Tuesday, June 21, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၄၅)

အခန်း(၆၃)
ဟန့်

သမ္မတ ကနေဒီ လုပ်ကြံခရပြီး ဆယ်စုနှစ်အတွင်း ဟန့်ဂရင်နီ၏ အလုပ်အကိုင်သည် တရိပ်ရိပ် တက် လာခဲ့သည်။ သူကိုယ်တိုင်လည်း ပြောင်းလဲ တိုးတက်လာခဲ့ပြီဟု ထင်၏။ လင်ကီဒက်စမွန် သူ့ကို ထားခဲ့ခြင်း ကြောင့် တမင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။
ကွန်မိုဒို ဟိုတယ်တွင် လင်ကီ သူ့ကို ထားခဲ့ပုံက ဟန့်ဂရင်နီ အစိုးရိမ်ဆုံး အားနည်းချက်များကို ထိုးနှက် သွားဘိသို့ ရှိ၏။ မိမိသည် ယဉ်ကျေးဖွယ်ရာမှု မရှိသူ၊ လောကကြီးထဲတွင် မ၀င်ဆံ့သူ။ လောက အကြောင်း ကိုရော မိမိအကြောင်းကိုပါ နားမလည်သူ၊ ဆယ်စုနှစ် တစ်ခုလောက် ကြာအောင် ပြုပြင်ရမည် ထင်၏။

လင်ကီနှင့် ခွာပြဲပြီးနောက် တစ်နှစ်ကျော်ကျော် ဟန့်တစ်ယောက် စိတ်ဓာတ်တွေ ကျနေသည်။ သည်လို ဇာတ်သိမ်း သွားသည့်အတွက် လင်ကီကိုရော၊ ကိုယ့်ကိုယ်ကိုယ်ရော ဒေါသ ဖြစ်လို့မဆုံး ရပ်ကွက်မှ အိမ်ကို ရောင်းပြီး မြို့ထဲ ပြောင်းလာခဲ့သည်။ သူ့အလုပ်တိုက်ကိုရော၊ သူ့ဘ၀ကိုပါ အပြောင်းအလဲ လုပ်ပစ် လိုက်သည်။
လင်ကီနှင့် အကွဲအပြဲ ကိစ္စပြီးသည်နှင့် လုပ်ငန်းကို တိုးချဲ့ပစ်လိုက်သည်။ သူနှင့် ဆက်ဆံသည့် စာအုပ်တိုက် စာရင်း မှာ ပို၍ ရှည်လျားလာ၏။
ရော့ဖ်ဝိတ်စ်ကို အမိန့်ပေးလိုက်သည်။

"ရောင်းအစွံဆုံး စာရင်းမ၀င်နိုင်တဲ့ အချစ်ဝတ္ထုတွေ ကျွန်တော်တို့ မကိုင်တော့ဘူး၊ ပြီးတော့ ကျွန်တော်တို့ ဆီမှာ ရှိနေတဲ့ စာရေးဆရာ အားလုံးရဲ့ စာမူခတွေ တိုးတောင်းပေးမယ်"
"ကက်သရင်း၊ နီဝဲလ်ရဲ့ အချစ်ဝတ္ထုတွေ စောင်ရေသုံးသောင်းကျော် ရောင်းနေရတယ်၊ အဖုံးပျော့ ကနေ ကတ္ထူဖုံး ထုတ်ပေးဖို့ သင့်ပြီ"
သူ့ဆီတွင် ရေးနေသည်မှာ ကြာပြီဖြစ်သည့် စာရေးဆရာမအတွက် ဟန့်က တက်ဒ်စပင်ဒေါ့ကို ပြောနေခြင်း ဖြစ်သည်။
"သူက တစ်နှစ်တစ်အုပ် မှန်မှန်ထွက်နိုင်တယ်၊  ခု နောက်ဆုံးအုပ်ကလည်း အရမ်းစွံတယ်၊ သူ့ကို နှစ်အုပ် ရေးခိုင်း ပေးမယ်၊ ဒါပေမယ့် ခင်ဗျားဘက်က ကြော်ငြာသုံးပေးဖို့ရယ်၊ စောင်ရေ တိုးရိုက်ဖို့ရယ် ကတိပေး ရမယ်"

"သူ့စာဖတ် ပရိသတ်က မိန်းမတွေပါ ဟန့်ရာ"
တက်ဒ်က ပြန်ပြောသည်။
"ဘာပဲဖြစ်ဖြစ်လေ၊ ရောင်းရတဲ့ စောင်ရေကိုပဲ ကြည့်ရမှာ၊ ဒါကြောင့် ခင်ဗျားဆီက ပိုပြီး ခိုင်မာတဲ့ စာချုပ်မျိုး ကျွန်တော် လိုချင်တယ်၊ ပြီးတော့ စာအုပ်အရွယ်အစား စာအုပ်ထုတ်လုပ်ပုံ၊ ဖြန့်ချိမယ့် စနစ်၊ ကြော်ငြာပုံ ကြော်ငြာနည်း အားလုံး အသေးစိတ် ကျွန်တော် သိချင်တယ်၊ ခင်ဗျားဘက်က အားလုံး ပြည့်စုံပြီဆိုရင် အလုပ် ဖြစ်အောင် ကျွန်တော် ဆက်လုပ်မယ်"
"ကောင်းပြီလေ ကိုယ့်လူတွေနဲ့ တိုင်ပင်လိုက်ဦးမယ်"

ဟန့်ဂရင်နီ အကြံပေးသည့်အတိုင်း မိုးမခတိုက်မှ ကက်သရင်း၏ စာအုပ်ကို ကတ္တူဖုံး ထုတ်လုပ်သည့်အခါ ပြိုက် ခနဲ ကုန်သွားသည်။ ဤသို့ဖြင့် ကက်သရင်း နီဝဲလ်သည်လည်း နှစ်ဆယ် ရာစု စာရေးဆရာမစာရင်း ၀င်သွားလေသည်။

"ခေတ်ပြိုင် ခံစားမှုကို ခဏလျှော့ထား၊ ဒုတိယကမ္ဘာစစ်အစပိုင်း ကာလလောက်ကို ရွေး၊ ရှေ့တန်း တိုက်ပွဲ တွေ မလိုဘူး၊ အိမ်မှာ ကျန်ခဲ့တဲ့ မိန်းမတွေ၊ ယောက်ျားတွေရဲ့ ပြဿနာတွေကို ရေး၊ ဖက်ရှင်အကြောင်း ထည့်ရေး၊ ယဉ်ကျေးမှုနဲ့ ခေတ်ရဲ့ တုံ့ပြန်မှုကိုပါထည့်။ သမိုင်းဝတ္ထုပရိသတ် ကိုလည်း ဆက်ထိန်းထားနိုင်မယ်၊ ပရိသတ် အသစ်လည်း တိုးလာမယ်"
ဟန့် က စာရေးဆရာမ ကက်သရင်းကို ဝေဖန် အကြံပေးနေခြင်း ဖြစ်၏။

"ခင်ဗျားကို လမ်းခွဲထွက်နိုင်အောင် ကျွန်တော် လုပ်ပေးမယ်၊ ရော့ဖ်က ခင်ဗျား စာမူတွေကို သေသေချာချာ တည်းဖြတ်ပေးဖို့ ကျွန်တော့် တာဝန်ထား၊ ကျွန်တော် ပြောပေးမယ်၊ မိုးမခကနေပြီး စာမူခ တိုးတောင်းမယ်၊ ခင်ဗျားရဲ့ ရုပ်ပုံလွှာ တစ်ခုလုံး ပြောင်းပြီးသား ဖြစ်သွားမယ် ကက်သရင်း"
ဂလင်ဆင်ကလဲယားကိုလည်း တွန်းတင်ပေးဖို့ ဟန့်အကွက် မြင်နေပြီ။ အာဟာရ ဓာတ်စာတွေ၊ တက်ကျမ်း တွေ ရပ်ဖို့ ပြောသည်။ ရသစာပေကို ဖန်တီးရေးသာဖို့ တိုက်တွန်းသည်။

"ခင်ဗျား စာအုပ်ထွက်နှုန်းက သိပ်များနေတယ် ဂလင်၊ တစ်နှစ်မှာ ငါးအုပ်ခြောက်အုပ် ထွက်နေ တယ်ဆိုတော့ ဖောင်းပွ လွန်းတယ်၊ အက်ရှက်နဲ့ လျှို့ဝှက်သည်းဖိုကို ဇောက်ချရေးပါ၊ ခင်ဗျား ဇာတ်ကွက်တွေက အနိပ်စားတွေပဲ၊ ခင်ဗျားသေသချာချာ သုတေသနလုပ်ပြီး ရေးမယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ပိုရအောင် ကျွန်တော် လုပ်ပေးမယ်"
"သိပ် ဖြစ်တာပေါ့" ဟု ဂလင်က ပြန်ပြောသည်။

အီယန် ဖလင်းမင်းနှင့် ရောဘတ်လွဒ်လန်တို့၏ ဟန်အတိုင်း ဂလင် စာရေးသည်။ နိုင်ငံပေါင်း များစွာကို နောက်ခံ ထားသည့် လျှို့ဝှက်ဆန်းကြယ် သူလျှိုဝတ္ထုများ၊ ဂလင်၏ ၀တ္တုများသည် အဖုံးပျော့မှ ကတ္ထူဖုံးသို့ ချက်ချင်း ခုန်ကူးသွားသည်။ ပရိသတ်မေ့နေသည့် စာရေးဆရာဘ၀မှ ရောင်းအစွံဆုံး စာရင်းဝင်စာရေးဆရာ ဖြစ် သွားသည်။ စာမူခမှာ တစ်အုပ် ငါးထောင်ရနေရာမှ သုံးနှစ်အတွင်း နှစ်သောင်းငါးထောင်။ ထိုမှ တစ်ဆင့် ငါးသောင်းအထိ တက်သွားသည်။
"မကြာခင် ခင်ဗျားကို ဂဏန်းခြောက်လုံးရအောင် ကျွန်တော် လုပ်ပြမယ်" ဟု ဟန့်က ဂလင်ဆင်ကလဲယားကို နောက်ထပ် အားပေးသည်။

တစ်ဖက်တွင် သူ့တိုက်က အောင်မြင်နေသလို ဟန့်သည် တစ်ဖက်မှ သူ၏ ချို့ငဲ့လှသည့် ဘ၀ ကိုလည်း ပြုပြင်ပြောင်းလဲလျက် ရှိသည်။
သူ့ကို ဘယ်မိန်းကလေးမှ ကြိုက်မည် မထင်ခဲ့။ သို့သော် ဆာရာက သူ့ကို တုံ့ပြန်သဖြင့် လက်ထပ် ဖြစ်ခဲ့၏။
ဆာရာ နှင့် ဟန့်တို့ ဘက်မညီကြကြောင်း လက်ထပ်ပြီးမှ သိကြသည်။ မှားပြီဟု ဟန့် ချက်ချင်း သိလိုက်၏။ သည်တော့မှ တစ်ကိုယ်ရေတစ်ကာယ ဘ၀ကို ပြန်လည် တမ်းတမိသည်။
သေသေချာချာ မသိခဲ့သည့် မိန်းကလေး။ အချစ်ဇာတ်လမ်း မရှိခဲ့သည့် မိန်းကလေး၊ ဘာမှ မစွန့်စား လိုက်ရသည့် မိန်းကလေး။ လက်ထပ်ပြီးမှ နောင်တရနေသည့် အဖြစ်။
 လင်ကီ နှင့် ခွာပြဲကြပြီးနောက်ပိုင်းတွင် ဟန့် အစားထိုးဖို့ ကြိုးစားသည်။

"ကျွန်တော် အတွင်းရေးမှူးမတွေ၊ ဧည့်ကြိုစာရေးမတွေ ရသမျှနဲ့ လိုက်တွဲတယ်၊ ဒါပေမယ့် လုံးဝ မပျော်တော့ဘူး"
ဟု ဟန့်က ဂလင်ကို ထုတ်ပြောသည်။
ဟန့်ဂရင်နီနှင့် ဆရာတို့ ကွာရှင်းပြတ်စဲချိန်တွင် အမျိုးသမီးတို့၏ အခြေအနေတွေက ပြောင်းလဲနေ ပြီ။ သည်အပြောင်းအလဲကို ရင်ဆိုင်ဖို့ ဟန့်က အဆင်သင့် မဖြစ်ခဲ့ပေ။
တချို့က ငြိတွယ်ချင်ကြ၏။ သည်လို မိန်းမမျိုးကို ဟန့်က ကြောက်သည်။ အချို့က ချစ်သော်လည်း တွေတွေဝေေ၀နှင့်။ ဒါမျိုးကျပြန်တော့လည်း ဟန့်က အာရုံမလာ။ မိန်းကလေးတစ်ယောက်ကို ရဖို့ ဟိုတုန်း ကလို မခက်တော့၊ ဟင့်အင်းဟု ငြင်းရင်း ခေါင်းညိတ်နေသည့်ခေတ်။ လူပျိုစကားပင် ပြောစရာ မလိုတော့၊ သည်တော့ ဟန့်ရင်ထဲတွင် အားလုံး ပေါ့ပျက်ပျက် ဖြစ်လာသည်။
"ခေါ်မယ်မှ မကြံသေးဘူး၊ ခေါင်းအရင် ညိတ်နေတော့ ဘယ်နိပ်တော့မလဲဗျ" ဟု ရော့ဖ် ရှေ့တွင် ဟန့်က ထုတ်ညည်းသည်။

တစ်ယောက်ယောက်ကို မျက်စိကျပြီဆိုလျှင် ဟန့က လင်ကီနှင့် ယှဉ်မကြည့်ဘဲ မနေနိုင်။ လင်ကီ့ ကို မီသူ တစ်ယောက်တလေမှ မရှိ။
လင်ကိက ထက်သည်၊ ခံစားတတ်သည်၊ စာအုပ်လောကအကြောင်း နောကျေအောင် သိသည်။ ဟာသ ရှိသဖြင့် ပျော်စရာကောင်းသည်။ လင်ကီတစ်ယောက်သာ သူ့ကို ကျီစယ်ရဲ၊ စိန်ခေါ်ရဲသူ ရှိသည်။ ပြီးတော့ လှသည်။ စွဲမက်စရာ ကောင်းသည်။ ဤသို့ဖြင့် ၁၉၇၀ ပြည့်နှစ်များတွင် ဟန့်သည် အတွဲကလေးများနှင့် မြို့ပြင်ထွက်ပြီး မွေ့လျှော်ရမည့်အစား တစ်ယောက်တည်း အိမ်တွင်းအောင်းပြီး ညစာကို တိတ်တိတ်ကလေး စားရခြင်း ကို ပို၍ အရသာတွေ့လာသည်။

ဘ၀သည် ပို၍ တည်ငြိမ်လာပြီး စာအုပ်လုပ်ငန်းမှလည်း အမြတ်အစွန်းတွေ ပို၍ ပို၍ တက်လာ သည်။ ၁၉၇၂ ခုနှစ် တွင် ရုံးခန်းကို တတိယရိပ်သာလမ်းမှ မက်ဒီဆင်သို့ ပြောင်းနိုင်ခဲ့သည်။ လေးထပ်မှ ဆယ့်ငါးထပ်သို့ ရောက်သွား၏။

ဆက်ရန်
.

No comments: