အခန်း(၄၂)
၃၉မျဉ်းပြိုင် ထုတ်ဝေရေးအတွက် စာချုပ်ချုပ်သည့် ၁၉၆၄ခုနှစ် စက်တင်ဘာလနှင့် စာအုပ်ထွက် သည့် တစ်နှစ်တာကာလသည် အမေရိကန်နိုင်ငံ၏ ဆံပင်အရေးတော်ပုံကာလ ဖြစ်လေသည်။ ဆံပင်ပုံစံသည် သင်္ကေတ တစ်ခု ဖြစ်လာသည်။ နိုင်ငံရေးဝိသေသ တစ်ခု ဖြစ်လာသည်။ ဆံပင်ပုံစံ သည် အဟောင်း နှင့် အသစ် ၏ အခြေခံ ပဋိပက္ခ ဖြစ်လာသည်။ သည်ကာလမှာပင် သမ္မတဂျွန်ဆင် ၏ ကတိက၀တ်များကို မျက်ကွယ်ပြုကာ ဗီယက်နမ်ကို အမေရိကန်ဝင်တိုက်သည်။
ပူပူလောင်လောင် ကြောင်ကြောင်ကျားကျားတွေ၊ ပုတီးစေ့ရောင်စုံတွေလည်မှာ ဆွဲသည့် ဟစ်ပီတို့ ရုတ်ချည်း ပျောက်သွားကြပြီး၊ မီးခိုးရောင် ၀တ်စုံပြည့်ဖြင့် လူထုသူသူ ၀တ်စားဆင်ယင်သူတွေ အစားပြန်ဝင်လာသည်။ လူငယ် တို့ အသံသည် ပို၍ ကျယ်လောင်လာ၏။ လူကြီး လူငယ် ပြဿနာ ပို၍ ကျယ်ပြန့်လာသည်။
အသက်သုံးဆယ်ကျော်သွားလျှင် လူငယ်အသိုင်းအ၀ိုင်းတွင် မ၀င်ဆံ့တော့၊ သုံးဆယ်ကျော်လျှင် ဘယ်သူမှ မယုံနဲ့ဟု ကြွေးကြော်ကြ၏။ လူငယ်တို့သည် ဒေါသသည်းထန်လျက် ရှိကြ၏။
စုလစ်မွမ်းချွန် မိရိုးဖလား ဘုရားရှိခိုးကျောင်းများ၏ အဆုံးအမထက် အရှေ့တိုင်း အယူဝါဒ ဘာသာတရား များကို ပို၍ သက်ဝင် ယုံကြည်လာကြ၏။ ဆူဆူညံညံ ရော့ခ် ဂီတ၏ နေရာတွင် အေးငြိမ့်ညင်သာ သည့် တေးသံတွေ နေရာ ပြန်ယူလာ၏။ ငြိမ်းချမ်းရေး သင်္ကေတသည် ထိုအခါ သမယ၏ ခေတ်အစားဆုံး သင်္ကေတ ဖြစ်လာ၏။
အိုဝင်နှင့် အယ်လီတို့၏ အနာဂတ်သည်လည်း ဖြောင့်ဖြူးသလို ဖြစ်လာသည်။ သတင်းမဂ္ဂဇင်းမှ ထွက် လိုက်ခြင်း သည် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ဆိုရမလို ဖြစ်လာ၏။
ရေးဂျက်ဆပ်က အိုဝင့်ကို ဂုဏ်ပြုနေ့လယ်စာ ဖိတ်ကျွေးသည်။
"မင်း အောင်မြင်မယ်ဆိုတာ ကိုယ် အစကတည်းက ယုံကြည်ပြီးသားပါ" ဟုလည်း ချီးကျူး စကားဆိုသည်။
"အင်း ခုတော့လည်း သမီးအပေါ်မှာ သူ ကောင်းရှာသားပဲ၊ မေမေတို့ကိုရော သမီးအဖေပါ သူ လေးလေးစားစား ရှိပါတယ်" ဟု မေမေ လူစီက အမျက်ဖြေစကား ပြောကြားပြီး အဖေကတော့ "စာရေးဆရာတွေဟာ အငတ်ငတ်အပြတ်ပြတ်တွေကို ဖေဖေ ထင်ခဲ့တာ မှားသွားတာပေါ့။ အိုဝင်က သူများတွေနဲ့ မတူဘူး" ဟု ဒေါ်လာ တစ်သောင်းကြိုတင်ငွေရသည် ကြားတော့ မှတ်ချက် ပေးသည်။
ထုတ်ဝေသူ အပတ်စဉ်ထုတ် ဂျာနယ်တွင် ၃၉ မျဉ်းပြိုင် စာအုပ်သတင်းကို ဟိမ၀န္တာ ချီးမွမ်းခန်းဖွင့် တော့ အဒရီယံဟော်လန်တစ်ယောက် ဘယ်လောက် ကြည်နူးနေမည်ကို အယ်လီ သိနေ၏။ ကိုယ့်ကိုယ်လည်း အိုဝင် ၏ တရားမ၀င် ပြန်ကြားရေးအရာရှိအဖြစ် ခန့်ထားလိုက်၏။
စာမူကို ပုံနှိပ်စက်ပေါ်တင်သည်နှင့် အယ်လီက နယူးယောက်တိုင်းမ်ထဲမှ အိုဝင်သူငယ်ချင်း အယ်ဒီတာ တစ်ယောက်ကို လှမ်းအကြောင်းကြားသည်။ တိုင်းမ်စာအုပ်ဝေဖန်ခန်းတွင် ၃၉မျဉ်းပြိုင် သတင်းပါလာပြန်၏။ စာအုပ်တ်စအုပ်မှ နာမည်ကြီးအောင် လုပ်ပေးရခြင်းမှာ စာဖတ်သူများ၏ အာရုံကို ဖမ်းစားရခြင်းမျိုး ဖြစ်၏။ ခြင်္သေ့ စာအုပ်တိုက်သည် အဖုံးအပျော့ ၀တ္ထုတွေ ထုတ်သည့် ဧရာမတိုက်ကြီးတစ်တိုက် ဖြစ်၏။ တစ်အုပ်ကို ကြမ်းခင်းဈေးတစ်သောင်း ပေးနေသည့် တိုက်ဖြစ် သည်။ နည်းနည်းနှောနှော ဈေးမဟုတ်။ သည် မင်္ဂလာသတင်းကို အယ်လီက "ထုတ်ဝေသူ ဂျာနယ်ကိုရော၊ နယူးယေက်တိုင်းမ်ကိုပါ အကြောင်းကြား လိုက်သည်။ တစ်ခုပဲ အယ်လီ စိတ်ပျက် သွားသည်။ ၃၉ မျဉ်းပြိုင်ကို ဥတ္တရကြယ်က ထုတ်မပေး နိုင်ခြင်းကြောင့် ဖြစ်၏။ မိမိအလုပ် လုပ်နေ သည့်တိုက်ကလေးက ငွေရေးကြေးရေး မတောင့်တင်းရှာဘူးလေ။
လင်ကီဒက်စမွန်က ဥတ္တရကြယ် ကို ရှေ့တန်းရောက်အောင် တွန်းပို့ဖို့ စိတ်ဓာတ်တွေ တက်ကြွ လျက် ရှိ၏။
"အိုဝင့် စာမူခ များလွန်းလို့ ကိုယ်တို့ တိုက်အနေနဲ့ မတတ်နိုင်ဘူး၊ ဒါပေမယ့် နောက်တစ်အုပ် ထွက်ရင်တော့ ကိုယ်သာ ဆို မရ ရောအင် ယူမှာပဲ" ဟု လင်ကီက အယ်လီ့ကို ပြောပြသည်။
"ပထမဆုံး ကက်ထူးဖုံး စာအုပ် မဖြန့်မချင်း အဖုံးပျော့တိုက်ကို မရောင်းသေးဘူး"
အဒရီယံ က အိုဝင်ကို ပြောထားသည်။ ကိုယ်စားလှယ်တွေနှင့် နယ်အမှာစာတွေကို ကြည့်ပြီး စာအုပ်ကို စောင်ရေ နှစ်သောင်းခွဲအထိ ရိုက်ဖို့ အဒရီယံ ရုတ်ခြည်း ဆုံးဖြတ်လိုက်ရသည်။ အဖုံးပျော့ ထုတ်သည့်တိုက်ကို ရောင်းသည့် ကိစ္စ မှာ အလွန်ရှုပ်ထွေးကြောင်း၊ ကက်ထူးဖုံး ထွက်ပြီးမှ ရောင်းသင့်သည့် စာအုပ်ရှိသလို မထွက်ခင် ကြိုရောင်းသင့်သည့် စာအုပ်လည်း ရှိကြောင်း၊ အဒရီယံ အိုဝင့်ကို ရှင်းပြသည်။
"ကတ်ထူးဖုံးခနဲ့ ရောင်းအစွံဆုံး စာရင်းဝင်သွားပြီဆိုရင် အဖုံးပျော့ကို ကြိုက်ဈေးခေါ် ရောင်းနိုင် တယ်။ အဲ ကတ်ထူဖုံးက ထင်သလောက် မစွံရင်တော့ အဖုံးပျော့ဈေးလည်း မစွံတော့ဘူး၊ အဲဒါကြောင့် ဆုံးဖြတ်ရ ခက်တယ်ပြောတာ၊ အဲဒီတော့ ကိုယ်တို့ အရှင် သဘောမျိုး ထားပြောမလား၊ တစ်ခါတည်း အပြတ်ရောင်း လိုက်မလား"
"ခုလို လှုပ်လှုပ်ရှားရှား ဖြစ်နေတုန်း အပြတ်ရောင်းလိုက်ရင် ကောင်းတာပေါ့" ဟု ဟန့်က ဆွေးနွေး သည်။
အဒရီယံက သဘောမတူ။
"ကိုယ် ဆုံးဖြတ်ပါမယ်၊ အရှင်ထားပြီး စောင့်ကြည့်တာ ပိုကောင်းမယ်။ ဒါမှ ပိုရမှာ" ဟု ထုတ်ဝေသူ က အေးဂျင့် ကို လွှမ်းမိုးပစ်လိုက်သည်။
"၃၉ မျဉ်းပြိုင် ရောင်းအစွံဆုံးစာရင်း ၀င်လာချိန်ကျမှ အဖုံးပျော့ တိုက်နဲ့ စကားပြောမယ်" ဟု အဒရီယံက အိုဝင့်ကို ပြောပြသည်။ ဟောလီးဝုဒ်မှ ရုပ်ရှင်ကုမ္ပဏီတွေက စာအုပ်မထွက်ခင် လှုပ်နေသည့် ၃၉ မျဉ်းပြိုင်ကို ၀ယ်ဖို့ အလုအယက် ဖြစ်နေကြကြောင်း၊ ဟန့်ဂရင်နီက အိုဝင့်ကို အကြေားကြားသည်။ ၀တ္ထုမှ ရုပ်ရှင် ဇာတ်ညွှန်း ဖြစ်သွားလျှင် ငွေတွေ ထပ်ရဦးမည်။
"သူတို့တစ်တွေ အပြိုင်အဆိုင်ဖြစ်လာအောင် ကိုယ်နှောက်ထားတယ်၊ ဒီကောင်တွေဆီက ရသမျှ ကိုယ် ညှစ်ယူပြမယ်" ဟုလည်း ဟန့်က ပြောလိုက်သေး၏။
ချီကတည်း အလျံ ညီးညီး ဖြစ်လာသည့် အိုဝင့်ကို အဒရီယံက ဆက်မွေးဖို့ စိတ်ကူး ရှိသည်။ ထို့ကြောင့် သူရေး မည့် နောက်တစ်အုပ်အကြောင်း သိချင်နေသည်။
"ဘာဆက်ရေးမယ် စိတ်ကူးထားလဲ"
အလွန် ဈေးကြီးလှသည့် စားသောက်ဆိုင်ကြီးတစ်ဆိုင်တွင် နေ့လယ်စာ ကျွေးရင်း ထုတ်ဝေသူက စာရေးဆရာ ကို မေးခြင်း ဖြစ်၏။
အိုဝင့်တွင် ဖြေစရာ အသင့် ရှိသည်။
"ဘ၀ အဆင့်ဆင့် ပြောင်းလဲလာပုံ" အကြောင်းရေးဖို့ ရှိပါတယ်။ ကျွန်တော့်ကလေးဘ၀ကို နောက်ခံ ထားမှာပါ။ ပစ္စုပ္ပန်ကြိယာနဲ့ပဲ ရေးမယ်၊ နာမည်ကိုတော့ "ကလေးဘ၀နှင့် သူ၏ ပရိဝုဏ်" လို့ ပေးမယ်"
အဒရီယံက ခေါင်းတညိတ်ညိတ်ဖြင့်
"နိပ်တယ်၊ နာမည်ကိုတော့ ကြိုက်သွားပြီ"
အိုဝင့် လက်ကို ယူနမ်းဖို့ပင် သတိရလိုက်သေး၏။ အိုဝင် ပြောပြသည့် ဇာတ်လမ်း ကျောရိုးကို အာရုံစိုက် နားထောင်သည်။ ရဲနှင့် မငခင်းလောက နောက်ခံကလေးဘ၀မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ စိတ်လှုပ်ရှား စရာ ကောင်းလှသည်။ သူ၏ သွက်လက်ရွှင်လန်းလှသည့် ဟန်ဖြင့် ရေးလိုက်လျှင် သည်ဒုတိယ အုပ်လည်း စွံဦးမည်ဟု အဒရီယံ ယုံကြည်လိုက်၏။
အိုဝင်၏ ကလေးဘ၀ ဇာတ်လမ်းကျောရိုးကို နားထောင်ပြီးသည်နှင့် အဒရီယံက
"ဟန့်ကို ကိုယ် ဖုန်းဆက်လိုက်မယ်၊ ချက်ချင်း စာချုပ်ဖို့ လုပ်ကြရအောင်"
"ဟာ ဖြည်းဖြည်းပေါ့ အဒရီယံ၊ ကျွန်တော် စာအုပ်ကို ပြီးအောင် အရင်ရေးပါရစေဦး"
စာပေလောကတွင် ခြေချလိုက်ပြီဖြစ်၍ အိုဝင်က အခြေအနေကို သဘောပေါက်ထားပြီး ကြိုပွင့် ရိုက်သည့် ဈေးနှင့် စာအုပ်ပြီးမှ အပြတ်ရောင်းသည့် ဈေးက ကွာဟမှု ကြီးမားလိမ့်မည်။
အဒရီယံ စိတ်ပျက်သွားပုံရ၏။
"ကောင်းပြီလေ အိုဝင်၊ မောင်ရင့် သဘောပဲ"
ဘာမှ မတတ်နိုင်သဖြင့် လက်လျှော့လိုက်ရသည့် သဘော။ အိုဝင် သိသလို အဒရီယံကလည်း သဘော ပေါက်ပြီးသား၊ နာမည်ကျော် စာရေးဆရာတစ်ယောက်ဆီမှ ရေးပြီးသား စာမူကို အပြတ် ၀ယ်ရမည့်ကိစ္စမှာ အရင်းအနှီး ကြီးလှသည်။ သို့သော်လည်း ငွေကို သဲ့ယူသလို မြတ်သည့်အတွက် အဒရီယံ ဖြေသာလေသည်။
ဆက်ရန်
.
No comments:
Post a Comment