Saturday, June 4, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၁၂)

အခန်း (၁၂)

နေ့လယ်စာ စားပြီးချိန်တွင် ပြတိုက်များသို့ လေ့လာရေးခရီး သွားမည့်အကြောင်း အတန်းထဲတွင် ကြေညာ လိုက်သည်။ ကြာသပတေးနေ့တွင် သွားဖြစ်မည့်အကြောင်းပြောရင်း -
" မင်းတို့ကို ထိန်းဖို့ ဆရာမ မစ္စဘလင်းချဒ်ပါ လိုက်လိမ့်မယ် "
ဤတွင် ပါမလာဒဲယားက ၀င်မေးသည်။

" ဆရာမ လိုက်ဖို့ လိုလို့လား ဆရာ "
" လိုတယ် မစ္စဒဲယား၊ ကျောင်းသား လေးဆယ်ကျော်ကို ဆရာတစ်ယောက်တည်းနဲ့ အပြင်ထွက်ခွင့် မရှိဘူး၊ ဒါက ကျောင်းကောင်စီ ဥပဒေလေ"
" ကောင်းတာပေါ့ ဆရာ၊ မစ္စဘလင်းချဒ်ကို သိပ်သဘောကျတယ်၊ သိပ်ကျက်သရေရှိတာပဲ"
တစ်ဂျက်ဆင်က ၀မ်းသာအားရ ၀င်ပြောသည်။ သူ့မျက်နှာမှာ ပြုံုးလို့။

" ဟေ့ ... တစ်၊ နင် ၀င်မရှုပ်စမ်းပါနဲ့၊ နင့်ကို ဘယ်သူမေးလို့လဲ "
မလိုအပ်ဘဲ ဒေါပွနေသော ပါမလာဒဲယားကို တစ်ဂျက်ဆင်က ကြောင်ကြည့်နေသည်။ ပြီးမှ ခပ်အေးအေး လေသံဖြင့် -
" ဘာ တစ်လဲ၊ နာမည်ရင်း ခေါ်လေ၊ ဂျက်ဆင် ကွ"
*
ကြာသပတေးနေ့ ကျွန်တော် ကျောင်းရောက်လျှင် ရောက်ချင်း ဆရာကြီး ရုံးခန်းကို တန်းသွားပြီး လေ့လာရေး ခရီးထွက်ခွင့်အမိန့် သွားယူသည်။ အတန်းထဲကို ရောက်တော့ သူတို့အားလုံး ရောက်နှင့် နေကြ ပြီ။ ထိုင်စောင့်နေကြ၏။ သည်မြင်ကွင်းမျိုးကို ကျွန်တော် မျှော်လင့်မထားမိသဖြင့် ပါးစပ် အဟောင်းသားဖြစ်သွားသည်။

အားလုံး ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာနှင့်ပါတကား။ ယောက်ျားကလေးများက ဘိုကေကို သေသေ သပ်သပ် ဖြီးသင်လာကြ၏။ မိန်းကလေးများကလည်း နှုတ်ခမ်းနီ ကိုယ်စီဖြင့်။ ဣနြေ္ဒရစွာ လှလှပပ ပြင်ဆင် လာကြ၏။ တအံ့တသြ ဖြစ်ကာ ၀မ်းသာနေသော ကျွန်တော့်ကို ကြည့်ပြီး သူတို့ မျက်နှာကလေးတွေ ပျော်တပြုံးပြုံး ဖြစ်နေကြသည်။
အတန်းထဲတွင် တစ်နေရာ လွတ်နေသည်ကို ကျွန်တော် သတိထားလိုက်မိသည်။ တစ်ဂျက်ဆင်၏ နေရာ။ ကျောင်းခေါ်ကြိမ် စာအုပ်ကို ဖွင့်ပြီး နာမည်ခေါ်သည်။ ထုံးစံအရ ခေါ်ရခြင်း ဖြစ်ပါ၏။ အတန်းနှင့် တစ်သား တည်း ဖြစ်နေပြီမို့ ကျောင်းပျက်သူကို ကျွန်တော် တန်းသိနေပြီ။

နေ့လယ်စာဖိုး ကောက်ခံပြီး ဆရာမ ဂျီလီယံဘလင်းချဒ်ကို ကျွန်တော် စောင့်နေသည်။ အခန်းအပြင်ဘက် တွင် နံရံနှင့် တွန်းသံတိုက်သံလိုလို ကြားလိုက်သဖြင့် ထ သွားပြီး တံခါးဖွင့်ကြည့်လိုက်သည်။
အခန်းဝတွင် ဧရာမ အ၀တ်ထုပ်ကြီး ဘွားခနဲ ပေါ်လာ၏။ အထုပ်ကြီးအောက်မှ အော်ပြောသည့်အသံ ထွက် လာသည်။
" ကျွန်တော်ပါ ... ဆရာ၊ ဂျက်ဆင်ပါ၊ အမေ့ကို ကူလုပ်နေရလို့ပါ ဆရာ၊ ကျွန်တော်လာမှ သွားပါနော်၊ ကျွန်တော် ခုချက်ချင်း ပြန်ပြေးလာပါ့မယ် ဆရာ "
ပြောပြောဆိုဆို ဂျက်ဆင်သည် အထုပ်ကြီးကို ရွက်ပြီး ပြန်ပြေးဆင်းသွားသည်။ တစ်ခန်းလုံး ၀ိုင်းရယ်ကြ သည်။ ကျွန်တော်လည်း လိုက်ရယ်မိတော့သည်။

မကြာမီ ဆရာမ ဂျီလီယံ ရောက်လာသည်။ ထိန်းလို့ လွယ်အောင် အုပ်စုနှစ်စု ခွဲလိုက်သည်။
ယခုလို နံနက်ပိုင်းဆိုလျှင် ရထားပေါ်တွင် နေရာ များများစားစား မရှိတတ်ပေ။ ကျွန်တော်တို့တစ်တွေ လူခွဲ ကာ တွဲနှစ်တွဲထဲတွင် လိုက်ကြရသည်။ ကျွန်တော်လည်း တံခါးဝတွင် ငါးပိသိပ် ငါးချဉ်သိပ် ကျပ်ညပ်ပါ လာ၏။ ကျွန်တော့်အနီးတွင် မွိုင်ရာဂျိုးဇက်၊ ဘာပရောပက်နှင့် ပါမလာဒဲယားတို့ပါလာကြသည်။ ကြည့်ရ မည့် ပြတိုက်အကြောင်းကို သူတို့သုံးယောက် ကျွန်တော့်အား မေးလိုက်၊ သူတို့ဘာသာ သူတို့ ပြော လိုက် ဖြင့် စိတ်အားထက်သန်နေကြသည်။ ဂျီလီယံ ပြောပြထားသည့် ရှေးခေတ် လက်ချုပ် အ၀တ်အထည်များကို သူတို့ အထူး စိတ်ဝင်စားနေကြ၏။ သူတို့ တစ်တွေ သည်မျှ တက်ကြွနေသည်ကို ကြည့်ပြီး ကျွန်တော် ပီတိ ဖြစ်နေရ၏။

ကင်နင်လမ်း ဘူတာတွင် ကျွန်တော်တို့ တွဲပေါ်သို့ ၀တ်ကောင်းစားလှနှင့် အမျိုးသမီးကြီးနှစ်ဦး တက်လာ သည်။ ကျွန်တော်တို့ကို စက်ဆုပ်ရွံရှာသည့် အမူအရာဖြင့် ပြောင်ပြောင် တင်းတင်းပင် ကြည့်၏။ ပြီးတော့ " အရှက်နည်းတဲ့ မိန်းကလေးတွေ နဲ့ အမဲရိုးနှယ် ဟင်းအိုး မှ အားမနာသည့် လူမည်းများ" အကြောင်း မဲ့ကာ ရွဲ ကာ ပြောပါလေတော့၏။
ကျွန်တော့် စိတ်ထဲတွင် ထောင်းခနဲ ဒေါပွသွားသည်။ ရှက်လည်း ရှက်သွား၏။ ပြတိုက်အကြောင်း စိတ်ပါ လက်ပါ ဆွေးနွေးလာကြသည့် ကလေးမတွေ မကြားပါစေနဲ့ဟုသာ ကျွန်တော် ဆုတောင်းရတော့သည်။ ကျွန်တော့် ဆုတောင်း မပြည့်ပါ။

အမျိုးသမီးကြီး နှစ်ဦး နှင့် အနီးဆုံး ရပ်နေသည့် ဘာဘရာပက် က အလျင် ကြားသွားသည်။ ပါမလာ ကို ဘာဘရာ က တိုးတိုးကပ်ပြီး သတင်းပို့လိုက်သည်။ ပါမလာသည် ချက်ချင်း ဘာဘရာနှင့် နေရာချင်း လဲ လိုက်သည်။ ပြီးတော့ အမျိုးသမီးကြီးနှစ်ယောက် နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ သူ့မျက်လုံးများက ဒေါသခိုး တွေ ထုတ်လွှတ်နေဘိသို့။
" ဒီမယ် ... တစ်ဆိတ်၊ ဒါ ကျွန်မတို့ ဆရာရှင့် သိလား "

ပါမလာက တစ်တွဲလုံး ကြားလောက်အောင် တမင် အော်ပြောလိုက်ခြင်းဖြစ်၏။ ကြားလည်း ကြားသွားကြ သည်။ အမျိုးသမီးကြီး နှစ်ယောက် တခြားဘက် သို့ မျက်နှာလွှဲသွားကြ၏။ မမျှော်လင့်ဘဲ အရေးနိမ့်သွား သဖြင့် အထိတ်တလန့်လည်း ဖြစ်သွားပုံ ရ၏။ အနီးအနားမှ ခရီးသွားများက ဆတ်ဆတ်ကြဲ သူပုန်ဗိုလ်မ ကလေးကို ၀ိုင်းကြည့်နေကြသည်။

ပြတိုက်ရောက်တော့ နောက်ဆုံးအမှာစကားပြောဖို့ အုပ်စုနှစ်စု ပြန်ပေါင်းလိုက်သည်။ ခြောက်ယောက်တစ် တွဲစီ တွဲထားပေးသည်။ သူတို့ လက်ထဲတွင် မှတ်စရာ စာရွက်နှင့် ခဲတံကိုယ်စီ ကိုင်ထားကြ၏။ ၀ိတိုရိယ အလယ်ခေတ် ဆင်ယင်ထုံးဖွဲ့မှုကို လေ့လာခဲ့ဖို့၊ ထိုခေတ် ဒီဇိုင်းပုံသဏ္ဍာန်၊ အထည်အ၀် အမျိုးအစား၊ ချုပ်ရိုး ချုပ်သား နှင့် အသုံးအဆောင်များ၊ ဆံပင်ပုံစံများ စသည်တို့ကို လေ့လာရန် မှာကြားလိုက်သည်။

နေ့လယ် ၁၁ နာရီတွင် ပြတိုက် စားသောက်ဆိုင်မှာ ဆုံပြီး လက်ဖက်ရည် သောက်ဖို့နှင့် ၁၂ နာရီတွင် ပြန်ဖို့ အချိန် သတ်မှတ်ပေးလိုက်သည်။ စည်းကမ်းသေ၀ပ်စွာ လေ့လာကြည့်ရှုဖို့နှင့် ပြတိုက်ပစ္စည်းများ ကိုင် တွယ်ခြင်းမပြု ဖို့လည်း မှာကြားလိုက်သည်။
ကျွန်တော်နှင့် ဂျီလီယံက သူတို့အုပ်စုကလေးများထဲသို့ ၀င်ပြီး လိုအပ်သည့် အကူအညီပေးသည်။ လမ်းညွှန်မှု ပေးသည်။ ကျောင်းသားကလေးများ အုပ်စုထဲတွင် ဂျီလီယံဘလင်းချဒ်မှာ ပိုပြီး ချစ်ဖို့ကောင်း နေ၏။ ကျက်သရေ ရှိနေ၏။

မြင်ကွင်းကို ကြည့်ပြီး ကျွန်တော်သည် ပီတိသုခ ဖြစ်လို့ မဆုံးနိုင်တော့ပါ။ ထူးခြားသည့် အတွေ့အကြုံတစ် မျိုးဖြစ်ပါ၏။ သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကို သူတို့ ထူးထူးခြားခြား စိတ်ဝင်စားလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့ပါ။ ဆရာ ၀က်စတန်က -
" အလကားပါဗျာ၊ ပညာလိုချင်လို့ မဟုတ်ပါဘူး၊ အပြင်ထွက်ရရင် အူမြူးနေတဲ့ဟာတွေပါ" ဟု ထောမနာ ပြု ခဲ့သေးသည်။

ကျွန်တော် သူတို့ကို ဖော့တွက်ခဲ့မိခြင်းဖြစ်ပါသည်။ သူတို့ စိတ်ဝင်တစား မေးမြန်းမှတ်သားနေကြပုံမှာ သေ သေချာချာ ကြိုတင်ပြင်ဆင်လာကြမှန်း သိသာလှသည်။ အားလုံးကို လေးလေးစားစား လေ့လာကြသည်။ တီးတိုး ဆွေးနွေးသူ ဆွေးနွေး၊ ပုံဆွဲသူ ဆွဲ၊ မှတ်စုရေးသူ ရေးနှင့်။

သတ်မှတ်ထားသည့် ပြတိုက် စားသောက်ခန်းထဲတွင် ပြန်ဆုံကြသည်။ ကျွန်တော်၊ ဂျီလီယံ၊ ပက်ထရစ်ဖာမင်၊ ပါမလာနှင့် ဘာဘရာတို့က တစ်စားပွဲတည်းကျသည်။ မိန်းကလေး သုံးယောက်တွင် ဘယ်သူက ဆရာမ ဖြစ်မည်ကို မသိသူ တစ်ယောက်အဖို့ အမှန်းရ ခက်လိမ့်မည်။ ဂျီလီယံက သူတို့နှစ် ယောက် ထက် အရပ်ပိုမြင့်ပေမယ့် ကျောင်းသူနှစ်ယောက်က မျက်နှာကို အခြယ်အမှုန်းတွေ လုပ်လာ သဖြင့်  အပျိုကြီးတွေ ဖြစ်နေ၏။

ပါမလာ သည်နေ့ ပိုလှနေသည်။ ထပ်တွန့်စကတ်အနီ၊ ဒေါက်မြင့် ရှူးဖိနပ်အနီကို ဆင်တူ ဆင်မြန်းလာ သည်။ လည်ပေါ်ဝဲ ဆံပင်ကို စည်းထားသည့် ခေါင်းစည်းဖဲကြိုးကလည်း နီရဲရဲ။ မကြာခင် အစွမ်းကုန် ပွင့်လာတော့မည့် ပန်းဖူးပန်းငုံကလေးနှင့် တူနေ၏။
" ... သတို့ အနေရ အထိုင်ရ ကျပ်မှာပဲနော် "
ဂျီလီယံ၏ မှတ်ချက် နောက်ပိုင်းကိုသာ ကျွန်တော် ကြားလိုက်သည်။

" ဒါပေမဲ့ သူတို့ ၀တ်ထားတော့လည်း သိပ်ကြည့်လို့ ကောင်းတာ ဆရာမရဲ့၊ ဒါလောက် ရှည်လျားတဲ့ အစကြီး ကို တစ်ထပ်တည်း ချုပ်ဝတ်ထားတာကို ... ကြည့်လေ "
ဘာဘရာ၏ မျက်နှာ ဖောင်းအိအိကလေးတွင် စိတ်အားထက်သန်မှုတွေ လွှမ်းမိုးနေသည်။ ပြတိုက်တွင် တွေ့ခဲ့ရသည့် အကြောင်းအရာများကို သူတို့ ပြောလို့ မကုန်နိုင်အောင် ဖြစ်နေကြ၏။ သူတို့အတွက် လုံးဝ အသစ်အဆန်းဖြစ်နေသည့် အတွေ့အကြုံများ။ သို့သော် သူတို့ ဝေဖန်ချက်များမှာ အံ့သြစရာ ကောင်း လောက်အောင် ထက်မြက်ကြသည်။

ချည်စက် အမှုထမ်း မိဘများ၏ သားဖြစ်သူ ဖာမင်သည် ရက်ကန်း အနုပညာကို အများကြီး နားလည်နေ ကြောင်း တွေ့ရ၏။ သူ့အဘွားသည် ယနေ့ထိ လက်ရက်ကန်း ခတ်နေဆဲဖြစ်ကြောင်း ပြောပြသည်။
ကျွန်တော့် အတန်း၏ တိုးတက်မှုကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်လို့ မဆုံးနိုင်အောင် ဖြစ်နေသည်။ အကောင်းဆုံး ကျောင်းများနှင့်ပင် ပခုံးချင်းယှဉ်နိုင်ပါလိမ့်မည်။ ဒင်ဟန်နှင့် ပေါ်တာတို့နှစ်ယောက် သူတို့ ကိုယ် သူတို့ အုပ်စုဗိုလ်များအဖြစ် ခံယူပြီး အုပ်စုငယ်များကို စနစ်တကျ ထိန်းပေးသည်။

၁၂ နာရီ မထိုးခင် အားလုံး တန်းစီပြီးသား ဖြစ်နေပြီ။ ကျွန်တော် အချက်ပြလိုက်သည်နှင့် မြေအောက်ဘူတာ ရုံသို့ တန်းစီ ချီတက်ကြတော့၏။ ၂ နာရီကျော်မျှ စည်းကမ်းထိန်းချုပ်မှု အောက်တွင် နေခဲ့ကြရသော သူတို့ တစ်တွေသည် ရထားပေါ်ရောက်ပြီ ဆိုသည်နှင့် စိတ်လွတ်လက်လွတ် ရယ်မော နောက်ပြောင် ပြောဆိုကာ ဆူဆူညံညံ ဖြစ်လာတော့သည်။ ပျော်မြူးနေသည့် မျောက်တစ်အုပ်နှင့် တူနေ၏။ သို့သော် သူတို့ ပြောဆိုဆွေးနွေးကြသော အကြောင်းအရာမှာ လေ့လာရေးခရီး အတွေ့အကြုံများသာ ဖြစ်ပါသည်။

သူတို့ စကားထဲတွင် ဆရာက။ ဆရာကနှင့်။ ဆရာက ဘယ်လို ပြောတယ်၊ ဆရာပြောတာက ဒီလိုစသည် ဖြင့် မကြာမကြာ ပါလာကြောင်း ကျွန်တော် နားစွန်နားဖျား ကြားနေရ၏။ သူတို့အတွက် အစစ အရာရာ အဆုံးအဖြတ် ပေးသူမှာ ကျွန်တော် ဖြစ်နေပါပြီ။ သည်တော့ ကျွန်တော့် ပခုံးပေါ်ကို တာဝန်တွေ လေးလံစွာ ပိကျလာပြီ ဟု ကျွန်တော် ခံစားလိုက်ရ၏။
သူတို့ တစ်တွေ ကျွန်တော့်ကို အကြွင်းမဲ့ယုံကြည်နေကြပြီ။ အာစရိယ ဂိုဏ်းဝင်ဟု လိုလိုလားလား လက်ခံပြီ။
ကျောင်းသို့ ပြန်ရောက်ကြပြီးနောက် ကျောင်းသားအချို့က စားသောက်ခန်းသို့ တန်းသွားကြသည်။ အချို့ လည်း အိမ်ပြန်ကြသည်။ ကျွန်တော်နှင့် ဆရာမ ဂျီလီယံတို့ နှစ်ယောက်က ဆရာများ အခန်းဆီသို့ ထွက် လာခဲ့ာကသည်။

သားညှပ်မုန့် စာရင်း လေ့လာရေးခရီး၏ ပျော်စရာကောင်းပုံကို ဆရာမ စားမြုံ့ပြန်နေသည်။
" သူတို့ကလေးတွေဟာ ကျွန်မ ထင်တာထက် အပုံကြီး လိမ္မာကြတာပဲဆရာ၊ အပြင်မှာ ထိန်းလို့ ရပါ့မလား ဆိုပြီး ကျွန်မက စိုးရိမ်နေတာ "
" ဟုတ်တယ် ဆရာမ၊ သူတို့ဟာ မစ္စက်ဒရူး ပြောသလို လူတော် လူကောင်းကလေးတွေပါ "
" အဲဒါတင် မကသေးဘူး ဆရာ၊ အပြန်မှာ ကျွန်မရယ်၊ မွိုင်ရာ ဂျိုးဇက်ရယ်၊ အက်ဖီခရွတ်ရယ် စကားလက်ဆုံ ကျလာကြတယ်၊ ကျွန်မကို တရင်းတနှီး ပြောကြတယ်လေ၊ သူတို့ကလေးတွေဟာ ကျွန်မ ထက်တောင် ဘ၀အကြောင်းကို သိနေကြပါကလားဆိုတဲ့ အမြင်မျိုး ကျွန်မ မြင်လာတယ် "

" မဆန်းပါဘူး ဆရာမ၊ မွိုင်ရာရဲ့ အမေဟာ အဆုတ်ရောဂါဖြစ်ပြီး ကိုးပတ်လုံးလုံး ဆေးရုံတက်ရတယ်။ အဲဒီ တစ်ချိန်လုံး မွိုင်ရာတစ်ယောက်တည်း အိမ်ကို ထိန်းရတယ်။ အငယ် ကလေးနှစ်ယောက်က မူလတန်း ကျောင်းသားကလေးတွေတဲ့။ ဒါကြောင့် ကလေးတွေ ကြိုဖို့ သူ့ကို ကျောင်းစောစော လွှတ်ပေးရတယ်လေ"
" အင်း ... တော်တော် ရုန်းကန်ရတာပဲနော် "

" ဒါပေမဲ့ မွိုင်ရာက မှုမယ်မထင်နဲ့ ဆရာမ။ ခပ်ပျော်ပျော်ပဲ။ သူ့အဖေက သူချက်တဲ့ ထမင်း ဟင်းကို ဘယ်လို ချီးကျူးကြောင်း ကျွန်တော့်ကို ၀မ်းသာအားရ ပြောပြဖူးတယ်။ သူတို့ကို ကလေးတွေလို့ ကျွန်တော်မို့ မြင်နေ တာ တစ်ခါတလေ မှားနေတယ် ဆရာမ "
" ကျွန်မတော့ သူတို့ကို အဲဒီလို မမြင်ပါဘူး။ တော်တော်များများကို ပြောတာပါ ဆရာ၊ ပါမလာဒဲယားဆိုတဲ့ ကောင်မလေး ဆိုရင် ဆရာ့ကို ကျိတ်ပြီး ချစ်နေတယ်လို့တောင် ကျွန်မထင်တယ် "
ကျွန်တော် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ဘာဆက်ပြောရမှန်း မသိတော့ပါ။ အမျိုးသမီးတွေဟာ တော်တော် ပေါက်ကရ ပြောတတ်ကြပါကလား။

ဆရာမက ခပ်ပြုံးပြုံး ပြောနေသော်လည်း လေသံမှာ အေးနက်နေ၏။
" ဟာဗျာ ... မဟုတ်တာ၊ မဖြစ်နိုင်ပါဘူး ဆရာမရယ်၊ ကျွန်တော် ဘာမှလည်း သတိမထားမိပါဘူး၊ ကျွန်တော် သူ့ကို အားလုံးနဲ့ ဆက်ဆံသလိုပဲ ဆက်ဆံတာပါ "
" ဆရာ မသိဘူးဆိုတာ ကျွန်မ ယုံပါတယ်။ ဆရာမ သိတာက တစ်ပိုင်းလေ၊ ဒါတွေက ဖြစ်တတ်တဲ့ သဘောတွေ ဆရာရဲ့၊ ကျွန်မ အတန်းထဲမှာလည်း ကျောင်းသားတချို့ ကျွန်မကို ရူးမတတ် စွဲလမ်းနေကြ တယ်လေ "

သူ့ဘာသာသူ သဘောကျပြီး ဆရာမ ရယ်သည်။ ငွေဆည်းလည်း သံကလေး အခန်းထဲတွင် ပဲ့တင်သွား၏။ သည်တော့လည်း သူ့ကို ဗွေယူဖို့ ခက်နေသည်။
" ဒါထက် မနက်က ရထားပေါ်မှာ ဆရာ ခံလိုက်ရတယ်ဆို "
" အလကားပါ ဆရာမရယ် "
ကျွန်တော်က အဘွားကြီး နှစ်ယောက်အား ပါမလာ ၀င်ချဲသည့် အဖြစ်အပျက်ကို ခပ်ရွှ့င်ရွှင် ပြန်ပြောပြ လိုက်သည်။ ဆရာမက ကျွန်တော့်ကို အကဲခတ်သည့် မျက်လုံးရွ့ကြီးများနှင့် စောင့်ကြည့်နေ၏။ ပြီးမှ -
" ဆရာဟာ တကယ်ပဲ သူတို့ကို နှပ်ချေးတွဲလောင်းကလေးတွေလို့ ထင်နေတာကိုး၊ တခြား ကျောင်းသူတွေ ကိုထင်ချင်ထင်၊ အဲဒီတစ်ယောက်ကိုတော့ မထင်နဲ့နော်၊ အပျိုကြီးဖားဖား ဖြစ်နေပြီ "
" ဒီမယ် ဆရာမ၊ ရထိာ်းပေါ်မှာ ဖြစ်တဲ့ ကိစ္စကလည်း ရိုးရိုးတန်းတန်းပါဗျာ။ သူမဟုတ်လညး တခြားတစ်ယောက်က ကျွန်တော့်ကို ကာကွယ်မှာပါ "
" ဒါက ဆရာ့ဘက်က အမြင်ကိုး၊ ကောင်မလေးကို ကျွန်မ အပြစ်ပြောနေတာ မဟုတ်ဘူးနော်၊ ဆရာ့ကို အကြည်ညိုလွန်နေတာ၊ အဲဒါ ဆရာသိရဲ့လား "
" ဟာ ... ဒုက္ခပါပဲဗျာ "

အခြေအနေမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီဟု ကျွန်တော် သိလိုက်၏။ ဆရာမ ဂျီလီယံနှင့် ကျွန်တော်၏ ဆက်ဆံရေးတွင် ပုန်းကွယ်နေခဲ့သည့် ရွက်ပုန်းသီး စိတ်လှုပ်ရှားမှုကလေး လှုပ်ခတ် လူးလွန့်လာခြင်းပင်။ ဆရာမကို မြင်မြင်ချင်း ကျွန်တော် ရင်ခုန်ခဲ့ရသည် မဟုတ်ပါလား။
ဆရာမ ဇွတ်ပြောနေပုံကြောင့် ကျွန်တော် စိတ်ရှုပ်သွားသည်။ အောင့်သက်သက်လည်း ဖြစ်လာ၏။ သို့နှင့် မခိုင်လုံသော အကြောင်းပြချက်ဖြင့် ကျွန်တော် သူ့အနားမှ ဇွတ်ထလာခဲ့သည်။ ခေါင်းအေးအေး စဉ်းစားလို သည်နှင့် ကျွန်တော့် စာသင်ခန်းဆီသို့ ပြန်လာခဲ့၏။

ကျွန်တော်သည် ဆရာမ ပြောသည့်ကိစ္စကြောင့် ထိတ်လန့်အံ့သြနေမိ၏။ ထိုင်စဉ်းစားနေရင်း ကျွန်တော့် ကိုယ် ကျွန်တော် ဝေဖန်ကြည့်၏။
မနူးမနပ် သူငယ်နှပ်စားလေး တစ်ယောက်လို ရိုးရိုးရှင်းရှင်းကလေးကို ရှုပ်ထွေးအောင် ကျွန်တော် စဉ်းစား နေခြင်းလား။
ဆရာမ ဂျီလီယံ ဘလင်းချဒ်ကို ကျွန်တော် အလွန့်အလွန် သဘောကျပါသည်။ ကျွန်တော်တို့ နှစ်ယောက် ကြားတွင် ရဲဘော်ရဲဘက်ဆန်သည့် ပျော်စရာ ဆက်ဆံရေးတစ်မျိုး ရှင်သန် ကြီးထွားခဲ့သည်။ သည်ဆက်ဆံ ရေးကို ကျွန်တော် ထာဝရ သိမ်းဆည်းထားချင်ပါသည်။

အင်္ဂလန်တွင် ကျွန်တော် နေခဲ့သည့် ကာလတစ်လျှောက်လုံး တစ်ကိုယ်တော် ဘ၀ဖြင့် ဧကစာ ကျင့်နေခဲ့ သည်တော့ မဟုတ်ပါ။ ကျောင်းသား ဘ၀က ဇာတ်လမ်းလေး တစ်ပုဒ်၊ နှစ်ပုဒ် ရှိခဲ့ဖူးပါ၏။ တစ်ယောက်နှင့် တစ်ယောက် အတွေ့အဆုံ နည်းလှသည့် ဇာတ်လမ်းမျိုးကလေး ဖြစ်ပါသည်။ သို့သော် လေးနက်ပါ၏။ စစ်အတွင်းမို့ ကျွန်တော့်ဘ၀တွင် လေယာဉ် ပျံသည် အဒိကဖြစ်နေ၏။ နေ့သေမလား၊ ညသေမလားဟူ သည့် မရေမရာ ကာလတွင် အချစ်ကိစ္စသည် အလိုလို နောက်တန်း ရောက်သွားခဲ့သည်။

ကျွန်တော်လည်း သူများနည်းတူ ရံခါတွင် ချစ်သူနှင့် တွေ့ချိန်ရှိပါသည်။ ထိုစဉ်က ကျွန်တော့် အသား ရောင်သည် လုံးဝ အရေးမကြီးခဲ့ပါ။ ပြောကြစို့ ဆိုလျှင် ဘောလုံး၊ တင်းနစ်၊ လက်ဝှေ့နှင့် အားကစားမျိုးစုံ တွင် ရှေ့တန်းက နေခဲ့သူမို့ စန်းပွင့်ခဲ့သူဖြစ်ပါသည်။ ကျွန်တော့်ကို အမျိးသမီးများ စိတ်ဝင်စားကြသည်။
ကျွန်တော့်လောက် မစွံသည့် အဖြူ သူငယ်ချင်းများကတော့ တစ်မျိုးကောက်ချက်ချကြ၏။ လူမည်းများတွင် အချစ်ခွန်အားကြီးသည် ဟူသည့် ဆိုရိုးစကားကို သူတို့ အဖြူမတွေက စိတ်ဝင်စားကြခြင်းပါတဲ့။ သို့သော် အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော် ဘယ်တုန်းကမှ အမျိုးသမီးများ၏ အိပ်ခန်းသုံးပစ္စည်း မဖြစ်ခဲ့ပါ။

သည် အတိတ်ကဏ္ဍများသည် ဟိုအဝေးကြီးတွင် ကျန်ခဲ့ပါလေပြီ။ လက်ရှိဘ၀တွင် ခွင်ကျအောင် ကျွန်တော် နေရပါတော့မည်။ ခြေလှမ်းတိုင်းကို သတိကြီးစွာ လှမ်းနေရသည့်ဘ၀။ အဖြူမ တစ်ယောက်နှင့် နီဂရိုးတစ်ယောက် တွဲသွားလျှင် ပြောင်ပြောင်တင်းတင်း နှာခေါင်းရှုံ့ကြသည့် လန်ဒန်သားတွေကို ကျွန်တော် မကြာခဏ တွေ့ဖူးသည်။ သည်အဖြစ်အပျက်များကို ကျွန်တော် မေ့နေလျှင်လည်း သည်နေ့ မနက် အဖြစ်က ကျွန်တော့်ကို သတိပေးနေပါလိမ့်မည်။

ဆရာများ အခန်းထဲတွင် ဂျီလီယံနှင့် နှစ်ယောက်တည်း အေးအေး ဆေးဆေး ထိုင်စကားပြောရုံလောက်ကမူ ကိစ္စမရှိပါ။ သို့သော် သည့်ထက်ပိုလျှင်တော့ သူ့ခမျာ စူးစူးရဲရဲ မလိုတမာ အကြည့်ခံရတော့မည်မှာ မုချ ဖြစ်ပါသည်။ သူ့ကို သည်လို အကြည့်မခံရလေအောင် ကျွန်တော်တို့၏ ကြည် နူးဖွယ် လက်ရှိဆက်ဆံရေးကို မည်မျှကြာကြာ ထိန်းထားနိုင်ပါမည်လဲ။
အသားမည်း တစ်ယောက်နှင့် တွဲသွားသည့် မျက်နှာဖြူ အမျိုးသမီးကို သူတို့ ကြည့်ပုံမှာ အကြင် အမျိုးသမီး တစ်ယောက်က အောက်တန်းကျခြင်း၊ မသန့်ရှင်းတော့ခြင်း မဟုတ်ဘဲ အမျိုးသမီးထု တစ်ရပ်လုံးကို စော် ကားခြင်းဟု အဓိပ္ပာယ်ထွက်နေသည့် အကြည့်များဖြစ်ပါ၏။ တော်ရုံ သတ္တိဖြင့် သည်မဟာရံတံတိုင်းကို ကျော် ဖြတ်ဖို့ မလွယ်ပါချေ။

ဗြိတိန်နိုင်ငံတွင် လူမည်းတစ်ယောက်သည် မျက်နှာဖြူ အမျိုးသမီးတစ်ယောက်နှင့် မပေါင်းစပ်ရ ဟူ၍ ပုံနှိပ် မထားသော ဥပဒေတစ်ရပ်ပြဋ္ဌာန်းထားသည်နှင့် တူနေ၏။ သို့ဆိုလျှင် လူမည်းတို့သည် ဗြိတိန်တွင် ယောက်ျား ဘ၀ ဆုံးနေသော ယောက်ျားများနှင့် တူနေတော့မည်။
နင့်နဲစွာ ခံစားတွေးတောနေစဉ် ကျွန်တော့် စာသင်ခန်းထဲသို့ ဂျီလီယံဝင်လာသည်။ အစဉ် ကြည်လင်နေ သည့် သူ့မျက်နှာကလေးမှာ အိုနေသည်။ သူ အနားရောက်သည်နှင့် ကျွန်တော် ထ ရပ်ပေးလိုက်သည်။

" ဆရာ ဘာဖြစ်နေတာလဲ "
" ဗျာ ... ဘာမှ မဖြစ်ပါဘူး ဆရာမ၊ ကျွန်တော့်မှာ စဉ်းစားစရာလေး ပေါ်လာလို့ အေးအေးဆေးဆေး လာ စဉ်းစားနေတာပါ"
" နောက်မှ စဉ်းစားလို့ မရဘူးလား "

မခံချိ မခံသာ ဖြစ်နေသည့် အမူအရာဖြင့် မေးသည်။ မျက်ဝန်းနက်များကမူ အရောင်တဖျတ်ဖျတ် တောက်ပ လျက်။
" ရပါတယ် ဆရာမ။ ကျွန်တော် အလကား ကြောင်နေတာပါ၊ စိတ်မဆိုးပါနဲ့နော် "
" ကျွန်မ ပြောတဲ့ ကိစ္စကြောင့်လား ဆရာ "
သူ့ နှုတ်ခမ်းကလေးတွေ မသိမသာ တုန်နေသည်။ ရင်ခွင်ထဲကို အသာကလေး ဆွဲယူပြီး နှစ်သိမ့်လိုက်ချင် ပါ၏။

" အဲဒါလည်း ပါသင့်သလောက် ပါတာပေါ့လေ၊ ဆရာမ ပြောနေတုန်း ကျွန်တော့် ခေါင်းထဲကို စဉ်းစားစရာ ၀င်လာလို့ပါ "
" ကျွန်မ အကြောင်းလား ဆရာ၊ ကျွန်မတို့အကြောင်း မဟုတ်လား "
" ဟုတ်တယ် ဆရာမ၊ ကျွန်တော်တို့ အကြောင်းပဲ ဆိုပါတော့ "
" ကျွန်မ စိတ်ထဲက သိနေသလိုပဲ ဆရာ "

ကျွန်တော် သူကလေးကို ငေးကြည့်နေမိသည်။ ရင်ထဲက ငေးကြည့်နေမိခြင်း။ စက္ကန့်များသည် အဖြစ်အပျက် ပေါင်းများစွာကို ကျော်ဖြတ်နေသည့်အလား။
" ဆရာ ကျွန်မကို စိတ်ဆိုးနေလား ဟင် "
" ကျွန်တော်က ဆရာမကို စိတ်ဆိုးရမယ် ဟုတ်လား၊ ဘယ်လိုလုပ်ပြီး ဘာအတွက် စိတ်ဆိုးနိုင်မှာလဲ ဆရာမရယ်"
" တော်သေးတာပေါ့ "

ချစ်စရာ နှုတ်ခမ်းများပေါ်တွင် ရှိနေကျ အပြုံးရိပ် ရေးရေးပြန်ထင်လာသည်။ ကျွန်တော် စွဲလမ်းခဲ့သည့် အပြုံး။ နှုတ်ခမ်းထောင့်စွန်းကလေးများ ဦးစွာ တဆတ်ဆတ် လှုပ်ရှားလာပြီးမှ ပါးစပ်ဆီသို့ တဖြည်းဖြည်း ကူးစက်သွားကာ တအားပြုံးလိုက်သည့် အပြုံးမျိုး။ လျှပ်စီးတစ်ချက် ၀င်းလက်သွားလိုက်သည်နှင့်လည်း တူ၏။
" ကျောင်းဆင်းမှ တွေ့မယ် "ဟု ပြောကာ အခန်းထဲမှ ချက်ချင်း ထွက်သွားသည်။ ဘာမှန်းမသိဘဲ ကျွန်တော့်ရင်တွေ ခုန်ကျန်ရစ်၏။ ခေါင်းထဲတွင် နောက်ကျိကျိဖြစ်သွားသည်။ သို့သော် ကတုန်ကယင်နှင့် ပျော်နေမိသည်။
*
နောက်တစ်နေ့ မနက်တွင် ကျွန်တော် ကျောင်းနည်းနည်း ကျောက်ကျသွားသည်။ ရထားတွေက စိတ်ပျက်စရာ ကောင်းလှသည်။ ကြာလေ အချိန်မမှန်လေဖြစ်နေ၏။ ဘူတာရုံက အချိန်မှန် ထွက်လာဖြစ် ပြန် လျှင်လည်း လမ်းတွင် ရပ်ချင်ရပ်နေ၏။ ကျွန်တော် ရောက်တော့ အခန်းထဲတွင် ကလေးတွေ စုံနေကြ လေပြီ။
" မင်္ဂလာပါ ဆရာ "
အံ့သြလွန်းသဖြင့် ရုတ်တရက် ပြန်နှုတ်မဆက်နိုင်ဘဲ ကြောင်နေမိ၏။ ခါတိုင်း ကျွန်တော်က စတင်နှုတ် ဆက်သည်ကိုပင် အားလုံး တုံ့ပြန်ကြသည်မဟုတ်။ ခုတော့ တစ်တန်းလုံး သံပြိုင်နှုတ်ဆက်သံသည် ဟိန်း ထွက်လာသည်။ ကျွန်တော့်ရင်ထဲ နွေးသွား၏။

ကျွန်တော်က တုံ့ပြန်နှုတ်ခွန်းဆက်ပြီး စားပွဲဆီသို့ ဆက်လျှောက်သွားသည်။ အလို စားပွဲပေါ်တွင်လည်း ပန်းတွေ ဝေနေသည့် ပန်းအိုးကြီး တစ်လုံးပါလား။ သူတို့၏ အိမ်နောက်ဖေး မြေကွက်ကျဉ်းကျဉ်းကလေးများ၊ ပြတင်းပေါက် ပေါင်များပေါ်တွင် ကပ်စိုက်ထားသည့် ပန်းအိုးများမှ ခူးပြီးသူတစ်ပွင့် ငါတစ်ပွင့် စုလာကြပုံပါသည်။ ကျွန်တော့်အတွက်မူ ကမ္ဘာပေါ်တွင် အလှဆုံး ပန်းအိုးကြီး ဖြစ်နေပါသည်။

ကျွန်တော့်အပေါ် သူတို့၏ ချစ်ခင်လေးစားမှု သင်္ကေတ ဖြစ်ပါသည်။ ယင်းအတွက် စုပေါင်း ဂုဏ်ပြုလိုက် ခြင်းဖြစ်ပါသည်။ ပန်းအိုးထဲမှ ပန်းပွင့်များနှင့် တူသည့် သူတို့၏ အပြုံးမျက်နှာကလေးများကို ကျွန်တော် ငေး ကြည့်နေမိသည်။ ပြီးမှ အူလှိုက်သည်းလှိုက် ပြန်ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် တပည့်တို့ရယ်၊ ကျေးဇူးတင်ပါတယ်ကွာ "
-----------------------
ဆက်ရန်
.

1 comment:

စံပယ်ချို said...

ဆရာတော့ရင်တွေခုန်နေပြီနော်
ဆက်ဖတ်ဖြစ်ပါတယ်
ချမ်းမြေ့ပါစေ