ရန်ကုန်သို့ပြန်ရောက်သောအခါ ကံအားလျော်စွာ ဦးထွန်းသစ် နေထိုင်သောအိမ်မှာ ပြောလောက်အောင် ပျက်စီးမှု မရှိဘဲ လူနေထိုင်၍ ဖြစ်နိုင်သော အခြေအနေကို ၀မ်းသာဖွယ်ရာ တွေ့ရလေသည်။ ဦးထွန်းသစ်က ကြည်ဖြူစွာ ပင် သဘောတူ၍ ရန်ကုန်သို့ တစ်ပါတည်း လိုက်လာသော ကိုစောအောင်က ရန်ကုန် ရောက်လျှင်ပင် ဖခင်ကြီးနှင့် ကိုမျိုးခိုင်အား တွေကလိုလှပြီ ဖြစ်သော်လည်း ကိုမျိုးခိုင်၏အိမ် ဘယ် နေရာမှာ ရှိမှန်း မသိသောကြောင့် ခင်ခင်လေးအား မေးရလေသည်။
" နေပါဦး ကိုစောရဲ့၊ ဘာဖြစ်လို့ ဒီလူကို အလျင်စလို တွေ့ချင်နေရတာလဲ၊ ဖြည်းဖြည်းမှသွားပေါ့၊ အမောဖြေ စမ်းပါဦးကိုစောရယ် "
အစ်ကို အစ်ကိုနှင့် တစ်ကိုတည်းကိုနေသော ကိုစောအောင်အား ခင်ခင်လေးက ပြောဆို မေးမြန်းလိုက်၏။
" ဖေဖေက အစ်ကို့ အိမ်မှာ ရောက်နေတာ ခင်လေးရဲ့၊ အစ်ကိုနဲ့ ခင်လေးတို့က သိဟောင်း ကျွမ်းဟောင်း ဆိုတော့ ဒေါ်မှုံကို သိမှာပေါ့ "
" ဒေါ်မှုံကို သိတာပေါ့ ကိုစောရဲ့ "
" အဲဒီဒေါ်မှုံက စစ်ဖြစ်တော့ သထုံက ကိုစောတို့ ဒူးရင်းခြံမှာ လာနေတယ်၊ အစ်ကိုရော ဒေါ်မှုံရော နှစ် ယောက်လုံးပေါ့၊ နောက် အစ်ကိုက ရန်ကုန်ကို သွားမယ်ဆိုပြီး ထွက်သွား၊ အစ်ကို ထွက်သွားပြီး ဂျပန်တွေ ကြောင့် ဒေါ်မှုံတို့ ဒူးရင်းခြံမှာ မနေနိုင်တော့ဘဲ ကိုစောအဖေရော ဘကြီးရော ဒေါ်မှုံက ခေါ်ပြီး ရန်ကုန် အစ်ကို့ အိမ် ကို ရွှေ့သွားကြတယ် ခင်လေးရဲ့ "
" အဲဒီ အချိန်က ကိုစော လိုက်မသွားဘူးလား " ခင်ခင်လေးက ဖြတ်မေးလိုက်သည်။
" ဂျပန်တွေချချင်တာနဲ့ မလိုက်ဘဲ သထုံမျာ နေရစ်ခဲ့လို့ အစ်ကို အိမ်မသိဘဲ ဖြစ်သွားတာ ခင်လေးရေ့၊ အစ်ကိုနဲ့လဲ အဲဒီအချိန်ကစပြီး ကွဲသွားကြတာ တော်လှန်ရေးတာဝန်နဲ့ စစ်ကိုင်းရောက်မှ ပြန်တွေ့ရတာပဲ၊ ကွဲနေကြတာ ကြာလို့ အားလုံးကို တွေ့ချင်တယ်၊ ဒါကြောင့် အမောမဖြေနိုင်သေးဘဲ မေးနေရတာ ခင်ဗျ"
ကိုစောအောင် က ကလေးဆိုးကြီးဟန်နှင့် ပြောသည်ကို ခင်ခင်လေးက သဘောကျစွာ ရယ်လိုက်ပြီး ကိုမျိုးခိုင် ၏ အိမ်တည်ရှိရာကို သေချာစွာ ပြောပြလိုက်သည်။
" ကိုစော သွားလိုက်ဦးမယ်၊ ည ဒီမှာ ပြန်အိပ်ရမလား " ကိုစောအောင်က ခပ်တည်တည် မေးလိုက်၏။
" ဟင်းနော် ... ကိုစောကို ဘယ်သူက အိပ်ခန်းပေးသေးလို့လဲ၊ ဟိုမှာပဲအိပ်၊ ခင်လေးဆီကို တစ်နေ့တစ်ခေါက် မှန်မှန် မျက်နှာလာပြ ... "
ခင်ခင်လေးက အမိန့်ပေးလိုက်၏။
" ကောင်းပါပြီခင်ဗျာ ... အမိန့်တော်အတိုင်းပါ ... အဖေကတော့ ... သူ့ချွေးမ ကို မြင်ရင် ဘယ်လောက်ချစ် မလဲ မသိဘူး "
" ကိုစောနော် ... သွားမှာကို သွားစမ်း ... "
ခင်ခင်လေးက ချစ်စဖွယ် မာန်မဲလိုကသည်ကို ကိုစောအောင်က နှစ်ခြိုက်ကျေနပ်စွာ နာခံပြီး ထွက်လာခဲ့ လေသည်။
*
အိမ်ဦးခန်းတွင် ဦးဘိုးဦး၊ ဦးစောခိုင်နှင့် ဒေါ်မှုံအား ထိုင်စေပြီး ကိုမျိုးခိုင်က ရိုသေစွာ ကန်တော့လိုက်သည်။ ဦးစောခိုင် တို့ သုံးယောက်မှာ ကိုမျိုးခိုင်၏ အပြုအမူကို နားမလည်ကြသဖြင့် ကြောင်တက်တက် ကြည့်နေ ကြသည်။
ကျွန်တော် ၀တ်ကြောင် ကို ငြီးငွေကလို့ သင်္ကန်းစီးတော့မယ်အဘ၊ ဒီနေ့ပဲ ပဲခူးမြို့နားက စမ်းကြီးတောရ ကျောင်းကို သွားမှာမို့ အဘတို့ကို နှုတ်ဆက်ကန်တော့တာပါ "
ကိုမျိုးခိုင် က ညိုးငယ်သော မျက်နှာဖြင့် ရှင်းပြလိုက်၏။
" လူလေးရယ် ... ဒေါ်မှုံတို့ကို ဒီအတိုင်း ပစ်ထားခဲ့မှာလား ... "
ဒေါ်မှုံက မျက်ရည်ကျပြီး မေးလိုက်သည်။
" သြော် ... သားကြီးက သင်္ကန်းဝတ်ပြီးထွက်၊ သားငယ်ကလဲ သေမှန်း ရှင်မှန်းမသိ၊ အဘတို့မှာ မျက်စိ သူငယ်နဲ့ ကျန်ရစ် ရ မှာလားကွယ် ... "
ဦးစောခိုင်က ၀မ်းနည်းသံဖြင့်မေးသည်။ ဦးဘိုးဦးကား ဘာမျှမပြော၊ စိတ်မကောင်းသော မျက်နှာဖြင့်သာ ကိုမျိုးခိုင်အား ငေးစိုက်ကြည့်နေသည်။
" ညီလေး အပြန်ကို ကျွန်တော် စောင့်ပါတယ်အဘ ... ကျွန်တော် သင်္ကန်းဝတ်ချင်နေတာ ကြာပါပြီ၊ အဘ တို့ အားကိုးမဲ့ ကျန်ရစ်မှာစိုးလို့ အခုလောက်ကြာအောင် ဆိုင်းနေတာပါ။ ညီလေး ရန်ကုန်ကို ပြန်လာလိမ့် မယ် ဆိုတာ ကျွန်တော် စုံစမ်းလို့ သိပြီးပါပြီအဘ၊ အခု တစ်ရက် နှစ်ရက်အတွင်း ရောက်မလား မပြောတတ် ဘူး "
ကိုမျိုးခိုင် က ခြောက်သွေ့ အက်ကွဲသောအသံဖြင့် ပြောလိုက်၏။
" အဲဒိ တောရကျောင်းကို ဒေါ်မှုံပါ လိုက်ခဲ့မယ်လေ လူလေး ... "
ဒေါ်မှုံက ငယ်စဉ်ကစပြီး ထိန်းကျောင်း ယုယကာ အတူနေလာ၍ သားရင်းလိုဖြစ်နေသော ကိုမျိုးခိုင်နှင့် မခွဲလို ရှာပေ။
" ဒေါ်မှုံနေရစ်ဥိးလေ ...၊ ညီလေး ရန်ကုန်ရောက်ရင် ဒိအိမ်ကို လာမှာ သေချာပါတယ်၊ ညီလေး မင်္ဂလာ ဆောင် မှာ လက်ဖွဲ့ပစ္စည်းတစ်ခု ဒေါ်မှုံကို ကျွန်တော် အပ်ခဲ့ပါရစေ ...၊ သူ လာတဲ့နေ့မှာ ပေးပါ၊ အဲဒီကိစ္စ ပြီးရင် ဒေါ်မှုံ လိုက်ချင်လိုက်ခဲ့ပေါ့ ... " ဒေါ်မှုံ ၀မ်းသာသွားလေသည်။
" မောင်စောအောင် လာတဲ့အထိ ဆိုင်းပါဦး သားကြီးရယ် ... "
ဦးစောခိုင်က တောင်းပန်လိုက်သည်။
" မဆိုင်းပါရစေနဲ့ အဘရယ် ...၊ ဒီနေ့ဒီရက်မှာ ကျွန်တော် သွားမယ်လို့ စိတ်ကို ဆုံးဖြတ်ပြီးဖြစ်နေလို့ပါ၊ ညီလေး လာတဲ့အခါ ဒီအိမ်မှာ ဆက်နေချင်လဲနေပါအဘ "
" သားကြီးက တစ်သက်လုံး သင်္ကန်းဝတ်တော့မှာလား "
ဦးစောခိုင်က တားမြစ်ရန် မဖြစ်ကောင်းသည့်ကိစ္စမို့ ၀မ်းနည်းသည့်မျက်လုံးဖြင့် ကိုမျိုးခိုင်၏မျက်နှာကို ချစ်ခင်စွာ ကြည့်ပြီး မေးလိုက်သည်။
" ပျော်သလောက်ဆိုပါတော့ အဘရယ် ... "
" ဒါထက် ခုနက ညီလေး မင်္ဂလာဆောင် လက်ဖွဲ့ဖို့ဆိုတာ ကြားလိုက်ပါတယ်၊ သားငယ်က မင်္ဂလာဆောင် မှလား ... ဘယ်က မိန်းကလေးလဲကွယ့် "
" ညီလေးမှာ ဖူးစာဖက် တွေ့နေပြီ အဘရဲ့....၊ ဘယ်က မိန်းကလေးလဲဆိုတာ ညီလေးလာရင် သိမှာပေါ့၊ ကဲ ကျွန်တော် သွားဖို့ အချိန်တန်ပါပြီ အဘရော၊ ဦးကြီးရော နှုတ်ဆက်ခဲ့ပါတယ် "
ကိုမျိုးခိုင်က ပြောကာ ထိုင်ရာမှ ထလိုက်ပြီး ...
" ဒေါ်ခင်မှုံ ခဏ ကျွန်တော့် အခန်းထဲ လာပါဦး "
ဟု ဒေါ်မှုံ ကိုခေါ်ကာ အခန်းထဲဝင်သွားသဖြင့် ဒေါ်မှုံက လိုက်သွားလေသည်။
ဦးစောခိုင်နှင့် ဦးဘိုးဦးသည် မူလထိုင်နေသော နေရာမှာပင် ဆိတ်ငြိမ်စွာ ထိုင်နေကြသည်။ အတန်ငယ် ကြာသော အခါ ကိုမျိုးခိုင်သည် အခန်းတွင်းမှထွက်လာသည်။ ဦးစောခိုင်နှင့် ဦးဘိုးဦးကို လှည့်မကြည့်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငိုက်စိုက်နှင့် အိမ်ပေါ်မှဆင်းသွားသည်ကို ဦးစောခိုင် ဦးဘိုးဦးနှင့် ဒေါ်မှုံ တို့မှာ လွမ်းတ၀မ်းနည်းသောမျက်နှာဖြင့် ငေးစိုက်ကြည့်နေလိုက်ကြ၏။
ဦးစောခိုင်၊ ဦးဘိုးဦးနှင့် ဒေါ်မှုံတို့ တစ်ယောက်နှင့် တစ်ယောက် မလှမ်းမကမ်းအကွာစီမှာ သုံးပွင့်ဆိုင် ထိုင်ပြီး အတွေးစ ကိုယ်စီဖြင့် ငေးနေကြသည်မှာ မည်မျှ ကြာသွားသည်မသိ။
" အဖေ ... "
ဟု ၀မ်းသာအားရခေါ်လိုက်သံကြောင့် သုံးယောက်လုံး အသံကြားရာကို ကြည့်လိုက်ကြသည်။
" ဟယ် ... သား ပြန်လာပြီ "
" မောင်စောအောင် ... "
ဟူ၍ ဦးစောခိုင် နှင့် ဦးဘိုးဦးက ပြိုင်တူ ခေါ်လိုက်ကြ၏။ ဒေါ်မှုံကား အငေးသား ကြည့်နေသည်။
" အားလုံး နေကောင်းကြေတယ်နော်၊ ကျန်းကျန်းမာမာ ပြန်တွေ့ရတာ ၀မ်းသာလိုက်တာ၊ ဒါထက် အစ်ကိုရော၊ အစ်ကို ပြန်ရောက်နေတယ် မဟုတ်လား အဖေ "
ကိုစောအောင် က ၀မ်းသာစွာ ပြောဆိုမေးမြန်းရင်း အိမ်အတွင်းကို မျက်လုံးလှည့်ကြည့်လိုက်သည်။ ဒေါ်မှုံက ကပျာကသီ ထကာ အခန်းတွင်းသို့ ၀င်သွားလေသည်။
" မောင်မျိုးခိုင် အခုတင်ကပဲ ထွက်သွားတယ် သားရယ်၊ တစ်နာရီ ကျော်ကျော်လောက်ပဲ ရှိဦးမယ်နော် အဘဦး" ဦးစောခိုင်က ဖြေလိုက်သည်။
" အေးကွယ့်၊ လက်မတင်လေး လွဲသွားတယ် "
ဦးဘိုးဦးက ပြောလိုက်သည်။
" အစ်ကို ဘယ်ကို သွားလဲအဖေ၊ သူ ဘယ်အချိန် ပြန်လာမယ်တဲ့လဲ "
" သူ အိမ်ပြန်မလာတော့ဘူး သားရယ်၊ ပဲခူး မြို့နားက --ကြီးတောရဆိုတဲ့နေရာမှာ သင်္ကန်းဝတ်မယ်ဆိုပြီး ထွက်သွားတယ်ကွယ့် "
ဦးစောခိုင်က ထွက်သွားသော ကိုမျိုးခိုင်နှင့် ပြန်ရောက်လာသော ကိုစောအောင်တို့အတွက် ၀မ်းသာဝမ်းန်း ရောနှောသော အသံဖြင့် ပြောလိုက်၏။
" အို ... အစ်ကို ဘာစိတ်ကူးရသွားပါလိမ့် " ကိုစောအောင်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။
ထိုအခိုက် ဒေါ်မှုံသည် အခန်းတွင်းမှ စာအိတ်ပြာကလေးတစ်ခုကို တရိုတသေကိုင်ပြီး ထွက်လာသည်။
" မောင်စောအောင် ဟောဒီမှာ မင်းအစ်ကိုက မင်္ဂလာလက်ဖွဲ့ပစ္စည်းတဲ့ ပေးခဲ့လေရဲ့ "
ဒေါ်မှုံက ပြောကာ စာအိတ်ပြာကလေးကို လှမ်းပေးလိုက်သည်။ ကိုစောအောင်က ဒေါ်မှုံထံမှ စာအိတ်ကို လှမ်းယူကာ ...
ဘာပစ္စည်းများ အစ်ကိုက လက်ဖွဲ့သွားပါလိမ့် "
ဟု စာအိတ်ကလေး ကို ယုယမြတ်နိုးစွာကြည့်ပြီး ပြောလိုက်သည်။ စာအိတ်ပေါ်မှာကား ကိုမျိုးခိုင် လက်ရေးဖြင့် ...
" ညီ မောင်စောအောင်နှင့် ညီမ ခင်ခင်လေးသို့ "
ဟု ရေးထားသည်ကို တွေ့ရ၏။ ချစ်သူ ခင်ခင်လေးရှေ့ကျမှ အမြတ်တီိုး မျက်နှာစုံညီစွာ အိတ်ကိုဖွင့်မည် ဟု စိတ်ကူးကာ ကိုစောအောင်က မင်္ဂလာလက်ဖွဲ့ စာအိတ်ကလေးကို အိတ်ထဲသို့ ထည့်လိုက်သည်။ ဒေါ်မှုံ အား ကိုစောအောင် မေးလိုက်၏။
" အစ်ကို ဘာများ မှာသွားသေးလဲ ဒေါ်မှုံ "
" မောင်စောအောင်နဲ့ ပတ်သက်လို့တော့ ဘာမှမမှာပါဘူးကွယ်၊ ဒေါ်မှုံကိုတော့ စကားထူးထူးဆန်းဆန်း ပြောသွားတယ် "
" ဘာပြောသွားသလဲ ဒေါ်မှုံ "
ကိုစောအောင်က သိလိုသဖြင့် မေးလိုက်၏။ ဦးစောခိုင်ကလည်း အာရုံစိုက်လိုက်၏။
" သြော် ... ဒေါ်မှုံက ဘာကြောင့် သင်္ကန်းစည်းချင်တာလဲလို့ မေးတော့ လူကလေးမျက်နှာဟာလေ ငိုတော့ မှာလို့ ညိုမှိုင်းလာတယ်၊ အသံအက်အက်နဲ့ ပြောသွားရှာတာက ... ကျွန်တော့် အဖေ အလွဲသုံးစားလုပ်ခဲ့တဲ့ အကြွေး တွေရော၊ ကျွန်တော့်အတွက် အသစ်တင်လာတဲ့ အကြွေးတွေရော၊ တခြားနည်းနဲ့ ဆပ်စရာမရှိလို့ ကျွန်တော့် အသည်းနှလုံးကို အစားထိုးပြီး ဆပ်ခဲ့ပါပြီ၊ ကြွေးတွေ ကြေကောင်းပါရဲ့လို့ အောက်မေ့တယ်တဲ့၊ ဒါကြောင့် ကျွန်တော့် ဘ၀ဟောင်းကို မေ့ပျောက်ချင်လို့ သင်္ကန်းစဉ်းတာပါလို့ ပြောသွားတယ်၊ ဘာအကြွေး လဲမောင်စောအောင်၊ သူ ကြွေးဆပ်ပုံက အဆန်းကွယ့် "
ဒေါ်မှုံက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ ကိုစောအောင်ကမူ မျက်လုံး အကြောင်သားဖြင့် ငေးနေ တော့၏။ ဦးစောခိုင်က တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးနေပြီးမှ ...
" သားကြီး မောင်မျိုးခိုင် မိဘတွေက ဘယ်သူလဲ ဒေါ်မှုံ၊ အရင် သထုံမှာ ဒေါ်မှုံ ပြောခဲ့တာ ကျုပ်တို့ မယုံဘူး၊ အမှန်အတိုင်း ပြောစမ်းပါ "
ဟု မေးလိုက်၏။ ဒေါ်မှုံကလည်း လူချင်းခွဲရမည့် အတူတူ မထူးတော့ဟု သဘောထားကာ ...
" လူကလေးအဖေက မန္တလေးက ဦးဘဆွေ၊ လူကလေး အမေက မန္တလေးက မဟာနွယ် ဦးတင်မျိုး ဒေါ်ခင်ခင်ထားတို့သမိး ဒေါ်ခင်မျိုးတဲ့ "
ဟု အမှန်အတိုင်း ဖွင့်ပြောလိုက်သည်။ ဦးစောခိုင်နှင့် ကိုစောအောင်တို့ မျက်လုံးအပြူးသားနှင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြလေသည်။ ဒေါ်မှုံက သူတို့အား ဆက်လက် စိတ်ဝင်စားခြင်း မရှိတော့ဘဲ ...
" လူကလေးနှယ် ခဏလောက် ဆိုင်းလိုက်ရင် ဒေါ်မှုံပါ တစ်ပါတည်း လိုက်နိုင်သားနဲ့ အလောတကြီး ထွက် သွားတယ်၊ ကဲ ... သူမှာခဲ့တဲ့ကိစ္စ ပြီးပြီ၊ လူကလေးနောက် လိုက်သွားဖို့ ယူစရာကလေးတွေ ပြင်ဦးမျ "
ဒေါ်မှုံက တဖျစ်တောက်တောက် ရေရွတ်ကာ အခန်းတွင်း ပြန်ဝင်သွားလေသည်။ ဦးစောခိုင်ကမူ ရှေးဖြစ် ဟောင်းကို ပြန်ပြောင်းတွေးတော ဆွေးမောမိရာမှ ဒေါ်မှုံစကားကို သေသေချာချာ စမ်းစစ်လိုက်ပြီး ...
" သား ... မင်္ဂလာဆောင်တော့မယ်ဆို၊ မိန်းကလေးက ဘယ်သူလဲ" ဟု မေးလိုက်၏။
" နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီကို ကျွန်တော် စွဲလမ်းမိတာ အစ်ကိုသိလို့ ဘုရင်မ ရုပ်ရည်နဲ့တူတဲ့ မိန်းကလေးကို သူကိုယ်တိုင် တွေ့မြင်အောင် ဖန်တီးပြီး နေရာကျအောင် ဆောင်ရွက်ပေးခဲ့ပါတယ်အဖေ၊ မိန်းကလေးမိဘကလဲ သဘောတူ၊ ကျွန်တော်တို့ လူငယ်ချင်းလဲ မေတ္တမျှပြီးပါပြီ၊ အဖေ လိုက်ခဲ့ပါလို့ ကျွန်တော် တောင်းပန်မယ်လို့ပါ "
ကိုစောအောင်က အသံလေးလေးဖြင့် ပြာလိုက်၏။ ဦးစောခိုင်ကား ဒေါ်မှုံ၏စကား၊ ကိုစောအောင်၏ စကားကို ဆက်စပ်တွေးတောနေရာမှ ဦးခေါင်းကို ဖြေးလေးစွာ ညိတ်ကာ ...
" အင်း မြသေလာတောင်ကတော့ ရောက်သမျှလူကို ဆွေးစေအောင်သာ ဖန်ပါပေါ့လား၊ အေးလေ ... သား သဘောကျရင် အဖေမကန့်ကွက်ပါဘူး "
ဟု စကားကို တိုတိုပြောကာ ငေးမြဲတိုင်းငေးကာ တွေးမြဲတိုင်း တွေးနေသည်။
" ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ် အဖေ "
" အေး ... အေး ... "
ဦးစောခိုင်ကလှည့်မာကည့်ဘဲ ခွင့်ပြုလိုက်၏။ ကိုစောအောင်သည် ခင်ခင်လေးထံ အမြန်ဆုံးရောက်အောင် ပြန်လာခဲ့လေသည်။ အိမ်ကိုလည်း ရှင်းလင်း သိမ်းဆည်းနေသော ခင်ခင်လေးသည် မမျှော်လင့်သော အချိန်မှာ ပြန်ရောက်လာသော ကိုစောအောင်အား အံ့အားသင့်စွာ ကြည့်လိုက်ပြီး ...
ကိုစောအဖေနဲ့ မတွေ့ခဲ့ဘူးလား"ဟု မေးလိုက်၏။
" အဖေ့ကိုတော့ တွေ့ခဲ့တယ်၊ အစ်ကို့ကို မတွေ့လိုက်ရဘူး ခင်လေးရယ်၊ လက်မတင်လေး လွဲသွားတယ် "
ကိုစောအောင်က ကုလားထိုင်တစ်လုံးပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချရင်း ပြောလိုက်၏။
" သူက ဘယ်ကို ကြွသွားသတဲ့လဲ "
ခင်ခင်လေးက မကြည်ဖြူသော ငေါ့သံဖြင့် မေးလိုက်၏။
" ပဲခူး စမ်းကြီးတောရကို သင်္ကန်းဝတ်ဖို့ ထွက်သွားပြီတဲ့ "
ခင်ခင်လေးက ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
" ဘာဖြစ်လို့ ရယ်တာလဲ ခင်လေးရဲ့ "
ကိုစောအောင်က ခင်ခင်လေးရယ်သည်ကို နားမလည်ပေ။
" သြော် ... လူဆိုးကို ဒူးတုပ်ရှိခိုးခဲ့တဲ့ လူဖျင်းလူညံ့ကြီးက ရဟန်းအဖြစ်နဲ့ သူများကရှိခိုးတာခံရဦးမှာ တွေးပြီး ရယ်မိတာပါ ကိုစောရဲ့ "
" အစ်ကို့ကို ထိခိုက်မပြောပါနဲ့ ခင်လေးရယ်၊ ဒါထက် ဦးက ဘာပြောသေးလဲ "
ဟု ကိုစောအောင် က စကားလွှဲလိုက်၏။
" ဖေဖေက ပျက်စီးနေတဲ့ မြို့ရွာတွေမြင်ခဲ့တော့ သံဝေဂရပြီး အေးအေးဆေးဆေး တရားအားထုတ်နေချင်ပြီတဲ့၊ ကိုစောနဲ့ ခင်ခင်လေးတို့ကိစ္စ မြန်မြန်ဆောင်ရွက်ချင်တဲ့ဆန္ဒ ရှိနေတယ် "
ကိုစောအောင် က သဘောကျစွာ ပြုံးလိုက်ပြီး ...
" အဖေ့ကိုလဲ ပြောခဲ့ပြီးပါပြီ၊ နက်ဖြန် ခေါ်လာခဲ့ပါမယ်၊ ဒါထက် အစ်ကိုက ကိုစောနဲ့ခင်လေးအတွက် မင်္ဂလာ လက်ဖွဲ့ပစ္စည်း ပေးလိုက်တယ် ခင်လေးရေ့ ဟောဒီမှာ "
ကိုစောအောင်က ကြည်နူးစွာ ပြောကာ ကိုမျိုးခိုင်၏ လက်ဆောင်စာအိတ်ပြာကလေးကို အိတ်တွင်းမှ ဆွဲ ထုတ်လိုက်၏။ ခင်ခင်လေးသည် ကိုစောအောင်နှင့် ကပ်လျက်ရှိသော ကုလားထိုင်မှာ လာထိုင်ပြီး စာအိတ် ကလေးကို ကြည့်လိုက်၏။
" အမယ် ... ညီနဲ့ညီမ ဆိုပါကလား၊ အထဲက ဘာလဲကိုစောရဲ့"
" မသိသေးဘူး ခင်လေး ဖွင့်လိုက်မယ် "
ကိုစောအောင်ကပြောကာ စာအိတ်ကလေးကို မစုတ်မပြတ်စေရန် တယုတယ ဖွင့်လိုက်၏။ စာအိတ်ထဲတွင် ကား ကိုမျိုးခိုင်၏ လက်ရေးနှင့်ကဗျာတစ်ပုဒ်ရေးထားသော စာရွက်တစ်ရွက်သာပါသည်။ နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ စိတ်အားထက်သန်စွာ ဖတ်လိုက်၏။ ကိုမျိုးခိုင်၏ ကဗျာကား အောက်ပါအတိုင်းဖြစ် သည်။
(မြသေလာတောင် ဆွေးဖွယ်နှောင်)
နတ်မိစံရာ၊ မြသေလာတောင်၊ ဆွေးဖွယ်နှောင်သည်၊ မျှော်ယောင်မှန်းဆ၊ လွမ်းတတဖြင့်၊ ဗလ တပ်မှူး၊ အချစ်ရူးခဲ့၊ နှစ်ကူးရင့်ငြောင်း၊ တစ်ခေတ်နှောင်းမူ ပေဟောင်းစာမွန်၊ သူလမ်းညွှန်၍၊ မိုးစွန်သီခေါင် မြစိမ်းတောင်မှ ကြီးလှတေဇာ၊ ဆေးဗုဒ္ဓါကို၊ အရှာသွားသူ၊ နှစ်ယောက်လူတို့၊ မတူစိတ်ဝမ်း၊ ဤဇာတ်လမ်း ကား၊ မျှော်မှန်းမမြင်၊ ဆုံးမထင်တည့်။
ရွှင်ဖြစ်ဟောင်း၊ ဤအကြောင်းကို၊ မေ့ကောင်းစေဖွယ်၊ မှန်းရည်ရွယ်၍၊ နှစ်သွယ်နောင်ညီ၊ မြတောင် ဆီသို့၊ စိတ်ညီကြိုးပမ်း၊ ရောက်အောင်လှမ်းသော်၊ လွမ်းခန်းကိုသာ ကြုံခဲ့ပါ၏။
ဘုံသာခန်းတွင်း၊ ကိုယ်ရောင်လင်းမျှ၊ မြဆင်းရည်တူ၊ မြတောင်သူကြောင့်၊ ဆွေးပူမအေး၊ နောင့်ညီလေး ကား၊ ကျေးဇူးတော်ရှင်၊ သက်သခင်မို့၊ မျက်ရှင်မြသွေး၊ ခင်ခင်လေးနှင့်၊ ချစ်ရေးညီအောင်၊ နောင်ကြံဆောင်ခဲ့။
မယ်မောင်နှစ်ဦး၊ ချစ်ရည်မြူးစေ၊ တောင်းဆုချွေ၍ ညွှန်းစေ၍စာ၊ နောင်ကြီးမှာအံ့။
ရီပြာညိုလဲ့၊ နောင်စငဲ့ကို လှည့်၍ဘယ်ခါ၊ မကြည့်ပါနှင့် သေလာမြတောင်၊ ဆွေးဖွယ်နှောင်ဟု၊ ညီမောင်သား မြေး၊ သတိပေးလော့၊ ဖြစ်ရေးကုန်စင်၊ မေ့စေချင်သည်၊ ပျော်ရွှင်သုခ၊ ပြည့်ကြစေ။
ကိုစောအောင် နှင့် ခင်ခင်လေးကား ကဗျာကို ဖတ်နေသည်ဟုမထင်၊ ကိုမျိုးခိုင်ပြောဆိုမျာကြားနေသကဲ့သို့ အောက်မေ့ကာ ရင်ထဲမှာ တလှိုက်လှိုက် ဖြစ်နေကြသည်။ ကိုစောအောင်၏ ရင်တွင်းမျာကား အစ်ကိုရင်း တစ်ယောက် ကို လွမ်းဆွတ်တမ်းတနေသော်လည်း၊ ခင်ခင်လေး၏ စိတ်ထဲမှာကား ကိုမျိုးခိုင်၏ ပြုမူပြောဆို ခဲ့ပုံကို ပြန်လည် အမှတ်ရနေသည်။
ကိုမျိုးခိုင်၏ ကဗျာငါးပုဒ်မှ စတုတ္တမြောက်ကဗျာ၏ အဓိပ္ပာယ်ကို စဉ်းစား မိလာသည်။ အကျိုးအကြောင်းကို ရေလည်စွာမသိသော်ငြားလည်း ကိုမျိုးခိုင်က သင်တိုင်းဝတ်စေ ကာ တောစံပယ်ချုံနားတွင် လူရောင်ပြစေခဲ့ခြင်း၊ ကိုစောအောင်ထံမှ သေနတ်ကိုယူပြီး ခါးတွင်ပတ်ထားလျက် လူဆိုးသုံးယောက်ကို အညံ့ခံခြင်း၊ ခင်ခင်လေး ချစ်မေတ္တာပျက်ပြား မုန်းတီးစေရန် ပြုမူပြောဆိုခဲ့ခြင်း၊ ကိုစောအောင်နှင့် မေတ္တာမျှအောင် ကိုယ်တိုင် ကြိုးစားပေးခြင်းနှင့် ကိုမျိုးခိုင်နှင့် လူသုံး ယောက်တို့ ငွေပေးငွေယူပြောဆိုပုံကို ဖခင် ဦးထွန်းသစ်မြင်ခဲ့ကြားခဲ့ခြင်းတို့ကို ဆက်စပ်တွေးတောမိလေ သည်။ ခင်ခင်လေး၏ မျက်နှာသည် မှိုင်းညို့ လာသည်။ ကိုမျိုးခိုင်၏ လက်ရေးကဗျာစာရွက်ကို စူးစူးစိုက်စိုက် ကြည့်နေရာမှ ...
" မြတောင်သူကြောင့် ဆွေးပူမအေး၊ နောင့်ညီလေးကား၊ ကျေးဇူးတော်ရှင်၊ သက်သခင်မို့၊ မျက်ရှင်မြသွေး၊ ခင်ခင်လေးနှင့် ချစ်ရေးညီအောင်၊ နောင်ကြံဆောင်ခဲ့ "
ဟူသော အပုဒ်ကို ကြေကွဲစွာ တစ်လုံးချင်း ရွတ်ဆိုလိုက်၏။
" အစ်ကို့ကဗျာက အသက်ပါလိုက်တာနော် ခင်လေး "
ကိုစောအောင်က လှိုက်လှိုက်လှဲလှဲပြောကာ ခင်ခင်လေး၏ မျက်နှာကို ကြည့်လိုက်သည်။ ခင်ခင်လေးက မှိုင်းညို့သောမျက်နှာ၊ မျက်ရည်ရစ်ဝိုင်းသော မျက်လုံးဖြင့် ကဗျာစာရွက်ကို ကြည့်နေရာမှ ...
" ကဗျာထဲပါတဲ့ မြတောင်သူဆိုတာ ကိုစော တစ်ခါက ပြောခဲ့တဲ့ သီးခြားကမ္ဘာလေး တစ်ခုက ခင်လေး ရုပ် ရည်မျိုးပေါ့နော် "
ဟု ငိုသံပါကြီး ဖြင့် မေးလိုက်၏။
" ဟုတ်တယ် ခင်လေးရဲ့၊ ဒါကြောင့် ညီလေး စိတ်ချမ်းသာအောင် မြတောင်သူနဲ့တူတဲ့ ခယ်မလေးကို သူကိုယ်တိုင် ရှာပေးခဲ့တာပေါ့ "
နောက်ကြောင်းရာဇ၀င်ကို ဘာမှမသိသော ကိုစောအောင်က ခင်ခင်လေး၏ အမေးကို ဖြေလိုက်သည်။ ခင်ခင်လေး၏ မျက်လုံးတွင် ဝေနေသော မျက်ရည်မှာ ပါးမို့မို့ပေါ်သို့ ဖြည်းညင်းစွာ ကျလာလေသည်။
" အို ခင်လေး ဘာကြောင့် မျက်ရည်ကျရတာလဲကွယ်၊ ဟင် ... ကိုစောကို ပြောပြပါဦး ခင်လေး "
ကိုစောအောင်က ပျာပျာသလဲ ယုယစွာမေးလိုက်၏။
အစ်ကိုမျိုးခိုင်ရဲ့ ကဗျာကိုဖတ်ရတာ ခင်လေး ၀မ်းနည်းတယ်၊ အစ်ကို့ကို ခင်လေး အထင်သေးခဲ့တယ်နော် "
ခင်ခင်လေးက ပြောရင်းငိုလိုက်သည်။
" တိတ်ပါကွယ် ခင်လေး၊ စမ်းကြီးတောရဆိုတာ ပဲခူးနားတင်ပါ၊ ကိုစော လိုက်ပို့ပေးပါမယ် "
ကိုစောအောင်က လက်ကိုင်ပ၀ါဖြင့် ခင်ခင်လေး၏ မျက်ရည်များကို သုတ်ပေးကာ ချော့မော့ ယုယလိုက်၏။ ခင်ခင်လေးသည် ငြိမ်သက်စွာ တွေဝေငေးမော တွေးတောနေသည်။ ကိုစောအောင်ကို စွန့်ခွာ၍ ကိုမျိုးခိုင် ထံပြန်လျှင် ဖြစ်နိုင်ပါမည်လောဟု တွေးလိုက်သောအခါ သူတော်ကောင်းဘောင်အတွင်း ၀င်ရောက်ကာ ဘုရားသားတော်အဖြစ်ဖြင့် မြင့်မြတ်သော ရဟန်းတစ်ပါးအား ဖျက်ဆီးရမည့်အရေးသည် ရင်လေးဖွယ် ကောင်းလှပေသည်ဟု စဉ်းစားကာ ထိတ်လန့်သွားရှာသည်။ စကားလွန်ထားကာ လူကြီးမိဘများပင် သိပြီး ဖြစ်နေသော ကိုစောအောင်အဖို့မှာလည်း ဖခင်ကြီး၏ အသက်သခင် ကျေးဇူးရှင်လည်းဖြစ်၊ မိမိကိုယ်တိုင် ကလည်း ကိုမျိုးခိုင်ကို အထင်သေးစွာ စွန့်ခွာပြီး ရွေးချယ်ထားသူဖြစ်၍ ကိုစောအောင်ကို ရှောင်ဖယ်၍မ ဖြစ်နိုင်ကြောင်းကို သိသည်။
မိမိကိုယ်တိုင်က လော်လီဖောက်ပြား၍ ဖြစ်ရခြင်း မဟုတ်ဘဲ အရင်းခံ အကြောင်းရင်းကို တွေးလိုက်သော အခါ အသက်ပေးချစ်ကြသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့၏ ကြီးမားလှသော ခင်မင်တွယ်တာမှုကို ကောင်းစွာ သဘောပေါက်လာတော့၏။
မိမိနှင့် ကိုမျိုးခိုင်တို့ အကြောင်းကို ဘာမှမသိရှာသော ကိုစောအောင်အား စိတ်ဆင်းရဲမှု မဖြစ်စေလိုတော့ ပေ၊ ခင်ခင်လေးသည် မျက်စိကို စုံမှိတ်ကာ ဦးခေါင်းကို မသိမသာ ခါယမ်းလိုက်၏။ ရင်တွင်းမှ အဆွေးတွေကို မှုတ်ထုတ်လိုက်သည့်အလား သက်ပြင်းချလိုက်ပြီး ...
" အစ်ကို ကိုမျိုးခိုင်ထံ ဘယ်တော့ လိုက်ပို့ပေးနိုင်မှာလဲ ကိုစော" ဟု အသံအက်အက်ဖြင့် မေးလိုက်၏။
" ခဲအိုတော် ရဟန်းကြီးကို သိပ်ဖူးချင်နေပြီထင်တယ် "
ကိုစောအောင်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
" သူ့ကဗျာကို ဖတ်ရတာ ခင်လေး သိပ်သနားနေတယ် ကိုစော၊ အစ်ကိုကို ခင်လေး အထင်မှား အမြင်မှား ဖြစ်ခဲ့တာ တောင်းပန်ချင်လို့ပါ "
" မကြာခင် ပို့ပေးပါ့မယ် ခင်လေးရယ်၊ နက်ဖြန် အဖေ့ကို ခေါ်လာပြီး လူကြီးချင်း တိုင်ပင်ဆွေးနွေး၊ လက်ထပ်ဖို့ အစီအစဉ် အားလုံး တိုင်ပင်ပြီးမှ ကိုစော အဖေရော ... ခင်လေး အဖေကိုရောခေါ်ပြီး အစ်ကို့ဆီကို တစုတဝေး သွားကြ တာပေါ့၊ ကိုစောပြောတာ သဘောတူရဲ့လား "
ခင်ခင်လေးသည် တစ်ဖက်သို့ ငေးနေရာမှ ကိုစောအောင်၏ မျက်နှာကို ရီဝေသော မျက်လုံးဖြင့်ကြည့်ကာ ဦးခေါင်း ကို ဖြည်းလေးစွာ ညိတ်လိုက်ရင်းက စိတ်တွင်းမှ ...

မြတောင်သူ့ကြောင့်၊ ဆွေးပူမအေး၊ နောင့်ညီလေးကား၊ ကျေးဇူးတော်ရှင်၊ သက်သခင်မို့၊ မျက်ရှင်မြသွေး၊ ခင်ခင်လေး နှင့်၊ ချစ်ရေးညီအောင်၊ နောင်ကြံဆောင်ခဲ့။
ဟူသော ကဗျာကို ကိုမျိုးခိုင်ကိုယ်တိုင် ကြေကွဲစွာ ရွတ်ဆိုပြနေသကဲ့သို့ ထင်ယောင် ကြားယောင်လိုက်မိ ရှာလေသည်။
မ၀င်းမြင့်
ပြီးပါပြီ
.
-------------------------
7 comments:
ကျေးဇူးတင်ပါတယ်ခင်ဗျာ ...ပြီးတဲ့ အထိ စောင့်ဖတ်ပီး အားပေးခဲ့တာပါ ။
နောက်လဲ ဒီလိုစာမျိုးတွေ ဆက်လက်ရိုက်တင်ပေးပါဦး ။
ဇာတ်သိမ်းပိုင်းလေးကောင်းပါတယ်။ကျေးဇူးသိတတ်ခြင်းဟာမင်္ဂလာပါ။အမြဲအားပေးလျှက်
အန်တီဦး
အမရေ.. ပုံမှန် စာဖတ်သူတယောက်ပါ။ ကျေးဇူး အများကြီးတင်ပါတယ်။
ကျေနပ်ဖွယ်ဇာတ်သိမ်းလေးပါ....ဖြစ်စေချင်တာကတမျိုးပေမယ့် ကျေနပ်ပါတယ်လေ..အမှန်တရားကိုသိမြင်သွားတဲ့ခင်ခင်လေး ကိုလည်းလေးစားပါတယ်..စာရိုက်တင်ပေးကြတဲ့အစ်မတွေကိုလည်း လေးစားပါတယ်...ကျေးဇူးအရမ်းတင်တယ်လို့ပြောပါရစေနော်..။ ပျော်ရွှင်ကြပါစေ(ချင်းကလေး)
ဇာတ်လမ်းလေးဆုံးသွားပြီ။ တကယ်တော့ ကိုစောအောင်ဟာ ခင်ခင်လေးကို ဘုရင်မကိုယ်စား အစားထိုး ချစ်ခဲ့တာမို့ ခင်ခင်လေးက ကိုမျိုးခိုင်နဲ့ ပိုလိုက်ဖက်တယ်။
တကယ်တော့လည်း ဆန္ဒနဲ့ ဘဝဟာ တစ်ထပ်တည်း မကျနိုင်ပါဘူးလေ။
စိတ်ရှည်စွာနဲ့ ဝတ္ထုရှည်လေး မျှဝေပေးခဲ့တာ ကျေးဇူးကမ္ဘာပါ ညီမရေ။
မေတ္တာဖြင့်
အန်တီတင့်
Thanks so much for typing the whole book and sharing..
I'm a regular daily reader of this story...
Thanks again!
Cheers,
Post a Comment