Thursday, June 2, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၂၆)

အခန်း (၃၃)
အိုဝင်

အိုဝင်ကာဆယ်သည် အများ၏ အမြင်တွင် ဟဲမင်းဝေး ၏ ဇာတ်လိုက်တစ်ဦးဖြစ်သည်။
ဥပဓိရုပ်ကောင်းခြင်း၊ သေသေသပ်သပ် ၀တ်စားဆင်ယင်တတ်ခြင်းတို့ကြောင့် သူ့ကို ကျားမ မရွေး ခင်ကြ မင်ကြ၏။ အမျိုးသမီးများက ပိုခင်ကြသည်။ အိမ်ထောင် ၂ ခါ ကျပြီး ချစ်သူဝိုင်းဝိုင်းလည်နေခြင်းက သက် သေပြနေသည်။

အိုဝင်ကာဆယ်သည် ၁၉၃၁ ခုနှစ်တွင် မွေးဖွားပြီး စင်စင်နာတီ လခစားရပ်ကွက်တွင် ကြီးပြင်း ခဲ့သူ ဖြစ်သည်။ အဖေက မှုခင်းသတင်းထောက်၊ အမေက ရိုးရိုးအိမ်ရှင်မ။ မွေးချင်းထဲတွင် ယောက်ျားကလေး တစ်ယောက်တည်း ပါ၍ ညိမ ၂ ယောက်နှင့် မိဘများက သူ့ကို ဖူးဖူးမှုတ်ထားကြ၏။
ဤသို့ဖြင့် အိုဝင်သည် ငယ်ငယ်ကတည်းက သူများတကာထက် ခေါင်းတစ်လုံး ပိုမြင့်သလို ဖြစ်ခဲ့သည်။

" မှတ်မိတဲ့အရွယ်ကစပြီး ကျုပ်က၊ ကြီးကြီးကျယ်ကျယ်တွေပဲ မျှော်မှန်းခဲ့တာ " ဟု အိုဝင်က ပြောလေ့ရှိ သည်။
အိုဝင်ကာဆယ် သည် ငယ်ငယ်ကပင် အလုပ်တစ်ခုကို စူးစူးစိုက်စိုက် လုပ်တတ်သည်။ ဇွဲနပဲကြီးသည်။ စည်း ကမ်း သေ၀ပ်သည်။ ထို့ကြောင့် ကျောင်းတွင် စာတော်သည့် ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ အထူး သဖြင့် အင်္ဂလိပ်စာတွင် အမှတ်အများဆုံး ရတတ်သည်။ အားကစားတွင်လည်း ထိပ်ဆုံးက မဟုတ်တောင် ရှေ့တန်း က ချည်း ပါခဲ့သည်။
လေ့ကျင့်ချိန်များတွင် ပင်ပန်းတကြီး ကွင်းဆင်းကစားသည်။ ထို့ကြောင့် အထက်တန်းကျောင်းသားဘ၀တွင် ကျောင်း လက်ရွေးစင်ဖြစ်ခဲ့သည်။

ကျောင်းချိန်ပြီးလျှင် အဖေ ကျက်စားသည့် ရဲစခန်းတစ်ဝိုက်တွင် မှုခင်းသတင်းများကို လေ့လာသည်။ ရဲတို့၏ သဘောသဘာဝနှင့် အသုံးအနှုန်း ဝေါဟာရများကို မှတ်သားသည်။
ဆယ့်နှစ်နှစ်သား အရွယ်တွင် အိုဝင် ပထမဆုံး ဘီယာ စသောက်ဖူးသည်။ သူသောက်ပုံကို ကြည့်ပြီး အဖေ့ အပေါင်းအသင်း ရဲဘော်တွေက သဘောကျပြီး ကောင်းချီးပေးကြသည်။
" အင်း မင်းသား ဘီယာခွက် ကိုင်ပုံ ကြည့်ရတာ၊ တစ်ပတ်အတွင်း မင်းကို ကျော်တက်လိမ့်မယ် ထင်တယ် "
ဟု တစ်ယောက်က အိုဝင့် အဖေကို နောက်သည်။

ဗစ်တာကာဆယ်သည် အရက်ကို အချိန်အဆဖြင့် သောက်တတ်သူ။ သတင်းရေးကောင်းသူအဖြစ် ရဲမှုခင်း သတင်း လောကတွင် ထင်ရှားသူဖြစ်သည်။ အဖေ့ကို စံထားသည့် အိုဝင်သည် အဖေ့ သူငယ်ချင်း ကျီစယ် သည့် ဟာသကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ စွဲစွဲနစ်နစ် မှတ်သားထားသည်။

ဆယ့်လေးနှစ်သားအရွယ်တွင် ကျောင်းမှာ အချိန်ပိုင်းအလုပ် ၀င်လုပ်ပြီး နွေရာသီတွင် အဖေ့ သတင်း စာတိုက် တွင် ၀င်ကူသည်။ မိတ္တူကူး စာရေးအဆင့် မှ စာပြင် အဆင့်ကို ရက်အနည်းငယ်အတွင်း ဖြတ်သန်းခဲ့၏။

ထိုမှတစ်ဆင့် အလုပ်သင် သတင်းထောက်ဖြစ်လာခဲ့သည်။ ဆယ့်ငါးနှစ်သား အရွယ်တွင် သူ့သတင်း ဆောင်းပါး ပုံနှိပ်ခံရသည်။ မျက်နှာဖုံး သတင်းရေးတော့ အိုဝင် ဆယ့်ခြောက်နှစ် ပြည့်ရုံ ရှိသေး သည်။
ကားရှုပ်ချိန် တစ်ညနေ သတင်းစာတိုက်သို့ အသွားတွင် အိုဝင် သတင်းတစ်ပုဒ်နှင့် တိုးသည်။ မီးနီကို ဖြတ် မောင်းလာသော ဖို့ဒ်ကားတစ်စီးက ဘတ်စ်ကားကို တည့်တည့် ၀င်တိုက်သည်။ ဘတ်စ်ကား ဒရိုင်ဘာ ပွဲချင်းပြီး သေသည်။ ခရီးသည် ခုနစ်ယောက် ဒဏ်ရာရသည်။

အိုဝင် က နီးရာ တယ်လီဖုန်းရုံကလေးထဲပြေးပြီး တိုက်ကို ဖုန်းဖြင့် သတင်းပို့သည်။ သူ့အဖေ လုပ်နေကျ အလုပ်မျိုး။ သတင်းစာတိုက်က အိုဝင် ကို သတင်းထောက်အလုပ်လည်း ပေးသည်။ ကျောင်းဆက်တက်ဖို့ ပညာသင် စရိတ်လည်း ထောက်ပေးသည်။ အိုဝင်က ကျောင်းဆက်တက်ဖို့ကို ငြင်းပြီး သတင်းစာတိုက်တွင် အလုပ် ၀င်လုပ်သည်။
အိုဝင်က စာနယ်ဇင်းလောကထဲကို ချက်ချင်း ထိုးဖောက်ချင်နေပြီ။ မဆီမဆိုင် ဘာသာရပ်တွေ တွဲ သင် ရမည့် တက္ကသိုလ်တွင် လေးနှစ်အချိန်မဖြုန်းနိုင်တော့။

၁၉၅၁ ခုနှစ်တွင် ကိုးရီးယားစစ်မြေပြင်မှ အိုဝင် ထွက်ခွင့်ရသည်။ စစ်ဟု ပြောဖို့ ခက်သည့် စစ်ပွဲ။ သည်စစ် ပွဲကို သဘောတရားရေးရာ ကွဲလွဲမှုဟု သမုတ်ကြသည်။ ကုလသမဂ္ဂကြီးကတော့ ၀င်ထိန်းပေးရတာပါဟု ဆိုသည်။

၁၉၅၁ ခုနှစ်တွင် ပန်မွန်ဂျွန်၌ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဖြစ်သော်လည်း " ၀က်စင်းကော " တောင် ကုန်းနှင့် ရင်ကွဲတောင်တန်း သတင်းထောက်ပေါက်စ ဘ၀ဖြင့် အိုဝင်သည် သတင်းယူရသည်။ သတင်းပို့ရ သည်။ ဌာနချုပ်နှင့် ဆက်သွယ်ရသည်။ ကိုးရီးယား စစ်မြေပြင်တွင် အိုဝင် တွေ့ရ မြင်ရသည့် အရာတို့သည် အလွန် တိကျသော မိရိုးဖလာ သတင်းစာ ဆောင်ပုဒ်ဖြစ်သည့် "ဘ" ငါးလုံး ဘောင်တွင် မ၀င်ကြပေ။ ဘယ် သူလဲ၊ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲဟူသည့် "ဘ" ငါးလုံး။

သည်သင်ရိုးတွေကို အိုဝင့် ခေါင်းထဲတွင် ခေါက်သိမ်းထားရ၏။ ဂျိန်းဂရက်ခ်ျ ဆိုသည့် မိန်းကလေးနှင့် တွေ့သည့် အချိန်အထိ ခေါက်ထားရခြင်းဖြစ်သည်။ ယခုတော့ " ဘ" ငါးလုံးကို သုံးရတော့သည်။

ကိုးရီးယား စစ်မြေပြင်မှ ပြန်ရောက်လာတော့ စင်စင်နာတီသို့ အိုဝင် ပြန်သါားသည်။ မှုခင်း သတင်းစာတိုက် တွင် သူ့အတွက် အလုပ်က အဆင်သင့်။
    " ကျုပ်က အရမ်း တက်ကြွနေချိန်လေ၊ ကမ္ဘာ့ခေါင်မိုးပေါ် တက်ချင်နေပြီလေ" ဟု အိုဝင်က ထုတ် ပြောသည်။
 
အခန်း (၃၄)
အိုဝင်

အသက် နှစ်ဆယ့်တစ်နှစ်အရွယ်တွင် အယ်ဒီတာမ တစ်ဦးဖြစ်သည့် မာဂီ ဟယ်လာနှင့် အိုဝင် လက်ထပ် သည်။ အမျိုးသမီးက သူ့ထက် လေးနှစ်ကြီးသော်လည်း နုသည်။ ခြေမွေးမီးမလောင် လက်မွေး မီး မလောင် ကြီးပြင်းခဲ့သူဖြစ်၍ အိုဝင့် ဘ၀နှင့်တခြားစီ။ မာဂီက ဧည့်ခံပွဲတွေ၊ စေ့စပ်ကြောင်းလမ်းပွဲတွေ၊ မင်္ဂလာပွဲ တွေ နှင့် အလုပ်ရှုပ်နေချိန်တွင် အိုဝင်က မြူနီစီပယ် ဘတ်ဂျက်နှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းပုံသတင်းများ ကို ရေးရင်း မအား မလပ်ဖြစ်နေ၏။

" အင်း ဘ၀၊ ဘ၀ ကွာခြားလွန်းပါလား " ဟု အိုဝင်က မာဂီရှေ့တွင် ညည်းတွားသည်။
မာဂီ့ အဖေက အလွန် ချမ်းသာသည့် ကုန်သည်ကြီး၊ မာဂီကို လက်ထပ်ရသည်မှာ မိုးနဲ့မြေကို ဆွဲစေ့ရသလို ပင်ပန်း လှသည်။ သတင်းစာလောကမှ အယ်ဒီတာမ တစ်ဦးဖြစ်လို့ မိမိနှင့် တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ဖြစ်လိမ့်မည်ဟု အိုဝင် မျှော်လင့်ခဲ့သည်။ အပင်ပန်းခံလိမ့်မည်၊ ထက်ထက်မြက်မြက် ရှိလိမ့်မည် ထင်ခဲ့၏။

သမီးဦး အေမီလီ မွေးတော့ မာဂီ က အလုပ်ထွက်လိုက်ပြီး အချိန်ပြည့် အိမ်ရှင်မလုပ်သည်။ မာဂီ့ ဆုံးဖြတ် ချက်သည် သူတို့ အိမ်ထောင်ရေးကို ဆုံးခန်းတိုင်စေမည့် ဆုံးဖြတ်ချက်မျိုး ဖြစ်လေသည်။ သတင်းလူသား ဖြစ်သည့် အိုဝင်သည် မာဂီ အပေါ် လုံးဝ စိတ်ကုန်သွားလေတော့သည်။ ဤသို့ဖြင့် သမီးကို သူ့အမေအား အုပ်ထိန်းခွင့် ပေးခဲ့ပြီး အိုဝင် ပထမအိမ်ထောင်နှင့် ကွာရှင်းခဲ့သည်။ ထိုစဉ်က သူ့အသက် နှစ်ဆယ့် လေးနှစ် သာရှိသေးသည်။

" ကိုယ်တို့ နှစ်ဦး သဘောတူ ကွာရှင်းခဲ့ကြတာပါ " ဟု အိုဝင်က အပေါင်းအသင်းများအား ရှင်းပြသည်။
မာဂီ ကတော့ " သူနဲ့ ဘယ်လိုမှ အတူဆက်နေလို့ မရတဲ့အတွက် လမ်းခွဲခဲ့ရတာပေါ " ဟုဆိုသည်။
တိုက်တိုက် ဆိုင်ဆိုင် လင်မယား ကွာရှင်းသည့်နေ့တွင်ပင် ချီကာဂိုကာရယ် ထရီဗျွန်း သတင်းစာတိုက်ကြီး တွင် အိုဝင် အလုပ်ရသည်။ စိုင်ကော်၍ ခြုံပေါ်ရောက်သလို အိုဝင် ခံစားလိုက်ရ၏။ စင်စင်နာတီမှ ချီကာဂိုသို့ ပြောင်းခဲ့ရခြင်းသည် အငယ်တန်းမှ အကြီးတန်းတက်ကစားရသည်နှင့်တူ၏။ ဝေဖန်စရာ မြူနီစ ပယ် ဘတ်ဂျက် က ပိုကြီးသည်။ အပုတ်ချစရာတွေကလည်း ပိုများသည်။

ချီကာဂိုသည် ပို၍ စိတ်ဝင်စားစရာတွေ၊ သတင်းတွေ ရေးမကုန်နိုင်သည့် မြို့ကြီးဖြစ်သည်။ လူဆိုးကြီး အယ်လ်ကပုန်၏ နောက်ဆက်တွဲ ဇာတ်လမ်း အငွေ့အသက်များကလည်း အပုံကြီး ကျန်သေးသည်။ မြို့ တော်ဝန် ဒါလေ ၏ ခေတ်တွင် ချီကာဂိုသည် ဖြစ်ချင်တိုင်း ဖြစ်နေသည့် မြို့ကြီးဖြစ်သည်။ သူသဘောတူ လျှင် ဘာမဆို လုပ်လို့ရသည်။
ရဲနှင့် လူဆိုးဂိုဏ်းတို့၏ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဇာတ်လမ်းများကို အိုဝင်က အခန်းဆက်ရေးသည်။ သည်ဆောင်းပါးရှည်ကြီးအတွက် ဆုရသည်။ မိခင်တိုက်ကလည်း ဆုချသည်။ အခြားတိုက်ကြီး သုံးတိုက်က သူ့ကို အလုအယက် လှမ်းခေါ်ကြသည်။

" ကမ္ဘာ့ ခေါင်မိုးပေါ်တက်ဖို့ လှေခါးထစ်တွေ ပေါ့ဗျာ "ဟု အိုဝင်က တင်စားသည်။
အိုဝင်သည် ချီကာဂိုမှ ဆီယက်တယ်သို့ ပြောင်းခဲ့သည်။ ထိုမှတစ်ဆင့် ဘော်လ်တီမို သတင်းစာတိုက်ကြီး တစ်တိုက်တွင် ၀င်သည်။ နောက် ချီကာဂိုကို ပြန်ရောက်လာသည်။ ပြီးတော့ ဒင်ဗာ၊ ဒင်ဗာမှ ဘော်လ်တီမို၊ တိုက်ပေါင်းစုံ တွင် ၀င်လုပ်သည်။
နာမည်ကြီးသတင်းထောက် စာရင်းဝင် ဖြစ်သွားသည့် အိုဝင်သည် " ငှားရန် " ဆိုင်းဘုတ် ချိန်ထားသည့် သေနတ် တစ်လက် လို ဖြစ်လာသည်။

ဘော်လ်တီမိုတွင် ဒုတိယအကြိမ် အိမ်ထောင်ကျသည်။ ဒုတိယ အိမ်ထောင်ကို ဈေးထဲတွင် တွေ့ခြင်းဖြစ်၏။ အိုဝင်က ဘော်လ်တီမိုဈေးအတွင်းတွင် ကန်စိမ်းမော်တော်ယာဉ်များ သပိတ်သတင်းကို ယူရန်အသွား၊ ဈေးဝယ် နေသည့် ထရူဒီစတိ နှင့် စတွေ့သည်။ ထရူဒီက ပန်းဂေါ်ဖီ ၀ယ်နေစဉ်ဖြစ်၏။
" ကြည့်စမ်းပါဦး လှလိုက်တဲ့ ပန်းပွင့်ကြီးတွေ "ဟု အနားတွင် ရပ်လာသည့် အိုဝင်ကို ပြောတော့
" ဟုတ်တယ် မင်းလိုပဲ" ဟု အိုဝင်က ပြန်ပြောလိုက်သည်။

ထရူဒီက ထမင်းဟင်းချက်ရာတွင် အဟုတ်တော်သည့် အမျိုးသမီးဖြစ်သည်။ ချစ်ရေး ချစ်ရာကိစ္စများ မြောင် တွင် လည်း ကျွမ်း၏။ မိမိထက် ၁၅ နှစ်ကြီးပြီး အဘက်ဘက်တွင် လိုက်ဖက်မညီသည့် လင်ယောက်ျားနှင့် ကွာရှင်းပြတ်စဲ ဖို့ လုပ်နေချိန်ဖြစ်၏။
ရုံးတော်မှ ကွာရှင်းခွင့် အမိန့်ကျသည်နေ့တွင်ပင် အိုဝင်နှင့် လက်ထပ်လိုက်သည်။

" ကဲ အမှတ်တရ တစ်ခုလုပ်ကြရအောင် "
မြို့တော်ခန်းမထဲမှ လက်မှတ်ထိုးပြီး ထွက်လာတော့ ထရူဒီက အဆိုပြုသည်။
" ဟာ အကောင်းဆုံးပေါ့၊ မင်္ဂလာအထိမ်းအမှတ်နဲ့ အခန်းပြန် အိပ်မယ်လေ "
အိုဝင်က အားတက်သရော ပြန်ပြော၏။

" ဟာ အိုဝင်ကလည်း ဒီနေ့ လက်ထပ်တဲ့ မင်္ဂလာရက်မြတ်လေ "
ထရူဒီ့ မျက်စိထဲတွင် မြင်နေသည်က စားသောက်ဆိုင် ခမ်းခမ်းနားနားကြီးတွေ၊ လှပသည့် ကပွဲခန်းမ ဆောင်ကြီးတွေ။

အိမ်ထောင်သက် တစ်နှစ်ပြည့်သည့်အချိန်တွင် လင်မယား ကွာရှင်းပြတ်စဲကြလေ၏။
" ကိုယ်တို့ အိမ်ထောင်သက် ဒါလောက် ရှည်သွားတာ တကယ့်ကို အံ့သြစရာပဲ "
အိုဝင်က သူ့ သူငယ်ချင်းများကို ပြောပြခြင်းဖြစ်၏။

" ငါ ကြိုးစားပါတယ်ဟာ၊ ဒါပေမယ့် ဘယ်လိုမှ မအောင်မြင်ဘူးလေ "
ထရူဒီက သူငယ်ချင်းများကို ရင်ဖွင့်သည်။
နောက် ခြောက်ပတ်အကြာတွင် သူ့မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ထရူဒီက အိုဝင့်ကို အကြောင်းကြား သည်။
" အဲဒီတော့ ကိုယ်က ဘာလုပ်ရမှာလဲ "
အိုဝင်က သူ့ဆီ ပြန်လာမှာလားဟု စိုးရိမ်တကြီးဖြစ်ပြီး မေးသည်။

" ဘာမှ လုပ်ဖို့ မလိုပါဘူး၊ ကလေးကို ကျွန်မ မွေးမယ်၊ ကျွန်မပဲ ယူမယ်ဆိုတာ သိထားဖို့ပါ "
" ကိုယ် မပါဘဲ မင်းတစ်ယောက်တည်း မွေးမယ် ဟုတ်လား "
" ဟုတ်တယ်လေ၊ ကိစ္စမရှိပါဘူး၊ ရပါတယ် "
ဒုတိယ သမီးမွေးချိန်တွင် အိုဝင် ချီကာဂိုသို့ ပြန်ရောက်နေပြီ "

ဒင်ဗာတွင် အိုဝင် အလုပ်ဖြုတ်ခံရသည်။ တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးနှင့် နောက်ဆုံး အလုပ်မှ ရပ်စဲ ခံရခြင်း။ ကိုယ့်ကိုယ်ကိုယ် ထိပ်ဆုံးက သတင်းမုဆိုးဟု ယူဆထားသည့် သတင်းထောက်များ၏ အကျင့် အတိုင်း စားပွဲထဲတွင် ပုလင်းတစ်လုံး အမြဲဆောင်ထားသည်။ ဒင်ဗာကိုရီယာ သတင်းစာတိုက်တွင် ခွက်ပုန်း မှာ သူ တစ်ယောက်တည်းတော့ မဟုတ်တန်ရာ။
ကံနိမ့်နေခိုက်မို့ အဖြစ်ဆိုးနှင့် ကြုံရခြင်းမျိုးသာ ဖြစ်မည်ထင်၏။

သန့်ရှင်းရေး အဖွဲ့က ညပိုင်းတွင် စားပွဲတွေ တွန်းဟယ် ရွှေ့ဟယ် လုပ်ပြီး ကြမ်းတိုက်ကြသည်။ တိုက်က အသစ် နီးပါး သစ်လွင်ကောင်းမွန်နေဆဲ။ နောက်ဆုံးပေါ် လျှပ်စစ် ပစ္စည်းများအပြည့် တပ်ဆင်ထား၏။ လေအေးပေးစက်၊ လျှပ်စစ်လက်နှိပ်စက်၊ ရုံး တွင်ပြော၊ ပင်လယ်ရပ်ခြားပြော တယ်လီဖုန်း အမျိုးမျိုး။

ပြင်ပလေ၀င်ရန် ပြတင်းပေါက်များကို ဖွင့်ဖို့ မလို။ အဆောက်အအုံတွင်းရှိ လေကို ပြန်လည် သန့်စင်စက်များ တပ်ဆင်ထားပေးသည်။ သန့်ရှင်းရေးသမားများ၏ လက်ချက်ဖြင့် ကွဲသွားသော အိုဝင့် စားပွဲထဲမှ အရက်နံ့ သည် လေသန့်စက်တွင် ခြောက်ပတ်လုံးလုံး မင်းမူနေပြီး တစ်ရုံးလုံးသို့ ပြန့်လွင့်နေသည်။ သတင်း လောကတွင် အကောင်းဆုံး သတင်းတစ်ပုဒ်အဖြစ် ရေပန်းစားသွား၏။ စီမံခန့်ခွဲ ရေးပိုင်းမှ အိုဝင့်ကို အခြား အလုပ်တစ်ခုရှာဖို့ တိုက်တွန်းရတော့သည်။

ဤသို့ဖြင့် ဘော်စတွန်သို့ ရောက်လာခဲ့လေသည်။ ဇနီးဟောင်း နှစ်ယောက် နှင့် ကလေးနှစ်ယောက် အတွက် စရိတ်ထောက်ရမည်ဖြစ်၍ အလုပ်ကို ကြိုးစားလုပ်ရတော့သည်။ ဟာရယ်လ် သတင်းစာတိုက်မှ ရသည့် လခအပြင်၊ ဆောင်းပါးတွေ၊ ၀တ္ထုတိုတွေပါ ရေးရတော့သည်။ ဘင်နင်တန်ကောလိပ်တွင် တစ်ပတ် တစ်ခါ စာသင်သည့် အလုပ် တစ်ခုလည်း ထပ်ရ၏။ ဤသို့ ၀င်ငွေကလေး မှန်လာသည်နှင့် တစ်ပြိုင်တည်း အနား တွင် မိန်းမချောကလေးများလည်း ၀ိုင်းဝိုင်းလည်လာပြန်သည်။ သည်ကာလပိုင်းတွင် သူနှင့် အယ်လီ မက်ဂရက်ခ်ျ ဆုံစည်းခြင်း ဖြစ်လေသည်။

အခြား အခြားသော အချစ်ဇာတ်လမ်းများစွာဖြင့် မွေ့လျော်နေသည့် အိုဝင်သည် ကျောင်းပိတ်ရက်ရောက် သည်နှင့် အယ်လီ့ကို မေ့မေ့လျော့လျော့ ဖြစ်သွားတော့၏။
၁၉၆၁ ခုနှစ် ဧည့်ခံပွဲတစ်ခုတွင် ပြန်ဆုံပြီး ညစာအတူတူ စားဖြစ်ကြ၊ အတူတူ ပျော်ဖြစ်ကြသည့်တိုင်အောင် အယ်လီ့ အား အိုဝင် အလေးအနက် မထားခဲ့။
သတင်းမဂ္ဂဇင်း တာဝန်က များလွန်းပြီး တစ်ချိန်လုံး ခရီးထွက်နေရသည့်အတွက်လည်း အယ်လီ့ကို အချိန် မပေးနိုင်ခြင်းဖြစ်၏။ နောက်တစ်ကြောင်းမှာ အယ်လီသည် အလွန် ချစ်စရာကောင်းပြီး အလွန်လှသည့် မိန်း ကလေးဖြစ်သော်လည်း အိုဝင့်အတွက် နုနယ်လွန်းနေသည်။ အသက်အရွယ်သာ ငယ်သည်မဟုတ်၊ အတွေ့ အကြုံ ကလည်း နည်းလွန်းနေ၏။

" မင်းဟာ ကိုယ့်အတွက် အရမ်း ငယ်လွန်းနေတယ်၊ ပြီးတော့ သိပ်အပြစ်ကင်းစင်လွန်းနေတယ် "ဟု အိုဝင် က ပြောတော့ အယ်လီက သူ့ကို ချစ်မိပြီဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်သည်။
အိုဝင် အထိတ်တလန့် ဖြစ်သွား၏။ အိမ်ထောင် နှစ်ခါကျခဲ့ပြီးပြီ။ နှစ်ခါ ကွဲခဲ့ပြီးပြီ။ တတိယအကြိမ် မမိုက်ချင် တော့။
အယ်လီဆိုသော မိန်းကလေးအတွက် အိုဝင် တာဝန် မယူနိုင်ပါ။ ၀န်ထုပ်ဝန်ပိုးတစ်ခု နေရာချထားဖို့ သူ့ ဘ၀တွင် နေရာလပ် မရှိသေးပါ။

ဂျိန်းဂရက်ခ်ျက အယ်လီနှင့် ပြောင်းပြန်။ အချစ်အကြောင်း မပြော။ အိမ်ထောင်ရေးကို စိတ်မ၀င်စား။ အိုဝင် နှင့် ဆိုလျှင် အံဝင်ခွင်ကျ။
မှန်ပါသည်။ ဂျိန်းသည် အိုဝင့်အတွက် ကြင်ဖော်ကောင်းတစ်ယောက် ဖြစ်ခဲ့ပါသည်။ သို့သော် ဒါးလက်စ် ခရီးစဉ်ကြောင့် သူတို့ နှစ်ယောက်၏ ဇာတ်လမ်းမှာ အက်ကြောင်း ထင်ခဲ့လေပြီ။

ဆက်ရန်
.

No comments: