Thursday, June 23, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၄၇)

အခန်း(၆၅)
အယ်လီ

"ရှင်နှင့်ကျွန်မ" ကို အယ်လီ ဖတ်သည်။ စူးစူးစိုက်စိုက် ဖတ်ခြင်းဖြစ်၏။ သတင်းထောက်ဘ၀မှ စာရေးဆရာ ဘ၀ ကို ခုန်ကူးခဲ့သည်။ စာရေးစာရာ ဘယ်နှစ်ဦးရှိနိုင်ပါမည်လဲ။ တူလွန်းလှချေလား။ အီဗန် ဂျိန်းလင်ဒါးသည် အိုဝင်ကာဆယ် လား၊ အသေအချာ မပြောနိုင်သော်လည်း ကိုးဆယ့်ငါး ရာခိုင်နှုန်းလောက် အယ့်လီ စိတ်ထဲ တွင် သေချာနေ၏။
ပြစ်ဒဏ်မချမှတ်မီ အချိန်အထိ တရားခံတိုင်းတွင် အပြစ်မရှိ ဟူသည့် အချက်ကို အယ်လီ သတိထား လိုက်သည်။
သူ့ကို သံသယ အကျိုး ခံစားခွင့်ပေးသင့်သည်ဟု အယ်လီ ဆုံးဖြတ်လိုက်၏။

"ဂျိန်းဂရက်ခ်ျဆိုတဲ့ စာရေးဆရာမကို သိလား" အိုဝင့်ကို ဂျိန်းက အမှတ်မထင် မေးကြည့်သည်။
"သုံးဆယ့်နှစ်ကောဌာသ အကြောင်းတွေ ရွှေမြို့တော်မှာ ရေးတဲ့ ပေါတောတော စာရေးဆရာမ မဟုတ်လား၊ တွေ့ဖူး ပါတယ်"
"တွေ့ဖူးတာလား၊ အိပ်ဖူးတာလား"
"အလိုဗျာ ကိုယ် အစစ်ဆေးခံနေတာလား"
ပြီးတော့ အယ်လီ သိချင်သမျှ မေးခွန်းအားလုံး အိုဝင် ဖြေသည်။

"ရှင့်အကြောင်း သူစာအုပ်တစ်အုပ် ရေးထားတယ်၊ ရှင့်သုံးဆယ့်နှစ်ကောဌာသ အကြောင်းလည်းပါတယ်"
"ဟာ မဖြစ်နိုင်တာ"
"အယ်လီ အသေးစိတ် ပြောပြရမလား"

ဥတ္တရကြယ်တွင် အယ်လီသည် အမေ့ ဈေးရောင်းပုံကို အရယူထားသဖြင့် အကောင်းဆုံး အရောင်းသမား ဖြစ်ခဲ့သည်။ ရောင်းရေး ၀ယ်တာတွင် အယ်လီသည် ပါရမီပါသည် ဟု ဆိုရမလောက် ကြိုတင်သိမြင်တတ်သူ ဖြစ်သည်။ အမေက ပန်းချီကားသစ် တစ်ချပ်ရောက် လာလျှင် ဘယ်လိုရောင်းရမည်ကို သိသလို၊ အယ်လီကလည်း စာအုပ်တစ်အုပ် ရောက်လာတိုင်း ဈေးကွက်ကို ဘယ်လို တင်ရမည်ကို တန်းသိသည်။ အမြတ်အစွန်း ကို အနံ့ခံတတ်သည်။ အယ်လီနှင့် လင်ကီသည် တက်ညီလက်ညီဖြင့် အလုပ်တစ်ခုပြီးတစ်ခု ဆက်တိုက် လုပ်ဆောင် အောင်မြင်လျက်ရှိသည်။
ဒစ္စကို အက ခေတ်စားပြီး လူတိုင်း ကချင်လို့ ရွနေချိန်တွင် လင်ကီက "အကသင်နည်း" စာအုပ်တစ်အုပ် ထုတ်လိုက်သည်။ အယ်လီက သည်ကနည်းဖြင့် အကပြိုင်ပွဲ တစ်ခုဖြစ်အောင် စီစဉ်သည်။ တယ်လီဗေးရှင်း တွင် ပါအောင် လုပ်သည်။

အကပြိုင်ပွဲတစ်ခါ လုပ်တိုင်း တစ်ကြိမ် ထပ်ရိုက်ရသဖြင့် လင်ကီက အယ်လီကို ချီးကျူးစကား ဆိုသည်။
"ဘာမှ မဟုတ်တဲ့ စာအုပ်ကို ရောင်းမလောက်အောင် မင်းလုပ်ပေးလိုက်တာပဲ"

ဥတ္တရကြယ်တိုက်တွင် ရေးဖူးသည့် နက္ခတ်တ္တဗေဒ စာရေးဆရာ ရှိခဲ့ဖူးကြောင်း အယ်လီရော၊ လင်ကီပါ သိ ထားသည်။ သူက စိတ်ကုဆရာဝန်။ လင်ကီက သူ့ကို ပြန်စည်းရုံးပြီး ဗေဒင်နှင့် နက္ခတ္တ ဗေဒ ပညာရပ် အကြောင်း စာအုပ်တွေ ရေးခိုင်းသည်။ စာရေးဆရာကို ဟောပြောပွဲတွေ လုပ်ပေးသည်။ စီဘီအက်စ် သတင်းဌာန ကပါ တစ်ပတ်သုံးကြိမ် လွှင့်ပေးသဖြင့် စာအုပ်ဝက်ဝက်ကွဲ ရောင်းစွံပြန်သည်။

ဥတ္တရကြယ်တိုက်မှ အချစ်ဝတ္ထု စာရေးဆရာတစ်ယောက်၊ တစ်ဖက်မှ စာရေးရင်း ဘုန်းကြီးဝတ်သွားသည်။ နှစ်ခြင်း သာသနာ့ဘောင် သို့ဝင်သွားခြင်း ဖြစ်၏။ အမေရိကန် စာနယ်ဇင်းနှစ်ပတ်လည် ပွဲတော်တွင် ဥတ္တရကြယ် မှ ကျင်းပပေးသည့် မင်္ဂလာဆောင် အခမ်းအနား တစ်ခုကို စာရေးဆရာ ဘုန်းတော်ကြီးက ကြီးမှူးပြီး လက်ထပ် ပေးဖို့ အယ်လီက စီစဉ်သည်။ ကံကောင်းသူ သတို့သားက စာအုပ်ဖြန့်သည့် ယာဉ်မောင်း တစ်ယောက် ဖြစ်၏။ သတို့သမီးက ချီကာကို စာအုပ်ဆိုင်မှ အရောင်းစာရေးမကလေး။

မင်္ဂလာပျားရည်ဆမ်း ခရီးစရိတ်ကို လည်း ဥတ္တရကြယ်မှ ကျခံပေးသည်။ စာနယ်ဇင်းများတွင် "သတင်း" ဖြစ်သွား၏။ အချစ်ဝတ္ထုရေးဆရာ (ဘုန်းတော်ကြီး) ၏ ၀တ္ထုလည်း ကြော်ငြာပြီးသား ဖြစ်သွားပြီ၊ ရောင်းကောင်းလိုက်သည်မှာ ပြောဖွယ်ရာမရှိတော့။
"မင်း ရောင်းရင် အကုန်စွံတာပဲ" ဟုလင်ကီက ချီးကျူးတော့
"အင်း ကိုယ့်ကိုယ်ကိုယ်သာ စွံအောင် မရောင်းတတ်တာ" ဟု အယ်လီက ရယ်သွမ်းသွေးပြီး ပြန်ပြောသည်။

"ရှင်နဲ့ကျွန်မ" ဥတ္တရကြယ်မှ ၀ယ်လိုက်ပြီးနောက် အယ်လီနှင့် လင်ကီ တစ်ချီနွှဲကြပြန်ုသည်။ လင်ကီက ဂျိန်း၏ အယ်ဒီတာ၊ အယ်လီက ကြော်ငြာနှင့် အရောင်းတာဝန်ခံ။
"၀တ္ထုက ရယ်ရတယ်၊ ဒါပေမယ့် မင်းဒါထက်ရယ်ရအောင် လုပ်နိုင်သေးတယ်၊ ပြီးတော့ သိပ်ကြေကွဲ စရာ ကောင်းတယ်၊ ဒါထက် ဆွေးအောင် မင်းရေးနိုင်သေးတယ်၊ အချစ်ခန်းတွေမှာလည်း မင်းဒါထက်ပို ရေးလို့ ရတယ်၊ ရေးနေရင်း မင်းကို တစ်ခုခုက ဟန့်တားနေသလို ဖြစ်နေတယ် မဟုတ်လား"

ဂျိန်းနှင့် လင်ကီတို့ နေ့လယ်စာစားရင်း ဆွေးနွေးကြသည်။ သုံးနာရီကြာသွား၏။ လင်ကီ ဝေဖန်ပုံ နားထောင်ပြီး ဂျိန်း ရယ်ရယ်မောမော ပြန်ပြောသည်။
"ဂျိန်း က ကိုယ့်စာအုပ် ပုံနှိပ်ဖြစ်ချင်သေးတာကိုး၊ တစ်ချို့ အယ်ဒီတာတွေက သိပ်အကဲ ဆတ်ကြတာ မဟုတ်လား"
"မင်းက သူပုန်ပဲ၊ ဒီတော့ ရဲရဲသာရေး၊ စိတ်ကို လွှတ်ပြီး ရေးချ၊ ချန်ထားခဲ့တာတွေ  အကုန်ပြန်ထည့်၊ ဟုတ်တယ် မလား၊ ချန်ထားတာတွေ အများကြီး မဟုတ်လား"
ဂျိန်း သတိရပါသည်။ အိုဝင် သုံးခဲ့သည့် အချစ် နိဿရည်းများသည် မိမိ တစ်ယောက်တည်း ရွေးပြီး သုံးစွဲခဲ့ခြင်း မှ မဟုတ်တာ။

"ရတယ်လေ၊ ထပ်ဖြည့်တာပေါ့၊ ပြဿနာ မရှိပါဘူး"
စာမူကြီး ပိုက်ပြီး ဂျိန်း ပြန်လာခဲ့သည်။ နံဘေးလိုင်း ထောင်လိုက်လိုင်းတွေ ဆွဲပြီး ရေးထားသည့် လင်ကီ့ မှတ်ချက် တွေကို သေသေချာချာ ပြန်ဖတ်၏။ ပြီးတော့ တစ်နေ့ ဆယ့်နှစ်နာရီ ထိုင်ရေး၏။ တစ်လခန့် ကြာတော့ ပြီးသွားသည်။ ထိုအခါ "ရှင်နဲ့ကျွန်မ" သည် ပေါက်ကွဲသံတွေ  ပို၍ ကျယ်လောင် တုန်ဟည်း လာသည်။
ပြင်ပြီးစာမူကို လင်ကီ ဖတ်ပြီး အရမ်းသဘောကျသွားသည်။

"ပြင်ပြီးသားကို ဂေါ်ဒွန့် ပေးမဖတ်တော့ဘူး၊ သူလေဖြတ်သွားနိုင်တယ်"
ဟု ဂျိန်းကို လင်ကီက အရွှန်းဖောက်ပြောသေးသည်။
"ရှင်နဲ့ကျွန်မ" ထွက်လာချိန်တွင် ဂျိန်းဂရက်ခ်ျ ဆိုသည့် စာရေးဆရာမသည် တစ်ချိန်က မိမိနှင့် ပြိုင်ဖက်ဖြစ်ခဲ့သည့် အမျိုးသမီးဖြစ်ကြောင်း အယ်လီ သေချာသွားပြီ။ လွန်ခဲ့သည့် ဆယ့်ခုနစ်နှစ် ကျော်က ဖြစ်ခဲ့သည့် ဇာတ်လမ်းဖြစ်ကြောင်း သူ့ကို လုံးလုံး မေ့နေပြီဖြစ်ကြောင်း အိုဝင်က အယ်လီ ကို ပြောသည်။
"တစ်ရံရော အခါ က ဟာတွေပါကွာ၊ သူ သေလားရှင်လားတောင် ကိုယ် မသိဘူး"
"အသက်  ထင်ရှားရှိပါ့တော်၊ အယ်လီကတော့ အလုပ် သဘောအရ သူ့စာအုပ်ကို ရောင်းစွံအောင် လုပ်ပေး ရဦးမယ်"

"အလကား အပျော်ဖက်စာအုပ်မျိုးပဲ ဖြစ်မှာပေါ့"
"အပျော်ဖတ်လည်း ကောင်းရင် ရောင်းရတာပဲ၊ အယ်လီတော့ ဂျိန်းရဲ့ စာအုပ်ဟာ အပျော်ဖတ်လို့ မထင်ဘူး၊ တော်တော် စာရေးကောင်းတဲ့ အမျိုးသမီးပဲ"

လင်ကီ့ကို ဂျိန်းနှင့် မိတ်ဆက်ပေးတော့ အလုပ်သဘောအရရော ပုဂ္ဂိုလ်ရေး အရပါ လက်ခံတွေ့ဖို့ အယ်လီ  အသင့်ပြင် ထားသည်။
"ကိုယ်တို့ တွေ့ဖူးကြတယ်လေ၊ ၁၃လမ်းက အိုဝင်ကာဆယ်အခန်းမှာ မှတ်မိလား"
"ဟို ဟို ပန်းရောင်နှုတ်ခမ်းဆိုးဆေး၊ သြော် အဲဒါ မင်းကိုး"
ဂျိန်း မှတ်မိပြီ၊ ဟိုတုန်းက ပိန်ပိန်သွယ်သွယ် ကောင်မလေး။
"နေပါဦး အဲဒီ ခွေးသူတောင်းစားနဲ့ မင်း တွေ့သေးလား"
ဂျိန်း သိချင်ဇောဖြင့် မေးလိုက်သည်။

"ကိုယ်နဲ့ သူနဲ့ လက်ထပ်လိုက်တယ်လေ"
တော်ရုံကိစ္စတွင် မဖြုံတတ်သည့် ဂျိန်းပင် လန့်သွားသည်။
"အဲဒီတော့"
မိမိစာအုပ်ကို ၀က်ဝက်ကွဲအောင် ကြော်ငြာပေးမည်ဟု ဂျိန်း နားလည်ထားခဲ့သည်။ ခုတော့ ခဲလေသမျှ သဲရေကျ ဖြစ်ရပြီ။
"အဲဒီတော့ ဘာဖြစ်ရမလဲ၊ မင်းကို ကြယ်တစ်ပွင့် ဖြစ်အောင် ကိုယ် လုပ်ပေးမှာပေါ့"
ဂျိန်းက အယ်လီ့ကို သေသေချာချာ ကြည့်သည်။ သည်အမျိုးသမီး နောက်နေတာလား၊ ပြီးမှ အတည်ပြော မှန်းသိပြီး အလုပ်ကို အလုပ်နှင့်တူအောင် လုပ်မည့်ပုံမျိုး ဖြစ်လိမ့်မည်ဟု ဂျိန်း အကဲခတ်လိုက်သည်။

"အီဗန်ဂျိန်းပင်ဒါးဟာ သူ့ပုံတူ ယူထားတယ်ဆိုတာ အိုဝင် သိလားဟင်"
"သိတယ်၊ ကိုယ် ပြောလိုက်တာလေ"
"သူ ဘာမှ မပြောဘူးလားဟင်၊ စာအုပ်ထွက်ရင် သူ့အကြောင်း လူတွေ သိကုန်မှာ သူ မစိုးရိမ်ဘူး လား"
"အဲဒီတော့ မစိုးရိမ်ဘူးကွ၊ အိုဝင် က မိန်းမတွေ လုပ်သမျှအလုပ်ကို သိပ် အထင်မကြီးဘူး၊ ဘယ်သူမှ ဖတ်မှာ မဟုတ်ပါဘူးတဲ့"
ဤတွင် လင်ကီက ၀င်ပြီး မှတ်ချက်ချသည်။ လေသံတိုးတိုးကလေးဖြင့်
"အိုဝင် အံ့သြသွားစေရမယ်၊ ကိုယ့်စိတ်ထဲမှာ ကြိုသိနေတယ်"

၁၉၇၄ ခုနှစ်တွင် ဥတ္တရကြယ်မှ "ရှင်နဲ့ကျွန်မ" ကို ဖြန့်သည်။
လင်ကီ ကိုယ်တိုင် ကြော်ငြာမက်တာ ရေးသည်။
ရှင်တိုင်း၊ ကျွန်မတိုင်းအတွက် ရှင်းစရာ ပြဿနာများဟု အစချီကာ လှလှပပ ရေးသည်။
ဟန့်က ကြော်ငြာဖတ်ပြီး အရမ်း ကောင်းတယ်ဟု ပြောသည်။

"ညွှန်းသလောက်လည်း ကောင်းတဲ့ စာအုပ်ကိုး၊ ဥတ္တရကြယ်ကို ထိပ်ဆုံးပို့မယ် စာအုပ်လေ"
"အဲဒီလိုဖြစ်လာရင် အားလုံး မင်းကြောင့်ပဲ"
"ဟန့်ဂရင်နီရဲ့ တိုက်ထွက်ကိုး"
"ကိုယ့်မှာ မျှော်လင့်ချက် ရှိသေးလားဟင်"
"ဘာအတွက်လဲ၊ ဘာမျှော်လင့်ချက်လဲ"
"သြော် ညစာစားဖို့ ပြောတာပါ"

လင်ကီ ခဏတွေသွားသည်။ သူနှင့် အခန်းတစ်ခန်းထဲမှာ ထမသတ်ဘဲ စကားပြောနိုင်ပေမယ့်၊ အတူပြန်တွဲဖို့ဆိုသည်မှာ မဖြစ်နိုင်တော့သည့် ကိစ္စ ဖြစ်၏။ သို့သော် တစ်ဖက်မှလည်း သူ့အားမာန်၊ သူ့အတွေးအမြင်၊ သူ့ခွန်းအားတွေကို ဟိုတုန်းကလိုပင်၊  လင်ကီ အားကျဆဲ၊ အတုယူချင်ဆဲ ဖြစ်၏။ ညစာစားရုံလောက်နဲ့ကတော့ ပြဿနာ မရှိနိုင်ပါဘူးလေ၊ စည်းတစ်ခု ခြားထားလိုက်ရုံပေါ့။
"ဒီလို လုပ်မယ်လေ၊ "ရှင်နှင့်ကျွန်မ"၊ ရောင်းအစွံဆုံး စာရင်းဝင်လာရင် လင်ကီ ဟန့်ကို ကျွေးမယ်၊ နေရာကို ဟန့်က ရွေး၊ လင်ကီက တကာခံမယ်၊ ဟုတ်ပြီလား"
"ကောင်းပြီ စာရင်းထဲ ၀င်ဝင်ချင်းနော်"

ကြော်ငြာနှင့် တစ်ပြိုင်တည်း စာအုပ်ဖြန့်သည်။ သို့သော် တကယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် က "ရွှေမြို့တော်" ဂျာနယ်တွင် ပါလာသည့် ဘားလက်ခရစ်ပန်၏ စာအုပ် ဝေဖန်ခန်းကြောင့် ဖြစ် သည်။ သည်ကိစ္စကတော့ အယ်လီတစ်ယောက်တည်း၏ သဘောဖြင့် မီးရှူးပန်းလွှတ်လိုက်ခြင်း ဖြစ်သည်။
ဘားလက်ခရစ်ပန်သည် ထိတ်ထိတ်ကြဲ အချစ်ဝတ္ထုစာရေးဆရာကြီး ဖြစ်၏။ သူ့စာအုပ်တွေ အမေရိကန်တွင် ခဏခဏ အပိတ်ခံရသဖြင့် ပြင်သစ်တွင် ရိုက်နှိပ်ဖြန့်ချိန်ရသည်များ ရှိခဲ့ဖူး၏။ ခပ်ကြမ်းကြမ်းရေးသဖြင့် ပရိသတ်ကြိုက် စာရေးဆရာ ဖြစ်ခဲ့သည်။ အချို့စာအုပ်များ တရားစွဲခံရ သည်။ တရားရုံးက သူ့ကို အနိုင် ပေးလိုက်သည့်အခါ သူ့စာအုပ်တွေ ပိုရောင်းကောင်းပြီး ပို၍ နာမည်ကြီးခဲ့သည်။

ယခုမူ ဆရာကြီးသည် ၈၆နှစ်အရွယ်ရောက်နေပြီ။ တွဲမည့်သူမရှိလျှင် အိမ်ပြင် မထွက်နိုင်တော့၊ အချို့က သူ့ကို သေပြီဟု ထင်ပြီး မေ့နေကြပြီ။
သို့သော် ဆရာကြီးက "သည်လိုစာအုပ်မျိုး ပြန်ဖတ်လိုက်ရလို့၊ သည်လိုဆောင်းမျိုး ပြန်ရေးဖြစ်လို့ လား မသိဘူး ငါ့ကိုယ်ငါ သုံးဆယ်ရွယ် ပြန်ရောက်သွားတယ် ထင်ရသကွ" ဟု ဆိုသည်။
သည်ဆရာကြီးဆီက ဆောင်းပါး ရအောင်  "ရွှေမြို့တော်" မှ အယ်ဒီတာ ဘယ်ရီဂိုးလ်စမစ်ကို အယ်လီ သွားအပူကပ်ခြင်း ဖြစ်သည်။
"စာအုပ်ပို့လိုက်လေ" ကိုယ်ဖတ်ကြည့်မယ်၊ ကိုယ်ကြိုက်ရင် အဘိုးကြီးကို ကိုယ်ရေး ခိုင်းပေးမယ် ဟု ဘယ်ရီက ကတိပေးသည်။

စာအုပ်က အယ်လီ ညွှန်းသည့်အတိုင်း ကောင်းသည်။ ဘယ်ရီ သဘောခွေ့သွား၏။ ရွှေမြို့တော် တွင် ရင်သား အကြောင်း၊ ပေါင်တံအကြောင်း၊ မျက်လုံးနှင့် နှာတံများအကြောင်း ရေးခဲ့စဉ်ကလို ဂျိန်းသည် ဇာတ်ကောင် စရိုက်များကို အပီအပြင် အသေးစိတ် ရေးနိုင်စွမ်းလေသည်။
ဘယ်ရီက သူ အကြည်ညိုဆုံး၊ အကြိုက်ဆုံးဖြစ်ခဲ့သည့် တစ်ခါက နှုတ်ခမ်းနီပါးနီကလေးတို့၏ အသည်းစွဲ ဘားလက်ဆီသို့ စာအုပ်ပို့ပေးပြီး ဆောင်းပါး တောင်းလိုက်သည်။ ဆရာကြီး ကြိုက်မည့် စာအုပ်မျိုး ဖြစ်ကြောင်း လည်း ဘယ်ရီက ယုံကြည်လေသည်။

ဆက်ရန်
.

No comments: