Saturday, June 25, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၂)

ဘုရင်မစံရာ နန်းတော်ပေါ်သို့ရောက်လျှင် ညီလာခံခန်းမနှင့်တူသော ကျယ်ဝန်းသည့် အခန်းတစ်ခုသို့ ကျွန်ုပ် အား ခေါ်ဆောင်သွားကြသည်။
သားမွေးလည်းမဟုတ်သော်လည်း သားမွေးမျှနူးညံ့လှသော အနီနျင့် အနက်ရောင်ကို ပုဆစ်ကွက် ဖော်ထား သည့် ကော်ဇောကြီးသည် ခန်းလုံးပြည့် ခင်းထားသည်ကို တွေ့ရသည်။

ခန်းမကြီး၏ နံရံများတွင် လှပသည့်ပန်းများကို ထိုးစိုက်ထားသည့် စိမ့်လဲ့လဲ့အရောင် ကျောက်ပန်းအိုးများရှိ သည်။ တစ်ခန်းလုံးမှာ ပန်းရနံ့များ မွှေးကြိုင်ကာ စိတ်ကြည်နူးဖွယ်ကောင်းလှသည်။
ခန်းမဘကီး၏အဆုံးတွင် အစိမ်းရောင် တောက်ပသောပြောင်လက်သည့် အ၀တ်ဖြင့် ကာထားသည်။ ထို ခန်းဆီး အ၀တ်ရှေ့တွင်ကား အဖြူရောင် တောက်ပသည့် အ၀တ်ဖြင့် ချုပ်လုပ်ထားသော အမြင့် တစ်တောင် ကျော်မျှ ရှိသည့် လှပသောဖုတစ်ခုရှိသည်။

ဖူးသာကိုကွီသည် ထိုဇု၏ရှေ့တည့်တည့် ငါးတောင်ကွာလောက်တွင် ကျွန်ုပ်အား ဒူးတုပ် ထိုင်စေသည်။ သူကိုယ်တိုင်ကား ကျွန်ုပ်၏ရှေ့မှာထိုင်သည်။ ဒူးလေးကိုင် အစောင့်နှစ်ယောက်က ဖုတစ်ဘက်တစ်ချက် သုံး တောင်ကွာလောက်ဆီမျာ ဒူးလေးစွဲပြီး ရပ်နေကြသည်။
ကျန်ဒူးလေးကိုင်များကား ကျွန်ုပ်၏ နောက်မှဝိုင်းရံစောင့်ကြပ်နေကြ၏။ ကျွန်ုပ်တို့ နေရာတကျ ထိုင်မိကြ လျှင်ပင် ကြည်လင်သော မောင်းသံကလေးကို အတွင်းခန်းဆီမှ ကြားလိုက်ရ၏။ မောင်းသံကြားရလျှင် ဖူ သာကိုကွီ က ကျွန်ုပ်အား ခေါင်းငုံ့နေရန်ပြောပြီး သူကိုယ်တိုင်လည်း ခေါင်းငုံ့နေပါသည်။

ကျွန်ုပ်သည် ခေါင်းငုံ့နေသော်လည်း သူတို့ကဲ့သို့ ပြားပြားဝပ်လျှိုးအောင်ကားမငုံ့ပါ။ ကျွန်ုပ်၏ မျက်စိသည် အစိမ်းရောင် ကန့်လန့်ကာကြီး လှုပ်ရှားသွားသည်ကိုလည်းကောင်း၊ ပြောင်လက်တောက်ပသည့် အနီရောင် ခြေနင်း ကို စီးကာ ငြင်သာသိမ်မွေ့စွာလှမ်းလာပြီး အဖြူရောင် ထိုင်ခုံပေါ်မှာ ထိုင်လိုက်သောဘုရင်မ၏ ဖြူစင် လှပသော ခြေအစုံကို ကောင်းစွာ မြင်လိုက်ရပါသည်။
    " အကြီးမင်း ဖူးသာကုိကြီ "
ဖူးသာကုိကြီအား ခေါ်လိုက်သောဘုရင်မ၏ အသံသည် ချိုလွင်၍ ကြည်လင်သာယာလှပါပေသည်။ မြွေကြီး ရန်က မြဗုဒ္ဓကယ်တော်မူပါဟု မြည်တမ်းသံသည် ဘုရင်မအသံဖြစ်ကြောင်း ကျွန်ုပ် ယခုမှ သိရ၏။
" အမိန့် ရှိတော်မူပါ ဘုရင်မ "
ဖူးသာကိုကွီက ရိုသေစွာ လျှောက်တင်လိုက်၏။

" ငါ့အသက်ကို ကယ်တင်သူသည် အကြီးမင်း၏နောက်မှ စားနေသူ ဟုတ်သလား "
" ဟုတ်ပါကြောင်း ဘုရင်မ "
" ကောင်းပြီ၊ ငါပိုင်ဆိုင်ရာ နောင်စငဲ့ ဒေသသို့ ဤသူရောက်လာကြောင်း သိရသော်လည်းသူ့အား အထူး တလည် တွေ့ရန် အကြောင်းမရှိချေ။ ယခုမှ ကံအားလျော်စွာ ငါ့အသက် ဖြစ်လာ၍ စံနန်းတော်ကို ၀င်ခွင့် ပြုခဲ့တယ်၊ ကျေးဇူးရှင် မျက်နှာကို ငါကြည့်လိုတယ် အကြီးမင်း "
ချိုလွင်သာယာသော ဘုရင်မ၏ အသံဆုံးလျှင် ဖူးသာကိုက ကျွန်ုပ်အား လှည့်ကြည့်ပြီး ...
" ဗားလား ... နင့်မျက်နှာ မော့ပြလိုက် "
ဟုပြောပါသည်။

ကျွန်ုပ်သည် နဂိုကမှ မော့ချင်နေသူဖြစ်၍ သွက်လက်စွာပင် မျက်နှာကို မော်ကာ ဘုရင်မအား ကြည့်လိုက်၏။ အဖြူနှင့် အနီစင်းတွင် လှပသော ပန်းပွားများ ထပ်ထားသည့် ပိုးရောင်တောက်ပနေသော သင်တိုင်းကို ၀တ်ထားသော ဘုရင်မ မျက်နှာတော်ကို ကျွန်ုပ်သည် ကြည့်ခွင့်ရသည်အခိုက် အားပါးတရ ကြည့်လိုက်၏။
ညိုမှောင်ရှည်လျားသော ဆံပင်ကို ဖားလျားချကာ ဖြူဖွေးမွှေးကြိုင်သော ပန်းခွေကို ဦးခေါင်းမှာ စွပ်ထား သော ဘုရင်၏ မျက်နှာတော်ကား ယခု အနီးကပ် စေ့စေ့ ကြည့်မိမှ ထူးခြားသော မျက်နှာမျိုး ဖြစ်ကြောင်း သတိထားမိပါသည်။ အထက်၌ ကျွန်ုပ် ဆိုခဲ့ပြီးသည့်အတိုင်း စာဖွဲ့လောက်သော ချောမောလှပသည့် မဆို နိုင်သော်ငြား ယခုကဲ့သို့ နီးနီးကပ်ကပ် သေချာစွာ ကြည့်မိသူအဖို့ စွဲမက် မြတ်နိုးဖွယ်ရာ ကောင်းသော ရုပ် ဆင်းသဏ္ဍာန် မျိုးဖြစ်ကြောင်း သိရသည်။ ကြည်လင်လှပသော ဘုရင်မ၏ မျက်လုံးသည် ကျွန်ုပ်အား စူးစိုက် ကြည့် လိုက်ခြင်းကို ခံရသောအခါ ကျွန်ုပ်၏ မျက်လုံးသည် ဘုရင့်ကျက်သရေရှိလှသော မျက်နှာမှခွာရန် လွှဲ ရန် မစွမ်းဆောင်တော့ချေ။

" တော်လောက်ပြီ ဗားလား၊ နင့်မျက်နှာ ပြန်ငုံ့လိုက် "
ဖူးသာကွီ၏ အမိန့်အရ ကျွန်ုပ်သည် ဦးခေါင်းပြလိုက်ရသော်လည်း မျက်လုံးထဲမှာကား ဘုရင်မ၏ ရုပ်သဏ္ဍာန် သည် ဖျောက်ဖျက်၍ မရနိုင်တော့ချေ။ ကျွန်ုပ်သည် ဘုရင်မအား ချစ်နေမိပေပြီတကား။
" ငါ့အသက်သခင် ကျေးဇူးရှင်ဖြစ်လို့ ငါချီးမြှင့်လိုတယ်၊ ရတနာများ၊ ဗုဒ္ဓဆေးပင်များကို ယူဆောင်ခွင့်၊ ဤ နောင်စငဲ့ ဒေသမှ ထွက်ခွာခွင့်၊ ၄င်းသုံခုမှလွဲလျှင် လိုသောဆုကိုတောင်း၊ ငါပေးမယ် "
ဘုရင်မ၏ မိန့်မြွတ်သံကြောင့် ကျွန်ုပ်မှာ ငိုင်သွားမိသည်။ ငါ့စိတ်အကြံအစည်ကို ဘုရင်မ သိလေရော့ သလားဟု တွေးမိသည်။
ကျွန်ုပ်အဖို့ အရေးကြီးစွာ လိုအပ်သော ဤနှစ်ချက်ကို ပိတ်ထားပြီးမှ ကျွန်ုပ် မည်သည့်အရာကို တောင်းဆို ရပါအ့နည်း။ မစဦး၊ နောင်ခါမှ ကြိုးစားတော့မည်ဟု စိတ်တွင် ဆုံးဖြတ်ကာ ယခုလတ်တလော အလိုရှိသည့် အခွင့်ကို တောင်းဆိုလိုက်ပါသည်။

" ဘုရင်မအား မြတ်နိုး ကြည်ညိုလှသဖြင့် ဘုရင်မမျာ အကူအညီလိုပါက အချိန်မရွေး ကူညီရန် ဘုရင်မ၏ အပါးမှာ အမြဲတစေ ခစားနေနိုင်ခွင့်နှင့် ဘုရင်မ စံနန်းတော်မှာရှိသော ရှးဟောင်းပေစာများကို ဖတ်ရှုခွင့် ထို နှစ်ခုကို ဆုအဖြစ် ပေးသနားပါ ဘုရင်မ "
ဖူးသာကိုကွီသည် ကျွန်ုပ်အား ထိတ်လန့်အံ့သြစွာ လှည့်ကြည့်လိုက်သည်ကို ကျွန်ုပ် သတိထားလိုက်မိ သည်။ ဘုရင် သည် စဉ်းစားဟန်ဖြင့် အတန်ကြာ ဆိတ်ငြိမ်ပြီးမှ ...
" ငါ တစ်ခုမေးလိုတယ် "
ဟု တည်ငြိမ်အေးမြသောအသံဖြင့် မိန့်ကြားလိုက်သည်။
" မေးတော်မူပါ ဘုရင်မ "
" ငါ ရေချိုးရာ စမ်းအိုင်နားကို နင်ဘယ်လို ရောက်လာသလဲ "
ဘုရင်မ၏ မေးခွန်းကြောင့် ရုတ်တရက်သော် ကျွန်ုပ်မှ တုန်လှုပ်သွားမိသည်။ အရေးကြီးသော ဤ အချက် ကို ယခုဘုရင်မမေးသည်မှာ သူ့အပါးတွင် အမြဲတစေ ခစားခွင့်ပေးရန် တောင်းဆိုခြင်းနှင့်စပ်လျဉ်း၍ သင်္ကာ မကင်းသဖြင့် မေးကြောင်း ကျွန်ုပ် ကောင်းစွာ သဘောပေါက်မိသည်။

သူတို့ဒေသ၏ စည်းကမ်းကို ဖောက်ဖျက်လျှင် ရက်စက်စွာ စီရင်တတ်ကြောင်း စောဝေဖော် ပြောပြပြီးဖြစ်၍ ကျွန်ုပ်သည် အသက်ဘေးမှ ထွတ်အောင် အကြောင်းအချက်လုံလောက်စွာ ပြရချိမ့်မည်။
" ဒီလိုပါ ဘုရင်မ ... ငါသည် ရတနာသုံးပါးကို အလွန်ကြည်ညိုရိုသေသူ ဖြစ်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိပ်မက်ထဲမှာ မြဗုဒ္ဓကိုဖူးတွေ့ရတယ်၊ မြဗုဒ္ဓကို ကြည်ညိုတဲ့ စိတ်က စွဲလမ်းစွာ တိုက်တွန်းမှုကြောင့် လိုက်ရှာရာမှာ အားပြတ်ပြီး လဲနေစဉ် အဖေဖူးသာကိုကွီတို့ ကျေးဇူးကြောင့် ဒီနေရာ ရောက်လာပြီး မြဗုဒ္ဓကို ဖူးတွေ့ရတယ်။

ညကလဲ အိပ်မက်ထဲမှာ ဘုရင်မကို မြွေနဂါး ရန်ပြုနေတယ် အိပ်မက်လို့ အဖေဖူးသာကိုကွီကို ဒီအကြောင်း ပြောမယ် လို့ လိုက်ရှာရာက လမ်းမှားပြီး စမ်းအိုင်နားအရောက်မှာ ဘုရင်မ မြည်တမ်းသံကို ကြားရတယ်၊ ငါ ပြေးလာပြီး ကြည့်တော့ အိပ်မက်အတိုင်းတွေ့နေရလို့ ဘုရင်မကို မြွေနဂါးရန်က ကယ်တင်နိုင်ခဲ့တယ်။
ငါ အမှန်အတိုင်း လျှောက်တင်ပါတယ်၊ ဒီအချိန်မှာ ဘုရင်မ ရေချိုးတော်မူမယ်လို့ မသိရိုး အမှန်ပါ "
ကျွန်ုပ်သည် သတိထားကာ တည်ငြိမ်သောအသံဖြင့် ယုတ္တိ ရှိရှိ ဖြေကြားလိုက်ပါသည်။

" အင်း ... ဟုတ်ပေလိမ့်မယ်၊ နင် ရောက်လာပုံတွေကတော့ဖြင့် အကြောင်းအချက်အားလုံး တိုက်ဆိုင် ပေတယ်၊ ဒါထက် အဆိပ်ပြင်းထန်တဲ့ မြွေနဂါးကို နင် ဖမ်းကိုင်တာ ကိုက်မှာ မကြောက်ဘူးလား "
ဘုရင်မ ၏ အသံမှာ ယုံကြည်ချက် အပြည့်ပါနေကြောင်း ကျွန်ုပ် ရိပ်စားမိ၍ တအားတက်လာပါသည်။
" ကျွန်ုပ်မှာ ဗုဒ္ဓ ပေးတော်မူထားသော မြွေနဂါးကို နိုင်သည့် တန်ခိုးပိုင်ဆိုင်ပါတယ် ဘုရင်မ "
ကျွနင်္ုပ်က ရဲဝံ့စွာပင် လိမ်လည်လျှောက်တင်လိုက်ရပါသည်။ နောင်ခါမှ မြွေကိုက်၍ သေလိုလည်းသေစေ၊ လတ်တလော အသက်ဘေးမှ လွတ်အောင်ကား အစီအစဉ်တဲ့အောင် ပြောရတော့မည်သာ၊ သို့သော် ကျွန်ုပ် ကားငယ်စဉ်က မြွေပြီးဆေး ထိုးထားခဲ့ဖူးပေသည်။

ဘုရင်မသည် ကျွန်ုပ်အား တစ်စုံတစ်ရာမှ ဆက်လက်မေးမြန်းစစ်ဆေးခြင်း မပြုတော့ဘဲ ဖူးသာကိုကွီကို ခေါ်လိုက်သည်။
" ကောင်းပြီ အကြီးမင်း၊ ဖူးသာကိုကွီ "
" အမိန့်ရှိတော်မူပါ ဘုရင်မ၊ နာခံရန် အသင့်ပါ "
ဖူးသာကိုကွီက ရိုသေစွာ လျှောက်တင်လိုက်၏။
" မြွေနဂါးကိုနိုင်သော ငါ့အသက်သခင်အား စံနန်းအတွင်းမှာ နေထိုင်ခစားရန် ခွင့်မပြုနိုင်သော်လဲ ငါနျင့် အနီးဆုံးဖြစ်သော ကိုယ်ရံတော် သက်စောင့်တပ်မှာ အမှုထမ်းစေရမယ် "
" အမိန့်တော်အတိုင်းပါ ဘုရင်မ "

" အေး .... သူတောင်းတဲ့ ဆုတစ်ခု ကျန်သေးတယ်၊ ငါ့စံနန်းမှာရှိတဲ့ ပေစာတွေကို ဖတ်လိုတယ်တဲ့၊ ပေစာ တွေကို အလုံအခြုံ သိမ်းဆည်းထားပြီး ဖြစ်နေလို့ ဖတ်ခွင့်ပြုရန် ခဲယဉ်းတယ်၊ သို့သော် ပေစာတွေပါ အတ္ထုပ္ပတ္တိ ကို ဖတ်ကြည့် တာ နဲ့မခြား သိရအောင် မောရလိုဏ်ဂူကို ခေါ်သွားပြီး ပြလိုက်ပေတော့ အကြီးမင်း "
" အမိန့်အတိုင်း ပါ ဘုရင်မ၊ လိုဏ်ဂူဖွင့်ကြည့်ရန် သံမဏိလှံတော်ကို သနားတော်မူပါ ဘုရင်မ "
ဖူးသာကိုကွီက တင်လျှောက်သည်။

" ဝေ ... နန့်မထေ့ရေ၊ လာလေဦး "
ရံရွှေတော်တစ်ဦးအား ဘုရင်မက မတိုးမကျယ် ခေါ်လိုက်သောအသံသည် ချစ်စဖွယ် ကြည်လင် ချိုနွဲ့လှ၏။ နန့်မထေ့ဟူသော အမည်ကို ကြားရလျှင်ပင် ကျွန်ုပ်၏ အဖော်မွန်ကလေး စောဝေဖော်၏ အစ်မဖြစ်ကြောင်း ကျွန်ုပ် သိလိုက်ရပေသည်။
ကျွန်ုပ် သည် ဦးခေါင်းငုံ့နေရာမှ အစိမ်းရောင် ကန့်လန့်ကာကြီး၏ အောက်ခြေသည် လှုပ်ရှားသွားပြီး သေး သွယ်သော မိန်းမ၏ ခြေတစ်စုံထွက်လာကာ ဘုရင်မ၏ နောက်ပါးဝယ် ရပ်လိုက်သည်ကို မြင်ရပါသည်။

" နန့်မထေ့ "
" အမိန့်ရှိတော်မူပါ ဘုရင်မ "
" ငါ့အိပ်စက်ရာ ခန်းဆောင်ရှိ နံ့သာခုံကြီးပေါ်က နံ့သာခွက်ထဲမှာ ထည့်ထားတဲ့ မောရလိုဏ်ဂူဖွင့်တဲ့ သံမဏိ လှံတော်သွားယူခဲ့ပြီး အကြီးမင်း ဖူးသာကိုကွီလက်ကို အပ်လိုက်၊ ကိုက်ပြီးလို့ ဖူးသာကိုကွီက သံမဏိလှံ ပြန်အပ်တဲ့အခါ လက်ခံပြီး ယခင် သူ့နေရာမှာ ပြန်ထားလိုက် နန့်မထေ့ "
" အမိန့်တော်အတိုင်းပါ ဘုရင်မ "
နန့်မထေ့က တင်လျှောက်ပြီး အခန်းတွင်းသို့ ပြန်ဝင်သွားပြီးလျှင်ပင် ဘုရင်မသည် ထိုင်ရာမှ ထလိုက် ကြောင်း ကျွန်ုပ် သိရ၏။

စွဲမက်ဖွယ် ကျက်သရေရှိလှသော ဘုရင်မ၏ မျက်နှာတော်ကို မော်ဖူးခွင့်မရသော ကျွန်ုပ်အဖို့ ဖြူစင်လှပ သော ဘုရင်၏ ခြေအစုံသည် အစိမ်းရောင် ကန့်လန့်ကာနောက်သို့ ရွေ့လျား ပျောက်ကွယ်သွားသည့်တိုင် အောင် မြတ်နိုးလှသော စိတ်နှင့် မျက်ခြည်မပြတ် ကြည့်နေလိုက်မိပါသည်။
ဘုရင်မ ၀င်တော်မူသွားလျှင်ပင် ကျွန်ုပ်တို့မှာ ဦးခေါင်းမော်ခင့်ရပြီဖြစ်၏။ တစ်ယောက်နှင့် တစ်ယောက် စကား မပြောကြဘဲ ဆိတ်ငြိမ်စွာ နေထိုင်မိကြစဉ် ခဏမျှကြာသောအခါ နန့်မထေ့သည် အစိမ်းရောင် ကန့် လန့်ကာ နောက်မှ ပေါ်လာပါသည်။

လင်ပန်းသဖွယ် စိမ့်လဲ့လဲ့ အရောင်ရှိသော ပါးလွှာသည့် ကျောက်ပြားတစ်ချပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်မ လာပြီး ဖူးသာကိုကွီအား ဒူးတုပ်ကာ ရိုသေစွာ ပေးလိုက်၏။ ကျွန်ုပ်သည် ကျောက်လင်ပန်းပေါ်တွင် ပါလာ သော အရာဝတ္ထုကို စိတ်အားထက်သန်စွာ ကြည့်လိုက်၏။
အသွား သုံးလက်မမျှရှိသော သံမဏိလှံသွားကလေးအား တစ်မိုက်မျှရှည်သော မွှေးကြိုင်သည့် သစ်သား ဖြင့် လက်ကိုင်ရိုး တပ်ထားသော လှံကလေးတစ်ချောင်းဖြစ်သည်ကိုသိရသည်။ ဖူးသာကိုကွီက လှံကလေးကို တယုတယ ယူနေစဉ်မှာ ကျွန်ုပ်သည် နန့်မထေ့၏မျက်နှာကို အမှတ်မထင် လှည့်ကြည့်လိုက် သည်။

နန့်မထေ့သည် ကျွန်ုပ်အား စူးစူးစိုက်စိုက် ကြည့်နေရာမှ ကျွန်ုပ်နှင့် အကြည့်ချင်းဆုံသောအခါ မျက်လွှာချ ကာ ကျောက်လင်ပန်းကိုကိုင်ပြီး အခန်းတွင်းသို့ ၀င်သွားပါသည်။ နန့်မထေ့၏ ရုပ်ရည်၊ ၀တ်စားဆင်ပြင်ပုံ ခေါင်းတုံး ပြောင်ပုံ မှာ ကျွန်ုပ် တွေ့ခဲ့ဖူးပြီဖြစ်သည့် နောင်စငဲ့ တောသူတို့နှင့် ထူးမခြားနား တစ်မျိုးတစ်စား တစ်ပုံစံ တည်းပင် ဖြစ်ပေသည်။
" ဗားလားရေ ... သွားစို့ဟေ့ "
ဖူးသာကိုကွီက နှိုးဆော်ပြီး ဘုရင်မစံနန်းမှ ရှေ့ဆောင် ဆင်းသွားသဖြင့် ကျွန်ုပ်တို့သည် ဖူးသာကိုကွီ၏ နောက်မှ လိုက်ခဲ့ရသည်။ ဘုရင်မစံရာနန်းကို လက်ယာဘက်မှ ပတ်ကွေ့ကာ တစ်ဖက်သော တောင်ကမ်း ပါးယံဆီသို့ ရှေ့ရှုလာခဲ့ကြပါသည်။

" ဗားလား နင် နက်ဖြန်ကစပြီး ဘုရင်မ ကိုယ်ရံတော် သက်တော်စောင့်စစ်သားဖြစ်ပြီနော် "
ရှေ့မှ အရွယ်နှင့် မလိုက်အောင် ဖျတ်လတ်လျင်မြန်စွာ သွားနေသော ဖူးသာကိုကွီက နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
" ဟုတ်တယ် အဖေ "
ကျွန်ုပ်က ဖြေလိုက်သည်။
" နင့်ကို စောဝေဖော်က ဒူးလေးအပစ် သင်ပေးတယ်မဟုတ်လား၊ နင် ကောင်းကောင်းတတ်ရောပေါ့ "
" တတ်ပါတယ် အဖေ "
ကျွန်ုပ်က စကားမရှည်ဘဲ တိုတိုပင် ဖြေလိုက်၏။
ဒူးလေး အပစ်ကိုကား ကျွန်ုပ်ငယ်စဉ်ကပင် တတ်ခဲ့ပြီး ဖြစ်သည်။

" အေး ... ကောင်းတယ် "
ဖူးသာကိုကွီက ဤမျှသာပြောပြီး စိုက်စိုက်သွားနေသဖြင့် ကျွန်ုပ်လည်း တစ်စုံတစ်ရာမျှ မပြောဘဲ သူ့ နောက်မှ အတွင်သာလိုက်ခဲ့သည်။
ကမ်းပါးကို ပတ်ပြီးတက်ခဲ့ရာ တောင်ခုလပ်ဆီရောက်လျှင် ဒူးလေးကိုင်စစ်သားများကို ကြိုကြားကြိုကြား တစ်ခုစီ တွေ့ရပါသည်။
" ဟောဟို ရှေ့က စစ်သားတွေစောင့်နေတာ မောရလိုဏ်ဂူပဲ ဟေ့ ဗားလား "
ဖူးသာကိုကွီက ခပ်လှမ်းလှမ်းရှိ တောင်ကမ်းပါးယံမှ သယံဇာတများဖြင့် ဖြစ်တည်နေဟန်တူသောကျောက်ဂူ ကြီးကို လက်ညိုးညွှန်ပြရင်း ပြောလိုက်သည်။
ကျောက်ဂူရှေ့သို့ ရောက်သောအခါ ကျောက်ဂူရှေ့ရှိ အစောင့်စစ်သားများသည် ဖူးသာကိုကွီကို မြင်သော အခါ တစ်စုံတစ်ရာ မေးမြန်းပြောဆိုခြင်း မပြုဘဲ စက်ရုပ်များသဖွယ် တညီတည်း ဘေးသို့ ရှဲသွားကြသည်။

ဂူတံခါးမှာ ခိုင်မာသော သစ်သားတစ်မျိုးဖြင့် ပြုလုပ်ထားလေသည်။ ဖူးသာကိုကွီသည် တရိုတသေ ကိုင်ဆောင်လာသော သံမဏိလှံတံငယ်ကို တံခါးတစ်ဖက်မှာရှိသော သော့ပေါက်နှင့် သဏ္ဍာန်တူသည့် အပေါက်ငယ်တစ်ခုအတွင်းသို့ ထိုးသွင်းပြီး လှည့်လိုက်သည်တွင် လေးလံသော သစ်သားတံခါးကြီးသည် တကျွီကျွီမြည်ကာ ပွင့်လာပါသည်။
ဂူအတွင်းမှာ မည်းမှောင်နေပေလိမ့်မည်ဟု ကျွန်ုပ် ထင်မှတ်မိသော်လည်း စိမ်းလဲ့လဲ့ ကြည်လင်သော အရောင်ဖြင့် လင်းနေသည်ကို အံ့သြစွာ တွေ့ရပါသည်။ မည်သည့်အရောင် ဖြစ်လေသနည်းဟု စဉ်းစား ကာ ကျွန်ုပ် သည် ဂူအမိုးကို မော့ကြည့်လိုက်၏။

ခုနစ်လံမျှ အမြင့်ရှိသော ဂူအမိုးအလယ်တည့်တည့်မှာ တစ်တောင်ပတ်လည်မျှကျယ်သော မွန်းတည့် ပေါက်တစ်ခုကို တွေ့ရသည်။ ထိုမွန်းတည့်ပေါက်၏ အောက်တည့်တည့်တွင် နှစ်လံမျှ အမြင့်ရှိသော သယံ ဇာတ ဖြစ်တည်နေသည့် ကျောက်တိုင်တစ်ခု၏ ထိပ်တွင် စိမ်းလဲ့လဲ့ အရောင်ရသော တစ်တောင်ပတ်လည်မျှ ရှိသည့် ထိပ်ချွန်သော ကျောက်တုံးတစ်ခုရှိသည်။
ဂူအမိုး မွန်းတည့်ပေါက်မှ ၀င်လာသော အလင်းရောင် သည် ထိုစိမ်းလဲ့လဲ့ ကျောက်တုံးနှင့် ထိတွေ့သော အခါ ကျောက်တွင်း မှ ရောင်ပြန်ဟပ်သော စိမ်းလဲ့လဲ့အရောင်က ဂူကို လင်းစေကြောင်း ကျွန်ုပ် အံ့သြစွာ တွေ့ရ၏။

ဂူတစ်ခုလုံးကို ကြည်ကြည်လင်လင် လင်းနေအောင် အရောင်ထွက်တဲ့ ကျောက်တိုင်ထိပ်ကဟာ ဘာ ကျောက်တုံးလဲ အဖေ"
ဂူတွင်းသို့ ရှေ့မှဝင်လာသော ဖူးသာကိုကွီအား ကျွန်ုပ်က မေးလိုက်၏။ အစောင့်များမှာ ဂူအပြင်ဘက်မှ နေရစ်ကြ၍ ကျွန်ုပ်နှင့် ဖူးသာကိုကွီသာ ဂူတွင်းဝင်ကြသည်။
" အဲဒါ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တန်ခိုးတော်နဲ့ အလင်းပေးနေတဲ့ ကျောက်ပဲ ဗားလားရဲ့ "
ထိုပေစာထက် အဓိပ္ပာယ် ရှင်းနိုင်ပါမည်လော။ ကျွန်ုပ်သည် တစ်စုံတစ်ရာမှ ဆက်မပေးဘဲ သူ့နောက်မှ မျက်ခြည်မပြတ်သာ လိုက်လာခဲ့သည်။

" ဒီဘက်က နံရံကို အရင်ကြည့် "
ဖူးသာကိုကွီ စကားကြောင့် လက်ယာဘက်ရှိ ဂူနံရံကို ကျွန်ုပ် ကြည့်လိုက်သည်။ သယံဇာတသဘာဝအား ဖြင့် တည်နေဟန်တူသော ကျောက်ဥဒေါင်းရုပ်ကြီးတစ်ခုကို တွေ့ရသည်။ ကျောက်ဥဒေါင်းရုပ်ကြီးမှာ လူ၏ လက်ဖြင့် ထုလုပ်ထားဘိသို့ ပီပြင်စွာတွေ့ရသည်။
နှစ်တောင်ကျော်မျှရှိသော အောက်ခံ ကျောက်ရုပ်ခုံနှင့် ဥဒေါင်းရုပ်မှာ တစ်ဆက်တည်းဖြစ်သည်။ ကျောက် သားအရုပ်မှာ စိမ်းလဲ့လဲ့ ကြည်လင်နေ၏။ ဖူးသာကိုကွီအား မေးလိုက်၏။ ဖူးသာကိုကွီက အောက်ပါအတိုင်း ဖြေကြားသည်။

" ဒီလိုဟဲ့ ... ဗားလား၊ ဒီဥဒေါင်းမင်းက ကမ္ဘာတည်ကတည်းက ရှိခဲ့တယ်လိုပ အဆိုရှိတယ်၊ ဟိုးရှေးလွန် လေပြီးတဲ့ နှစ်ပေါင်းများစွာက ထီဆေ့မေ့ အမည်ရှိတဲ့ မင်းနေပြည်တော် မြို့ကြီးတစ်မြို့ ရှိခဲ့တယ်တဲ့၊ ဘယ် နားမှာ ရှိခဲ့တယ်ဆိုတာတော့ ငါမသိဘူး...
" တစ်နေ့တော့ အင်မတန်ယုတ်မာဆိုးသွမ်းတဲ့ လူတွေဟာ ဒီမြို့ကြီးကို ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးသတဲ့၊ ထီဆေ့မေ့ နေပြည်တော်ကို အုပ်ချုပ်တဲ့ မင်းရော၊ မိဖုရားရော၊ ရန်သူ့လက်ချက်နဲ့ သေတဲ့အခါ တိုင်းသူပြည် သားတစ်စုဟာ အသက်မသေဘဲ ကျန်ရစ်ရှာတဲ့ မင်းသမီးလေး နန့်နောင်ခါရီ ကို ရန်သူ့လက်ကလွတ်အောင် ဆောင်ကျဉ်း ပြီး ပြေးခဲ့ရာမှာ အခုတို့များနေတဲ့ နောင်စငဲ့ တောင်တန်းဒေသကို ရောက်လာသတဲ့ ဗာလားရဲ့။

အဲဒီအချိန်က မင်းသမီးလေး သက်တော်ဟာ တစ်ဆယ်ခြောက်နှစ်လောက်ပဲ ရှိသေးတယ်၊ မင်းသမီးလေး ရုပ်ရည်ကတော့ အခုတင်က နင်မြင်ခဲ့ရတဲ့ ဘုရင်မရုပ်ရည်အတိုင်းပဲပေါ့ "
" ဘုရင်မနာမည်က နန့်ခေါင်ခါရီပဲ မဟုတ်လား "
ဖူးသာကိုကွီ၏ စကားကိုဖြတ်ပြီး ကျွန်ုပ်က မေးလိုက်သည်။
" စုံအောင် ငါပြောမှာပေါ့ဟဲ့၊ နင်ကလဲ ဆုံးအောင် နားထောင်ဦး "
ဖူးသာကိုကွီက ဟန့်တားလိုက်သဖြင့် ကျွန်ုပ်က ဆိတ်ငြိမ်စွာပင် နေလိုက်ရသည်။ ဖူးသာကိုကွီက စကား ဆက်လိုက်ပြန်၏။

" အဲဒါနဲ့ နောင်စငဲ့ ဒေသရောက်တော့ နောင်က ရန်သူကတော့ လိုက်မလာတော့ဘူး၊ ဒါပေမယ့် လူတွေက အစားရိက္ခာပြတ်ပြီး ငတ်ကြတာကိုး၊ ဒီတော့ တွေ့သမျှအကောင်ငှက်ကလေးတွေတောင် မချန်ဘဲ ပစ်ခတ် စားကြတယ် ....

" အဲဒီတော့ စားသမျှလူတွေဟာ စားသမျှ အစာတွေ မချိမဆန့် အန်ထွက်ပြီး ပြင်းထန်တဲ့ဝေဒနာ ခံစားရ တယ်၊ မင်းသမီးလေးတစ်ယောက်ပဲ၊ လွတ်ကင်းချမ်းသာတယ်၊ ဘာကြောင့်လဲဆိုတော့ မင်းသမီးလေးက သူ့ မျက်စိ ရှေ့ မှာ လူတွေ သတ်ခဲ့၊ ဖြတ်ခဲ့ကြလို့ သူ့အဖေ အမေ၊ ဆွေမျိုးတွေ သေကုန်ခဲ့ကြတာကို သတိရတာလဲ တစ်ကြောင်း၊ လူတွေ စားသောက်ဖို့ အတွက် အသက်အသေခံရတဲ့ အမဲကောင်တွေကို သနားတာလဲ တစ်ကြောင်းကြောင့် ဘာမှမစားဘဲ ရေပဲသောက်နေတယ်တဲ့၊ ဒါကြောင့် မင်းသမီးလေးမှာ ဝေဒနာ မရှိတာပေါ့၊ ငါပြောတာ နားလည်လားဟေ့"
ဖူးသာကိုကွီက စကားဖြတ်ပြီး ကျွန်ုပ်အား မေးလိုက်သည်။

" နားလည်ပါတယ် အဖေ "
ကျွန်ုပ်မှာ လျှာမရှည်ဝံ့သည့်အတွက် သူမေးသမျှကို တိုတိုသာ ဖြေလိုက်ပါသည်။ စိတ်ထဲတွင်ကား သူ တော်ကောင်းစိတ်ရှိသော မင်းသမီးလေးနန့်နောင်းခါရီကို ကြည်ညိုလိုက်မိပါသည်။
" အေး ... အဲဒီလိုဖြစ်ကုန်တော့ နန့်နောင်ခါရီက သစ္စာပြုတယ်တဲ့၊ ငါ၏ကျေးတော် ကျွန်တော်မျိုးများ ဤဝေဒနာမှ လါတ်ကင်း၍ အသက်ချမ်းသာပါစေ၊ အသက် ချမ်းသာခဲ့ကြသည်ရှိသော် သူများအသက်ကို သတ်ဖြတ် စားသောက်ခြင်းမှ ဆွေစဉ်မျိုးဆက် ရှောင်ကြဉ်စေ၍ မြေမှပေါက်သော အသီးအရွက်ကိုသာ စား ပါစေမည်လို့ သစ္စာပြုတယ် ဗားလားရဲ့၊ မင်းသမီးလေး နန့်နောင်ခါရီဟာ အဲဒီလို သစ္စာပြုဆုတောင်းနေစဉ် မှာ အိပ်ပျော်သလိုလို သတိမေ့သလိုလို ဖြစ်သွားပြီး သူ့အာရုံထဲမှာ ဥဒေါင်းကြီး တစ်ကောင် ပေါ်လာပြီး မင်းသမီးကလေးကို ကျောပေါ် တင်ခေါ်သွားတယ်တဲ့၊ တောင်ထွတ်ကြီး တစ်ခုပေါ်ကို ရောက်တဲ့အခါ အစိမ်းရောင် အဆင်းရှိတဲ့ အရုပ်ကြီးတစ်ခုကို တွေ့ရတယ်တဲ့၊ အရုပ်ကြီးရှေ့မှာအ၀တ်ဖြူဝတ်ထားတဲ့ အဘိုး ကြီး တစ်ယောက် တွေ့ရတယ်တဲ့"
ဖူးသာကိုကွီက စကားဖြတ်ပြီး ကျွန်ုပ်အား လှည့်ကြည့်လိုက်ပါသည်။

 နင် အိပ်ချင်နေသလားဟဲ့ "
ဥဒေါင်းရုပ်ကြီးကို စူးစိုက်ကြည့်ရင်း ငြိမ်နေသော ကျွန်ုပ်အားဖူးသာကိုကွီကမေးလိုက်သည်။
" အဖေရယ် ဘယ်မှာအိပ်ချင်မှာလဲ၊ ငါသိပ်ပြီး သိချင်နေတဲ့ အကြောင်းတွေမို့ သေသေချာချာ နားထောင် နေတာ၊ ဆက်ပြောပါအဖေ "
ဖူးသာကိုကွီက မပြောလိုတော့ဘဲ ရပ်သွားမည်စိုး၍ ကျွန်ုပ်က စိုးရိမ်ကြီးစွာ တိုက်တွန်းလိုက်ပါသည်။

" အေး ... တို့ထိုင်ပြီး ပြောကြရအောင် "
ဖူးသာကိုကွီက ရပ်နေရသည်ကို ညောင်းဟန်တူသည်။ ပြောပြောဆိုဆို ဥဒေါင်းရုပ်ကြီးရှေ့ရှိ ကျောက် တုံးတစ်ခု ပေါ်ထိုင်ချလိုက်သဖြင့် ကျွန်ုပ်သည်လည်း ၀မ်းသာအားရ ထိုင်ပါသည်။ ဖူးသာကိုကွီက စကား ဆက်ပြော လိုက်ပြန်၏။

ဆက်ရန်
.

1 comment:

rose said...

အစ်မရွှေစင်ရေ... ဆရာမ မ၀င်းမြင့်ရဲ့ မြသေလာတောင်ကို အစကနေ အခု အပိုင်း ၂၂ အထိ တစ်ထိုင်တည်း ဖတ်ပလိုက်တယ်း) ကောင်းချက်။ အခုလို စိတ်ရှည်လက်ရှည်နဲ့ စာတွေ ရိုက်တင်ပေးလို့ အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဇာတ်သိမ်းပိုင်းလည်း မျှော်နေမယ်နော်။