အခန်း (၈)
လှုပ်ရှားမှုတွေ… လှုပ်ရှားမှုတွေ… ပဒူအုံကို တုတ်နှင့်ထိုးလိုက်သည့်အခါ ဖြစ်ပေါ်လာတတ်သော လှုပ်ရှားမှု မျိုး တွေ…
ပရွက်ဆိတ်တွေလို ရွစိရွစိ ဖြစ်နေသည်။
နန်စီ၏ အိမ်ပတ်လည် မှာ၊ ခြံဝင်းအတွင်းမှာ ၀ုန်းဒိုင်းကြဲ လှုပ်ရှားနေကြသည်။
စိုးရိမ်စိတ် ကြောင့် သူ ဂနာမငြိမ်နိုင်အောင် ဖြစ်နေသည်။
နှုတ်ခမ်း ကို လျှာဖြင့် သိမ်းလိုက်သည်။ အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း အားလုံးခြောက်သယောင်း နေ သည်။
လက်ဖ၀ါး များ၊ ခြေဖ၀ါးများ၊ ချိုင်းကြားနှင့် ပေါင်ကြားပါမကျန် ဇောချွေးတွေ ရွှဲချင်တိုင်း ရွှဲနေသည့် အချိန် တွင် နှုတ်ခမ်းများက ခြောက်သယောင်းလွန်းလှသည်။
ခေါင်း မှ ချွေးများဆိုလျှင် ကုပ်သားမှ တစ်ဆင့် ကျောပေါ်သို့ တောင်ကျရေလို စီးကျနေသည်။
သို့သော် နှုတ်ခမ်းများကတော့ ခြောက်နိုင်လွန်းလှသည်။
ကြီးမားလှသော သူ၏အိမ်ကြီး သို့ ပြန်ရောက်သည်နှင့် အချိန်ဆိုင်းမနေတော့ဘဲ ကလေးများကို အဝေးကြည့် မှန်ပြောင်း ဆင်ထားရာ အပေါ်ထပ်သို့ တင်လာခဲ့သည်။
ကလေးများ ကို မျက်ခြည်မပြတ် စောင့်ကြည့်နေနိုင်မည်။ အိပ်ဆေးပြယ်ပြီး သူတို့ နိုးလာသောအခါ သူတို့ နှင့် စကားပြောနိုင်မည်။ သူတို့ကို ကိုင်တွယ်ပွတ်သပ်နိုင်မည်။
အငယ်မလေးကို ရေချိုးပေးနိုင်မည်။ နူးညံ့သောမျက်နှာသုတ်ပ၀ါဖြင့် ရေခြောက်အောင် စိမ်ပြေ နပြေ သုတ်ပေး နိုင်မည်။ ဘေဘီ ပေါင်ဒါ လိမ်းပေးရမည်။
ပြီးတော့ ကလေးလေး ကို နမ်းကြည့်နိုင်မည်။
ကလေးများနှင့်အတူနေဖို့ သူ့မှာ တစ်နေကုန်အချိန်တွေ ရှိနေသည်။
တစ်နေကုန်…
ဒီရေသည် ယနေ့ည ဆယ်နာရီ မထိုးမချင်း တက်လာဦးမည်မဟုတ်။
ဒီရေ တက်လာသည့် အချိန်တွင် ပတ်ဝန်းကျင်သည် မည်းမှောင်နေပေတော့မည်။ သူတို့ ဘာလုပ် နေကြ သည်၊ ဘာဖြစ်နေကြသည်ကို မြင်နိုင်မည့်သူ၊ ကြားနိုင်မည့်သူ အနီးတ၀ိုက်၌ လုံးဝမရှိနိုင်။
ကလေးနှစ်ယောက် ၏ အလောင်းများ ကမ်းပြန်ကပ်ဖို့ ဆိုသည်မှာ ရက်အတော်ကြာ အချိန်ရဦးမည်။
ယခင် အခါတုန်းက အတိုင်းပင် ဖြစ်ပေလိမ့်မည်။
ယခုလောက်ဆိုလျှင် သူတို့အမေကို စစ်ဆေးနေကြပေလိမ့်မည်။
"မင်း သားသမီးတွေကို မင်း ဘာလုပ်ပစ်လိုက်တာလဲ"ဟူသော မေးခွန်းကို သက်ဆိုင်ရာများက မေးမြန်း နေကြ ပေလိမ့်မည်။
ထိုအကြောင်းကို သိသိကြီးနှင့် သည်ကလေးများကို ပွတ်သပ်ကိုင်တွယ်ရမည်ဆိုသည်မှာ အလွန် အရသာ ရှိသော အလုပ်ဖြစ်ပါသည်။
နန်စီ၏ အိမ်နောက်ဖေးဘက်သို့ ရဲကားများ ၀င်လာမစဲဖြစ်နေသည်ကို သူ စောင့်ကြည့်နေသည်။ သို့ သော် လည်း အချို့က အိမ်ထဲ သို့ မ၀င်ဘဲ ကျော်သွားကြသည်။ ရှေ့ဘက်သို့ ကားကို ဆက်မောင်း နေကြသည်။
မောရှော့ကန်ကြီး ဆီသို့ သူုတို့လူတွေ ဒါလောက်များများ ဘာကြောင့်သွားနေကြရပါသနည်း။
သွားရ ပေလိမ့်မည်။
ကလေးများကို ကန်ကြီးဆီသို့ နန်စီ ခေါ်သွားသည်ဟု သူတို့ ထင်နေကြသည်မဟုတ်ပါလား။
မယုံကြည် နိုင်လောက်အောင် သူ စိတ်ချမ်းသာနေသည်။
ဖြစ်ပျက် နေသမျှအားလုံးကို အန္တရာယ်ကင်းကင်းရှင်းရှင်းနှင့် သည်နေရာကထိုင်ပြီး သူ စိတ်အေး လက်အေး ကြည့်နေနိုင်သည်။ ကိုယ့်အိမ် ကိုယ့်ယာထဲမှာ သက်သောင့်သက်သာ ထိုင်ရင်း တစ်ခုမ ကျန် မြင်တွေ့ နေရခြင်းဖြစ်သည်။
နန်စီ ငိုနေသလားဟု သူ စဉ်းစားကြည့်သည်။
ဟိုတစ်ခါ အမှုစစ်တုန်းကတော့ နောက်ဆုံးအချိန်အထိ လုံးဝမငိုဘဲ တင်းခံနိုင်ခဲ့သည်။ ဓာတ်ငွေ့ ခန်းထဲ ထည့်ပြီး အဆုံးစီရင်ရန် တရားသူကြီးက သေဒဏ်ချမှတ်လိုက်တော့မှ သူ ငိုသည်။
ဒါတောင် မျက်နှာ ကို လက်ဝါးနှင့်အုပ်ပြီး ငိုသံမထွက်အောင် ထိန်းခဲ့သေးသည်။
တရားရုံးတော်မှ အမှုထမ်းများက သူ့ကို လက်ထိတ်ခတ်လိုက်သည်။ သူ၏ရှည်လျားသော ရွှေ ရောင် ဆံပင် များ သည် ရှေ့ဘက်သို့ ဖွာရရာပြန့်ကျဲကျနေသည်။ မျက်ရည်ရွှဲနေသော ပါးပြင်များကို ထိုဆံပင်များက လူမမြင် နိုင်အောင် ဖုံးကွယ်ပေးနေကြသည်။
သူ့ကို ရန်လိုစွာဝိုင်းကြည့်နေကြသူများကို ကိုးကွယ်ရာ ကင်းမဲ့စွာဖြင့် သူ ပြန်ကြည့်နေခဲ့သည်။
တက္ကသိုလ်ဝင်း အတွင်းမှာ သည်မိန်းကလေး ဖြတ်လျှောက်လာသည်ကို ပထမဆုံး မြင်ခဲ့ဖူးသည့် အကြောင်း ကို ပြန်သတိရသည်။
မြင်လျှင်မြင်ချင်း သူ့ကို စွဲလမ်းမိခဲ့သည်။
သူ့၏ ရွှေရောင်ဆံပင်များကို လေတိုးနေသည်။ သူ့ပခုံးပေါ်မှာ ၀ဲပျံနေသည်။ လှပသော မျက်နှာ လေးကို ရွှေဘောင်ခတ် ပေးထားသလို ဖြစ်နေသည်။ ရှုမ၀နိုင်သော မြင်ကွင်းဖြစ်သည်။
သူ့ကိုယ်လုံးသည် သေးသေးကလေးဖြစ်သည်။ ရုပ်ရည်ကလည်း ကလေးလေးနှင့်တူသည်။ သွား ကလေး များက ပုလဲလုံးလို ဖြူဖွေးပြီးညီသည်။ အပြာရောင်မျက်လုံးကို ထူထဲနက်မှောင်သော မျက် ခုံးနှင့် ရှည်လျား ကော့ပျံ သည့် မျက်တောင်များက ပတ်လည်မှ ၀ိုင်းဝန်းကာရံပေးထားကြသည်။
ရှိုက်သံ တစ်ချက် သူ ကြားလိုက်ရသည်။
နန်စီလား။
မဟုတ်ပါ။ ကလေးမလေးထံမှ ထွက်ပေါ်လာသော ရှိုက်သံဖြစ်ပါသည်။ နန်စီ၏ သမီး ထံမှ ထွက်ပေါ် လာ သည့် ရှိုက်သံဖြစ်ပါသည်။
အဝေးကြည့် မှန်ပြောင်းဆီ မှ သူ ပြန်လှည့်လိုက်သည်။ ကလေးမလေးကို စိတ်ဆိုးမာန်ဆိုး စိုက် ကြည့်နေမိသည်။
သို့သော်လည်း စိုက်ကြည့်နေရာမှာပင် သူ့အမူအရာပြောင်းသွားသည်။ သူ့မျက်နှာပေါ်မှာ အပြုံး တစ်ခုပေါ်လာသည်။
နဖူးပေါ် မှာ အရစ်ဝိုင်းကလေးတွေ ခပ်ရေးရေးရှိသည်။ နှာခေါင်းသေးသေးကလေးက ဖြောင့်စင်းနေ သည်။ အသားဖြူုသည်။
နန်စီနှင့် ချွတ်စွပ်တူသော သမီးကလေး။
ကလေးက အိပ်ရာမှနိုးစပြုလာရင်း ငိုသည်။ မှန်ပါသည်။ အိပ်ဆေးပြယ်စပြုသည့်အချိန် ဖြစ်ပါ သည်။ သူတို့ နှစ်ယောက် သတိလစ် နေခဲ့ကြသည်မှာ တစ်နာရီနီးပါး ကြာမြင့်သွားချေပြီ။
စိတ်မကောင်းစွာဖြင့် အဝေးကြည့်မှန်ပြောင်းကို သူ ကျောခိုင်းခဲ့သည်။ ကလေးများ ကို အခန်း၏ တစ်ဘက်စွန်း မှာ ရှိသော စိုထိုင်းပြီး ညစ်ပတ်နေသည့် ကွပ်ပျစ်တစ်ခုပေါ်တွင် သူတင်ထားခဲ့မိသည်။
ယခုအခါ တွင် ကလေးမလေးက ကြွက်ကြွက်ညံ့အောင် ငိုနေပြီ။
"မာမီ… မာမီ…"
မျက်လုံးကိုစုံမှိတ်ပြီး တအားအော်ငိုနေသည်။ ပါးစပ်ကို တအားဖြဲထားသည်။ သူ၏လျှာကလေး သည် ပန်းသွေးရောင် ပြေးလွန်းလှလေသည်။ ပါးပြင်နှစ်ဘက်ပေါ်သို့ မျက်ရည်များ စီးကျနေသည်။
သူက ကလေးမလေးကို ဆွဲထူပေးသည်။ အနွေးထည်အင်္ကျီဇစ်ကို ဆွဲဖြုတ်ပေးသည်။ ကလေးမ လေးက နောက်တွန့် သွားသည်။
"တိတ်ပါကွယ်၊ တိတ်ပါ၊ မင်းတို့ဘာမှဖြစ်တာ မဟုတ်ပါဘူး"
ချော့မော့သည့် လေသံဖြင့် သူ ပြောသည်။
ကောင်လေးကပါ နိုးလာသည်။ သူ့မျက်လုံးများသည် အထိတ်တလန့်ဖြစ်နေကြသည်။ သူတို့အိမ် နောက်ဘက်ခြံထဲတွင် သူ့ကိုတွေ့လိုက်စဉ်က ထိတ်လန့်သွားသည့် မျက်လုံးများကို ပြန်မြင်နေရ သည်။
ယခု သူ သတိလစ်နေရာမှ ဖြည်းဖြည်းချင်းထသည်။
"ခင်ဗျား ဘယ်သူလဲ"
သူ မေးသည်။ မျက်လုံးများကို ပွတ်သည်။ ခေါင်းကိုယမ်းသည်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။
"ကျွန်တော်တို့ ဘယ်ကို ရောက်နေတာလဲ"
စကား ကောင်းကောင်း ပီသော ကလေးဖြစ်သည်။ စကားလည်း တတ်သည်။ သူ့အသံက ကြည် လင်ပြီး အနိမ့် အမြင့် မှန်သည်။
အလွန်ကောင်းသည်။ ကောင်းစွာသွန်သင် ဆုံးမထားသော ကလေးများကို ကိုင်တွယ်ရသည်မှာ အလွန် လွယ်ကူသည်။ ပြဿနာမဖော်။ လူကြီးများကို ရိုသေကိုင်းရှိုင်းဖို့ သူတို့ကို ကောင်းစွာ သွန်သင် ထားသော ကြောင့် အလွန်ပျော့ပျောင်းမြဲဖြစ်သည်။
ဟိုတုန်း က ကလေးနှစ်ယောက်လိုပဲပေါ့။
ဟိုတုန်းကလည်း ကလေးနှစ်ယောက်သည် သူခေါ်ရာနောက်သို့ တိတ်ဆိတ်ကျိုးနွံစွာ လိုက်ပါခဲ့ကြ သည်။ မော်တော်ကား နောက်ပိုင်းမှ ပစ္စည်းထည့်သည့် အခန်းထဲမှာ ဒူးထောက်ထိုင်ပါ ပြောတော့ လည်း အမေးအမြန်း မထူဘဲ ခိုင်းသလိုလုပ်ခဲ့ကြသည်။ မာမီ့ကိုနောက်တဲ့အနေ နဲ့ ပျော်စရာပွဲက လေးတစ်ခု လုပ်မလို့ ဟု သူ အကြောင်းပြခဲ့သည်။
"ပျော်စရာပွဲလေးလုပ်မလို့ပါကွာ"
ယခုလည်း သူက ယောက်ျားလေးကို ပြောသည်။
"ငါဟာ မင်းအမေ ရဲ့သူငယ်ချင်းပါ။ သူ့မွေးနေ့မှာ ပျော်စရာပွဲကလေးတစ်ခု လုပ်ချင်တယ်လို့ မင်း အမေက ပြောတယ်။ ဒီနေ့ဟာ မင်းအမေရဲ့မွေးနေ့ဆိုတာ မင်းတို့သိပါတယ်နော်"
ယောက်ျားလေး ကို သူ စကားပြောနေခိုက်တွင် လက်တစ်ဘက်ကမူ အငယ်မလေးကို ပွတ်သပ်ပေး နေသည်။ အငယ်မလေး၏ အသားအရည် များ က အလွန်တရာ နူးညံ့ပျော့ပျောင်းလှလေသည်။
မိုက်ကယ် သည် ဇဝေဇ၀ါဖြစ်နေပုံရသည်။
"ခင်ဗျား ရဲ့ပျော်စရာ ပွဲ ကို ကျွန်တော် မကြိုက်ဘူး"
ပြောပြော ဆိုဆို လူးလဲထသည်။ သူ ဒယိမ်းဒယိုင်ဖြစ်နေသည်။ မစ်စီ ကို ပွတ်ပေးနေသည့် သူ့လက် ကို တွန်းဖယ် ပစ်လိုက်သည်။ ပြီးတော့ မစ်စီကို လှမ်းဆွဲသည်။
မစ်စီ က သူ့အစ်ကိုကို ကုပ်ကပ်တွယ်ထားသည်။
"မငိုနဲ့ မစ်စီ၊ ဒီလူကြီး အဓိပ္ပာယ်မရှိ ကစားနေတာပါ၊ အခုပဲ တို့ အိမ်ပြန်ကြမယ်"
မိုက်ကယ် က အားပေးချော့မော့သည့်လေသံဖြင့် ပြောသည်။
သည်ကလေး ကို အလွယ်တကူ အရူးလုပ်၍ ရနိုင်မည်မဟုတ်ကြောင်း ဒါလောက်နှင့်ပဲ သိသာထင် ရှား သွားပါပြီ။ မိုက်ကယ်သည် သူ့အဖေ ရေးအဲလ်ဒရက်ခ်ျ ကဲ့သို့ပင် ပွင့်လင်းသူ ဖြစ်ပုံရသည်။
"ခင်ဗျား လုပ်ချင်တဲ့ ပျော်စရာပွဲထဲမှာ ကျွန်တော်တို့မပါချင်ဘူး၊ ကျွန်တော်တို့ အိမ်ပြန်ချင်တယ်"
မိုက်ကယ် က ထပ်ပြောပြန်သည်။
မိုက်ကယ် သူ့အလိုသို့ လိုက်လာစေမည့် အလွန်ကောင်းမွန်သည့် နည်းလမ်းတစ်ခု သူ့မှာ ရှိပါသည်။
"မင်းညီမလေး ကို လွှတ်လိုက်ပါ၊ ပေး... ငါ့ကိုပေး"
သူက ပြောပြောဆိုဆို မိုက်ကယ်ဖက်ထားသည့် မစ်စီကို ခပ်ကြမ်းကြမ်းလေး ဆွဲယူလိုက်သည်။
ကျန် လက်တစ်ဘက်ဖြင့် မိုက်ကယ်၏လက်ကောက်ဝတ် ကို ဖမ်းဆုပ်ကာ ပြတင်းပေါက်ဆီသို့ ဆွဲ ခေါ် သွားသည်။
"အဝေးကြည့်မှန်ပြောင်း ဆိုတာ ဘယ်ဟာမျိုးလဲ မင်း သိသလား"
သူက မေးသည်။
မိုက်ကယ်က မရေမရာပုံမျိုးဖြင့် ခေါင်းညိတ်ပြသည်။
"သိတယ်၊ ဒက်ဒီ့ဆီမှာရှိတဲ့ မှန်မျိုးလိုပေါ့၊ သူနဲ့ကြည့်လိုက်ရင် အကြည့်ခံရတဲ့ဟာတွေ အကြီးကြီး ဖြစ်ပြီး နီးလာတယ်"
"မှန်တယ်၊ အင်မတန်တော်တာပဲ၊ ကဲ... လာ ဟောဒီမှာ လာကြည့်"
အဝေးကြည့်မှန်ပြောင်းနားမှာ မိုက်ကယ်ကို နေရာယူစေသည်။ မိုက်ကယ်က မှန်ပြောင်းနားသို့ ကပ်သွားပြီး ငုံ့ကြည့် သည်။
"မင်း ဘာတွေမြင်ရတယ်ဆိုတာ ပြောစမ်းပါဦး၊ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ မျက်လုံးတစ် ဘက်ကို မှိတ်ပြီး ကြည့်"
"မှန်ပြောင်း က ကျွန်တော်တို့အိမ်ကို တည့်တည့်ချိန်ထားတာပဲ"
"အဲဒီမှာ ဘာတွေမြင်နေရသလဲ"
"မော်တော်ကား တွေ အများကြီးပဲ၊ ရဲကားတွေ၊ ဘာဖြစ်နေတာလဲဟင်"
သူ အထိတ်တလန့်ဖြစ်သွားသည်။ သူ့အသံပါ အနည်းငယ် တုန်ယင်သွားလေသည်။
စိုးရိမ် ထိတ်လန့်နေသည့် မိုက်ကယ်၏မျက်နှာကလေးကို သူ ရွှင်လန်းအားရစွာ ငုံ့ကြည့်လိုက်လေ သည်။
ပြတင်းပေါက်ဆီမှ လေတိုးသံများကို ခပ်တိုးတိုး ကြားနေရလေသည်။ သေသေချာချာ နားထောင် ကြည့့််တော့ လေတိုးသံမဟုတ်။ တစ်စုံတစ်ရာက အဆက်မပြတ် လာရောက်ထိမှန်နေသည့် အသံမျိုးဖြစ်သည်။
မိုးသီး များ ကြွေစပြုပြီ။
လေကလည်း ခပ်ကြမ်းကြမ်းလေးတိုက်နေသည်။ ထိုလေကြောင့် မိုးသီးများသည် ပြတင်းပေါက်မှန် များကို အရှိန် နှင့် လာရောက်ထိမှန်နေကြခြင်း ဖြစ်လေသည်။
မကြာမီ မှာပင် ပတ်ဝန်းကျင်၏မြင်ကွင်းသို့ ပိတ်မှောင်သွားကြပေတော့မည်။ အဝေးကြည့်မှန်ပြောင်း သည်ပင်လျှင် မြင်ကွင်းကို အထိုက်အလျောက် မြင်သာအောင် တတ်နိုင်တော့မည် မဟုတ်။
သို့သော်လည်း သူကတော့ ကလေးများနှင့်အတူတူ နေရမည့်တန်ဖိုးအရှိဆုံးသော အကောင်းဆုံး အချိန် များကို လက်ဝယ်ပိုင်ဆိုင်ရရှိနေချေပြီ။ စိတ်ချမ်းသာစရာ အကောင်းဆုံးအချိန်များဖြစ်ပါသည်။
တစ်နေ့ခင်းလုံး...
ရှည်လျားလှသည့် နေ့ခင်းကြီး တစ်နေ့ခင်းလုံး...
ဘယ်လောက် တန်ဖိုး ရှိလိုက်သည့် အချိန်တွေပါလဲ။
သူ့စကားကို မိုက်ကယ် ကျိုးနွံစွာလိုက်နာ နားထောင်အောင် မည်သို့ပြုလုပ်ရမည်ဖြစ်ကြောင်း သူ သိ ပါသည်။
"သေသွားတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ မင်း သိသလား"
မိုက်ကယ် ကို သူ မေးသည်။
သဘောကျစွာ သူ ခေါင်းညိတ်သည်။
"မှန်တယ်။ ဒီနေ့မနက်ပဲ မင်းအမေဟာ ဘုရားသခင်ဆီကိုသွားပြီ၊ ဒါကြောင့်မို့လို့ မင်းတို့အိမ်ကို ရဲကားတွေ အများကြီး ရောက်နေတာ၊ မင်းတို့မောင်နှမ နှစ်ယောက်ကို ခဏလောက် ထိန်းပေးထား ဖို့ မင်းအဖေက ငါ့ကို အကူအညီတောင်းလို့၊ ဒါကြောင့် မင်းတို့ကို ငါ ခဏခေါ်လာခဲ့တာ"
မိုက်ကယ် ၏ မျက်နှာသည် ငိုတော့မလို ညိုမှောင်သွားသည်။ နှုတ်ခမ်းများလည်း မဲ့သွားလေသည်။
"မာမီ ဘုရားသခင်ဆီကို သွားပြီဆိုရင် ကျွန်တော်လည်း လိုက်သွားချင်တယ်"
ငိုသံပါ ကလေးဖြင့် သူ ပြောသည်။
သူက မိုက်ကယ်၏ဆံပင်များထဲသို့ လက်ချောင်းများထည့်ပြီး ပွတ်သပ်ရင်း လက်တစ်ဘက်က လည်း ငို နေသည့် မစ်စီကို အသာအယာ လှုပ်ကာချော့နေသည်။
"လိုက်သွားရမှာပေါ့ကွယ်၊ ဒီနေ့ည မင်းတို့မောင်နှမ နှစ်ယောက်စလုံး လိုက်သွားရမှာပါ၊ ငါ ကတိ ပေး ပါတယ်"
သူကလည်း အေးအေးဆေးဆေး ပြန်ပြောပြလိုက်လေသည်။
အခန်း (၉) ဆက်ရန်
.

2 comments:
ဖတ်သွားပြီညီမရေ။ အခန်း-၉ ကိုစောင့်မျှော်နေတယ်။
မေတ္တာဖြင့်
အန်တီတင့်
အမရေ ကြောက်စရာကြီးပါလား psycho ထင်တယ်နော်
Post a Comment