Saturday, June 25, 2011

ခင်ခင်ထူး ၏ ရေကြီးခါ

ရေကြီးခါ
စာရေးသူ - ခင်ခင်ထူး

ဝါ၀င်ပြီဆိုသည်နှင့် ဧရာဝတီမြစ်ရေကို မြစ်နားကမ်းနားရွာတွေက အကဲခတ်ရပါပြီ။ ၀ါဦးရေကို အောင် မအောင် ခန့်မှန်းဖို့တော့ ခက်ပါည်။ အချို့နှစ်တွေမှာ ကဆုန်၊ နယုန်ကတည်းက ရေလှုပ်သည် မအောင်သည့်ရေက တစ်ရက်နှစ်ရက်နှင့် ဆုတ်သွားတတ်သော်လည်း အောက်ရေကတော့ မြစ်ကို တလှုပ် လှုပ် ဖွသလို မောက်လာတတ်သည်။ ထိုအခါ မြစ်ရေက တစ်လကိုးသီတင်း ဧည့်သည်လုပ်နေတော့သည်။ ရေကတရိပ်ရိပ်တိုးသည့်ရေနှင့် ကြမ်းကြမ်းတိုးသည် ရေဟူ၍ရှိသည်။ ရေတိုးကြမ်းသည့်နှစ်တွေမှာ မြစ်နားရွာ တွေထဲကို ချောင်းပေါက်တူးပေါက်တွေက တစ်ဆင့် တိုးဝင်တော့သည်။

ကျွန်မတို့ရွာတွေမှာ ရွာထဲရေ၀င်ပြီဆိုသည်နှင့် ရွာလည်း ပွက်ပွက်ဆူလေတော့သည်။ လူ့ကိစ္စ၊ လူ့ပစ္စည်းက ဒုတိယ၊ ကျွဲတွေ နွားတွေကို၊ အရင်ရွှေ့ဖို့ စီစဉ်ရသည်။ ရေက ချောင်းရိုးအတိုင်း ၀ါးလုံးထိုးစီးဝင်လာကာ ရွာ့ အရှေ့ဘက် ကို ရေဦးထိုးသည်။ ဆက်တိုးလို့မရတော့ ရွာထဲ ပြန်လှည့်ကာစမြုပ်တော့သည်။ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း ရေကြီးကိုတော့ 'ရေကြီးခါ' ခေါ်ကြ၏။ နှစ်တိုင်းတော့ ရွာထဲ ရေမ၀င်လေ့ပါ။ ရေအောင်သည့် နှစ် တွေမှာတောင် မြစ်လုံးလျှံလေ့ရှိသော်လည်း ရွာထဲ စပ်စပ်သာဝင်သည်။ သို့သော် တကယ် ရေ၀င်ပြီ ဆိုသည့် နှစ် မှာတော့ ပင်လယ်ကြီးဖြစ်ရတော့သည်။ မြစ်နှင့်ရွာမှာ ရေတစ်ဆက်တည်း ဖြစ်နေတော့ ဘယ်ကြည့်ကြည့် ရေတွေ။

မြစ်နားရွာတွေရယ်လို့ ခြေတံရှည် အိမ်ဆောက်ကြသူတွေချည်းတော့မဟုတ်။ သို့သော် နှစ်ထပ်တော့ ဖြစ်အောင် ဆောက်ထားရသည်။ အိမ်အောက်ရေ၀င်သည်ဆိုတာက ခါးစောင်းလောက် မြုပ်တာကို ဆိုလိုပါ သည်။ ထိုအခါ အပေါ်တက်နေကြပေရော့။ ခြေတံရှည်အိမ်တွေမှာတော့ လှေကလေးတွေ အိမ်တိုင် နှင့် တွဲချည် တက်ကြ၏။ အိမ်တိုင်း လှေမရှိနိုင်တော့ နွားစားကျင်းလုပ်ထားသော သစ်ထွင်းလှေ၊ ထန်းလုံးထွင်း လှေ ကို နှစ်မျိုး သုံး လုပ်ထားပါသည်။ ရေကြီးခါရောက်လျှင် ရေလွတ်ရာ အိမ်အပေါ်ထပ်မှာ မီးဖိုကာ ချက်ကြ ပြုတ်ကြ ရတာ ဆိုတော့ ရေပေါ် အိမ်ကလေးတွေထဲက မီးခိုးတွေအူလေ၏။ ထင်းတွေက ရေစိုကြပြီကိုး။ တစ်အိမ့် တစ်အိမ် နွားစားကျင်းလှော် ကာ ကူးကြရသည်။ မိုးကလည်း တအေးအေး ရေကလည်း တဖွေးဖွေး ဆိုတော့ နွမ်းပါးကြသူတို့ စိတ်မောရသည့်အခါ ဖြစ်သည်။

"တို့တော့ ရေကြီးခါ ဘာမှလုပ်စရာ မရှိတော့ ထမင်းဒိုင်ခံချက်စားနေသာပဲ။ စားလို့လည်းကောင်းပါ့တော်။ ရေကလေး ပက်စိ ပက်စိ နဲ့ ထမင်းဝင်ချက်တော့်"
ညဘက် မှာ တစ်ရွာတစ်ရွာ လှမ်းမျှော်ကြည့်ရတာကလည်း လွမ်းစရာကောင်းလှပါသည်။ မည်းနက်နေသည့် ရေပြင် က ကြောက်မည်ဆိုလျှင် ကြောက်စရာ။ မီးရောင်လက်လက်ကလေးတွေက ဟိုတစ်နေရာ သည် တစ်နေရာ။ ရေတွေ ဟီးဟီးတိုက် တိုးနေချိန်မှ ဘယ်လှေကများ ခရီးသွားနေကြတာပါလိမ့်။ ဟိုးအစုကတော့ ရွာမီး ဖြစ်လိမ့်မည်။ ရွာစဉ်ရွာဆက် ရေတွေချည်းဆိုတော့ သူ့အိမ် ကိုယ့်အိမ် ကူးချင်လို့မလ်ွယ။ ရဟန်း သံဃာတော် တို့ မကြွကြသောမှ ကိုရင်ငယ်တို့ လှေလှော်ကာ ဆွမ်းခံကြွကြပြီ။ ဆွမ်းခံလှေက ရိုက်ခတ်သည့် ကြေးစည် ကို နားစွင့်ကြရင်း ဆွမ်းတစ်စလောင်းတော့ မှီအောင် လောင်းကြသည်။

အိမ်တွင်လည်း တစ်ဝက်မြုပ်ပြီး သစ်ပင်တွေလည်း ပင်စည်လည်ပင်းရေရောက်ပြီ။ နွားစားကျင်းနှင့် အိမ်လည် ကြသူတွေ အိမ်အလည်လွန်တော့ အိမ်ကလူက ဗိုးကြီးဟစ်ကာ ပြန်ခေါ်သည်။ ကြားသည့်အိမ်က လက်ဆင့်ကမ်းပြေးပွဲလို ဆက်ကာဆက်ကာ အော်ပေးကြတော့ အလည်လွန်နေသကောရယ်လို့ မကြားမရှိ။
"မိလှ ရေ ဟေးမိလှ၊ ဖောင်းကားကုန်းက နွားတွေသွားကြည့် ကြဦးစို့ဟေး၊ ကုန်းပေါ် ရေရောက် လောက် သယ်နှော၊ ညည်းသွားရင် လာခေါ်စမ်းဟေး"

ရွာထဲရေ၀င်ပြီဆိုကတည်းက ဖောင်းကားကုန်းကို နွားတွေ အရင်ပို့ရသည်။ နွားစာတွေ ရေလွတ်အောင် လှေ နှင့် ကဲ့ ရသည်။ ဖောင်းကားကုန်းက ဘုရားကုန်းဖြစ်၍ တော်ရုံရေလောက်တော့ လွတ်ပါသည်။ တစ်ရွာလုံးက နွားတွေ ကျွဲတွေ ဘုရားကုန်းမှာ မဆန့်တော့ ရေလွတ်ရာသွားထားကြရင် ကြည်းတောရွာ တွေအထိ ရောက်ရတာ လည်း ရှိသည်။ ကြည်းတောရွာတွေဆိုတာက ကျွန်မတို့ရွာနှင့် အနည်းဆုံး လေးမိုင်လောက် ဝေးသည့် ကုန်း ခြောက်ရွာ တွေကို ခေါ်ခြင်းစြဖ်ပါသည်။ တချို့ကလည်း ကိုယ့်ဝိုင်းတိုက်ထဲမှာပဲ နွားခြံ ကုန်းမြင့်မြင့် တည်ထားကြတာရှိပါ၏။ အဝေးရွာတွေကို မပို့နိုင်သည့် နွားရှင်တွေကတော့ ဖောင်းကားကုန်း မှာ ထားကြရကာ တစ်ရေကြီးလုံး ဘုရားကုန်းမှာ ချက်ပြုတ်စားသောက်ကြတာရှိသည်။ နွားတွေ ရေလွတ် သည် ဆိုသော်လည်း နွားအလုပ်က သေးတာ မဟုတ်။ နွားစာကဲ့ရ၊ ဘုရားကုန်းသန့်ရှင်းရ၊ လူနေလူထိုင် ဆင်းရဲကြ။

"တမြန့်အပြင်တစ်နှစ်က တက်လိုက်သဲ့မြစ်ရေ တစ်သက်ကြုံဖူးဘူး။ ဘီလူးစီးလာသလား မှတ်ရသယ်။ ဒုက္ခ ရောက်ချက် တော့အေ၊ လူတွေလည်း နေစရာမရှိဘူး၊ နွားတွေလည်း နေစရာမရှိဘူး၊ ရွာထဲ ရေ၀င် လာသာ ဓားပြ၀င်သဲ့အတိုင်းပဲ"
တမြန့်အပြင်တစ်နှစ်ဆိုတာ ပြီးခဲ့သည့် သုံးနှစ်ကို ပြောခြင်းဖြစ်ပါသည်။ မနှစ်က၊ တမြန်နှစ်က၊ တမြန့်အပြင် တစ်နှစ် စသည်ဖြင့် သုံးတတ်ကြသည်။ တော်ရုံဒုက္ခကို ဒုက္ခထင်ကြသူတွေ မဟုတ်တော့ ကြီးတော်ပြောသည့် 'ဒုက္ခရောက်ချက် တော့'သည် သေးသေးမဟုတ်တာ ကျွန်မနားလည်ပါသည်။

"သားအမိနှစ်ယောက် ၀ါးကြမ်းကလေးပေါ် အိပ်ပျော်နေကြသော ကျောအောက်က စိုတိုတိုနဲ့ ရေတက်အံ့ ထင်ရဲ့လို့ ထစမ်းကြည့်တော့ ရေ က အိမ်ပေါ်ရောက်နေပြီ၊ မိထိုက် ကေ ထစမ်း ငါ့သမီး၊ ရေတွေတိုးလာသာ နွားတွေ ကြည့်စမ်းဦး ဟဲ့ နှိုးရသယ်။ အဲသည်ညက အိမ်မှာတို့ သားအမိနှစ်ယောက်တည်းပဲ"

မီးခွက်ကလေးထွန်းကာ နွားခြံဘက်ကြည့်တော့ နွားတွေ ဒူးမြုပ်နေကြပြီဆို၏။ ကြီးတော်က အိုကြီးအိုမ ဆိုတော့ ခုတင်ပေါ် ထိုင်နေရ၏ သမီးအကြီးမ က ရေထဲဖြတ်ပြီး နွားခြံဘက်ပြေးကာ နွားတွေချည်တိုင်က ဖြုတ်ကြသည်။ တစ်ရွာလုံး အချင်းချင်း နှိုးကြသည့်အသံက အမှောင်ကြိးထဲမှာ ပွက်လောရိုက်နေတော့သည်။ ညကြီး ဆိုတော့ ဖောင်းကားကုန်းဘက်ကို မသွားနိုင်။ ရေတိမ်ခြေထိုး စမ်းရင်းရွာ့တောင်ဘက် တံခါးက ထွက်ကာ ရေလွတ်ရာ ရွာတွေဘက် နွားတွေဆွဲသွားကြရသည်။ ကိုယ်လိုလူတွေချည်းဆိုတော့ ကြောက်စရာ တော့မရှိ။

"ကိုယ့်ရပ်ကိုယ့်ရွာ ချိုင်ကြီးကျင်းကြီး ဘယ်နားရှိသယ်ဆိုတာ သိလို့တော်တော့သာပေါ့အေ၊ ငါလည်း မထူး ဘူး ဆိုပြီး အမေ့ပစ်သွားတော့သာဟေ့၊ နွားတွေပို့ပြီး ရွာပြန်ရောက်တော့ မိုးလင်းကာနီးပြီ အမေ က ခုတင်ပေါ် စားပွဲဆင့် ထိုင်နေတာ ငုတ်တုတ်ကလေး၊ သားအမိနှစ်ယောက် တွေ့ရသေးသဟဲ့ဆိုပြီး အဲသည် ကျ မှ ဖက်ငိုရတော့သာ"
နောက်ရက်တွေမှာတော့ အိမ်ကြမ်းပြင်မြုပ်သည်ထိ ရေတက်လာသည်။ မြေစိုက်အိမ်တွေက နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းတွေ၊ အိမ်မြင့်ကြီးတွေ ပေါ်သွားနေကြရသည်။ တချို့က သစ်ပင်ကြီးတွေ ပေါ် လင့်စင် ထိုးနေကြရသည်ဆိုပါ၏။ မြွေတွေက ရေထဲမှာ တလန်းလန်း။ မြစ်ဘက်က သဘောင်္ကြီးတွေ ခုတ်မောင်း သွား လျှင် လှိုင်းက ရွာထဲအထိ ရောက်တော့ ဇလုံမျော၊ ပန်းကန်မျော လိုက်ဆယ်ရတာက တစ်လုပ်။

ကျွန်မတို့ရွာမှာနေစဉ်ကတော့ ရေကြီးခါ ကြုံဖူးလှသော်လည်း သည်လောက်ဆိုးတာမျိုးမ ကြုံဖူးခဲ့ပါ။ ကလေး ဆိုတော့ ရေကြီးတာကိုပဲ ပျော်ရသည်။ ရေကပြင်ကနေ ရေထဲ ဂျွမ်းထိုးချရတာ ရေမျောကဆစ်သီးတွေ ဆယ် စားရတာ တစ်နေကုန် ကျိုထားသည့် လက်ပံခေါင်းဟင်းလေး ချက်စားရတာတွေက ရေကြီးကာမှ ကြုံရတာ မျိုး မဟုတ်လား။ ရေကြီးမှာကို ကြိုတင်မသိနိုင်လေတော့ တစ်နွေလုံး အခြောက်ခံထားရသည့် ဘူးသီးခြောက်၊ ခရမ်းသီးခြောက်၊ လက်ပံခေါင်းခြောက်၊ သရက်သီးခြောက် မန်ကျည်းသီးမှည့်၊ ပဲ၊ ငပိ၊ ငါးခြောက် မလိုသော်ရှိ လိုသော်ရှိ ကြိုစုထားကြရသည်။ နွားစားကျင်းနှင့် လှေလှော်ရတာကလည်း အရသာ၊ ရေတိုးရက်ကြာလျှင် ကြာ သလောက် အနေအစား ဆင်းရဲကြရပါသည်။

ရေကျပြီဆိုတော့လည်း တစ်ရွာလုံး ညှီစော်နံတေလတော့သည်။ ရွံ့တွေ ဗွက်စိဗွက်စိက အသွားရ၊ အလာရ ခက်ပါဘိ။ ရေအကျမှာ ကျမဆွဲငါးတွေ ပေါတော့ ငပိသိပ်ကြ၊ ငါးချဉ်သိပ်ကြ၊ ယင်ကောင်တ၀ုန်းဝုန်း ကုန်းခြောက်ပြီ ဆိုလျှင်တော့ တောင်သူတွေ အခင်းဆင်းကြရပြီ။ သဘာဝကပေးသော မြေနုနူံးနုကလေးတွေ ရလိုက်ပြီ မဟုတ်လား၊ မြေနူးနူးဆိုတော့ သစ်စေ့ကြိုက်တဲ့ မြေသားရပြီ။ အခင်းတွေ ရေ၀ါပါမှ တစ်နှစ်လုံး လုပ်ကိုင် စားရတာ အဆင်ပြေသည်။

"ရေကြီးလို့ ဒုက္ခရောက်လှ တစ်လရယ်။ မြေဆီသြဇာဓာတ်ကလေး ရတော့ အပင်ဖြစ်တယ်။ အပင်ဖြစ်တော့ သစ်စေ့ သစ်နှံ ပိုထွက်သာပေါ့။ တို့တစ်တွေကတော့ ရေကြီးခါမျှော်ကြသာ"

ဒုက္ခကိုရင်းကာ သုခကို ရိတ်သိမ်းကြသူတွေပါလားလို့သာ တွေးရတော့သည်။ မြစ်ရအောင်သော်လည်း ရေမ၀င် သည့် နှစ်တွေ များလာခဲ့သည်။ တချို့နှစ်တွေမှာ ဧရာဝတီသည်ပင် ပြည့်ပြည်ဖြိုးဖြိုး မရှိလိုက်ရဘဲ ပြီးရသည်လည်း ရှိ၏။ ကြီးတော်တို့ပြောသည့် တမြန့်အပြင် တစ်နှစ်က ရေမျိုးကတော့ အအောင် လွန် လွန်းသည်။ ကျွန်မတို့မှာ မြို့မှာနေသော်လည်း သည်နှစ်ရေ၀င်တယ်၊ ရေမ၀င်ဘူးဆိုသည့် သတင်းကို နားစွင့် ကြရသည်။ လူဆင်းရဲ၊ နွားဆင်းရဲဆိုသော်လည်း ရေကြီးမှသီးနှံကောင်းတာဆိုတော့ ရေကြီးခါ မျှော်ကြ ရသူတွေ မဟုတ်လား။ တကယ်တမ်း ရေကြီးပြီဆိုလျှင်တော့ ဘယ်သူ့ဘယ်သူ မှ မကယ်နိုင်။ သူ့ ရွာလည်း ရေမြှုပ်၊ ကိုယ့်ရွာလည်း ရေမြုပ်။ အကြောင်းကြီးငယ်ရှိလို့မှ ဖြုတ်ကနဲ ထသွားလို့ကလည်း ဖြစ်တာ မဟုတ်။

သည်နှစ်တော့ ၀ါဆိုဝါခေါင်မတိုင်ခင်ကပင် မြစ်ရေကြိးနေပြီ ကမ်းလုံးတော့မတိုက်သေး။ ရေကြီးခါရက်တွေ မရောက် သေးသော်လည်း ရွာကလူတွေကိုတော့ ကြိုကြိုတင်တင် စုစုဆောင်းဆောင်းရှိကြရော့မည်။ စားရေး နေရေး ဒုက္ခရောက်ကြသည်ဆိုပေသိ ရေကြီးခါ ထမင်းကလေးကိုတော့ အလွမ်းသာ။

ခင်ခင်ထူး
[Weekly Eleven (8.8.2007)]

6 comments:

ညိမ်းနိုင် said...

ဆရာမခင်ခင်ထူးဝတ္ထုတွေကတော့ ဘယ်အချိန်ပြန်
ဖတ်ဖတ်...အညာရနံသင်းသင်းပျံပျံနဲ့ ဖတ်လို့မရိုးနိုင်
အောင်ပဲဗျာ...။ဒါနဲ့ရေမျောကဆစ်သီးဆိုတာကိုသိဘူးရယ်....။အစ်မရွှေစင်ရော...သိလားဗျဟင်....။

rose said...

အစ်မရွှေစင်ရေ... ဆရာမ ခင်ခင်ထူး စာဖတ် ပရိသတ်မို့ အခုလို ရိုက်တင်ပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။ မ၀င်းမြင့် ၀တ္ထုလည်း လာဖတ်ဦးမယ်း)

Anonymous said...

ကျမဆွဲငါး ဆိုတာက ဘယ်လို ငါးမျိုးပါလိမ့်နော် မမ။ဒုက္ခကိုရင်းပီး သုခကို ရိတ်သိမ်း ဆိုတဲ့ ဆရာမရဲ့ အရေးအသားလေးကို သဘောကျထာ....
ညီမ အနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုတွေမှာပါတတ်တဲ့ အညာလေသံလေး သဘောကျလိုက်တာ
ဖတ်ရတာ ရေကြီးချိန်မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်းမြင်သာစေတယ်
ညီမတို့လည်း မြစ်နားချောင်းနားနေတော့ ရေကြီးချိန်ရဲ့ ဒုက္ခတွေကို ခံစားဖူးတော့ ကိုယ်ချင်းစာမိတယ်
ကလေးဘဝတုန်းကတော့ ရေကြီးရင် အလိုလိုပျော်တာ ဆရာမရဲ့ ဝတ္ထုထဲကလိုပါဘဲ..

မြတ်မွန် said...

ဆရာမ စာတွေ ဖတ်တိုင်း ဗဟုသုတရတယ် မမရွှေစဉ်ရေ..ဆရာမ ခင်ခင်ထူးဆို အရမ်းကြိုက်..။

Anonymous said...

ကဆစ်သီးနဲ့ ရေမျှောကဆစ်သီး အတူတူပဲလားတော့မသိဘူး ကဆစ်သီးဆိုတာက မသိတဲ့သူဆိုရင် ဖရဲသီးသေးသေးလေးတွေလို့ပြော တက်ကြတယ် .. ဖရဲသီးပေါက်စပုံလေးပါ ညီမတို့ အညာမှာတော့ အချိုနဲ့အခါး၂မျိုးရှိတယ် အခါးဆို အစေ့တွေထုပ်ပစ် အချိုဆို အစေ့ရောပါရောပြီး ငါးပိချက်လိုမျိုးချက်စားကြတယ် .. အမေကတော့ တခါတခါ အမဲသားနဲ့ချက် အရမ်းစားကောင်းတာပဲ မီးဖုတ်ပြီးချက်စားလည်း ကောင်းတယ် .. ပြောရင်းနဲ့သတိယလိုက်တာ