Monday, June 20, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၁၉)

 အခန်း (၁)

" ဗုဒ္ဓ"
" ဓမ္မံ၊ သံဃံ "
" ပူဇေးမိ "

ကျွန်တော် မောင်ဗလသည် နက်ခေါင်လှသော လျှိုမြောင်စိမ့်စမ်း တောင်တန်းသေလာဝယ်၊ ထူးဆန်း လှစွာ တွေ့ကြုံ ခဲ့ရပုံကို၊ နောင်လာနောင်သား ကျွန်ုပ်၏ ဆွေစဉ်မျိုးဆက်များ သိရှိကြစေရန် အမှန်အတိုင်း ရေး သား ထားခဲ့ ပါသည်။
ဖော်ပြလတံ့သော ကျွန်ုပ်ကိုယ်တိုင် တွေ့ကြုံရပုံများကား နှောင်းခေတ်လူတို့ ယုံကြည်နိုင်အံ့ မထင်ပေ။
မည်သို့ပင် ဖြစ်စေ၊ တိမ်မြုပ်ပျောက်ကွယ်စေခြင်းငှာ မထိုက်ဟု ယူဆမိသဖြင့် ကျွန်ုပ်ကိုယ်တိုင် ဤပုရပိုက် ပေါ် တွင် မှတ်တမ်းတင်ခဲ့ပါသတည်း။

မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ် (တန်ဆောင်မုန်းလဟု ကျွန်ုပ်ထင်သည်။ လ-ရက်ကိုကား မမှတ်မိတော့ချေ) ၀ယ်၊ ရတနာသင်္ခ၊ တတိယနန်းစံ၊ ဆင်ဖြူရှင် မြေဒူးမင်းတရားသည် ထိုင်းနိုင်ငံသို့ စစ်ချီထွက်တော်မူခဲ့ရာ၌ ကျွန်ုပ် သည် တပ်မှူးကလေးတစ်ဦးအဖြစ်ဖြင့် တပ်စုတစ်စုကို ကွပ်ကဲကာ လိုက်ပါခဲ့သည်။
ကျွန်ုပ် တို့ မျုးရိုးမှာ တောင်သူ လယ်လုပ်သူများသာ ဖြစ်သော်ငြားလည်း ကျွန်ုပ်တစ်ယောက်သာလျှင် ထူး ထူး ကဲကဲ စစ်မှုထမ်းခဲ့သည်။
ထိုအချိန် မှာ ကျွန်ုပ်၏ အသက်သည် နှစ်ဆယ်မျှသာ ရှိသေး၏။

သို့ပင် ငယ်သော်ငြားလည်း စွန့်စားလိုသော ဇွဲသတ္တိနှင့် ဓားခုတ် လှံထိုး လည်လှသော ကျွန်ုပ်သည် တပ်မှူး ကလေးတစ်ဦးအဖြစ် အလွယ်တကူပင်ချီးမြှင့်တော်မူခြင်း ခံခဲ့ရသည်။
ကျွန်ုပ်၏ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သော ရွှေဘိုကျေးလက် မန်ကျည်းတုံရွာမှ မေတ္တာရေလောင်း ဆု တောင်း နေကြသော မွေးမိဘများအား ရှိခိုးကန်တော့ကာ၊ ဆင်ဖြူရှင်ဘုရား စစ်ထွက်တော်မူရာ ပါခဲ့ပါသည်။

စစ်ချီထွက်ရာ လမ်းခရီး တစ်လျှောက်ဝယ် မည်သို့ မည်ပုံ တွေ့ကြုံရသည်များကိုကား အဆန်းတကြယ် မဟုတ်၍ မရေးတော့ပြီ။
သံလွင်မြစ်ကိုဖြတ်ကူးပြီးနောက် ဇွဲကပင်တောင်ကြော တစ်လျှောက် ထိုင်းနယ်စပ်ရောက်အောင် ကျွန်ုပ်တို့ မလျှော့သော လုံ့လ၀ီရိယဇွဲဖြင့် အားခဲလာခဲ့ကြသည်။
ထိုင်းနယ်စပ်နှင့် ပြောလောက်အောင် အလှမ်းမဝေးတော့ပြီဟု ယူဆရသော နက်ခေါင်လှသည့် တောတွင်း တစ်နေရာအရောက်ဝယ် စစ်ချီတက်ရာ ခရီးတစ်လျှောက်လုံး သံတွေသံခဲတမျှ ကျန်းမာသန်စွမ်းခဲ့သော ကျွန်ုပ်သည် ဦးခေါင်းပင်မထူနိုင်အောင် အပြင်းအထန် ဖျားပါတော့၏။

ရောင်းရင်းဘက် သွေးသောက်များက ပါလာသမျှသော ဆေးဝါးများဖြင့် အစွမ်းကုန် တတ်နိုင်သရွေ့ ပြုစုကြ ပါသော်လည်း ကျွန်ုပ်၏ အားခဲကာ မိမိအစွမ်းသတ္တိကိုပြပြီး၊ မင်းတရားကြီး အကျိုးတော်ကို ဆောင်မည်ဟူ သော ရည်ရွယ်ချက် သည် ပျက်ရချေတော့မည်။
ကျွန်ုပ်သည် များစွာ ယူကျုံးမရရှိလှပါ၏။ ညည်းညူခြင်း၊ ငြိုငြင်ခြင်းကင်းမဲ့စွာ ကျွန်ုပ်အား ထမ်းပိုး တွဲချီ လာသော ရောင်းရင်း သွေးသောက်များကိုလည်း ငဲ့ညှာမိပါသည်။
ဝေဒနာ ခံစား ရသည့် ရက်မှသည် ခြောက်ရက်မြောက်သောနေ့ဝယ် ကျွန်ုပ်သည် ရင်တွင်းမှ ပြင်းပြစွာ ပူ လောင်သော ဒုက္ခကို ခံစားရသည်နှင့်တစ်ပြိုင်နက် မျက်လုံးများပြာဝေ မည်းမှောင်လာကာ အသိဥာဏ်၊ အတွေ့အထိ၊ အာရုံဟူသမျှသည် လုံးဝ ပျောက်ကွယ်သွားပါတော့သည်။

ဆိုလိုရင်းကား ကျွန်ုပ်သည် သတိလစ်သွားသည်။ မေ့မြောသွားသည်။
ကျွန်ုပ်သည် ပေါ့ပါးကြည်လင်သောစိတ်ဖြင့် အရပ်လေးမျက်နှာကို လှမ်းမျှော်ကြည့်လိုက်၏။
လောကတစ်ခွင် တစ်ပြင်လုံးသည် အဖုံးအကွယ် မရှိသလို ဟာလာဟင်းလင်းကြီးဖြစ်နေသည်ကို ကျွန်ုပ် တွေ့ရသည်။
အစိမ်းရောင်ဘက်သို့ လုနေသော စိမ်းပြာပြာ အဆင်းရှိ၍ ကြည်လင်အေးမြသော အရောင်သည် ကြည်နူးစ ဖွယ် လောကတစ်ခွင်လုံးကို ဖုံးအုပ်နေသလို ထင်ရသည်။
တောတောင်ရေမြေ လူနေအိမ်ခြေ သစ်ပင် ပန်းမန် သက်ရှိသက်မဲ့ သတ္တ၀ါဟူ၍လည်း ကျွန်ုပ်လုံးဝမတွေ့ရ ချေ။

အသံဟူ၍လည်းမရှိ။ ပကတိ ဆိတ်သုဉ်းလှချေ၏။ ကျွန်ုပ်သည် ရည်ရွယ်ချက် အဓိပ္ပာယ် ကင်းမဲ့စွာပင် ကျွန်ုပ် မျက်နှာမူရာ တူရူသို့ ငေးစိုက်ကြည့်နေမိ၏။
ယင်းသို့ ကြည့်နေမိစဉ် အခိုက်ဝယ် စိမ်းညို့ မှိုင်းမှောင်သော တောင်တန်းကြီးသည် ကျွန်ုပ်မျက်စိရှေ့ဝယ် တဖြည်းဖြည်း မှေးမှိန်စွာပေါ်လာရာမှ ထင်ထင် ရှားရှား မားမားမတ်မတ် တွေ့ရသည်။
မြင့်မား ညီညာလှသော တောင်တန်းကြီး၏ အလယ်ဗဟို နေရာဝယ် ထူးထူးကဲကဲ ချွန်ထက် မြင့်မားလျသော တောင်ထွတ်ကြီးသည် အာကာစွင့်စွင့် တိမ်ဆီလွင့်မျှ ကြွားဝင့်စွာ တည်ရှိနေသည်။
ထိုတောင်ထွတ်၏ ထိပ်မှာကား ကြည်လင် အေးမြလှသည့် မြစိမ်းရောင် ရောင်ခြည်တော်များ ကွန့်မြူးနေ သည့် မြဆင်းတုတော်တစ်ဆူသည် တင့်တယ် သပ္ပာယ်လှပါ၏။

ကြည်ညိုဖွယ်ရာ ကောင်းလှပါ၏။ ကောင်းကင် တိမ်တိုက်တွင်းသို့ တိုးဝင်လုနီးမျှ မြင့်မားလှသော ဤတောင်ထိပ်ဝယ် စံပယ်နေတော်မူသော ဥာဏ်တော် သုံးတောင်ကျော် ကျော်မျှ ရှိသည့် တင်ပျဉ်ခွေ မြ ဆင်းတုတော်အား ဝေးလံလှသောအရပ် ဒေသမြေပြင်ပေါ်မှာ ရှိနေသော ကျွန်ုပ်သည် အဘယ်ကြောင့် ထင် ထင်ရှားရှား ဖူးတွေ့နေနိုင်ပါသနည်း။
ကျွန်ုပ် အံ့သြကြည်ညို ညွတ်နူးလှသော စိတ်စေတနာဖြင့် လက်အုပ်ချီမိုးကာ ရှိခိုးကန်တော့လိုက်ပါသည်။

" လူသူကင်းမဲ့ကာ ငြီးငွေ့စဖွယ် ဆိတ်သုဉ်းလှသော ဤနေရာဒေသ၀ယ် အထီးကျန်ဘ၀ဖြင့်နေရသော တပည့်တော်အား အရှင်ဘုရား၏ အေးမြသော အရိပ်တော်မျာ ခိုလှုံခွင့်ပြုတော်မူပါဘုရား၊ ဘုရား ... ဘုရား "
ကျွန်ုပ်သည် ကြည်ညိုဖွယ်ကောင်းလှသော တောင်ထိပ်ဖျားမှာ မြဘုရားအား မျှော်ကြည့်ကာ ရှိခိုးတမ်းတ ရေရွတ်လိုက်သည်တွင် မသဲမကွဲ တီးတိုး ပြောဆိုနေသော ထူးဆန်းလှသည့် စကားသံများကို ကြားရသဖြင့် လှည့်ကြည့်ရန် ဦးခေါင်းကို ငဲ့လိုက်သည်။

ကျွန်ုပ်ငဲ့လိုက်သော ဦးခေါင်းသည် ပူနွေးပျော့ပျောင်းသော အရာတစ်ခုနှင့် ထိနေပြီး -
ဟေး ... ဟေး ဟူသော မတိုးမကျယ်အသံက နားထဲသို့ ပြတ်သားစွာ ၀င်လာ၏။ ကျွန်ုပ်မြင်နေရသော မြင်ကွင်းများ အားလုံး ပျောက်ကွယ်ကုန်လေပြီ။ ကျွန်ုပ်ရင်တွင်းမှ ပြင်းပြပူလောင်သော ဝေဒနာကို ခံစားရ ပြန်လေသည်။ ကျွန်ုပ်ကား သတိလစ် မေ့မြောနေရာမှတစ်ဖန် ပြန်လည် သတိရလာပြီဖြစ်သည်။ လေးလံ သောမျက်ခွံများကို အနိုင်နိုင်ပင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

" ကြီးမားလှသော ၀ါးရုံပင်ကြီး အရင်းဝယ် ဖျဉ်ဖြူစောင်တစ်ထည်ဖြင့် သေချာစွာ ရစ်ပတ် ထုပ်ပိုးထားသော ကျွန်ုပ်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကျွန်ုပ်၏ ဦးခေါင်းမှာ လူတစ်ဦးတစ်ယောက်၏ ပေါင်ပေါ်တွင် တင်နေသည်ကို တွေ့ရသည်။ နက်ခေါင် မှိုင်းမှောင်လှသော တောကြီးအ တွင်းမှာပါ တကား...။
" စိမ့်အေးသောလေသည် သစ်ပင်ကြီး ၀ါးပင်ကြီးများ၏ အခက် အရွက်များအား ဆူညံသောအသံကို ဖြစ်စေလျက် အဆက်မပြတ် တိုက်နေသည်။ ကျွန်ုပ်၏ ဦးခေါင်းအား သူ့ပေါင်ပေါ်တွင် တယုတယ တင်ထားသော လူသည် ကျွန်ုပ်အား ငုံ့ကြည့်နေ၏။ အနီနှင့် အနက်စင်း ရှည်လျားသော သင်တိုင်းကြီးကို ၀တ်ခါ ဦးခေါင်းပြောင်အောင် ရိတ်ထားသော သွေးမရှိသလို ဖြူဖပ်ဖြူရော် မျက်နှာရှင် အသက်ငါးဆယ် ကျော် အရွယ် အဘိုးအိုတစ်ယောက်ဖြစ်၏။

" ကျွန်ုပ်၏ ပတ်ဝန်းကျင်မှာလည်း အလားတူ အဆင်အပြင် ရုပ်ရည်သဏ္ဍာန်ရှိသော လူကြီးလေးယောက် သည် ဆောင့်ကြောင့်ထိုင်နေကြကာ ကျွန်ုပ်အား သူတို့၏ ခပ်မို့မို့ မျက်ခွံအောက်မှ ကြောင်တက်တက်မျက် လုံးများဖြင့် စူးစိုက်ကြည့်နေကြသည်....။
" လူသား အစစ်များမှ ဟုတ်ပါလေစဟု ကျွန်ုပ် စိတ်မှာ သံသယ ၀င်လာသည်။ ကျွန်ုပ်ရောင်းရင်းသွေး သောက်ရဲဘက်များ၊ စစ်သည်တော်များ၏ အသံဗလံ အရိပ်အရောင်ဟူ၍လည်း လုံးဝမတွေ့တော့ချေ။ ကျွန်ုပ်သည် ပြင်းပြစွာသော တုန်လှုပ်ခြင်းဖြင့် လက်နှစ်ဖက်ကို အနိုင်နိုင်အားယူကာ လက်အုပ်ချီ၍ ...
" ဗုဒ္ဓရှင်တော်ဘုရား၊ ဗဒ္ဓရှင်တော်ဘုရား "
ဟူသော တမ်းတသံကို ပြုလိုက်မိပါသည်။

" ဗုဒ္ဓ ... ဗုဒ္ဓ "
ကျွန်ုပ်၏ ဦးခေါင်းကို ပေါင်ပေါ်တင်ထားသော အဘိုးကြီးက နှစ်ခြိုက်သဘောကျဟန်ဖြင့် အားရပါးရ ရွတ် လိုက်သည်။
" ဗုဒ္ဓ ၊ ဗုဒ္ဓ .... "
ကျန်အဘိုးကြီးများကလည်း ၀မ်းသာဟန်ဖြင့် ၀ိုင်းပြီး ရွတ်ဆိုကြသည်။
ဘုရားရှင်၏ တပည့်တော်များ လူသားအစစ်ဖြစ်ကြချေသည်ဟု ကျွန်ုပ် သံသယရှင်းသွားကာ တအားတက် လာသည်။
ရင်တွင်းမှ ပူလောင်သော ဝေဒနာကား မပျောက်သေး။ လည်ချောင်းနှင့် အာခံတွင်းမှာလည်း ခြောက်ကပ် လျချေသည်။
" ရေပေးပါ "
ကျွန်ုပ်က အားယူပြီး ပြောလိုက်၏။ အဘိုးကြီး ငါးယောက်သည် ကျွန်ုပ်မျက်နှာအား ပြိုင်တူစိုက်ကြည့်ကြ၏။

ထို့နောက် တစ်ဦးနှင့်တစ်ဦး လေးတွဲ့သောလေသံဖြင့် ပြောကြသည်။ သူတို့ ပြောသောစကားကို ကျွန်ုပ် တစ်လုံး မှ နားမလည်ချေ။
သူတို့သည် ကျွန်ုပ်မျက်နှာကို စိုက်ကြည့်ကြပြန်သည်။ ထပ်ပြော၍လည်း နားလည်မည်မဟုတ်ဟု ကျွန်ုပ် ကောင်းစွာ သဘောပေါက်သည်။
စိတ်ပျက်စွာဖြင့် ကျွန်ုပ်သည် ပတ်ဝန်းကျင်ကို မျက်လုံးဖြင့် လှည့်ကြည့်မိ၏။

ကံအားလျော်စွာပင် ကျွန်ုပ်၏ ဘေးမှထိုင်နေသော အဘိုးကြီးတစ်ယောက်၏ နောက်ဝယ် ရေစွတ်စိုနေသော စိမ်းလဲ့ သည့် ၀ါးကျည်တောက်ကြီးကို တွေ့ရသည်။
ကျွန်ုပ်က ထိုဝါးကျည်တောက်ကို လက်နှင့်ပြသည်။
ကျွန်ုပ် နှုတ်ခမ်းများကိုလည်း လှုပ်ပြသည်။ ထိုအခါမှ သူတို့ သဘောပေါက်ဟန်တူသည်။
ကျွန်ုပ်၏ ဦးခေါင်းကို ပေါင်ပေါ်တင်ထားသော အဘိုးကြီးက ကျွန်ုပ်အား ပွေ့ထူလိုက်သည်။
အဘိုးကြီး တစ်ယောက်က ၀ါးကျည်တောက်ကို ယူကာ ကျွန်ုပ်၏ နှုတ်ခမ်းတွင် တေ့ပေးသည်။
စိမ့်အေးချိုမြသောရေကို ကျွန်ုပ်သည် အားရပါးရသောက်လိုက်၏။

လည်ချောင်း နှင့် အာခံတွင်းမှာ ခြောက်ကပ်နေသော ဝေဒနာကား သက်သာသွားလေပြီ။
ရင်တွင်းမှ ပူလောင်ခြင်းကား မပျောက်သေးသော်လည်း ဝေဒနာ အခြေအနေကား မခံမရပ်နိုင်အောင် ဆိုးရွားခြင်းကား မဖြစ်တော့ပေ။
ကျွန်ုပ်အား ပွေ့ချီထားသော အဘိုးကြီးကား ခေါင်းဆောင်အကြီးအကဲ ဖြစ်ဟန်တူသည်။
သူသည် ဟိုမှသည်မှ ဦးခေါင်း ပတ်လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို တွေ့ဟန်နှင့် ကျွန်ုပ်နားမလည်သော စကားကို ပြောလိုက်၏။
အဘိုးကြီးတစ်ယောက်သည် အရွယ်နှင့် မလိုက်အောင် ဖျတ်လတ်လျင်မြန်စွာ ထသွားပြီး မနီးမဝေးရှိ လူတစ်ရပ်ခန့် မြင့်သော မြေကမူကလေးထိပ်မှာ ပေါက်နေသော အပင်ငယ် တစ်ပင်ကို ဆွဲနှုတ်လာခဲ့သည်။

ကျွန်ုပ်အနားသို့ ရောက်လာသောအခါ ကျွန်ုပ်သည် ထိုအပင်ငယ်အား သေချာစွာ ကြည့်လိုက်မိ၏။
အပင်ငယ် ကလေး မှာ တစ်ထွာသာသာမျှရှိသည်။ သစ်ပင်ဟူသမျှ အစိမ်းရောင်သာ မြင်ဖူးခဲ့သော ကျွန်ုပ် သည် ထိုအပင်ကလေးကို မြင်သောအခါ များစွာ အံ့သြမိ၏။
အရိုး၊ အရွက်၊ အမြစ် အားလုံးမှာ မရမ်းစေ့ရောင် ဖြစ်သည်။
အမြစ်မှာ အတိုအရှည် အစဉ်လိုက်ဖြစ်နေသော နှစ်လက်မမျှရှည်သည့် အမြစ်သုံးချောင်းသာရှိ၏။
အပင်ကလေး၏ထိပ်မှာ သုံးဆိုင်ထွက်နေသော ဆီးရွက်သာသာမျှ အရွယ်ရှိသည့် ၀ိုင်းစက်သော အရွက်သုံး ရွက်ရှိ၏။ အဘိုးကြီးက ထိုအပင်ကလေးကို ၀ါးကျည်တောက်အတွင်းမှ ရေဖြင့်ဆေးပြီး ကျွန်ုပ်၏ မျက်နှာတူ ရူရှေ့မှာ လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။

အခြားလက်တစ်ဖက်ဖြင့် အရွက်ငယ်သုံးရွက်ကို တစ်ခုစီ လက်ဖြင့်ညွှန်၍ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟု တစ်ခွန်းစီ ဆို သည်။ တစ်ဖန် အမြစ်သုံးမြစ်ကို အလားတူ လက်ဖြင့်ညွှန်၍ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဟုဆိုသည်။
ထို့နောက် ကျွန်ုပ်၏ ပါးစပ်ထဲသို့ အပင်ငယ်ကို ထိုးထည့်လေတော့၏။
မြန်မာဘာသာစကားကို မတတ်သည့် မြန်မာလူမျိုးမဟုတ်သော်ငြားလည်း ရတနာသုံးပါးကို ကြည်ညိုရိုသေ သူများဖြစ်ကြောင်းကို ကျွန်ုပ် အတတ်သိရပေပြီ။
ကျွန်ုပ်အား သေအောင် သတ်ခြင်းတော့ မဟုတ်တန်ရာ၊ သူတို့ ဓလေ့ထုံးစံဆေးပင် ဖြစ်ပေလိမ့်မည်ဟု ကျွန်ုပ် တွေးမိ၏။ ကျွန်ုပ်၏ ဘ၀အဖို့ကား မည်သို့မျှ ထူးခြားဖွယ်ရာ ဖြစ်လာတော့မည် မဟုတ်ချေ။
သတိလစ် မေ့မြောသွားသော ကျွန်ုပ်အား ရောင်းရင်းရဲဘက်များက သေပြီအထင်ဖြင့် ပစ်ထားခဲ့သည် မဟုတ်ပါလော။

ကျွန်ုပ်၏ ကိုယ်ကိုပင် ကျွန်ုပ် သယ်ယူ ထူထောင်ရန် မဖြစ်နိုင်သော အခြေအနေမှာ ကျွန်ုပ်သည် ငြင်းဆန်မှု ကို မပြုတော့ပေ။
သူတို့ ရွတ်ဆိုသည့်အတိုင်း " ဗုဒ္ဓ ၊ ဓမ္မ၊ သံဃံ " ဟု လှိုက်လှဲသော စေတနာဖြင့် ရွတ်ဆိုကာ ယုံကြည်စိတ် ထားပြီး အပင်ငယ်ကို ၀ါးစားလိုက်ပါသည်။
ချိုသလိုလိုနှင့် ပူရှိန်းရှိန်း ခါးသက်သက်လိုလို တစ်မျိုးအားဖြင့် ၀ါးမျိုစားလိုက်သည်နှင့် တစ်ပြိုင်နက် ရင်တွင်း ၀ယ် တင်းကြပ်ပူလောင်နေမှုသည် သက်သာသွားသည်ဟု ထင်ရသည်။
မျက်ခွံများ လေးလာကာ ကျွန်ုပ်သည် စိတ်မတင်းနိုင်တော့ဘဲ အဘိုးကြီးရင်ခွင်မှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်သွားလေတော့၏။

စည်သံလိုလို၊ ဗုံသံလိုလို၊ အမျိုးအမည် မခွဲခြားနိုင်သော တူရိယာသံသည် တစ်ချက်ချင်း လေးတွဲ့စွာ မြည် လိုက်သံကြောင့် ကျွန်ုပ်သည် အိပ်ရာမှ နိုးလာလေသည်။
နာကျင်ကိုက်ခဲ ပူလောင်ခြင်း၊ နုံးချည့် မောပန်းခြင်းများမှာ အံ့သြဖွယ်ရာ ယူပစ်လိုက်သလို ပျောက်ကွယ် သွားလေပြီ။ ကျွန်ုပ်ကား ပကတိ ကျန်းမာ သန်စွမ်းလျက်ရှိ၏။
ကျွန်ုပ်ရောက်နေသော နေရာကား ထူထပ်လှသော ၀ါးရုံပင် ခြံစည်းရိုးများ လေးမျက်နှာ ပတ်လည်ဝိုင်းနေ သော ဥယျာဉ်ကြီးတစ်ခု၏ အလယ်မှာ သစ်ပင် အကိုင်းအခက်ကို ခုတ်ထွင်ကာ တိုင်ပြုပြီး ဆောက်ထားသော ၀ါးကြမ်းခင်း၊ ၀ါးထရံကာ၊ ၀ါးခြမ်းမိုးထားသော တစ်ထပ်အိမ်ငယ် တစ်ခု ဖြစ်သည်။

အိပ်ခန်းမရှိသော အိမ်ငယ်မှာ ဇရပ်နှင့် တူနေသည်။ မြေမှ တစ်တောင်သာမြင့်၏။
ကျွန်ုပ် ခေါင်းအုံး အိပ်သောအရာမှာ ပွယောင်းသော သစ်ခေါက်ကြီးဖြစ်ပြီး၊ အခင်းမှာလည်း ၄င်းသစ်ခေါက်မျိုး ကိုပင် တစ်ခုနှင့်တစ်ခု ယှက်ပြီး ဆက်ထားသည်။
အုံးဆံခေါင်းအုံး၊ အုံးဆံမွေ့ရာကဲ့သို့ အိပ်ရသည်မှာ သက်သောင့်သက်သာရှိလှ၏။ ခြုံစောင်များကား ကျွန်ုပ်၏ ဖျဉ်စောင်အဖြူပင် ဖြစ်သည်။
ကျွန်ုပ်အိပ်ရာမှ လူးလဲထပြီး ရှုပ်ထွေးနေသော ကျွန်ုပ်၏ ရှည်လျား များပြားသော ဆံပင်များကို လက်ဖြင့် သပ်ရပ်အောင် ပင့်တင်ကာ နှစ်ပတ်လျှို သျှောင်တစောင် ဆံမြိတ်ကွင်း ချထုံးလိုက်သည်။
တဲအိမ်ငယ်ပေါ်မှ ဆင်းလာခဲ့၏။ အိမ်အပြင်ဘက်တွင် ကြီးမားသော ၀ါးပိုးကျည်တောက်ကြီးများနှင့် ထည့် ထားသော ရေကိုတွေ့၍ မျက်နှာသစ်လိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထူထပ်လှသော ၀ါးရုံပင် ခြံစည်းရိုးမှ မြင့်မားသော ၀ါးပင်ကြီးများကြောင့် မည်သည့်အရာကိုမှ မမြင်ရချေ။
ဥယျာဉ်မှာ အတော်ပင် ကျယ်ဝန်းသည်။ ပဲပင်၊ ငရုတ်ပင်၊ သင်္ဘောပင်နှင့် အခြား ကျွန်ုပ်အမျိုးအမည် အခွဲ ခြားနိုင်သော အပင်များသည် သူ့နေရာနှင့်သူ ရှင်းလင်းစွာ စိုက်ပျိုးထားသည်။
စိမ်းလန်းသန်စွမ်းစွာ ဖူးပွင့်သီးနေကြသည်မှာ စိတ်ကြည်နူးဖွယ် ကောင်းလှသည်။

ကျွန်ုပ်သည် လှည့်ပတ်သွားလာ ကြည့်ရှုနေရာမှ တစ်နေရာဝယ် နှစ်တောင်မျှကျယ်၍ ၀ါးပင်လစ်လပ်နေ သော ထွက်ဝင်သည့် အပေါက်ကို တွေ့ရ၏။
ကျွန်ုပ်သည် ထိုအပေါက်ရှိရာသို့ လာခဲ့သည်။ ဥယျာဉ်အပြင်သို့ ထွက်မည် ဟန်ပြင်လိုက်သော ကျွန်ုပ်သည် ရုတ်တရက် ခြေလှမ်းတန့်သွားရလေသည်။
အပေါက်ဝ တစ်ဖက်တစ်ချက် ၀ါးရုံပင်ကွယ်မှ လူနှစ်ယောက်သည် ဘွားခနဲ ပေါ်လာသည်။
လူနှစ်ယောက်မှာ အသက်အရွယ် ကျွန်ုပ်နှင့် တန်းတူမျှရှိဟန် လက္ခဏာပေါ်သော်လည်း ကျွန်ုပ်အား ကယ် ဆယ်ခဲ့သော အဘိုးကြီးများနည်းတူပင် ခေါင်းတုံးပြောင်အောင် ရိတ်ထားသည်။
အနီနှင့် အနက်စင်း ခြေသလုံးတစ်ဝက်ကျော်အထိ ရှည်သော သင်တိုင်းကြီးများ ၀တ်ထားသည်။ မျက်နှာနှင့် တကွသာ ကိုယ်ခန္ဓာအသားအရည်မှာ ဖြူဖပ် ဖြူရော် အရောင်ရှိ၏။
သို့သော် ကိုယ်လုံးအဆက်အပေါက်ကား သန်စွမ်းဟန်တူသည်။

သူတို့နှစ်ဦး၏ လက်ထဲတွင် မြားတပ်ပြီး အသင့်ရှိနေသော တောင့်တင်းခိုင်မာသည့် ဒူးလေးကြီးများဖြင့် ကျွန်ုပ်အား ချိန်ရွယ်ကာ နောက်ပြန်ဆုတ်စေလိုသော အမူအရာကို ပြသည်။
သို့တစေလည်း သူတို့၏ အမူအရာကား ကျွန်ုပ်အား မုန်းဟန်ကိုမပြ။ ခပ်မို့မို့ မျက်ခွံအောက်မှ ကြောင်တက် တက်မျက်လုံးဖြင့် ကျွန်ုပ်အား ကြည့်နေသော သူတို့၏ မျက်နှာထားသည် ပကတိ အေးမြတည်ငြိမ်လှ၏။ အထက်ကပေးအပ်သည့် တာဝန်အတိုင်းသာ ဆောင်ရွက်နေဟန်တူသည်။

ကျွန်ုပ်အား ကယ်ဆယ်ထားသော အသက်သခင်ကျေးဇူးရှင်များအား ကျွန်ုပ်သည် စိတ်နှလုံး မချမ်းသာ အောင် ဆန့်ကျင်ဘက်မပြုမူလိုသဖြင့် နောက်ကြောင်းပြန်လှည့်ကာ တဲအိမ်ငယ်ပေါ်တွင် ဆိတ်ငြိမ်စွာပင် ထိုင်နေလိုက်တော့၏။
ကျွန်ုပ်၏ ကိုယ်ရေးကို ပြန်စဉ်းစားလိုက်မိ၏။ စစ်ထွက်သော ရောင်းရင်းများသည် ကျွန်ုပ်အား သေပြီဟု တစ်ထစ်ချ ယူဆသွားကြသည်။
စစ်အောင်နိုင်၍ နေပြည်တော်ရတနာသိင်္ခသို့ ပြန်ကြရသည့်အခါ ကျွန်ုပ်၏ မိဘများသည် သားဖြစ်သူ ကျွန်ုပ်၏ သတင်းကို စနည်းနာမည်မှာ မလွဲပေ။
ကျွန်ုပ်အတွက် မိဘနှစ်ပါး ပူဆွေးရှာကြ ပေလိမ့်မည်။ ချစ်သူရည်းစားဟူ၍ မရှိသော ကျွန်ုပ်တို့အဖို့ မိဘများ ကိုသာ လွမ်းဆွတ်ရတော့သည်။

ကျွန်ုပ် ယခုရောက်နေသော နေရာသည် မည်သည့်ဒေသမှန်းလည်း မသိ။
ဤနေရာ ဤဒေသမှ ထူးဆန်းသော ဤလူများသည် ကျွန်ုပ်အား ပြန်လွှတ်ကြပါမည်လော။
မည်မျှကြာအောင် ကျွန်ုပ်အား သိုလှောင်ထားမည်မသိရချေ။
ကျွန်ုပ်သည် ရောက်တတ်ရာရာ တွေးနေရာမှ အဘိုးကြီးများ ကျွန်ုပ်အား တိုက်ကျွေးခဲ့သည့် ဆေးပင်ကို သတိရမိပြန်၏။

ဤဆေးပင်မျိုးသည် ဤအရပ်ဒေသမှာ ပေါများဟန်တူသည်။ နေပြည်တော် ရတနာသိင်္ခသို့ ပြန်ခွင့်ရပါက ဤဆေးပင်မျိုး များများတူးသွားမည်။
နေပြည်တော်သို့ ပြန်ရောက်ပါက မင်းတရားကြီးနှင့်တကွသော လူသတ္တ၀ါတို့၏အသက်ကို ဤဆေးတစ် လက်ဖြင့် ကယ်တင်နိုင်စွမ်းရှိမည် စသည်ဖြင့် ကျွန်ုပ်သည် အမျှမပြတ် တွေးနေမိစဉ် ဥယျာဉ်တံခါးဝဆီမှ ကျွန်ုပ် နားမလည်သော ဘာသာစကားဖြင့် တစ်စုံတစ်ရာကို မတိုးမကျယ် ပြောသံကြားလိုက်ရ၏။
ကျွန်ုပ် သည် ဥယျာဉ်တံခါးဝဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ကျွန်ုပ်အား ဟန့်တားခဲ့သော အစောင့်လူရွယ် နှစ်ယောက်သည် ဒူးလေးကြီးများကို အောက်သို့ချကာ မြေပြင် ပေါ်တွင် ဒူးထောက်ပြီး ခေါင်းငုံ့နေကြသည်ကို တွေ့ရ၏။
အကြီးအကဲများ လာဟန်တူသည်။ ကျွန်ုပ်သည် အမှတ်မထင်ပင် ကြည့်နေလိုက်၏။
ထိုအခိုက် ကျွန်ုပ်အား ကယ်တင်ခဲ့သော အဘိုးကြီးများအနက် ကျွန်ုပ်အား ပွေ့ပိုက်ခဲ့ သောအဘိုးကြီးက ရှေ့ဆုံး မှ ၀င်လာသည်။
ကျွန်ုပ်အား ဆေးပင်နုတ်ပြီး ကျွေးခဲ့သော အဘိုးကြီးက နောက်က လိုက်လာသည်။

၎င်းတို့နှစ်ယောက်၏ နောက်တွင်ကား သစ်သားပန်းတစ်ခု ရွက်ထားသော အသက် ဆယ့်ငါးနှစ်ရွယ် သူငယ် တစ်ယောက်နှင့် အသက်ရွယ်တူလောက်ပင် ရှိမည်ဖြစ်သော အခြားသူတစ်ယောက် လိုက်ပါလာ ကြသည်။

အားလုံးသောသူများမှာ အနီနှင့် အနက်စင်း သင်တိုင်းရှည်ကြီးများ ဆင်တူဝတ်ထားကြသည်။
ခေါင်းတုံး ပြောင်အောင် ရိတ်ထားကြသည်။ သွေးမရှိသလို ဖြူဖပ်ဖြူရော် ရုပ်ရည် သဏ္ဍာန်ချည်းသာ ဖြစ်ကြ သည်။
ခပ်မို့မို့ မျက်ခွံနှင့် ကြောင်တက်တက် မျက်လုံးများကား တူညီလှ၏။
တစ်မိ တစ်ဘ၀တည်းမှ ပေါက်ဖွားသော ညီရင်း အစ်ကိုများပေလောဟု ကျွန်ုပ် တွေးမိပါ၏။

သူတို့သည် တည်ငြိမ် အေးဆေးသော ခြေလှမ်းများဖြင့် လျှောက်လာခ့ရာ ကျွန်ုပ်ထိုင်နေရာ တဲအိမ်ငယ် ရှေ့သို့ပင် ရောက်လာလေပြီ။
ကျွန်ုပ်သည် အသက်သခင် ကျေးဇူးရှင်များအား ညွှတ်ပျောင်းရိုသေသော စိတ်စေတနာဖြင့် ထိုင်ရာမှထကာ အဘိုးကြီးနှစ်ယောက်ရှိရာသို့ သွားရောက်ပြီး ကျုံ့ကျုံ့ယုံ့ယုံ့ ရပ်လိုက်သည်။ လက်နှစ်ဖက်ကို လက်အုပ်ချီ လိုက်ပါ၏။

တဲရှေ့ဝယ် ကျွန်ုပ်၏ အပြုအမူကို ရပ်ကြည့်နေသာ အဘိုးကြီးနှစ်ယောက်၏ ဖြူရော် တည်ငြိမ်သော မျက်နှာကြီး များတွင် နှစ်သိမ့်ဝမ်းမြောက် ကျေနပ်သော အမူအရာ ထင်ရှားစွာ ပေါ်လာသည်ကို ကျွန်ုပ် ကောင်းစွာ သိလိုက်ပါသည်။

ထို့နောက် အဘိုးကြီးနှစ်ယောက်သည် တဲငယ်ပေးသို့ တက်ပြီး ထိုင်လိုက်၏။
ကျွန်ုပ်သည် အဘိုးကြီးနှစ်ယောက်၏ရှေ့တွင် ရိုသေစွာ ထိုင်လိုက်ပါသည်။ သူငယ်လေး နှစ်ယောက်ကား တဲရှေ့ တွင် ရပ်မြဲရပ်လျက် ...
အဘိုးကြီးနှစ်ယောက်ကား ကျွန်ုပ်အား အတန်ကြာ စေ့စေ့ ကြည့်နေပြီးမှ တစ်ယောက်က ရပ်နေကြသော သူငယ်လေးနှစ်ယောက်အား လက်ပြလိုက်၏။
သစ်သားလင်ပန်းကို ရွက်ထားသောသူငယ်သည် သူရွက်လာသော လင်ပန်းကို ကျွန်ုပ်၏ ရှေ့မှာ ချပေး သည်။ တစ်ယောက်သော သူငယ်က တဲရှေ့ရှိ ရေအပြည့်နှင့် ၀ါးကျည်တောက်ကြီးကို ယူလာပေးသည်။

သစ်သား လင်ပန်းထဲတွင်ကား စားသောက်စရာများ တစ်ပုံစီ ပုံထားသည်။
အရွက်အသီးများကို ပြုတ်ထားသော အပုံတစ်ပုံ၊ ထမင်းတစ်ပုံ၊ ငှက်ပျောသီးကြီး သုံးလုံးနှင့် ဆားတစ်ပုံသာ ပါ၏။ သားငါး အမဲဟင်းလျာဟူ၍ လုံးဝမပါပေ။
ကျွန်ုပ်အား စားသောက်စေလိုသော အမူအရာကို အဘိုးကြီးများက ပြကြ၏။
အဖျားပျောက်ကင်းပြီဖြစ်၍ နာလန်ထစလူလို ဖြစ်နေသော ကျွန်ုပ်သည် ဆာလောင်လှပြီဖြစ်၍ ကြာရှည်မဆိုင်းဘဲ စားလိုက်သည်။

လင်ပန်းထဲတွင်ရှိသည့် စားစရာများအနက် ဆားအနည်းငယ်သာ ကြွင်းကျန်လေတော့၏။
သူတို့ ကျွေးမွေးသည့် အစားအစာကို ယခုလို နှစ်ခြိုက်မြိန်ရှက်စွာ စားသည်ကို တွေ့ရသော အဘိုးကြီးနှစ် ယောက်မှာ များစွာ ကျေနပ်ဟန်ပေါ်နေသည်။
ထို့နောက် တစ်စုံတစ်ရာမှ မပြောတော့ဘဲ ကျွန်ုပ်အား ရေယူပေးသော သူငယ်ကို ထားခဲ့ပြီး အားလုံး ပြန် သွားကြလေသည်။
အစဦးသော် သူငယ်လေးသည် ကျွန်ုပ်အနားမှ မခွာဘဲ အမြဲတစေ နေနေသည်ကို ကျွန်ုပ် နားမလည်မိပေ။

ထို့နောက်မှ ကျွန်ုပ် အလိုရှိသည့် အကူအညီကို ပေးရန်၊ တစ်နည်းအားဖြင့် ကျွန်ုပအား စောင့်ကြည့်နေရန် ထားကြောင်း သဘောပေါက်လာရပေသည်။
ကျွန်ုပ်သည် ခြံစည်းရိုးမှ ၀ါးကိုင်းကလေးများကို ချိုးယူကာ နေတစ်ကြိမ်ထွက်တိုင်း ၀ါးတုတ်ကလေး တစ်ချောင်းကို ထရံမှာ ထိုးကာ အမှတ်အသားပြုလာခဲ့သည်။
ကျွန်ုပ်အား နေ့စဉ် ကျွေးမွေးသော အစာ အာဟာရမှာ ဟင်းသီး ဟင်းရွက်၊ သစ်သီး၊ ထမင်းဖြူနှင့် ဆား၊ သက်သက်လွတ် အစားအစာများသာ ဖြစ်ပေသည်။
ကျွန်ုပ် အပါးတွင် အမြဲတစေ ရှိနေသော သူငယ်လေးနှင့် လက်ပွန်းတတီး နေရသောအခါ သူတို့၏ ဘာသာ စကား ကို ထမင်းစား၊ ရေသောက်မျှ နားလည်လာရသည်။

ကျွန်ုပ်သည် သူငယ်လေးနှင့် စိတ်သဘော ညီညွတ်အောင် လိုက်လျော၍ သူတို့ ဘာသာစကားကို ကြိုးစား သင်ယူလာခဲ့ရာ ကျွန်ုပ်၏ ၀ါးတုတ်ငယ်လေးများဖြင့် အမှတ်အသား ပြုချက်အရ ရက်ပေါင်း ခုနစ်ဆယ်ကျော်မျှ အကြာမှာ သူငယ်လေးနှင့် သူတို့ဘာသာအတိုင်း ကောင်းမွန်စွာ နားလည်ပြောဆိုနိုင် သောအခြေအနေသို့ ရောက်လာခဲ့သည်။
ကျွန်ုပ်သည် ဤဥယျာဉ်ထဲမှ ထွက်ခွင့်ကိုကား လုံးဝ မရချေ။
ဥယျာဉ်တံခါးဝတွင် ဒူးလေးကိုင် အစောင့် နှစ်ယောက်သည် အမြဲတစေ စောင့်ကြပ်လျက်ရှိ၏။
မည်သည့်လ၊ မည်သည့်နေ့၊ မည်သည့်ရာသီဥတု ဟူ၍လည်း ကျွန်ုပ်မသိတော့ချေ။

ဆက်ရန်
.

No comments: