Saturday, June 4, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၃)

'ဟာ...သူငယ်ချင်း အခုခင်ဗျားနဲ့ တွေ့ရအောင် လာတာ အဆင်သင့်လိုက်တာဗျာ'
    ကိုဘဆွေ အား တွေ့ဆုံရန် အိမ်မှ ထွက်လာသော ကိုစောခိုင်သည် လမ်းဘေး လက်ဖက်ရည်ဆိုင် တစ်ဆိုင် တွင် ငိုင်ငိုင်ကြီးထိုင်နေသော ကိုဘဆွေကို တွေ့ရသဖြင့် ၀မ်းသာအားရ လက်ဖက်ရည်ဆိုင်ထဲဝင် နှုတ်ဆက် လိုက်လေသည်။ကိုဘဆွေက မော့ကြည့်လိုက်၏။ ပြန်လှန်နှုတ်ဆက်ခြင်း မပြုနိုင်ပေ။ မျက်ရည် ဝေ့နေသော မှုန်မှိုင်းသည့် မျက်လုံးများဖြင့် ကိုစောခိုင်အား တွေတွေကြီးကြည့်နေလေသည်။

    'စာမေးပွဲကျလို့ ၀မ်းနည်းနေလား သူငယ်ချင်းရယ်၊အားမငယ်ပါနဲ့ဗျာ၊ ဒီနှစ်မအောင်ရင် နောင်နှစ် အောင်ရမှာပေါ့၊ ကျောင်းစ၇ိတ်အတွက် မပူပါနဲ့၊ ကျွန်တော်တို့ သားအဖရှိနေပြီပဲ ကိုဘဆွေ'
    ကိုစောခိုင်က သူငယ်ချင်းအား ကြင်နာစွာ အားပေးစကားပြောရင်း ကုလားထိုင် တစ်လုံးပေါ်မှာ ထိုင် လိုက်သည်။ ကိုဘဆွေက အတန်ငယ် တွေနေပြီးမှ...
    'ကျောင်းလည်းဆက်မနေချင်တော့ပါဘူး ကိုစောခိုင်၊ တစ်ခုခုတော့လုပ်မှ ဖြစ်မယ်ဗျ၊ အခု ဦးလေးနဲ့ အဒေါ် က နှင်ချလို့ ကျွန်တော်ဆင်းလာခဲ့ရတာ'ဟု အမှန်အတိုင်းပင် ဖြေလိုက်သည်။
    'အို..စာမေးပွဲကျတာနဲ့ နှင်ချရသလားဗျ'
    ကိုစောခိုင်က စိတ်မကောင်းစွာ ပြောလိုက်၏။

    'မဟုတ်ဘူး ကိုစောခိုင်၊ စာမေးပွဲကျလို့မဟုတ်ဘူး၊ သူတို့ပေးစားတဲ့ မိန်းမကို မယူလို့'
    'ဘယ်က မိန်းလဲ ကိုဘဆွေ၊ ခင်ဗျားက ဘာကြောင့် မယူတာလဲ'
ကိုစောခိုင် က နားမလည်ဟန်ဖြင့် မေးလိုက်သည်။ ကိုဘဆွေ က ကိုစောခိုင်အား အဓိပ္ပါယ်ပါသော မျက်လုံး ဖြင့် ကြည့်လိုက်ပြီး...
    'ခင်ဗျားသိတယ်မဟုတ်လား ကိုစောခိုင်၊ တ,တိုင်းမွေးပန်းပွင့်ကြီးလေ'

    ဟုဖြေလိုက်သဖြင့် ကိုစောခိုင် အဓိပ္ပါယ်ရှင်းသွားပြီး ပြုံးလိုက်သည်။ ဦးစိန်အိုးနှင့် ဒေါ်မေက သဘောတူ နေသော မိန်းကလေးမှာ ရည်းစားများလွန်း၍ လူပျိုလူရွယ် ကာလသား လောကမှာ တတိုင်းမွှေး ပန်းပွင့်ကြီး ဟု နာမည်ကျော်နေသူဖြစ်သည်။
    'ဒါဖြင့် ခင်ဗျား ဘယ်ကိုသွားပြီး ဘာလုပ်မယ်စိတ်ကူးလဲ ကိုဘဆွေ'

    'အတိအကျတော့ မစဉ်းစားရသေးဘူးပေါ့ဗျာ၊ ဒါပေမယ့်ဦးလေးနဲ့ အဒေါ်က ကျွန်တော့်ကို ချိုးနှိမ် ပြောလိုက် တဲ့ စကားတွေကိုဖြင့်တစ်သက်မှာ မမေ့နိုင်ဘူး၊ ဒါကြောင့်နာမည် ထင်ပေါ်ကျော်ကြားမှု ဖြစ်စေ၊ ပစ္စည်းဥစ္စာ ချမ်းသာမှု ဖြစ်စေ၊ အောင်မြင်ကြီးပွားဖို့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားမယ်လို့ ဆုံးဖြတ် ထားတယ် ကိုစောခိုင်'
    ကိုဘဆွေက တင်းမာသော အသံဖြင့် ပြောရင်း လက်သီးကို ဆုပ်လိုက်၏ ကိုစောခိုင်က ကိုဘဆွေအား အတန်ကြာ စူးစိုက်ကြည့်နေပြီးမှ...
    'ခင်ဗျားပင်ပန်းဆင်းရဲမှု ခံနိုင်ပါ့မလား'ဟု လေးနက်သောအသံဖြင့် မေးလိုက်၏။

    'ဟာ...ခံရမှာပေါ့ သူငယ်ချင်း၊ ချမ်းသာမှုရအောင် ဆင်းရဲမှုနဲ့ အရင်းတည်ရမှာပေါ့'
    ကိုဘဆွေက စိတ်ထက်သန်စွာ ဖြေလိုက်၏ ထိုနောက် ကိုစောခိုင်အား စေ့စေ့ကြည့်ကာ...
    'ခင်ဗျားတို့သားအဖ ကျေးဇူးတွေကို ဒီတစ်သက်မှာ ဆပ်လို့မကုန်တော့ပါဘူး ကိုစောခိုင်၊ ကျွန်တော့် အပေါ် မှာ ထားတဲ့မေတ္တာတွေကိုလဲ တစ်သက်မှာ မမေ့ပါဘူး၊ အခုလို အခြေအနေနဲ့ ပြောပြနေလို့လဲ ပိုနေမှာပါပဲ၊ ကျွန်တော် ရည်မှန်းချက်အထမြောက်လို့ ကြီးပွားချမ်းသာတဲ့ အချိန်မှာ ကောင်းကောင်း ကျေးဇူး ဆပ် ပါ့မယ်၊ ကျွန်တော့်ဘက်မှာတော့ မိဘဆွေမျိုး ညီအစ်ကိုရယ်လို့ ခင်ဗျားတို့ သားအဖပဲ ရှိပါတယ် ကိုစောခိုင်'

    ဟု လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။ ကိုစောခိုင်သည် မျက်နှာငယ်တွယ်ရာမဲ့ ဆင်းရဲရှာသော သူငယ်ချင်း အား ကြင်နာစွာ စိုက်ကြည့်ပြီးမှ...
    'ဒီလိုဆိုရင် ကျွန်တော်တို့ စီစဉ်ထားတဲ့ အလုပ်တစ်ခုရှိတယ်'ဟု အေးဆေးတည်ငြိမ်သော အသံဖြင့် စကား နိဒါန်း ပျိုးလိုက်သည်။ ကိုဘဆွေက ကိုစောခိုင်အား စိတ်အားထက်သန်စွာကြည့်ပြီး စူးစူးစိုက်စိုက် နားထောင် လိုက်၏။

    'အောင်မြင်ရင်တော့ လူတိုင်းမဟုတ်သည့်တိုင်း တစ်မြို့လုံးရှိ လူတွေရဲ့ ကျေးဇူးရှင်အဖြစ်နဲ့ ကြည်ညို ရိုသေမှု ခံရမှာပေါ့ဗျာ'
    ကိုစောခိုင်၏ စကားမဆုံးမီ..
    'ဟာ...မန္တလေးမြို့က လူတွေ ကြည်ညိုရိုသေမှုခံရရင် ကျေနပ်ပြီဗျာ။ ဘာအလုပ်လဲဟင်' ဟု ကိုဘဆွေက စကား ဖြတ်ပြီး စိတ်ဇောကြီးစွာ မေးလိုက်၏
    'နားထောင်ဦးလေ၊ ကျွန်တော် ပြောပြပါမယ်'ဟု ကိုစောခိုင်က ဟန့်တားလိုက်၏။
    'အင်း...ပြောပါ၊ သူငယ်ချင်း'
    ကိုဘဆွေက ပြောပြီး ငြိမ်သက်စွာ နားထောင်နေသည်။

    'ဒီအလုပ်က ရပ်ဝေးဒေသကို ခရီးထွက်ရမယ်။ နည်းနည်းတော့ ဆင်းရဲပင်ပန်းခံရမယ်၊ ဇွဲသတ္တိရှိဖို့ လိုတယ် ဗျာ။ ကျွန်တော်နဲ့ခင်ဗျား နှစ်ယောက်အတူ သွားရမှာပဲ၊ ကောင်းတူဆိုးဘက်ပေါ့ဗျာ၊ အောင်မြင် ရင်လဲ နှစ်ယောက်အတူ ခံစားရမှာပေါ့။ လိုက်နိုင်ပါ့မလား သူငယ်ချင်း'
    ကိုဘဆွေက မျက်နှာငယ်ကလေးဖြင့် မေးလိုက်၏။

    'ခင်ဗျားအခြေအနေကို ကျွန်တော်သိပါတယ်ဗျာ၊ ငွေရေးကြေးရေးအတွက် ဘာမှမပူပါနဲ့၊ ကုန်ကျစရိတ် အားလုံး ကျွန်တော် တာဝန်ယူပါတယ်။ အဖေနဲ့လဲ ပြောပြီးသားပါ။ ရည်ရွယ်ချက် အောင်မြင်ရင်တော့ ခင်ဗျား ကို ကျွန်တော်နဲ့ အညီအမျှ တစ်ဝက်စီ အကျိုးခံစားစေပါ့မယ်'
    ကိုဘဆွေ၏ မျက်နှာမှာကြည်လင်သွားသည်။
    'ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရယ်'
    ကျေးဇူးတင်သော စိတ်တွေ ရင်ဝယ်ပြည့်ကြပ်နေသော ကိုဘဆွေမှာ ဤစကားတစ်ခွန်း သာ ထွက်နိုင် ရှာသည်။

    'ကဲ..ဒီလိုဆိုရင် အဖေ့ကို ကျွန်တော် ပြန်ပြောရမယ်၊ ခရီးသွားဖော် မိတ်ဆွေကောင်း တစ်ယောက် ရပြီဆိုတာ၊ သြော်... ဒါထက် ခင်ဗျားက ပြန်စရာအိမ်မှမရှိတော့ဘဲ၊ ကျွန်တော့ အိမ်ကိုပဲ လိုက်ခဲ့ပါဗျာ၊ ခရီး မထွက်ခင် အိမ်မှာပဲအိပ်၊ အိမ်မှာပဲစားပေါ့ ဟုတ်လား'
    ကိုစောခိုင်ကပြောရင်း ထိုင်ရာမှထလိုက်၏။ ကိုဘဆွေကလည်း ထလိုက်သည်။
    'ကျွန်တော့်အဖို့ အားကိုးစရာ ခင်ဗျားတို့သားအဖပဲရှိတာလိုက်ပါ့မယ်၊ ဒါထက် ကျွန်တော်မေးပါရစေ ကိုစောခိုင်၊ အလုပ်က ဘာအလုပ်လဲဗျာ'
    လက်ဖက်ရည်ဆိုင်အတွင်းမှ နှစ်ယောက်အတူ ထွက်လာကြရင်း ကိုဘဆွေက မေးလိုက်သည်။ ကိုစောခိုင် က ကိုဘဆွေအား ပြုံးသောမျက်နှာဖြင့်ကြည့်ကာ တည်ငြိမ်သော အသံဖြင့် ဖြေကြားလိုက်သည်။

    'ကျွန်တော်သွားလိုတဲ့ အရပ်ဒေသရောက်အောင်သာ ခင်ဗျားလိုက်ခဲ့ပါ ကိုဘဆွေ။ ကံကောင်း ထောက်မ လို့ အဲဒီဒေသရောက်ရင် ကျွန်တော်တို့ လိုချင်တဲ့ ပစ္စည်းကိုသာ ချောချောမောမော ရလိုက်ရင် ခင်ဗျား မတွေးထင် မမျှော်မှန်းမိတဲ့ ၀မ်းသာမှုမျိုးကို ဗြုန်းခနဲ ကြုံစေချင်တယ်၊ ကြိုတင်ပြီး ကျွန်တော် မပြော ထား ချင်ဘူးဗျာ'
    အစစအရာရာ ကြည့်ရှုထောက်ပံ့နေသော ကျေးဇူးရှင် သူငယ်ချင်းအား ကိုဘဆွေက ထပ်မံမေးမြန်းခြင်း မပြုဝံ့ တော့ချေ။ ဆိတ်ငြိမ်စွာပင် လိုက်လာခဲ့သည်။

---------------------------------------------------------------------------------

    မန္တလေးမြို့ တောင်ပြင်ရပ်တွင် ကျယ်ဝန်းသော ၀င်းခြံကြီး အလယ်ရှိ ဆင်ဝင်အိမ်ကြီးကား ဗြိတိသျှ အစိုးရ ရိက္ခာတော် ထောက်ပံ့ထားခြင်းခံရသော မဟာနွယ်မင်းသားကြီး ထိပ်တင်မျိုးနှင့်ဇနီး ဒေါ်ခင်ခင်ထား တို့အိမ်ဖြစ်သည်။ ထိပ်တင်မျိုးကို ဦးတင်မျိုးဟုခေါ်ကြ၏။ ၄င်းတို့မှာ မန္တလေးမြို့တွင် နာမည်ထင်ပေါ် ကျော်ကြား လှပေသည်။
    မြန်မာရှင်ဘုရင်၏ ရင်းချာသော အနွယ်တော် အဖြစ်ဖြင့်လည်းကောင်း၊ သီလ၊ သစ္စာ၊ သမာဓိ နှင့် ပြည့်စုံ သူများ အဖြစ်ဖြင့်လည်းကောင်း၊ ဖြောင့်မတ်တည်ကြည်သူများအဖြစ်ငြဖ့် လည်းကောင်း အနွယ်တော် များ အားလုံး က ရိုသေကျိုးနွံကြသည်။ ဆိုဆုံးမစကားကို နာခံကြသည်။ သြဇာတိက္ကမ ရှိလှသည်။

    အနွယ်တော်များသာလျှင်မက မြို့ပေါ်မှလူများအား လိုလိုပင် နေရာထားကာ လေးစားကြည်ညိုခြင်း ခံနေ ရသော ဇနီးမောင်နှံဖြစ်သည်။
    ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းလှသဖြင့်လည်း ဆရာတော်၊ သံဃာတော်ကြီးများက များစွာချီးမွမ်းခြင်း ခံယူ နေသော သူများဖြစ်သည်။
    အသက်အရွယ်မှာ ဇနီးမောင်နှံနှစ်ဦးလုံး ငါးဆယ်ကျော်ကြီးပြီဖြစ်သော်လည်း ငယ်ရွယ်နုပျိုစဉ်က သားသမီး ရတနာ မထွန်းကားခဲ့ပဲ၊ အသက်လေးဆယ်နားနီးမှ သမီးရတစ်နာတစ်ပါး ရှားရှားပါးပါး ထွန်းကား ရရှိခဲ့၏။

    ရုပ်ဆင်းအင်္ဂါဖြင့် ပြည့်စုံသော သမီးအား 'ခင်ခင်မျိုး'ဟူသော နာမည်ကိုမှည့်ကာ အသက်တမျှ ချစ်ခင် ကြင်နာ ယုယစွာ မွေးမြူလာခဲ့ရာ၊ သမီးခင်ခင်မျိုးအသက် တစ်ဆယ့်ရှစ်နှစ် အရွယ်တွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်း စာမေးပွဲကို အောင်မြင်ခဲ့လေသည်။
    သို့သော် ရှေးဆန်သော လူကြီးများ၏ စိတ်ဆန္ဒအတိုင်း ခင်ခင်မျိုးအား ပညာဆက်လက် မသင်ကြား စေတော့ဘဲ။ ကျောင်းမှထုတ်ခါ အိမ်မှာပင် ထားခဲ့သည်။ မြန်မာ့ရိုးရာဓလေ့အတိုင်း ဗုဒ္ဓဘာသာ ကျမ်းဂန် စာပေ များကို သင်ကြားစေသည်။ အိမ်တွင်းမှု အချက်အပြုတ်၊ အချုပ်အလုပ်ပညာကို သင်ကြားစေသည်။

    မခင်မျိုးသည် လိမ္မာရေးခြားရှိသူလေးဖြစ်သည့် အလျောက် မိဘနှစ်ပါး၏ စိတ်တိုင်းကျကိုသာ လိုက်လျော နေထိုင်သည် ဖြစ်ရာ၊ ဦးတင်မျိုးနှင့် ဒေါ်ခင်ခင်ထားတို့သည် တစ်ဦးတည်းသော သမီးလှရတနာလေးအား အရိပ် တကြည့်ကြည့်ဖြင့် ပီတိဖြစ်နေကြလေသည်။

    မခင်မျိုး ဆောင်ရွက်ရသော ၀တ္တရားများကား၊ ဘဘနှင့်မယ်မယ်တို့အတွက် ပြုစုလုပ်ကိုင်ပေးရမည့် ကိစ္စကို မည်သည့်အခါမှ အိမ်ဖော်များအား တစ်ဆင့်မလွှဲဘဲ၊ ကိုယ်တိုင်လုပ်ကိုင်ပေးသည်။ မီးဖိုချောင်ကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ခြင်းဖြင့် ငွေရေးကြေးရေးမှာ လုံခြုံစေသည်။ ဘဘနှင့်မယ်မယ်တို့အတွက် ရရှိသည့် ရိက္ခာတော်ငွေကို စနစ်ကျနစွာ သုံးစွဲခြင်းဖြင့် ငွေစုဆောင်းတတ်သည်။ ခြံကို ပြုပြင်ကာ ခြံမှထွက်သည့် ဟင်းရွက်၊ ဟင်းသီး၊ပန်းများကို အိမ်မှာလည်း သုံးသည်။ အိမ်ဖော်မယ်မှုန်အား ဈေးသို့ ပို့စေခြင်းဖြင့် အိမ်စရိတ် ကာမိအောင် စီမံသည်။

    အိမ်သို့ ရောက်လာသည့် ဧည့်သည်များအား သူ့အဆင့်အတန်းနှင့်သူ လိုက်လျောဖော်ရွေစွာ ဧည့်ဝတ် ကျေအောင် ပြုစုတတ်သည်။
    ပစ္စည်းဥစ္စာကလည်း အသင့်အတင့်ပြည့်စုံ၊ အမျိုးအနွယ်ကလည်း မဟာဆီ မဟာသွေးဖြစ်၍ ချောမော လှပသော ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံပြီး ခေတ်ပညာဆယ်တန်းအောင် ထားပြီးသော မခင်မျိုးအား မန္တလေးမြို့ ပေါ် မှ လူပျိုလူရွယ်များက များစွာ မျက်စိကျကြသည်။

    သို့သော် မခင်မျိုးနှင့် လူငယ်ချင်းဘာဝ မေတ္တာရည်ငံပြီးရှိနေသူကား၊ ကိုစောခိုင် အမည်ရှိသော လုလင်ပျို ဖြစ်သည်။ ကိုစောခိုင်နှင့် မခင်မျိုးတို့မှာ လူငယ်ချင်း မေတ္တာရှိသော်လည်း မည်သည့်အခါမှ ဣနြေ္ဒပျက်ပြား အောင် ချိန်းဆိုတွေ့ဆုံခြင်း မပြုကြချေ။ စာအားဖြင့်သာလျှင် ဆက်သွယ်နေကြသည်။ ကိုစောခိုင် နှင့် မခင်မျိုးတို့မှာ တစ်နှစ်တည်း ဆယ်တန်းအောင်မြင် ကြသည်။ ကိုစောခိုင်ကား တက္ကသိုလ် သို့ ပညာဆက်သင်ကြားရန် စီစဉ်ချက်ရှိလေသည်။ သို့သော် မခင်မျိုးသည် တက္ကသိုလ်သို့ သွားလိမ့် မည်ဟု အတိအကျ သိထားသော ကိုစောခိုင်ထံမှာ မမျှော်လင့်သော စာတစ်စောင်ကို ရရှိ၍ များစွာ အံ့အားသင့် သွားလေသည်။

    သို့သော်လည်း ချစ်ခင်ကြင်နာသူ၏ စိတ်ဆန္ဒကို မကန့်ကွက်လိုသောကြောင့်၊ ကိုစောခိုင်၏ စာမှာ ပါသည့် အတိုင်း အိမ်ပေါ်ထပ် လသာဆောင် လက်ရမ်းမှာ တန်းတင်ပြီး စိုက်ပျိုးထားသော ပန်းပင်များကို စစ်ဆေး ကြည့်ရှုဟန်ဖြင့် ချစ်သူဖြတ်သန်းလာမည့် အိမ်ရှေ့လမ်းကို မကြာခဏ လှမ်းကြည့်ကာ စောင့်မျှော် နေလေသည်။

    မကြာမီ မြင်းရထားတစ်စီးသည် မခင်မျိုးတို့ အိမ်ရှေ့လမ်းတွင် ခပ်နှေးနှေး မောင်းလာ၏။ မခင်မျိုးသည် အမှတ်မထင်ကြည့်သော ဟန်မျိုးဖြင့် လသာဆောင်မှ လမ်းမပေါ်တွင် မောင်းလာသော မြင်းရထားကို ငုံ့ကြည့် လိုက်သည်။ မြင်းရထားပေါ်မှာ ကိုစောခိုင်သည် ချစ်သူမခင်မျိုးအား မော်ကြည့်ကာ နှစ်ယောက် သား သိရုံမျှ လက်ကိုမြှောက်ပြ နှုတ်ဆက်လိုက်သည်။ မခင်မျိုးသည် ကိုစောခိုင် စီးနင်း လိုက်ပါ သွားသော မြင်းရထား ကွယ်ပျောက်သွားသည့်တိုင်အောင် မျက်စိတစ်ဆုံး ကြည့်နေလိုက်ပြီးမှ ၀မ်းနည်း လွမ်းဆွတ် သော စိတ်ဖြင့် သက်ပြင်းချကာ အိမ်တွင်းသို့ လှည့်ဝင်လာခဲ့လေသည်။

    မခင်မျိုး သည် မိအို၊ ဘအို နှစ်ပါးအား ၀တ္တရားကျေပြွန်စွာ ပြုစုရင်း ချစ်သူ ကိုစောခိုင် အမြန်ပြန်လည် ရောက်ရှိ စေကြောင်းကို ဆုတောင်းမေတ္တာပို့နေရာမှ အချိန်သည် တရွေ့ေ၇ွ့ ကုန်ဆုံးကာ ချစ်သူ ကိုစောခိုင် မန္တလေး မှ ထွက်ခွာသွားသည်မှာ တစ်နှစ်နီးပါးမျှ ကြာမြင့်ခဲ့ပြီဖြစ်၏။

    ဦးတင်မျိုးနှင့် ဒေါ်ခင်ခင်ထားတို့မှာ အိမ်မှာ အနေနည်းလှသည်။ ဆွေမျိုးရင်းချာ ယုံကြည်စိတ်ချရသော သူများ နှင့် သမီးမခင်မျိုးကို အိမ်တွင်ထားခဲ့ပြီး၊ မန္တလေးတောင်ခြေနှင့် မလှမ်းမကမ်းရှိ စိမ်းညိုသော သစ်ပင်အုပ် အတွင်း မှာ တောရကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းကာ၊ ထိုတောရကျောင်းရှိ ဘုန်းတော်ကြီး ထံသွားပြီး တရားနာ ကမ္မဋ္ဌာန်း ထိုင်နေသည်က များသည်။ သမီးလိမ္မာလေး အတွက်လည်း နောက်ကြောင်း အေးကြဟန် တူလေသည်။

    သုံးရက်လျှင် တစ်ခေါက်လောက် မိဘများထံ သွားနေကျ ဖြစ်သော မခင်မျိုးသည် ဤနေ့အဖို့ မိဘ များထံ သွားရမည့်နေ့ဖြစ်သည်။ နံနက်စောစောကပင် မိဘများထံ ယူဆောင်သွားရမည့် စားကောင်း သောက်ဖွယ် များကို မီးဖိုချောင်သို့ ကိုယ်တိုင်ဝင်ကာ စီမံချက်ပြုတ်၏ ပြီးစီးသောအခါ ချိုင့်အသီးသီးတွင် ထည့်ရန် အိမ်ဖော်များအား ပြောဆိုမှာကြားခဲ့ပြီး ဘုရားပန်းခူးရန် ကတ်ကြေးတစ်စင်းကို ယူကာ အိမ်ရှေ့ ပန်းခြံ ထဲ သို့ ဆင်းလာခဲ့သည်။

    အချိန်မှာ နံနက်ရှစ်နာရီမျှ ရှိပြီဖြစ်၏။ မခင်မျိုးသည် ခြံတံခါးဝနားရှိ အဆုပ်လိုက်၊ အခိုင်လိုက်ပွင့်နေသော ဇီဇ၀ါ ချုံကြီး ရှိရာသို့ လျှောက်လာကာ၊ ဖြူဖွေးမွှေးကြိုင်သော ဇီဇ၀ါ ပန်းတစ်ခိုင်ကို ကတ်ကြေးနှင့်ညှပ်ရန် ဟန်ပြင်လိုက်စဉ်တွင်...
    'ဒီမှာ မခင်မျိုး'
    ဟူသော ခေါ်သံကြောင့်၊ ခြံတံခါးဝဆီသို့ လှည့်ကြည့်လိုက်၏ ဘန်ကောက်လုံချည်၊ ပိုးတိုက်ပုံအင်္ကျီ၊ ကတ္တီပါညှပ်ဖိနပ်၊ စိန်လက်စွပ်၊ ရွှေကြိုးဖြင့် ပတ်ထားသော လက်ပတ်နာရီစသည်ဖြင့် ခံညားစွာ ၀တ်ဆင် ထားသော သားသားနားနား လုလင်ပျိုတစ်ယောက်ကို တွေ့ရ၏ ရုတ်တရက်သော် မခင်မျိုးမှာ မည်သူမှန်း မသိ ၍ ငေးကြည့်နေမိသည်။

    'ကျွန်တော် ဘဆွေပါ မခင်မျိုး'
    'သြော်...ရှင်, ကိုဘဆွေလား'
    မခင်မျိုးက ၀မ်းသာအားရပြောရင်း ခြံတံခါးဝဆီသို့ ခပ်သုတ်သုတကလေးလာကာ တံခါးဖွင့်ပေးလိုက်၏။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ချစ်သူကိုစောခိုင် ခရီးမထွက်မီ နောက်ဆုံးပေးလိုက်သော စာထဲတွင် ခရီး ထွက်ရာ မှာ အဖော်အဖြစ်ဖြင့် သူငယ်ချင်းကိုဘဆွေအား ခေါ်သွားမည်ဟု ရေးသားခဲ့သည် ယခု ကိုဘဆွေဆိုသူ ရောက်လာသည်။ ချစ်သူကိုစောခိုင်၏ သတင်းကို ကြားရတော့မည်ဟု မခင်မျိုးက မျှော်လင့် သည်။ ခြံတံခါးကိုဖွင့်ပြီး...
    'လာပါ ကိုဘဆွေ၊ အိမ်ထဲမှာ အေးအေးဆေးဆေးထိုင်ပါဦး...'

    ဟုဖော်ရွစွာ ဖိတ်ခေါ်လိုက်သည်။ ကိုဘဆွေက ပြုံးရွှင်သော မျက်နှာနှင့် မခင်မျိုးကို စေ့စေ့ကြည့်လိုက်ပြီး ထည်ဝါခံ့ညားသော ဟန်မူရာဖြင့် မခင်မျိုးဖိတ်ခေါ်ရာသို့ လိုက်လာသည်။
    ဧည့်ခန်းတွင် ထိုင်မိကြသောအခါ သိလိုစိတ် ပြင်းပြနေသော မခင်မျိုးကပင် စကားစပြီးမေးလိုက်၏။

    'ကိုစောခိုင်ရဲ့ သူငယ်ချင်းကိုဘဆွေဆိုတာ၊ ဟိုအရင်ကိုစောခိုင်တို့နဲ့ အိမ်နီးချင်းဖြစ်တဲ့  ကိုဘဆွေပဲ မဟုတ်လား၊ ကျွန်မမေးတာ စိတ်မရှိပါနဲ့နော်...'
    ယခင် ဆင်းရဲနွမ်းပါးစွာ ကုတ်ချောင်းချောင်းနေခဲ့ရသော ကိုဘဆွေ၏ ရုပ်ရည်နှင့် ယခု သူဌေး ဟန် ပေါက်နေသော ကိုဘဆွေ၏ ရုပ်ရည်ကို မခင်မျိုးက စိတ်ထဲက နှိုင်းယှဉ်ရင်း ပွင့်ပွင့်လင်းလင်း ပြောတတ်သော မိန်းကလေးဖြစ်သည့် အလျောက် သံသယရှင်းအောင် မေးလိုက်၏ ကိုဘဆွေ၏ မျက်နှာ တစ်ချက် မျှ ပျက်သွားသည်။ သို့သော် ကိုဘဆွေသည် လျင်မြန်စွာ မျက်နှာကို ပြန်ပြင်ပြီး...
    'ဟုတ်ပါတယ် မခင်မျိုး၊ ကျွန်တော် အဲဒီဘဆွေပါပဲ'ဟု ရိုးသားသော လေသံဖြင့် ၀န်ခံလိုက်၏။
    'ကိုစောခိုင် ခရီးထွက်ရာမှာ ရှင်က အတူပါသွားတယ်နော်...'
    မခင်မျိုးက ကောက်ခါငင်ကာ မေးလိုက်၏။
    'ဘယ်သူပြောလဲ...'
    ကိုဘဆွေက အံ့အားသင့်ဟန်ဖြင့် တုံးတိတိမေးလိုက်သည်။

    'ဘယ်သူက ပြောတယ်ဆိုတာ ကျွန်မပြောဖို့ မလိုပါဘူးလေ၊ ရှင်ပါသွားတယ် ဆိုတာတော့ ကျွန်မ သေသေ ချာချာ သိပါတယ်...'
    မခင်မျိုးက သေချာပေါက်ပြောနေသော်လည်း ကိုဘဆွေကမူ နားလည်ဟန် မပေါ်ချေ။

    'နေပါဦး မခင်မျိုး၊ ကိုစောခိုင်က ဘယ်ကို ခရီးထွက်တာလဲ၊ ကျွန်တော်လုံးလုံးမသိပါဘူးဗျာ၊ ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ရန်ကုန်ရောက်နေတာပါ၊ ကျွန်တော့်အဖေဘက်က ဦးလေးလူပျိုကြီး တစ်ယောက် က ခေါ်သွားပြီး အခုသူဆုံးတော့ မမျှော်လင့်ဘဲ သေတမ်းစာမှာရှိသမျှ အမွေတွေအားလုံး ကျွန်တော့် ကို ပေးခဲ့လို့ အခုကျွန်တော်ချမ်းသာနေပါပြီ။ စိန်ကျောက်ရတနာကုန်သည် လုပ်နေပါတယ်။ ကိုယ်ချမ်းသာ နေတဲ့ အချိန်မှာ ငယ်သူငယ်ချင်း ကိုစောခိုင် သတိရလို့ မန္တလေးအလည်အပတ် ပြန်လာ တာပါပဲ။ ဒီရောက်တော့ ကိုစောခိုင်လဲ ရှာမတွေ့။ သူ့အဖေ ဦးစောအေးလဲ ဆုံးသွားတာ သုံးလ လောက် ရှိပြီပြော...'

    'ဘာ...ဘာ ကိုစောခိုင်အဖေ ဆုံးပြီလား'
    မခင်မျိုးက ကိုဘဆွေ စကားမဆုံးမီ ဖြတ်ပြီး ထိတ်လန့်အံ့သြစွာ မေးလိုက်။
    'ဟုတ်တယ်မနေ့က ကျွန်တော် ရောက်ရောက်ချင်းပဲ သူတို့အိမ်သွားတော့ ဆွေမျိုးနီးစပ် တွေ ထင်ပါရဲ့ အိမ်ပေါ် မှာ တွေ့တယ်၊ဦးစောအေး ဆုံးတာ သုံးလလောက်ရှိပြီတဲ့၊ ကိုစောခိုင်လဲ အိမ်က ပျောက်သွားတာ တစ်နှစ် လောက်ရှိပြီ ပြောတယ်၊ သူတို့စုံစမ်းမေးမြန်းလို့ မရဘူးတဲ့၊ ဒါနဲ့ ကျွန်တော်လည်း မခင်မျိုး သိမလား မျှော်လင့်ပြီး လာခဲ့တာပါ'

ဆက်ရန်
.

3 comments:

KMC@ချင်းလေး said...

ဘယ်လိုတွေဖြစ်ကုန်တာလဲဟင်? ဇာတ်ရှိန်အရမ်းတက်နေပြီဗျို့...။
ကျေးဇူးပြု၍ လုပ်ပေးပါဦး.. ကိုဘဆွေအကျင့်ပုတ်လိုက်ပြီထင်တယ်.. အဲ..ထင်တာနော်..ဟီဟိ.

မေသိမ့်သိမ့်ကျော် said...

နောက်တစ်ပိုင်းမျှော်နေတယ်ဗျိုးးးး

ခင်မင်လေးစားလျက်

Anonymous said...

နိုး ကိုဘဆွေ အကျင့်ုပုတ်တာမဟုတ်လောက်ပါဘူး ကိုစောခိုင် ကရင်ပြည်နယ်မှာအခြေကျသွားတာထင်တယ်
ရမ်းပြောတာ နော်