အလွမ်းဒုက္ခ၊ သမုဒယတရား၊ အရိယသစ္စာနဲ့ ပုထုဇဉ်
လောကကြီးဟာ အလွမ်းတွေနဲ့ ပြည့်နေတာပါကလား။
ဒီအလွမ်းတွေဟာ ဒုက္ခစစ်စစ်တွေ။
အဲဒီဒုက္ခကလဲ ချစ်ခြင်းသမုဒယ မြစ်ဖျားခံလာတာ။
ချစ်သူနဲ့ ကွေကွင်းရခြင်းအလွမ်း။
ချစ်သူနဲ့ ကွေကွင်းရခြင်းဒုက္ခ။
အရိယသစ္စာ အရိယသစ္စာ။
အရိယာမဖြစ်သေးသမျှ ဒီဝဲထဲမှာ တလည်လည်။
အရိယာမဖြစ်သေးတဲ့ ဘဘဦးသုခလဲ အလွမ်းလေးနဲ့ပါလား။
မှတ်မှတ်ရရ။ ၁၉၈၂-ခုနှစ်၊ ကထိန်ရာသီ။
နေရာက စစ်ကိုင်းတောင်ရိုး၊ အနုရုဒ္ဓါချောင်။
အနုရုဒ္ဓါဆရာတော် ဦးသောဘိတ (ဆရာတော်ရွှေကိုင်သား)ရဲ့ ချောင်မှာ ကထိန်ခင်းပါတယ်။

ကထိန်ဒယက ဒါယိကာမကတော့ လူထုဦးလေးနဲ့ လူထု ဒေါ်ဒေါ်တို့ပါဘဲ။ တန်ဆောင်မုန်းလရဲ့ ပထမဆုံး တနင်္ဂနွေနေ့ဟာ လူထုမောင်နှံရဲ့ ကထိန်နေ့ပါဘဲ။ ဦးလေးဆုံးပြီး တာမှ ၃လလောက် ရှိဦးမှာပါ။ ဒီကထိန်ပွဲမှာ အလွမ်းသမားကြီး ဘဘဦးသုခလဲ တက်ရောက် ကြည်ညိုပါတယ်။ ရေစက်ချ အမျှဝေ ကထိန်အခမ်းအနားပြီးတဲ့အခါ ကျယ်ဝန်း သန့်ရှင်းတဲ့ ကျောင်းဝင်းကြီးထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ ဘဘနဲ့ ကျွန်တော်။ ဘဘရဲ့မျက်လုံးအစုံကို မှိုင်းမှိုင်းဝေေ၀။
"ဆရာရေ ကျွန်တော်နဲ့ ဦးလှ။" ဘုရား ဘုရား။ ဆရာတဲ့။ ကျွန်တော်တဲ့။ ဘဘဦးသုခက။ နိဝါတ တရား၊ နိဝါတ တရား။ ဟုတ်ပြီ။ ဘဘဟာ အရိယာ မဖြစ်သေးတဲ့ ပုထုဇဉ်။ သို့သော် ကလျာဏ ပုထုဇဉ်။ ဟုတ်ပြီ။ "ကျွန်တော်နဲ့ ကိုလှ မန္တလေးမှာ လမ်းလျှောက်သွားကြ တော့ ချစ်တီးထမင်းဆိုင် တစ်ဆိုင်ကို တွေ့ရော"
"ကိုလှ လာဗျာ ထမင်းစားရအောင်" "ဟာဗျာ ဖက်ကြီးနဲ့ ..." "ဘ၀တယ်မေ့တဲ့လူပါလား။" "ဒီစကားတောင် ကောင်းကောင်းမဆုံးလိုက်ပါဘူး။ ကျွန်တော့်လက်ဆွဲတဲ့ပြီး ဆိုင်ထဲဝင် ဖက်ခင်း၊ ဒူးထောင် ပေါင်ကားနဲ့ စားလိုက်ကြတာ။ ဟား ဟား ဟား ဟား ဟား ..." ဘဘရယ်သံဟာ ပျော်တာ မဟုတ်ဘူး၊ လွမ်းတာ။ လွမ်းတဲ့ အသံ။ ဦးလေးကိုလွမ်းတဲ့ အသံ။
"ကျွန်တော်ပြောလိုက်တဲ့ ဘ၀တယ်မေ့တဲ့လူပါလားဆိုတဲ့ စကားရဲ့အဓိပ္ပာယ် ကျွန်တော် ရှင်းပြမယ်" ဘဘဦးသုခ ဟိုးဝေးဝေးကြီးကို ငေးလို့။ ဘဘမှာ အမြင်အာရုံ မရှိလောက်တော့ဘူး။ ဝေးဝေးကြီး ကြည့်နေတာဟာ ဝေးဝေးကြီးတုန်းက ဘ၀ကြမ်းကြမ်းတွေဆီ ပြန်ရောက်နေတာ။
"ကျွန်တော်တို့နှစ်ယောက်ရဲ့ငယ်ဘ၀။ ငတ်ခဲ့တယ်ဗျာ။ တစ်ခါ တစ်ခါ ဘယာကြော်လေး တစ်မူးဘိုးနဲ့ ၂ယောက်သား ရေအ၀သောက် အိပ်ရတဲ့ညတွေ၊ တစ်ခါတစ်ခါ ပတာနီလေး ၁၀ပြား ဘိုး။ ပြောရအုံးမယ်ဗျာ။ မနက်အစောကြီး လက်ဖက်ရည်သောက်စရာမရှိ၊ သောက်လဲသောက်ချင်၊ ကိုလှ ခင်ဗျား ဒီလမ်းသွား၊ ကျွန်တော်က ဒီလမ်းသွားမယ်။ ရိုင်းရိုင်းပြောရရင် အမဲရှာရတာလေ။ တွေ့တော့ လက်ဖက်င်္ရည်ဆိုင်ဝင်။ သူလဲလူရရင် သူ့လူနဲ့သူ၊ မရရင် သုံးယောက်ပေါင်း။ ပထမဆုံးက ဆေးပေါ့လိပ် တစ်နေ့စာ အရင်ယူ။ ပြီးမှ မုန့်နဲ့လက်ဖက်င်္ရည်။ ကျွန်တော်တို့က လေတွေပစ်၊ လူအားတွေကိုး။ ဧည့်သည်က လုပ်စရာ အလုပ်နဲ့။ ငွေရှင်းမယ်ဆိုပြီး ငွေရှင်း၊ နှုတ်ဆက်ထွက်သွား။
အား မနက်စာ တရက်တော့ ဟုတ်သွားပေပြီပေါ့။ ချစ်တီးထမင်းဟာ ကျွန်တော်တို့ရဲက နတ်သုဒ္ဓါလေ ..." ဘဘတို့နှစ်ယောက် ဥာဏ်ရှိရှိ၊ ၀ီရိယရှိရှိ ကြိုးစားလာလိုက်ကြတာ တစ်ယောက် က လူထုဦးလှ၊ ကျန်တစ်ယောက်က ဘဘဦးသုခ။
ကျွန်တော် ဘဘဆီကြားလိုက်ရတဲ့ စကားတွေကို ပြန်ပြောချင်လွန်းလို့ ပြောလိုက်ပါပြီ။ ကျွန်တော့်ရဲ့ ခံစားချက်တွေကို ဘာမှ မပြောတော့ပါဘူး။ ခင်ဗျားတို့ကကော ဘယ်လိုများ ခံစားကြရပါသလဲ ...။
ဦးလေးနဲ့ ဘဘကို လွမ်းတဲ့
တူလေး
နောင်ဝဏ္ဏ
ဘဘဦးသုခကတော့ တစ်မျိုးခင်ဗျ။ ကုလားထိုင်နဲ့ထိုင်၊ ကွမ်းယာတစ်ယာပြီး တစ်ယာ ၀ါးရင်း သရုပ်ဆောင်ပုံ၊ စကားပြောပုံတို့ကို ကိုယ်တိုင်လုပ်ပြတယ်။ အဲဒီအတိုင်း သရုပ်ဆောင်တွေက လိုက်လုပ်ရတယ်။
တစ်ခါက အမေကြည် (ဒေါ်ကြည်ကြည်ဌေး)နဲ့ ရိုက်တုန်း ဘဘဦးသုခက သင်တာ ဒေါ်ကြည်ကြည်ဌေး သေသေချာချာ တိတိကျကျ လိုက်မလုပ်နိုင်တော့ ...
"အကယ်ဒမီ ရွှေကြည်တဲ့ ဘယ်လိုလုပ်ပြီးများ အကယ်ဒမီရနေ၊ xxx အကယ်ဒမီ" စသဖြင့် ငေါ့တော့တော့ ပြောပြီး ၀ါးနေတဲ့ ကွမ်းကို "ဗြစ်"ခနဲ ထွေးပစ်လိုက်တယ်ခင်ဗျ။
အဲ ... ဘဘဦးသုခ ကားရိုက်ရင် အနားမှာ ကွမ်းထွေးဖို့ ထွေးခံ အဆင်သင့်ထားရတယ်။ နောင်တစ်ချိန်မှာ "ခါးကုန်းမောင်မောင်" လို့ ကျော်ကြားမယ့် သရုပ်ဆောင်ကြီး က ကွမ်းထွေးခံကို အဆင်သင့် လုပ်ထားတယ်။ ဘဘဦးသုခ ကွမ်းထွေးတော့မယ့် ဟန်ပြင်တာနဲ့ ထွေးခံထိုးပေးရတယ်။
တစ်ခါတော့ ဘဘ က ဒေါပွပွနဲ့ ကွမ်းထွေးဖို့ ဟန်ပြင်တယ်။ ခါးကုန်းဦးမောင်မောင် က ထွေးခံ ကို ချက်ချင်းထိုးခံ မပေးနိုင်တာနဲ့ သူဆောင်းထားတဲ့ ဦးထုပ်ကို ပက်လက်လှန်းပြီး ကွမ်းထွေးခံ အဖြစ် ထိုးပေးလိုက်တယ်။ ဘဘကထွေးခံအမှတ်နဲ့ပဲ ထွေးချလိုက်တယ်။ ခါးကုန်းဦးမောင်မောင်ရဲ့ ဦးထုပ်ဟာ ထွေးခံဘ၀ပြောင်းသွားရပါတော့တယ်။ အဲ ... ဘဘဦးသုခ စိတ်ဆိုးပြီဆိုတဲ့ သင်္ကေတ ကတော့ ကွမ်းကို ရိုးရိုးဝါးရာကနေ ခပ်ကြိတ်ကြိတ် ဖိဝါးလိုက်တာပါပဲ။
ကွမ်းကို အံကြိတ်ဝါးပြီဆိုရင် တုတ်တုတ်မှ မလှုပ်လေနဲ့ လှုပ်ရင်နာပြီ မှတ်ပေတော့ပဲ။
ဘဘရဲ့ နည်းတစ်ခုက ဆန်းပြားတယ်ခင်ဗျ။ အစ်ကို ဇော်လွင်ကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ဘဘကခေါ်ပြီး "ဇော်လွင် မင်းငါနဲ့ ကားရိုက်မယ်ဆိုရင် ဓမ္မစကြာကို ဌာန်းကရိုဏ်းကျကျ အလွတ် ကျက်"တဲ့။ တရားလည်းရွတ်ဆိုဖြစ်၊ ဌာန်းကရိုဏ်းကျကျလည်း ပြောတတ်ဆိုတတ် ဖြစ်လာရမယ် ဆိုတဲ့ သဘောဖြစ်ပါလိမ့်မယ်။
ပါဠိကို ဌာန်းကရိုဏ်းကျကျ ရွတ်ဆိုတတ်ပြီဆိုရင် မြန်မာစကားပြောတဲ့အခါ ပီပီသသ ပြတ်ပြတ်သားသား ပြောနိုင်ပြီပေါ့။
အဲဒီနည်းကို ကျွန်တော် ပြန်သုံးကြည့်တယ်။ တော်တော် အဆင်ပြေတဲ့ သင်နည်းပါပဲဗျာ။
ခုခေတ်မင်းသားငယ်၊ မင်းသမီးငယ်တွေကျတော့ ပါဠိဂါထာတွေ ရွတ်ခိုင်းရင် အခက်အခဲ ကြီးနဲ့ တွေ့နိုင်တယ်။ သည်တော့ ကျွန်တော်က ဒိုင်ယာလော့ခ်ဘက်မှာ အားနည်းတဲ့ မင်းသား မင်းသမီးငယ်တွေကို "က၊ ခ၊ ဂ၊ ဃ၊ င" အစရှိတဲ့ ဗျည်းသုံးဆယ့်သုံးလုံးကို ဌာန်းကရိုဏ်းကျကျ ရွတ်ခိုင်းတယ်။ လိုက်နာလေ့ကျင့်တဲ့ မင်းသား မင်းသမီးငယ်တွေ ဒိုင်ယာလော့ခ်ပြောတာ သိသိ သာသာ တိုးတက်လာပါတယ်။
တစ်ခါက ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ကျွန်တော်က ဘဘကို သွားနှုတ်ဆက်တယ်။ ကျွန်တော်နဲ့အတူ ကိုပါ (ဒါရိုက်တာ အကယ်ဒမီးငါးဆုရှင် မောင်တင်ဦး)လည်း ကျွန်တော်နှင့် အတူတူ ဘဘဦးသုခကို နှုတ်ဆက်ပါတယ်။ ကျွန်တော့်အသံကြားတာနဲ့ ဘဘက "၀ဏ္ဏလားကွ" လို့ တန်းပြောတာပဲ။ အဲဒီအချိန်မှာ ဘဘက အမြင်အာရုံချို့တဲ့နေပြီ။ အကြားအာရုံကတော့ သိပ်ထက်ပါတယ်။ ဗလ(သုမောင်)ရဲ့ အသံနဲ့ ကျွန်တော့်အသံက ခပ်ဆင်ဆင်၊ အဲဒါကို ဖျတ်ခနဲ ခွဲခြားနိုင်ပါတယ်။
ကိုပါ (မောင်တင်ဦး)က နှုတ်ဆက်တော့လည်း "မောင်ပါ" တန်းသိတာပါ။ အဲဒါဘေးနား လူတစ်ယောက် "ကိုဝဏ္ဏ နဲ့ ကိုတင်ဦး ဘယ်သူကပိုတော်သလဲ ဘဘ" လို့ မေးပါလေရာ။ သည်မေးခွန်းက အဖြေရကြပ်တယ်။ တစ်ယောက် တစ်မျိုးစီပေါ့ ကွာဆိုရင်လည်း သာမန်အဖြေမျိုး ပဲ ဖြစ်မယ်။ ဘဘဦးသုခပြန်ဖြေတဲ့အဖြေက ... "မြွေမြွေချင်း ခြေမြင်တယ်ကွ" တဲ့။ အလွန်ပိရိတဲ့ အဖြေပါပဲ၊ ပညာသားလည်း သိပ်ပါပါတယ်။
ဟောပြောပွဲတွေ အတူတူသွားရတဲ့အခါ ဘဘဦးသုခက လမ်းတစ်လျှောက် စကားစပ်မိ စပ်ရာ ပြောပြ တာတွေဟာ ကျွန်တော့်အဖို့တော့ ရုပ်ရှင်တက္ကသိုလ်ကြီးတစ်ခုကို တစ်ယောက်တည်း သော ကျောင်းသား အဖြစ်နဲ့ တက်ခဲ့ရသလိုပါပဲ၊ ဘဘဦးသုခဟာ သူ့ဆုံးရှုံးမှုတွေ၊ မိုက်မဲမှုတွေကို အရင်းအတိုင်း ပွင့်ပွင့် လင်းလင်းပြောပြရတဲ့ ပုဂ္ဂိုလ်ပါ။ နောင်လာ နောက်သားတွေ မမှားစေချင်တဲ့ စေတနာဖြစ်ပါလိမ့်မယ်။
"ငါ့ကို ခုကြည်ညိုနေတဲ့သူတွေ ကြည်ညိုနေကြတယ်။ တကယ်တော့ ငါဟာသိပ်မိုက်ခဲ့တဲ့ သားဆိုးပဲကွ၊ ငါ့ သားသမီး တွေအတွက်လည်း ၀တ္တရားသိပ်ကျေခဲ့တာ မဟုတ်ပါဘူး" ဆိုတဲ့ စကားမျိုး မကြာမကြာ ပြောလေ့ ရှိပါတယ်။ ဒါကြောင့် ဘဘဟာ "အမေ" ကိစ္စမှာ ထိထိခိုက်ခိုက် ခံစားခဲ့ရရှာပါတယ်။ ဘဘရဲ့ "အမေ"နဲ့ ပတ်သက် တဲ့ ဟောကြားချက်တွေကို နားထောင် ကြည့်ရင် ဘဘကိုယ်တိုင် ဘယ်လောက်စိတ်ထိခိုက် သလဲ ဆိုတာ ပေါ်လွင်နေပါတယ်။
ထိုနည်းလည်းကောင်းပဲ၊ အိမ်ထောင်ရေးမှာ တာဝန်မကျေခဲ့ပုံတွေကို ပွင့်ပွင့်လင်းလင်း ၀န်ခံ ပြောကြား ရှာပါတယ်။ အခု ဘဘ မမောပါဘူး။ "ဘာမှ မလုပ်နိုင်တော့ရင် သေသွားတာ ကောင်းပါတယ်" လို့ ပြောသံကြားရတယ် ခင်ဗျာ။
ဒါပေမယ့် ဘဘမကွယ်လွန်မီမှာ ပြောသမျှစကားတွေဟာ တန်ဖိုးရှိတာချည်းပဲ ဖြစ်ပါလိမ့် မယ်။ သိသူဖော်စား မသိသူ ကျော်သွား သဘောပေါ့။
သည်စာမူ ပြန်စစ်နေတုန်း ၇-၁၁-၂၀၀၅မှာ ဘဘဦးသုခ ကွယ်လွန် ရှာပါပြီ)
မောင်ဝဏ္ဏ

ဘဘ ဦးသုခ

ဆက်ရန်
.
No comments:
Post a Comment