Friday, June 3, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၂၇)

အခန်း (၃၅)
အိုဝင်

အိုဝင်၏ ချို့ယွင်းချက်များကို ဂျိန်းပြောပြသည့် အချိန်မှာ ကာလဒေသ ပယောဂနှင့် မကိုက်သလို ဖြစ်သွား၏။ ဂျက်ကလင်း အကြောင်း၊ ကနေဒီ မိသားစုအကြောင်း၊ တိုင်းပြည်အကြောင်း၊ ဂျိန်း၏ ဝေဖန်ချက် များ အတွက် အလွန်ပင်ပန်းနေချိန်ဖြစ်၍ အမှတ်ပေးဖို့ ကျေးဇူးတင်ဖို့ အိုဝင် မစဉ်းစားနိုင်ခဲ့ပါ။
စာမျက်နှာ ဘယ်လောက် ရမည်၊ ဘယ်နှစ်ကော်လံ ရမည်ဆိုသည်ကလွဲပြီး ဘာမှ မစဉ်းစားနိုင်သည့်အချိန်။

ဂျိန်း ဆိုသည့် မိန်းကလေးလည်း အခြား အခြားသော မိန်းကလေးမျိုးပါပဲလား၊ သည်ပုတ်ထဲက သည်ပဲ ပါပဲ ကလား။ နားပူနားဆာ လုပ်တတ်၏။ သြဇာပေးတတ်၏။ ကျေနပ်မှု ရခဲတတ်၏။
ဂျိန်း ဒေါသူပုန်ထပြီး ဟိုတယ်ခန်းထဲမှ ထွက်သွားသည်နှင့် အယ်လီ့ကို အိုဝင် ချက်ချင်း သတိတရ ရှိလာ သည်။ အယ်လီ က နားပူနားဆာ မလုပ်တတ်။ မိမိ လုပ်သမျှ အထင်ကြီးသူ။ ဘယ်တော့မှ ဆန့်ကျင်ဘက် မဝေဖန်တတ်သူ၊ ဆုံးဖြတ်ချက်မပေးသူ၊ အရာရာကို နားလည်တတ်သူ၊ အချစ်တွင် ယစ်မူးတတ်သူ၊ ဂျိန်းနှင့် လုံးဝ ဆန့်ကျင်ဘက်။ ဂျိန်းက ဘာကိုမှ အလိုမကျတတ်ဘူးလေ။

ဂျိန်း စီးသွားသည့် တက္ကစီကား လေယာဉ်ကွင်း မရောက်မီ အိုဝင်က တယ်လီဖုန်း ကောက်ကိုင်ပြီး အယ်လီ့ ဆီ ခေါ်နေပြီ။ အယ်လီနှင့် စကားပြောပြီးသည်နှင့် အိုဝင် ရင်ထဲတွင် ပေါ့သွားသည်။
" အယ်လီဟာ သိပ်ရင်အေးစရာကောင်းတဲ့ မိန်းကလေးဗျ၊ သူနဲ့ဆိုရင် ကျွန်တော့် ရင်ထဲမှာ ပေါ့ပါး လွတ်လပ် နေသလိုပဲ" ဟု အိုဝင်က ရေးဂျက်ဆပ်ကို ပြောပြသည်။

သွေးအေးသွားသည့်အချိန်တွင် ဂျိန်းနှင့် ဖြစ်ခဲ့သည့် ရန်ပွဲအကြောင်း အိုဝင်ပြန်စဉ်းစားသည်။ ချိတ်ချိတ်ချင်း မို့ ချိတ်မိသည်ပဲဟု ကောက်ချက်ဆွဲသည်။ နှစ်ယောက်စလုံး တအားပင်ပန်းပြီး ဒေါသကြီးခဲ့ကြ သည့် အတွက် ငယ်သည့်အမှုများ ကြီးခဲ့ရခြင်းဖြစ်သည်။
ရက်ပေါင်းများစွာ မူးယစ်ဆေးရော အရက်ပါ ဆက်တိုက် မှီဝဲ၏။ အိပ်ချိန်မရှိသလောက် ဖြစ်သွားသည်။ စိတ်ကို မထိန်းနိုင်ခဲ့သည့်အတွက်ရော၊ ဒေါသစကားလုံးများနှင့် ပစ်ပေါက်ခဲ့မိသည့်အတွက်ရော ခုမှ နောင်တ ရနေ၏။

သမ္မတ လုပ်ကြံခဲ့ရသည့် သတင်းနှင့် ပတ်သက်၍ ဂျိန်း မည်မျှ အကူအညီရကြောင်းကို ခုမှ ပြန်စဉ်းစားမိ၏။ အလွန် စူးရှသည့် မျက်လုံးအစုံဖြင့် သတင်း အချက်အလက်များကို စေ့စေ့စပ်စပ် စုဆောင်းပေးခဲ့သည်။
လုပ်ကြံမှု ဖြစ်သည့်နေ့အကြောင်း ရေးထားသည့် သတင်းကို ဂျိန်း၏ အမြင်များ ထပ်ဖြည့်ရေးသည်။

" သွေးနှင့် နှင်းဆီ" ဟု ခေါင်းစဉ်တပ်ပေးလိုက်သည်။ အရေးပေါ်ဌာနရှေ့ ပလက်ဖောင်းပေါ်မှ သွေးရောင် လွှမ်း နေသည့် ရေပုံး၊ တံခါးပွင့်နေသည့် သမ္မတ၏ မော်တော်ယာဉ် မြင်ကွင်းများကို အသေးစိတ် ဖြန့်ရေး သည်။
ဟန့်ဂရင်နီ တိုက်မှ ထုတ်ဝေမည့် သမ္မတလုပ်ကြံမှု စာအုပ်ထဲတွင်လည်း ဒါးလက်စ် ကုန်သွယ်ရေး အဆောက်အအုံ ရှေ့တွင် သမ္မတ၏ မိန့်ခွန်းကို လာရောက်နားထောင်ကြသည့် ပရိသတ်၏ မျက်နှာအမူ အရာ များကိုပါ ပြည့်ပြည့်စုံစုံ ထပ်ဖြည့်ရေးလိုက်သည်။

ဂျိန်း၏ စူးစူးရှရှ၊ ထက်ထက်မြက်မြက် မြင်တတ်ပုံများကို တစ်ပတ်လုံးလုံးတွေ့မြင်ခဲ့ရသည်။ လီးဟာဗေး အော့ဇွဲလ် အသတ်ခံရသည့် သတင်းကို ဖုန်းနှင့် ပြောခဲ့စဉ်က နားထဲတွင် ဟိန်းသွားသည့် သေနတ်သံကိုပါ ထည့် ပြောသည်။ ဒါကို ဂျိန်းက နှစ်ဆယ်ရာစု၏ ပဲ့တင်သံဟု တင်စားခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်က ကိုးရီးယား စစ်မြေပြင်တွင် ကြားခဲ့သည့် ပေါက်ကွဲသံတွေကို အိုဝင်နားထဲတွင် ပြန်လည်ကြားယောင် လာလေသည်။

" ယာလူး မြစ်ကမ်းနဖူးက အဖြစ်ကို သွားသတိရတယ်၊ ကိုယ်တို့က ခြောက်ယောက်တည်းရယ်၊ သူတို့ဘက် ကရန်သူစစ်သား ရှစ်ယောက် ဘွားကနဲ ပေါ်လာတယ်၊ သူတို့အားလုံး စုတ်ပြတ်နေတာပဲ၊ ဒါပေမယ့် လက်နက် ကိုယ်စီ နဲ့၊ ပထမ သူတို့ကို ကိုယ်တို့ မမြင်ဘူး၊ ဘယ်က ဘယ်က ပေါ်လာမှန်း မသိဘူး "
နှစ်ပေါင်းများစွာ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့သည့် အကြောင်းအရာများကို ဂျိန်းအား ပြန်ပြောပြ ခဲ့ မိသည်။

ဒါးလက်စ် ညကလပ်ပိုင်ရှင် ဂျက်ရူဘီ၏ လျှို့ဝှက်ဆန်းကြယ်လှသည့် ဘ၀အကြောင်း အိုဝင် သတင်းရေး တော့ သည်လို လူမျိုးရဲ့ ဘ၀ဟာ အလင်းရောင်ထဲမှာထက် အမှောင်ထဲမှာ ပိုပြီး ထူးထွေ ဆန်းပြားတတ် ကြောင်း ဂျိန်းက မှတ်ချက်ပေးသည်။ ဂျိန်း၏ စကားလုံးများကြောင့် ကိုးရီးယား စစ်မြေပြင်မှ အိပ်မက်ဆိုးည များလည်း အိုဝင့် အာရုံတွင် ပြန်လည် ထင်ဟပ်လာလေသည်။
"အဲဒီ မရဏ တောင့်ကုန်းကို သိမ်းဖို့ ကိုယ်တို့ကို အမိန့်ပေးတယ်၊ ညညတွေမှာ အကျအဆုံးက များများလာ တယ်၊ ကိုယ်တို့ ဆယ်ရက်တိတိ ဆက်သိမ်းထားနိုင်ခဲ့တယ်၊ အမှောင်ထဲမှာ မိုးရေတွေလား၊ သွေးတွေလား၊ ခွဲ မသိတော့ဘူး၊ အဲဒီတော့မှ အမိန့်ရတယ်၊ ပြန်ဆုတ်ခဲ့" တဲ့။

ဒါးလက်စ်တွင် ဂျိန်းနှင့် ပျော်နေစဉ်မှာပင် ရေးလက်စ ၀တ္ထုရှည်ကို နာမည်ရွေးနိုင်ခဲ့ခြင်းဖြစ်၏။ နှစ်ပေါင်းများ စွာ ရှာဖွေစဉ်းစားခဲ့သည့် နာမည်။
" ၃၉ မျဉ်းပြိုင် လို့ ကိုယ်ပေးမယ်။ ဘယ့်နှယ်လဲ သဘောကျရဲ့လား " ဟု အိုဝင်က မေးသည်။
" ကြိုက်တယ်၊ သိပ်ကောင်းတယ်၊ ဂျိန်း သိပ်သဘောကျတယ်ကွာ "

အိုဝင်သည် ပင်ကိုအားဖြင့် အလွန်ရေးအားကောင်းသည့် သတင်းသမား တစ်ယောက်ဖြစ်၏။ အနားတွင် ဂျိန်းရှိနေလျှင် ပို၍ လက်သွက်၏။ ဒါးလက်စ် သတင်းသည် မိမိအား အထွတ် အထိပ်သို့ တွန်းပို့မည့် သတင်း ဟု အိုဝင် ယုံကြည်ထားသည်။

ဂျိန်း၏ မျက်လုံးအစုံနှင့် ဂျိန်း၏ နားနှစ်ဖက်တို့သည် အိုဝင့်သတင်းကို ပို၍ တောက်ပြောင် လင်းလက် စေသည်။ ရေးဂျက်ဆင်က သူ သတင်းရေးပုံ ခါတိုင်းနှင့် မတူဘဲ အရမ်း တက်လာကြောင်း ချီးမွမ်းခန်း ဖွင့်တော့ အိုဝင်က မင်္ဂလာယူပြီး " လုပ်သက်က စကားပြောလာလို့ ဖြစ်မှာပေါ့ကွာ" ဟု ခပ်တည်တည် ပြန်ပြော လိုက်သည်။

ဂျိန်းသည် အဟုတ်တော်သည့် မိန်းကလေးဖြစ်ပါသည်။ ဒေါသူပုန်ထပြီး ရန်ပွဲဖြင့် မခွဲလိုပါ။ ဂျိန်းသည် သိပ် ပျော်စရာ ကောင်းသည့် အဖော်တစ်ယောက် ဖြစ်သလို၊ ရင်ခုန်စရာကောင်းသည့် ချစ်သူတစ်ယောက် လည်းဖြစ်၏။ သူနှင့် ချစ်ရသည်မှာ အခြား အခြားသော မိန်းကလေးများကို ချစ်ရသည်နှင့် လုံးဝ မတူ တမူ ထူးခြားသည်။

ဒေါသစိတ်တို့ အေးငြိမ်း လျော့ပြေစပြုသည်နှင့် တစ်ပြိုင်နက် ထိုနေ့ တနင်္ဂနွေနေ့ ညပိုင်းတွင် ဒုတိယအကြိမ် တယ်လီဖုန်း ကို ကောက်ကိုင်လိုက်သည်။ နှစ်ဆယ့်လေးနာရီ ဖွင့်သည့် နယူးယောက် ပန်း ဆိုင်ကို ဖုန်း လှမ်းဆက်သည်။ ဂျိန်း နေသည့် ပယ်ရီလမ်း လိပ်စာနှင့် သစ္စာပန်းနီရဲရဲ အပွင့်တစ်ဒါဇင် ပို့ထား ပေးဖို့ မှာ လိုက်သည်။ ပေးပို့သူ၊ အိုဝင် ဟု စာရေးခိုင်းလိုက်သည်။
နယူးယောက် လေဆိပ်တွင် လက်မှတ်ပြပြီး ဂျိန်း အပြင်ထွက်လိုက်သည်။ ထိုခေတ် ရှာဖွေရေးအဖွဲ့များက လက်ဆွဲ တန်ဆာကို ဓာတ်မှန်ရိုက် စစ်ဆေးတာတွေ မရှိသေး။
အခန်းဝတွင် သစ္စာပန်းတစ်စည်း၊ ကတ်ပြားကလေး တွဲလောင်းနှင့် ရောက်နှင့်နေ၏။
--------------------------
 
အခန်း (၃၆)
အိုဝင်

" ချာသန်ပန်းခြံမှာ ပုစွန်တုပ်ဟင်း အရမ်းကောင်းတယ်တဲ့ " ရက်ပေါင်းများစွာ ဒါးလက်စ်တွင် နေပြီး နယူး ယောက် သို့ ပြန်ရောက်ရောက်ချင်း အိုဝင်က ဂျိန်းဆီ ဖုန်းလှမ်းဆက်သည်။
" ဘေးယဒ်လမ်းဆိုင်က ပိုကောင်းတယ်" ဟု ဂျိန်းပြန်ပြော၏။

ငြုပ်ကောင်း ပူပုနှင့် စားခဲ့ရသည့် ပုစွန်ထုပ်ဟင်းထက်ပင် ထိုညတွင် ထုံးစံအတိုင်း ဂျိတ်းက ပို၍ ပူနွေးနေ၏။
ဂျိန်း နှင့် အတူ နေရသည့် ညများသည် အိုဝင့်အတွက် နှလုံးမွေ့လျော် ပျော်ဖွယ်ရာအတိ ဖြစ်လေသည်။

အယ်လီနှင့်လည်း အတူတူပင်။
 
အခန်း (၃၇)
အယ်လီ

နယူးယောက်သို့ အယ်လီ ပြန်ရောက်လာချိန်တွင် အီသည့် အဆက် ပန်းချီပစ္စည်း အရောင်းဆိုင်မှ ပုဂ္ဂိုလ်က သူတို့ နှစ်ယောက် နေသည့်အခန်းသို့ ရောက်နေနှင့်ပြီ။ အယ်လီအတွက် နေရာလပ် မရှိတော့။ အယ်လီ့ မိဘများက အိမ်တွင် အယ်လီ့အခန်းသည် အမြဲတမ်း အယ်လီ့အတွက် လွတ်နေကြောင်း အကြောင်းကြား လာသည်။
" သမီးကို အဖေနဲ့ အမေ သိပ်အောက်မေ့နေတာပါကွယ် " ဟု အဖေ လုပ်သူက ပွေ့ဖက် ကြိုဆိုလေသည်။

ဘရိန်မက်ဂရက် သည် လေးဆယ့်ကိုးနှစ်အရွယ်တွင် အောင်မြင်မှု သရဖူကို ဆောင်းလျက်ရှိသည်။ အလုပ် သမား လောကတွင် လျှမ်းလျှမ်းတောက် ရှေ့နေကြီး တစ်ယောက်အဖြစ် နေတစ်ဆူလတစ်ပါး ထင်ရှား လျက် ရှိ၏။ သူ၏ ဂုဏ်သတင်းကြီးထွားလာသည်နှင့်အညီ သူ့ခန္ဓာကိုယ်ကြီးမှာလည်း တစ်နေ့တခြား ၀ဖိုင့်ကြီးမား လာ၏။ အယ်လီ အိမ်ပြန်ရောက်တော့ သူ့ အဖေ ခန္ဓာကိုယ်ကြီးကို ကြည့်ပြီး အထိတ်တလန့် ဖြစ်သွားသည်။

ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်နေရသော အဖေ့အတွက် အယ်လီ ရင်လေးသွားသည်။ အိမ်ကို ပြန်လာဖြစ် သည့် အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိ၏။
" သမီး ပြန်လာတဲ့အတွက် မေမေတို့ ၀မ်းသာမဆုံးပါဘူးကွယ် "
အဖေ့ထက် လေးနျစ်ငယ်သည့် မေမေက အားပါးတရ ပြောသည်။ မေမေ လူစီက လေးဆယ့်ငါးထဲ ရောက် နေသော်လည်း သုံးဆယ့်ငါးနှစ် အရွယ်ကထက် ပိုကြီးမလာသလို ထင်ရ၏။ သေးသွယ်လှပနေဆဲ။ ကိုယ် ကျပ် ဆွယ်တာနှင့် စကတ်တိုတို ၀တ်နေဆဲဖြစ်ကြောင်း အယ်လီ သတိထားမိသည်။ အ၀တ်အစားကို သမီး ထက် မအေက ဂရုတစိုက် ၀တ်ဆင်တတ်၏။

" နင် ပြန်လာတာနဲ့ အတော်ပဲ၊ ငါတို့ ရုံးမှာ လူသစ်လေးတစ်ယောက် သိပ်ချောတာပဲသိလား၊ နင့်အကြောင်း ငါပြောထားတယ်၊ သူက နင့်ကို စိတ်ဝင်စားနေလေရ့" ဟု အစ်မလုပ်သူ မာဂရက်က ဆိုတော့ အယ်လီက
" အိုဝင် ဖုန်းဆက်လာတယ်"ဟု အဆက်အစပ်မရှိ ပြန်ပြောလိုက်သည်။ မာဂရက်က မျက်လုံး ကလယ် ကလယ်လုပ်ပြီး " အင်း နင် ဒီဝဋ်ကြွေးက မကျွတ်သေးဘဲကိုး " ဟု မှတ်ချက်ချသည်။
" ၀ါရှင်တန် မှာ အဆင်မပြေဘူး၊ သမီး မျှော်လင့်တာတွေ တစ်ခုမှ ဖြစ်မလာဘူး၊ သိပ် စိတ်ပျက်ဖို့ ကောင်း တာပဲ" ဟု အယ်လီ က အဖေနှင့် အမေ ရှေ့တွင် ၀န်ခံသည်။

" အင်း အလုပ်တစ်ခုခုတော့ ရှာရမှာပဲ" ဟု ပြောတော့ အမေက " သမီး ဘယ်အလုပ်မျိုး လုပ်ချင်တာလဲ၊ မေမေ အကူအညီ ပေးနိုင်ကောင်းပါရဲ့ "ဟု ဆိုသည်။
" နေရာဟောင်းကို ပြန်သွားရင် ရမှာပါ မေမေ "
အမေ့ အကူအညီ မယူလို၍ မသိမသာ ရှောင်လိုက်ခြင်းဖြစ်သည်။ ၀ါရှင်တန်မှ နေ၍ အိမ်ကို အရှုံးဖြင့် ပြန်လာခဲ့ရသည်ဟု အယ်လီ့ စိတ်ထဲ စွဲနေသည်။ ကမ္ဘာကြီးကို ပြောင်းလဲအောင် ဘာမှ မလုပ်နိုင်ခဲ့။ အိမ်ဖြူ တော်ထဲ ကို ခြေမချနိုင်ခဲ့။ ချစ်သူအသစ်လည်း ရှာမတွေ့ခဲ့။ မျှော်လင့်စရာဆို၍ အိုဝင် တစ်ယောက်သာရှိ သည်။

အယ်လီ နှစ်ဆယ့်သုံးနှစ်ထဲ ၀င်လာပြီး လွတ်လပ်နေဆဲ၊ လွတ်လပ်ခြင်းသည် အယ်လီ့အတွက် အရေးကြီး ဆုံးဖြစ်၏။ အလုပ်လုပ်ချင်သည့်တိုင်အောင် လွတ်လပ်မှုရှိသည့် မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်သည့် အလုပ်မျိုး ကိုပဲ လုပ်ချင်သည်။ လခ ကောင်းမကောင်းက ကိစ္စမရှိ။
" ဖိနပ်ရောင်းတဲ့ အလုပ်တော့ မလုပ်ချင်တော့ဘူး ဖေဖေ။ အဒရီယံ ဟော်လန်ကို ဖုန်းဆက်ကြည့်မယ်၊ စာ အုပ်တိုက်မှာ ပြန်လုပ်ချင်ရင် ရမှာပါ " ဟု အဖေနှင့် နှစ်ယောက်တည်း ရှိစဉ်တွင် အယ်လီက ဖွင့်ပြောသည်။

" စိတ်မကောင်းပါဘူး အယ်လီ မင်းနေရာကို လူစားခန့်ထားလိုက်ပြီးပြီ" ဟု အဒရီယံက ဆီးပြောသည်။ သူထိုင်ခဲ့သည့် စားပွဲတွင် မျက်လုံးတောက်တောက်နှင့် ကောင်မလေးတစ်ယောက် ထိုင်နေသည်ကို အယ်လီ လှမ်းမြင်ရသည်။

" အယ်လီ့အတွက် တစ်နေရာရာ ပေးနိုင်မယ့် စာအုပ်တိုက်များ မရှိဘူးလားဟင်" ဟု ပြန်မေးကြည့်သည်။ အဒရီယံ အကြာကြီး တွေနေသည်။ အယ်လီ့ကို အသက်မရှူနိုင်အောင် လုပ်ထားခြင်းဖြစ်သည်။
" ဥတ္တရကြယ် ဆိုတဲ့ စာအုပ်တိုက်တစ်တိုက် ရှိတယ်၊ အဖုံးဖျော့ ၀တ္ထုတွေ ထုတ်တဲ့ တိုက်ပေါ့၊ စာအုပ်တွေ ဆက်တိုက် ထွက်နေတယ်၊ ပိုင်ရှင် ဂေါ်ဒွန်ဂေဂျာကို ကိုယ်သိတယ်၊ သူအတွင်းရေးမှူးတစ်ယောက် လိုနေ တယ် ပြောတယ်၊ ကိုယ် ဖုန်းဆက်ပေးထားမယ်လေ "

သူနှင့် ဂေါ်ဒွန်တို့နှစ်ယောက် စာအုပ် ထုတ်ဝေရေး လုပ်ငန်းဖြင့် ထောနေကြသည့် အကြောင်းတော့ အဒရီယံက ထည့်မပြော။ အဒရီယံက အပေါ်လိုင်းကို ရွေးပြီး ဂေါ်ဒွန်က အောက်လိုင်းကို ရွေးထားသည်။ နှစ်ယောက်သား စားသောက်ဆိုင်တွင် အမြဲလိုလို ဆုံကြသည်။ ဂေါ်ဒွန် နေ့ချင်း ညချင်း ကြီးပွားလာသည် ကို အဒရီယံက ကြိတ်ပြီး မနာလိုဖြစ်နေခဲ့သည်။ ဂေါ်ဒွန်ကလည်း တခမ်းတနား ပြင်ဆင်ထားသည့် ပါမင်းနိုက် စာအုပ်တိုက်ကို မနာလို ဖြစ်နေ၏။

ဥတ္တရကြယ် စာအုပ်တိုက်က အဒရီယံ၏ စာအုပ်တိုက်လောက် ခမ်းခမ်းနားနား ပြင်ဆင်ထားခြင်းမရှိ။ ပစ္စည်းတင်သည့် ဓာတ်လှေကားဖြင့် တက်ရသည့် သုံးခန်းတွဲ ရုံးခန်းဖြစ်၏။ သို့သော် ရှစ်လအတွင်း တစ်လ လေးအုပ်နှုန်း ထွက်နိုင်ခဲ့သည်။ ကောင်းဘွိုင်ဇာတ်လမ်းများ၊ အချစ်နှင့် စစ်ဝတ္ထုများ၊ လျှို့ဝှက်သည်းဖိုနှင့် စွန့်စားခန်းများဖြစ်၏။ အမျိုးသား စာဖတ်ပရိသတ်အကြိုက်၊ အပစ်အခတ်၊ အညုအတာ တို့ကို ပူပူလောင် လောင် သာသာထိုးထိုး ရေးသည့် ဇာတ်လမ်းများ။
" အရုပ်မပါတဲ့၊ ရုပ်ပြဇာတ်လမ်းမျိုးတွေပေါ့" ဟု ဂေါ်ဒွန်က ၀န်ခံသည်။

ဂေါ်ဒွန်ဂေဂျာသည် အခြားအခြားသော စာအုပ်လောကမှ လူများနှင့် မတူ တမူထူးခြားသူဖြစ်၏။ သေသေ သပ်သပ် ၀တ်စားဆင်ယင်သည်။ လူက လူချော၊ အပျော်ဖတ်စာအုပ်တွေ ထုတ်နေသော်လည်း သူကိုယ် တိုင်က ပညာတတ် လူတော် တစ်ယောက်ဖြစ်၏။ အမေ့ ပိုက်ဆံနှင့် လုပ်ငန်းကို စခဲ့ပြီး သည်လုပ်ငန်း၏ အနာဂတ် ကို ယုံကြည်သူဖြစ်သည်။
အယ်လီ့ ကို ဂေါ်ဒွန် ခန့်သည့်နေ့မှာ ဗုဒ္ဓဟူးနေ့ သုံးနာရီ။

သမ္မတလုပ်ကြံမှုဖြစ်ပြီး နောက်တစ်နေ့ ညနေသုံးနာရီခွဲ နောက်ပိုင်းတွင်မှ အလ္လာပသလ္ဘာဘ ထိုင်ပြောရင်း အဒရီယံထ့မှ ကြားရသည့် အယ်လီ၏ အရည်အချင်းများကို ဂေါ်ဒွန်က မေးပြီး တာဝန်ပေးသည်။
" သိပ်တော့ လုပ်စရာ မရှိပါဘူး။ တယ်လီဖုန်းလာရင် ဖြေ၊ စာအုပ်ကြော်ငြာ ကိစ္စလေး ဘာလေးမှာ လှုပ်လှုပ် ရှားရှားဖြစ်အောင် စီစဉ်ပေး၊ ဒါလောက်ပါပဲ "
" လစာကတော့ တစ်ပတ်ကို ခုနစ်ဆယ့်ငါးဒေါ်လာ ရမယ်၊ မင်းဘက်က အဆင်ပြေရင် လာမယ့် အပတ်မှာ စ၀င်ပေါ့ "
အယ်လီ ပြုံးပြုံးကလေး ခေါင်းညိတ်သည်။
" ကျေးဇူးတင်ပါတယ်ရှင် "
ဝါသနာနှင့် ဟပ်သည့် အလုပ်ဖြစ်၍ ပျော်စရာကောင်းမှာပဲဟု အယ်လီယုံကြည်လိုက်သည်။

အိုဝင်နှင့် ပြန်လည် ဆုံစည်းရသည့်အတွက် ပျော်ပုံသစ်ရပြန်၏။ နှင်းဆီပန်းတွေ တစ်ပွေ့ကြီး ပိုက်ပြီး ရောက်လာ၏။ ပြန်ပေါင်းထုပ် အခမ်းအနားအတွက် ရှန်ပိန်ပုလင်းလည်း ပါသေး၏။ ပြီးတော့ မရေမတွက်နိုင်သည့် အနမ်းမိုးပေါက်များ။
နည်းနည်းနောနော အချိန်တွေ မဟုတ်ဘူးနော်၊ အဝေးကြီးက လာခဲ့ရလို့လား မသိဘူး၊ ကိုယ်တော့ အရမ်း ပျော်တာပဲ။ မင်းကို ပြောစရာတွေ တစ်သိန်းလောက်ရှိတယ်။ မင်း အကြောင်းတွေလည်း အကုန်ကြားချင် တယ်။ ဖြစ်ကြောင်းကုန်စင် အားလုံး ပြောပြနော် "

တအား ဖက်ထားရင်း ပြောနေခြင်းဖြစ်၏။ ပြီးမှ နောက်တစ်လှမ်းဆုတ်လိုက်ပြီး မီးခိုးဖျော့ရောင် မျက်လုံး များဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်ပြန်သည်။
" ကြည့်စမ်း မင်း အရင်ကထက် ပိုလှနေပါလား၊ ရွှေပိုးမျှင် ဆံပင်တွေနဲ့ တကယ့်ကို မိုဒီလျာနီ ပန်းချီကားထဲ က ကောင်မလေးကျနေတာပဲ "
အယ်လီက ပြုံးပြုံးကလေးနှင့် ဆံပင်တွေကို လက်နှင့် သပ်ကြည့်လိုက်ပါသည်။ ပိန်ရှည်ရှည် ခန္ဓာကိုယ်ကို ဘယ်တုန်းကမှ ချီးကျူးမခံခဲ့ရဖူးဘူးလေ။ ပျော်လွန်းလို့ မေ့မြောသွားမလား ထင်လိုက်၏။
" ကဲ စကားပြောပါဦး၊ မင်းအကြောင်းတွေ ကိုယ် အားလုံး ကြားချင်တယ် "
သူက အယ်လီ့ လက်မောင်းကို ပိုင်စိုးပိုင်နင်း ဆွဲပြီး မေးလိုက်သည်။

" ခုလို မင်းကို ရင်ခွင်ထဲမှာ ထည့်ထားရတာ သိပ်ကြည်နူးစရာ ကောင်းတာပဲ "
အိပ်ယာထဲတွင် အိုဝင်က မွတ်မွတ်သိပ်သိပ် ပြောနေသည်။ ရင်ခုန်သံ အမြန် ပြိုင်ရင်း တစ်ယောက်အလို တစ်ယောက် လိုက်နေကြပြန်သည်။ နောက်တစ်နေ့မနက်တွင် ကော်ဖီ သောက်ရင်း အိုဝင်က ပြောသည်။

" ကိုယ်တော့ အရမ်းပျော်တာပဲ၊ နောက် ဘယ်မှ ထွက်မသွားနဲ့တော့ သိလား "
လောလောဆယ် ဘယ်မှ မသွားဖို့ ဆိုလိုခြင်းဖြစ်ကြောင်း အယ်လီ သဘောပေါက်လိုက်သည်။ သူ အလုပ် သွားရမည်ဖြစ်ကြောင်းကို အိုဝင် ထည့်မပြော။ တစ်မျိုးတော့ တစ်မျိုးပဲ ဟု အယ်လီ ထင်လိုက်၏။ နောက် ဆုံးတွေ့ခဲ့သည့် အိုဝင်နှင့်မတူသလိုဖြစ်နေ၏။ သမ္မတ၏ လုပ်ကြံခံရမှုသတင်းကြောင့် သူ ပြောင်းလဲသွား ခြင်းလား၊ ဒါမှမဟုတ် အကြာကြီး ခွဲနေရလို့ အချစ်သည်းနေခြင်းလား။
" မောင် မသွားစေချင်ရင် အယ်လီ မောင့်အနားက တစ်ဖ၀ါးမှ မခွာပါဘူး" ဟု ပြန်ပြောတော့ သူ့မျက်လုံး တွေ တဖျပ်ဖျပ် အရောင်တောက်နေ၏။

" မသွားစေချင်ပါဘူးကွယ် "
အယ်လီ့ ရင်ထဲတွင် စွဲနစ်စေမည့် အိုဝင့် ကတိစကားများ။

ဆက်ရန်
.

No comments: