Wednesday, June 15, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၃၉)

အခန်း(၅၁)
အယ်လီ

အယ်လီသည် သူနှင့်ခေတ်ပြိုင် မိန်းကလေးများအတိုင်း ပဋိသန္ဓေတားဆီးရေးကို အပုံကြီး တတ်ကျွမ်း နားလည် ထားသူ ဖြစ်လေသည်။ နှစ်ဆယ့် ခုနစ်နှစ်ပြည့်ချိန်တွင် ပြက္ခဒိန်ကို ဂရုစိုက် သည်။ ခေတ်ပေါ် ပစ္စည်းများ နှင့် ဆေးလုံးများကို သုံးစွဲသည်။

သည် ဗဟုသုတများကို မိန်းကလေးအချင်းချင်း တီးတိုး စကားဝိုင်းများမှ လင်ကီ ရရှိခြင်း ဖြစ်သည်။ ဆောက်တည် ရာမရ ဖြစ်နေသည့် စကားဝိုင်းများ၊ မျက်ရည်စက်လက် ကြိတ်ဝိုင်းများ ဖြစ်လေသည်။ သို့သော် သူနှင့် ချစ်ခဲ့ကြသည်။ ဘယ်သကောင့်သားကမှ သည်ကိစ္စကို စိတ်မ၀င်စားကြ။ သည်တော့ စာအုပ်တွေ ဖတ်ရ၏။ အပေါင်းအသင်းများ ပြောသမျှ မှတ်ရ၏။ တစ်ခုမှ စိတ်မချရ။
၁၉၆၀ ခုနှစ်ပိုင်းတွင် ဆေးပြားတစ်ပြား ပေါ်သည်။ သူငယ်ချင်း မိန်းကလေးများ အယ်လီ မတရားဝ လာ၏။ ပိန်ရှည်ရှည် အယ်လီအဖို့ ဘယ်လောက် ပျော်စရာကောင်းသည့်အဖြစ်ပါလဲ။ ရင်သားတွေ ရော မျက်နှာပါ ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာသည်လေ။

သို့သော် ဆေးတန်ခိုးက ဤတွင် ရပ်မနေ။ ရင်သားတွေ ကိုယ်ဝန်ဆောင်တစ်ယောက်လို ဆက်လက် ကြီးထွားနေ၏။ တဖြည်းဖြည်း အယ်လီက သတိပြုမိလာသည်။ ဘုရား ဘုရား ရင်သားသာမက တင်သား၊ ပေါင်တံတွေ အားလုံး ကြီးလာခြင်းပါလား၊ အဆိုးဆုံးက မျက်နှာ၊ မျက်နှာကြီးက ရောင်ကိုင်းလာသလို။ ၀ိုင်းဝိုင်းစက်စက်ကြီး ဖြစ်လာ၏။ ဟယ် ခြေထောက်တွေရော ပါလား၊ ကြာလျှင် ခန္ဓာကိုယ်သည် ဘောလုံးကြီး ဖြစ်သွားဖို့သာ ရှိတော့မည်။
နောက်ဆုံးတွင် မလုပ်ချင်ဆုံး ဖြစ်သော ကိုယ်တိုင် အသုံးပြုနိုင်သည့် ပစ္စည်းကလေးဆီသို့ ပြန်ရောက် သွားသည်။

သည်ကာလတွင် အယ်လီနှင့် အိုဝင်ပြန်လည် ဆုံစည်းခြင်း ဖြစ်လေသည်။ သည်ကိစ္စမှာ ကရိထ များပြီး အခါခပ်သိမ်း သတိရှိဖို့ လွယ်သည့် ကိစ္စမဟုတ်။ ၁၉၆၈ ခုနှစ်၊ မတ်လတွင် ကိုယ်ဝန် ရှိနေမှန်း အယ်လီ သတိထား မိသည်။ သည်အသက် သည်အရွယ်အထိ သည်ပျော်ရွှင်မှုမျိုး အယ်လီ တစ်ခါမှ မရဖူးခဲ့။ အိုဝင် လည်း အလားတူရှိလိမ့်မည်ဟု အယ်လီ ယုံကြည်ပါသည်။ ချစ်သူ နှင့် လက်ထပ်ဖြစ်ပြီဟုလည်း အလေးအနက် ယုံကြည် လိုက်၏။

ပြောပြတော့ အိုဝင်က စိတ်ပျက်လက်ပျက် အမူအရာဖြင့်
"မင်းဟာက သေချာရဲကလားကွာ" တဲ့။
သို့သော် အိုဝင် ဣနြေ္ဒဆည်ကာ အယ်လီနှင့် အတူလိုက်ပြီး ပျော်ရွှင်ဟန်ပြသည်။ စိတ်ထဲတွင် ယောက်ျားလေး ဖြစ်ပါစေဟုတော့ အိုဝင် ကျိတ်ပြီး ဆုတောင်း၏။ သို့သော် လက်ထပ်ဖို့မူ တစ်ခွန်း တစ်ပါဒမျှ မဟ။ အယ်လီ ကမူ ထုံးစံအတိုင်း သတ္တိရှိရှိဖြင့် ဘယ်နည်းနှင့် မွေးရမွေးရ ချစ်သူ၏ မျိုးဆက်သွေးကို မွေးမည်ဟု ဆုံးဖြတ် ထားသည်။

အယ်လီ့ ငယ်သူငယ်ချင်း အားနက်ဂျုံးနှင့် မပတ်သက်ဖို့  ပြောသည့် အချိန်အထိ အိုဝင်က လက်ထပ်ဖို့ ကိစ္စ စိတ်မကူးသေး။ အယ်လီ့အကြောင်းကို အိုဝင် စဉ်းစား ကြည့်သည်။ သိပ်စိတ်ကူး သည့် မိန်းကလေး၊ အလွန် မတန် အပြစ်ကင်းစင်သည့် မိန်းကလး။
"မင်းကို သူတို့ အသုံးချသွားမှာ ကိုယ် စိုးရိမ်တယ် အယ်လီ"
အိုဝင်က သတိပေးသည်။ အားနက်စ်ဂျုံးသ်ည သူငယ်ငယ်က သိခဲ့သည့် ကောင်လေးမဟုတ် တော့။ အလွန် အန္တရာယ် များသည့် လူမည်းအကြမ်းဖက်သမား ဖြစ်နေပြီ။
အခန်း(၅၂)
အယ်လီ

ကျောင်းတုန်းက သူငယ်ချင်းတွေ အားလုံး ပြောင်းလဲခဲ့သလို၊ အယ်လီကိုယ်တိုင်ရော အားနက်စ်ဂျုံးပါ ပြောင်းလဲ ခဲ့ကြပြီ။ အားနက်စ်သည် သည်မျှ ထွားထွားကျိုင်းကျိုင်း၊ ပခုံးကျယ်ကြီး နှင့် လူထွားကြီးတစ်ယောက် ဖြစ်လာလိမ့်မည်ဟု အယ်လီ လုံးဝ မထင်ခဲ့။

အဖေ့အလုပ် ကို ဆက်မလုပ်တော့ဘဲ အားနက်စ်သည် နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ကာ အမေရိကန် အစိုးရ ဆန့်ကျင်ရေးတိုက်ပွဲများကို အချိန်ပြည့် ဆင်နွှဲနေလေပြီ။
"ကျားသစ်နက်" အပတ်စဉ် ဂျာနယ်တွင် အလုပ်ဝင်လုပ်ပြီး လိပ်စာအတိအကျ မရှိဘဲ ဖြစ်သလိုနေ၊ ဖြစ်သလို စားနေချိန်။ သူကြီးပြင်းသည့်ရပ်ကွက်နှင့် မလှမ်းမကမ်းရှိ ခပ်စုတ်စုတ် ဂျာနယ်ရုံးခန်းတွင် အိပ်လိုက်စားအိုက် လုပ်နေ၏။

ဟိုတုန်းက ချောချော မွတ်မွတ် မျက်နှာပေါ်တွင် ယခု မုတ်ဆိတ်မွေးရှည်ကြီးတွေ အပြည့်နှင့် ဖြစ်နေ၏။ လူမည်းတို့ အခွင့်အရေး စကားမှလွဲ၍ ဘာမှ မပြောတော့။

အားနက်စ်နှင့် ကွဲသွားပြီး ၁၉၆၆ ခုနှစ်တွင်မှ ၀ါရှင်တန် ပန်းခြံ ဆန္ဒပြပွဲတွင် အယ်လီနှင့် ပြန်ဆုံခြင်း ဖြစ်သည်။ တစ်ယောက် အကြောင်းတစ်ယောက် သတင်းဖလှယ်ကြပြီး အယ်လီ ဥတ္တရကြယ်တွင် လုပ်နေကြောင်းနှင့် အိုဝင့် အကြောင်းများ ပြောပြသည်။ အားနက်စ်ကလည်း ပင်းမင်း လုပ်ငန်းကို ထားခဲ့ကာ သည်လောကထဲသို့ ခြေစုံပစ်ဝင်ခဲ့ကြောင်း ပြောပြသည်။
အားနက်စ်နှင့် သူ့ကိုယ်သူ နာမည်ကျော် ရှေ့တန်းခေါင်းဆောင်တစ်ယောက် ဖြစ်လာမည်ဟု မယုံကြည်ကြောင်း၊ သို့သော် လူမည်းတို့ အခွင့်အရေးကို မတိုက်ဘဲ ထိုင်နေလျှင် တာဝန်ကျေရာ ကျမည် မဟုတ်ကြောင်းများ ပြောပြသည်။ အယ်လီကိုတော့ တိုက်ပွဲ မ၀င်ခြင်းကို အားမရကြောင်း စွပ်စွဲ ပြောဆိုသည်။ သို့သော် သူ့မျက်နှာကို စကားမပြောတော့ဘူး၊ သူတို့ သဘော မတူကြဘူးလေ"
"စိတ်မကောင်း ပါဘူးဟယ်၊ ငါ နင့်အဖေနဲ့ အမေကို ခင်ပါတယ်"

အယ်လီ ဟေဇယ်နှင့် ၀ီလျံဂျုံးကို မျက်စိထဲ မြင်ယောင်လာပြီး ပြောလိုက်သည်။ တစ်ဦးတည်းသော သားကလေးကို အလွန် ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်သည့် မိဘနှစ်ပါး။ သူတို့ဘယ်လို ခံစား နေရမည်ကို အယ်လီ တွေးကြည့်နေသည်။

"ကိုယ်က ဦးတည်ချက်နဲ့ လူသားလေ။ ဒီတော့ မိသားစုရဲ့ အပယ်ခံရတာပေါ့"
"တို့အိမှာ လိုက်ပြီး နင် ညစာ စားပါလား၊ အိုဝင့်ကို တွေ့ရင် နင်ခင်သွားမှာပါ"
"မထင်ပါဘူးဟာ"
အားနက်စ်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ ပြီးတော့ စကားဖြတ်ကာ လမ်းခွဲခဲ့ကြ၏။ အသား ရောင် ခွဲခြားရေး ကြောင့် အားနက်စ် အပြတ်ငြင်းတာလား၊ ဒါမှမဟုတ် ငယ်ငယ်ကတ အစွဲကလေး များ ကျန်နေ၍ လားဟု အယ်လီ ဝေခွဲမရ ဖြစ်နေ၏။

ထို့နောက် သုံးပတ်လောက် အားနက်စ်၏ သတင်းဘာမှ မကြားရ။ တွေ့လည်း မတွေ့တော့။ တွေ့စရာအကြောင်း မရှိတော့ဘူးလေ။ ဤသို့ ရှိစဉ် အားနက်စ်ဆီမှ ဖုန်းဝင်လာတော့ အယ်လီ အံ့သြသွားသည်။ ၁၉၆၇ ခုနှစ်၊ ဇွန်လထဲတွင် ဖြစ်၏။ ဥတ္တရကြယ်ကို လှမ်းဆက်ခြင်း ဖြစ်သည်။ ပင် အမေရိကန် အဆောက်အအုံရှေ့တွင် ထိုင် သပိတ်မှောက်ကြမည့်အကြောင်း သတင်းပေးခြင်း ဖြစ်၏။
"လူဖြူ စိုးမိုးဝါဒ ကို တို့ ဟန့်တားနိုင်တယ်ဆိုတာ ပြချင်တယ်လေ၊ မင်း လာခဲ့ပါလား အယ်လီ"

အယ်လီ မသွားချင်ပါ။ ရုံးတွင် အလုပ်တွေလည်း ပုံလို့လေ။ အိုဝင်ကလည်း လူမည်းခေါင်းဆောင် တွေ အကြမ်းဖက် ကြလိမ့်မည် ကြားကြောင်း သတိပေးထားသည် မဟုတ်လား။ သို့သော် အသားရောင် ခွဲခြားမှုကို အယ်လီက မထောက်ခံ။ ပြီးတော့ အားနက်စ်ကို အားနာသလိုလိုလည်း ဖြစ်မိသည်နှင့် လာခဲ့ပါမည်ဟု ကတိ ပေး လိုက်သည်။
ပင် အမေရိကန်လေကြောင်း ထိုင်သပိတ်မှာ လပေါင်းများစွာ ပြနေသည့် ဆန္ဒပြပွဲဖြစ်၍ သိပ် ထူးထူးခြားခြား မရှိလှ။ နောက်ပိုင်းတွင် အလားတူ သပိတ်တိုက်ပွဲ မှန်သမျှ အားနက်စ်က အယ်လီ ကို ခေါ်သည်။ အယ်လီက အလုပ်အားလျှင် စိတ်ပါလက်ပါလျှင် သွားသည်။ အိုဝင်က အားနက်စ်နှင့် မပတ်သက်ဖို့ ထပ်သတိပေးသည်။

"သူတို့ဟာက နိုင်ငံရေး မဟုတ်တော့ဘူး၊ လူဖြူမုန်းတီးရေး သက်သက် ဖြစ်နေပြီ။ အဲဒီကျားသစ် နက်တွေကို သူတို့ လူမည်း ခေါင်းဆောင်တွေက မထောက်ခံတော့ဘူး။ သူတို့က သတ်ဖို့ ဖြတ်ဖို့ သွေးဆာ နေတဲ့ ကောင်တွေ၊ တစ်နေ့နေ့မှာ သွေးချောင်း စီးကုန်လိမ့်မယ်၊ မယုံကြည်နေ၊ အဲဒီအထဲ မင်း မပါစေချင်ဘူး။ တက္ကသိုလ်တုန်းက လူမည်းကျောင်းသားတွေ မဲထည့်ခွင့်အတွက် စီတန်းပြီး အော်တဲ့ သဘောမျိုး မဟုတ်တော့ဘူး သိလား"
"အားနက်စ်ကို အယ်လီ ငယ်ငယ်ကတည်းက သိခဲ့တာပါ မောင်ရယ်၊ သူဟာ အကြမ်းဖက်သမား ဘယ်တော့မှ ဖြစ်မှာ မဟုတ်ပါဘူး"
အယ်လီက အားနက်စ်ဘက်မှ ကာကွယ် ပြောသည်။ အိုဝင် ဘာမှ ဆက်မပြောတော့။

၁၉၆၈ ခုနှစ် မတ်လထဲတွင် ဆန္ဒပြပွဲတစ်ခုကို တက်ဖို့ အားနက်စ်က အယ်လီ့ကို ခေါ်သည်။ ထိုအချိန်တွင် အယ်လီ ကိုယ်ဝန် နှစ်လ ရှိနေပြီ။ ချီတုံချတုံ ဖြစ်နေ၏။ အလုပ်သွားနေရသော်လည်း ကိုယ်ဝန်ရှိစမို့ နေမကောင်းချင်။ စနေ တနင်္ဂနွေ မြန်မြန် ရောက်ပါစေဟု ဆုတောင်းနေရချိန်။
အယ်လီ တွေဝေနေသည့်အတွက် အားနက်စ်က ဝေဖန်သည်။

"မင်းတို့လို မပြတ်သားတဲ့ လူတွေကြောင့် ဒီကောင်တွေ လူသတ်မှုအတွက် လွတ်နေတာ၊ မင်းက လူမည်း တွေဘက်က ရပ်တည်ချင်ပါတယ် ပြောပြီး မင်းလက်ဖြူဖြူကလေးတွေ ညစ်ပတ်သွားမှာ တော့ စိုးတယ် ပေါ့ ဟုတ်လား"
"င့ါမှာ ကိုယ်ဝန် ရှိနေပြီ အားနက်စ်၊ ရုတ်ရုတ်သဲသဲ ဖြစ်ရင် ဘယ့်နှယ်လုပ်မလဲ" လူထုဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေသည်။
"ဒါ နယူးယောက်ပါကွာ၊ ကနက်တီကတ် မဟုတ်ပါဘူး၊ တို့ခေါင်းဆောင် လင်းဆေးက ဒီမှာ လူမျိုးရေး အဓိကဂုဏ်း အဖြစ်မခံပါဘူး"
အားနက်စ်၏ နူးညံ့သည့်အသံကြောင့် အယ်လီ စိုးရိမ်စိတ်များ လျော့ပါးသွားသည်။

"ငါတို့ကို ကူညီပါ အယ်လီရယ်၊ လူဖြူတွေရဲ့ အကူအညီ အရမ်းလိုနေတယ်လေ၊ လူတွေက ဗီယက်နမ်စစ်ပွဲ ဆန့်ကျင့်ရေးပဲ အာရုံစိုက်နေကြတော့ ငါတို့ လှုပ်ရှားမှုကို မေ့နေကြတယ်၊ နင် ဘယ်လောက် အလုပ်များ တယ်ဆိုတာ ငါ သိပါတယ်ဟာ၊ နင် လာရင် ငါ သိပ်အားရှိမှာပဲ"
လာပါမည်ဟု အားနက်စ်ကို အယ်လီ ကတိပေးလိုက်သည်။ လူဖြူတိုင်း၊ လူမည်း မုန်းတီးရေး သမားချည်း မဟုတ်ကြောင်းလည်း အယ်လီ ပြလိုသည်။
လူအချို့က သည်တိုက်ပွဲကို အချိန်ပြည့် လှုပ်ရှားနေချိန်တွင် မိမိအနေဖြင့် စနေ နေ့ဝက်လာက် တော့ အချိန်ပေးသင့် သည်ဟု အယ်လီ ကိုယ့်ကိုယ်ကိုယ် ဆင်ချေပေးလိုက်သည်။
 
အခန်း(၅၃)
အယ်လီ

ဆန္ဒပြပွဲအတွက် စုရပ်မှာ မင်းဟက်တန်ရဲချုပ်ရုံး ရှေ့တည့်တည့်တွင် ဖြစ်သည်။ အယ်လီ ရောက်သွားတော့ လူငါးဆယ်လောက် စုမိနေပြီ။ အားလုံးလိုလို လူမည်းတွေချည်း။ လူငယ်လူရွယ် တွေ မပါသဖြင့် အယ်လီ အံ့သြသွားသည်။ ပွဲတိုင်းတွင် ရှေ့တန်းက ချီတက်သည်မှာ လူငယ်တွေ ဖြစ်၏။ သူတို့ ဘယ်ရောက်ကုန်ပါလိမ့်၊ တစ်နေရာရာတွင် ဗီယက်နမ် စစ်ဆန့်ကျင်ရေးပွဲတစ်ပွဲ ရှိ နေပြီဟု မှတ်လိုက်သည်။
သံဆူးကြိုးလိပ်တွေ ချထားသည့် လမ်းတွင် လျှောက်သွားရင်း အားနက်စ်ကို ရှာသည်။ အရိပ် အယောင်မှ မတွေ့။ ခါတိုင်းလို တယ်လီဗေးရှင်းသတင်းထောက်တွေလည်း မတွေ့ရ။ သတင်း သမားတွေ တရုန်းရုန်းနှင့် ငယ်ငယ်က နွှဲခဲ့သည့်ပွဲများကို အယ်လီ ပြန်လည် အောက်မေ့နေသည်။

အာဏာပိုင်တို့က လူမည်းလူနည်းစုကို အရေးမထားသည့်သဘော။ သို့အတွက် လူမည်းတို့ ပို၍ ဒေါသ ဖြစ်ပုံရသည်ဟု အယ်လီ ထင်သည်။ အယ်လီက အားနက်စ်ကို ဆက်ရှာသည်။ လူတွေကို ကြည့်ရသည်မှာ သူတို့ကို ထောက်ခံသူ ပရိသတ် နည်းလေလေ ဒေါသ ကြီးလေလေ ဖြစ်နေပုံ။ အယ်လီက အားနက်စ်ကို ကတိပေးထားသည့်အတိုင်း လာခဲ့မိသည့်အတွက် ၀မ်းသာလျက် ရှိသည်။

"အယ်လီ အယ်လီ၊ ဒီဘက်ကိုလာ"
အားနက်စ်ကို လှမ်းမြင်ရပြီ။ သူ့ဘက်ကို လာခဲ့ဖို့ လှမ်းအော်ခေါ်နေ၏။ သူက အ၀ါနှင့်အနက်ကြား သစ်သားတန်းကြီးရှေ့တွင် ရပ်နေသည်။ ရဲချုပ်ရုံးထဲသို့ လူတွေ မ၀င်နိုင်အောင် ချထားသည့် အရံ အတား စည်းရုံးများ၊ ဆန္ဒပြသူတွေ၊ စောင့်ကြည်နေသူတွေကို တိုးဝှေ့ပြီး အယ်လီ သူ့ဆီသို့ အရောက်သွားသည်။

"ရှေ့ကို လာခဲ့၊ ဒီရှေ့ကို"
အားနက်စ်က အယ်လီ လက်မောင်းကို ဆွဲပြီး ရှေ့တန်းသို့ ခေါ်သွားသည်။ ရှေ့သုံးပေအကွာတွင် ရဲသားတွေ တန်းစီ ရပ်နေကြသည်။ အားလုံး လူဖြူရဲတွေချည်း။ သူတို့ မျက်နှာတွေက တင်းမာ ခက်ထန်လျက်။ ဆန္ဒပြသမားတွေကို စူးစူးရဲရဲ စိုက်ကြည့်နေကြ၏။

"ဘယ်မှ မသွားနဲ့ သိလား၊ ကိုယ် ချက်ချင်း ပြန်လာခဲ့မယ်၊ ပွဲစပြီဆိုတာနဲ့ နင့် နောက်မှာ ငါ ရှိနေ မယ်"
နောက်မှ အမျိုးသမီးတစ်ယောက်နှင့် မိတ်ဆက်ပေးပြီး အားနက်စ် လူအုပ်ထဲ ပျောက်သွားသည်။ ဂျင်းဂေရီမှာ အရပ်မြင့်မြင့်၊ အရိုးအဆစ်ကြီးကြီး အမျိုးသမီးကြီး ဖြစ်သည်။ သံလွင်ရောင် အသားအရေနှင့် မျက်လုံးပြာများ ပိုင်ရှင်။ စီးတီးကောလိပ်တွင် သမိုင်းသင်သည့် ဆရာမဟု သိရ ၏။ ကြေးနီးနားကွင်းကြီးတွေ ဆွဲထားပြီး နီညိုရောင် ဆံပင်တွေက ကျောပေါ်တွင် ၀ဲကျနေ၏။ အားနက်စ် မိတ်ဆက်ပေးတော့ အမျိုးသမီးကြီးက ခေါင်းညိတ် နှုတ်ဆက်ပြီး ကျောင်းတွင် သူသင်သသည်မှာ သမိုင်း မဟုတ်ဘဲ သမိုင်းထဲက တော်လှန်ရေး ဖြစ်ကြောင်း ရယ်မော ပြောဆိုသည်။

"သူတို့က မျက်နှာဖြူတွေကို အမြဲတမ်းရှေ့တန်းမှာ တင်ချင်တယ်" ဟု ပြောပြီး "ကျားသစ်နက်" ဂျာနယ်တွင် အာဖရိက သမိုင်း ဆောင်းပါးတွေ ရေးနေကြောင်းလည်း ပြောပြ၏။
အယ်လီက ပြုံးပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အသိအကျွမ်းဆို၍ တစ်ယောက်မှ မပါ။ အင်အားနည်းလှသည့် သနားစရာ ဆန္ဒထုတ်ဖော်ပွဲကလေးပါလားဟု အယ်လီ၏စိတ်ထဲ တွေးနေမိ သည်။ ဘယ်သူမှ အရေးမထားသည့် ကန့်ကွက်ပဲမျိုး။ ဘယ်သူ့ကိုမှ မထိခိုက်နိုင်သည့် ဆန္ဒပြပွဲ ကလေးမျိုးလားဟု အယ်လီ၏ စိတ်ထဲ တွေးနေမိသည်။ ဘယ်သူမှ အရေးမထားသည့် ကန့်ကွက်ပွဲ မျိုး။ ဘယ်သူ့ကိုမှ မထိခိုက် နိုင်သည့် ဆန္ဒပြပွဲကလေးမျိုး။

ခေါင်းဆောင်လုပ်သူ စတင် ဟောပြောသည်။ ဥပဒေအတွင်းမှရော မတရား စော်ကား ဗိုလ်ကျမှု များကို စတင် ဟော ပြောသည်။ ဥပဒေအတွင်းမှရော အပမှပါ သတ်ဖြတ်နေမှုများကို ခရေစေ့တွင်း ကျ အထောက်အထား များဖြင့် တင်ပြလာတော့ လူနည်းစု ကလေးတွင် လှုပ်လှုပ်ရှားရှား ဖြစ်လာ သည်။
"လွတ်လပ်ရေး၊ လွတ်လပ်ရေး၊ လူမည်း လွတ်လပ်ရေး" အော်ဟစ် ကြွေးကြော်ကြသည်။
တုတ်ကိုင် ရဲတွေကို ကြည့်ပြီး လမ်းတစ်ဖက်မှ ထိတ်လန့် တုန်လှုပ်စွာဖြင့် မုန်းတီးစိတ်တွေ အယ်လီစိတ်ထဲ ဆူဝေ လာသည်။

"ခွေးသားတွေ၊ နယ်ချဲ့ အရင်းရှင်လက်ကိုင်တုတ်တွေ"
အော်သံတွေ ဆူသထက် ဆူလာ၏။ ခေါင်းဆောင် ဂျက်ဆင်ကလည်း လက်သီးဆုပ်ကို မြှောက်ကာ မြှောက်ကာ အမေရိကန်အစိုးရကို ကလော်ဆဲ၏။
ပရိသတ်၏ ဆဲသံဆိုသံတွေ ပို၍ ဆူညံလာ၏။
"နောက်ဆုတ်ကြ၊ နောက်ဆုတ်ကြ"
ရဲအဆောက်အအုံထဲမှ အသံချဲ့စက်ဖြင့် အော်သံထွက်လာ၏။

ဆန္ဒပြသမားတွေက ထိပ်တိုက်ရင်ဆိုင်ရန် အသင့်အနေအထားဖြင့် ပို၍ ပို၍ ပြင်းထန်ကျယ်လောင် စွာ ဆဲရေး တိုင်းထွာသည်။ နောက်မှ လူအုပ်ကြီးက ရှေ့သို့ တဖြည်းဖြည်း တိုးလာသည်။
ရှေ့မှ သစ်သားတန်းကြီးနှင့် နောက်မှ တိုးလာသည့် လူအုပ်ကြားတွင် အယ်လီ ညပ်စပြုလာသည်။ မတ်မတ်ရပ်နိုင်ဖို့ ကြိုးစားနေစဉ် တစ်စုံတစ်ယောက်က နောက်မှ ဆောင့်တွန်သလို ခံစားလိုက်ရ ၏။
"မတွန်းနဲ့၊ နောက်က မတွန်းနဲ့"
အယ်လီ အသံကုန် အော်သည်။ လဲကျသွားမည်ကို အရမ်းစိုးရိမ်နေသည်။ ရှေ့ကတန်းကို လက်နှင့် တွန်းကာ ကျားကန်ပြီး အတင်းတောင့်ထားသည်။ သစ်သားခုံတန်းကြီးတစ်ဖက် လန်ကျမလို ဖြစ်သွားပြီးမှ ကံကောင်းထောက်မစွာ ပြန်ကျလာသည်။

လဲကျမသွားအောင် အယ်လီ အနိုင်နိုင်ထိန်းလိုက်ရ၏။
"နောက်က မတွန်းကြနဲ့ မတွန်းနဲ့"
တအား ကျုံးအော်သည်။ သို့သော် အယ်လီ့ အော်သံကို ဘယ်သူမှ မကြားနိုင်တော့။ အသံချဲ့စက်မှ အဆက် မပြတ် သတိပေးသံနှင့် ပရိသတ်၏ ဆဲဆိုသံများကြားတွင် အယ်လီ့အော်သံသည် မထိုး ဖောက်နိုင် စွမ်းတော့ပေ။
သို့သော် အယ်လီ ဆက်အော်နေဆဲ။

"မတွန်းနဲ့ မတွန်းနဲ့"
နောက်မှ ဆန္ဒပြသမားတွေ ရှေ့သို့ ဆက်တိုးလာနေကြပြီ။ နောက်ကျောကို တစ်ယောက်ယောက် က ဆောင့်တွန်းလိုက်သည် ထင်၏။ အယ်လီ တစ်ဖက်သို့ ယိုင်သွားသည်။ နောက်ငဲ့ကြည့်လိုက် တော့ မိမိကို အတင်းတွန်းထိုးနေသူက အားနက်စ်ဂျုံး။
ရဲတွေဆီသို့ အယ်လီ ထိုးလဲသွားသည်။ ပေါင်ခွကြားကို ရဲတစ်ယောက်က တအား ကန်ထည့်လိုက် ၏။ ပြီးတော့ ရင်ဘတ်ကို တုတ်ဖြင့် ဖြတ်ရိုက်ချလိုက်သည်။
အထိတ်တလန့်နှင့် ငယ်သံပါအောငေ် အော်ပြီး အယ်လီ လဲကျသွား၏။ သစ်သားခုံတန်းတစ်ဖက်မှ ရဲတွေနှင့် နောက်ဘက်မှ လူအုပ်အကြားတွင် အယ်လီ ညှပ်ပူးညှပ်ပိတ်  ခံနေရပြီ။ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အုပ်စု နှစ်ခု၏ ကြားထဲတွင် လဲကျနေရာမှ အယ်လီ ထဖို့ ကြိုးစားသည်။

ငယ်သံပါအောင် အော်သည်။ ဘယ်သူမှ မကြား၊ လမ်းပေါ်တွင် လဲကျနေရင်း ၀မ်းဗိုက်ကို လက်နှင့် ဖုံးကာ သန္ဓေသား ကို အတတ်နိုင်ဆုံး ကာကွယ်နေသည်။
သတိလစ် မသွားခင် နောက်ဆုံး အယ်လီ မြင်လိုက်ရသည့် မြင်ကွင်းမှာ နား တစ်ဖက်မှ နားကွင်းကြီး ပြတ်ထွက် သွားကာ သွေးစိမ်း ရှင်ရှင်တွေ ပန်းထွက်နေသည့် မြင်ကွင်း ဖြစ်၏။
သတိပြန်ရလာတော့ ဆေးရုံ ရောက်နေမှန်း ချက်ချင်း သိလိုက်သည်။ ဘယ်သူမှ မပြောခင် မိမိ ရင်သွေး ကလေး ဆုံးပြီဆိုသည်ကိုလည်း အယ်လီ သိလိုက်၏။

သတင်းကြီးကြီးမားမား ဖြစ်မလာသည့် သနားစရာ ဆန္ဒပြပွဲကလေး။ မည်သည့် ပြောင်းလဲမှုကို မပေးနိုင်စွမ်း သည့် ဆန္ဒပြပွဲကလေးသည် အယ်လီံဘ၀ကိုမူ ဧရာမ အပြောင်းအလဲကြီး ဖြစ်စေခဲ့ သည်။
အားနက်စ်ဂျုံး က သူယုံကြည်ချက်အတွက် အဖေနှင့် အမေ၏ စွန့်ပစ်မှုကို ခံယူထား၏။ သည် ယုံကြည်ချက်မျိုး ကို အယ်လီက လုံးဝ စွန့်ပစ်လိုက်လေပြီ။

အယ်လီ ဆေးရုံတက်နေစဉ် ဂျင်းဂေရီလာရောက် သတင်းမေးသည်။ ဘယ်ဘာက်မျက်လုံးတစ်ခု လုံး ညိုမည်း ရောင်ကိုင်းလျက်၊ နားတစ်ဘက်တွင် ပတ်တီးစည်းလျက်။
"မင်း ကလေး ဆုံးရတာ ကိုယ် ၀မ်းနည်းမဆုံးပါဘူး အယ်လီ၊ မင်းမှာ ကိုယ်ဝန်နဲ့မှန်း ကိုယ်မသိဘူး၊ ကိုယ်သာ ကိုယ်ဝန် နဲ့ဆို မင်းလို သတ္တိမျိုး ရှိမှာ မဟုတ်ဘူး"
"သတ္တိ ဟုတ်လား၊ ကျွန်မ ယုံကြည်တဲ့ ကိစ္စတစ်ခုအတွက် မတ်တတ်သွားရပ်ပေးရုံလောက်ပဲလေ"
"ဟင် မင်း မသိဘူးလား၊ သဘောမပေါက်ဘူးလား"
ဂျင်း ဆိုသည့် အမျိုးသမီးကြီးက အယ်လီ့ကို မယုံကြည်နိုင်စွာ ကြည့်ပြီး မေးသည်။

"ဘာကို သဘောပေါက်ရမှာလဲဟင်"
"သူတို့က လူဖြူတွေကို ပြန်အသုံးချတာလေ၊ အထူးသဖြင့် အမျိုးသမီးတွေပေါ့၊ မင်းတို့ ငါတို့လို အမျိုးသမီး တွေကို တမင်ရှေ့တန်းတင်တာ။ ရဲတွေက လူမည်းတွေနဲ့ ပတ်သက်တဲ့ လူဖြူအမျိုးသမီး တွေကို တအားမုန်း တယ်ဆိုတာ သူတို့ သိတယ်လေ၊ လူမည်း ကို ကြိုက်တဲ့ မိန်းမတွေဆိုပြီး ရဲက ရိုက်ချင်လို့ လက်ယားနေတာ"
"ရဲတွေ ရဲ့ အမြင်က ဆန္ဒပြပွဲကို တို့ဦးဆောင်တာ၊ လူမည်းတွေ ဦးဆောင်တာ မဟုတ်ဘူး"

ဂျင်းဂေရီပြောသမျှ နားထောင်ရင်း  အားနက်စ် နောက်က အတင်းတွန်းပုံကို ပြန်သတိရလာသည်။ အိုဝင် ပြောတာ မှန်နေပြီပဲ၊ အသုံးချခံရခြင်းပါလား။ ဂျင်းကို ဘာမှ ပြန်မပြောနိုင်ဘဲ ငေးကြည့် နေရင်း အယ်လီ့ မျက်လုံးပြာ များထဲမှ မျက်ရည်ဥတွေ လိမ့်ဆင်းလာသည်။ အလှည့်စားခံရသဖြင့် နာကြည်းစွာ ကျလာသည့် မျက်ရည်များ၊ အပြစ်မဲ့ ရင်သွေးကလေး ဆုံးရခြင်းအတွက် ယူကျုံးမရ ဖြစ်နေ၏။
"အဲဒါ သိနေလျက်သားနဲ့ ရှင်ကကော ဘာလို့  ၀င်နွှဲတာလဲ"
"အသားရောင် ခွဲခြားတာကို ကိုယ် မုန်းတယ်လေ၊ ကိုယ်က သဘောတရားရေးသမား သက်သက် ကွယ့်"
စိတ်ပျက် သည့် လေသံဖြင့် ဂျင်းက ရှင်းပြသည်။

နောက်ထပ် ကလေးရနိုင်ပါဦးမလားဟု အယ်လီက ဆရာဝန်ကို မေးကြည့်သည်။ အသေအချာ မသိနိုင် သေးကြောင်း၊ ပြောဖို့ စောသေးကြောင်း ဆရာဝန်က ရှင်းပြသည်။
အားနက်စ်ဂျုန်း အကြောင်း အယ်လီ ဘာမှ မကြားရ။ ဖုန်းလည်း မဆက်တော့။ ဆေးရုံကိုလည်း လာမကြည့်။ သက်သက်အသုံးချသွားခြင်းမှာ ထင်ရှားနေပြီ။  လက်စသတ်တော့ မိမိက အားနက်စ်၏ "နယ်" ရုပ်ကလေး တစ်ရုပ် ဖြစ်ခဲ့ရခြင်းပါတကား။

အယ်လီ ၏ အသက်နှင့်သိက္ခာကို ကယ်ဆယ်ခဲ့သူမှာ အိုဝင်သာ ဖြစ်လေသည်။ အိုဝင်သည် အယ်လီ့ အတွက် မှီခိုရာ၊ လဲလျောင်းရာ၊ အားထားရာ။ အိုဝင်သည် လောကနီတိကို ဘေးဖယ် ထားလေ့ရှိသော်လည်း သူ့တွင် စွဲမြဲယုံကြည်မှု ရှိသလောက် ရှိသည်။
အိုဝင့် တွင် အမျိုးသမီးများအား အကာအကွယ် ပေးရမည်၊ ဂရုစိုက်ရမည် ဟူသည့် အစွဲ ရှိသည်။ အယ်လီ့ကို နှစ်သိမ့်သည်။ အယ်လီ့အတွက် တိုက်ပွဲဝင်ပေးသည်။ မြတ်နိုးစွာ အချစ်မိုးတွေ ရွာချ ပေးသည်။ အားမငယ် အောင် ရပ်တည်ပေးသည်။

ဆက်ရန်
.

No comments: