Tuesday, June 14, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၃၈)

အခန်း(၅၀)
လင်ကီ

လင်ကီတို့လင်မယား ကွဲပုံကတစ်မျိုး၊ ရန်ပွဲဖြင့် ၀ုန်းဒိုင်ကြဲ ကွဲကြခြင်းမျိုး မဟုတ်၊ အေးအေး ညင်ညင်ကလေး  လမ်းခွဲကြခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ် ဆောင်းဦးကာလတွင် ဖြစ်သည်။ အောက်ထပ်မှ အမျိုးသမီးက သူ့မီးဖိုထဲသို့ အပေါ် ထပ်မှ ရေ တွေ စိမ့်ကျနေကြောင်း ဖုန်းဆက်လာသဖြင့် အစည်းအဝေးမှ ခွင့်တောင်းပြီး တက္ကစီ တစ်စီးဖြင့် အိမ်သို့ လင်ကီ ပြန်ပြေးချင်လာသည်။

တံခါးဖွင့်ပြီး မီးဖိုဆောင်သို့ တန်းလာခဲ့၏။ ပိုက်ခေါင်းက ပိတ်လျက်သားပါ။ ဘယ်နည်းနှင့်မှ မိမိ အခန်းက ရေ မဖြစ်နိုင်။ မီးဖိုးခန်းထဲမှ ထွက်မည်အပြုတွင် အသံတစ်ခု ကြားသလိုလိုရှိ၍ နားစွင့် ကြည့်လိုက်သည်။
"ဘယ်သူလဲ"
လင်ကီ လှမ်းအော်မေးလိုက်၏။
"ကိုယ်ပါ"
"သြော် ပီတာ"
လင်ကီ ခဏစိတ်အေးသွားသည်။ ပထမ သူခိုးဝင်သည် ထင်ပြီး လန့်သွား၏။

"ဘာပြန်လာလုပ်တာတုံး"
ပီတာ အိပ်ခန်းထဲမှ ထွက်လာသည်။ မျက်နှာသုတ်ပုဝါကြီး ခြုံလျက်။ ပြီးမှ ခပ်မှောင်မှောင် အတွင်း ပိုင်းတွင် လူရိပ် တစ်ခု လှမ်းမြင်လိုက်သည်။ မိန်းကလေးတစ်ယောက်။
မိန်းကလေး က အလန့်တကြား အော်ပြီး အတွင်းဘက် ပြန်ပြေးဝင်သွားသည်။
ပီတာ ကြောင်ပြီး တွေတွေကြီး ရပ်နေ၏။ လင်ကီ့ကို စိုက်ကြည့်လျက်။ အိပ်မက်ထဲတွင် ထောင်ချောက်မိသူလို မလှုပ်နိုင် မယှက်နိုင် ဖြစ်နေ၏။ နောက်ဆုံးမှ သတိဝင်လာပြီး မီးဖိုဆောင့် ဘက် လျှောက်လာသည်။ အိပ်ခန်းဘက် သို့ လက်ဝှေ့ပြပြီး လှိုင်းထနေသည့်အသံဖြင့် ပြောသည်။

"အလကားပါကွာ၊ ဘာမှ အဓိပ္ပာယ် မရှိပါဘူး"
ချောမောလှပ သည့် သူ့မျက်နှာမှာ အိပ်ထားပြီးသား အခင်းတစ်ခုလို ဖြူရော် ရှုံ့တွနေသည်။
"ဘယ်ဟုတ်မလဲ၊ သိပ် အဓိပ္ပာယ် ရှိတာပေါ့"
လင်ကီ က ကြိုးစားပြီး ပြောလိုက်သည်။ ဇာတ်လမ်းတစ်ပုဒ် ပြီးပြီဟု စိတ်ထဲ မှတ်လိုက်၏။ မျှော်လင့်ချက်တွေ၊ ရည်ရွယ်ချက် တွေ အားလုံး ကြေမွပျက်စီးသွားလေပြီ။
"မင်း ဘယ်လိုလုပ်မှာလဲ ဟင် လင်ကီ"
အားလုံး လင်ကီ့ အဆုံးအဖြတ်ပေါ်တွင် မူတည်နေသလို ပီတာက မေးလိုက်သည်။ လင်ကီ့ လက်မောင်းကို လှမ်း ကိုင်တော့ ဘေးသို့ ရှောင်ပေးလိုက်သည်။

"မသိသေးပါဘူး"
လင်ကီက ပီတာနှင့် မျက်လုံးချင်းဆိုင်ဖို့ ပင့်ကြည့်လိုက်သည်။ ပီတာ မျက်နှာလွှဲထား၏။ အရှက်ကြီး ရှက်နေပုံ၊ လင်ကီ့ ကြွေခွက်ဆီ လျှောက်သွားပြီး ရေဘုံဘိုင် မှ ရေတစ်ခွက် ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်၏။ ပြီးတော့ မော့ သောက်သည်။
"သောက်ဦးမလား" ဟု လင်တော်မောင်ကို မေးတော့ ပီတာ ခေါင်းညိတ်ပြသည်။ အာခေါင်တွေ ခြောက်ကပ် နေ၏။ ပြောဖို့ စကားတစ်လုံးမှ ရှာမရ။

မီးဖိုထဲတွင် ရေတစ်ခွက်ကို သူတို့နှစ်ယောက် မျှသောက်နေစဉ် ပီတာ၏ အပျော်မကလေး ရှေ့တံခါးမှ ထွက်သွား သံ ကြားလိုက်ရသည်။ တံခါးကို ဖြည်းဖြည်းပိတ်သွားခြင်း ဖြစ်သော်လည်း တိတ်ဆိတ်နေသည့် တိုက်ခန်းကြီး ထဲတွင် ဟိန်းထွက်သွားသည်။
ပီတာ နှင့် လင်ကီ စကားမဆိုဘဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ နောက်ဆုံးမှ လင်ကီက ပြုံးပြီး "သူတို့ကို ခေါ်လာပြီး ပြန်သွားရင် တက္ကစီပေါ် လိုက်မပို့ဘူးလား"
"ကိုယ့်ကို မထားခဲ့ပါနဲ့နော် လင်ကီနော်"

ကြည်လင်အေးမြသည့် သူ့မျက်နှာသည် ညို့မှိုင်းအုံ့ဆိုင်းနေလေသည်။ လင်ကီ ဘာပြောရမှန်း မသိပါ။ အလုပ်ခွင် တွင် စီမံခန့်ခွဲရာ၌ အလွန်တော်သည့် လင်ကီသည် ကိုယ်ရေးကိုယ်တာတွင် ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိအောင် ယောင်နန ဖြစ်နေလေသည်။ နောက်နှစ်လအကြာတွင် လင်မယားနှစ်ယောက် လမ်းခွဲဖို့ သဘောတူလိုက်ကြသည်။ လင်ကီ အိမ်မှ ဆင်းလာခဲ့သည်။ ၇၄ပတ်ရိပ်သာလမ်း၊ အပေါ်ဆုံးထပ်တွင် အခန်း ရသည်။ သိပ်မကြီးလှသော်လည်း အခန်းကလေး က နေချင့်စဖွယ် ရှိသည်။

ပြောင်းသည့်နေ့တွင် ပီတာ က ကားငှားပေးရုံမက လိုက်ပို့ပေးသေးသည်။ ပစ္စည်းတွေ ကူသယ်ချ ပေးသည်။ လင်ကီ က သူ့အခန်းကလေးကို သဘောကျ၏။ ပီတာက အထုပ်အပိုးတွေ သယ်၊ ပစ္စည်းတွေ နေရာချ၊ လင်ကီ့ အ၀တ်အစား တွေ ဘီဒိုထဲတွင် ချိတ်၊ ပန်းအိုးတွေ နေရာချနှင့် ည ကိုးနာရီတွင်မှ အလုပ်ပြီးသည်။
"ဟင်း လင်ကီကတော့ အရမ်း ဖားသွားပြီး" ဟု လင်ကီက ညည်းသည်။
ခေါင်းစည်းအောက်မှ ဆံပင်တွေမှာ ချွေးတွေ ရွှဲနေပြီး နှာခေါင်းမှာလည်း ပေကျန်နေ၏။

"လင်ကီ တော့ မချက်နိုင်တော့ဘူး၊ တရုတ်စာပဲ မှာစားလိုက်တော့မယ်၊ စားသွားပါလား"
လုပ်အားပေးသူအား ပြန်ကျွေးသည့်သဘော။
"အင်း ကောင်းသားပဲ"
ပန်းကန်တွေ မထုတ်ရသေးသဖြင့် လင်ကီ ၀ယ်ထားသည့်စားပွဲ အသစ်တွင် အထုပ်တွေ ဖွင့်ပြီး တူနှင့် စားကြသည်။ ဆိုင်မှာ မှာစားရသည့် အစားအစာကို သဘောမတွေ့သည့် ပီတာသည် ယနေ့ လျှာရင်းမြက်လျက် ရှိ၏။ စားသောက်ပြီးစီးတော့ လင်ကီ့ ပါးကို နမ်းပြီး ပီတာ နှုတ်ဆက်သည်။

"မနက်ဖြန် ကိုယ်လာခဲ့ရဦးမှာလား၊ ပန်းကန်ခွက်ယောက်တွေ နေရာချဖို့ ကျန်သေးတယ်လေ"
"အင်း ကောင်းသားပဲ"
လင်ကီ ခပ်ဆိုင်းဆိုင်း ပြန်ဖြေသည်။ ကွာရှင်းဖို့ သဘောတူထားပြီးသား လူသား နှစ်ယောက် မည်သို့ ဆက်ဆံရမည်ကို လင်ကီ ဇဝေဇ၀ါ ဖြစ်နေ၏။ လင်မယား ဘ၀တုန်းက ပီတာသည် မီးဖို ဆောင်သို့ အရောက် အပေါက်နည်းလှကြောင်း လင်ကီ ပြန်သတိရနေသည်။

"မီးဖိုဆောင် ကိစ္စ ပြင်ဆင်ပြီးရင် မင်းကို နေ့လယ်စာ ကိုယ်ကောင်းကောင်း ကျွေးမယ်" ဟု ပီတာက တ ဖိတ်မန္တက ပြုသေး၏။ ပြီးမှ လင်ကီအား အခန်းသစ်တွင် ထားခဲ့ကာ ထွက်သွားတော့ သည်။
နှစ်ယောက်သား ပြောစရာ မလိုဘဲ အတူအိပ်ဖို့ ကိစ္စသည် ကွာရှင်းမှုတရားဝင် မပြီးခင်ကပင် ချုပ်ငြိမ်း သွား လေတော့သည်။

 လင်မယားဘ၀ စခန်းသိမ်းပြီးခါမှ ပီတာနှင့် လင်ကီသည် သူငယ်ချင်းများအဖြစ်နှင့်က ပို၍ ခွင်ကျ ကြောင်း နားလည် လာကြသည်။ ပီတာသည် သူငယ်ချင်း တစ်ယောက်အနေဖြင့် လင်ယောက်ျား ဘ၀တုန်းကလို တောင်း ဆိုမှုတွေ ကို တင်းကျပ်မှုတွေ မရှိတော့။ လင်ကီကလည်း ပီတာ့ကို မဝေဖန် တော့။ ကွာရှင်း ပြတ်စဲပြီး မှပင် အပတ်တိုင်းလိုလို နေ့လယ်စာ အတူစားဖြစ်ကြသည်။ ရုပ်ရှင်အတူ ကြည့် ဖြစ်ကြသည်။
ထူးထူး ဆန်းဆန်း နိုင်လှသည့် သူတို့နှစ်ယောက် အကြောင်းကို မိတ်ဆွေများအား လင်ကီက ရှင်းပြသည်။

"သူငယ်ချင်း လုပ်ဖို့ ကွာရှင်းတယ်လေ။ လင်ကီ့ ရှေ့နေက စရိတ်တောင်းဖို့ ပြောပါတယ်။ လင်ကီက သူ့ ပိုက်ဆံ မယူရက်ပါဘူး၊ အတင်းတောင်းခိုင်းတာနဲ့ ရှေ့နေကို ဖြုတ်ပစ်လိုက်တယ်၊ ပီတာက တစ်သက်လုံး ပေါင်းသင်းသွားရမယ့် သူငယ်ချင်းလေ၊ ရှေ့နေက ဘာမို့လဲ"
၁၉၆၈ ခုနှစ်များ ကုန်ဆုံးချိန် ကို စမ်းသပ်မှု စွန့်စားမှုတို့အတွက် လိုင်စင်ရထားသည့် နှစ်များဟု ဂျိန်းက ယုံကြည် လေသည်။ လင်ကိက ဤသို့မဟုတ်။
စည်းမဲ့ကမ်းမဲ့၊ အထိန်းအကွပမဲ့ အချစ်ကိစ္စမျိုး၊ ဆက်ဆံရေးမျိုးကို လင်ကီ စိတ်မ၀င်စား၊ မထောက်ခံ၊ တစ်နှစ်ကျော် အချိန်ကြာလာသည်အထိ ဘယ်သကောင့်သား၏ ဖိတ်ကြားချက်ကိုမှ လင်ကီ လက်မခံ။
"ယောက်ျား နဲ့ ကွာရှင်းပြီးကတတည်းက စကားပြောရမှာ၊ ပြုံးရမှာ သိပ်ပင်ပန်းလာတယ်၊ လင်ကီ ဒီတစ်သက် နောက်ထပ် အိမ်ထောင်ပြုဖြစ်တော့မယ် မထင်ပါဘူး" ဟု ကော်ရယ် ၀င်စတိန်းကို လင်ကီ ပြောပြသည်။

"ဒါဆို ဟန့် နဲ့ကော ဟိုတုန်းက မင်း လက်ထပ်ဖို့အထိ စိတ်ကူးခဲ့ဖူးတယ်လေ"
"ဟိုတုန်းက ဟာက ဟိုတုန်းကလေ ခုဟာက ခုပဲ"
ရင်ထဲတွင် အောင့်သက်သက်နှင့် လင်ကီ ပြန်ပြောဖြစ်သည်။

၁၉၆၈ ခုနှစ်၏ လက်ထပ်သတင်းများထဲတွင် အံ့သြစရာ အကောင်းဆုံးမှာ အယ်လီ မက်ဂရက်နှင့် အိုဝင်ကာဆယ် တို့၏ မင်္ဂလာသတင်း ဖြစ်သည်။ အားလုံး မယုံကြည်နိုင်အောင် ဖြစ်သွားရသည့် သတင်း။

ဆက်ရန်
.

2 comments:

Anonymous said...

စိတ်ဝင်စားဖို့အရမ်းကောင်းတယ် အမ
အထူးကျေးဇူးပါ

Mira said...

အင်း... လင်ကီက ဟန့်နဲ့ အကြိမ်ကြိမ် ဖောက်ပြန်ခဲ့တယ်.သူမှားတယ်မထင်ဘူး..သူ့ယောက်ျားကို နောက်၁ယောက်နဲ့တွေ့တော့ ကွာလိုက်တယ်ဆိုတော့ ဘယ်လိုပြောရမလဲ မသိတော့ဘူးနော်..