အခန်း (၉)
နောက်တစ်နေ့ မနက်တွင် ကျွန်တော့်ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။ ပီပီပြင်ပြင်တော့ မဟုတ်၊ ၀ိုးတ၀ါး မျှသာ။ သို့သော် ကျောင်းသွားရင်း တစ်လမ်းလုံး ဒါကိုပင် ကျွန်တော် စဉ်းစားလာခဲ့၏။
စုဝေးခန်းမမှ ပြန်လာပြီး အတန်းထဲတွင် သူတို့တစ်တွေ နေရာယူကာ ငြိမ်စပြုချိန်။ နည်းနည်းတော့ ပြင်း ထန်မည်။ သို့သော် ဆက်လုပ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်၏။ ဘာမှ နိဒါန်းမပျိုးတော့ဘဲ -
" မင်းတို့ရဲ့ အတန်းပိုင် ဆရာတစ်ယောက်အနေနဲ့ ပြောမယ်။ သည်အတန်းနဲ့ပါတ်သက်တဲ့ ဆရာ့ အစီအစဉ် တွေကို မင်းတို့အားလုံး သိထားဖို့ သင့်တယ်လို့ ဆရာ ထင်တယ်"
အသံကို အတတ်နိုင်ဆုံး ကြိုးစားပြီး ကြည်လင်ချိုသာအောင်တော့ ကျွန်တော် ပြောသည်။
" ခုချိန်ကစပြီး ဆရာ စာသင်နေတုန်းမှာ ကြားဝင်နှောင့်ယှက်တာ ဆရာ လက်မခံတော့ဘူး၊ ဆရာ သင်ပြီး လို့ မင်းတို့ နားမလည်တာရှိရင် ထ မေး။ ထ ဆွေးနွေး၊ ဆရာလည်း မင်းတို့ကို အနှောင့်အယှက် မပေးဘဲ လေးလေး စားစား နားထောင်မယ်၊ ဟုတ်ပြီလား "
ပြောရင်း ကျွန်တော် အကဲခတ်သည်။ သူတို့ ငြိမ်နေကြ၏။ အသောင်းကျန်းဆုံး ဒင်ဟန်ပင်ရှေ့သို့ကိုင်းကာ နားထောင် နေသည်။
" ဆရာ့အလုပ်က မင်းတို့ကို စာသင်ဖို့ပဲ၊ ဒီတော့ ဆရာ့အလုပ်ကို ဆရာဖြစ်အောင် လုပ်ရလိမ့်မယ်၊ မင်းတို့ စိတ်ဝင်စားအောင် ဆရာ အတတ်နိုင်ဆုံး ကြိုးစားသင်မယ်၊ မင်းတို့ နားမလည်ရင် ဒါမှမဟုတ် သဘောမကျ ရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြ၊ ဆရာ ၀မ်းသာစွာ ကြိုဆိုမယ်။
" နောက်ခြောက်လဆိုရင် မင်းတို့ ဒီကျောင်းကအောင်ပြီး အလုပ်ခွင်ဝင်ကြတော့မယ်၊ အဓိပ္ပာယ်က မင်းတို့ တစ်တွေ မကြာခင် လူကြီးတွေဖြစ်ကြတော့မယ်။ ဒီတော့ ခုကစပြီး မင်းတို့ကို ဆရာ ကလေးတွေအနေနဲ့ မဆက်ဆံတော့ဘူး။ ကျောင်းသူတွေကိုရော ကျောင်းသားတွေကိုပါ လူရွယ်လူလတ်ပိုင်းတွေအနေနဲ့ ဆရာ ဆက်ဆံမယ်။ မင်းတို့ အချင်းချင်းလည်း အဲဒီအတိုင်းဆက်ဆံရမယ်။ မင်းတို့ တစ်တွေ ကလေးဘ၀က လွန် မြောက်လာပြီဆိုရင် ... "
ထိုစဉ် အခန်းတံခါး ၀ုန်းခနဲ ပွင့်လာပြီး ပါမလာဒဲယား ဒရောသောပါး ပြေးဝင်လာသည်။ အလွန့်အလွန် နောက်ကျနေပြီဖြစ်၍ အမောတကော ပြေးလာရဟန် တူ၏။ ကျွန်တော် စကားဆက်သည်။
" ဥပမာ - အခန်းတစ်ခန်းထဲကို ၀င်တဲ့နေရာမှာ နှစ်နည်းရှိတယ်။ တစ်နည်းက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ သိက္ခာရှိရှိ ၀င်တဲ့နည်း၊ နောက်တစ်နည်းက ပုံပျက်ပန်းပျက် ၀ုန်းဒိုင်းကျဲ ၀င်တဲ့နည်း။ မစ္စဒဲယား က ဒုတိယနည်းနဲ့ အခန်းထဲ ၀င်လာတယ်၊ ပထမနည်းနဲ့လည်း သူဝင်တတ်မယ်လို့ ဆရာ ထင်ပါ တယ်၊ တစ်ဆိတ် ပြန်လုပ်ပြပါလား မစ္စဒဲယား "
ဘာကြောင့် ကောက်ခါငင်ခါ ကျွန်တော် ဒီလိုပြောလိုက်မိကြောင်း ဒီနေ့ထိ စဉ်းစားမရပါ။ ကျွန်တော် အလေးအနက် ပြောနေတုန်း သူဝင်လာပုံကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည်တော့ အမှန်။
အားလုံး သူ့ကို ၀ိုင်းကြည့်နေကြသည်။ ကျွန်တော် ခိုင်းသည့်အတိုင်း သူ လုပ် မလုပ် သိချင်ဇောနှင့် စောင့် ကြည့်နေကြခြင်းဖြစ်၏။ ကလေးမ မျက်နှာ နီရဲနေသည်။
" ဘယ်လိုလဲ မစ္စဒဲယား "
ဒေါသဖြင့် သူ့မျက်လုံးတွေ မိးဝင်းဝင်း တောက်နေ၏။ သို့သော် မတ်တတ် ထပြီး အခန်းထဲမှ ပြန်ထွက်သည်။ ပြီးတော့ တံခါး ကို အသာပိတ်သည်။ အံ့သြခြင်းနှင့်အတူ ကျွန်တော့် ရင်ထဲမှ အလုံးကြီး ကျသွားသည်။
မိန်းကလေးက သိမ်မွေ့ယဉ်ကျေးသည့် ဆင်မယဉ်သာ ခြေလှမ်းများဖြင့် သူ့ခုံရှိရာသို့ လှလှပပကလေး လျှောက် သွား ပါလေ၏။
" ကျေးဇူးတင်ပါတယ် မစ္စဒဲယား၊ ဒီနေ့ကစပြီး ဆရာတို့အတန်းကို အတန်းနဲ့တူအောင် လုပ်မယ်၊ တစ်ယောက်နဲ့တစ်ယောက် ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံရမယ်။ ဆရာ့ကို ဆရာလို့ ခေါ်ချင် ခေါ်၊ နာမည် ခေါ်ချင်ခေါ်၊ ကြိုက်သလိုခေါ်နိုင်တယ်။ မိန်းကလေးတွေကို မစ္စထည့်ခေါ်ရမယ်၊ ယောက်ျားလေး တွေကို ရှေ့နာမည် မခေါ်ဘဲ မိသားစုနာမည် ထည့်ခေါ်ရမယ်၊ ဟုတ်ပြီလား"
ကျွန်တော့် စီမံချက်တွင် သည်အထိ မပါပါ။ အခြေအနေပေးသဖြင့် တစ်ဆက်တည်း ကျွန်တော့်နှုတ်မှ ထွက် သွားခြင်း ဖြစ်၏။ အလုပ်ဖြစ်ကောင်းပါရဲ့ဟု ကျွန်တော် မျှော်လင့်မိပါသည်။
ဒါကိုတော့ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ ပထမဆုံး ကန့်ကွက်သူ က ပေါ်တာ။
" အချင်းချင်း တွေပဲ၊ ဘာလို့ မစ္စတွေ ဘာတွေ လုပ်နေရမှာလဲ"
" မင်းနာမည်က ဘယ်သူလဲ "
" ပေါ်တာ "
" ပြန်ပြောပါ "
" ပေါ်တာပါ ... ဆရာ "
" ဆရာ " ဟု ထွက်လာဖို့ သူ့နှုတ်မှ တော်တော်ဝန်လေးနေကြောင်း ကျွန်တော် သတိထားမိလိုက်၏။
" ကျေးဇူးတင်ပါတယ် ပေါ်တာ၊ ကဲ ... လေးလေးစားစား သိက္ခာရှိရှိ ဆက်ဆံထိုက်တဲ့ ကျောင်းသူ ဒီအတန်း ထဲ မှာ မပါဘူးလို့ မင်းထင်နေလို့လား "
" ခင်ဗျာ ... "
" ဒီမိန်းကလေးတွေထဲမှာ နာမည်ရှေ့က မစ္စတပ်ခေါ်ပြီး တလေးတစား ဆက်ဆံသင့်တဲ့ ကျောင်းသူ မရှိဘူး လားလို့ ဆရာ မေးတာ "
မိန်းကလေး တစ်သိုက် ပေါ်တာ့ကို စူးစူးရဲရဲ ၀ိုင်းကြည့်ကြသည်။ ကျောင်းသူအားလုံး၏ မျက်စိဒဏ်ကို မခံနိုင် သလို ပေါ်တာ အမြီးကုပ်သွားသည်။
" မရှိပါဘူး ... ဆရာ "
" မင်း တစ်ခု မှတ်ထားဖို့ ဆရာ ပြောမယ်၊ လူမှုဆက်ဆံရေးမှာ ယဉ်ကျေးမှုဆိုတာ မင်းက ပေးရင် မင်းဆီကို ပြန် လာတယ် "
စားပွဲကို ပတ်လျှောက်ပြီး ကုလားထိုင်တွင် ကျွန်တော် ၀င်ထိုက်လိုက်သည်။ ခုချိန်ထိတော့ သူတို့ စိတ်ဝင်စားမှုကို ကျွန်တော် ဆုပ်ကိုင်ထားနိုင်သေးသည်။ စိတ်ပါလက်ပါ နားထောင်နေကြ၏။ ကျွန်တော့် စကားလုံး တိုင်း ကို နားလည်ရဲ့လားတော့မသိ။ သို့သော် ကျွန်တော့် ဦးတည်ချက်ကိုတော့ သူတို့ ကောင်း ကောင်း သိပုံရသည်။
" နာက်တစ်ချက်ကတော့ အတန်းရဲ့ အကျင့်စာရိတ္တ။ ပထမကျောင်းသူတွေကို ပြောမယ်၊ မင်းတို့ နားလည် ထား ရမှာက မကြာခင်အချိန်အတွင်းမှာ မင်းတို့ တစ်တွေကို အမျိုးသားတွေက အမြတ်တနိုးဆက်ဆံကြ တော့မယ်၊ ဒီတော့ မင်းတို့ဟာ တန်ဖိုးရှိအောင်၊ သိက္ခာရှိအောင်၊ မြတ်နိုးလေးစားစရာ ကောင်းအောင် နေ တတ်ကြ ဖို့ လိုတယ်။
" မင်းတို့ရဲ့ သိက္ခာအတွက် ဆရာတို့ ဂုဏ်ယူချင်တယ်၊ အဲဒါက မင်းတို့ ကိုယ် မင်းတို့ ပြုပြင်မှ ဖြစ်မှာ။ တချို့ ကိစ္စ တွေမှာ မင်းတို့ မသိတာတွေ၊ မလုပ်နိုင်တာတွေ ရှိချင်ရှိမယ်။ အဲဒီအတွက် ဆရာ မစ္စက်ဒေးလ် အီဗန် ကို အကူအညီ တောင်းပြီးပြီ။ ဒီနေ့ အိမ်တွင်းမှုသိပ္ပံချိန်မှာ မင်းတို့ ဆရာမနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး နိုင်တယ်"
ကျွန်တော် သက်သက် စွတ်ပြောလိုက်ခြင်းဖြစ်၏။ ဆရာမကို ကျွန်တော် ဘာမှ မပြောရသေး။ နားချိန်ကျမှ ပြေး ပြောရမည်။
" ကဲ ... လူကြီးမင်းတို့ ကိစ္စ၊ ဆရာ ဆိပ်ကမ်းလုပ်သားတွေ၊ မြူနီစပယ် လုပ်သားတွေ အများကြီးမြင်ဖူး တယ်။ မင်းတို့ထက် အပုံကြီး သန့်ပြန့်တယ်၊ သေသပ်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာ မင်းတို့က ယောက်ျား မပီသဘူးများ အောက်မေ့နေကြသလား။ တစ်ခုတော့ရှိတယ်။ ကာယ၊ ဥာဏ၊ ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ဆိုရင်တော့ အဖိုးတန် အ၀တ်အစားမလိုဘူး။ သန့်သန့်ရှင်းရှင်း ၀တ်ဖို့ပဲ လိုတယ်။ ဆံပင်ပုံလည်း အဓိက မဟုတ်ဘူး။ သန်စွမ်းမှု ဆိုတာလည်း သတ္တိတို့၊ ရိုးသားခြင်းတို့၊ ရည်ရွယ်ချက် ကြီးမားခြင်းတို့ ဆိုတဲ့ စိတ်ရဲ့ အရည်အသွေးတွေပဲ၊ ကြွက်သားနဲ့မဆိုင်ဘူး။
" မကြာခင် မင်းတို့ ရည်းစားထားကြတော့မှာပါ။ ကောင်မလေးတွေက တကယ်ကြိုက်တော့မယ်ဆိုရင် ညစ်ပတ် နံစော် နေတဲ့ လူကို ကြိုက်မလား၊ သွားကလေးတွေ ဖွေးနေတဲ့၊ လက်သည်းကလေးတွေ လှနေတဲ့ လူကိုကြိုက်မလား "
ကျွန်တော် ခဏနားပြီး သူတို့ကို စဉ်းစားချိန် ပေးလိုက်သည်။
" မင်းတို့ အတန်းဟာ ဒီကျောင်းမှာ အမြင့်ဆုံးအတန်း၊ ဒါကြောင့် တို့အတန်းရဲ့ ဆောင်ပုဒ်ကို " ထိပ်တန်း "လို့ ပေးရမယ်။ တစ်ကျောင်းလုံးရဲ့ စံပြ ဖြစ်ရမယ်၊ အငယ်တွေရဲ့ မီးရှူးတန်ဆောင်ဖြစ်ရမယ်။ မင်းတို့ပြော သလို သူတို့ တစ်တွေ လိုက်ပြောကြလိမ့်မယ်။ မင်းတို့ လမ်းလျှောက်သလို လိုက်လျှောက်ကြလိမ့်မယ်။ မင်းတို့ ၀တ်သလို လိုက်ဝတ်ကြလိမ့်မယ်။
" သူတို့ကလေးတွေ လူတော်လူကောင်းဖြစ်အောင် ရှေ့ဆောင်လမ်းပြဖြစ်တဲ့ မင်းတို့မှာ အများကြီး တာဝန် ရှိတယ်။ မင်းတို့ကို အတော်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ဆရာတတ်နိုင်သမျှ ကူညီမယ်၊ အားပေးမယ်၊ ဆရာ မှားချင်မှားမယ်၊ မင်းတို့ဟာ ဒီကျောင်းရဲ့ စံပြအတန်းဖြစ်အောင် ဖန်တီးနိုင်တယ်လို့ ဆရာ ယုံတယ်။ အဲဒီလို ဖြစ်လာအောင်ကတော့ မင်းတို့အပေါ်မှာ လုံးဝ မူတည်တယ်။ ကဲ ... မေးစရာ ရှိကြသေးလား " လက်တစ်ချောင်း ထောင်လာသည်။
" မစ္စဂျိုးဇက်၊ ဘာများပါလိမ့်ကွယ်"
" ဆရာ ၀က်စတန် ကျတော့ ဘယ့်နှယ်ပြောမလဲ။ သူ့အ၀တ်အစားတွေ အမြဲညစ်ပတ်နေတာပဲ ဆရာ "
" အင်း ... ဆရာ " လို့တော့ လွယ်လွယ်ခေါ်စ ပြုကြပြီ။ မဆိုးပါဘူးဟု ကိုယ့်ကိုယ်ကိုယ် အားတင်းရ၏။
" မစ္စတာ ၀က်စတန် က ဆရာတစ်ယောက်ပဲ မစ္စဂျိုးဇက်၊ သူ့ကို ထည့်ဆွေးနွေးဖို့ မလိုဘူးလေ "
ဤတွင် မကျေနပ်သံတွေ တီးတိုးထွက်လာသည်။
" ဆရာက မင်းတို့ရဲ့ အတန်းပိုင် ဆရာလေ၊ ဝေဖန်စရာရှိရင် ဆရာ့ကို ဝေဖန်၊ တခြားလူကို မပုတ်ခတ်နဲ့၊ ဆရာ စီမံတဲ့အတိုင်း အကောင်အထည်ပေါ်မလာရင် ဆရာ့အပြစ်ပေါ့"
တိတ်ဆိတ်သွားပြန်သည်။ မနေ့က တိတ်ဆိတ်ပုံမျိုးတော့ မဟုတ်။ ကျွန်တော် အသက်ရှူချောင်စ ပြုလာ သည်။ နောက်ထပ် မေးခွန်း တက်မလာတော့သည်နှင့် ကျန်သည့် အချိန်ပိုင်းကို စဉ်းစားဖို့၊ ဆွေးနွေးဖို့ အချိန်ပေး လိုက်သည်။
သူတို့အချင်းချင်း တီးတိုးတိုင်ပင်နေကြသည်။ ကျွန်တော်က ထိုင်ပြီး အသာ စောင့်ကြည့်နေလိုက်၏။
အားလပ်ချိန် ခေါင်းလောင်းထိုးသည်နှင့် ဆရာများ အခန်းသို့ ကျွန်တော် ထွက်လာခဲ့သည်။ ကျွန်တော် စိတ်လိုက် မာန်ပါ လုပ်ခဲ့မိပုံကို ဆရာမ ဂရေ့စ်ဒေးလ်အီဗန်အား ပြောပြလိုက်သည်။ ဆရာမက သဘောကျပြီး ဆက်လုပ်ဟု မီးစိမ်းပြသည်။ လိုသည့် အကူအညီကိုလည်း ရစေမည်ဆို၏။
ထိုနေ့မှာ အခက်အခဲမရှိ ကုန်လွန်သွားသည်။ စိတ်ချမ်းသာစရာပင်။ အတန်းနှင့် ကျွန်တော် အသားကျစ ပြုလာ၏။ ဘာသာရပ်တိုင်းကို ကျွန်တော် အားကြိုးမာန်တက် သင်ကြားသည်။ သမားရိုးကျ နည်းလမ်း အတိုင်း မသင်ဘဲ သူတို့ကလေးတွေ စကားပြောကောင်းလာအောင်လည်း နည်းလမ်း အမျိုးမျိုးရှာပြီး သင် သည်။
သူတို့ နားမလည်သည့် စကားလုံးများကို ကျွန်တော် ဘယ်တော့မှ မသုံး။ နားမလည်တာပါလျှင်လည်း ကျေညက်အောင် ရှင်းလင်းသင်ပြသည်။ နားမလည်တာကို မေးဖို့၊ အားမနာဖို့လည်း ကျွန်တော် အမြဲတိုက် တွန်းသည်။
တဖြည်းဖြည်းနှင့် သူတို့အထဲတွင် သြဇာတိက္ကမအကြီးဆုံး ကျောင်းသားကို ကျွန်တော် လေ့လာသည်။ နောက်လိုက်အများဆုံးက ဒင်ဟန်။ ပေါ်တာက ဒင်ဟန့်လက်ရုံး ဖြစ်ဟန်ရှိ၏။ ဖာမင်နှင့် ဆီးလ်တို့ကတော့ တစ်ကိုယ်တော် သမားများ။ စားတော်သလောက် အဆော့မတ်ကြသည်။
မိန်းကလေးများထဲတွင်တော့ ပါမလာဒဲယားက ဗိုလ်။ သို့သော် နောက်လိုက် သိပ်မရှိလှ။ မျက်နှာထား ခပ် တင်းတင်း။ အတန်းထဲတွင် အတော်ဆုံးကျောင်းသူဖြစ်သည်။ သူ့အမူအကျင့်နှင့် အရည်အချင်းမှာ တခြားစီ။ မွိုင်ရာဂျိုးဇက် အနားတွင် ကျောင်းသူတွေ ၀ိုင်းနေတတ်သည်။ ကိုယ်လုံး သွယ်သွယ်၊ နှုတ်ချိုချို ကလေးမ တွင် ပင်ကို ဆွဲဆောင်မှုတစ်မျိုးရှိသည်ဟု ကျွန်တော်ထင်သည်။
သူတို့ လေးငါးယောက်ကို ကျွန်တော် စည်းရုံးနိုင်လျှင် တစ်တန်းလုံးကို စည်းရုံးပြီးသားဖြစ်မည်ဟု နားလည် လိုက်၏။
----------------------------------
ဆက်ရန်
.
1 comment:
အမရေ
သိပ်ကြိုက်တယ်
ဖတ်ရတာ အရသာရှိနေသလိုပဲ
Post a Comment