'သြော် ...ထိုင်ပါဦး၊ ကျွန်တော်အခုပဲ ဦးတို့ဆီလာမယ်လို့ ရည်ရွယ်ပြီပါပြီ၊ ထမင်းစားနည်းနည်း နောက်ကျ သွား လိုပါ'
ကိုမျိုးခိုင်က ဦးခွန်းသစ်အား ရှင်းလင်းပြောပြပြီး
" ထိုင်ပါ ခင်လေး"
ဟု ချစ်သူကို အထိုင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း ဦးထွန်းသစ်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်၏။
" မောင်တို့ ကုသိုလ်ကံကတော့ ကောင်းတယ်ဟေ့၊ နှစ်ယောက်စလုံး စာမေးပွဲအောင်တာပဲ၊ မောင်မျိုးခိုင် သိပြီးပြီ မဟုတ်လား "
ဦးထွန်းသစ်က အားရရွှင်လန်းစွာပြောပြီး ...
" အင်း ... ငါ့ သူငယ်ချင်းသာ ရှိနေသေးရင် ဘယ်လောက်များ သားအတွက် ဂုဏ်ယူလိုက်မလဲလို့၊ သြော် ... မခင်မျိုး၊ မခင်မျိုး၊ သက်တမ်း တိုရှာပလေ သူငယ်ချင်းရယ် "
ဟု ခေါ်ခင်မျိုး ၏ ဓာတ်ပုံကြီးကို မော့ကြည့်ကာ စကားတစ်ဆက်တည်း ပြောလိုက်သည်။
ခင်ခင်လေးကား ဖခင်ရှေ့မှောက်မှာ ဖြစ်နေ၍ ချစ်သူအား တိတီတာတာ မပြောဘဲ ကိုမျိုးခိုင်၏ မျက်နှာကို သာ ရွှန်းရွှန်း စားစား ကြည့်နေသည်။
ဦးထွန်းသစ် က ဒေါ်ခင်မျိုးအား တမ်းတ ပြောလိုက်သော စကားသည် ကိုမျိုးခိုင်၏ ရင်ထဲမှာ မီးလောင်ရာ လေပင့် သလို ဖြစ်သွားပြီး မမြင့်မတွေ့ဘူးသော ကိုစောခိုင်အား လက်စားချေလိုသော စိတ်သည် အစိုင်အခဲ ကြီးမား သည်ထက် ကြီးမားလေသည်။
အလုပ်အကိုင် နေရေး ထိုင်ရေးအတွက် ဘယ်လို ရည်ရွယ်ချက်ရှိသလဲ မောင်မျိုးခိုင်၊ ဦးကို ဘာမှ အားနာနေ ရှက်စရာမလိုဘူးကွယ်၊ မခင်မျိုးနဲ့က မောင်နှမရင်းချာလို ခင်မင်တော့ ဦးကြီး သားချင်းအရင်းလို သဘော ထားပြီး ပြောလိုသည်ကိုပြော၊ အားလုံးအဆင်ပြေအောင် စီစဉ်ပေးမယ်"
ငြိမ်ချက်သား ကောင်းနေသော ကိုမျိုးခိုင်အား ဦးထွန်းသစ်က အားပေးစကား ပြောလိုက်၏။
မျက်နှာလွှဲသွားရှာပြီဖြစ်သော ချစ်လှသည့် သူငယ်ချင်း၏သားကို ဦးထွန်းသစ်ကလည်း တူရင်းသဖွယ် ခင်မင်ကာ စိတ်တွင်းက စေတနာရှိသည့်အတိုင်း ပွင့်လင်းစွာ ပြောလိုက်၏။
" အခုလောလောဆယ်မှာတော့ အလုပ်အကိုင်အတွက် ကျွန်တော် စိတ်မကူးသေးပါဘူး၊ ကျွန်တော့် စိတ်ထဲ မှာ ရည်ရွယ်ထားတဲ့ကိစ္စတစ်ခု ဖြစ်မြောက်အောင် ကြိုးစားမှာမို့ ကျွန်တော် ခရီးရှည်ထွက်ပါရစေဦး၊ ဦးကရော ခင်လေးကပါ ခွင့်ပြုမယ်လို့လဲ ကျွန်တော် မျှော်လင့်ပါတယ် "
ယောက္ခမလောင်း အား ရိုသေစိတ်၊ ချစ်သူအား လေးစားသောစိတ်ဖြင့် ၀တ္တရားအတိုင်း ကိုမျိုးခိုင်က ခွင့် တောင်း လိုက်သည်။
ခွင့်ပေးသည်ဖြစ်စေ၊ တားမြစ်သည်ဖြစ်စေ သူ့စိတ်ထဲမှာ ဆုံးဖြတ်ထားသည့်အတိုင်း ပြုလုပ်မည့်အမူအရာမှာ မျက်နှာထားတွင် ထင်ထင်ရှားရှား ပေါ်လွင်နေသည်ကို ဦးထွန်းသစ်က အကဲခတ်မိသည့် အလျောက် တား မြစ်ခြင်း မပြုတော့ဘဲ ...
" ဘာကိစ္စနဲ့ ဘယ်ကိုသွားမှာလဲ မောင်မျိုးခိုင် "
ဟုသာ မေးလိုက်၏။
" ဘယ်နေရာ ဘယ်ဌာနကို ဘယ်လောက်ကြာကြာ သွားရမယ်ဆိုတာတော့ ကျွန်တော် မခန့်မှန်းနိုင်သ လောက်ဘဲ ဦး ကိစ္စကတော့ ကျွန်တော့် မိဘအတွက် ကြွေးဆပ်ရမယ့် လူတစ်ယောက်ကို လိုက်ရှာရမှာပါ။ ဒီအကြွေးကို ကျွန်တော် ပြန်ရမှဖြစ်မှာမို့ ဒီလူကို မတွေ့မနေရှာဖို့ စိတ်ပိုင်းဖြတ်ထားလိုက်ပါပြီ၊ နက်ဖြန်ပဲ ခရီးထွက် ဖို့ စီစဉ်ထားပါတယ် ဦး "
ကိုမျိုးခိုင်၏အသံမှာ တည်ငြိမ်ပြတ်သားလှသည်။
နက်ဖြန် ခရီးထွက်တော့မည် ဆိုသဖြင့် ငယ်ရာက ကြီးလာခဲ့သော ဦးထွန်းသစ်က အလိုက်သိစွာဖြင့် ...
" ဟေ့ ... မောင်မျိုးခိုင်၊ ဦး ၀မ်းနှုတ်ဆေး စားထားတယ်ကွ၊ အိမ်နောက်ဘက် ခဏ၀င်လိုက်ဦးမယ် "
ဟု ပြောကာ နောက်ဖေးဘက်သို့ ထသွားလေသည်။
ဧည့်ခန်းတွင်းမှ ဖခင်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ခင်ခင်လေးက စကားစပြောလိုက်၏။
"အကြွေးက ဘယ်လောက်များလို့လဲ မောင်ရယ်၊ ဆုံးချင်ဆုံးပါစေတော့၊ ဘယ်ဆီနေမှန်း မသိတဲ့လူနောက် ဒုက္ခခံမလိုက်ပါနဲ့လား "
ကိုမျိုးခိုင်က ခင်ခင်လေး၏ မျက်နှာကို ကြည့်လိုက်၏။
" ခင်လေးသဘောကို မောင်သိပါတယ်၊ မောင့်ကို အနားက မခွာစေချင်လို့မဟုတ်လား၊ မောင်ကလဲ မခွာချင် ဘူးပေါ့၊ ဒါပေမယ့် မိဘနဲ့ပတ်သက်နေတဲ့ အကြွေးမို့ မောင် အဆုံးမခံနိုင်ဘူး၊ ဒီကြွေးကိုသာ မောင် ပြန်ရရင် မောင့်ဘ၀ အဖို့အကျေနပ်ဆုံး ဖြစ်မယ်လို့ စိတ်ကထင်တယ်၊ ဒါကြောင့် ... မတားပါနဲ့ ခင်လေးရယ် နော် "
ကိုမျိုးခိုင်က မျက်နှာမကောင်းဖြစ်နေသော ချစ်သူအား ကြင်နာစွာဖြင့် အကြောင်းပြလိုက်၏။
" အကြွေးဘယ်လောက်များလို့လဲ မောင်ရယ်၊ ခင်လေးတို့မှာက ပစ္စည်း အတောင့်အတင်းရှိလို့ မောင့်ထံက ငွေကြေးအလုံးအခဲမမျှော်လင့်ပါဘူး၊ ဒီအကြွေးတွေ ဆုံးရုံမကလို့ မောင့်မှာ အခုရှိနေတဲ့ ပစ္စည်းပါ အားလုံး ကုန်ပါစေ၊ မောင် လူလုံးကိုးချည်းကျန်ပေမယ့် ခင်လေး မေတ္တာမပျက်ပါဘူး၊ အဆုံးခံလိုက်ပါ မောင်ရယ် "
ခင်ခင်လေးက အကြွေးဟုဆိုသဖြင့် ငွေကြေးမှတ်ပြီး ချစ်သူအား ဖျောင်းဖျလိုက်၏။
ကိုမျိုးခိုင်က ခင်ခင်လေး စကားကို သဘောကျစွာ မော့ပြီး ...
" ခင်လေးစိတ်ကို ယုံပါတယ်၊ မောင့်ကိုချစ်တာ ဂုဏ်ပကာသနငွေကြေးကို မမျှော်မှန်းဘူးဆိုတာ အိုင်-စီအက်စ် ကို လိုက်ကတည်းက ယုံကြည်ပြီးသားပါ၊ အခုကြွေးက ငွေမဟုတ်ဘူး ခင်လေးရဲ့ "
ဟု ပြောလိုက်၏။
" ဟင် ... ငွေမဟုတ်ရင် ဘာအကြွေးလဲ "
ခင်လေးက နားမလည်သလို မေးလိုက်သည်။
" တန်ဖိုးဖြတ်မရအောင် အဖိုးတန်တဲ့ ထူးထူး ဆန်းဆန်း အကြွေးဆိုပါတော့ ခင်လေးရယ် "
ကိုမျိုးခိုင်က လေးနက်သောအသံဖြင့် ဖြေလိုက်၏။
" ခင်လေး နားကိုမလည်ဘူး မောင်၊ ရှင်းမပြနိုင်ဘူးလား "
ခင်ခင်လေးက ချစ်စဖွယ် မျက်လုံးကလေးပင့်ပြီး နားမလည်သည်အလျောက် မေးလိုက်ပြန်၏။
" မောင့်ကိစ္စပြီးလို့ ပြန်လာတဲ့အခါ ပြောသင့်တယ် ထင်ရင် မောင် ပြောပြပါမယ်၊ အခုအချိန်မှာတော့ ဘယ်သူ မှ အသိမပေးပါရစေနဲ့ဦး ခင်လေးရယ်နော် "
" မောင့်ကိစ္စကလဲ ဘာမှန်း မသိဘူး၊ ရှုပ်ရှုပ် ထွေးထွေးကြီး "
ခင်လေးက စိတ်ရှုပ်စွာ ပြောလိုက်ပြီး ...
" တားမရတဲ့ အတူတူတော့ ခင်လေး မတားတော့ပါဘူးမောင်၊ မောင် မပြန်မချင်း ခင်လေး သစ္စာရှိရှိနဲ့ စောင့်ပါ့မယ် ဆိုတာ ကတိပေးပါတယ်၊ ရောက်ရာအရပ်က ခင်လေးဆီ စာရေးနော် "
ဟု ခင်ခင်လေးက ညိုမှိုင်းသောမျက်နှာ၊ ၀မ်းနည်းသော အသံဖြင့် မှာကြားလိုက်၏။
မောင်လဲ ခင်လေးနဲ့ ခွဲခွာသွားရမှာ စိတ်မကောင်းပါဘူး ခင်လေးရယ်၊ မိဘအတွက်မို့သာ "
ကိုမျိုးခိုင်က စိတ်မချမ်းမြေ့စွာ ပြောပြီး သက်ပြင်းချလိုက်၏။ စိတ်ထဲမှာ ပိုပြီး အစိုင်အခဲ ကြီးလာပြန်သည်။
" ငါ့တစ်သက်မှာ စိတ်အေးချမ်းသာ နေရတယ်ကို မရှိပါကလား၊ ဒါတွေအားလုံး အရင်းခံသူကတော့ ကိုစောခိုင် ဆိုတဲ့ သတ္တ၀ါပဲ "
ဟု ဒေါသဖြစ်စွာ တွေးမိပြန်သည်။ ထိုအခိုက် ဦးထွန်းသစ်ရောက်လာသည်။
" ကဲ ... မောင်မျိုးခိုင်က နက်ဖြန် ခရီးထွက်မယ် ဆိုတော့၊ ပြင်ရဆင်ရဦးမယ်နော်၊ ဦးတို့ ပြန်ဖို့ အချိန်သင့်ပြီ ကွယ့်၊ အထွေအထူး မှာကြားစရာများ ရှိသေးသလား မောင်မျိုးခိုင် "
ဦးထွန်းသစ်က မထိုင်တော့ဘဲ မတ်တပ် ရပ်လျက်ကပင် ပြောဆို မေးမြန်းလိုက်သည်။
" ဟုတ်ကဲ့ဦး၊ တခြားအထွေအထူးတော့ မရှိပါဘူး၊ ဒီအိမ်မှာ ဒေါ်မှုံပဲ ကျန်ရစ်မှာမို့ ဦးနဲ့ခင်လေးတို့ လမ်းကြုံ အဆင်သင့် တဲ့ အခါတော့ ဒေါ်မှုံကို တတ်နိုင်သလောက် စောင့်ရှောက်ပါလို့ ကျွန်တော် တောင်းပန်ပါတယ် "
ကိုမျိုးခိုင် က ဦးထွန်းသစ်နှင့် ခင်ခင်လေးကို တလှည့်စီကြည့်ပြီး ပြောလိုက်၏။
" စိတ်ချ မောင်မျိုးခိုင်၊ လမ်းကြုံမှရယ်လို့ မဟုတ်ဘူး၊ ဦးတို့ မကြာခဏ လာကြည့်မယ်ကွယ့်"
" ကျေးဇူးတင်ပါတယ် ဦးရယ်၊ ဦးရဲ့ ကျေးဇူးကိုကော ခင်ခင်လေးကိုရော ကျွန်တော် သစ္စာမဖောက်ပါဘူး၊ ကတိပေးပါတယ် "
ကိုမျိုးခိုင်က ခင်ခင်လေးမျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်ပြီး ...
" ကျွန်တော် ခရီးထွက်တော့မှာမို့ ဦးကို ကန်တော့လိုက်ပါရစေ "
ဟုဆိုကာ ဦးထွန်းသစ်အား ရိုသေစွာ ကန်တော့လိုက်၏။
" အေး ... သာဓု-သာဓု-သာဓု မောင်မျိုးခိုင်မှာ ဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ ပြည့်စုံစေ၊ ရည်ရွယ်တဲ့ကိစ္စ အထမြောက် အောင်မြင်ပါစေကွယ် "
အကြောင်းရင်း မသိသော်ငြားလည်း ဦးထွန်းသစ်က စေတနာကောင်းဖြင့် ဆုတောင်းကာ ...
" ကဲ .... သွားမယ် မောင်မျိုးခိုင်၊ သွားစို့ သမီး "
ဟု နှုတ်ဆက်၍ ခြေလှမ်းပြင်လိုက်၏။ ခင်ခင်လေးသည် မျက်ရည်များ ရည်ဝေနေသော မျက်လုံးဖြင့် ချစ်သူကို မျိုးခိုင်အား စေ့စေ့ကြည့်ကာ ...
" သွယ်မယ်နော် မောင် "
ဟု အသံ ခပ်အုပ်အုပ်ဖြင့် နှုတ်ဆက်ပြီး ဖခင်နောက်မှ လိုက်ပါသွားလေသည်။ ကိုမျိုးခိုင်သည် ထွက်ခွာ သွားသော ခင်ခင်လေးတို့ သားအဖကို မျက်စိတစ်ဆုံး မျှော်ကြည့်လိုက်ပြီးမှ ဧည့်ခန်းတွင် ချိတ်ထားသော ဦးဘဆွေ နှင့် ဒေါ်ခင်မျိုး၏ ခေတ်ပုံကြီးကို မျက်တောင်မခပ် စိုက်ကြည့်လိုက်၏။ လက်သီးကို တင်းကြပ်စွာ ဆုပ်ခါ ကိုစောခိုင် ကိုစောခိုင်ဟု အံကြိတ်ပြီး ရေရွတ်လိုက်လေသည်။
--------------------------
မန္တလေး အရှေ့ပြင်ရပ်ရှိ ပျက်စီးယိုယွင်းသော အိမ်အိုကြီးကို ကိုမျိုးခိုင်သည် လမ်းစောင်းရှိ ပိတောက်ပင်ရိပ်မှ ရပ်ကာ အကဲခတ်ကြည့်နေသည်။ ပျက်စီးနေသော ခြံဝင်းအတွင်းမှာ အသီးအပွင့်များ ခဲ နေသော ပဲပုစွန်ပင်။ ဘူးပင်များနှင့် လူသူ အရိပ်အရောင်ကင်းမဲ့နေသော အိမ်အိုပျက်ကြီးမှာ မျက်စိပသာဒတွင် ထူးဆန်းနေသည်။
စားသောက်ဖွယ် အသီးအနှံများက စိမ်းစိမ်းစိုစို ရှိနေပါလျက် အိမ်အိုပျက်ကြီးမှာ လူမရှိသလို ဆိတ်ငြိမ်နေ သည်။ ပြတင်းပေါက်များမှာ အချို့တွင် တံခါးရွက်ပင် စုံအောင် မရှိချေ။ တပင်တပန်း မေးမြန်းရှာဖွေလာခဲ့၍ တွေ့နေရသော ဤအိမ်ပျက်ကြီးမှာ ဦးစောအေးနှင့်သား ကိုစောခိုင်တို့ အိမ်ဟုတ်နိုင်ပါမည်လားဟု ကိုမျိုးခိုင်တွင် သံသယ ဖြစ်မိလိုက်သည်။
အိမ်တံခါးမကြီးမှာ ဟင်းလင်းပွင့်နေသော်လည်း လူသူ အရိပ်အရောင်မမြင်ရ၍ ကိုမျိုးခိုင်က ပိတောက်ပင် အောက်မှ စောင့်ကြည့်နေစဉ်မှာ နွမ်းနယ်သော အင်္ကျီလုံချည်ကို ၀တ်ကာ အိုမင်း ပိန်ချုံးသော အသွင် သဏ္ဍာန်ဖြင့် လူတစ်ယောက်သည် တောင်းတစ်လုံးကိုကိုင်ကာ အိမ်နောက်ဖေးဘက်မှ ချိနဲ့နဲ့ ထွက်လာသည် ကို တွေ့ရသည်။
ကိုစောခိုင်ဆိုတာ ဒီလူတော့ မဟုတ်နိုင် ဟူသောအတွေးဖြင့် ကိုမျိုးခိုင်က စဉ်းစားလိုက်၏။ ထိုလူသည် တောင်မြောက်ဝဲယာကိုမျှ မကြည့်ဘဲ ငုံ့လျှိုးသော ဦးခေါင်းဖြင့် ပဲပုစွန်ချုံကြီးရှိရာကို စိုက်စိုက်လျှောက်သွား ကာ ပဲပင်ချုံအနီးတွင် တောင်းကို မြေပေါ်သို့ ချလိုက်ပြီး ပဲပုစွန်သီးများခူးနေသည်။ သိလိုသော ကိစ္စကိုမေး မှဖြစ်တော့မည်ဟု ကိုမျိုးခိုင် ဆုံးဖြတ်လိုက်ပြီးမှ အဆီးအတား ကင်းမဲ့နေသော ခြံဝင်းတံခါးမှ ၀င်သွားလေ သည်။
ထိုလူကား ကိုမျိုးခိုင် နောက်နားရောက်နေသည်ကို အလျှင်းပင် သတိထားမိဟန်မတူဘဲ ရှုံ့တွကြုံလှီသော လက်များဖြင့် ပဲပုစွန်သီးများကိုသာ မဲပြီးခူးနေသည်။ ထိုလူ၏ အသက်မှာ ခြောက်ဆယ်ခန့် ရှိနေပြီဖြစ် ကြောင်း ကို ကိုမျိုးခိုင် ခန့်မှန်းမိသည်။
" ဒီမှာခင်ဗျာ "
ကိုမျိုးခိုင် အသံပြုလိုက်မှ အဘိုးကြီးသည် အလန့်တကြား လှည့်ကြည့်လိုက်၏။
" ဒါ ဦးစောအေးအိမ် မဟုတ်လား ဦးကြီး "
ကိုမျိုးခိုင်က မေးလိုက်၏။
" ဟုတ်သပေါ့ မောင်ရင်၊ ကျုပ်ဆရာ ဦးစောအေးကတော့ မရှိရှာတော့ဘူး "
အဘိုးကြီးက တုန်ယင်သောအသံဖြင့် ဖြေကာ လက်တွင်းမှ ခူးပြီးသား ပဲပုစွန်သီး လေးငါးတောင့်ကို တောင်း ထဲသို့ ပစ်ထည့်လိုက်ပြီး ...
" မောင်ရင်က ဘယ်သူတုန်း၊ ဘယ်ကတုန်း၊ ဘာကိစ္စရှိသတုန်း "
ဟု ဆက်တိုက်မေးလိုက်၏။
" ဥိးစောအေးရဲ့သား ကိုစောခိုင်ဆိုတဲ့ လူကို တွေ့ချင်လို့ "
ကိုမျိုးခိုင် က ချုပ်တည်းထားရသော လေသံဖြင့် ခပ်ပြတ်ပြတ်မေးလိုက်၏။
" ဟေ ... ကိုစောခိုင်ဆိုတဲ့ လူ "
အဘိုးကြီးက အံ့သြသောလေသံဖြင့် ပြောကာ ကိုမျိုးခိုင်အား ခြေဆုံးခေါင်းဖျား စေ့စေ့စပ်စပ် ကြည့်လိုက် ပြီးမှ ...
" နေပါဦး မောင်ရင်က ကိုစောခိုင်ဆဲ့တဲ့လူလို့ သုံးနှုန်းပြောရအောင် မောင်ရင်နဲ့ သက်တူရွယ်တူလား၊ ကိုစောခိုင်ဆိုတာက မောင့်ရင့်အဖေလောက် အသက်အရွယ် ရှိနေတာကွယ့် "
ဟု အဘိုးကြီးက ခံပြင်းသောလေသံဖြင့် ပြန်ကြားလိုက်သည်။
" အသက်အရွယ်တွေ ဘာတွေ ပြောမနေပါနဲ့လေ၊ ကျွန်တော် သူ့ကိုသာ တွေ့ချင်ပါတယ် "
မိဘအတွက် အကြိတ်အခဲကြီးလှစွာ စိတ်နာနေသော ကိုမျိုးခိုင်က လိုရင်းကို မေးလိုက်ပြန်၏။ အဘိုးကြီး၏ ရုပ်ရည် ကိုလည်း စေ့စေ့ကြည့်လိုက်သည်။
ဓာတ်ပုံထဲမှာ မြင်ခဲ့ရသည့်ရုပ်ရည်၊ ဒေါ်မှုံပြောသည့် ရုပ်ရည်နှင့် လုံးဝ ဆက်စပ်မရသော ဤအဘိုးကြီးကား ဘယ်နည်း နှင့်မှ ကိုစောခိုင် မဟုတ်နိုင်ဟု တစ်ထစ်ချ သိလိုက်၏။
အဘိုးကြီးကား ကိုမျိုးခိုင်၏ အမေးကို မဖြေတော့ဘဲ ဂရုမစိုက်သလို အမူအရာဖြင့် ပဲသီးများ ခူးမြဲတိုင်း ခူးနေသည်။ ကိုမျိုးခိုင်၏ မောက်မာသော အသံကို နှစ်မြို့ဟန် မတူပေ။
ဤအဘိုးကြီးအား လေသံမာ၍ မဖြစ်ကြောင်း ကိုမျိုးခိုင်အကဲခတ်မိသည်။ ထို့ကြောင့် စိတ်ကို ကြိုးစားထိန်း ချုပ်ကာ လေပျော့နှင့် ချော့ရသည်။
" သည်းခံပါ ဦးကြီး၊ ကျွန်တော်က ခရီးထွက်ရာမှာ အဆင်မပြေလို့ စိတ်တိုနေမိတာနဲ့ စကားပြော မချေမငံ ဖြစ်သွားပါတယ်၊ အဲ ... ဦးစောခိုင်နဲ့ တွေ့ပါရစေ "
ကိုမျိုးခိုင် က တောင်းပန်လိုက်မှ အဘိုးကြီးက ပဲသီးခူးနေရာက လှည့်ကြည့်လိုက်သည်။
" အေး ... ဒီလိုမှာပေါ့ကွယ့်၊ ကျုပ်တို့ကလဲ လူတစ်ဖက်သားကို ဘယ်အခါမှ မောက်မောက်မာမာ မဆက်ဆံဘူး၊ ကျုပ်တို့ကို အဲဒီလို လာဆက်ဆံလဲ မကြိုက်ဘူး၊ ပဲသီးဘူးသီးရောင်းစားနေရမယ့် မာနတော့ အရှိသားဟေ့၊ ဒါထက် မောင်ရင်က ဘာကိစ္စနဲ့ တွေ့ချင်တာလဲ "
အဘိုးကြီးက စကားကြောရှည်ရှည် ပြောပြီး မေးလိုက်သည်။
" ကိစ္စ အထွေအထူးတော့ မရှိပါဘူး ဦးကြီး၊ အဲဒီ ဦးစောခိုင်ဆီမျာ အဖိုးတန်တဲ့ ဆေးပင်ရှိတယ် ကြားဖူးလို့ လေ့လာ စုံစမ်း ချင်တာနဲ့ လာတာပါ "
ကိုမျိုးခိုင်က မိခင် အမြတ်တနိုး သိမ်းထားခဲ့သည့် စာထဲမှ လေသံကိုလိုက်ပြီး အဘိုးကြီးအား စကားညှစ်လိုက်၏။ အဘိုးကြီး၏ မျက်နှာသည် သိသိသာသာ ညိုးသွားလေသည်။
" အင်း ... တော်တော်ကို င်္ဂြိုလ်မွှေတဲ့ ဆေးပင်ပဲ၊ ဒီဆေးပင်ကြောင့် ကိုစောခိုင် ဘာဖြစ်တယ်ဆိုတာ ပြော တောင် မပြောချင်ဘူး၊ လာ ... လာ အိမ်ထဲကို "
အဘိုးကြီးက ခေါ်ပြီး အိမ်ပျက်ကြီးအတွင်းသို့ အိမ်ဘေးလှေကားမှ ရှေ့ဆောင်ပြီး တက်သွားသဖြင့် ကိုမျိုးခိုင် သည် တွေ့လိုလှသောသူကို တွေ့ရချေတော့မည်ဟု အံကို တင်းတင်းခဲကာ လိုက်ပါသွားလေသည်။
ပြုတ်ကျ လုလု ခနော်ခနဲ့ဖြစ်နေသော လှေကားမှ အိမ်ပေါ်သို့ ရောက်သွားသည်။
ရှေးယခင်က ဧည့်ခန်း ဖြစ်ခဲ့ဖူးဟန်တူသော အခန်းကျယ်ကြီးမှာ မြူဖုံများက ဖြူဖွေးကာ ပေရေညစ်ပတ်နေ၏။ နောက်မှီရှည်ကြီးများမှာ ပွတ်လုံး ဖော်ထားသည့် သစ်သားကုလားထိုင် သုံးလေးလုံး သည် ဖငိထိုင်ရာမှ ကြိမ်များပေါက်ပြဲကာ ကျိုးပဲ့သော လက်ရမ်းများဖြင့် အခန်းထောင့် တစ်နေရာတွင် ကျွမ်း ထိုးမှောက်ခုံ စုပုံနေသည်ကို တွေ့ရသည်။
အိမ်ဦးရှိ ဘုရားဆောင်မှ မြေညောင်ရေအိုးဟောင်း တစ်လုံးတွင် ဘယ်အခါမှ မညိုးနိုင်သော နဂါးစက်ပင်များ ထိုးစိုက် ထားသည်။
ဘုရားဆောင်ရှေ့ရှိ ယိုင်နဲ့နေသော စားပွဲအိုတစ်ခုပေါ်တွင်ကား အနှစ်နှစ်အလလက တင်နေဟန်တူသော ထူထပ် လှသည့် ဖုံများ ဖုံးအုပ်နေသည့် ဆွေးမြေ့ စုတ်ပြတ်နေသော စာအုပ်တစ်ပုံကို တွေ့ရသည်။
" ဒီမှာထိုင် မောင်ရင် "
အဘိုးကြီးက အနားစုတ်နေသော သင်ဖြူးဟောင်းကလေးတစ်ချပ်ကို ဖုံထူသော ကြမ်းပြင်ပေါ်မှာ ခင်းပေး သဖြင့် ကိုမျိုးခိုင်က ထိုင်လိုက်ပြီး မျက်နှာမူရာ နံရံဆီသို့ အမှတ်မထင် ကြည့်လိုက်၏။
အလျားအနံ တစ်ပေခွဲမျှရှိသော ကိုစောခိုင်၏ ဓာတ်ပုံကြီးကို တွေ့လိုက်ရသည်။
မိခင် ဒေါ်ခင်မျိုး၏ ငွေသေတ္တာကလေးထဲမှာ တွေ့ရသော ဓာတ်ပုံအတိုင်းပင်။
ယခု ပုံကြီးက အကြီးချဲ့ထားသဖြင့် တစ်ကြောင်း၊ တစ်ခန်းလုံး မြူဖုံ အလိမ်းလိမ်းတင်နေသော်လည်း ဓာတ်ပုံမှန်မျာ ထူးထူးခြားခြား ပြောင်စင် ကြည်လင်နေသဖြင့် ကိုစောခိုင်၏ ရုပ်ရည်မှာ ပုံသေးကလေးကို ကြည့်ခဲ့ ရသည်ထက် ပို၍ ပြတ်သားရှင်းလင်းလှ၏။
ကိုမျိုးခိုင်က ဓာတ်ပုံကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေစဉ်မှာ အဘိုးကြီးက စကားပြောလိုက်၏။
" မောင်ရင် တွေ့ချင်လှချည်ရဲ့ဆိုတဲ့ ကိုစောခိုင်ဆိုတာ သူပါပဲ မောင်ရင်၊ အခုတော့ ဒီရုပ်ရည် မရှိတော့ပါဘူး အဖြစ်နာ လိုက်ပါဘိ လူကလေးရယ် "
အဘိုးကြီးက ဓာတ်ပုံကို ညွှန်ပြကာ ကြေကွဲလှိုက်လှဲစွာ ပြောလိုက်၏။
ကိုမျိုးခိုင်က ဓာတ်ပုံကို ကြည့်နေရာမှ အဘိုးကြီးဘက်လှည့်လိုက်ရာမှ ...
" အခု ကိုစောခိုင်က ဘယ်မှာလဲ ဦးကြီး "
ဟု မေးလိုက်၏။
" မသိဘူး မောင်ရင် "
" ဟင် ... "
ကိုမျိုးခိုင်က အံ့သြစွာ ဟင်လိုက်ပြီး ...
" အခုနက ဦးကြီးက အိမ်ပေါ်ခေါ်တင်လာတော့ ရှိသလိုလိုကိုး "
ဟု မကျေနပ်သံ မယုံကြည်သောအသံဖြင့် ပြောကာ အိမ်ပျက်ကြီးအတွင်းသို့ မျက်လုံးက လှည့်ပတ် ရှာဖွေလိုက်၏။
" ကိုစောခိုင်ရှိတယ်လို့ မောင်ရင့်ကို မပြောပါကလား၊ သူ့အကြောင်း ပြောချင်လို့သာ မောင်ရင်ကို ခေါ်လာခဲ့ တာ "
" သူ့အကြောင်းက ဘာလဲ ဦးကြီးရဲ့ ပြောပါဦး "
ကိုမျိုးခိုင် က စိတ်အားထက်သန်စွာ မေးလိုက်သည်။
" ဒီလို ... ဒီလို မောင်ရင်ရဲ့၊ ကိုစောခိုင်အဖေ ဦးစောအေးက ကျုပ်ရဲ့ဆရာ အရင်းပါပဲ၊ ကိုစောခိုင်ကလဲ ငယ်ငယ်လေးထဲက ကျုပ်လက်ပေါ် ကြီးလာတော့ တူသားအရင်းလို ခင်တွယ်နေတာပါပဲ၊ အဲ ... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ကိုစောခိုင် ဆယ်တန်းအောင်တဲ့နှစ်ပေါ့လေ၊ သူ့တို့ဘိုးဘွားဘီတင်လက် ထက်က အစဉ်အဆက်သိမ်းလာတဲ့ ပေစာတွေဖတ်ကြည့်ပြီး အဲဒီပေစာထဲ ညွှန်ထားတဲ့ ဆေးပင်ဆိုတာ တွေ့အောင်ရှာမယ်ဆိုပြီး ထွက်သွားတာပဲ မောင်ရင်၊ ဆရာ ဦးစောအေး ဆုံးတော့လဲ ပြန်မရောက်၊ အကြောင်းကြားရအောင်ကလဲ ဘယ်ဆိရောက်နေမှန်းမသိ၊ ဒါနဲ့ပဲ လာနိုးနိုး စောင့်မျှော်နေတာ၊ ကိုစောခိုင် ထွက်သွားပြီး လေးငါးနှစ်ကြာတော့ ပြန်ရောက်လာတယ်၊ အခု မောင်ရင်တွေ့ရတ့ ဓာတ်ပုံထဲကအတိုင်းပဲ၊ အင်မတန်ချော၊ အင်မတန် ကျက်သရေရှိတဲ့ သူ့ရုပ်ဟာ လုံုးံးပျက်ခဲ့ပြီ မောင်ရင်၊ ဦးကြီးတောင်မှ သူ့ကို မမှတ်မိနိုင်အောင် ရုပ်အဆင်း ပျက်ခဲ့ရှာတယ်ကွယ် "
အဘိုးကြီးက မချိလှိုက်လှဲသောအသံဖြင့် ပြောရာက စကားကို ခေတ္တဖြတ်ကာ ကိုစောခိုင်၏ ဓာတ်ပုံကြီးကို ၀မ်းနည်းစွာ မော်ကြည့်လိုက်သည်။
" ဘယ်လိုဖြစ်တာလဲ ဦးကြီး၊ အခု ကိုစောခိုင်က ဘယ်မှာ နေပါသလဲ "
စကားပြတ်သွားသည်ကို အားမရသဖြင့် ကိုမျိုးခိုင်က အလောတကြီး မေးလိုက်သည်။
" အေး ... နဖူးပြင်မှာရော၊ ပါးတစ်ဖက်မှာရော၊ တွန့်လိမ်ရှုံ့တွနေတဲ့ အမာရွတ်ကြီးတွေဟာ မမြင်ရက်စရာ ကြောက်ခမန်းလိလိပါပဲ မောင်ရင်၊ ဒါဟာ ကိုစောခိုင်အစစ်ပါကလားဆိုတာ သူ့ရဲ့ ပေါ်လွင်လှပတဲ့ နှာတံနဲ့ နှုတ်ခမ်းအထက် လက်ယာဘက်မှာရှိနေတဲ့ မှဲ့စိမ်းကလေးတစ်လုံးကြောင့်သာ ကျုပ်က ယုံရတော့တယ်..၊ ဖြူဝင်းတဲ့ သူ့အသားတွေဟာလဲ မွဲခြောက်တဲ့အဆင်းကို ဆောင်လာတယ်၊ ကျုပ်မှာလဲ ယူကြုံးမရဖြစ်ပြီး သူ့ကို ဖတ်ငိုရတော့တာပေါ့ "
ကြေကွဲစွာ ပြောနေသော အဘိုးကြီး စကားမဆုံးမီ သူက ...
" ဘာဖြစ်လာတာတဲ့လဲ "
ဟု ကိုမျိုးခိုင်က ဖြတ်မေးလိုက်သည်။
ကိုမျိုးခိုင်က အသံကို အဘိုးကြီးသာ သတိထားမိမည် ဆိုလျှင် မကြင်နာသော၊ မလိုမုန်းထားသောလေသံ ပါသည်ကို ရိပ်မိနိုင်ပေမည်။
" မေးလို့မရပါဘူး မောင်ရင်၊ လောကမှာ ကျွန်တော်လိုလူ၊ ကျွန်တော်လို စိတ်ထားမျိုးသာ ရှိကြမယ်လို့ ထင်မိ တဲ့ ကျွန်တော့် လောက်မိုက်တဲ့သတ္တ၀ါ မရှိဘူးလို့သာ ပြောရှာတယ်ကွယ့်၊ သြော် ... ကိုစောခိုင် ... ကိုစောခိုင် ... ဦး ရင်နာလိုက်ပါဘိ လူကလေးရယ် "
အဘိုးကြီးက ပြောရင်း မျက်ရည်သုတ်လိုက်၏။
" အခု ဦးစောခိုင်က ဘယ်မှာလဲ ဦးကြီး "
လိုရင်းကို သိချင်လှပြီဖြစ်သော ကိုမျိုးခိုင်က မေးလိုက်ပြန်၏။
ဆက်ရန်
.

1 comment:
ညီမရေ
ဖတ်သွားပြီနော်။ စိတ်ရှည်စွာနဲ့ ရေးသားမျှဝေတာ ကျေးဇူးတင်ပါတယ်ကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment