှင့် သတ်ဖြတ်မှုမှာပါဝင် ပတ်သက်ခဲ့သည်။
ရိုးရိုး ဆိုလျှင် အမှုက သူနှင့်မဆိုင်ပြီးပြတ်သွားသည်။
တာဝန် ရှိသော နန်စီဟာမွန် ကို သေဒဏ်ပေးခြင်းဖြင့် အမှုကပြီးပြတ်ရမည်။
သို့သော်ခရိုင်ရှေ့နေဆိုသည့် ငတိကြီးက အရစ်ရှည်လိုက်သောကြောင့် သူ့ကိုအမှုပတ်လာ ခြင်းဖြစ်သည် ဟု သူ နားလည်သည်။
နန်စီဟာမွန် ကို သူ့သားသမီးများ သတ်ဖြတ်မှုဖြင့် ရုံးတင်တရားစွဲသည်။
ရော့လဂ္ဂလာ က ထိုအမှု တွင် တရားလိုပြ သက်သေသာဖြစ်ခဲ့သည်။
ထို အမှုသွား အမှုလာ ရှင်းနေသည်။
သို့သော်နန်စီဟာမွန် လူသတ်မှုကို ကျူးလွန်ရခြင်းသည်တိုက်တွန်းနှိုးဆော်မှု ရှိသောကြောင့် ဖြစ်ကြောင်း ခရိုင် ရှေ့နေ က လျှောက်လဲသည်။
ထိုသို့ တိုက်တွန်းနှိုးဆော်မှု ကို ပြုလုပ်သူမှာ တက္ကသိုလ်ကျောင်းသား ရော့လဂ္ဂလာ ဖြစ်သည်ဟု ကောက်ချက် ချကာ လျှောက်လဲချက် ပေးလေတော့သည်။
ထိုအချိန် မှ စပြီး အားလုံးရှုပ်ထွေးသွားခြင်း ဖြစ်သည်။
ရော့လဂ္ဂလာ သည်လည်း တရားလိုပြသက်သေဘ၀ မှ တရားခံ ဘ၀သို့ ချက်ချင်းပြောင်းကူး ပြောင်း သွားရခြင်း ဖြစ်သည်။
ထိုအမှုကြီးကို ပြန်လည်စစ်ဆေးမည်ဆိုခြင်းကို ရော့လဂ္ဂလာ အနေနှင့် ဘယ်လိုမှ အဖြစ်မခံနိုင်။
နန်စီဟာမွန် သည် သူသတ်ဖို့ထက် သူ့အိမ်မှ ထွက်သွားလိုစိတ်သာလျှင် ရှိခဲ့ကြောင်း ခရိုင် ရှေ့နေ က ရုံးတော် သို့ လျှောက်လဲခဲ့သည်။
ခရိုင်ရှေ့နေ က လျှောက်လဲချက်ပေးရင်းဖြင့် ရော့လဂ္ဂလာဘက်သို့ မြားဦးလှည့်လာသည်။
"ခရိုင်ရှေ့နေ က-"
"ကောင်မလေးက လူငယ်တစ်ယောက်ကို ချစ်မီရာ ကနေ ဒီပြဿနာစလာတာပဲ၊ နန်စီဟာ အင်မတန် ချောမောတဲ့ မိန်းကလေး ဖြစ်ပါတယ်၊ သူ့အသက် ဆယ့်ရှစ်နှစ်တောင် မပြည့်တတ်သေး ခင်းမှာ သူ့ထက် အသက် အများကြီးပိုကြီးတဲ့ အဘိုးကြီး တစ်ယောက်နဲ့ လက်ထပ်ခဲ့ပါ တယ်၊ တစ်ဘက်ကနေ ကြည့်မယ် ဆိုရင် သူ့ဘ၀ ဟာ မိန်းမငယ်လေးတွေအဖို့ အားကျစရာ ပါပဲ"
"ပါမောက္ခဟာမွန်ဟာ သူ့ဇနီးကို အင်မတန် ချစ်ရှာပါတယ်၊ သူ့ဇနီးနဲ့ သူ့သားသမီးများ အပေါ် အင်မတန် မှ ကို အနွံတာခံရှာပါတယ်၊ ဘယ်လောက်တောင် အနွံတာခံသလဲဆိုရင် သူတို့အသိုင်း အ၀ိုင်းကြီး တစ်ခုလုံး မှာ ပြောစမှတ်ဖြစ်လောက်အောင်ကို အနွံအတာခံပါတယ်၊ သူတို့ အသိုင်း အ၀ိုင်းမှာ စံပြတောင် ဖြစ်နေပါတယ်၊ မိန်းမနဲ့သားသမီးတွေရဲ့ အလိုကို အဆုံးစွန်အထိ လိုက်လျောပါတယ်"
"ဒါပေမယ့် နန်စီ က ကျေနပ်သလား၊ တင်းတိမ်သလား၊ မကျေနပ်ပါဘူး၊ မတင်းတိမ်ပါဘူး"
"အပူပေး တဲ့ စက်ပြင်ဖို့ သူ့ယောက်ျားကို ကျောင်းသားလေး တစ်ယောက် လွတ်လိုက်တဲ့အခါမှာ သူ့ နန်းဇာတိရုပ် ပေါ်တော့တာပါပဲ၊ နာရီးပိုင်းကလေးတောင်မှ ဟန်မဆောင်နိုင်တော့ဘဲ အဲဒီ ကျောင်းသား လေး နဲ့ ဖောက်ပြားတော့တာပါပဲ၊ ရေလာမြောင်းပေးတွေ လုပ်တော့တာပါပဲ"
"အဲဒီ ကျောင်းသားလေး ကို အသေကပ်တယ်၊ ကော်ဖီအတင်းတိုက်တယ်၊ အဘိုးကြီးနဲ့ နေရတာ ကြာတော့ လူငယ်လူရွယ်တွေနဲ့ စကားပြောချင်ကြောင်း ဖွင့်ပြောလာတယ်၊ လူငယ်လူရွယ်တွေ သက်တူ ရွယ်တူ တွေနဲ့ စကားပြောရတာ အရာသာရှိလှကြောင်း ပြောလာတယ်။"
"ဒါတင်မကသေးဘူး၊ သူတစ်ရပ်တကျေးကို ထွက်သွားမှ ဖြစ်တော့မယ်လို့ပဲ ပြောတယ်၊ ရော့လဂ္ဂလာက သွေးတိုး စမ်းတာ ကို ချက်ချင်းလက်ခံလိုက်တယ်၊ ကလေးတွေ တန်းလန်း တန်းလန်း ပါလာမယ် ဆိုရင် တော့ ကျွန်တော်နဲ့ မဖြစ်ဘူး လို့ပြောတဲ့အခါမှာ နန်စီက ကလေးတွေ ကိုနှာခေါင်းပိတ်သတ်ပေးပါ့မယ်လို့ သွေးအေးအေး နဲ့ ကတိပေးခဲ့ပါတယ်
"အဲဒီတော့ ဂျူရီအဖွဲ့ဝင် အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား ရော့လဂ္ဂလာကို ကျွန်တော် အထင်သေး မိပါတယ်၊ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ ရွံရှာမုန်းတီးဖွယ်ကောင်းတဲ့ အကျင့်နဲ့ လုပ်ရပ် ကြောင့်ပါပဲ၊ စိတ်ကယောင် ချောင်ချား ဖြစ်နေတဲ့ ဒီမိန်းကလေးကို သူဖြားယောင်း သွေးဆောင် ပြီးသူ ဖောက်ပြား သွားတာ ဖြစ်ပါတယ်"
"သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ဖက်ရမ်းနမ်းရှုပ်ရုံနဲ့ ပြီးဆုံးသွားတယ်ဆိုတာကို ကျွန်တော် နည်းနည်းလေး မှ မယုံကြည့်ပါဘူး၊ သူတို့ဟာဒီမျှမကအထိ နယ်ကျွံခဲ့ကြပါတယ်၊ နောက်တစ်ခု ကျွန်တော် ယုံကြည့်တာကတော့ ကလေးတွေ ကို နှာခေါင်းပိတ်ပြီး သတ်ပေးပါ့မယ်"လို့ နန်စီဟာမွန် ရဲ့နှုတ်ဖျားက ထွက်လာတယ် ဆိုတဲ့ စကားပါပဲ၊ အဲဒီစကားကို နန်စီတကယ်ပြောကြောင်း ယုံကြည့်လောက်တဲ့ အထောက် အထား တွေ ရှိနေပါတယ်။
ထိုသို့သော လျှောက်လဲချက်ဖြင့်ပင် သူ ရော နန်စီ ပါ ဘ၀ပျက်ခဲ့ကြရလေတော့သည်။
ထိုစကားလုံးများကို ပြန်သတိရတိုင်း ရော့လဂ္ဂလာ၏ ရင်ထဲမှာ အော်ဂလီဆန်လာမြဲဖြစ် သည်။
ဇာတ်လမ်းကြီး စတင်ဖြစ်ပေါ်လာပုံကိုလည်း ပြန်ပြောင်းသတိရမိသည်။
တစ်နေ့တွင် ပါမောက္ခဟာမွန်၏ ရုံးခန်းထဲမှာ ရော့လဂ္ဂလာရှိနေသည်။
ထိုအချိန်တွင် ဟာမွန်အား သူ့မိန်းမက ဖုန်းဆက်ပြီး အိမ်ရှိအပူပေးစက် ပျက်နေကြောင်း အကြောင်း ကြားသည်။
ရော့လဂ္ဂသည် သာမန်အားဖြင့် လူတစ်ဖက်သားကိုလွယ်လွယ်ကူကူနှင့် ကူညီတတ်သူတစ် ယောက်တော့ မဟုတ်။
သို့သော်လည်း ယခုကိစ္စက စက်ပစ္စည်းနှင့်ဆိုင်သော ကိစ္စဖြစ်လာသည်။
စက်ပစ္စည်း နှင့် ပတ်သက်လာလျှင် စပ်စပ်စပ်စပ်နှင့် သူတတ်တာချည်း ဖြစ်သည်။
သူမပြင်တတ်သော စက်အမျိုးအစား သိပ်မရှိချေ။
နောက်တစ်ကြောင်းကပါမောက္ခဟာမွန်၏ ဇနီးအကြေင်းဖြစ်သည်။
ပါမောက္ခဟာမွန်၏ ဇနီးသည်အလွန်အသက်ငယ်ကြောင်း၊ နောက်ပြီး မြင်သူငေးလောက်အောင် ချောမော လှပ ကြောင်း၊ ထိုသို့သော် ငယ်ငယ်ချောချော လေးကို သူလိုအဘိုးကြီးက မယားလုပ် ထားကြောင်း သူတို့ တက္ကသိုလ်အသိုင်းအ၀ိုင်း တွင် ပြောမဆုံးဆောင် ဖြစ်နေကြသည်။
ထိုအကြောင်း နှစ်ခု ကြောင့် သူကူညီစိတ်တွေတဖွားဖွား ပေါ်ခဲ့ရလေသည်။
စစချင်း တော့ သူ၏ ကမ်းလှမ်းချက် ကို ပါမောက္ခ က တမုဟုတ်ချင်း ငြင်းပစ်လိုက်သည်။
သို့သော် သူဆက်လက်မငြင်းနိုင်တော့ပါ။
ပါမေက္ခက သူခိုင်းနေကျ စက်ပြင်ဆရာကိုရှာသည်။
ဘယ်လိုရှာလို မှမရ။
သူ့မိန်းမကလည်း အပူပေးစက် ယခုလိုပျက်နေမည်ဆိုလျှင် ကလေးနှစ်ယောက်ကို တည်းခိုခန်း တစ်ခုခု သို့ ခေါ်သွားပြီး ထားရမလို ဖြစ်နေကြောင်း၊ စက်ပြန်ကောင်းမှ အိမ်သို့ ပြန်လိုကြောင်း ပြောလာသည်။
ထိုအချက် ကိုလည်း ပါမောက္ခ က သဘောမတူနိုင်။
သည်လိုဖြင့် မတတ်သာတော့သည့် အဆုံးတွင် ရော့လဂ္ဂလာကို အပြင်ခိုင်းလိုက်ရခြင်းဖြစ်လေသည်။
နန်စီဟာမွန် တို့အိမ်သို့ လဂ္ဂလာရောက်သွားသည်။
နန်စီဟာမွန် အဘယ်မျှ ချောမေလှပကြောင်း၊ အဘယ်မျှ အသက်ငယ်ကြောင်း တက္ကသိုလ် တစ်ဝင်းလုံး ပြောနေကြသည်မှာ အပိုမပါကြောင်း လဂ္ဂလာ ကိုယ်တွေ့မျက်မြင် ဖြစ်သွားလေတော့ သည်။
စက်စက်ယို အောင် ချောသော အချောအလှမျိုး ဖြစ်ပါသည်။
သို့သော် နန်စီကိုကြည့်ရသည်မှာ သူဒါလောက်ချောမောလှပကြောင်း သူ့ကိုယ်သူ ပြန်မသိ သလို ဖြစ်နေသည်။
နေရာတကာမှာ တုံ့ဆိုင်းဆိုင်း နိုင်လှသည်။
မသေချာ မရေရာနှင့် ကြောင်တောင်တောင် ဖြစ်နေသည်။
အိုးတိုးအန်းတန်း နိုင်လှသည်။
ရော့လဂ္ဂလာ ရောက်သွားသည့်အချိန်မှ နေ့လယ်ခင်းဖြစ်သည်။
နန်စီဟာမွန် က ကလေးငယ်နှစ်ယောက် ကို နေ့လယ်စာကျွေးနေသည့်အချိန် ဖြစ်သည်။
သားလေး နှင့် သမီးလေးဖြစ်သည်။
ကလေးနှစ်ယောက် စလုံး အရမ်းအေးသည်။
မိခင်ကျွေးမွေး သည်ကို မဆူမပူ ပဲ အေးဆေးငြိမ်သက်စွာ စားသောက်နေကြသည်။
နန်စ်ီကလည်း လဂ္ဂလာကို သိပ်အရေးတယူမရှိလှ။ စက်ပြင်ပေးဖို့လာသည်ဆိုသည့်အတွက် ကျေးဇူး တင်ကြောင်း ၀တ်ကျေတမ်းကျေ ပြောကာ ကလေးများကိုသာ နေ့လယ်စာဆက် ကျွေးနေလေသည်။
မိမိ အပေါ် နန်စီအာရုံစိုက်လာဖို့ တစ်ခုတည်းသော နည်းလမ်းသည် ကလေးများနှင့် ရင်းနှီးဖို့ ဖြစ်ကြောင်း လဂ္ဂလာ သိသည်။
ထို့ကြောင့် ကလေးများ ကို သူစကားစပြောသည်။
ထိုနည်းသည် အလွယ်ဆုံးဖြစ်သည်။
သူ ကိုယ်တိုင် လည်း စမ်းသပ်အောင်မြင်ခဲ့ဖူးသည်။
နောက်တစ်ချက်က မိမိထက် အသက်ပိုကြီးသည့် အမျိုးသမီးများကို လဂ္ဂလာ ပိုစိတ်ဝင်စား သည်။
ယခုအမျိုးသမီးသည် သူ့ထင် သိသိသာသာကြီးအသက်ပိုကြီးလှသည်တော့ မဟုတ်။
သို့သော် ကိစ္စမရှိပါ။ ဒါလောက်ကြီးလျှင်လည်း လုံလောက်ပါသည်။
သူစိတ်ဝင်စားပါသည်။
သူရောက်ပြီး နှစ်မိနစ် အကြာတွင် ကလေးနှစ်ယောက်တ၀ါးဝါး တဟားဟား ဖြစ်အောင် သူလုပ် နိုင်လိုက်သည်။
ကလေး တွေ ရယ်မောကြပြီဆိုတော့ သူတို့အမေ နန်စီလည်း တ၀ါးဝါး တဟားဟား ဖြစ်ပြီပေါ့။
အပူပေးစက်ကို ပြင်ရာတွင် မိမိကိုကူညီရန် သားလေးကို သူက လူရာသွင်းပြီး အကူအညီ တောင်းသည်။
ထိုအခါ တွင် သူကြိုတင်မျှော်လင့်ထားသည့်အတိုင် အငယ်မလေးကလည်း သူလည်းပြင်တတ် ကြောင်း၊ သူလည်း အောက်ထပ် သို့ လိုက်လာပြီး ကူညီမည်ဟု ပြောလာသည်။
သားနှင့်သမီး လိုက်မည်ဆိုတော့ နန်စီ မနေသာပြီ။
"ကလေး တွေ ၀င်ရှုပ်တော့မှာပဲ၊ ကျွန်မပါလိုက်ပြီး နှစ်ယောက်ကို ကြည့်ထိန်းပေးမှ ဖြစ်တော့မယ်"
ဆိုတော့ ရော့လဂ္ဂ နှင့် အတူ အောက်ထပ် စက်ပြင်သည့်နေရာသို့ ရောက်လာကြလေတော့သည်။
သည်နောက်ပိုင်းတွင် လဂ္ဂလာအဖို့ ဘာမှအခက်အခဲမရှိတော့ပါ။
အားလုံး အဆင်ပြေချောမောသွားပါသည်။
အပူပေးသည့် စက် ကလည်း ကြီးကြီးကျယ်ကျယ် ပျက်သည်မဟုတ်။ လေပိုက်ထဲတွင် ချေးဝင် နေခြင်း ဖြစ်သည်။
ထိုချေးညှော်များကို တိုက်ချွတ်ပေးလိုက်ရုံနှင့် တမုဟုတ်ချင်း ကောင်းသွားမည်ဖြစ်သည်။
သို့သော် အကြံသမား ရော့လဂ္ဂလာက ထိုမျှ လွယ်လွယ်ကူကူလုပ်မပေးချေ။ ပုံကြီးချဲ့ပစ်လိုက် သည်။
နောက်တစ်ခေါက် ပြန်လာပြီးပြင်မှ ကောင်းမည်ဟု နန်စီကို ပြောသည်။
ထိုပထမနေ့က ထိုအိမ်မှ သူချက်ချင်း ပြန်လာခဲ့သည်။
မလိုအပ်ဘဲ အချိန်ဖြုန်းမနေ။
မလိုအပ်ဘဲ ပါမောက္ခ ဟာမွန် စိတ် လှုပ်ရှားအောင် လုပ်ဖို့မသင့်ချေ။
ရော့လဂ္ဂလာ သည် ပါမောက္ခ၏ရုံးခန်းကို တန်းပြန်သွားသည်။
ပါမေက္ခကြီး မှာ အတော်စိုးရိမ်နေပုံရသ်။
သို့သော်လည်း အခန်းတံခါးဖွင့်ပြီး ၀င်လာသည့် လဂ္ဂလာကို မြင်သည်တွင် အကြီးအကျယ် စိတ်သက်သာ ရာ ရသွားပုံပေါ်လေသည်။
သူ့ကိုပြုံးကြည့်ပြီး ပြောသည်။
"မြန်လှ ချည်လားကွ၊ ဒါလောက်မြန်မြန်နဲ့ ကောင်းသွားအောင် ပြင်နိုင်တယ်ဆိုတော့ တယ်တော် ပါလား၊ ဒါမှ မဟုတ် ပြင်လို့ မရတာလား"
"ပြင်လိုက်ရပါတယ် ဆရာကြီး၊ ဒါပေမယ့် ပစ္စည်းလေး တစ်ခုအသစ်လဲထည့်ဖို့ လိုနေပါတယ် ခင်ဗျာ၊ ကျွန်တော် ပဲ အစအဆုံးပြီးအောင် လုပ်ပေးလိုက်ပါ့မယ်၊ စက်ပြင်ဆရာကိုခေါ်မယ်ဆိုရင် ကြီးကြီး ကျယ်ကျယ် တွေ လျှောက်ပြောပြီး ဘာမှမဟုတ်တာလေးကို ပိုက်ဆံအများကြီး တောင်း လိမ့်မယ်၊ ကျွန်တော် ပြင်ရင် နှစ်ဒေါ်လာလောက်နဲ့ ကောင်းသွားမှပါခင်ဗျာ၊ ဒါကြောင့် ကောင်းသွား အောင် ကျွန်တော် ပဲ ဆက်ပြင်လိုက်ပါ့မယ်"
ဟာမွန် ကလည်း မငြင်း နိုင်တော့ချေ။
ပိုက်ဆံချွေတာရာလည်း ရောက်သွားသည်မဟုတ်ပါဘား။
နောက်နေ့ တွင် ရော့လဂ္ဂလာ သူတို့အိမ်သို့ ပြန်သွားသည်။
ပြီးတော့….နောက်နေ့…
နောက်နေ့…နောက်နေ့…
ပါမောက္ခ ဟာမွန်က သူ့မိန်းမသည် စိတ်ကယောက်ချောက်ချား ဖြစ်နေကြောင်း၊ အတတ်နိုင်ဆုံး အနားယူရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သူ့ကို လုံးဝအနှောက်အယှက်မပေးဖို့ ရော့လဂ္ဂလာကို သေသေ ချာချာ မှာထားလေသည်။
နန်စီနှင့်တွေ့ကြတော့ စိတ်ကယောင်ချောက်ချား ဖြစ်နေသည်ကို မမြင်ရပါ။
သို့သော်လည်း ထိတ်လန့်ကြောက်ရွံ့နေပုံရသည်။
နန်စီ စကားပြောဖြစ်အောင် သူစွမ်းဆောင်နိုင်ခဲ့သည်။
သူ့အမေ ကွယ်လွန်ပြီးနောက် သူစိတ်ကျရောဂါ အကြီးအကျယ် ဖြစ်ခဲ့ကြောင်း နန်စီက သူ့ကို ပြောပြလေသည်။
"အဲဒီအချိန်တုန်း ကတော့ ကျွန်မအကြီးအကျယ် စိတ်ဓာတ်ကျခဲ့တယ်လို့ ထင်တယ်"
နန်စီက ပြောသည်။
"ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကျွန်မနေကောင်းလာတယ်၊ နေကောင်းလာတာ သေချာပါတယ်၊ သောက်နေကျ ဆေးကိုတောင် အခုဆိုရင် အကုန်လုံးလောက်နီးပါး မသေချာတော့ဘဲ ရပ်ထားလိုက်ပြီ၊ ကျွန်မ ယောက်ျား ကတော့ အကြောင်းမသိဘိုးပေါ့လေ၊ သိရင် သူစိတ်စနိုး စနောင့် ဖြစ်နေဦးမယ်၊ ကျွန်မ အဖို့ ကတော့ အဲင်္ဒီဆေးတွေ မသောက်ဘဲနေ နေရတာက ပိုပြီး နေကောင်းနေတယ်"
နန်စီ အဘယ်မျှ ချောမောလှပကြောင်း ရော့က ပြောပြသည်။
တကယ်လည်း ချောမောလှပကြောင်း သူယုံကြည်ပါသည်။
နောက်ပြီးတော့ နန်စီသည် စိတ်ဓာတ်ပျော့ညံ့သည့် အမျိုးသမီး တစ်ယောက်တော့ မဟုတ်နိုင်ဟု သူသံ သယ ဖြစ်လာသည်။
မိမိထက် အသက်များစွာပိုကြီးသူ တစ်ယောက်ကို လင်လုပ်နေရသောကြောင့် ငြီးငွေ့နေခြင်းနှင့် စိတ် ဂယောက် ဂယက်လှုပ်ရှားနေခြင်းသာ ဖြစ်နိုင်ပါသည်။
အိမ်ထဲမှာချည်း အောင်းမနေဘဲ အပြင်သို့လည်း များများထွက်ပေးဖို့ ရော့ကပြောသည်။
"တခြား လူတွေနဲ့ ပေါင်းတာ သင်းတာကိုကျွန်မယောက်ျားက မကြိုက်ဘူး၊ တစ်နေ့တာအတွက် သူ့တွက် တာဝန် ထမ်းဆောင်ပြီးသွားရင် တခြားလူတွေနဲ့ တွေ့တော့ဘူးလို့ သူ့စိတ်ထဲမှာ ခံစားနေရတယ်၊ ကျွန်မ အပြင် သွားတာကိုလဲ မကြိုက်ဘူး"
ထိုစကားများ ကို ကြားရသည်တွင် နန်စီသည် အချဉ်းကပ်ရလွယ်ကူမည့် မိန်းကလေးဖြစ်ကြောင်း သူ ကောင်းစွာ သိသွားလေတော့သည်။
ကလေးတွေ ပျောက်ဆုံးသွားသည့် မနက်တုန်းက သူဘယ်မှာရှိနေကြောင်း အကောင်းဆုံး၊ အခိုင်မာဆုံး သက်သေ များကို ရော့ ပြနိုင်ခဲ့လေသည်။
ကျောင်းသားခြောက်ယောက် သာ ရှိသည့် စာသင်ခန်းထဲမှာ သူရှိနေခဲ့လေသည်။
သို့သော်လည်း ခရိုက်ရှေ့နေ ကမကျေနပ်။
သူ့ အဖို့ ဟာကွက်ကလေးတစ်ခု တွေ့သည်နှင့် ရော့ကိုကြိုးစင်တင်နိုင်အောင် သူလုပ်မည် ဖြစ်ကြောင်း အတည့် အလင်း ထုတ်ဖော်ပြောလေသည်။
ထိုသို့လုပ်ရသည့်အတွက်လည်း သူအများကြီး စိတ်ချမ်းသာပါမည်ဟုပါ ပြောသည်။
ထို့ကြောင့် သူ့ဘက်မှ ခုခံကာကွယ်ဖို့ ရှေ့နေတစ်ယောက်ကို ရော့ငှားခဲ့သည်။
သူအကြီးအကျယ်လည်း တုန်လှုပ်ထိတ်လန့်ခဲ့ရသည်။
လင်ရှိမယားများနှင့် သူရှုပ်ခဲ့သည့် နောက်ကြောင်းများကို ခရိုင်ရှေ့နေအနေဖြင့် မဖော်ထုတ် မိပါစေနှင့်ဟု တစ်ချိန်လုံး ဆုတောင်းနေခဲ့ရသည်။
ရုံးတော်တွင် မည်သို့မေးလျှင် မည်သို့ဖြေရမည်ဆိုသည်များနှင့် ပတ်သက်၍လည်း သူ့ရှေ့နေက အသေးစိတ် သင်သည်။
ထင်ရှားကျော်ကြားသည့် ပါမောက္ခကြီးထံတွင် လိမ္မာရေးခြားရှိသည့် တပည့်တောကောင်းတစ် ယောက် ဖြစ်လိုကြောင်း ပါမောက္ခကြီးတွက် အကျိုးရှီမည်ဆိုလျှင် ဘာမဆိုဆောင်ရွက်ပေးလိုကြောင်း၊ လက်တို လက်တောင်း ခိုင်းသည်ကအစ လုပ်ကိုင်ပေးလိုကြောင်း။
ပါမေက္ခကြီး ကတော်နှင့်လည်းကင်းကင်း ရှင်းရှင်းနှင့်ဝေးဝေးနေလိုကြောင်း၊ သို့သော်လည်း ပါမောက္ခကြီး ကတော် က မိမိကိုတောက်တဲ့ကပ် ကပ်နေကြောင်း။
ကလေးတွေကို နှာခေါင်းပိတ်သတ်လိုက်တာပေါ့ ဟုပါမေက္ခကြီး ကတော်ပြောသော်လည်း မိမိက အလေးအနက် သဘောမထားခဲ့ကြောင်း၊ ပါမောက္ခကြီးက မိမိကို ကြိုတင်သတိပေးထား သကဲ့သို့ သူ့ဇနီးသည် သည် မကျန်းမမာ သောကြောင့် စိတ်လှုပ်ရှားနေသည်ဟု မိမိထင်ကြောင်း၊ စသည်ကို ထွက်ဆို ဖို့ သင်ပေးထားသည်။
သို့သော်လည်း ရုံးတော်သို့ တကယ်ရောက်သွားသောအခါ ကဘောက်ဘိ ကဘောက်ချာတွေ ဖြစ်ကုန် တော့သည်။ သင်ကြားလေ့ကျင့်ထားသော ထွက်ဆိုချက်များနှင့် ဘာမှမဆိုင်တာတွေ ဖြစ်ကုန်တော့သည်။
"ဒီအမျိုးသမီးငယ်ကလေးကို မောင်ရင် တော်တော်သဘောကျသွားသလား"ဟု ခရိုင်ရှေ့နေက ညင်ညင် သာသာ ကလေးမေးချလိုက်သည်။
တရားခံစားပွဲ တွင် ရှေ့နေနှင့်အတူ ထိုင်နေသည့် နန်စီ ကို သူလှမ်းကြည့်လိုက်မိသည်။
နန်စီ ကလည်း သူ့ကိုပြန်ကြည့်နေသည်။
သို့သော်လည်း ဘာကိုမှမမြင်သော မျက်လုံးများဖြစ်ကြောင်း သိသာသည်။
"မတော် တဲ့ အဓိပ္ပါယ်မျိုးနဲ့ သဘောကျ သွားတာမျိုးမဟုတ်ပါဘူးခင်ဗျာ"
သူ စဉ်းစဉ်းစားစား ပြန်ဖြေသည်။
"ကျွန်တော့်အဖို့တော့ မစ္စက်ဟာမွန်ဟာကျွန်တော် သိပ်ကိုအထင်ကြီးပြီး လေးစားကြည်ညိုတဲ့ ပါမေက္ခကြီး တစ်ဦးရဲ့ဇနီးလို့ပဲ ခံစားရပါတယ်၊ ကျွန်တော်စိတ်ထဲမှာတော့ ရိုးရိုးသားသားပါပဲ ပျက်နေတဲ့ အပူပေးစက်ကိုပင်မယ်၊ ပြီးရင်ကျွန်တော့်အခန်းကျွန်တော်ပြန်ပြီး စာကျက်မယ်၊ ကျွန်တော့်မှာ စာတမ်း တစ်စောင် ရေးဖို့လဲ ရှိနေပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် စိတ်လဲမမှန် ကျန်းမာ ရေးနဲ့လဲ မပြည့်စုံတဲ့ ကလေး နှစ်ယောက် အမေ ကို ကျွန်တော်သည်လို အကြောင်းနဲ့မှ စိတ်မ၀င် စားနိုင်ပါဘူး"
တရားလိုရှေ့နေ က ထိုအချက်ကို အပိုင်ကိုင်ကာ သူ့ကိုချည်နှောင်ပါတော့သည်။
ရုန်းမထွက် နိုင်သော ရော့လဂ္ဂလာမှာ ဇောချွေးတွေပြန်ပြီးရုံးတော်ပေါ်တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ ရလေ သည်။
နောက်ပြီးတရားလိုရှေ့နေ ဖောက်ပေးသည့် ရေမြောင်းအတိုင်း စီးဝင်မျောပါသွားလေတော့ သည်။
ဟုတ်ပါတယ်ခင်ဗျာ၊ ပါမောက္ခကြီးရဲ့ ဇနီးလေးဟာ ကလေးတစ်ရုပ်လို အင်မတန် ချောမေလှပ ကြောင်း တွေ ကျွန်တော် ကြားရပါတယ်ခင်ဗျာ၊ မဟုတ်ပါဘူး၊ အိမ်ကိုသွားပြီး အပူပေးစက် ပြင်ပေးတာဟာ ကူညီ လိုစိတ် တစ်ခုတည်း နဲ့ ရိုးရိုးသားသား သွားတာမဟုတ်ပါဘူး၊ မှန်တယ်၊ အင်မတန် ချောမောလှပ ပါတယ် ဆိုတဲ့ ပါမောက္ခ ကတော်ကြီး ကို ကြည့်လိုမြင်လိုတဲ့ စိတ်နဲ့ အကွက်ပေါ်တုန်း သွားတာဖြစ်ပါတယ်၊ ဟုတ်ပါတယ်၊ သူ့ကိုကျွန်တော်က သွေးဆောင်တယ်ဆိုတာလဲ အမှန်ပါပဲ။
"ဒါပေမယ့် အဲဒီအဆင့် လောက်မှာပဲ ကျွန်တော်ကို သတ်ထားပါတယ်"
ရော့လဂ္ဂလာ က သက်သေ စာပွဲမှနေ၍ အကျယ်ကြီးအော်ပြောသည်။
"ကျောင်းသူကျောင်းသား နှစ်ထောင်လောက် နေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော် ပြဿနာအဖြစ် မခံနိုင် ပါဘူး"
သို့သော်လည်း နန်စီနှင့်အထိုက်အလျောက် ဇာတ်ရှုပ်ခဲ့ကြောင်းကိုတော့ သူဝန်ခံလိုက်ရလေ သည်။
အစိုးရ ၏ ခရိုင်နေ့က သူ့ကိုရွံ့ရှာမုန်းတီးစွာ လှမ်းကြည့်နေခဲ့သည်။
ထို့နောက် ကူးပါးစ်တောင်းမှာနေတုန်းက လင်ရှိမယားတစ်ယောက်နှင့် ရော့လဂ္ဂက ရှုပ်သဖြင့် ပြဿနာ ဖြစ်ခဲ့ရသည့် အထောက်အထား များကို ရုံးတော် ကို တင်ပြလေသည်။
ခရိုင်ရှေ့နေ က ဆက်ပြောသည်။
"ရော့လဂ္ဂလာဟာ အင်မတန် မိန်းမရှုပ်သူ ဖြစ်ပါတယ်ရိုးရိုးသားသား ကူညီတဲ့စိတ်နဲ့၊ ပါမောက္ခရဲ့ အိမ်ကို သွားတာမဟုတ်ပါဘူး သိပ်ကိုချောမောလှပပါတယ်လို့ သူကြားဖူးနေတဲ့ ပါမောက္ခကတော် ကိုကြည့်ဂှု့ အကဲခတ်ဖို့ သွားခဲ့တာပါ သူ့ပိုက်ကွန်ထဲကို ရောက်လာအောင် မိန်းကလေးကို သိမ်း သွင်းပါတယ်၊ သူ မျှော်မှန်း ထားတာထက် ပိုလွယ်နေတာကို တွေ့ရပါတယ်"
"ဂျူရီအဖွဲ့ဝင် ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျာ၊ နန်စီဟာမွန်ရဲ့ ကလေးတွေ ကိုသတ်ပစ် တဲ့ အထဲမှာ ရော့လဂ္ဂဟာ ပါဝင်ပတ်သက်နေပါတယ်လို့ ကျွန်တော်တင်ပြနေတာ မဟုတ် ပါဘူး၊ ဥပဒေကြောင်း အရလဲ ဘယ်လိုမှမပေါ်ပေါက်ပါဘူး၊ ဒါပေမယ့် ကိုယ်ကျင့်တရားရာ အရတော့ သူ့မှာ အပြစ်ရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။"
"စိတ်ဓာတ်ရေးရာအရ အားနည်းနေတဲ့ ကျန်းမာရေးနဲ့လဲ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက် ကို သူ သွေးဆောင် ခဲ့ပါတယ်၊ နှောင်ကြိုးတွေထဲက ရုတ်ထွက်ဖြစ်အောင် ဖြားယောင်းခဲ့ပါတယ်၊ သူ့ကလေး တွေကို သူပြန်သတ်ပစ်အောင် သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်တွန်းခဲ့ပါတယ် ရော့လဂ္ဂလာ ရဲ့သွေးဆောင်မှု၊ ဖြားယောင်းမှု၊ သွယ်ဝိုက်တိုက်တွန်းမှုတွေကြောင့် နန်စီဟာမွန်ဟာ သူ့ကလေး တွေကို သူပြန်သတ်မိ သွားတာဖြစ်ပါတယ်၊ အနှောင်အဖွဲ့ထဲကလွတ်မြောက်လိုတဲ့ အတွက်သတ် ဖြတ်လိုက်တာ ဖြစ်ပါတယ်"
"နန်စီဟာမွန်ကို အဆိပ်ဓာတ်ငွေ့ခန်းထဲထည့်ပြီး ကွပ်မျက်ဖို့ စိရင်ချက်ချမှတ်ပြီးနောက် ပါမေက္ခ ကားလ်ဟာမွန်က သူ့ကိုယ်သူ သတ်သေသွားလေသည်"
သူ့ ကလေးတစ်ယောက် ၏ အလောင်းပြန်တွေ့ရသော ပင်လယ်ကမ်းခြေသို့ သူ့မော်တော်ကား ကိုကိုယ်တိုင် မောင်းသွားသည်။
ထို ကမ်းခြေ မှာ သူ့မော်တော်ကားကို ထားပစ်ခဲ့သည်။
ကားလက်ကိုင်တွင် စာတစ်စောင်ညှပ်ထားခဲ့သည်။
ဖြစ်ခဲ့ရသမျှ အရာရာတို့သည် သူ့အပြစ်ချည်းသာဖြစ်ကြေင်း၊ သူ့မိန်းမ အဘယ်မျှ မကျန်းမမာ ဖြစ် နေသည် ကို သူသဘောပေါက်နားလည်ခဲ့ဖို့ ကောင်းကြောင်း၊ ကလေးများကို သူ့မိန်းမ၏ ရင်ခွင်ထဲမှ သူအရ ယူခဲ့ဖို့ ကောင်းကြောင်း ကလေးများသေဆုံးခဲ့ရမှုနှင့် နန်စီလူသတ်မှု ကျူးလွန် ခြင်းအားလုံး သူ့ တာဝန် သာ ဖြစ်ကြောင်း ရေသားထားသည်။
ထို့နောက် ဆက်လက်၍……..
"ကျွနုပ်သည် နန်စီကိုအသည်ခိုက်အောင် ချစ်မိပါသည်၊ ထို့ကြောင့်သူ၏ စိတ်ရောဂါကို ပျောက် ကင်းအောင် ကုစား နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ပါသည်၊ သူ့အမေသေဆုံးရသောကြေင့် စိတ်ထိခိုက် နေရခြင်း ကိုသားသမီးများမွေးဖွားခြင်း အားဖြင့် ပျောက်ကင်းစေလိမ့်မည်ဟု လဲ ထင်မှတ် ခဲ့ပါသည်။ သို့သော် လဲ ကျွန်ုပ်အမှားကြီးမှားခဲ့ပါပြီ၊ ကျွနုပ်စွမ်းဆောင်နိုင်သည်ထက် ပို၍လုပ်ဆောင် မိခဲ့ပါပြီ၊ ခွင့်လွတ်ပါ နန်စီ"
ဟူ၍လည်းရေးသားထားလေသည်။
နန်စီအပေါ်ချမှတ်ထားသည့် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်သည်တွင် မည်သူကမှ ကျောင်းချီးသြဘာမပေးကြပါ။ နန်စီမှာ အပြစ်ရှိကြောင်း အားလုံးကစိုက်လိုက် မတ်တတ်ယုံကြည်နေ ကြသော ကြောင့်ဖြစ်လေသည်။
သို့သော်လည်း ရော့လဂ္ဂလာ ဘွဲ့ရပြီး စစ်မှုထမ်း ဥပဒေအရ စစ်ထဲဝင်ရန်နှင့် ဗီယက်နမ် စစ်မြေ ပြင်သို့ ပို့ကြောင်း အမိန့်ထွက်လာသောကြေင့် အမှုအခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်သွားတော့ သည်။
ပြစ်ဒဏ် ကို ဆိုင်းငံ့ပြီး နန်စီ ကို အကျဉ်းထောင်မှ လွတ်လိုက်သည်။
သို့သော်လည်း ရော့လဂ္ဂကို ပြန်လည်စစ်ဆေးနိုင်သည့် အချိန်တွင် ဤအမှုကို ရုံးသို့ ပြန်တင်မည် ဖြစ်ကြောင်းပါ အမိန့်ချမှတ်သည်။
ကနေဒါနိုင်ငံ တွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည့်ကာလအတွင်း ရော့သည် ထို အမှု့အကြောင်း ကို မကြာခဏ စဉ်းစားမိလေသည်။
ထို့သို့ စဉ်းစားမိတိုင်း သူ့စိတ်ထဲမှာ တစ်စုံတစ်ခုက အနှောင့်အယှက် ပေးသလို ဖြစ်နေသည်။
ဘာကြောင့် ထိုသို့ခံစားနေရသည်ကို ရေရေရာရာမသိ။
နန်စီ သည် ရုံးတော်တွေင် အသက်ကင်းမဲ့သည့်အရုပ်တစ်ရုပ်လို ထိုင်နေခဲ့သည်။
မေးသမျှ ခေါင်းညိတ်ခဲ့သည်။
သူ့အပေါ် စွပ်စွဲသမျှကို ၀န်ခံခဲ့သည်။
ဘာကြောင့်လဲ။
ကားလ်ဟာမွန် ကလည်း သူ့ကိုလုံးဝမကူညီခဲ့။
နန်စီ လွတ်ရာလွတ်ကြောင်းကို အထောက်အကူ မပြုခဲ့။
နန်စီ သည် သားသမီးများ အပေါ်၍ မိခင်ကောင်း တစ်ယောက်ဖြစ်ကြောင်လောက်မှ မထွက်ဆိုခဲ့။
ကနေဒါနိုင်ငံတွင် သလိုအမေရိကန် စစ်ပြေးများသွားစုမိနေကြသည်။
ထိုအသိုင်းအ၀ိုင်းတွင် ရော့လဂ္ဂလာသည် အထိုက်အလျှောက်ထင်ပေါ်ကျော်ကြားသူ ဖြစ်နေသည်။
သူ ရင်ဆိုင်ခဲ့ရသည့်အမှုကို လူသိများသောကြောင့် ဖြစ်သည်။
သူကလည်း သူ့အမှုအကြောင်းကို ပြန်ပြေပြတတ်သည်။
အများစိတ်ဝင်စားကြသည်မှာ နန်စီဖြစ်သည်။ သူ့ကိုဝိုင်းမေးကြသည်။
သူ့လည်း နန်စီအဘယ်မျှ ချောမောလှပကြောင်းနှင့် သူတို့နှစ်ယောက် ဘယ်အခြေသို့ ဆိုက်ရောက် ခဲ့ကြောင်း များကို ပြန်ပြောပြတတ်သည်။
သူဖြတ်သိမ်းထားသည့် သတင်းစားထဲက နန်စီ၏ ဓာတ်ပုံများကို ထုတ်ပြသည်။
နန်စီ မှာ ငွေကြေးအထိုက်အလျောက်ရှိကြောင်း၊ သူတို့အမှုစစ်နေဆဲကာလမှာပင် သူ့မိဘများ ကျန်ရစ် ခဲ့သည့် အမွေများကို ရရှိကြောင်း၊ ဒေါလာတစ်သိန်းခွဲ နှစ်သိန်းလောက်ရှိကြောင်း၊ နန်စီ နှင့် တွေ့ခွင့်ရမည်ဆိုလျှင် ငွေအနည်းအကျဉ်းရအောင် ဖန်းတီးနိုင်မည် ဖြစ်ကြောင်း၊ ထိုငွေနှင့် အာဂျစ်တီးနား နိုင်ငံ သို့ တိမ်းရှောင်သွားနိုင်မည်ဖြစ်ကြောင်းများကိုလည်း သူ့အပေါင်းအသင်းများ အားပြောပြ တတ် လေသည်။
ထို့နောက် သူ့မှာ အခွင့်အလမ်း တစ်ခုပေါ်လာသည်။
သူတို့အမှုအကြောင်းကို ကောင်းစွာသိသော သူ့အပေါင်းအသင်းများထဲမှ ဂျင်အဲလစ်သည် ကင်ဆာရောဂါ ဖြစ်နေသည့် သူ့အမေ ကို တွေ့ရန် အမေရိကန်နိုင်ငံထဲသို့ တိတ်တိတ်ခိုး ၀င်ခဲ့သည်။
သူ့အမေက ဘော့စ်တွန်မြို့မှာ နေသည်။
သို့သော်လည်း ထိုအိမ်သို့ တိုက်ရိုက်သွားတွေ့၍ မဖြစ်။ အက်ဖက်ဘီအိုင် က သူ့အိမ်ကို စောင့် ကြည့် နေသည်။
ထို့ကြောင့် ဂျင် ၏ အမေက ကိပ်ကော့မြို့မောရှော့ကန်အနီးတွင် အိမ်တစ်အိမ်ငှားပြီး သူ့သားနှင့် တွေ့ သည်။
ကနေဒါနိုင်ငံ သို့ ဂျင်ပြန်ရောက်လာသောအခါ သူနှင့်အတူ သတင်းတွေ တစ်ထမ်းကြီး ပါလာသည်။
နန်စီဟာမွန် ကို မည်သည့်နေရာတွင် တွေ့နိုင်ကြောင်းပြေပြမည်ဆိုလျှင် သူ့ကိုပိုက်ဆံ ဘယ်လောက် ပေးမည်နည်း ဟု ဂျင်က ရော့ကိုမေးသည်။
ပင်လယ်ကမ်းခြေတစ်နေရာ တွင် အမှတ်မဲ့ရိုက်ယူလာသောနန်စီ၏ ဓာတ်ပုံကိုမမြင်မချင် ရော့မှာ မယုံကြည် နိုင်အောင်ဖြစ်နေသည်။
နန်စီ ၏ ဓာတ်ပုံ ကို ဂျင်က ထုတ်ပြသည်။
မမှားနိုင်ပါ။
နန်စီမှ နန်စီအစစ်ဖြစ်သည်။
ရော့ယုံကြည်သွားသည်။
ဂျင်သည် ဓာတ်ပုံရိုက်ယူလာရုံသာမက လိုအပ်သည့်စုံစမ်းမှုများကိုလည်း ပြုလုပ်ခဲ့သေးသည်။
နန်စီ ၏ ယောက်ျားသည် အထိုက်အလျောက် အောင်မြင်သည့် စီးပွားရေးသမားဖြစ်နေကြောင်းများ ပါ ဂျင် ကပြောသည်။
သူတို့နှစ်ယောက် သဘောတူညီချက်တစ်ခုကို အလျင်အမြန် ပြုလုပ်လိုက်ကြသည်။
ရော့ က နန်စီကိုသွားတွေ့မည်။
သူ့ကိုဒေါ်လာငါးသောင်းပေးမည်ဆိုလျှင် အာဂျင်တီးနား နိုင်ငံမှာ သွားရောက်အခြေချ နေထိုင် တော့မည် ဖြစ်ကြောင်း၊ အမှုပြန်လည်စစ်ဆေးမည်ကို စိုးရိမ်စရာမလိုတော့ ကြောင်းပြေပြမည်။
ထို အစီအစဉ် ကို နန်စီအကြွင်းမဲ့သဘောတူလက်ခံမည် ဖြစ်ကြောင်း ရော့ကစိတ်ချသည်။
အဘယ်ကြောင့် ဆိုသော် နန်စီသည် နောက်အိမ်ထောင်ထားပြီး၊ နောက်ထပ်လည်း သားသမီးများ ရရှိနေပြီ၊ အထူးသဖြင့် ထိုသို့အခြေအနေမျိုးတွင် သေဒဏ်ထပ်မံစီရင်ခြင်းပြုနိုင်သည့် လူသတ်မှု ကြီးကို မည်သည့် နည်း နှင့်မှ ပြန်လည်ရင်ဆိုင်ချင်မည်မဟုတ်ပေ။
အမှုပြန်လည်စစ်ဆေးရေးအတွက် လုံးဝမစိုးရိမ်မကြောင့်ကြရတော့သည့် ဘ၀မျိုးကို ရရန်ငွေး ငါးသောင်းဆိုးသည်မှာ အလွန်ဈေးချိုသည်ဟုဆိုနိုင်ပါသည်။
ဂျင်က ရော့်ရမည့်ငွေထဲမှ သူ့ကိုရာခိုင်နှုန်းနှစ်ဆယ်ပေးရမည်ဟု တောင်းသည်။
နန်စီနှင့် ရော့ သွားနေနေဆဲတွင် ဂျင်က အာဂျင်တီးနားနိုင်ငံသို့ ရော့သွားနိုင်ရန် နိုင်ငံကူးလတ် မှတ်အတု များ၊ ခရီးသွားလက်မှတ်များကို စီင်္စဉ်ဖန်တီးပေးထားမည်။
အစီအစဥ်များ ကို သူတို့အထူးဂရုစိုက်ပြီး ရေးဆွဲကြသည်။
ကနေဒါနိုင်ငံတွင် ကျောင်းလာနေသည့် အမေရိကန်လူငယ် တစ်ယောက်ထံမှ မော်တော် ကားကို ရော့ က ရအောင် ငှားလိုက်နိုင်သည်။
မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးနှင့် ဆံပင်များကို ရိတ်ပစ်လိုက်သည်။
လမ်းသရဲ ပုံပေါက်နေသူများနောက်သို့ ရဲက တကောက်ကောင်လိုက်တတ်ကြောင်း ဂျင်ကသတိ ပေး သောကြောင့်ဖြစ်သည်။
နန်စီ ရှိနေသည့် ကိပ်ကော့ သို့တိုက်ရိုက်မောင်းဝင်သွားရန် ရော့ကဆုံးဖြတ်သည်။
အမေရိကန်ပြည်ထောင်စုထဲမှာ အချိန်အနည်းဆုံးနေခြင်းသည် အဖမ်းခံရဖို့ အခွင့်အရေး အနည်းဆုံး ဖြစ်ကြောင်း သူ သပေါက်သည်။
ကိပ်ကော့သို့ မနက်စောစော ရောက်သွားဖို့ အချိန်ကိုက်ထားသည်။
နန်စီ ၏ ယောက်ျားသည် မနက်ကိုးနာရီခွဲတိုင် ရုံးဖွင့်လေ့ရှိကြောင်းကို ဂျင်က စုံစမ်းသိရှိခဲ့ရ သောကြောင့် ဖြစ်သည်။
နန်စီ ၏ အိမ်သို့ ဆယ်နာရီလောက် အရောက်သွားရမည်။
ထိုပတ်ဝန်းကျင်၏လမ်းများ၊ အနေအထားများနှင့် သစ်တောထဲမှာရှိသည့်လမ်းကိုပါ ဂျင်က မြေပုံ ဆွဲ ပေးသည်။
သစ်တောထဲမှာ မော်တော်ကားကိုဝှက်ထားနိုင်သည်။
ကိပ်ကော့နယ်မြေထဲသို့ သူဝင်လာသောအခါ သူကကားထဲမှာ ဆီနည်းနေပြီ။
ထို့ကြောင့် ဟိုင်ယန်းနှစ်ရှိ ဆီဆိုင် တစ်ဆိုင်တွင် ဆီဝင်ဖြည့်သည်။ ကိပ်ကော့တွင် ဆယ့်နှစ်ရာ သီပတ်လုံး ခရီးသွား များနှင့်ပြည့်နေတတ်သဖြင့် မည်သူကမှ သတိထားကြည့်နေမည်မဟုတ် ကြောင်း ဂျင်က ပြော လိုက်သော ကြောင့်လည်း သူရဲရဲတင်းတင်း ဆီဝင်ဖြည့်ခြင်းဖြစ်လေသည်။
သူလာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် အကြီးအကျယ်စိတ်လှုပ်ရှားခဲ့ရသည်။
နန်စီတစ်ယောက်တည်းကို တွေ့ပြီးစည်းကမ်းချက်များ ပြောပြကာ လိုသည့်ငွေကို တောင်းရမည်လား။
သို့တည်း မဟုတ် လင်မယားနှစ်ယောက်စလုံးကို တစ်ပြိုင်တည်း တွေ့ပြီးမှ တောင်းရမလား၊ မဝေခွဲ နိုင်လောင်အောင် ဖြစ်ခဲ့သည်။
လင်ရောမယားပါ တွေ့ပြီး ငွေညှစ် ဖို့ စိတ်ကူးကို စွန်ပစ်လိုက်သည်။
နန်စီယောက်ျား က ရဲကိုလှမ်းခေါ်လျှင် မည်သို့လုပ်မည်နည်း။
သူ့မှာ စစ်ပြေးမှုကြီးကလည်း တန်းလန်းရှိနေသေးသည်။
ထိုနည်ည်း မဖြစ်နိုင်ပါ။
နန်စီတစ်ယောက်တည်းကိုသာ တိုက်ရိုက်တွေ့ပြီးတိုက်ရိုက်ပြောရမည်။
တရားခံ နေရာ တွင် ထိုင်ပြီး တရားလိုရှေ့နေ မေးသမျှဖြေခဲ့သည့် အဖြစ်ကို နန်စီမေ့ပျောက် နိုင်ဦး မည် မဟုတ်ပါ။
ဆီဆိုင်မှ အလုပ်သမားက ဖော်ရွေလွန်းလှသည်။
လိုအပ်သည်ထက် လည်း ပို၍ အကူအညီပေးသည်။
ကားတစ်စီးလုံး ကို စစ်ဆေးပေးသည်။
မှန်အားလုံး ကို တိုက်ချွတ်ပေးသည်။
မခိုင်းရဘဲ ဘီးများကို လေဖြည့်ပေးသည်။
ထို့ကြောင့်လည်း ရော့ကအာချောင် လိုက်မိခြင်းဖြစ်လေသည်။
ကျင့်သင့်ငွေရှင်းတော့ ကိပ်ကော့သို့ အပျော်ထမ်းငါးမျှားဖို့လာတာလားဟု အလုပ်သမားက မေးသည်။
"မဟုတ်ဘူးကွ၊ ငါ့ကိုတွေ့ရင် အတော်ကြီး စိတ်ပျက်သွားမည့် ရည်းစားဟောင်းနဲ့ တွေ့ဖို့ လာတာ"
ပြောလိုက်မိပြီး မှ မှားကြောင်းသိကာ သူ့ကိုယ်သူ ပြန်ကျန်ဆဲမိသည်။
မလှမ်းမကမ်း ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် နံနက်စာဝင်စားသည်။
ဆယ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလိုတွင် စားသောက်ဆိုင်မှ ကားမောင်းထွက်ခဲ့သည်။
ဖြည်းဖြည်း မောင်းသည်။ ပတ်ဝန်းကျင်ကိုကြည့်သည်။
ဂျင် ဆွဲ ပေးလိုက်သည့် မြေပုံနှင့် တိုက်ဆိုင်ကြည့်သည်။
နန်စီ အိမ်နောက်ဘက် ရှိ မြေလမ်းကလေးကို သူမျက်စိလျှမ်းသွားတော့မလို ဖြစ်သွားသည်။
ဖို့စတေရှင်ဝက်ဂွန်း ကားတစ်စီးမောင်းထွက်လာသည်ကို မြင်ရတော့မှ ထုမြေလမ်း ကလေးကို သူ သတိထား မိသည်။
စတေရှင် ၀က်ဂွန်းကားမောင်းထွက်လာသည့် မြေလမ်းကလေးမှာ သူ့မော်တော်ကားကိုရပ်သည်။
ပြီးတော့နန်စီတို့ အိမ်တောက်ဖေး တံခါးဆီသို့ သူစတင် လမ်းလျှောက်သွားသည်။
ထိုအချိန် ကလေးမှာပင် နန်စီ သည် ထိုနောက်ဖေးတံခါးပေါက်မှနေ၍ အရူးမတစ်ယောက်လို ပြေးထွက် လာသည်ကို မြင်လိုက်ရခြင်းဖြစ်လေသည်။
ပီတာနှင့်လီဇာ တို့၏ နာမည်များကိုလည်း တကြော်ကြော် အော်ခေါ်လာသည်။
သေဆုံးခဲ့ပြီဖြစ်သော ကလေးနှစ်ယောက်ဖြစ်သည်။
နန်စီ က တောအုပ် အတွင်းဝင်ကာ ရေကန်ကြီးရှိရာဆီသို့ ပြေူးသည်။
ရော့က နောက်မှလိုက်ကြည့်သည်။
နန်စီ က ရေထဲသို့ ခုန်ဆင်းသွားသည်။
ရော့က နန်စီ့နောက်မှ ရေထဲသို့လိုက်ခုန်ဆင်းရန် ဟန်အပြင်လိုက်တွင် ကုန်းပေါ်သို့ နန်စီပြန် တတ် လာသည်။
ပြီးတော့ သောင်ပြင်ပေါ်မှာ လဲကျသွားသည်။
ရော့ က နန်စီကို တောစပ်မှ နေ၍ လှမ်းကြည့်နေသည်။
မိမိတည့်တည့် ကို နန်စီလှမ်းကြည့်နေကြောင်း ရော့်သိသည်။
သို့သော်လည်း နန်စီမြင်မမြင်တော့ တပ်အပ်သေချာမပြောနိုင်ပါ။
သည်နေရာ မှ အမြန်ဆုံး ထွက်ခဲ့သွားဖို့တော့ သူသိသည်။
ဘာတွေ ဖြစ်နေကြောင်း သူမသိပါ။ သို့သော်လည်း သူတို့ပြဿနာထဲတွင် သူပါဝင် ပတ်သက်လို ခြင်း မရှိပါ။
ကားပေါ်ပြန်တက်သည်။
သူ့စိတ် ကို သူထိန်းသည်။
နန်စီ အရက်မူး နေတာလဲ ဖြစ်နိုင်သည်ဟု တွေးသည်။ သေဆုံးသွားပြီ ဖြစ်သော ကလေးများ၏ နာမည်ကို သူ တကြော်ကြော် အော်ခေါ်နေသည်။
ထို့ကြောင့် ထိုကလေးများ ကိစ္စနှင့်ပတ်သက်၍ ပြန်လည် စစ်ဆေးခြင်း မခံရအောင် မိမိ လုပ်ပေး နိုင်ကြောင်း ပြောလျှင် အလွယ်တကူ လက်ခံနိုင်မည့် အနေအထားမှာ ရှိကြောင်း သူသဘောပေါက် သည်။
နောက်တစ်နေ့တွင် နန်စီ နှင့် ထပ်တွေ့နိုင်အောင် ကြိုးစားဖို့ တည်ခိုးခန်း တစ်ခုခုတွင် ၀င်တည်း ဖို့ သူဆုံးဖြတ် လိုက်သည်။
တည်းခိုခန်းရောက်တော့ အိပ်ရာပေါ်တတ်လှဲသည်။
ချက်ချင်း သူအိပ်ပျော်သွားသည်။
မွန်းလွဲပိုင်းကျမှ အိပ်ရာကနိုးသည်။
သတင်းလာချိန်ဖြစ်သောကြောင့် ရုပ်မြင်သံကြားခလုတ်ကို ဖွင့်လိုက်သည်။
တီဗွီ မှန်သားပြင် ပေါ် တွင် သူ့မျက်နှာကြီးပေါ်နေသေည်ကို ဆိုဆိုမြိုက်မြိုက် တွေ့ရလေတော့ သည်။
နန်စီဟာမွန် ၏ ကလေးများသတ်မှုတွင် အဓိကသက်သေဖြစ်ပြီး ပျောက်ဆုံးနေသူ ဖြစ်ကြောင်း သတင်း ကြေညာ သူက ကြေညာနေသည်။
ရော့ မှာ အသက်ရှူရပ်မလို ဖြစ်သွားသည်။
သတင်းကြေညာသူက နန်စီအဲလ်ဒရက်ခ်ျ၏ ကလေးများပျောက်ဆုံးသွားသည့် အကြောင်းကို နောက်ကြောင်း ပြန်ကြေညာပေးနေသည်။
သူ့တစ်သက်တွင် ချောင်ပိတ်မိသည်ဟု ပထမဆုံးအကြိမ် အဖြစ် ခံစားလိုက်ရလေသည်။
တီဗွီ က ဖော်ပြသော သူ့ရုပ်သည် ယခုမုတ်ဆိတ်မွေးများရိတ်ပြီး ဆံပင်တိုထားသည့်ပုံနှင့် တစ်ပုံစံ တည်း ဖြစ်နေ လေတော့။
နန်စီအဲဒရက်ခ်ျသည် နောက်အိမ်ထောင်နှင့် ရသည့်ကလေးများ ကတယ်ပဲသတ်ပစ်လိုက်သည် ဆိုပါက ယခင် ကလေးများ အသတ်ခံရမှုတွင် ရော့ပါဝင်ပတ်သက်ခြင်းမရှိ ဆိုသည်ကို မည်သူက ယုံကြည်နိုင် တော့မည်နည်း်။
သူမရောက်မီအချိန် ကလေးမှာတင် ကလေးနှစ်ယောက်ပျောက်ဆုံးသွားခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် သူရောက်သွားသည့်အချိန်တွင် နန်စီအော်ဟစ်ငိုယိုပြီး အရူးမတစ်ယောက်လို ပြေးထွက် လာခြင်း ဖြစ်ရပေမည်။
မြေလမ်း ကလေးအတိုင်း မောင်းထွက်လာသည့် စတေရှင်ဝက်ဂွန်းကားလေးအကြောင်းကို သူပြန်စဉ်း စား ကြည့်သည်။
ထိုကား ၏ လိုင်စင်နံပါတ်သည် မက်ဆာချူးဆက်ပြည်နယ် နံပါတ်ဖြစ်သည်။
ရှေ့ဆုံး ကဏာန်း နှစ်လုံးက ၈-နှင့် ၆-ဖြစ်သည်။
ကားမောင်းသွား သူက ကိုယ်လုံးကိုယ်ထည် ထွားထွား ကျိုင်းကျိုင်းဖြစ်သည်။
သို့သော်လည်း ထိုအကြောင်းကို သူဘယ်လိုမှဖွင့်ဟ အစစ်ခံ၍မဖြစ်နိုင်ပါ။ ယုစွအဆုံးသူ့ကို ဖမ်းမိ သွားသည့် တိုင်အောင် ထိုအကြောင်းပြော၍မဖြစ်ပါ.
ယနေ့မနက်ပိုင်းဆယ်နာရီဝန်းကျင်တွင် နန်စီအဲလ်ဒရက် တို့ အိမ်အနီးသို့ သူရောက်သွားသည့် အကြောင်း လူသိခံ၍ မဖြစ်ပါ။ ထုတ်ဖော်ဝန်ခံ၍ ဘယ်နည်းနှင့်မဖြစ်နိုင်ပါ။
အမှန် အတိုင်း သူထုတ်ဖော်ပြောသော်လည်း မည်သူက ယုံမည်နည်း။
ကိပ်ကော့ နယ်မြေ ထဲ မှာ အမြန်ဆုံးထွက်ခွာသွားဖို့ သူ့စိတ်ကသူ့ကို ပြန်နှိုးဆော်နေသည်။
နောက်ပြီးတော့ သူစီးလာသည့် အနီရောင် ဒေါ့ခ်ျကားကိုလည်း ဆက်မောင်းသွား၍မဖြစ်နိုင် တော့ပါ။ ထိုကားကို ရဲ များက ကျီးကန်းတောင်းမှောက် ရှာဖွေနေကြပေတော့မည်။
ထိုအကြောင်းများ ကိုလည်း စိတ်ထဲမှာ အလိုလိုသိနေသည်။
လက်ဆွဲအိတ် ကို ဆွဲပြီးတည်းခိုခန်း နောက်ဖေးပေါက်မှ သူထွက်ခဲ့သည်။
ကားရုံထဲရှိ သူ့မော်တော်ကားဘေးမှာ ဗောက်စ်ဝက်ဂွန်ကားတစ်စီးရပ်ထားသည်။ ထိုကားပေါ်မှာ စုံတွဲတစ်တွဲ ဆင်းသွားကြောင်းကို စောစောတုန်းက ပြတင်းပေါက် မှ တစ်ဆင့်သူလှမ်းမြင်လိုက် သည်။ ရုပ်မြင် သံကြား ခလုတ်ကို သူမဖွင့်မီ ထိုစုံတွဲက စားသောက်ခန်းဆီသို့ ၀င်သွားကြသည်ကို သတိထား လိုက်မိသည်။
သူအဆုံးအဖြတ် မှန်မည်ဆိုလျှင်အခွင့်အရေး များကသူ့ဘက်သို့ ရောက်လာနေပြန်ပါသည်။
ကားပေါ်က စုံတွဲသည် စားသောက်ခန်းထဲမှာ အနည်းဆုံး နှစ်နာရီလော်ကတော့ အချိန်ဖြုန်း ပေ လိမ့်မည်။ မိုးသီး များ ဒါလောက်တောင် ကြေါနေရာ အပြင်မှာ အခြားမည်သူမှမရှိနိုင်ပေ။
ရော့ ဗောက်စ်ဝက်ဂွန် ကားအင်ဂျင်ဖုံးကို ဖွင့်သည်။ ၀ိုင်ယာကြိုး နှစ်ချောင်းကိုပူးသည်။ ပြီးတော့ စက်နှိုးပြီး မောင်းထွက်ခဲ့သည်။
အမှတ်-၆(က) လမ်းမကြီးအတိုင်း တံတားဆီသို့ ဦးတည်မောင်းဖို့ သူစိတ်ကူးသည်။ ကံကောင်း ထောက်မမည ဆိုလျှင် နာရီဝက်အတွင်း ကိပ်ကော့်နယ် အပြင်ဘက်သို့ သူရောက်သွားနိုင်သည်။
နောက် ခြောက်မိနစ်ကြာတော့ မီးပွိုင့်တစ်ခု၏ မီးနိကို သူဖြတ်မောင်းလိုက်မိသည်။
နောက်စက္ကန့်သုံးဆယ်ကြာသောအခါ အချက်ပြမီးနီဖွင့်ပြီး ရဲကားတစ်စီး သူ့နောက်သို့ မောင်း လိုက် လာကြောင်း နောက်ကြည့်မှန်ထဲမှာ မြင်နေရည်။
ရဲကားလိုက်ခြင်းကို ခံရပေပြီ။
အဖမ်းခံလိုက်ရလျှင် ကောင်းမည်လားဟု သူစဉ်းစားသေးသည်။ ထိုအတွေးကို ချက်ချင်းပျယ်ထုတ် ပစ်လိုက် သည်။
လမ်းကွေ့တစ်ခုသို့ ရောက်သောအခါ ဘေးတံခါးကို အသာဖွင့်သည်။ လက်ဆွဲအိတ်ကို လီဗာပေါ်မှာ ဖိ တင်သည်။ ပြီးတော့ အပြင်သို့ သူခုန်ချလိုက်လေသည်။
တောထဲသို့ သူပြေးဝင်ခဲ့သည်။
ရဲကား ကတော့ ဥသြရှည်ဆွဲကာ သူ့ကားနောက်သို့ မောင်းလိုက်သွားလေသည်။
သူ မောင်းလွှတ်လိုက်သော ဗောက်စ်ဝက်ဂွန်ကားသည် ကုန်းဆင်းအတိုင်း ပြေးဆင်းသွားသေည်။
အခန်း (၁၉) ဆက်ရန်
.
2 comments:
အာယိုယို့ ..... အရမ်းကိုကောင်းနေပြီဗျို့ ခုချက်ချင်းကိုပြေးဝယ်ပြီး တထိုင်တည်း ဖတ်လိုက်ချင်ပြီနော် :(
ဇာတ်ရှိန်ကလေးတက်လာချိန် ဆက်ရန်ပေါ်လာတယ်း))
ကျေးဇူးပါ ညီမရေ။ စောင့်မျှော်လျက်ပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment