"ကျွန်မ နာမည် ဂျိန်းဂရက်ခ်ျပါ"
ဂျိန်းက ဟန့်ဂရင်နီ၏ ရုံးခန်းထဲ ၀င်သွားပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
"သြော် ဖြိုးဖြိုး ရွှေရင်" ကိုး
ဟန့် က ဂျိန်း၏ ဒုတိယဆောင်းပါးနာမည်ကို ဖော်ပြပြီး နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။
"ဟုတ်တယ် "ရွှေမြို့တော်" က စာအုပ်ထုတ်ချင်လို့တဲ့၊ အဲဒါ ထုတ်ဝေသူနဲ့ ညှိပေးဖို့ ဂလင်က ရှင့်ဆီ လွှတ် လိုက်လို့" ဟန့်က ခေါင်းညိတ်ပြီး
"ညှိပေးရုံမက ကျုပ်လုပ်ပေးနိုင်ပါတယ်၊ နောက်ရေးတာတွေကို မျက်နှာဖုံး ဆောင်းပါးရရင် ပိုက်ဆံ ပိုမရပေဘူးလား၊ စာအုပ်ထုတ်ဖို့က တစ်ပိုင်းလေ၊ ဘယ်ရီဂိုးလ်စမစ်ကို ကိုယ် လှမ်းပြောလိုက်မယ်၊ ပြီးရင် မင်း ဆီ အကျိုးအကြောင်း ပြန်ပြောမယ်"
"ပေါင်တံများ၏ တီးတိုးစကား" ပါပြီး နှစ်လအကြာတွင် ဂျာနယ်၏ မျက်နှာဖုံးဆောင်းပါးမှာ "ဖြိုးဖြိုး ရွှေရင်" ဖြစ်လေသည်။ ၀က်ဝက်ကွဲအောင် လှုပ်သွားသည့် ဆောင်းပါး။
ဆူလွန်းခြင်း၊ ကျုံ့လွန်းခြင်း၊ တွဲလွန်းခြင်း၊ လျော့လွန်းခြင်း စသည် စသည်ဖြင့် အမျိုးသမီးတို့၏ ပြဿနာများ။ နောက်တစ်ပုဒ်က "ရွှေကေသာ"၊ ပေါင်တံ။ ရင်သားတို့ကဲ့သို့ပင် အမျိုးသမီးတို့တွင် ဆံပင်ကလည်း ပြဿနာ များစွာ။ ဖြောင့်လွန်းခြင်း၊ ကောက်လွန်းခြင်း၊ နုလွန်းခြင်း၊ ကြမ်းလွန်းခြင်း စသည် စသည်။
အချို့ ဆံပင်က နူးညံ့သော်လည်း ခြောက်ကပ်ကပ်၊ အချို့ဆံပင်က အဆီပြန်ပြီး စေးထန်းထန်း၊ တစ်ချို့ ပြောင်းဖူးမွေး လို့ ဖွာလံကြဲ။ လျှော်ရသည့် ပြဿနာ၊ ဖီးရသည့် ပြဿနာ၊ ဘယ်လိုမှ လျှော်လု့ဖြီးလို့ မလွယ် သည့် ပြဿနာတွေ စုံစုံလင်လင် အသေးစိတ်ရသေးသည်။ လျှော်နေတုန်း ဖော့ဖယောင်းလို ပျော့ပျောင်းပြီး ခြောက် သွားမည်မှ မကြံသေး၊ ၀ှက်မှင်ဘီးလို ဖြစ်သွားသည့် ဆံပင်မျိုး၊ အေးသည့်ရာသီတွင် မည်သို့ ထိန်းသိမ်း ပြီး ပူသည့်ရာသီတွင် မည်သို့ယုယမည်ကို ဂျိန်းက အသေးစိတ် ရေးနိုင်သည်။
ဂျိန်းရေးလိုက်မှ အမျိုးသမီးတို့၏ ဆံပင်ကိစ္စလည်း ဗီယက်နမ်စစ်ပွဲထက်ရော၊ ပြည်သူ့အခွင့်အရေး ထက်ရော၊ အဏုမြူဗုံးထက်ပါ အရေးကြီးသလို ဖြစ်လာတော့သည်။ ဤသို့ဖြင့် ဂျိန်းသည် မိမိ သည့်အကြောင်းအရာကို ရေးခြင်း သည်သာ အကောင်းဆုံးနည်းဟု သဘောပေါက်လာလေတော့ သည်။
တင်သားအကြောင်းလည်း ရေး၏။ အဆီများလွန်းခြင်း၊ အလျားအနံ အချိုးမညီခြင်း၊ အနိမ့်အမြင့် အဆူ အကြုံ မမျှတခြင်း၊ စသည် စသည် ...။ ဆောင်းပါးနာမည်ကို "ကိုလေးတို့၏ မျက်စိဆုံတာ" ဟု ပေးလိုက်၏။
ပြီးတော့ နှာတံအကြောင်း ရေးသည်။
ကောက်သော၊ ပြားသော၊ ကြီးလွန်းသော သေးလွန်းသော စသည် စသည်တို့ အပြင် ရောမ နှာခေါင်းဟူ၍ ခေါင်းစဉ်ခွဲနှင့် ပါသေး၏။ ခေါင်းစဉ်ကိုတော့ ခပ်နောက် နောက်လုပ်ပြီး ပေးသည်။ "ငှက်နှုတ်သီးများ"။
ဟန့်ဂရင်နီ၏ တွန်းအားကြောင့် ဂျိန်း၏ စာမူခတွေ တရိပ်ရိပ် တက်လာသည်။ အလားတူနာမည်နှင့် စာမူခမှာ ရေနှင့် ကြာလို ဖြစ်လာ၏။ တဖြည်းဖြည်းနှင့် ဂျိန်း၏ စာဖတ်ပရိသတ်များသည်ထက် များလာပြီး စာဖတ် တတ်သူ မှန်သမျှ "ရွှေမြို့တော်"ကို အလုအယက် ၀ယ်ဖတ်ကြ၏။ အကိုးအကား ပြုပြီး ပြောလာကြ၏။ တစ်ဆင့် ကူးယူ ဖော်ပြကြ၏။
"သူများတွေ တွေးရုံ တွေးနေတဲ့အကြောင်းအရာတွေကို မင်းက ချရေးတာ"
ဟု ဟန့်က ဂျိန်းကို မှတ်ချက်ပေးသည်။ ဂျိန်း၏ ဆောင်းပါးများသည် အမျိုးသမီး လောကတစ်ခုလုံး တွင် ဂယက်ထ နေပြီဖြစ်ကြောင်းလည်း ပြောပြ၏။
ဂျိန်းက အောင်မြင်မှု ဂယက်ငယ်ကလေးတွေကို ကြည့်ပြီး ကြည်နူးပါသည်။ တယ်လီဖုန်း တဂွမ်ဂွမ် မြည် နေသည် ကို သဘောကျ၏။ မသိဖူး၊ မကြားဖူးသူများထံမှ ဖိတ်စာတွေ လာလျှင် ပျော်၏။ အားလုံး ဂရုစိုက်ခြင်း၊ အလေးအမြတ် ပြုခြင်းခံရသည်ကို ကျေနပ်၏။ အရေးတယူ ချစ်ရေး မြှူခံရ လျှင် ရင်ခုန်၏။ ပြီးတော့ အတိတ်နှောင်ကြိုးကို နောက်ဆုံးတွင် ဖြတ်တောက်ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ခြင်းအတွက် အားရ၏။
"တစ်နေ့တစ်ခြား ငါ့ကိုယ်ငါ စာရေးဆရာဖြစ်ပြီလို့ ခံစားလာရတယ်" ဟု ၀ီလ်မာကို ဂျိန်းက ၀န်ခံ ပြော ဆိုသည်။
"ကောင်းတာပေါ့ဟ၊ ဒါပေမယ့် နင် အလုပ်က မထွက်လိုက်နဲ့နော်"
ဂျိန်းက ခေါင်းညိတ်ပြီး
"ငါ ဒါလောက် ဘယ်မိုက်မလဲဟ၊ ပုံမှန်ဝင်ငွေနဲ့ မီးရှူးမီးပန်းလွှတ်လို့ရတဲ့ ငွေရဲ့ တည်ငြိမ်မှု အတိုင်းအတာကို ငါ သဘော ပေါက်ပါတယ်ဟာ"
ရွှေမြို့တော် ဂျာနယ်ဆောင်းပါးများ ဆက်တိုက် လှုပ်လှုပ်ရှားရှား ဖြစ်နေစဉ်တွင် ဘော့စတွန်နှင့် ၀ါရှင်တန် အကြား ရှိရှိသမျှ တက်ကြွနိုးကြားသူများ အသိုင်းအ၀န်းမှ ဂျိန်းအား ဖီးလာဒယ်လ်ဖီးယား စာနယ်ဇင်း အသိုင်းအ၀န်း မှ ကမကထ ပြုလုပ်ကျင်းပမည့် နှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်းပြောဖို့ ဖိတ် ကြားသည်။ အစီအစဉ် တွင် ရုပ်သံအဖွဲ့ကလည်း တိုက်ရိုက် ထုတ်လွှင့်ဖို့ ရှိသည်။ တစ်ဆက်တည်း ရုဒ်အိုက်လင် တက္ကသိုလ် ကလည်း ဖိတ်ထားသေးသည်။ ဧည့်ခံပွဲများတွင် ဂျိန်းကို မြင်ဖူးကြသဖြင့် လည်း လူတော်တော် များများ သူ့ကို သိကြသည်။ ဒါကပင် ဂျိန်းသည် တစ်စုံတစ်ယောက် ဖြစ်နေပြီ မဟုတ်လား။
အလှကုန်ပစ္စည်းကုမ္ပဏီကြီးတစ်ခုမှ ဥက္ကဋ္ဌက သူ့ခေါင်းလျှော်ရည်နှင့် အလှဆီအကြောင်း ထောက်ခံပေးဖို့ ဂျိန်းကို ကမ်းလှမ်းလာသည်။ အဲဒီအတွက် ငွေတော့ မပေးနိုင်ဘဲ သူ့အလှကုန်တွေ ကို ဂျိန်းတစ်ယောက် အခမဲ့ သုံးစွဲလာနိုင်ကြောင်းဖြင့် ကမ်းလှမ်းသည်။ အလားတူ ဘရာစီယာ ကုမ္ပဏီတစ်ခုကလည်း လာ ဆက်သွယ် သည်။
ဂျိန်းက မနောခွေ့ သွားသော်လည်း နှစ်ဦးစလုံးကို ခါချလိုက်သည်။
"ရှမ်ပူတဲ့၊ ဘရာစီယာတဲ့၊ ငါ့ကိုများ ဘာအောက်မေ့နေလဲ မသိဘူး၊ အမေရိကန် ပြည်ထောင်စု မယ်မှ မဟုတ်တာ" ဟု ၀ီလ်မာကို ဂျိန်းက အောင့်သက်သက်ဖြင့် ပြန်ပြောသည်။
အမျိုးသား အယ်ဒီတာ နှစ်ယောက်က ဂျိန်းကို နေ့လယ်စာ ဖိတ်ကျွေးပြီး နောက် ဘာရေးဖို့ အစီအစဉ် ရှိပါသလဲ ဟု မေးသည်။
"ရှိတာပေါ့" "ဒါပေမယ့် ဘာအကြောင်း ရေးမယ်ဆိုတာတော့ ကြိုမပြောနိုင်သေးဘူး"
ဟု ဂျိန်း က ခတ်တည်တည် ဖြေသည်။
ဟန့် ကိုတော့ နောက်ရေးမည့် စာအုပ်နှင့် ပတ်သက်ပြီး ဂျိန်းက အမှန်အတိုင်း ဖွင့်ပြောသည်။
"ဆောင်းပါးရေးရတာ တိုနန့်တိုနန့် နဲ့ သုတေသနလည်း လုပ်ရသေး၊ ၀တ္ထုရေးရတာကမှ အားရ ပါးရ ရှိတာ၊ ဒါပေမယ့် ဘာရေးရမှန်း မသိသေးဘူး"။
"စိတ်ဝင်စားဆုံး အကြောင်းအရာကို ချရေးပေါ့။ ဘာစိတ်ဝင်စားဆုံးလဲ"
ဟန့် က လှေကြီးထိုးရိုးရိုး အကြံပေးသည်။
"ယောက်ျားလေးတွေနဲ့ ချစ်ရတာ စိတ်ဝင်စားဆုံးပဲ"
ဂျိန်းသည် ပွင့်လင်းမှုကို တန်ဖိုးထားသူ ကိုးကွယ်သူ ဖြစ်လေသည်။
"ဒါဖြင့်လည်း အဲဒီအကြောင်း ရေးပေါ့"
"အပြင်းအထန် ဖြစ်ခဲ့တဲ့ ခွေးသူတောင်းစား ဂျိန်းအပေါ်မှာ ဖောက်သွားတယ်လေ"
အိုဝင့်နာမည်ကို ဖွင့်မပြောဘဲ ရည်ညွှန်းပြောလိုက်၏။
"အဲဒါ ရေးလေ၊ မင်းကို သူတရားမစွဲနိုင်အောင်တော့ အပြောင်းအလဲလေးလုပ်ပြီး ရေးပေါ့"

အခန်း(၄၉)
ဂျိန်း
ဂျိန်း
"ဂျိန်းက သုံးဆယ်နှစ် ကောဌာသ ခန္ဓာဗေဒတွေ လျှောက်ရေးနေတာပါ ဆရာရယ်"
အဲလျော့လန်ဒေါ့ က ဂျိန်း၏ အောင်မြင်ကျော်ကြားမှုကို ဂုဏ်ပြုတော့ ဂျိန်းက သူ့ကိုယ်သူ နှိမ်နှိမ်ချချ ကလေး ပြန်ပြောခြင်း ဖြစ်၏။
ဂလင်ဆင်ကလဲယား၏ နှစ်စဉ် ကျင်းပနေကျ ခရစ္စမတ်ပါတီတွင် သူတို့ တွေ့ကြခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ်သည် အခွေကို ရှေ့သို့ အမြန်ရစ်ပစ်လိုက်သကဲ့သို့ ရှိ၏။ ဂလင်က ကိုယ့်ထူးကိုယ်ချွန် တက်ကျမ်း တွေ ရံဖန်ရံခါ ရေးသဖြင့် အဲ့လျော့၏ အကူအညီကို ယူရသည်။ အဲလျော့ကို ဂျိန်းက လူချောတစ်ယောက်ဟု မြင်သည်။ သို့သော် ပုလွန်းသည်။ ဂျိန်းထက်ပင် အရပ်နိမ့်မည် ထင်၏။
နောက်တစ်နေ့ညတွင် ညစာစားဖို့ အဲလျော့က ဖိတ်တော့ ဂျိန်း အလွယ်တကူ လက်ခံလိုက်သည်။ အိုဝင်နှင့် ခွာပြဲပြီး အချိန်မှ စပြီး ဂျိန်းကို ညစာ ဖိတ်သည့်သူ တစ်ယောက်မျှ မရှိ။ ထိုခေတ် သကောင့်သားများက ရက်ဒ်ဘတ္တလာ ဂိုက်ဖန်းနေသူမျိုးက ခပ်များများရယ်။
"ဂျိန်းရဲ့ မိတ်ဆွေတွေထဲမှာ ရှင်တစ်ယောက်ပဲ ၀တ်စုံပြည့်ဝက်တဲ့လူ ရှိတော့တယ်" ဟု ဖိတ်ကြား ချက်ကို လက်ခံရင်း ဂျိန်းက ပြန်ပြောသည်။ "၀တ်စုံဝတ်တာ မကြိုက်ဘူးလားဟင်" "မဟုတ်ပါဘူး"
နူးညံ့တောက်ပနေသည့် နီညိုရောင် ဆံပင်တွေကို ကြည့်ပြီး ဂျိန်းပြန်ပြောသည်။ စိတ်ထဲတွင် သူ့ဆံပင်တွေကို ပွတ်သပ်ကြည့်ချင်နေသည်။
"မကြိုက်ရင် ပြောလေ၊ ကိုယ်လည်း ကြောင်ကြောင်ကျားကျား ၀တ်ခဲ့မယ်"
အဲလျော့က ခပ်နောက်နောက် ပြော၏ ဂျိန်းက ခရမ်းရောင် စကတ်တိုနှင့် ပခုံးစွန်းတွင် လျောရိလျောရဲ ချိတ်တွဲပြီး အတွန့်တွေ ဇာတွေပါသည့် ကျေးတောသူဘလော့စ် ၀တ်လာ၏။ ရှူးဖိနပ်က ရောင်စုံအတွက် အကွက်တွေနှင့်။ လက်ချောင်းတိုင်းတွင် အနည်းဆုံး လက်စွပ် တစ်ကွင်းစီ စွပ်ထား၏။ ဆွဲကြိုး အရှည်ကြီး တွေက လည်ပင်တွင် တို့လို့တွဲလောင်း။
"ဟင့်အင်း၊ မလဲပါနဲ့"
ဂျိန်းက ရယ်ပြီး ဆက်ပြောသည်။
"ဂျိန်းနဲ့ မလိုက်မှန်း သိပါတယ်။ ဒါပေမယ့် ဂျိန်းက ၀တ်စုံပြည့် ၀တ်တာ သဘောကျတယ်၊ အဲဒါမှ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်နဲ့ တူတာ"
ဂျိန်းကို အဲလျော့က နာမည်ကျော် စားသောက်ဆိုင်ကြီးတွင် ညစာကျွေးသည်။ ခြိမ်းခြောက်သည့် အတိုင်း အဲလျော့ ကြောင်ကြောင်ကျားကျားတွေ ၀တ်မလာခဲ့ပါ။ ရှပ်အင်္ကျီနှင့် လည်စီးနှင့် သေသေ သပ်သပ် ၀တ် လာ၏။ သူ့ကြည့်ရသည်မှာ သက်သောင့်သက်သာ ရှိလှသည်။ တကယ်ယှဉ်ကြည့်မှ အဲလျော့လန်ဒေါမှာ ဂျိန်းထက် နှစ်လက်မခန့် ပိုမြင့်နေကြောင်း တွေ့ရသည်။ စောစောက ကိုယ့်ထက် ပုနေမလားဟု တွေးမိသည့်အတွက် စိတ်မကောင်း ဖြစ်နေ၏။
"ဟိုနေ့က ဟစ်ပီပုံစံကြီးနဲ့ ၀တ်လာတာ၊ ဘာလို့ ညစာစားကျွေးဖို့ စိတ်ကူးရတာလဲ"
ဂျိန်း က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အဲဒီ အပြင် အကာအကွယ် အောက်မှာ ဘာရှိနေတယ်ဆိုတာ ကိုယ်သိချင်လို့"
"အပြင် အကာအကွယ်၊ ဟုတ်လား၊ ဘာလို့ အဲဒီလို ထင်ရတာလဲ"
"ကိုယ်က အမြဲတမ်း အတွင်းကို နှိုက်ကြည့်တတ်တယ်လေ၊ မင်းလို ရေးဟန်မျိုးနဲ့ စာရေးဆရာမ တိုင်းဟာ ပုရိသ မုန်းတီးရေး သမားတွေချည်းပဲ"
"အဲဒါမျိုး စိတ်ပညာကျောင်းမှာ သင်သလား"
အဲလျော့က ပြုံးပြီး
"ပါတာပေါ့"
ညစာ စားပြီးတော့ စိတ်ကုဆရာဝန်က ဂျိန်းကို ဂီတပွဲတော်တစ်ခု သွားနားထောင် ဖို့ အကြံပြု သည်။
"ဒီည ချက်(တ်)ဘက်ကင် ဖျော်ဖြေခန်းလေ"
"တစ်ခါမှ မကြားဖူးဘူး၊ ဂျိန်းက ဂီတအကြောင်း ဘာမှ မသိဘူးလေ"
"မင်း သဘောကျမှာပါ"
"ဒါဆို နားထောင်ကြည့်တာပေါ့"
တက္ကဆီပေါ်တွင် ဂျိန်း ထုတ်မပြောဘဲ တွေးမိ၏။ အဲလျော့လန်ဒေါနှင့် တွဲသွားရသည့် စိတ်ထဲတွင် ကိုယ့် ကိုယ်ကိုယ် အရွယ်ရောက်လာသလိုလို ရင့်ကျက်လာသလိုလို ခံစားရသည်။ ပို၍ အံ့သြစရာ ကောင်းသည်မှာ သည်လို ခံစားရသည်ကို သဘောကျနေခြင်းပင်။ နှစ်ဆယ့်ခုနစ်နှစ် ပြည့်လာလို့ ဖြစ်မှာပါလေဟု တွေးမိသော်လည်း ဂျိန်း ဘယ်သူ့ကိုမှ ထုတ်မပြောပေ။
ဂျိန်းက ဆက်မတွေးဘဲ အာရုံပြောင်းပြီး အဲလျော့ကို လေ့လာကြည့်သည်။ အိပ်ရာထဲမှာ သူ့ဆံပင် တွေ ဘိုကေ ပုံမပျက် သည်အတိုင်း ရှိနေပါ့မလား။
"နှုတ်ဆက်အနမ်းကလေးမှ မနမ်းတော့ဘူးလား"
ပယ်ရီလမ်းက အခန်းကို ပြန်ပို့တော့ ဂျိန်းက အဲလျော့ကို ပြောသည်။ ၀ီလ်မာက ဆေးကျောင်းပြီး သွားပြီးဖြစ်၍ အရေပြားရောဂါ အထူးကု ဖြစ်နေပြီ။ နှလုံးဆရာဝန်တစ်ယောက်နှင့်အိမ်ထောင်ကျ ကာ မောနင်းဆိုက်ကို ပြောင်း သွားပြီ။
"ကိုယ့်မှာတော့ အစီအစဉ်မရှိဘူး၊ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ကြရဦး မယ်လေ"
"မင်း က အဲဒီအတိုင်း မျှော်လင့်နေလို့လား"
"ဟုတ်တယ်လေ၊ အဲဒါ ဘာဆန်းလို့လဲ"
"ကိုယ်တို့ တစ်မျိုးတစ်ဖုံ လမ်းသစ်ရှာကြရအောင်လား၊ အချိန်ယူကြတာပေါ့ ဂျိန်းရယ်"
အဲလျော့က ဂျိန်း၏ ပါးကလေးကို အသာအယာ ပွတ်ပြီး ဆဌမရိပ်သာဘက်သို့ ချိုးကွေ့ ပျောက်ကွယ် သွား တော့သည်။
အဲလျော့က ဂျိန်းကို ပြဇာတ်တွေ လိုက်ပြသည်။ စာပေလာကမှ ထုတ်ဝေသူတို့ မွေးနေ့ပွဲများသို့ ခေါ်သွား သည်။
"စာရေးဆရာအတိုင်းဟာ စာအုပ်ထုတ်လုပ်ရေးပိုင်ကိုလည်း နားလည်ထားသင့်တယ်" ဟု အဲလျော့က ပြော သည်။
"ဖန်တီးရုံနဲ့ မပြီးဘူး ဆိုပါတော့၊ အ နုပညာပစ္စည်း ဖြစ်လာတဲ့အထိ လေ့လာရမယ်ပေါ့"
"ဒါပေါ့၊ သိပ်အရေးကြီးတာပေါ့"
ဝိုင်ကို အရသာခံတတ်အောင်လည်း အဲလျော့က သင်ပေးသည်။ ၀ိုင်အမျိုးအစား ခွဲခြားတတ် အောင်လည်း ပြပေးသည်။
"ဟုတ်တယ်နော်၊ ဟိုဆေးလိပ် တွေ သောက်ရတာထက် ပိုငြိမ့်သလိုပဲ"
"ပြီးတော့ တရားလဲ ၀င်တယ်လေ"
သည်ရာစုမှာ လူပျိုလှည့်ခြင်းအလုပ်မှာ ခေတ်မရှိတော့၊ အော်ကနေပြီ စသည်ဖြင့် အာကျယ်ခဲ့ သည် ဂျိန်းသ်ည ယခုအမြင်တွေ ပြောင်းလျက် ရှိချေပြီ။ အဲလျော့ သူ့ကို လူပျိုလှည့်နေသည် ကို ကြည်ကြည်နူးနူး ခံယူလျက် ရှိ၏။
အကောင်းဆုံး စားသောက်ဆိုင်ကြီးများသို့ သွားရသည့်အတွက် သဘောကျနေ၏။ ချက်လက်မှတ် ဖြင့် ငွေချေလျှင် စားပွဲထားက တရိုတသေ ယူငင်သည့် မြင်ကွင်းကို ကြည့်လို့ကောင်းသည် ထင်၏။ မိမိအခန်းသို့ နှင်းဆီပန်းပွင့်တွေ ရောက်လာလျှင် ပျော်၏။ ပန်းစည်းနှင့်အတူ ပါလာသည့် မေတ္တာ စကားကလေးများနှင့် ကတ်ပြားကလေး ပါလာလျှင် ပိုပျော်၏။ ရေမွှေးသုံးရမှန်းလည်း ဂျိန်း သိလာ ပြီ။ အထူးသဖြင့် အဲလျော့က ရွေးဝယ်ပေးသည့် ရေမွှေးကို ပိုသဘောကျသည်။
အဲလျော့နဲ့ဆို မိန်းမပီသနေသလိုပဲ"၊
ခပ်ရိုင်းရိုင်း၊ ခပ်ပြတ်ပြတ် ပြောတတ်သည့် ဂျိန်းသည် ယခု သိမ်သိမ်မွေ့မွေ့နှင့် "မယဉ်ကျေး" ကလေး ဖြစ်နေပြီ။
"ကိုယ့်မျက်စိထဲမှာတော့၊ မင်းဘာတွေ ၀တ်ဝတ်၊ ဘာတွေပြောပြော မင်းရဲ့ အဇ္ဈတ္တဟာ မိန်းမပီသ နေတာပဲ အဲဒါကြောင့် မင်းကို ကိယ် ဂရုစိုက်ချင်တာလေ"
အဲလျော့နှင့် ချစ်ရသည်မှာ အထူးခြားဆုံးဟု ဂျိန်း ထင်သည်။ အိုဝင်သည် အချစ်စက်ရုပ် တစ်ခု ဖြစ်၏။ အဲလျော့ လို အယုအယ၊ အထွေးအပွေ့ မပါ။ ချစ်ခွန်းဖွဲ့ဆိုမြှူချိုခြင်း မရှိ။
အဲလျော့သည် ချစ်သူ အလိုကို အဟုတ်သိတတ်သည့် ချစ်သူမျိုး ဖြစ်၏။
"မင်း အသားအရေ ဒါလောက်လှတယ.်လို့ မင်ကို ဘယ်သူမှ မပြောဖူးဘူးလား တကယ် ကတ္တီပါ စကလေး ကိုင်ရ သလိုပဲ"
"မင်းရဲ့ ဖြိုးဖြိုးရွှေရင်က အချစ်တွေနဲ့ ပြည့်ဖြိုးနေတာပဲ"
"မင်းရဲ့ နှုတ်ခမ်းတွေက နမ်းဖို့ တမင်ဖန်ဆင်းထားသလိုပဲ၊ လိမ္မော်နံ့ကလေးသင်းလို့"
အဲလျော့ နှင့် ဆိုလျှင် ဂျိန်းသည် ထိန်းမနိုင်သိမ်းမရသည့် ဆံပင်တွေကိုလည်း သတိမရတော့။ ပုံပျက်ပန်းပျက် ဖြစ်နေသည့် ပေါင်တံတွေကို မေ့နေတော့၏။ အဲလျော့သည် ဂျိန်းအား ရမ္မက် နတ်သမီးကလေးနှင့် တူအောင် အမြဲ ဆောင်ကြဉ်ပေးနေသူ ဖြစ်လေသည်။
"နင်က အဲလျော့နဲ့အကြောင်း ငါတို့ကို ဘာလို့ မပြောတာလဲ"
သူ့ချစ်ကြောင်းကုန်စင်ကို တစ်လုံးတစ်ပါဒမကျန် ပြန်၍ ဖောက်သည်ချလေ့ရှိသော ဂျိန်းကို ၀ီလ်မာ က မကျေမနပ် ပြောသည်။
"သူ့ဆံပင်တွေ ပွယောင်းယောင်း ဖြစ်ကုန်တာပေါ့"
"အဲဒါမျိုး မဟုတ်ပါဘူး၊ နင် ပြောနေကျအတိုင်း အသေးစိတ်ပြော"
"ဟာ ရှက်စရာကြီး ဒါက လျှို့ဝှက်ကိစ္စပဲ"
သူ့ချစ်သူများ၏ ခန္ဓာဗေဒနှင့် နည်းဗျူဟာများကိုပါ ပြောလေ့ရှိသည့် ဂျိန်း၏ အဖြေစကား။
"ဒါဆို နင်တို့ အတည်ဖြစ်နေကြပြီလား"
"ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့၊ အတည်ဖြစ်တာ ဘာခက်လဲ"
ချစ်ခရီးတစ်နှစ် ပြည့်မြောက်ပြီးနောက် အဲလျော့က မေးသည်။
"အိမ်ထောင်သားမွေးတဲ့ ကိစ္စကို မင်းဘယ်လိုမြင်လဲ ဂျိန်း"
"မိန်းမတွေကို ယောက်ျားတွေက ကျွန်ပြုစိုးမိုးတဲ့ ၀ါဒပဲပေါ့"
ဂျိန်းက ဒိုးဒိုးဒေါက်ဒေါက် ပြန်ဖြေသည်။
"ဒါဆို ကိုယ်က ဘာဖြစ်သွားမလဲ၊ ယောက်ျားပျော်တော်ဆက်ပေါ့၊ ဟုတ်လား"
"ဒါပေါ့ အားလုံး အတူတူချည်း မဟုတ်ဘူးလား"
ဆက်ရန်
.

No comments:
Post a Comment