Wednesday, June 29, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၁)

အခန်း(၇၁)
အဲလျော့

ဂျိန်း၏ ၁၅ မိနစ်သည် ၁၉၇၅ ခုနှစ်ကုန်လို့ ၁၉၇၆ ခုနှစ်ထဲအထိ မကုန်ဆုံးသေးပေ။ သူ စိတ်ဓာတ်က တက် လိုက်ကျလိုက် ဖြစ်နေဆဲ။
အဲလျော့ကိုမူ လူတွေက မစ္စတာဂရက်ခ်ျဟု ပြောင်လှောင်စပြုလာသည်။ အဲလျော့သည် သူ့ဘ၀သူ စိတ် ပျက်လာ၏။ ဂျိန်းကို ဆရာဝန်လိုလည်း ပြုစုရ၏။ ကလေးထိန်းလိုလည်း စောင့်ရှောက်ရ၏။ စာရင်းကိုင်လည်း လုပ်ပေးရ၏။ ရှေ့နေအဖြစ်လည်း ဆောင်ရွက်ပေးရ၏။ တယ်လီဖုန်း အော်ပရေတာလည်း လုပ်ပေးရ၏။ သူ့စာတိုက်ပုံးကိုလည်း ကြီးကြပ်ပေးရသေး၏။
" ကိုယ် မင်းယောက်ျား ပြန်လုပ်ပါရစေလား " ဆိုတော့ " ဘယ်သူက ရှင့်ကို တားထားလို့လဲ "ဟု ပြန်ပက် သည်။

" မင်းက တားနေလို့ပေါ့၊ မင်းကို ထိန်းရတာ ကိုယ် စိတ်ကုန်လာပြီ ဂျိန်း "
၁၈၇၅ ခုနှစ်။ နှစ်လယ်ပိုင်းတွင် အဲလျော့ ပြောခြင်းဖြစ်သည်။
" မင်း လူကြီးဖြစ်ဖို့ ကောင်းပြီ၊ ကိုယ်ဘာသာကိုယ် ရပ်တည်ဖို့ ကောင်းပြီ။ မင်းဟာ လိုချင်တာကို ရအောင် ယူတတ်တဲ့ မိန်းမပဲ၊ အဲသည်လောက် တော်ခဲ့တာပဲ "
" ရှင်က နာမည်ကြီး မိန်းမကို လိုချင်တယ်၊ ခု ရနေပြီလေ၊ ဘာလဲ အဲဒီနာမည်ကြီးတာကြီးက အင်ကြီး ဖြစ် နေလို့လား "
စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ပြကြည့်ဖို့ အဲလျော့ အကြံပေးတော့ ဂျိန်းက လက်မခံ။ သူရူးနေတာ မဟုတ်ဘူးတဲ့၊ အောင်မြင်နေတာတဲ့။

" စိတ်ကုဆရာဝန်လိုတာက ဂျိန်း မဟုတ်ဘူး၊ ရှင် "
ဒေါက်တာ ရှနိုက်ဒါဆီကို မကြာခဏ အဲလျော့ သွားနေခြင်းကို ဂျိန်းရွဲ့ပြီး ပြောခြင်းဖြစ်၏။
အဲလျော့က ဂျိန်းကို အလုပ်ကိစ္စ၊ ၀င်လာသည့် စာတွေ ဖတ်ဖို့အတွက် အတွင်းရေးမှူးတစ်ယောက် ငှာဖို့ ပြောတာကိုလည်း ဂျိန်း လက်မခံ။
" အဲဒီလောက် အကုန်မခံနိုင်ပါဘူး "
စာရင်းကိုင်ဆီမှာ ဒေါ်လာနှစ် ငွေတောင်းခံလွှာ တက်လာသည်။ စိတ်ညစ်နေရသည့်အထဲ သူက တစ်မျိုး။ လွန်ခဲ့သည့် မကြာသေးခင် အချိန်ကဆို ဒေါ်လာ နှစ်ထောင်သည် ဂျိန်းအတွက် လပေါင်းများစွာ သုံးနိုင်သည့် ငွေဖြစ်၏။

" အဲလျော့၏ ကြိုးစားအားထုတ်မှုမှန်သမျှ တစ်ခုမှ အရာမထင်ဘဲ ဂျိန်း၏ အောင်မြင်မှု လှိုင်းလုံးကြီးများထဲ တွင် နစ်မြှုပ်ပျောက်သွားကြသည်သာ။
"ရှင်နဲပကျွန်မ" ၏ ၀င်ငွေတွေသည် သူတို့နျစ်ယောက်၏ လင်မယားဘ၀ကို ၀ါးမျိုပစ်လိုက်ဘိသို့ရှိ၏။ ပြောရ သည် စကားဝိုင်းတိုင်းတွင်ကလည်း ဂျိန်း၏အကြောင်း၊ ဂျိန်း၏ အလုပ်ကိစ္စ၊ " ရှင်နဲ့ကျွန်မ"၏ နိုင်ငံခြားပုံနှိပ် ခွင့်၊ ရုပ်ရှင်ရိုက်ခွင့်၊ အင်တာဗျူးခွင့် တောင်းခြင်း၊ စသည်တို့သာလျှင်ဖြစ်၏။

အဲလျော့ကို ပြည်နယ် ပညာရေးကော်မရှင်တွင် ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်ထားခံရခြင်းသည် ဂျိန်းအတွက် ဘာမှ အရေးပါသည့် ကိစ္စမဟုတ်။ မင်ဟက်တန်စိတ္တဇ ဆေးရုံတွင် ပူးတွဲဒါရိုက်တာ ဖြစ်သွားခြင်းကိုလည်း ဂုဏ်ယူရမှန်း မသိ။
" တစ်ခါ တစ်ခါတော့လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှ မမြင်တဲ့ ဒြပ်မဲ့ ပစ္စည်းတစ်ခုလို မြင်လာတယ်" ဟု ဂျိန်းကိုရော ဒေါက်တာ ရှနိုက်ဒါကိုပါ ပြောပြမိသည်။

" ကျောင်းတိုင်းမှာ စိတ်ပညာ ဌာနတွဲထားပေးဖို့ ကိုယ်တို့ ကော်မရှင်က တင်လိုက်တဲ့ အစီရင်ခံစာကို ပြည် နယ်အစိုးရက လက်ခံလိုက်ပြီ"
၁၉၇၆ ခုနှစ်တွင် သူ့အောင်မြင်မှုကို လဲလျော့က ဇနီးဖြစ်သူအား ဂုဏ်ယူစွာ ပြောနေစဉ် ဂျိန်းက
" မီချီဂန် တက္ကသိုလ်က ဒုတိယကမ္ဘာစစ်အပြီးတွင် ပြောင်းလဲလာသည့် အမျိုးသမီးများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဖို့ ဂျိန်းကို ဖိတ်ထားတယ်၊ အထက်တန်းကျောင်းမှာ ပြောရမယ့် လက်ချာကို ဖျက်ပြီး သွားရမလား ဟင်" ဟု ဖိတ်စာကတ်ပြားကလေးကို ပြပြီး အဲလျော့ကို ပြန်မေး၏။

" သြော် မင်းကိုယ့်ကို မမြင်ရုံမဟုတ်ဘူး၊ ကိုယ်ပြောတာလဲ မကြားတော့ပဲကိုး " ဟု သူပြသည့် ဖိတ်စာကတ် ပြားကို မကြည့်တော့ဘဲ အဲလျော့ ညည်းညူလိုက်မိသည။

အဲလျော့သည် လူ့သဘာဝနှင့် လူတို့၏ စိတ်အကြောင်းကို သင်ကြားခဲ့ရသည့် ကျောင်းသားဖြစ်ခဲ့ဖူးသော်ငြားလည်း သူသည် လူတစ်ယောက်သာလျှင် ဖြစ်လေသည်။
" မင်း တစ်နေ့တခြား အောက်ခြေလွတ်လာပြီ ဂျိန်း "
လာပို့ရမည့် ရက်ထက် သုံးရက်နောက်ကျသဖြင့် မှာထားသည့် မာစီးဒီးကားသစ်ကို မယူတော့ဟု ဂျိန်းက ငြင်းသည့် အတွက် အဲလျော့က စွပ်စွဲလိုက်ခြင်းဖြစ်၏။
အတ္တ၏ သားကောင်ဖြစ်နေပြီဟုလည်း ထပ်ပြော၏။
ငါနဲ့ ငါသာနှိုင်းစရာ ထင်ပြီး ဘ၀င်မြင့်လွန်းနေခြင်းကိုလည်း ထောက်ပြ၏။

သတင်းစာတစ်စောင်တွင် ပါလာသည့် သူ့ဓာတ်ပုံမှာ ၀လွန်းနေသဖြင့် ဂျိန်းသုံးရက်လောက် စားမ၀င် အိပ်မပျော် ဖြစ်နေပြီး ဒေါသထွက်နေ၏။
" အဲဒီ ခွေးသူတောင်းစားတွေကို တရားစွဲမယ် "
ဂျိန်းက နာမည်ကြီး စာရင်းဝင်မို့ သက်သက်လုပ်တာ "
" မင်းဟာ အတ္တရူးပဲ၊ မင်းရုပ်ပုံကို လူတွေ လှလှပပ မြင်ဖို့က လွဲပြီး မင်းဘာမှ စိတ်မ၀င်စားဘူး "
" ပရိသတ်က လှလှပပမြင်ဖို့ ကျွန်မအတွက် အရေးကြီးတယ် "
ဂျိန်းက ပြန်အော်သည်။

အဲလျော့ကို မိမိအား မချစ်ဘဲ ငွေကိုသာ ချစ်သူဟု ခဏခဏ စွပ်စွဲသည်။
" ကျွန်မမှာ ငွေမရှိရင် ရှင် ကျွန်မကို ထားခဲ့တာ ကြာပြီ "
" မင်းကို ထားခဲ့ပြီဆိုရင်လည်း ငွေမတွက်ကြောင့်တော့ မဖြစ်စေရဘူး၊ မင်းငွေတွေကို စီမံပေးရ၊ အဲဒီ အတွက် ဘာမှ အကျိုးမခံစားရ၊ အမျိုးမျိုးစွပ်စွဲခံနေရလို့ပဲဖြစ်မယ် "
" ဂျိန်း စိတ်ဆိုးလာရင် ဒီလိုပဲ ပြောတတ်တာပဲ၊ စိတ်ထဲကပါလို့မှ မဟုတ်တာ၊ အဲဒါ ရှင် သိသားပဲ "
" သိတော့ သိတယ်၊ ဒါပေမယ့် နာတယ် "

ဂျိန်းက အဲလျော့ကို ကပ်ပါးသွေးစုပ်ကောင်၊ အဝေဖန် မခံနိုင်သူ စသည်ဖြင့် အမျိုးစုံစွပ်စွဲသည်။ အဲလျော့ ခံပြင်းဆုံးမှာ ခံစားမှု မရှိဟု အပြောခံရခြင်းဖြစ်၏။ လူယောင်ဆောင်နေသည့် စက်ရုပ်ဟု ပြော၏။ ဦးခေါင်း သာရှိပြီး နှလုံးသား မရှိသူဟုဆို၏။
" ရှင့်လောက် အေးစက်တဲ့ လူမျိုးဆီကို လူနာတွေ လာနေတာ အံ့သြပါရဲ့" ဟုလည်း သူ့ပြဿနာတွေကို အဲလျော့ အကူအညီပေးပုံ မကြိုက်လျှင် ပြောတတ်၏။
ဒေါက်တာ ရှနိုက်ဒါကို တစ်ခါမှ မတွေ့ဖူးဘဲ မုန်းနေ၏။ အဲလျော့နှင့် မာသာရှနှိုက်ဒါကို စွပ်စွဲ၏။ အောင်မြင် မှုကြောင့် ပျော်ရွှင်မှု မရနိုင်ကြောင်းကို အဲလျော့နှင့် ဂျိတ်းတို့ နှစ်ယောက်၏ အဖြစ်က သက်သေခံနေသလို ဖြစ်နေ၏။

" မင်း လုံးလုံးလျားလျား ပြောင်းလဲသွားပြီ ဂျိန်း၊ မင်းဟာ ဘ၀င်မြင့်ရောဂါနဲ့ ရူးကြောင်ကြောင်ဖြစ်နေပြီ၊ အဲဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး ဂျိန်း"
ဂျိန်းသည် မှန်ရှေ့တွင် နာရီများစွာ အချိန်ဖြုန်း၏။ အ၀တ်အစား ရွေးရသည်နှင့် ခြေကုန်လက်ပန်း ကျနေတတ်၏။
ဘယ်ဖိတ်စာကို သူ လက်ခံပြီး ဘယ်ဧည့်ခံပွဲကို ပယ်ချရမှာပါလိမ့်၊ လက်ခံလျှင် ဘာပြောမှာပါလိမ့်၊ စသည် ဖြင့် အဲလျော့ ရင်တမမနှင့် စောင့်ရသည်။
တစ်ခုခုကို ဆုံးဖြတ်ဖို့ အဲလျော့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုင်ပင်သည်။ အသေးအဖွဲ့ကိစ္စ ကလေးမှစ၍ သူ့ဘာသာသူ မဆုံးဖြတ်။ နှုတ်ခမ်းဆိုးဆေးအရောင် ရွေးတာက အဲလျော့တာဝန်။ စားသောက်ဆိုင်သွားလို့ စားမြိန် ယမကာရွေးဖို့လည်း အဲလျော့ အဆုံးအဖြတ်ပေးရ၏။

" ဂျိန်းပြောင်းလဲသွားပြီးဆိုရင်လဲ ရင့်ကျက်လာလို့ ဖြစ်မှာပေါ့၊ အရွယ်ရောက်လာလို့ ဖြစ်မှာပေါ့၊ ဂျိန်းက အထွက်အထိပ်ရောက်နေပြီလေ၊ ဂျိန်း နောက်ကို လူတွေ လိုက်နေရပြီ၊ အဲလျော့ အမှီလိုက်ရမှာပေါ့ "

အခြား အခြားသော စကားနိုင်လုပွဲများကတော့ လျှာနှင့်သွား အဖြစ်မျိုးများဖြစ်၏။ လင်မယားတိုင်း ဖြစ်နေကျကိစ္စမျိုးများဖြစ်၏။
" ညက မင်းဂျက်ဖရီကိုညုနေတာ မဟုတ်လား၊ မင်းလက်က သူ့ပေါင်ပေါ်မှာ၊ မင်း လုပ်နေပုံက ဖက်နမ်း တော့မတတ်ပဲ၊ ဒါလောက် ဣနြေ္ဒမဲ့ဖို့ မကောင်းဘူး "
မနေ့ညက ညစာစားပွဲအကြောင်းကို နောက်တစ်နေ့ အဲလျော့ စားမြုံ့ပြန်နေခြင်းဖြစ်သည်။ ညစာကျွေးသည့် ဂျက်ဖရီမှာ ရုပ်သံကုမ္ပဏီတစ်ခု၏ နာမည်ကျော် သတင်းကြေညာသူဖြစ်သည်။ လူက အရပ်မြင့်မြင့်၊ ရုပ်ရှင် မင်းသား ပုံစံမျိုး၊ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ယူလိုက် ကွာလိုက် လုပ်နေသူ။

" ညုတာ မဟုတ်ဘူး၊ ဒါပေမယ့် ဂျိန်းကို ယောက်ျားတွေ စိတ်ဝင်စားလာရင်၊ ဂျိန်း ဒီလိုပဲ နေတတ်တယ်"
" အဲဒါ အပေါစား ဆန်တာပေါ့ "
" ဂျက်ဖရီကတော့ ကျွန်မကို ရှင်ထင်သလို မထင်ဘူး "
တစ်အိမ်တည်းနေပြီး မီးဝေးချိပ်ပမာ ဖြစ်လာတော့ ဂျိန်းက ဟိုလူနှင့်တွဲသည် လူနှင့်တွဲလုပ်လာ၏။
" ရှင်ကလွဲရင် ယောက်ျားတိုင်း ဂျိန်းကို စိတ်ဝင်စားကြတာချည်းပဲ" ဟု မခံချင်အောင် ပြောတတ်၏။

ဂျိန်းက အမြဲတမ်း အဲလျော့ကို စိတ်ချဉ်ပေါက်နေသည်တော့ မဟုတ်။ ရံခါတွင် ပြောသမျှ လုပ်သမျှကို နောင်တ တရရ ဖြစ်ချင် ဖြစ်နေ၏။ မလုပ်သင့်မှန်း သိသော်လည်း မည်သို့ ရပ်တန့်ရမည်ကို မသိ ဖြစ်နေ၏။
ရိုးသားသည့် သာမာန် ဘ၀ကို ပြန်လည် အာရုံပြုဖို့ ကြိုးစားသည်။ သို့သော်လည်း ဘုံဆောင်မြင့်ပေါ်မှ အားလုံး ဖူးဖူးမှုတ်ထားသည့် ဘ၀မှ မြေကြီးပေး ပြန်ဆင်းဖို့ ကိစ္စမှာ ထင်သလောက် မလွယ်တော့ပေ။ ခုတော့ ဂျိန်းသည် ရံရွှေတော်ပေါင်းများစွာ၏ အလယ်မှ ရွှေမင်းသမီးကလေးဖြစ်နေပြီ။
လူတိုင်းက သူ့ကို တွေ့ချင်နေကြ၏။ လူတိုင်းက သူ့ကို အတော်ဆုံးဟု ထင်နေကြ၏။ လူတိုင်းက သူ့ဆီမှာ တစ်ခုခု လိုချင်နေကြ၏။
"ရှင်နဲ့ကျွန်မ" ဟာ ကျွန်မရဲ့ ဘ၀ကို လုံးလုံးပြောင်းပေးလိုက်သလိုပါပဲ၊ ဖတ်ဖူးသမျှဝတ္ထုတွေထဲမှာ အစွဲဆုံး ပဲ၊ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဖရန်စင်းနေရာမှာ ကျွန်မ သရုပ်ဆောင်ချင်ပါတယ်၊ ကုမ္ပဏီပိုင်ရှင်ကို ပြောပေးပါ လား" ဟု နာမည်ကျော် ရုပ်ရှင်မင်းသမီး တစ်လက်က စာရေးလာသည်။

" မင်း ယောက်ျားနဲ့ လမ်းခွဲဖြစ်ပြီဆိုရင်တော့ ကိုယ့်ကို အကြောင်းကြားနော် " ဟု သူ့လျှို့ဝှက် ဖုန်းနံပါတ်ကို ဂျိန်းလက်ထဲ ထိုးထည့်ပြီး သတင်းပြန်ကြားရေး လုပ်ငန်းကြီးတစ်ခု၏ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးက ကြိတ်ပြောသည်။
ဂျိန်းက သည်အကြောင်းကို အဲလျော့အား ပြန်ပြောရင်း
" ဂျိန်းဖြင့် ငိုရမလား၊ ရယ်ရမလား မသိအောင် ဖြစ်သွားတယ် "
အဘိုးကြီးက ခုနစ်ဆယ်ကျော်နေပြီဖြစ်၏။
" ငိုဖို့လည်း မလိုဘူး၊ ရယ်ဖို့လည်း မလိုဘူး၊ ကိုယ့်ဘ၀ကိုယ် သိဖို့ပဲ လိုတယ်" ဟု အဲလျော့က ပြန်ပြော သည်။
" ကိုယ့်ဘ၀ ကိုယ် သိဖို့ ဟုတ်လား "
ဂျိန်းက သူ ကြားလိုက်သည့် စကားလုံးသည် အင်္ဂလိပ်စကား မဟုတ်သလို ပြန်မေးလိုက်သည်။

တွန်းလှန်ရုန်းကန်ဖို့ ကြိုးစားသော်လည်း စိတ်ပင်ပန်းမှု၊ မွန်းကျပ်မှု နွံတွင် ကြာလေ နစ်လေဖြစ်နေ၏။ ဒေါသကို လုံးဝ မထိန်းနိုင်ဘဲ ဖြစ်နေ၏။ ကြာလေ ကြာလေ ဟောဟောဒိုင်းဒိုင်း လုပ်လေလေ ဖြစ်လာ၏။
သို့သော် တစ်ဖက်တွင်လည်း အဲလျော့အပေါ် မိမိ၏ ဆက်ဆံပြုမူနေပုံများ မတရားမှန်း သိနေ၏။ ကိုယ့်ကိုယ်ကိုယ် ပြင်ဖို့ ကြိုးစားပါသည်။
" ဂျိန်း လုပ်နေပုံတွေ မဟုတ်မှန်းသိပါတယ် ဘယ်လိုမှ ထိန်းလို့မရဘူး၊ အောင်မြင်မှုဒဏ်ကို ဂျိန်း မခံနိုင်တာပဲ၊ ဒါပေမယ့် မကြာခင် အသားကျသွားမှာပါ။ ဂျိန်း ပြင်ပါ့မယ်နော်" ဟူသည့် စကားမျိုး မကြာခဏ ပြောသည်။

လက်ထပ်ပြီးစလို အချိန်မျိုး ပြန်ရောက်သွားပြီး အကြည်ဆိုက်ချိန်များတွင်တော့
" သိပ်ချစ်တယ် မောင်ရယ်" ဟု လှိုက်လှိုက်မောမော ဂျိန်းက ပြောတတ်၏။
" အတူတူပါပဲကွယ်" ဟု အဲလျော့ ပြန်ပြောတတ်၏။ အဲလျော့က " သိပ်ချစ်တယ်ကွယ်" ဟု ပြောသည့် အခါတွင် ဂျိန်းက " တူတူပဲပေါ့ မောင်ရယ်" ဟု ဆိုတတ်သည်။
သို့သော် ဟိုတုန်းကလို ရင်ခုန်သံမြန်ကြတော့။ ဒါကို နှစ်ယောက်စလုံး ၀န်မခံကြဘဲ မသိကျိုးကျွန်ပြုထား ကြ၏။ ၁၉၇၆ ခုနှစ်တွင် သူတို့ အိမ်ထောင်ရေးမှာ ယိုင်သည်ထက် ယိုင်လာ၏။
ပြန်လည် ကြိုးစားသမျှတို့ ဘာမှ ဖြစ်မလာ။ အဲလျော့၏ ဆရာဝန်မ ဒေါက်တာ ရှနိုက်ဒါလည်း မကယ်နိုင်တော့။ သြော် သူလည်း မိမိလို စိတ်ကုဆရာဝန်ပေပဲ။ မှော်ဆရာမမှ မဟုတ်တာ ဟု အဲလျော့ သဘောထားလိုက်ရတော့သည်။

ကျေးဇူးတော်နေ့တွင် အဲလျော့၏ အိမ်ရှိရာ တောင်ပိုင်းသို့ လေးရက်ခရီးထွက်ခဲ့ကြသည်။ ငွေမက်လွန်းသည့် အဲလျော့၏ မိဘများဆီက ပြန်လာတော့ ဂျိန်းဒေါသတွေ ထွက်နေပြန်သည်။
" ဂျိန်းတို့ လမ်းခွဲကြရအောင်လား "
ဂျိန်း၏ စကား မဆုံးခင် အဲလျော့က
" လုပ်လေ၊ ကိုယ်ကလည်း ပြောတော့မလို့"
တက်လိုက်၊ ကျလိုက် ဖြစ်နေသည့် ဂျိန်း၏ မာနကိုလည်း အဲလျော့ဆက်ပြီး သည်းမခံနိုင်တော့။

တရားရုံးတွင် အငြင်းအခုံဖြစ်ကြသေးသည်။ ဘယ်သူက ကွာရှင်းဖို့ စပြောသလဲ ဟူသည့် ပြဿနာ။
" ဂျိန်း စပြောတာ" ဟု ဂျိန်းက ပြောတော့ အဲလျော့က
" မင်းပြောပြီးအောင်ကို ကိုယ်က ယဉ်ကျေးစွာ စောင့်လိုက်တာပါ၊ အမှန်က ကိုယ် အရင်ပြောမလို့" ဟု ပြန်ချေသည်။

တရားသူကြီးက အမျိုးသမီးတို့၏ အခွင့်အရေးကို အလေးပေးသူဖြစ်၏။ ယောက်ျားနှင့်မိန်းမ တန်းတူ အခွင့် အရေး ရှိရမည်ဟု ယုံကြည်သူဖြစ်၏။ ငွေရေး ကြေးရေး တာဝန်လည်း အလားတူပင် ဖြစ်စေရမည်။
သို့သော် ဂျိန်းသည် အဲလျော့ထက် ပိုချမ်းသာသည် ဆိုသည်မှာ ထင်ရှားနေသည်။ ထို့ကြောင့် ဂျိန်းက အဲလျော့ကို ခွဲဝေပေးရမည်။ သို့ရာတွင် မိုးပျံတိုက်ခန်းကြီးရော၊ ကမ်းခြေအိမ်ပါ အဲလျော့၏ နာမည်နှင့် ဖြစ်နေ၏။

ထို့ကြောင့် ကွာရှင်းခွင့်ကျသည်နှင့် ဂျိန်းက စီရင်ချက်အရ အဲလျော့ဆီမျ ပြန်ဝယ်ရတော့မည့်အဖြစ်။
" သေလိုက်ပါတော့၊ သူပြောတဲ့အတိုင်း ကမ်းခြေအိမ်ရော၊ တိုက်ခန်းကြီးရော ဈေးတွေ တက်လာတာ အမှန်ပါပဲ၊ အဲဒီဈေးနဲ့ ဂျိန်းက ပြန်ဝယ်ရတာလေ၊ ဘယ်လောက် တုံးတဲ့ဂျိန်းလဲ၊ မိဂျိန်း နှစ်ခါ နာလေ" ဟု ဂျိန်း က အပေါင်းအသင်းများကို ထုတ်ပြောသည်။

အမျိုးသမီး အခွင့်အရေးကို အလေးပေးသည့် တရားသူကြီးမို့ တော်ပါသေးသည်ဟုလည်း ဂျိန်းက စိတ်ချဉ် ပေါက်ပေါက်နှင့် ပြောသေးသည်။

" ရှင်နဲ့ကျွန်မ"ကို ဂျိန်း ဂရက်ခ်ျနာမည်နဲ့ ထုတ်ဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရဦးမယ်" ဟု ဂျိန်း ခဏခဏ ပြော လေ့ရှိ၏။
" သူ့ကို ချမ်းသာအောင် လုပ်ပေးရုံမကဘဲ နာမည်ကျော်ဖြစ်အောင်ပါ လုပ်ပေးမိရင် ဂျိန်း ရူးသွားမလားပဲ "

ဆက်ရန်
.

No comments: