Thursday, June 2, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၁ဝ)

အခန်း (၁၀)

သောကြာနေ့ မနက်ခင်းတစ်ခု။
အပတ်စဉ် ပြန်လည်သုံးသပ်မှု စာစီစာကုံး ရေးကြသည်။ ကျွန်တော် အသာထိုင်ပြီး စောင့်ကြည့်နေ၏။ နောက်ဆုံး အဖြစ်အပျက် တွေကို သူတို့ ဘယ်လို ရေးကြမည်လဲ။
စ ဖြေလို့ မကြာခင်မှာ ဂျက်ဆင်က လှမ်းမေးသည်။

" ဆရာ့နာမည် ဘယ်လိုပေါင်းပါသလဲ ဆရာ "
ကျွန်တော် ထပြီး သင်ပုန်းတွင် ရေးပြလိုက်သည်။ သည်နောက် ဘာသံမှ မကြားတော့ဘဲ ခေါင်းငုံ့ပြီး ကုန်း ရေးနေကြသည်။ ရံဖန်ရံခါသာ စာအုပ်လှန်သံ၊ ခဲတံ လွတ်ကျသံများ ကြားရ၏။
နေ့လယ်စာ စားချိန်တွင် သူတို့ လေ့ကျင့်ခန်း စာအုပ်တွေကို ကျွန်တော် ထိုင်ဖတ်သည်။ ဆရာကြီး ပြော သည် အတိုင်းပင် သူတို့ကလေးတွေမှာ အလွန် အပြစ်ကင်းစင်ပြီး မျှမျှတတ ရှိကြပါပေသည်ဟု ကျွန်တော် ကောက်ချက် ချမိ၏။ တစ်ယောက်နှင့်တစ်ယောက် တရိုတသေလုပ်ပြီး ခေါ်ပြောနေရသည့် ကိစ္စကို သူတို့ အားလုံး လိုလို ဝေဖန်ကြသည်။ သို့သော် အတန်းထဲတွင် မဖွယ်မရာ ဖြစ်ခဲ့သည့် ကိစ္စများကို ဘယ်သူမှ ထုတ်ဖော် မရေးကြပါ။

ယောက်ကျားလေး တော်တော်များများ က ပျံတံတံ နန့်တန့်တန့် ကောင်မလေးတွေကို "မစ္စ" တပ် ခေါ်ရသည် ကို မကျေနပ်ကြ။ ကျောင်းပြန်ရောက်ရင် သူတို့ ခေါ်နေကျအတိုင်း ခေါ်ရမည်ဖြစ်ကြောင်း ရေးကြ၏။
ကျောင်းသူတချို့ က သူတို့ မိန်းကလေးကိစ္စများကို ဆရာမ ဒေးလ်အီဗန်မှ တစ်ဆင့် ပညာပေးစေခြင်းကို မကြိုက်ကြ။ သောကြာနေ့တိုင်း ရေချိုးသဖြင့် သူတို့ကိုယ် သူတို့ သန့်ရှင်းသည်ဟု ထင်နေကြသည်။ သို့သော် တစ်ခုတော့ ရှင်းရှင်းကြီးပေါ်လာသည်။ သူတို့အား အရွယ်ရောက်သူတွေကို ဆက်ဆံသလို ဆက်ဆံခြင်း အတွက် တော့ အားလုံး သဘောကျကြ၏။

ဖာမင်က ကျွန်တော့်ကို ဝေဖန်ရာတွင် -
" ဆရာ က သူပြောသမျှ စကားလုံးတိုင်း ကျွန်တော်တို့ နားလည်မည်ထင်သည်။ ထို့ကြောင့် ကျွန်တော်တို့ ကလည်း နားလည်ချင်ယောင် ဆောင်နေကြရသည်။"
ကျွန်တော် ပြုံးမိသည်။ တကယ့် ခံစားချက်များ ဖြစ်၏။ သူတို့၏ သောကြာနေ့ လေ့ကျင့်ခန်းစာအုပ်တွေကို ကျွန်တော် အိမ်သယ်သွားသည်။ အဖေနှင့်အမေ၏ ဝေဖန်ချက်ကို ကျွန်တော် ကြားချင်သေးသည်။

ညစာစားပြီး ကျွန်တော်တို့ စကားထိုင်ပြောကြသည်။ အခြေအနေ တိုးတက်လာသည့်အတွက် သူတို့ ၀မ်းသာနေကြ၏။ သို့သော် သတိရှိဖို့ အဖေက ဆုံးမစကား ဆိုသည်။
" ကျောင်းအလုပ် တွေ အိမ်ကို ယူပြန်တဲ့အကျင့် မလုပ်နဲ့ ရစ်ကီ၊ ဒါဟာ အလုပ် မနိုင်မနင်းဖြစ်တဲ့ သဘောကို ပြတယ်။ ကျောင်းချိန်မှာရော၊ အိမ်မှာရော ကျောင်းအလုပ်ချည်း လုပ်နေရရင် မဟုတ်သေးဘူး၊ ကျောင်းဆရာ အလုပ်ဟာ ဘဏ်စာရင်းဖွင့်ထားသလိုပဲ၊ အမြဲတမ်း ထုတ်သုံးနေရင် ကုန်သွားမှာပေါ့၊ ထပ် လည်း သွင်းနေရမယ်။

" အဖေ ပြောတဲ့အပိုင်းက လူမှု့ရေးတွေ ပါလာပြီဗျ၊ ကျွန်တော့်အတွက် နေရာမရှိဘူးလေ"
" အဲဒီလို မပြောပါနဲ့ ရစ်ကီရယ်၊ ဘာပြုလို့ အားငယ်ရမှာလဲ၊ မင်းမှာ အလုပ်နဲ့အကိုင်နဲ့ ဖြစ်လာပြီပဲ၊ တစ်ခု တော့ ရှိတယ်။ မင်း လူတောတိုးရမယ်။ ဒီနိုင်ငံမှာ အသားရောင် မခွဲခြားဘဲ လူစိတ်ရှိတဲ့ လူတွေအများကြီး ရှိတယ် ဆိုတာ မင်း တွေ့လာလိမ့်မယ်"

" ကျွန်တော့်အဖို့ ဘယ်သူမှ မလိုတော့ပါဘူး အဖေရယ်၊ ကျွန်တော့်မှာ အဖေရယ်၊ အမေရယ် ရှိနေပြီပဲ"
" သားက အဲဒီလို ပြောဖော်ရတာ အဖေတို့ ၀မ်းသာပါတယ်ကွယ်၊ ဒါပေမဲ့ အဖေနဲ့ အမေတို့က သင်္ချိုင်း ကုန်းကို ခြေတစ်ဖက် လှမ်းနေပြီလေ၊ ဒီတော့ သားအနေနဲ့ ရွယ်တူတန်းတူ အပေါင်းအသင်းတွေ ရှိဖို့ လို လာပြီ။ ဖြစ်နိုင်ရင် မင်းအရွယ်ဟာ အတွဲရှိဖို့ ကောင်းတဲ့ အရွယ်ရောက်နေပြီရစ်ကီ၊ မဟုတ်ဘူးလား ဂျက်စ်ရယ်"
အမေ က ကျွန်တော့်ကို ကြည့်ပြီး ပြုံးသည်။

" အို ... သူ့ဘာသာသူ နေပါစေ၊ အချိန်တွေ အများကြီးရှိသေးတဲ့ဟာကို "
ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက် တခြားအကြောင်းတွေ ဆက်ပြောကြသည်။ သို့သော် ဒီည အဖေ ပြောသည့် အချက်ကို ကျွန်တော် အလေးအနက်ထား ခံယူလိုက်သည်။ ကျောင်းအလုပ်တွေကို ဘယ် တော့မှ အိမ်သယ်မလာတော့။ ကျောင်းမှာ ပြီးအောင် လုပ်သည်။ ပိုအကျိုးရှိလာသည်ကို တွေ့ရ၏။ သူတို့အမှားများကို ပူပူနွေးနွေး ထောက်ပြနိုင်သဖြင့် ပိုပြီး မှတ်မိကြသည်။ စိတ်ထဲ စွဲသည်။

တစ်နေ့ထက် တစ်နေ့ ကလေးများနှင့် ကျွန်တော်၏ ဆက်ဆံရေးမှာ တိုးတက်လာခဲ့၏။ ပထမတွင် မိန်းကလေး တွေကို မစ္စတပ်ပြီး ခေါ်ရသည့်အတွက် သူတို့ မျက်နှာတွေ ရှက်ကိုးရှက်ကန်း ဖြစ်နေကြသည်။ သို့သော် မကြာခင် ကျင့်သားရသွားသည်။ အားရစရာကောင်းသည့် အကျိုးသတ်ရောက်မှုပါပေ။ အနေအထိုင်၊ အပြောအဆိုနှင့် ၀တ်စားဆင်ယင်မှုပါ သူတို့ ဂရုစိုက်လာကြသည်။ ပေါက်လွှတ်ပဲစား အမူအကျင့် တွေ တဖြည်းဖြည်း နည်းလာသည်။

သူတို့ကို ကျွန်တော် စာသင်ပုံမှာ စာသင်နေသည်နှင့်မတူဘဲ သူတို့ခေါင်းထဲကို ကျွန်တော် တတ်သမျှ၊ မှတ်သမျှတွေ အတင်းရိုက်သွင်းနေသလို ဖြစ်နေ၏။ ရံဖန်ရံခါ နားချိန် ခေါင်းလောင်းထိုးသွားသည်ကို မသိ လိုက်။ နေ့လယ်စာနှင့် ကျောင်းဆင်း ခေါင်းလောင်းထိုးသံကို မကြားလိုက်ဘဲ ကျွန်တော်တို့ အကြောင်းအရာ တစ်ခု ကို အလေးအနက် ဆွေးနွေးနေတတ်ကြသည်။
သင်ခန်းစာတစ်ခုကို သူတို့ဘာသာ သုံးသပ်စေသည်။ သူတို့အတွေးအခေါ်နှင့် ဆင်ခြင်တုံတရား မြင့်လာဖို့ ကျွန်တော် ဦးတည်သည်။ သို့မှ ပညာရည်အဆင့် မြင့်လာမည်ဟု ကျွန်တော် ယုံကြည်သည်။ အတန်းထဲတွင် တော်တော် ထက်သည့် ကလေးများရှိသည်။ ပါမလာဒဲယား၊ ပေါ်တာ၊ တစ်ဂျက်ဆင်၊ ဆီးလ်တို့ ဖြစ်ပါသည်။ ကျန်ကလေးများလည်း မဆိုးလှပါ။ စာကို စိတ်မ၀င်စားဘဲ ပတ်ဝန်းကျင်လွှမ်းမိုးမှု များနေ၍သာ ထိပ်တန်းကို တက်မလာနိုင်ခြင်းဖြစ်ပါသည်။

သူတို့တစ်တွေ ကျွန်တော့်အကြောင်းကို စိတ်ဝင်စားလာကြသည်။ ကျွန်တော့်အကြောင်းကို မေးကြသည်။ ကျွန်တော့် ဇာတိ၊ ပညာအရည်အချင်း၊ စစ်ကာလ အတွေ့အကြုံစသည် ... စသည်။ တရင်းတနှီး မေးကြခြင်း ဖြစ်၏။
ရာခိုင်နှုန်းပြည့် ကျွန်တော့်ဘက် ပါလာသည်တော့ မဟုတ်သေး ဒင်ဟန်နှင့် နောက်လိုက်တချို့ကတော့ ပေကတ်ကတ် လုပ်နေတုန်း။ ကျွန်တော့်ကို ထိုးနှက်ဖို့ သူတို့ အခွင့်အရေး မရတော့။ သည်တော့ အမူ အရာ အားဖြင့်သာ ဂျစ်ကန်ကန် လုပ်နေသည်။

သို့သော် ဒင်ဟန် နောက်လိုက်အုပ်စုမှာ များများစားစား မဟုတ်၍ ကျွန်တော် တတ်နိုင်သမျှ မသိကျိုးကျွန် ပြုနေခဲ့သည်။ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုသလို သူတို့လည်း မကြာခင် ကျွန်တော့်ဘက် ပါလာလိမ့် မည်ဟု အကောင်းမြင်ဝါဒဖြင့် ကျွန်တော် မျှော်လင့်ခဲ့သည်။ သို့သော် ထင်သလောက် မလွယ်ကြောင်း တွေ့ လာရ၏။
တစ်နေ့ တွင် ပထ၀ီဝင် သင်နေရင်း အ၀တ်အထည် အကြောင်းပါလာသည်။ ရာသီဥတုနှင့် ဒေသအလိုက် ၀တ်စားဆင်ယင်မှု ကို ကျွန်တော်တို့ ဆွေးနွေးကြသည်။

အအေးပိုင်းဇုံက အက်စကီးမိုးတွေက တိရစ္ဆာန်အရေကို ၀တ်ကြညပီး၊ ကာရီဘီယံဒေသက လူတွေကျတော့ ချည်ထည်ပါးပါးကိုသာ ၀တ်ကြကြောင်းများကို ရာသီဥတုနှင့် ဆက်နွယ်ပြီး ကျွန်တော် ရှင်းပြနေစဉ် တစ်ဂျက်ဆင် မေးခွန်းတစ်ခု ထ မေးသည်။
" ကျွန်တော် အိမ်က မဂ္ဂဇင်း တစ်အုပ်ထဲမှာ တွေ့တယ် ဆရာ၊ ကပ္ပလီမတွေ ကနေတဲ့ပုံ၊ အပေါ်ပိုင်းက ဘာ မှ ၀တ်မထားဘူး "
သူ စိတ်ဝင်စားသည့် အကြောင်းအရာက ပထ၀ီဝင် ဟုတ်ဟန် မတူပါ။

 " ဟုတ်တယ်လေ။ အပူပိုင်းဇုံမှာ နေတဲ့ လူတွေဟာ အ၀တ်ဗလာနေတာ များတယ်။ လူရိုင်းတွေဆိုရင် ဆေးခြယ်တာလောက် နဲ့ ကျေနပ်ကြတယ် "
" ရှေးခေတ် ဗြိတိသျှလူမျိုးတွေလည်း အဲဒီလိုပဲ မဟုတ်လား ဆရာ"
" ဟုတ်တယ် မစ္စဒဲယား၊ ဒါပေမဲ့ မင်းတို့ မှတ်ထားရမှာက အဲဒီလို ဆေးခြယ်တာဟာ ခြယ်မှုန်းမှု တစ်မျိုးပဲ၊ ရာသီဥတုဒဏ် ကို ခံနိုင်အောင် လုပ်ကြတာတော့ မဟုတ်ဘူး၊ တချိုကလူရိုင်းတွေရဲ့ အယူက သူတို့ ကိုယ်မှာ ကြောက်စရာ အရောင်တွေ၊ အရုပ်တွေ ရေးခြယ်လိုက်ရင် မကောင်းဆိုးရွားတွေ အနားမကပ်ရဲဘူး လို့ ယုံကြည်ကြတယ်။ အဲဒီအလေ့အထဟာ အာဖရိကတိုက်နဲ့ မြောက်အမေရိကတိုက်က လူရိုင်းတွေဆီမှာ ခေတ်စားတယ် "

" သူတို့ ချမ်းမှာပဲနော် ဆရာ
" ဘယ်သူ့ကို ပြောတာလဲ မစ္စဘင်ဂျမင် "
"ခုတင်က ဆရာ ပြောတဲ့ ရှေးခေတ် ဗြိတိသျှ လူမျိုးတွေကို ပြောတာပါ ဆရာ "
" မချမ်းပါဘူး၊ သူတို့က ဂူထဲမှာ နေကြတာပဲ၊ ပြီးတော့ တိရိစ္ဆာန် သားမွေးရေတွေကို သူတို့ ချုပ်ဝတ်တတ် ကြတယ်လေ "
" အဲဒီခေတ် လူရိုင်းမိန်းမတွေ သားမွေးရှည် အင်္ကျီနဲ့ဆို သိပ်ကြည့်ကောင်းမှာပဲ "

အတန်းထဲတွင် ဟာသလုပ်စရာရှိလျှင် ဘယ်တော့မှ အလွတ်မခံသော ဒင်ဟန် ၀င်နှောင့်သည်။ တစ်တန်း လုံး ရယ်ကြသည်။ ရယ်စရာမြင်ကွင်းကို မြင်အောင် ကြည့်မိပြီး ကျွန်တော်ပါ လိုက်ရယ်မိပါသည်။
" အင်္ကျီရယ်လို့တော့ သူတို့ ပုံကျပန်းကျ မချုပ်တတ်သေးဘူး။ ဒီတိုင်း ဖြတ်တောက်ပြီး စွပ်ထားကြတာ။ အဲဒီ ခေတ်ကစပြီး ဒီနေ့ထိ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပြီးမှ တို့ ခုဝတ်နေတဲ့ အ၀တ်အစားပုံစံတွေ ဖြစ်လာတာပဲ။ အဲဒီလို ၀တ်စားဆင်ယင်မှု အဆင့်ဆင့် ပြောင်းလဲလာပုံကို ၀ိတိုရိယ ပြတိုက်နဲ့ အဲလ်ဘတ် ပြ တိုက်မှာ ပြထားတယ်လေ။ စိတ်ဝင်စားတဲ့သူတွေ သွားကြည့်ဖို့ ဆရာ တိုက်တွန်းတယ် " " ကျွန်မတို့ကို ဆရာ လိုက်ပို့ပေးပါလား ဟင် "

မျက်နှာတွင် မှဲ့ခြောက်ကလေး သက်သက်နှင့် ဘာဘရာပက်က တောင်းဆိုသည်။ သူ့မျက်ဝန်းများက ကခုန်လျက်။ ကျွန်တော့်ကို မျှော်လင့်တကြီး ကြည့်နေသည်။ သည်တစ်ပြုံထောင်လုံးခေါ်ပြီး လေ့လာရေး ခရီး ထွက်ဖို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါ။ သို့သော် ကျွန်တော် လွှတ်ခနဲ အဖြေ ပေးလိုက်မိ သည်။
" မင်းတို့အားလုံး စိတ်ဝင်စားတယ် ဆိုရင်တော့ ဆရာကြီးနဲ့ တိုင်ပင်ကြည့်မယ်လေ"
" စိတ်ဝင်စားတယ် ဆရာ၊ စိတ်ဝင်စားတယ်" ဟု ၀ိုင်းပြောကြသည်။

ထိုစဉ် နောက်ပိုင်းက တီးတိုးတီးတိုး လုပ်သံ၊ ကျိတ်ရယ်သံတွေ ထွက်လာသည်။ ဒင်ဟန်နှင့် ဆာပီယာနိုတို့ လူသိုက်ပင်။ တစ်ဝက်ဖွင့်ထားသည့် ဒင်ဟန်၏ စားပွဲထဲတွင် တစ်စုံတစ်ခုကို သူတို့ သဘောကျနေကြခြင်း ဖြစ်၏။
ကျွန်တော် နောက်တန်းသို့ လျှောက်သွားသည်။ စားပွဲကို ဆွဲဖွင့်လိုက်သည်။ မဂ္ဂဇင်းတစ်စောင်မှ ဆုတ်ယူ လာသည့် ပုံတစ်ပုံ။ မပေါ့်တပေါ် ၀တ်ထားသည့် အမျိုးသမီး။ ပုံပေါ်တွင် ဒင်ဟန်က ခဲတံဖြင့် လိုက်ပြီး လက်စွမ်းပြနေခြင်းဖြစ်၏။

ပုံကို ကျွန်တော် ဆတ်ခနဲ ဆွဲယူပြီး စားပွဲကို ပြန်ပိတ်လိုက်သည်။ ဒင်ဟန် က ကုလားထိုင် နောက်တန်းကို မှီပြီး ကျွန်တော့်ကို မထီလေးစား ပြုံးကြည့်နေသည်။ တမင် ကျွန်တော် တွေ့သွားအောင် လုပ်ဖို့ ရည်ရွယ်ချက် ရှိဟန်တူပါသည်။ ဘာမှမပြောဘဲ ပုံကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ကျွန်တော် ဆွဲဆုတ် ပစ်လိုက်၏။ စက္ကူစများကို အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်ပြီး ကျွန်တော် လှည့်ထွက်လာခဲ့သည်။
" မအေ ... ငမည်းကောင် " သူ့ဆဲသံကို ကျွန်တော် သေသေချာချာ ကြားလိုက်ပါသည်။ သို့သော် မကြားယောင်ပြုပြီး စာ ဆက်သင် သည်။

ဒင်ဟန်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်နေသည့် မြွေဟောက်တစ်ကောင်လို ဖြစ်နေ၏။ သူဖြစ်ချင် သည့် ရန်ပွဲကို မဖြစ်လိုက်ရ၍ မခံချိ မခံသာ ဖြစ်နေပုံလည်းရ၏။
ရုပ်ပုံကို ကျွန်တော် ဆွဲဆုတ်နေစဉ် အခြား ကျောင်းသူကျောင်းသားများက စိုးရိမ်တကြီး ကြည့်နေကြ၏။ ဒင်ဟန် ၏ ဂုဏ်သတင်းကို သူတို့ အားလုံး သိထားကြသည် မဟုတ်လား။ သူတို့၏ မျက်နှာများကို ကြည့်ပြီး အခြေအနေမှာ သည်တွင် ပြီးဦးမည် မဟုတ်ဟု ကျွန်တော် သဘောပေါက်လိုက်သည်။
ကျွန်တော့်အထင် မမှားကြောင်း မကြာခင် တွေ့ရပါတော့သည်။
--------------------------------------
ဆက်ရန်
.

1 comment:

စံပယ်ချို said...

စိတ်ဝင်စားစရာကောင်းနေပါပြီ
ဆက်ဖတ်ဖြစ်နေတဲ့...