အခန်း (၂၁)
ကျောင်းပိတ်ခါနီး ရက်များမှာ လေတပ်ကထွက်ပြီး နောက်ပိုင်းတွင် ကျွန်တော့်အတွက် အပျော်ဆုံးနေ့များ ဖြစ်ပါသည်။ ကျွန်တော်နှင့် ဂျီလီယံတို့လည်း တစ်စတစ်စ ပိုမို နီးစပ်လာခဲ့သည်။ စိတ်ဝင်စားမှုချင်း တူသည်။ သဘောထားခြင်း တိုက်ဆိုင်သည်။ အရာရာကို ကျယ်ပြန့်နက်ရှိုင်းစွာ မျှဝေခံစားကြသည်။
သူ့မိဘများနှင့်လည်း ကျွန်တော် တွေ့ပြီးပြီ။ အလွန်ပြည့်ဝသည့် ဇနီးမောင်နှံဖြစ်ပါသည်။ အရိုးထဲ စွဲနေအောင် သမနိရှည်ကြာခဲ့သည့် အစွဲအလမ်းများကို ဘေးချိတ်ပြီး ကျွန်တော့်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံ ဖော်ရ ကြပါသည်။ ဂျီလီယံ၏ မိဘများသည် သမီးလုပ်သူကို လွတ်လွတ်လပ်လပ် တွေးခေါ် မြောက်မြင်ခွင့်၊ သွားလာ လှုပ်ရှားခွင့် ပေးထားသည်။ ယခုလည်း တားဆီးပိတ်ပင်ဖို့ လုံးဝ မကြိုးစားကြပါ။
တစ်ဦးတည်းသော သမီးလေးကို အချစ်ကြီး ချစ်ာကသည့်အလျောက် ဂျီလီယံ၏ ပျော်ရွှင်မှုကို စိုးစဉ်းမျှ ဟန့်တား ဖို့ မကြိုးစားကြပါ။ ဤနေရာတွင် သံသယတွေ အမျိုးမျိုး ၀င်ကာ မယုံမရဲ ဖြစ်နေသူက ကျွန်တော်။ ကြိုးရှည်ရှည် နှင့် လှန်ထားပြီး ဘယ်အချိန်တွင် ကျွန်တော့်ကို မောင်းထုတ်မည်နည်းဟူသည့် အတွေးမျိုးသည် ကျွန်တော် ၏ ခေါင်းထဲသို့ ရံခါ ရောက်လာတတ်သည်။
" ရှင်တို့သမီးကို နီဂရိုးနဲ့ ပေးစားမယ် ... ဟုတ်လား " ဟူသည့် ပတ်ဝန်းကျင်၏ ဂယက်လှိုင်းတွေကို သူတို့ ခံနိုင် ပါမည်လား။
ဂျီလီယံနှင့် မတွေ့ခင်က မျက်နှာဖြူ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ဖို့ လုံးဝ မစဉ်းစားခဲ့ပါ။ လက်ထပ်ချင် စိတ်လည်း မရှိပါ။ သူတို့နှင့် တရင်းတနှီး ရှိခဲ့ဖူးပါသည်။ သို့သော် လင်မယားဖြစ်ဖို့ စိတ်ကူးထဲပင် ကျွန်တော် မထည့် ခဲ့ပါ။
ဘယ်လို အာဃာတကြောင့်မှ မဟုတ်ပါ။ သူတို့သည် နှစ်သက်ဖွယ်ရှိ၏။ အတွေးအခေါ် ထက်မြက်၏။ ပေါင်းလို့ သင်းလို့ ကောင်း၏။ သို့သော် အဖြူအမည်း စပ်ပြီး မွေးလာကြသည့် ကပြားကလေးများအပေါ် သူတို့ အစွဲအလမ်းကြီး ပုံ ကို ကျွန်တော် သိနေ၍ ဖြစ်ပါသည်။
ဂျီလီယံနှင့် တွေ့တော့မှ ကျွန်တော့် ဆုံးဖြတ်ချက်တွေ နေရောင်ခြည်အောက်တွင် နှင်းပွင့်ကလေးများ ပျောက်သလို ခန်းခြောက်ပျောက်ကွယ်သွားကြခြင်းဖြစ်သည်။ ဂျီလီယံသည် ဟာနေသည့် ကျွန်တော့်ဘ၀ ကွက်လပ် နှင့် ခွင်ကျဖြစ်နေသည်။ ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်လက်ကို တင်းတင်းဆုပ်ကာ ပတ်ဝန်းကျင် တိုက်ခိုက်မှု မှန်သမျှကို ခွန်နှင့်အားနှင့် တုံ့ပြန်တိုက်ပွဲဝင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြ၏။
အိမ်ထောင်ရေးတွင် မိဘများ၏ သဘောတူညီမှုရယူရမည်ဟူသည့် အချက်ကိုလည်း ကျွန်တော်တို့ နှစ်ယောက်လုံး လက်ခံကြ၏။ ထို့ကြောင့်ပင် သူတို့အိမ်သို့ ကျွန်တော် မှတ်ကျောက် အတင်ခံရန် လိုက်ခဲ့ခြင်း ဖြစ်ပါသည်။ စိတ်ချလက်ချတော့ မဟုတ်။ အနှောင့်အယှက် အဖျက်အဆီးတွေနဲ့များ တွေ့ရဦး မလားဆိုပြီး အသိအာရုံကို အနိုးကြားဆုံး တပ်လှန့်ထားရသည်။
ကျွန်တော် တို့ နေ့လယ်စာ အတူစားကြသည်။ ဟိုအကြောင်း သည်အကြောင်းများ စပ်မိသလို ပြောကြရာမှ ကျွန်တော့် အကြောင်း၊ ကျွန်တော့် မိဘများအကြောင်း၊ ကျွန်တော့် ပညာအရည်အချင်းနှင့် စစ်အတွင်း အတွေ့ အကြုံများ အကြောင်း၊ အနာဂတ် ရည်မှန်းချက်များ အကြောင်း မေးကြသည်။
ကျွန်တော့် အဖြေများကို သူတို့ သဘောကျကြသည်ဟု ကျွန်တော် ထင်ပါသည်။ သို့သော် တစ်စုံတစ်ခု လစ် ဟာနေသကဲ့သို့ စိတ်ထဲ ထင်နေ၏။ ကျွန်တော်တို့ နှစ်ယောက်ကို နီးစပ်သည်ထက် နီးစပ်အောင် တွန်းအား ပေးခြင်းမျိုးမရှိဟူသည့် အတွေးမျိုး။
စားသောက်ပြီး ဧည့်ခန်းတွင် ဆေးလိပ်သောက်ကြသည်။ မီးလင်းဖိုနှင့် ထွေးထွေးနွေးနွေးရှိလှ၏။ မစ္စတာ ဘလင်းချဒ်က တောင်အမေရိကအကြောင်း စပြောသည်။ စစ်မဖြစ်မီက အလုပ်ကိစ္စဖြင့် သူ ရောက်ဖူးသည့် ဒေသများအကြောင်း ပြောရင်း " အာဂူဘာ " ကျွန်း အကြောင်း ရောက်သွားသည်။
သည်ကျွန်းအကြောင်း ကျွန်တော် ကောင်းကောင်း သိပါသည်။ ဘွဲ့ရပြီးစက သည်ကျွန်းပေါ်ရှိ စတင်းဒတ် ရေနံချက် စက်ရုံတွင် ကျွန်တော် အလုပ်လုပ်ခဲ့ဖူးသည် မဟုတ်လား။ ကျွန်တော်တို့ တဖြည်းဖြည်း စကား လက်ဆုံ ကျလာသည်။ ကျွန်းပေါ်က လူတွေအကြောင်း၊ သည်ကျွန်း၏ ရေနံကြွယ်ဝမှု အကြောင်း စသည် စသည်။ မစ္စတာ ဘလင်းခ်ျဒ်က ကောက်ခါ ငင်ခါဖြင့် -
" အဲဒီ ကျွန်းသားတွေရဲ့ စကား မောင်ရင် တတ်ခဲ့သေးလား "
" ဟုတ်ကဲ့ ထမင်းစား ရေသောက်လောက်တော့ ပြောတတ်ပါတယ်။ စပိန်စကား ပြောတတ်ရင် အဲဒီကျွန်း စကား သိပ်မခက်တော့ဘူးခင်ဗျ"
" မြင်းပုကလေးတွေ စီးလေ့ရှိတယ်၊ နေပါဦး၊ သူတို့ ခေါ်တာ ရှိပါတယ်"
" ဗျူရို့စ်ပါ ခင်ဗျ"
" အဲ ဟုတ်တယ်၊ ဗျူရို့စ် ... ဗျူရို့စ် "
" လာဂိုတောင်ကုန်းပေးက ကလပ်ကို ဦး ရောက်ခဲ့သေးလား "
" ရောက်ခဲ့တာပေါ့၊ အဲဒီမှာ ဘတ်စကက်ဘောရော၊ ဘော်လီဘောရော ကစားခဲ့သေးတယ် "
" အမျိုးသားတွေအတွက် သိပ်သင့်လျော်တဲ့ လေ့ကျင့်ခန်းပဲ ခင်ဗျ "
" မြို့ကလည်း အမျိုးသားတွေချည်းကို၊ ဘယ်ကြည့်လိုက်ကြည့်လိုက် ယောက်ျားချည်းပဲ "
မစ္စတာ ဘလင်းချဒ်က တစ်စုံတစ်ခုကို သတိရလိုက်ဟန် ပြုပြီး ရယ်နေသည်။ ပြီးမှ -
" ဟီဂျာဒေလီယာကို သွား အမှတ်ရလို့ပါ "
ကျွန်တော် သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ သည်နေရာတွင် ကျွန်တော့် အသားရောင်ကို ကျေးဇူးတင် လိုက်မိသည်။ မျက်နှာတွင်သွေးရောင် လွှမ်းသွားသည်ကို ရုတ်တရက် မြင်နိုင်ကြမည် မဟုတ် သောကြောင့် ဖြစ်ပါ၏။
" မောင်ရင် မှတ်မိလား "
ဂျီလီယံနှင့် သူ့အမေ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်ကြသည်။ ကျွန်တော်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ဟုတ် ... ဟုတ်ကဲ့"ဟု ပြောရင်း ဒီအကြောင်း ဆက်မပြောဖို့ သူ့ကို မျက်ရိပ်မျက်ကဲ ပြလိုက် သည်။
" ကိစ္စမရှိပါဘူး မောင်ရင်ရဲ့၊ သူတို့ သားအမိကို ပြောပြထားပြီးသားပါ "
သေတော့မှာပဲ၊ ဒီအင်္ဂလိပ် လူမျိုးတွေဟာ အံ့သြကုန်နိုင်ဖွယ်ပါလားဟု ကျွန်တော် တွေးလိုက်မိသည်။ သည်လို အကြောင်းအရာ ကို ဘယ်လိုလုပ်ပြီး လူကောင်းသူကောင်းများအား ပြောပြနိုင်ပါမည်လဲ။ ကျွန်တော် ရှက်ကိုး ရှက်ကန်း ဖြစ်နေပုံကို ကြည့်ပြီး မစ္စတာဘလင်းချဒ် သဘောကျနေ၏။
" ကိုရင် အထဲထိ ရောက်ဖူးသလား "
" မရောက်ဖူးပါဘူး ခင်ဗျ "
" လူတန်းကြီးတွေ သွားသတိရတယ် "ဟု ပြောပြီး ရယ်ပြန်သည်။ ခုမှ ကျွန်တော် စိတ်သက်သာရာ ရလာ သည်။ ကျွန်တော့်ကို လေ့လာဖို့၊ မှတ်ကျောက်ပေါ်တင်ဖို့ အဘိုးကြီး မေ့သွားပြီ။ ချက်ချင်း ကျွန်တော်နှင့် ပို ရင်းနှီး လာသလို ဖြစ်သွား၏။ အာဂူဘာကျွန်း၊ ကလပ်နှင့် လူတန်းကြီးများအကြောင်းကို ကျွန်တော်တို့ နှစ် ယောက် စလုံး သတိရနေပါသည်။
ကျွန်တော့် တစ်သက်တာတွင် ဤမျှ ရှည်လျားသော လူတန်းကြီးကို ဘယ်မှာမှ မတွေ့ဖူးပါ။ လူကြီး လူငယ်၊ လူရွယ် လူပျို၊ လူအို လူမင်း။ အရောင်အဆင်းကလည်း အမျိုးမျိုး အဖြူ အညို အမည်း။ အရောင်စုံ အသွေးစုံ။
ခေါက်ရိုးမကျိုးသည့် သစ်သစ်လွင်လွင်တွေ ပါသလို ရှစ်နာရီဆိုင်းမှ ထွက်လာကြသည့် ပေပေကျံကျံ လုပ်ငန်းခွင် ၀တ်စုံနှင့် လူတွေလည်း ပါ၏။ အချို့ စကားလက်ဆုံကျလျက်၊ အချို့ တိတ်ဆိတ်လျက်။ ဆေး ရောင် သစ်သစ်လွင်လွင်နှင့် ဧရာမ အိမ်ကြီးများရှေ့တွင် ကျွန်းပေါ်မှာ ဈေးအများဆုံးရာရှင်ပစ္စည်းကို ရဖို့ အလှည့် စောင့်နေကြခြင်းဖြစ်ပါ၏။ အခြား မဟုတ်ပါ။ အိမ်ကြီးတွေမှာ ဆောင်ကြာမြိုင်တွေ ဖြစ်ပြီး ရှားပါး လွန်း၍ ရာရှင်စနစ်ဖြင့် ပေးနေသည့် ပစ္စည်းမှာ "မိန်းမ" ဖြစ်ပါသည်။
ကျွန်တော်က အစစ အရာရာ ပေါကြွယ်ဝသည့် အမေရိကန်မှ သည် ကျွန်းပေါ်ကို ခဏ ရောက်သွားသူဖြစ်၍ ကျွန်း ၏ ရှားပါးမှုဒဏ်ကို သိပ်မခံလိုက်ရပါ။ ပြီးတော့ ကျွန်တော် လုပ်သည့် ကုမ္ပဏီက သားငါးနှင့် သီးနှံမျိုးစုံ၊ သစ်သီးဝလံ မျိုးစုံ ကို အမေရိကန်မှ မှန်မှန်ပို့ပေးသည်။ ဧရာမ ရေခဲသေတ္တာကြီးထဲမှ ထုတ်ယူစားသုံးရုံပင်။
ကျွန်းပေါ်တွင် ပေငါးဆယ် ခန့်မြင့်သည့် တစောင်းလက်ပတ်ပင်ကြီးများမှလွဲ၍ ဘာပင်မှ မပေါက်ရောက်။ ဆူး တစ်ချောင်းတစ်ချောင်း ငါးလက်မခန့် ရှည်သည်။ သဘာဝမိခင်က သည်ကျွန်းကို ရယ်စရာဖြစ်အောင် လုပ်ရက် သည်။ တခြား ဘာပင်မှ မရှိသည့်အတွက် ဘာမှ အသုံးမကျသည့် သည်တစောင်း လက်ပတ်ပင်ကြီး ကိုပင် မျိုးဆက်မပြတ်အောင် မွေးနေကြရသည်။
သောက်ရေကိုလည်း နိုင်ငံခြားမှ တင်သွင်းရသည်။ သို့သော် အရှားပါးဆုံးမှာ မိန်းမဖြစ်၏။ ရေနံချက်စက်ရုံကို အမေရိကန် ကုမ္ပဏီက တည်ဆောက်ပြီး လူဖြူ လူမည်း အလုပ်သမားများကိုလည်း အမေရိကန်ကပင် တင်သွင်းလာခြင်းဖြစ်၏။ တောင်အမေရိကတိုက်နှင့် ကာရီဘီယံကျွန်းသားများ၊ ခန္ဓာကိုယ် တောင့်တင်းသည့် အာဂူဘာကျွန်းသားများလည်း ရေနံချက်စက်ရုံတွင် ၀င်လုပ်ကြသည်။ ရှစ်နာရီ သုံးဆိုင်းလည်ပတ်ခြင်းဖြစ်၍ ဈေးဆိုင် တွေ၊ စားပွဲရုံတွေ၊ လက်ဖက်ရည်ဆိုင်တွေတွင် ထောင်ပေါင်းများစွာ သောအလုပ်သမားများဖြင့် စည်ကား နေတတ်၏။
သို့သော် အမျိုးသမီး မူ မရှိသလောက် ရှားသည်။
အလုပ်သမားများကို လုပ်ခကောင်းကောင်း ပေးထားသော်လည်း မိသားစု ထားနိုင်လောက်အောင် နေရာ ပေးမထား။ အလုပ်သမားတွေ ကိုယ်တိုင် ကျောတစ်နေရာစာသာ ရကြပြီး စုပေါင်း စားသောက်ခန်းနှင့် စုပေါင်း အိမ်ကိုသာ အားကိုးရသဖြင့် မိန်းမခေါ်ဖို့ အခွင့်အရေး မရကြ။
ဤတွင် အမြော်အမြင် ကြီးလှသော အာဂူဘာ အစိုးရက သည်ပြဿနာကို ဆောင်ကြာမြိုင် လုပ်ငန်းဖြင့် ရှင်းပေးလိုက်သည်။ သို့သော် ထိန်းထိန်းချုပ်ချုပ် ခွင့်ပေးခြင်းမျိုး၊ ကျွန်းမကြီးနှင့် အခြားကျွန်းများမှ ၀ါသနာ ပါသူ သားသားနားနား မိန်းကလေးများအား နှစ်ပတ်နေခွင့် လက်မှတ်ကို အလှည့်နှင့် ထုတ်ပေးသည်။
ကျွန်းပေါ်ရောက်လျှင် ဆရာဝန်များ ကြီးကြပ်မှုအောက်တွင် အလုပ်လုပ်ကြရသည်။ အမျိုးသမီးများကို တင် ဆောင်လာသည့် မီးသင်္ဘောကြီးသည် တစ်လလျှင် နှစ်ကြိမ်ကျွန်းသို့ ဆိုက်ကပ်သည်။ သည်သင်္ဘောကြီးကို သူတို့က "အမဲသားလှေ" ဟု နာမည်ပေးထားကြသည်။ မိန်းကလေးများကို ရေနံချက်စက်ရုံနှင့် မနီးမဝေး အိမ်ကြီး များတွင် ထားပေးသည်။ ဒါကို ကျွန်းစကားဖြင့် "ဟီဂျာဒေလီယာ"ဟု ခေါ်ခြင်းဖြစ်၏။ "နေ့၏ သမီးပျို" ဟု အဓိပ္ပာယ်ရသည်။
အမဲသားလှေကြီး ဆိုက်ပြီဟေ့ ဆိုသည့် သတင်းပျံ့သွားသည်နှင့် တစ်ပြိုင်နက် ဟီဂျာဒေလီယာတို့၏ စံအိမ် ကြီးများတွင် ဧရာမ လူတန်းကြီးတွေနှင့် စည်ကားနေတော့သည်။ နွမ်းလျအိမ်ပြန် ခြေလှမ်းများဖြင့် အိမ်ကြီး ထဲ က ထွက်လာသူတွေ၊ နောက်ထပ် တန်းစီဖို့ သုတ်ခြေတင်နေသူတွေနှင့် ပြတ်သည် မရှိတော့။
သည်လူတန်းကြီးထဲတွင် ယောက္ခမလောင်းကြီး ရပ်နေပုံကို ကျွန်တော် မြင်ယောင်ကြည့်လိုက်၏။ ကျွန်တော့် အတွေး ကို သူ ရိပ်မိသွားပုံ ရသည် ပြုံးပြီး ...
"ဦးလည်း အထဲ မရောက်ခဲ့ပါဘူးကွာ၊ မိတ်ဆွေတစ်ယောက်က သူ့ကားနဲ့ ဘာဂိုကလပ် လိုက်ပို့ရင်း လမ်းမှာ အဲဒီ လူတန်းကြီးတွေ မြင်ခဲ့ရတာပါ။ တော်တော် အဖြစ်ဆိုးတဲ့ ဘ၀ ပဲ၊ ဦးတော့ ဒီလူတန်းကြီးတွေကို တစ်သက် မေ့တော့ မှာ မဟုတ်ဘူး "
တနင်္ဂနွေနေ့ နေ့လယ်စာအပြီးတွင် ကျွန်တော်တို့အတွက် လိပ်ခဲတည်းလည်း ဖြစ်နေသည့် ကိစ္စကို ဆွေးနွေးကြသည်။ ဂျီလီယံ၏ မိဘများသည် ပွင့်လင်းကြပါပေသည်။ မစ္စတာ ဘလင်းချဒ်က ...
" သမီးကို မင်းလက်ထဲ တန်းအပ်လိုက်မှာ ရစ်ကီ၊ မင်းနဲ့သမီး ရည်ငံနေကြတဲ့အကြောင်း ကြားခါစက ဦးတို့ လင်မယား ဆွေးနွေးကြတယ်။ ဘာမှ ၀င်မစွတ်ဖို့ ဆုံးဖြတ်ကြတယ်။ တစ်နည်းနည်းနဲ့ တစ်ချိန်ချိန်မှာ စိတ်ပျက် သွားမှာပဲလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သမီးက မောင်ရင့်ကို အိမ်ခေါ်ခဲ့မယ်ဆိုတော့မှ ဦးတို့ ထင် တာထက် လေးနက်နေကြောင်း သိရတာလေ။ ဦးသမီးကို ဦးနားလည်တယ် ရစ်ကီ၊ သူ့ဆုံးဖြတ်ချက်ဟာ သူ့ အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဦးတို့ နားလည်တယ်။ ခု မင်းကို ကိုယ်တိုင် တွေ့ရတော့ မင်းကို သူ ဘာကြောင့် ရွေးတယ်ဆိုတာ ဦးတို့ သဘောပေါက်ရပြန်တယ် "
ခဏနားပြီး ဆေးတံ ထ ယူသည်။ ဆေးတစ်ဆုံဖြည့်ပြီး မီးညှိသည်။ ပြီးမှ ဂျီလီယံ ထိုင်နေသည့် ဆိုလာလက် တန်း ပေးတွင် သွားထိုင်ပြီး ...
" တစ်ခုတော့ ရှိတယ် ရစ်ကီ၊ ဂျီလီယံဟာ အသွေးတူ အရောင်တူနဲ့ လက်ထပ်ဖြစ်ရင် ပိုကောင်းမှာပဲဆိုတဲ့ အမြင် ကိုတော့ ခုထိ ဦးတို့ မြင်နေတုန်းပဲ၊ ဒါမှ သူ့အတွက်ရော၊ ဦးတို့အတွက်ရော အစစ အဆင်ချောမှာကိုး။ အဲဒါကို မပြောခင် ပြောချင်တာက ဦးဟာ အသားရောင် ခွဲခြားတာကိုရော၊ လူမျိုးခွဲခြားတာကိုရော လက်မခံ ပါဘူး။ ဒါပေမဲ့ ခုကိစ္စက ကိုယ်နဲ့ တိုက်ရိုက် ပတ်သက်လာလို့ ပြောရတာပါ။
" ဦးအနေနဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး မင်းတို့ကိစ္စ မပျက် ပျက်အောင် လုပ်ရင် ရတာပေါ့။ ဒါပေမဲ့ ဒီလိုလုပ်တာ အဓိပ္ပာယ် မရှိဘူးလေ။ ဒါက မင်းတို့နှစ်ယောက်တည်းကိစ္စ မဟုတ်တော့ဘူး ရစ်ကီ။ မင်းတို့ မွေးလာမယ့် ကလေး တွေအတွက်ပါ စဉ်းစားရမယ်။ သူတို့ကလေးတွေ ဘာဖြစ်ကြမလဲ၊ ဘယ်သူကမှ သူတို့ကို လက်ခံမှာ မဟုတ်ဘူး "
ကျွန်တော် တလေးတစား နားထောင်နေပါသည်။ ဂုဏ၀ုဒ္ဓိ ၀ရ၀ုဒ္ဓိ သဘောထက် ဂျီလီယံ အဖေဖြစ်နေ၍ ငြိမ် နားထောင် နေရခြင်းဖြစ်ပါ၏။ အဘိုးကြီးသည် သူ့ကိုယ်သူ ယုံကြည်စိတ်ချစွာနှင့် ပြောနေခြင်းဖြစ်သည်။ သို့သော် ဆီသည်မ လက်သုတ်ဖြစ်နေသည့် အကြောင်းပြချက်များသာ ဖြစ်ပါ၏။ ဖန်တစ်ရာ တေနေသည့် ဆင်ခြေ များသာ ဖြစ်ပါ၏။ ခါးပတ်အောက်ကို အသားလွတ် စွတ်ထိုးသည့် လက်သီးချက်များသာ ဖြစ်ပါ၏။ ကြားရဖန်များသဖြင့် နားထဲတွင် လျှံထွက်မတတ် ဖြစ်နေသည့် သံချေးတက်နေသည့် တက္ကဗေဒများသာ ဖြစ်ပါ၏။
" ကလေးတွေ ကိစ္စကတော့ ဘယ်သူနဲ့မှ မဆိုင်ပါဘူး ဦး၊ ကျွန်တော်တို့ နှစ်ယောက်နဲ့ပဲ ဆိုင်ပါတယ် "
ကျွန်တော် လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းပြီး တုံ့ပြန်သည်။
" ကျွန်တော်နဲ့ ဂျီလီယံ လက်ထပ်ရင် ကလေးတွေ မွေးမှာပဲ၊ အဲဒီ ကလေးတွေကို ကျွန်တော်တို့ပဲ ပိုင်ပါတယ်။ အဲဒီ အခွင့်အရေးကို ကျွန်တော်တို့နှစ်ယောက် မလွတ်တမ်း ယူကြမှာပါ"
ကျွန်တော် ဂျီလီယံကို လှမ်းကြည့်လိုက်၏ သူပါ ကျွန်တော့်ဘက်က ၀င်ဆွေးနွေးစေချင်၏။ သို့သော် ဂျီလီယံက အပြုံးကလေးဖြင့် အားပေးရုံ အားပေးသည်။ နှုတ်ခမ်းရော မျက်လုံးများပါ ပြုံးနေသည့် အပြုံးမျိုး၊ ကျွန်တော် အားတက်ရပါ၏။
" ကလေးတွေအတွက်ရော၊ ကျွန်တော်တို့ နှစ်ယောက်အတွက်ရော ဦး စိတ်မပူပါနဲ့ ခင်ဗျား၊ တစ်ခုပဲ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ဦးတို့ ရလာမယ့် မြေးကလေးတွေက အရောင်အသွေး မတူတဲ့ ကလေး တွေ ဖြစ်နေတဲ့ အတွက်ပါပဲ ... "
အဘိုးကြီး မျက်နှာ တစ်ချက် နီသွား၏။ ကျွန်တော့်ကို ဆက်မပြောဖို့ လက်ကာပြပြီး -
" တော်လောက်ပါပြီ ရစ်ကီ၊ ဘာပဲဖြစ်ဖြစ် ဂျီလီယံဟာ ဦးတို့သမီးဆိုတာ မောင် မမေ့ပါနဲ့၊ မင်းကို သူ လက်ထပ် လို့ ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး၊ ဦး ဒီကိစ္စ ပြောရတာလည်း စိတ်မချမ်းမသာနဲ့ ပြောရတာပါ၊ မင်းတို့ နှစ်ယောက် ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်နားလည်ဖို့ လိုမယ်၊ မင်းတို့ လျှောက် ရမယ့်လမ်းက သိပ်ကြမ်းတယ် "
ကျွန်တော့်ကို ကြည့်ပြီး ပြုံးရင်း ဆက်ပြောသည်။
" မင်းကို ဦးတို့ သဘောကျပါတယ် ရစ်ကီ၊ မင်းတို့နှစ်ယောက် အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ အလောကြီး လက်မထပ်သေးဘဲ ခြောက်လလောက် ဆိုင်းပြီး ပတ်ဝန်းကျင်နဲ့ ကျင့်သားရသွားအောင် နေနိုင် ရင် ပိုကောင်းမယ် ထင်တယ် "
သူက အသံမြှင့်ပြီး ...
" နောက်တစ်ခု ... မင်းဟာ တို့မိသားစု စာရင်းဝင် ဖြစ်သွားပြီ၊ တို့ အိမ်သား အားလုံးနဲ့ မိတ်ဆွေ သူငယ်ချင်း တွေ ဖြစ်နေဖို့ လိုတယ်၊ ရင်းနှီးနေဖို့ လိုတယ်"
သူ ကမ်းပေးလာသည့် လက်ကို ကျွန်တော် ဆွဲဆုပ်လိုက်သည်။
" စိတ်ချပါ ဦး၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ "
------------------------------------------
ဆက်ရန်
.
No comments:
Post a Comment