Monday, June 13, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၁၂)

ဤနေ့အဖို့ကား ဒေါ်ခင်မျိုး၏ ဝေဒနာသည် အဆိုးရွားဆုံးသော အခြေအနေသို့ ရောက်လာသည်။ ကိုမျိုးခိုင် သည် ဒေါ်မှုံ အား ဆရာဝန်အပင့်လွှတ်လိုက်ပြီး မိခင်နားမှမခွာဘဲ စောင့်ကြည့်နေ၏။
ဒေါ်ခင်မျိုးသည် မောရှာလွန်းသဖြင့် ရင်ကို လှိုင်းထဘိသကဲ့သို့ ပင့်ကာ ပင့်ကာ အသက်ရှူနေသည်မှာ မကြည့်ရက်စရာပင်ဖြစ်သည်။
ပြူးကြောင်သောမျက်လုံးများသည် ဝေဒနာမှ သက်သာရန် ခိုလှုံအားကိုးစရာရှာသည့်အလား၊ အခန်းတွင်း နေရာ အနှံ့အပြားကို လှည့်ပတ် ကြည့်ရှုနေရှာသည်။ ထိုသို့ လှည့်ပတ်ကြည့်ရှုနေသော်လည်း ဒေါ်ခင်မျိုး၏ မျက်လုံး များ မည်သည့်အရာကိုမျှ မြင်ဟန်မတူပေ။

ခုတင်ဘေး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး မိခင်မျက်နှာကို စိုးရိမ်ကြီးစွာ ကြည့်နေသော သားချစ် ကိုမျိုးခိုင် ကိုလည်း မြင်ဟန်မတူချေ။
" မေမေ "
ကိုမျိုးခိုင်က ငိုသံပါကြီးဖြင့် ခေါ်လိုက်သည်။ ဒေါ်ခင်မျိုး၏နှုတ်မှ သားအား ပြန်လည်ထူးသံကား ထွက် မလာချေ။
" မြတောင် က ကျိန်စာကိုတော့ ခင်မျိုး လွတ်ပါတယ် ကိုစော၊ သူ့ပစ္စည်းကို ခင်မျိုးမသုံးခဲ့၊ မစားခဲ့ပါဘူး "
ဒေါ်ခင်မျိုး ၏ နှုတ်မှ တစ်လုံးချင်းထွက်လာသော စကားဖြစ်သည်။

" မေမေ "
ကိုမျိုးခိုင်က ဒေါ်လိုက်ပြန်၏။
" ကိုစော သတ္တ၀ါတွေရဲ့ အသက်ကိုကယ်ဖို့ ဆေးပင်သွားရှာတဲ့ ကိုစောရယ်၊ ခင်မျိုးကို မကယ်နိုင်တော့ ဘူးလား "
မိခင်နှုတ်မှ တစ်လုံးချင်း ထွက်လာသော စကားသည် ကိုမျိုးခိုင်၏နားထဲတွင် သံပူရေလောင်းလိုက်သလို စူးရှ ပူလောင် လှသည်။ ဘာမှန်းမသိရသော ဤရှုပ်ထွေးလှသည့် သပွတ်အူ ကလိန်ခြုံဇာတ်ကြောင်းကြောင့် ဖခင် ခင်မျာလည်း ရူးသွပ်ပျောက်ကွယ်သွားလေပြီ။

မိခင်မှာလည်း မသေသင့် မသေထိုက်သေးသော အချိန်အရွယ်မှာ သေမင်းထံသွားရပေတော့မည်။ ကိုမျိုးခိုင်သည် မည်သည့်နေရာဒေသမှာ ရှိမှန်းမသိ၊ မည်သည့်အရာဝတ္ထုမှန်းမသိရသော "မြတောင်" နှင့် မည်သူ မည်ဝါမှန်း မသိရသော " ကိုစောခိုင် "ကို စိတ်ထဲမှာ နာကြည်းလာသည်။ လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုပ်ခါ အံကြိတ်လိုက်မိ၏။

ထို့နောက် မိခင်အား ကြည့်လိုက်သည်။ ချိုင့်ဝှမ်းကျသွားသော နားထင်၊ ညိုမည်းသောမျက်ကွင်း၊ ပြာနှမ်း သော နှုတ်ခမ်းဖြင့် နှာခေါင်းကြီး ပွလာသည်တိုင်အောင် ထွက်သက် ၀င်သက်ကို ခဲယဉ်းစွာ ရှူနေသော မိခင်ကို မြင်လိုက်ရသောအခါ တစ်ဦးတည်းသော အားကိုးတွယ်တာစရာ မိခင်ကြီးအား နာရီပိုင်း အတွင်း မှာပင် သွားရှာပေတော့မည်ဟု သိရသည်နှင့်တစ်ပြိုင်နက် ဆုပ်ထားသော လက်သီးသည် ပြေသွား ကာ ကျလာသော မျက်ရည်ကို သုတ်လိုက်ပြီး ဒေါ်မှုံနှင့် ဆရာဝန်လာခဲ့သည်ဟု အခန်းမှ ထွက်ပြီး မျှော် ကြည့်လိုက်သည်။

ဒေါ်မှုံနှင့် ဆရာဝန်ကား မရောက်သေး။ လှေကားမှ ခြေဖော့နင်းကာ အပြေးကလေးတက်လာသော ခင်ခင်လေး ကို တွေ့ရသည်။
ကိုမျိုးခိုင်သည် စိတ်မချမ်းသာလွန်းသဖြင့် ခင်ခင်လေးအား ကြိုဆိုနှုတ်ဆက်ခြင်းပင် မပြုမိ၊ အငေးသား ကြည့် နေသည်။ ငိုထားသဖြင့် နီရဲနေသော ကိုမျိုးခိုင်၏ မျက်နှာကို ခင်ခင်လေးကကြည့်ပြီး …
" ဒေါ် ဒေါ် ဘယ်လိုနေသေးသလဲ " ဟု ခပ်တိုးတိုးမေးလိုက်၏။

" အဲဒီမှာ ကြည့်သွားပါတော့ ခင်လေးရယ် "
ကိုမျိုးခိုင်ကပြောပြီး မိခင်လဲ လျောင်းနေရာ ခုတင်နားသို့ ခေါင်းငိုက်စိုက်ချပြီးလာခဲ့၏။ ခင်ခင်လေးသည် အခန်းဝ မှ ရပ်ခါ ဒေါ်ခင်မျိုးအား ကြည့်လိုက်ပြီး …
" အိမ်မှာ ဧည့်သည်တွေရောက်နေလို့ ဖေဖေက အခုချက်ချင်း မလာနိုင်တာ မောင်ရဲ့၊ ခင်လေးကို အခြေ အနေ သွားကြည့်စမ်းလို့ လွှတ်လိုက်တာနဲ့ ခင်လေးလာခဲ့တာ၊ ဒီအတိုင်းဆို မဖြစ်ဘူး၊ ခင်လေး ဖေဖေ့ကို ပြန် ခေါ် လိုက်ဦးမယ် "
ခင်ခင်လေးက အရေးတကြီးပြောပြီး လှေကားမှ ပြန်ဆင်းပြေးသွားလေသည်။

ကိုမျိုခိးုင်သည် ဘာမှ ပြန်မပြောမိ။ ယောင်တိယောင်ကမ်း အမူအရ်ာဖြင့် ခင်လေးကို ငေးကြည့်နေပြီးမှ မိခင် ၏ ခုတင်နားသို့ လာခဲ့၏။
မိခင်ကြီးအား ကြည့်လည်း မကြည့်ရက်၊ မကြည့်ဘဲလည်း မနေနိုင်သဖြင့် မျက်တောင်မခတ် ကြည့်မိပြန်၏။
ထိုအခိုက် ဒေါ်ခင်မျိုး၏ ဦးခေါင်းသည် အနည်းငယ်လှုပ်ရှားလာသည်။

မငြိမ်သက် ပတ်ချာလှည့်နေခဲ့သော မျက်လုံးများသည် ငြိမ်သက်သွားပြီး မျက်တောင်တစ်ချက်စီ ခတ်လိုက်၏။
ယခု ဒေါ်ခင်မျိုး၏ မျက်လုံးအခြေအနေက သား ကိုမျိုးခိုင်ကို မြင်ဟန်တူသည်။
တစ်စုံတစ်ခု သောအကြောင်းကို သားဖြစ်သူအား မှာကြားပြောဆိုလိုဟန် ရှိသည်ဟု ကိုမျိုးခိုင် အကဲခတ် လိုက်၏။

" မေမေ "
ကိုမျိုးခိုင်က ခုတင်ဘေး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ကာ ကြုံလှီသော မိခင်၏ လက်ဝါးကလေးကို ယုယ ကြင်နာ စွာ ဆုပ်ကိုင်ပြီး ဆို့နင့်သောအသံဖြင့် ညင်သာစွာခေါ်လိုက်သည်။
ဒေါ်ခင်မျိုး သည် မရှူနိုင်မကယ်နိုင် မောနေရာမျ …
" သား …. "
ဟု လေသံဖြင့် ပြန်ထူးလိုက်၏။

" စိတ်တင်းပါ မေမေ၊ ဆရာဝန် အခုပဲ လာပါလိမ့်မယ်၊ ဆရာဝန်ရောက်လာရင် ဆေးတစ်လုံးလောက် ထိုး လိုက် တယ် ဆို မေမေ သက်သာသွားမှာပါ "
မျှော်လင့်ချက်မရှိတော့မှန်း သိလျက်နှင့် ကိုမျိုးခိုင်က ဇွတ်နှစ်ပြီး အားပေးလိုက်သည်။
ဒေါ်ခင်မျိုးသည် မထူးခြားသော အမူအရာဖြင့် အတန်ကြာ ငြိမ်နေပြီးမှ …
" သား … " ဟု လေသံဖြင့် ခေါ်လိုက်ပြန်၏။

" မေမေ … အနားမှာ သားရှိပါတယ် "
ဒေါ်ခင်မျိုးက ခုတင်ခြေရင်းရှိ အ၀တ်ထည့်သော မတ်ရပ်ဗီရိုကြီးကို ပြူးကြောင်သော မျက်လုံးများဖြင့် စူးစိုက် ကြည့်ပြီး …
" ဟို … ဟို … ဗီ … ရို .. ကြီး .. ထဲ … က … ငွေ … သေတ္တာ… ကလေး … "
ဒေါ်ခင်မျိုးက လေးလံသောလျှာကို အနိုင်နိုင် သယ်ကာ တစ်လုံးချင်း ပြောနေသည်ကို ကိုမျိုးခိုင်သည် မိခင်၏ နှုတ်ခမ်းသို့ သူ့နားကို ကပ်ကာ ကြိုးစားနားထောင်နေသည်။
" မေမေ့ ကို သင်္ဂြိုလ်ရင် ငွေသေတ္တာကလေးကို ထည့်လိုက်ပါသားရယ် "
အက်ကွဲသော အသံလေးကြီးဖြင့် ဒေါ်ခင်မျိုးက တစ်လုံးချင်း မှာကြားလိုက်၏။

ကိုမျိုးခိုင်သည် အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မျက်ရည်ကို ချုပ်တည်းထားရင်း မိခင်အား စိတ်မ ချမ်းမြေ့စွာ စေ့စေ့ကြည့်နေလေသည်။
ဒေါ်ခင်မျိုးသည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ချေ။ အသက်ရှူခြင်းမှာ တဖြည်းဖြည်းနှေးလာ သည်။
ထိုအခိုက်မှာပင် ဒေါ်မှုံက ရှေ့ဆောင်ကာ ဆရာဝန်ရောက်လာ၏။

ကိုမျိုးခိုင်သည် ဆရာဝန်ကို တစ်ချက်မျှ လှည့်ကြည့်ကာ နေမြဲတိုင်းပင် နေလိုက်သည်။
ဆရာဝန်ကလည်း ဒေါ်ခင်မျိုးအား တစ်မိနစ်မျှ စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး ဦးခေါင်းကို ဖြည်းညင်းစွာ ခါ ယမ်း ၍ အခန်းတွင်းမှ ပြန်ထွက်သွားတော့သည်။
ဆရာဝန်ထွက်သွားပြီး မရှေးမနှောင်းမှာပင် ခင်ခင်လေးနှင့် သူ့ဖခင် ဦးထွန်းသစ်တို့ ရောက်လာကြသည်။
ကိုမျိုးခိုင်ကား မည်သူ့ကိုမျှ လှည့်ကြည့်ရန် သတိမရတော့ချေ။

လူ့လောကမှ ထွက်ခွာသွားတော့မည့် မိခင်ကြီး၏ ၀ိညာဉ်ချုပ်မည့် အချိန်ကိုသာ စောင့်စားရင်း မိခင်မျက်နှာ ကို မျက်တောင်မခတ်ဘဲ ကြည့်နေလေသည်။
ဒေါ်မှုံက ခင်ခင်လေးတို့သားအဖ ထိုင်ရန် အခန်းထောင့်ရှိ ကုလားထိုင်ကို ညွှန်ပြကာ တိုးတိတ်ညင်သာသော လေသံ ဖြင့် နေရာပေးလိုက်၏။
သို့သော်လည်း ခင်ခင်လေးက မထိုင်ပေ။
ခုတင်ခြေရင်းဘက်မှရပ်ကာ ဒေါ်ခင်မျိုးအား ကြည့်နေလေသည်။

ဦးထွန်းသစ်ကား မောင်နှမအရင်းအသွင် ချစ်ခင်လှသော ကျောင်းနေဘက် သူငယ်ချင်းဖြစ်သူ ဒေါ်ခင်မျိုးအား ၀မ်းနည်းစွာကြည့်ကာ ခုတင်ပေါ်မှာ ဖြည်းညင်းစွာ ထိုင်လိုက်သည်။
" မခင်မျိုး …  "
ဦးထွန်းသစ်က ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းကာ ညင်သာသောလေသံဖြင့် ခေါ်လိုက်သည်။

ဒေါ်ခင်မျိုးသည် စကားတစ်ခွန်းမျှ မပြောနိုင်သော်လည်း သတိလစ်ဟင်းခြင်းမရှိချေ။ ပြူးကြောင်သော မျက်လုံးများဖြင့် ဦးထွန်းသစ်အား ကြည့်လိုက်၏။
" စိတ်မလွတ်စေနဲ့ မခင်မျိုး၊ သတိကို ကောင်းကောင်းထိန်းပြီး ရတနာသုံးပါးကို နှလုံးသွင်းပါ  "
ဦးထွန်းသစ်၏ စကားကို ဒေါ်ခင်မျိုးက သိသာရုံကလေးမျှ ဦးခေါင်းညိတ်လိုက်၏။

" မခင်မျိုးရဲ့ ဘ၀သက်တမ်းမှာ သူတော်ကောင်းစိတ်သာ ထားလာခဲ့တယ် မဟုတ်လား၊ မခင်မျိုးရဲ့ ပယောဂ ကြောင့် မခင်မျိုးရဲ့ စိတ်စေတနာကြောင့် မည်သူ တစ်ဦးတစ်ယောက်မှ ဒုက္ခဆင်းရဲ မဖြစ်ခဲ့ဖူးဘူး၊ မပျက်စီး မနစ်နာ ခဲ့ဖူးဘူး၊ ဒီလို မြင့်မြတ်တဲ့ စိတ်ရှိသူကို ရတနာသုံးပါးက စောင့်ရှောက်ပါလိမ့်မယ်၊ ဝေဒနာ သက်သာ အောင် တရားကို အာရုံပြု သူငယ်ချင်း …  "
ဦးထွန်းသစ်က စိတ်မကောင်းသံကြီးဖြင့် ပြောနေစဉ်မှာ ပြူးကြောင်သော ဒေါ်ခင်မျိုး၏ မျက်လုံးများသည် တဖြည်းဖြည်း မှေးကာ မှိတ်သွားလေသည်။
အသက်ရှူခြင်းမှာလည်း တဖြည်းဖြည်း ဝေးကာ ဆိတ်ငြိမ်သွားလေသည်။

ခေါင်းကိုငိုက်စိုက်ချနေသော ကိုမျိုးခိုင်အား ဦးထွန်းသစ်နှင့် ခင်ခင်လေးက ကြေကွဲစွာ ကြည့်နေသည်။
" သူငယ်ချင်း မခင်မျိုး ... ကောင်းရာသုဂတိ ရောက်ပါစေ "
တုန်ယင် လှိုင်လှဲစွာ ပြောလိုက်သော ဦးထွန်းသစ်၏ အသံဆုံးလျှင် ဒေါ်မှုံ၏ ရှိုက်သံက ဆက်ပြီး ပေါ်လာ သည်။ ခုတင်ဘေးတွင် ဒူးထောက်နေသော ကိုမျိုးခိုင်ကား ဆုပ်ကိုင်ထားသော မိခင်၏လက်ကို မျက်နှာဖြင့် အပ်ကာ ခေါင်းငိုက်စိုက်ချထားရာမှ မလှုပ်ကျောက်ရုပ်လို ငြိမ်နေလေသည်။
-------------------------
မခင် ဒေါ်ခင်မျိုးက သူနှင့်အတူ ရောပြီး မြှုပ်နှံပါဟု မှာကြားခဲ့သော ငွေသေတ္တာကလေးကို ကိုမျိုးခိုင်သည် မိခင် နှင့် အတူ မထည့်လိုက်ဘဲ ဗီရိုထဲမှာပင် ထားမြဲထားလိုက်၏။
မိခင်နှင့် ဖခင်တို့အား ကြီးစွာသော စိတ်ဆင်းရဲမှုဖြစ်စေကာ၊ လူ့လောကတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့် သော အသက်အရွယ်မှာ မရှုမလှအဖြစ်မျိုးနှင့် ရူးသူရူး၊ သေသူသေ ဖြစ်ရသည်မှာ ဤငွေသေတ္တာအတွင်းရှိ ပစ္စည်းက အကြောင်းရင်းခံ ဖြစ်ပေလိမ့်မည်။

အေးချမ်း သာယာလှစွာသော မိဘနှစ်ပါး၏ အိမ်ထောင်ရေးကို ပြိုကွဲစေသော ဤငွေသေတ္တာ ကလေး အတွင်းရှိ ပစ္စည်းကို ကိုမျိုးခိုင် ကျကျနန လေ့လာချင်သော စိတ်ရှိသည်။
ထို့ကြောင့် မိခင်၏ ဈာပနနှင့် သက်ဆိုင်ရာကိစ္စများအား ပြီးစီး၍ အိမ်မှာ လူရှင်းသွားသော တစ်နေ့ဝယ် ကိုမျိုးခိုင်သည် မိခင်၏ အခန်းတွင်းသို့ဝင်ကာ ဗီရိုကိုဖွင့်ပြီး ငွေသေတ္တာကလေးကို ထုတ်ယူလိုက်၏။
အသက်နှစ်ဆယ်ကျော်အရွယ် ခံ့ညားချောမောသော ယောက်ျားပျိုတစ်ယောက်၏ ဓာတ်ပုံတစ်ပုံကို တွေ့ရ သည်။ နှစ်ပေါင်း အတော်ကြာမြင့်ဟန်တူသော ဓာတ်ပုံကား အနည်းငယ်မှိန်ကာ အ၀ါရောင် သန်းနေ၏။

ဓာတ်ပုံ၏ ကျောဘက်တွင်ကား လှပ၀ိုင်းစက်သော လက်ရေးစာတစ်ကြောင်းကို တွေ့ရ၏။ မင်ရောင်ပင် မှိန် နေပြီဖြစ်၏။ ကိုမျိုးခိုင်သည် စာတမ်းကို ဖတ်ကြည့်လိုက်၏။
အသက်တမျှ ချစ်သော ခင်ကို အစဉ်အမြဲ ကြင်နာချစ်ခင်သော ...
                                ခင့် ......
                                       " ကိုစောခိုင် "

ကိုမျိုးခိုင်သည် စာကိုဖတ်ပြီး ဓာတ်ပုံကို သေချာစွာ ကြည့်လိုက်ပြန်သည်။
ထို့နောက် ဓာတ်ပုံ ကျောဘက်မှ စာတမ်းကို စေ့စေ့ကြည့်လိုက်ပြန်၏။
ထို့နောက် ဓာတ်ပုံကို ချထားကာ ကတ္တီပါအိတ်ကလေး အတွင်းသို့ နှိုက်လိုက်ပြန်သည်။ စိမ်းပြာရောင် စာရွက်ခေါက် တစ်ခု ထွက်လာသည်။
ကိုမျိုခိးုင်သည် သိလိုစိတ်ဖြင့် စာရွက်ကိုဖြန့်ကာ စိတ်အားထက်သန်စွာ ကြည့်လိုက်၏။ စာရွက်ပေါ်က လက်ရေးနှင့် ဓာတ်ပုံနောက်က လက်ရေးမှာ တစ်ပုံစံတည်းပင်၊ လှပ၀ိုင်းစက်ညီညာလှပေသည်။ ကိုမျိုးခိုင် သည် မင်ရောင်ပင် မှိန်နေပြီဖြစ်သော စာများကို အသက်ပင် မရှူအားဘဲ ဖတ်လိုက်လေသည်။

" အသက်တမျှ ချစ်သော ခင် .... "
ခင်နဲ့ ကိုစောခိုင်တို့ နှစ်ယောက်ရဲ့ ချစ်ခင်မှုဟာ ဘယ်လောက် ခိုင်မြဲတယ်ဆိုတာ ခင်နဲ့ ကိုစော အသိဆုံးပါ။ တစ်ယောက်ရဲ့ စိတ်သဘောကို တစ်ယောက်က လိုက်လျောခဲ့လို့လဲ အခုလို ချစ်ခြင်းမေတ္တာ ခိုင်မြဲနေနိုင် ခြင်းဖြစ်ပါတယ်ခင်၊ အခုလဲ ကိုစော ဆောင်ရွက်ချင်တဲ့ကိစ္စ တစ်ခုကို ပြီးဆုံးအောင် ဆောင်ရွက်လိုပါတယ်။ ခင်က လိုက်လျောကြည်ဖြူစွာ ခွင့်ပြုလိမ့်မယ်လို့ ကိုစော ယုံကြည်ပါတယ်။ ဒီကိစ္စက တကယ်လို့ အောင် မြင်မယ်ဆိုရင် အများသတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင်နိုင်မှာဖြစ်လို့ ကုသိုလ်ရေး အလုပ်ဆိုရင်လဲ မမှား ပါဘူး။

စုံစေ့အောင် စာထဲမှာ ရေးရန် ရှည်လျားတာကြောင့် အနည်းအကျဉ်းလောက်ပဲ ကိုစောဖော်ပြပါရစေ၊ ကိုစော တို့ ဘိုးဘွားမိဘ အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ ပေစာတစ်ချပ် ရှိပါတယ်။

ဆက်ရန်
.

1 comment:

mstint said...

ညီမရေ ဖတ်သွားပြီနော် ဇာတ်ရှိန်လည်းတက်နေပြီ အဆက်လေးကို မျှော်နေမယ်။

မေတ္တာဖြင့်
အန်တီတင့်