Thursday, June 2, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၁)

စာရေးသူ၏အမှာစာ

ယခု ကျွန်မရေးသားသော "မြသေလာတောင် ဆွေးဖွယ်နှောင်သည်" ၀တ္ထုအား ကျွန်မသည် ကရင် ပြည်နယ် မြို့တော် ဘားအံ့တွင် နေထိုင်စဉ်ကပင် ရေးသားရန်ဆန္ဒရှိခဲ့ပါသည်။ သို့သော်အကြောင်း အချက် အလက် များ ပြည့်စုံစွာ ရှာဖွေစုံစမ်း၍ မရသေးသောကြောင့် မရေးသားဖြစ်ခဲ့ချေ။ ယခု ကော့ကရိတ်မြို့သို့ရောက်မှ စာဖတ်ပရိသတ်များ စိတ်တိုင်းကျဖြစ်စေအောင် ရေးသားနိုင်မည့် အကြောင်း အချက်များ ထိုက်သင့်သမျှ စုဆောင်းရရှိ၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

ဤ၀တ္ထုဖြစ်ပေါ်လာစေသော မူလအရင်းခံသဲလွန်စကား ကျွန်မသည် ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကရင်ပြည်နယ်မြို့တော် ဘားအံ့သို့ရောက်ခဲ့ပါသည်။ ဈေးဝယ်ရန်လာခဲ့သော ကျွန်မသည် ဘားအံ့ မြို့ဈေး အတွင်း ဆိုင်တစ်ဆိုင်မှာ ဆားနှင့်ဆေးရွက်ကြီးများ ၀ယ်နေသော အသက်ငါးဆယ်ရွယ် ကရင်အဘိုးကြီး သုံးယောက်အား အမှတ်မထင် တွေ့မိပါသည်။ အခြားသော ကရင်အမျိုးသားများ ရုပ်ရည်နှင့်မတူဘဲ ဖြူဖပ်ဖြူရော် အသားအရည်၊ ခပ်မို့မို့ မျက်ခွံ့၊ ကြောင်တက်တက် မျက်လုံး၊ ပြောင်နေသော ခေါင်းတုံးနှင့် အနီအနက်စင်း သင်တိုင်းရှည်ကြီးများကို ၀တ်ထားသော ထိုအဘိုး ကြီး သုံးယောက်သည် ဆွံ့အသော သူများ ကဲ့သို့ စကားတစ်လုံးမျှ မပြောဘဲ ခြေပြလက်ပြ ဈေး ၀ယ်နေသည်ကို တွေ့ရ၍ အံ့သြမိပါသည်။

ဈေးရောင်းသူများအား မေးမြန်းကြည့်မိရာ ထိုအဘိုးကြီး သုံးယောက်မှာ ကရင်များပင်ဖြစ်သော် လည်း ဘာသာ စကားမှာတစ်မျိုးဖြစ်၍ သူတို့၏စကားကိုလည်း အခြားသောကရင်များက နားမ လည်၊ အခြားသော ကရင်များ စကားကိုလည်း သူတို့က နားမလည်၊ ထို့ကြောင့် ခြေပြလက်ပြ ဈေး ၀ယ်ကြကြောင်း၊ သုံးလမှ တစ်ခါ လောက်သာလျှင် လာတတ်ကြောင်း၊ ၀ယ်ယူသော ပစ္စည်းများမှာ ဆား၊ ဆီနှင့် ဆေးရွက်ကြီးသာလျှင် ဖြစ်ကြောင်း ကြားသိရပါသည်။ ကျွန်မသည် ထိုအဘိုးကြီး သုံး ယောက်အကြောင်းကို စိတ်မ၀င်စားတော့ဘဲ မေ့ပျောက် လိုက်ပါ၏။

၁၉၆၀ ခုနှစ်တွင် ကျွန်မသည် ကရင်ပြည်နယ်တွင်းရှိ ဆဒ္ဒန်ဂူသို့သွားခဲ့ပါသည်။ (ဆဒ္ဒန်ဂူဆောင်းပါး ကို သွေးသောက် မဂ္ဂဇင်းတွင် ရေးသားဖော်ပြပြီး ဖြစ်ပါသည်။) ဆဒ္ဒန်ဂူသို့သွားရာလမ်းတွင် ဖြတ် သန်းသွားရသော ရွာများအနက်မှ "အိန္ဒုရွာ" "မြပြည်ရွာ" (ယခု မပြေ့ရွာဟု ခေါ်သည်) ဟူသော ရွာနှစ်ရွာ ၏ နာမည်ကို စိတ်ဝင်စားမိသဖြင့် မေးမြန်းစုံစမ်းမိပါသည်။

ထိုအခါသိရသည်မှာ လူ့ပြည်ရှိ မြသားဆင်းတုတော်ကို ဖူးမြော်ရန် ထက်ကောင်းကင်မှ နတ်ဘုရင် သိကြားမင်း ဆင်းသက်သော နေရာဖြစ်၍ လူအများ ရွာတည်ထောင်နေသောအခါ သိကြားမင်းကို အစွဲပြုပြီး ရွာအမည် ကို "အိန္ဒာ ဒေ၀" ဟု အမှတ်သညာ ပြုခဲ့ကြောင်း၊ ကာလရွေ့လျော၍ အိန္ဒုရွာဟု ခေါ်တွင်ကြောင်း။ ယခု မပြေ့ရွာဟု ခေါ်သောရွာမှာ နာမည်ရင်း "မြပြည်ရွာ" ဖြစ်ကြောင်း။ ရွာမှ အတော် ဝေးသော တစ်နေ ရာရှိ တောင်ကုန်းတစ်ခုပေါ်မှာ ပြည်တန်သော မြဆင်းတုတော် တစ်ဆူရှိကြောင်း။

ထိုတောင်မှ နတ်ဆေးပင်များ အများအပြားရှိကြောင်း၊ တစ်ခါတစ်ရံ အကြောင်းအားလျော်စွာ မျက်စိလည် လမ်းမှား၍ တောင်တန်းပေါ် ရောက်သွားသူတို့သည် ကြည်ညိုဖွယ်ကောင်းလှသော မြသား ဆင်းတုတော် ကို ဖူးခဲ့ရပြီး ထူးဆန်းသောအပင်များကို တွေ့ခဲ့ရကြောင်း၊ မြဘုရားနှင့် ထို အပင်များကို တွေ့လို ဖူးလိုစိတ်နှင့် အထူးတလည် သွားရောက်ရှာဖွေသောအခါ ဖူးတွေ့ရမည်ကို ဝေးစွ။ နေရာကိုပင် ရှာမတွေ့ အောင် ဖြစ်ခဲ့ရကြောင်း။ တောရိုင်း တိရစ္ဆာန်နှင့် မြွေဆိုးများကြောင့် အသက်လု ပြန်ပြေး ခဲ့ရကြောင်း။ ထို မြသားတုတော်ကို ဖူးခဲ့ရသည့်သူများက တည်ထောင်ခဲ့သော ရွာဖြစ်၍ မြပြည်ရွာဟု ခေါ်တွင်ခဲ့ကြောင်း ကြားသိခဲ့ရပါသည်။

ကျွန်မသည် စာရေးဝါသနာပါသူပီပီ နှုတ်အငြိမ်မနေတတ်သူ ဖြစ်သည့်အလျောက် ကရင်ပြည်နယ် မြို့တော် ဘားအံ့ မှာ နေထိုင်စဉ်အတွင်း ရောက်နိုင်သရွေ့သော အရပ်ဒေသမှ အသက်အရွယ်ကြီး ရင့်သူ ကရင်အဘိုးကြီး၊ အဘွားကြီးများကို တွေ့လျှင် လက်ဆောင်ပစ္စည်း စသည်ဖြင့် ကန်တော့ ကာ ရှေးဟောင်း နှောင်းဖြစ် များမေးလေ့ရှိသည်တွင်မှ ကရင်အဘိုးကြီး သုံးယောက်အကြောင်း အစပေါ်လာပြန်ပါသည်။

ထိုကရင်အဘိုးကြီး သုံးယောက်တို့ နေထိုင်ရာကား လူသူမနီးသည့် နက်ခေါင်သော တောတောင်အတွင်းမှာ သီးသန့် နေထိုင်ကြကြောင်း။ အပြင်အပလူများနှင့် ဒွေး ရောယှက်တင် ၀င်ထွက်သွားလာ ဆက်သွယ်ခြင်း မရှိကြောင်း။ ၎င်းတို့နေထိုင်ရာကိုလည်း အခြား သောလူမျိုးများ လာရောက်ခွင့်မပြုကြောင်း။ လူပျိုလူရွယ်များ၊ ကလေးများ၊ မိန်းမသားများသည် ၎င်းတို့နေရာ တောင်စောင်းမှ မည်သည့်အခါမှ ထွက်လာလေ့ မရှိကြောင်း။ ၎င်းတို့ နေထိုင်ရာဒေသ မှ ထွက်သော အသီးအနှံကို သက်ကြီးရွယ်အို အဘိုးကြီး များကသာ ထွက်လာရောင်းချလေ့ရှိပြီး အလိုရှိသော ပစ္စည်းများကို ၀ယ်ရန်လည်း သက်ကြီး ရွယ်အို အဘိုးကြီးများသာ ထွက်ဝယ်လေ့ရှိ ကြောင်း။

၎င်းဒေသရှိ လူများအားလုံးမှာ သက်သက်လွတ်သာလျှင် စားလေ့ရှိကြောင်း။ ၎င်းတို့်နေထိုင်ရာ တောင်တန်း တွင် ရှေးယခင် လွန်လေပြီးသော နှစ်ပေါင်းများစွာက မြရတနာများ၊ မြဘုရားများ၊ နတ် ဆေးပင်များ ရှိခဲ့သော်လည်း ယခုမူ လုံးဝအစပျောက်အောင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို ကြားသိရပါသည်။ သို့သော် ဆောင်းပါး၊ သို့မဟုတ် ၀တ္ထုတစ်ပုဒ်ဖြစ်လောက်အောင် ပြည့်စုံသည် မဟုတ်၍ ကျွန်မသည် စိတ်ထဲ မှာသာ ထားခဲ့ပါသည်။

ဘားအံ့မြို့မှ မော်လမြိုင်မြို့သို့ ကျွန်မပြောင်းလာသောအခါ ခင်ပွန်းသည်အတွက် တပ်မတော်က ပေးထားသော မော်တော်ကားကို မောင်းရသည့်ရဲဘော်ဇနီးမောင်နှံမှာ ကျွန်မနှင့်သားသမီးနှင့် မိဘ သဖွယ် ခင်မင်ရင်းနှီး၍ အိမ်မှာပင် အနေများလာသောအခါ ရင်းရင်းနှီးနှီး စကားစမြည်ပြောလေ့ရှိပါ သည်။ ကား မောင်းသော ရဲဘော်၏ဇနီးမှာ ဘားအံ့ခရိုင် မဲတောင်ရွာသူ ကရင်အမျိုးသမီးလေး ဖြစ် ပါသည်။

တစ်နေ့တွင် ကျွန်မသည် ထိုကလေးမလေးနှင့် ကရင်ပြည်နယ် ဘားအံ့မှာနေစဉ်က "ဇွဲကပင် တောင်" ရေတံခွန် ထမ်မတိုင်တောင် (ဇွဲကပင်တောင်နှင့် ရေတံခွန် ထမ်မတိုင်တောင်များအ ကြောင်းကို သွေးသောက်မဂ္ဂဇင်းတွင် ဆောင်းပါးများအဖြစ် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်) များ ကို တက်စဉ်က အကြောင်း များ စကားစပ်ပြောကြရာမှ ကလေးမလေးက "အမေ နောင်စငဲ့တောင် ကို ရောက်ဖူးလား"ဟု မေးပါသည်။

ကျွန်မက မရောက်ဖူးကြောင်း၊ နာမည်ပင် မကြားဖူးကြောင်း ပြန်ပြောသောအခါ ကလေးမလေးက တစ်ကြိမ်သော အခါက သူသည် ထိုတောင်တန်းအနီးရှိ ရွာတစ်ရွာသို့ အလည်သွားခဲ့ကြောင်း၊ တစ် နေ့တွင် မှိုရှာ၊ မျှစ်ချိုးရင်း မျက်စိလည်လမ်းမှား၍ နောင်စငဲ့တောင်တန်းပေါ် ရောက်သွားကြောင်း၊ တောင်တန်း၏ တည်နေပုံ ပုံသဏ္ဍာန်ထူးခြားကြောင်း၊ တောင်ပေါ်တွင် ဆူးစည်းရိုး အထပ်ထပ် ကာ ထားသော ရွာတစ်ရွာ တွေ့ခဲ့ကြောင်း။

ထိုရွာကို ချောမောလှပသော မိန်းမပျိုတစ်ယောက်က ဘုရင် မအဖြစ် အုပ်ချုပ်နေကြောင်းနှင့်တကွ သူတွေ့ခဲ့ရသမျှကို ပြန်လည်ပြောပြသောအခါမှ ဘားအံ့ ဈေးအတွင်းမှာ ကျွန်မတွေ့ခဲ့ရသော ထူးခြားသည့် ကရင်အဘိုးကြီး သုံးယောက် တို့၏ ဇာတိချက်ကြွေ သီးသန့်မြေဖြစ်၍ ကျွန်မ ကြားခဲ့ဖူးသမျှသော အကြောင်း များမှာ တစ်ခုနှင့် တစ်ခု အံ့သြဖွယ် ဆက်စပ်နေကြောင်း သိရပါသည်။

"ကျွန်မလဲ ဆူးစည်းရိုးအပြင်က ချောင်းကြည့်ခဲ့ရတာ အမေရဲ့၊ ဘုရင်မ ရေချိုးလာတာတွေ့ရတယ်၊ သိပ်လှတယ် အမေ၊ ဒါပေမယ့် သူတို့ရွာနား အပြင်လူကပ်လာရင် ဒူးလေးနဲ့ပစ်သတ်တတ်တယ်၊ ကျွန်မ ကြောက်တာနဲ့ ကြာကြာမကြည့်ဘဲ ပြန်ပြေးလာခဲ့တယ်"ဟု ကလေးမလေးက သူ့စကား နိဂုံးချုပ်လိုက် ပါသည်။

ကျွန်မသည် မော်လမြိုင်မှ ကော့ကရိတ်သို့ပြောင်းလာသောအခါမှ စုံစမ်းမေးမြန်းရင်း "နောင်စငဲ့" တောင် အကြောင်း ကို အတော်အတန် စုံလင်အောင် သိလာရသောအခါမှ အကြောင်းအချက်များ အားလုံး ဆက်စပ်ကာ ဤ "မြသေလာတောင် ဆွေးဖွယ်နှောင်သည်" ၀တ္ထုကို ရေးသားလိုက်ရပါ သည်။ နောင်စငဲ့ဒေသမှ ထူးဆန်းလှသော လူတစ်စု၏၀တ်စားဆင်ယင်မှု၊ နေထိုင်မှုများမှာ မျက်မြင်ကိုယ်တွေ့ ချောင်းမြောင်း ကြည့်ရှုခဲ့သော ရဲဘော်၏ဇနီး ကရင်အမျိုးသမီးကလေး ပြောပြ သည့်အတိုင်း ရေးသား ခဲ့ခြင်း ဖြစ်သည်။ သိသူ မရှိသလောက်ရှား၍ လူသူပေါက်ရောက်ဆက်သွယ် ခြင်း လုံးဝမရှိသော ဤသီးသန့်ရွာ ကလေးကား နောင်စငဲ့တောင်တန်းပေါ်ဝယ် ဆိတ်ငြိမ်အေးချမ်း စွာ တည်ရှိနေသည်။

ယခုထက်တိုင် အသက်ထင်ရှားရှိနေသေးသော ထူးဆန်းလှသည့်လူတစ်စုကား ရှေးယခင်ကလို စည်ကား သာယာ ကျယ်ပြန့်စွာမရှိတော့ဘဲ ဆုတ်ယုတ် တိမ်ကောကာ ရွာသိမ် ရွာငယ်အဖြစ်သာ လျှင် ကြွင်းကျန်ရစ် ၍ ချစ်စဖွယ် ချောမောလှပသော ဘုရင်မ အမှတ်သညာထားသည့် မိန်းမသား တစ်ယောက်က အုပ်စိုးဆဲပင် ဖြစ်ပေသည်။

အခန်း (၁)
၁၉၆၃၊ မတ်လ ၁၆ ရက်နေ့။

 အချိန်မှာ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ သူခိုး၊ ဓားပြ မုဒိမ်း ကင်းငြိမ်းသော မြန်မာပြည်သည် ဗြိတိသျှ နယ်ချဲ့လက်အောက်မှာ ကျွန်နိုင်ငံအဖြစ်ဖြင့် ဖိနှိပ်ခံနေရသောအခါ ဖြစ်၏။ ထိုခေတ် ထိုအချိန်က မြန်မာလူမျိုး တိုင်းပင် အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး မှည့်စွန်းမထင်အောင် ဖြူစင် သောသိက္ခာဖြင့် နေထိုင် သူ များပြားသည်။
အထူးသဖြင့် မြန်မာဘုရင်နောက်ဆုံး နန်းစံတော်မူသွားရာ မန္တလေးမြို့တွင် မဟာဆွေတော် မျိုး တော်များ ကလည်း ဆွေတော် မျိုးတော်အလျောက်၊ မှူးမတ် စစ်မှုထမ်းအဆက်အနွယ်များကလည်း မိမိတို့မျိုးရိုး အဆက်အနွယ် အလျောက် တည်ကြည်စွာ နေထိုင်၍ နာမည်နှင့် ဂုဏ်သိက္ခာကို အထူး ထိန်းသိမ်း ကြ လေသည်။

မန္တလေးမြို့ အရှေ့ပြင်ဝယ် သာယာသော ခြံကြီးအတွင်းမှာ ဆောက်လုပ်ထားသော ခြေတံရှည် သစ်သား တစ်ထပ်အိမ် တစ်ဆောင်တွင်ကား မြန်မာဘုရင် လက်ထက်က စစ်မှုထမ်း အမျိုးအနွယ်ဖြစ်သော ဦးစောအေး ဆိုသူ နေထိုင်လေသည်။ ဇနီးသည်ဆုံးပါးကွယ်လွန်သွားသော်လည်း နောက်အိမ်ထောင် မထူဘဲ၊ တစ်ဦးတည်းသောသား ကိုစောခိုင်ကို စောင့်ရှောက်ရင်း ထမင်းချက်တပည့်ကြီးဖြစ်သော အိမ်တော်ပါ ငယ်မွေးခြံပေါက် ဦးဘိုးဦးနှင့် အေးချမ်းစွာနေသော ဦးစောအေးအဖို့ တစ်နှစ်တစ်ကြိမ် ရွှေဘို နယ်ရှိ လယ်မြေများမှ သီးစားခများ သွားသိမ်းသည့်အလုပ်မှလွဲ၍ အခြားအလုပ်မရှိချေ။ လယ်မြေဆီခ ငွေဖြင့် မပူမပင် စားသောက်နေထိုင်နိုင်လေသည်။

ဦးစောအေးသည် စာကြည့်ခန်းအတွင်းရှိ ပက်လက်ကုလားထိုင်ပေါ်မှာ လဲလျောင်းရင်း ဆေးပြင်းလိပ်ကို ခံကာ အပြင်ဘက်သို့ ထွက်သွားသောသား ကိုစောခိုင် ပြန်အလာကို စောင့်မျှော်နေလေသည်။
ထိုနေ့ကား အင်္ဂလိပ်မြန်မာ ဆယ်တန်း စာမေးပွဲများ အောင်စာရင်းထွက်မည့်နေ့ဖြစ်၍ ကိုစောခိုင်သည် အိမ်သို့ သတင်းစာလာပို့မည့်အချိန်ကိုပင် မစောင့်နိုင်ဘဲ သတင်းစာ ကိုယ်စားလှယ်အိမ်သို့ ကြိုတင် ထွက်ခွာ သွားခြင်းဖြစ်သည်။

ဦးစောအေးသည် ဆေးပြင်းလိပ်ကို မီးခိုးထောင်းထောင်းထအောင် ဖွာရှိုက်ရင်း တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားခန်း ၀င်နေရာမှ စာကြည့်ခန်းအတွင်းသို့ ၀မ်းသာအားရ အပြေးအလွှား ၀င်လာသော သားဖြစ်သူ ကိုစောခိုင် အား လှည့်ကြည့်လိုက်၏။ ကိုစောခိုင်၏ မျက်နှာကား လန်းဆန်းကြည်ရွှင်လှ၏။
" အဖေ ကျွန်တော် စာမေးပွဲအောင်တယ်၊ ဟောဒီမှာ ကျွန်တော့် ခံနံပါတ်နဲ့ နာမည် ... "

ကိုစောခိုင်က လက်တွင်းမှာ ကိုင်လာသော သတင်းစာကို ဖွင့်ကာ ဖခင်အားရိုသေစွာ လှမ်းပေး၍ သူ့နာမည် ကို လက်ညိုးနှင့် ထောက်ပြလိုက်ပြီး ဖခင်၏ ခြေထောက် ချထားရာ အနီး ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်၏။ ဦးစောအေး က သား၏ နံပါတ်နှင့် နာမည်ကို တစ်ချက်မျှကြည့်ကာ သတင်းစာကို ပိတ်ပြီး ပေါင်ပေါ်မှာ အခေါက်လိုက် တင်ထားလိုက်၏။
" ကျွန်တော့် နာမည်မှာ မှတ်ထားတဲ့ ခရေပွင့် တွေ့လားအဖေ "

ကိုစောခိုင်က နှစ်သိမ့် အားရစွာ မေးလိုက်၏။ ထိုခေတ်အခါက ဆယ်တန်း အောင်သူများသည် မိမိတို့ နာမည်မှာ ခရေပွင့်အမှတ်ပါသည် မပါသည်ကို ဂရုစိုက်ကြရ၏။ ခရေပွင့် အမှတ်ပါသော နာမည်ရှင်မှသာ လျှင် အေစာရင်းမှ အောင်မြင်သူများဖြစ်၍ တက္ကသိုလ်သွားခွင့်ရသည်။ ခရေပွင့်အမှတ် မပါသော နာမည်ရှင် မှာ ဘီစာရင်းမှ အောင်သူဖြစ်၍ တက္ကသိုလ်ဝင်ခွင့် မပြုချေ။ ဗြိတိသျှ နယ်ချဲ့ အစိုးရက ပညာသင်ကြားရေး မှာ အဆင့်အတန်း ခွဲထားသော ခေတ်ဖြစ်သည်။

" တွေ့ပါတယ် သား .... "
ဦးစောအေးက သားစာမေးပွဲ အောင်သည်ကို ကျေနပ်ဝမ်းမြောက်သော်လည်း အဖြေကို တိုတိုပင် ပေးလိုက်၏။ တစ်စုံတစ်ရာကို ကြံစည်စိတ်ကူးထားသော မျက်နှာဖြင့် သားအား ငေးကြည့်နေသည်။ ကိုစောခိုင်ကား ဖခင်၏ မျက်နှာကဲကို ဂရုမစိုက်မိ၊ အမှတ်မဲ့ပင်။
" ကျွန်တော် တက္ကသိုလ် ဆက်သွားမယ်နော် အဖေ "
ကိုစောခိုင်က ရွှင်မြူးစွာ ဆိုလိုက်၏။ ဦးစောအေးသည် အတန်ငယ် တွေနေပြီးမှ ...
" ဟိုသူငယ် ဘဆွေလေးရော အောင်သလား" ဟု မေးလိုက်သည်။

" မအောင်ဘူး အဖေ၊ သူ့ခမျာ ဘယ်အောင်ပါ့မလဲ၊ ကျောင်းလခ၊ စာအုပ်ဖိုး၊ မုန့်ဖိုးက အဖေက ထောက်နေလို့သာ ကျောင်းနေရတာ၊ စာကျက်ဖို့ အချိန်မှမရှိဘဲ၊ သူ့ဦးလေးနဲ့ အဒေါ်က ကျောင်း ချိန်က လွဲရင် မီးဖိုချောင်နဲ့ ပန်းတိမ်ဖိုကို တလှည့်စီခိုင်းနေတာ အဖေရဲ့ "
မိမိ တို့က ထောက်ပံ့ပေးကမ်း ပညာသင်ပေးနေရသော သူငယ်ချင်း ကိုဘဆွေအတွက် ကိုစောခိုင်က စိတ် မကောင်းစွာ ပြောလိုက်၏။

" အေး .... သားက မိဘမဲ့ ဆွေမျိုးမဲ့ ဆင်းရဲလို့ ဦးလေးအိမ်မှာ ကပ်ရပ်နေရတဲ့ သူငယ်ချင်းမို့ ကြင်နာစိတ် ထားပြီး ထောက်ပံ့ပါ ပြောတာနဲ့ အဖေက သားစိတ်ကောင်းအောင် ထောက်ပံ့နေတာ၊ အနားမပေးပဲ ခိုင်း နေတဲ့ သူ့ဦးလေးနဲ့ အဒေါ်ကြောင့် စာကျက်ချိန်မရှိလို့ အောင်မှာမဟုတ်ဘူး ဆိုတာတော့ အစကတည်းက အဖေ တွက်ထားပြီးသားပါကွယ် "
ဦးစောအေး က တွေးတွေးဆဆ ပြောလိုက်၏။

" သနားပါတယ် အဖေ၊ အောင်စာရင်းမှာ သူ့နာမည် မပါတော့ သူ မျက်ရည်ကျတယ်။ သူ့ဦးလေးနဲ့ အဒေါ် ကတော့ ဆဲမှာပဲလို့ ညည်းတယ်၊ ပိုက်ဆံလဲ တစ်ပြားမှ မရှိဘူးဆိုလို့ ကျွန်တော့် အိတ်ထဲ ပါသွားတဲ့ ငွေ ခြောက်ကျပ် ပေးခဲ့တယ်အဖေ "
ကိုစောခိုင်က သူငယ်ချင်းအား ကြင်နာစွာ ပြောနေ၏။
ဒီသူငယ်ပန်းတိမ်အလုပ်ကို တော်တော် တတ်နေရောပေါ့၊ ထမင်းတော့ စားလောက်ရုံဖြစ်ပါလိမ့်မယ်"
ဦးစောအေး က ပြောလိုက်သည်။

" သူ့ဦးလေးနဲ့အဒေါ်က စာကျက်ချိန်မပေးဘဲ၊ ပန်းတိမ်ဖိုထဲမှာချည်း ခိုင်းနေလို့ ကောင်းကောင်းတတ်နေပြီ အဖေ။ ရွှေ၊ စိန်၊ ကျောက်၊ ရတနာတွေအကြောင်းလဲ သူနားလည်နေပြီ၊ ဒါပေမယ့် သူ့ဦးလေးနဲ့အဒေါ်က သူတို့ ပန်းတိမ်ဖိုမှာ ခိုင်းနေပေမယ့် သုံးစွဲဖို့ မုန့်ဖိုးပဲဖိုး တစ်ပြားမှပေးတာမဟုတ်ဘူးအဖေရဲ့၊ ထမင်းတစ်ဝမ်း မသေရုံကျွေးပြီး အလကား ခိုင်းနေတာ၊ သူကဒီဦးလေး၊ အဒေါ်နဲ့ နေချင်လို့ ဆယ်တန်းအောင်ရင် တခြားမှာ အလုပ်ရှာမယ် စိတ်ကူးထားတယ်တဲ့၊ အခုတော့ သူ့ကုသိုလ်ကံပေါ့လေ "

ကိုစောခိုင် စကားဆုံးသွားသော်လည်း ဦးစောအေးက ဘာမျှ မပြောချေ။ တစ်စုံတစ်ခုကို စဉ်းစားသလို ငြိမ် နေသည်။ ကိုစောခိုင်ကလည်း အခိုက်အတန့်အားဖြင့် သူငယ်ချင်း ကိုဘဆွေအတွက် စိတ်မကောင်းဖြစ်၍ ငြိမ်နေသည်။ အတန်ငယ် ဆိတ်ငြိမ်နေကြပြီးမှ ...
" ကျွန်တော် တက္ကသိုလ် ဆက်သွားမယ်နော် အဖေ "

ဟု ကိုစောခိုင်က သူ့လိုလားချက်ကို တောင်းဆိုလိုက်ပြန်၏။ ဦးစောအေးက သားမျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး မှ အေးဆေးသောအသံဖြင့် ပြောလိုက်၏။
" ဒီကုလားဖြူစာတွေကို ဆက်သင်နေလို့လဲ သိပ်အကြောင်းမထူးဘူးလို့ အဖေမြင်ပါတယ်ကွယ်၊ သူတို့ စာသင်ကျောင်း က ထွက်တော့ သူတို့ပေးတဲ့ လခစားအလုပ်ကလေး ရပါမှ၊ မရရင်ထမင်း ဘယ်လိုလုပ်စား မလဲ၊ လခစား ကျွန်အလုပ်က လွဲပြီး ဘယ်လိုမှသုံးမရတဲ့ပညာပါ သားရယ်၊ အဖေတို့မှာ သားလခစား အလုပ်လုပ်မှ ထမင်းစားရမှာမဟုတ်ပါဘူး၊ တက္ကသိုလ်ကို ဆက်မသွားစေချင်ဘူး သား "
ဇနီးသည် ကွယ်လွန်သော်လည်း တစ်ဦးတည်းသော သားကလေး စိတ်ငယ် ၀မ်းနည်းမည်စိုး၍ နောက်အိမ် ထောင်မထူဘဲ ရှိသမျှ အချစ်စိတ်ကို သားအပေါ်မှာသာ ပုံထားခဲ့သော ဖခင်ကြီးအား ကိုစောခိုင် သည် အတင်းအကြပ် ဆန့်ကျင်ဘက်လုပ်ရန် ဆန္ဒမရှိချေ။ ဖခင်စိတ်ချမ်းသာအောင် လိုက်လျောမည်ဟု စိတ်ကို ဆုံးဖြတ်လိုက်၏။

ဆက်ရန်
.

5 comments:

လရိပ်အိမ် said...

ဆက်ရန်ကိုစိတ်ဝင်စားစွာစောင့်မျှော်နေပါတယ်

Angelhlaing(May everybody be happy and healthy! said...

မမရေ အခန်းဆက်လေးတွေ စောင့်မျှော်နေပါတယ်နော်..
ကောင်းသောနေရက်လေး ဖြစ်ပါစေမမ။

Anonymous said...

Thank you

ချော(အစိမ်းရောင်လွင်ပြင်) said...

စာရေးသူရဲ့ အမှာစာနဲ့တင် တော်တော်ကို စိတ်ဝင်စားမိတယ်။ အစ်မ ဆက်ရန်ကို မျှော်နေတယ် နော်

မေသိမ့်သိမ့်ကျော် said...

တော်တော်စိတ်ဝင်စားစရာပါပဲ။ သွားကြည့်တဲ့ ကရင်မလေးကို တော်တော်ကို မေးယူရမယ်နော်။ အပိုင်း၂ ဆက်ဖတ်လိုက်ဦးမယ် မမရေ။

ခင်မင်လေးစားလျက်