Friday, May 27, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၄)

(၄)

ဖျက်သိမ်းရေးဌာနတွင် ထုံးစံအတိုင်း ပထမဆုံး ဆေးစစ်ခံရသည်။ ထုတ်ယူထားသည့် စစ်ပစ္စည်းတွေ ပြန်အပ် ရသည်။  အရပ်ဝတ် အရပ်စားများ ထုတ်ယူရသည်။ ကျွန်တော်တို့ အနာဂတ် အသက်မွေးမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် အရာရှိတစ်ယောက်နှင့် တွေ့ရသည်။
ကျွန်တော်က သိပ္ပံဘွဲ့ရထားပြီး အင်ဂျင်နီယာလုပ်ငန်း အတွေ့အကြုံ အများအပြား ရှိပြီးသားမှန်းသိတော့ အရာရှိ က အလုပ်ရဖို့ မခက်ကြောင်း အားပေးစကားပြောသည်။

ဟုတ်ပါသည်။ စစ်ပြီးစမို့ အင်္ဂလန်တွင် စက်ရုံအလုပ်ရုံတွေ အလောတကြီး ပြန်ဖွင့်နေသည်။ အတွေ့အကြုံ ရှိသည့် ပညာရှင်တွေ အပူတပြင်း လိုနေသည်။ အထူးသဖြင့် ကျွန်တော် စိတ်အ၀င်စားဆုံးဖြစ်သည့် လျှပ်စစ် ပညာရပ် များတွင် ပိုလိုနေသည်။ ထို့ကြောင့် ကျွန်တော် ပျော်နေမိ၏။
နောက်ဆုံးပေါ် တီထွင်မှုများ၊ တိုးတက်နေသည့် လျှပ်စစ်ပစ္စည်းများအကြောင်းကို ကျွန်တော် မပြတ် လေ့လာ ဖတ်ရှု နေခဲ့ပါသည်။ စာကြည့်တိုက်မှ စာအုပ်များ ငှား၍လည်းကောင်း၊ ယင်းပညာရပ်နှင့် ဆိုင် သည့် ဂျာနယ်၊ မဂ္ဂဇင်းများကို လစဉ်ဝယ်၍ လည်းကောင်း ကျွန်တော် မျက်ခြည်မပြတ် လေ့လာခဲ့ပါသည်။

သို့အတွက် အလုပ်ရရှိရေးကို ကျွန်တော် လုံးဝ မပူပင်ခဲ့။ အရာရှိက ကျွန်တော့်အား ထောက်ခံစာတစ်စောင် ရေးပေး လိုက်သည်။ ခွင့်လက်ကျန် နားပြီး အထက်တန်းအလုပ်အကိုင် နေရာချထားရေး အေဂျင်စီ တစ်ခုသို့ သွားတွေ့ရမည်ဖြစ်၏။

စစ်အတွင်းကာလ ဘုရင့်လေတပ်မတော်တွင် အမှုထမ်းနေစဉ် လန်ဒန်မြို့စွန်မြို့ဖျားက အဘိုးကြီး အဘွားကြီး လင်မယားနှင့် ကျွန်တော်ခင်မင်ခဲ့သည်။ ကျွန်တော့်အပေါ် သံယောဇဉ်ကြီးကြသည်။ ယခု အဘိုးကြီး အဘွားကြီးမှာ ကျွန်တော့်မိဘတွေလို ဖြစ်နေပြီး သူတို့အိမ်မှာ ကျွန်တော့် စားအိမ်သောက်အိမ် ဖြစ်နေပြီ။ တပ်က ထွက်ပြီးလျှင် သူတို့နှင့် လာနေရမည်ဟု ကျွန်တော့်အား ကတိတောင်းခဲ့သဖြင့် ကျွန်တော် ပေးခဲ့ရ၏။

သူတို့ဆီသို့ ကျွန်တော် ထွက်ခဲ့သည်။ ကျွန်တော့်ကို သူတို့ ၀မ်းပန်းတသာကြိုဆိုကြ၏။ နှစ်ယောက်စလုံး ဘယ်ဘာသာ ကိုမှ မကိုးကွယ်ကြ။ သို့သော် ဘုရားသွား ကျောင်းတက် မှန်မှန်လုပ်သူများထက် သီလ စောင့် ကြသည်။ ကျွန်တော့်ကို ဂရုစိုက်ပုံမှာလည်း အားနာစရာ ကောင်းလောက်အောင်ပင်။ ကျွန်တော် လာနေခိုက် ဘာမှ လိုလေသေးမရှိအောင် စီစဉ်ပေးသည်။ ပင်လယ် ကမ်းခြေသို့ နှစ်ပတ်တိတိ အနားယူ ခရီး ထွက်ကြ၏။ ပြန်လာတော့ ကျွန်တော်တို့ သုံးယောက်စလုံး ပို၍ လန်းလန်းဆန်းဆန်း ဖြစ်လာကြသည်။

အနားယူခရီးမှ ပြန်လာပြီး မကြာမီ အလုပ်အကိုင် နေရာချထားရေး အေဂျင်စီသို့ ကျွန်တော် ထွက်လာခဲ့ သည်။ လူနှစ်ယောက် ကျွန်တော့်ကို ပထမ တွေ့ဆုံစစ်ဆေးသည်။ ကျွန်တော့် ပညာအရည်အချင်း၊ လုပ် ကိုင်ဖူး သည့် အလုပ်အကိုင်၊ စက်မှုလုပ်ငန်း အတွေ့အကြုံ ... စသည်များ။
ကျွန်တော်က ဘွဲ့ရပြီး စတင်းဒတ် ရေနံကုမ္ပဏီ၏ အာဂူဘာရေ ရေနံချက်စက်ရုံတွင် ဆက်သွယ်ရေးအရာရှိ အဖြစ် ၂ နှစ် လုပ်ခဲ့ဖူးကြောင်း၊ အင်္ဂလန်တွင် ဘွဲ့လွန်သင်တန်းတစ်ခုခုတက်ရန် လခ လုံလုံ လောက်လောက် ရခဲ့ဖူးကြောင်းများ ပြောပြလိုက်သည်။

လူတွေ့ စစ်ဆေးမှု ပြီးစီးတော့ ကျွန်တော့် အရည်အချင်း နှင့် သင့်လျော်မည့် အလုပ်ပေါ်လျှင် ချက်ချင်း အကြောင်း ကြားမည့်အကြောင်း ပြောပြီး ကျွန်တော့်ကို ပြန်လွှတ်လိုက်သည်။
နောက်နှစ်ပတ်အကြာတွင် ကျွန်တော့်ထံ စာတစ်စောင် ရောက်လာသည်။ အရည်အချင်းပြည့် ဆက်သွယ်ရေး အင်ဂျင်နီယာ လိုချင်နေသည့် ကုမ္ပဏီသုံးခု၏  အမည်များ ပူးတွဲပါလာသည်။
ကုမ္ပဏီသုံးခုစလုံး ချက်ချင်း ကျွန်တော် လျှောက်လွှာ ရေးပို့လိုက်သည်။ ချက်ချင်းပင် လိုလိုလားလား လူတွေ့ စစ်ဆေးဖို့ခေါ်သည်။ အားလုံး ချောချောမွေ့မွေ့။ ကျွန်တော်တစ်ယောက် ပျော်လိုက်သည်မှာ မြေကြီး နှင့် ခြေထောက် ထိသည် မထင်တော့။

မေဖယြား ရုံးချုပ်ရှေ့တွင် ရပ်နေရင်း ကျွန်တော် စိတ်လှုပ်ရှားနေသည်။ တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်နေ သည့် နာမည်ကျော် ကုမ္ပဏီကြီး မဟုတ်လား။ သည်ကုမ္ပဏီကြီးမှာ ကျွန်တော် အလုပ်ရတော့မည်တဲ့လေ။
အို ... ဘာလို့ စိတ်လှုပ်ရှားရမှာလဲ။ ဒီမှာ အဆင်မပြေလည်း နောက်နှစ်နေရာ ကျန်သေးတာပဲဟု ကိုယ့် ကိုယ်ကိုယ် အားပေးကာ အဆောက်အအုံထဲသို့ လှမ်းဝင်ခဲ့သည်။
ယူနီဖောင်းဝတ် လုံခြုံရေးအရာရှိက ဧရာမတံခါးကြီးကို တရိုတသေ ဖွင့်ပေးသည်။ ဧည့်ကြိုစားပွဲသို့ လျှောက်သွားတော့လည်း စာရေးမကလေးက ပြုံးပြုံးချိုချို၊ မျက်ခုံးကလေးချီကာ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ရင်း လာရင်း ကိစ္စကို အမူအရာဖြင့်မေးသည်။

" မင်္ဂလာပါ၊ ကျွန်တော့်နာမည် ဘရိတ်ဝိတ်ပါ၊ မစ္စတာဆိုင်မွန်နဲ့ တွေ့ချင်ပါတယ်၊ အလုပ်အတွက် လူတွေက စစ်ဆေး ခံဖို့ပါ "
သည်မနက် ကျွန်တော်သည် အကောင်းဆုံး အ၀တ်အစားများကို ထုတ်ဝတ်လာခဲ့၏။ ဖိနပ်ကို ဖိတ်ဖိတ် တောက် နေအောင် တိုက်လာခဲ့သည်။ သွားကို ဖွေးသထက် ဖွေးနေအောင် တိုက်လာခဲ့သည်။ ကိုယ်တွင် အကောင်းဆုံး ဆင်မြန်းပြီး နှုတ်ခမ်းမှာလည်း အချိုဆုံး အပြုံးကို ဆောင်လျက်။ အိမ်မှ မထွက်မီ မစ္စတာဘဲလ်မောင် နှင့် မစ္စက်ဘဲလ်မောင့်အဘိုးကြီး အဘွားကြီးက သေသေချာချာ စစ်ဆေးပေးသည်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ကျေနပ်လေ၏။

သို့သော်  ဧည့်ကြိုစာရေးမကလေး၏ နှုတ်ခမ်းမှ အပြုံးသည် အလုပ်အတွက် လူတွေ့ စစ်ဆေးခံဖို့ လာတာ ပါလို့ ပြောလိုက်သည်နှင့် ရုတ်ခြည်း ပျောက်ကွယ်သွားလေတော့သည်။
ကျွန်တော် ပြောတာ ဟုတ် မဟုတ် ဒိုင်ယာရီစာအုပ်ကြီးကို လှန်လှောကြည့်နေသေးသည်။ ပြီးမှ  တယ်လီဖုန်း ကောက်ကိုင်သည်။ စကားပြောခွက်ကို အုပ်ပြီး ကျွန်တော် မကြားအောင် တိုးတိုးနှင့် ပြေနေ၏။ ပြီးတော့မှ -
" ကျွန်မနောက် လိုက်ခဲ့ပါ " ဟု တိုတိုတုတ်တုတ် ပြောကာ ကျွန်တော့်ကို ဓာတ်လှေကားဆီ ခေါ်သွားသည်။ ခါးကို မတ်မတ်ဆန့်လျက် ဒေါက်ဖိနပ်သံ တဖြောက်ဖြောက်နှင့်။ ကျွန်တော့်ကို တစ်ချက်မျှ လှည့်မကြည့် တော့။ တစ်ခွန်းမှ အဖက်လုပ် မပြောတော့။

ဓာတ်လှေကားထဲ ရောက်တော့လည်း မချောကလေးက ကျွန်တော့်ကို တစ်ချက်မှ မကြည့်။ မျက်နှာ တင်းထားလိုက်ပုံမှာလည်း အရုပ်ဆိုးသွားမတတ်ပင်။ ဒုတိယအထပ်တွင် ကျွန်တော်တို့ ဓာတ်လှေကားထဲမှ ထွက်က်ခဲ့ကြသည်။ အခန်းတစ်ခန်းကို လက်ညိုးထိုးပြပြီး " အဲဒီ အခန်းပဲ" ဟု ပြောကာ ဓာတ်လှေကားဆီသို့ ပြန်လှည့်ထွက်သွားသည်။
တံခါးကို အသာခေါက်ပြီး ၀င်ခဲ့၏။ လူလေးယောက် ထိုင်နေသည်ကို တွေ့ရ၏။ တစ်ယောက်က ထ လာပြီး ကျွန်တော် နှင့် လက်ဆွဲနှုတ်ဆက်သည်။
ကျွန်တော့် မွေးရာဇာတိနှင့် လေတပ်တွင် အမှုထမ်းခဲ့ခြင်းတို့ကို အကြမ်းဖျင်း မေးမြန်းအတည်ပြုပြီးသည် နှင့် ကြေးနန်းဆက်သွယ်ရေး ပညာရပ်နှင့် ဆက်သွယ်ရေး လျှပ်စစ်ပစ္စည်းများ တိုးတက်မှုကို တရစပ် မေး တော့၏။

 စောစောက စိတ်လှုပ်ရှားမှုတွေ ဘယ်ပျောက်ကုန်သည် မသိ။ မေးသမျှကို ဒိုးဒိုး ဒေါက်ဒေါက် ကျွန်တော် ပြန်ဖြေ နေမိ၏။ အပိုင်ဘာသာရပ်ဖြစ်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချစွာဖြင့်။
 သူတို့က သီဝရီတွေ ပထမမေးသည်။ နောက် ဆက်သွယ်ရေးပစ္စည်းများအကြောင်း ၊ နောက် ကိုင်တွယ် ဆောင်ရွက်ပုံ အကြောင်းများ။ တောင်အမေရိကတိုက်နှင့် အမေရိကန်နိုင်ငံတွင် ကျွန်တော် နောကျေ ခဲ့ သည့် ဘာသာရပ်။

သူတို့ ဘယ်လောက် နှိုက်နှိုက်ချွတ်ချွတ် မေးမေး ကျွန်တော် အေးအေးဆေးဆေး ဖြေနိုင်ခဲ့ပါသည်။ ဘွဲ့လွန် သင်တန်းများနှင့် အစဉ်တစိုက် လေ့လာခဲ့သည့် ကျေးဇူးများပင်။ သည်အလုပ်သည် ကျွန်တော့်အတွက် ဘယ်လိုမှ ပြေးမလွတ်နိုင်တော့ဟု ယုံကြည်လိုက်၏။ စိတ်ထဲပျော်လိုက်သည်ဖြစ်ခြင်း။ အားလုံးပြီးစီးတော့မှ ကျွန်တော့် ကို လာကြိုသည့် မစ္စတာဆိုင်မွန်က ကုလားထိုင်နောက်ကျောကို ပစ်မှီလိုက်သည်။ ပြီးတော့ လေးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ အားလုံး မစ္စတာဆိုင်မွန် ကို ခေါင်းညိတ်ပြလိုက်ကြ၏။

" ကဲ ... မစ္စတာ ဘရိတ်ဝိတ်၊ ကျွန်တော်ရော ကျွန်တော့်အဖွဲ့ဝင်တွေရော ခင်ဗျားကို အားလုံး ကျေနပ် ပါတယ်။ ခင်ဗျားရဲ့ အရည်အချင်းဟာ ကျွန်တော်တို့ လိုချင်တာနဲ့ ကွက်တိပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲ ရှိနေတာက ခင်ဗျားကို ဒီအလုပ်ပေးလိုက်ရင် ခင်ဗျားက မျက်နှာဖြူတွေရဲ့ အထက် အရာရှိ တစ်ယောက် ဖြစ်သွားတော့မယ်။ သူတို့တွေထဲမှာ လုပ်သက်ရင့် လူဟောင်းတွေ အများကြီး ပါတယ်။ ကျွန်တော် တို့ ကုမ္ပဏီအပေါ်မှာ သစ္စာရှိရှိနဲ့ တစ်သက်လုံး လုပ်လာခဲ့တဲ့ လူတွေ၊ သူတို့နဲ့ ကျွန်တော်တို့ ဆက်ဆံရေး အပျက်မခံနိုင်ပါဘူး မစ္စတာ ဘရိတ်ဝိတ်၊ စိုပြီးသားလက် မခြောက်စေချင်ဘူး။

"ကျွန်တော်တို့မှာ အခြားနေရာလပ်တွေ ရှိပါတယ်။ ဒါပေမဲ့ ခင်ဗျား အရည်အချင်းနဲ့ အဲဒီအလုပ်တွေ ကို လက်ခံ ဖို့ ကျွန်တော်တို့ မပြောသင့်ပါဘူး၊ ခင်ဗျားပညာနဲ့စာရင် သိပ်နိမ့်နေပါတယ်။ ဒါကြောင့် ကျွန်တော် တို့ ခင်ဗျား ကို အလုပ်မပေးနိုင်တာ ၀မ်းနည်းပါတယ်"
ပြောပြောဆိုဆို မတ်တတ်ထပြီး လက်ကမ်းပေးသည်။ ယဉ်ကျေးစွာ ငြင်းပယ်လိုက်ခြင်းပါတကား။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှ အားအင်ဟူသမျှတို့ ရုတ်ခြည်း စီးထွက်သွားသလို ခံစားလိုက်ရ၏။ သို့သော် ရုံးခန်း ထဲ မှ ဣနြေ္ဒမပျက် ကျွန်တော် ထွက်လာနိုင်ခဲ့ပါ၏။ ဓာတ်လှေကားဆီသို့ လျှောက်လာနိုင်ခဲ့ပါ၏။

လူတွေ ရှုပ်ပွေနေသည့် လမ်းပေါ်တွင် ကျွန်တော် လျှောက်နေမိသည်။ နေရောင်ခြည်သည် ကြည်လင် တောက်ပ လျက်ရှိသည်။ ကျွန်တော်သည် ပျော်စရာကောင်းလှသည့် ဘုရင့်လေတပ်မတော် အရာရှိဘ၀ ခြောက်နှစ် ကာလတစ်လျှောက်လုံး မေ့မေ့လျော့လျော့ ရှိနေခဲ့သည့် ပြဿနာနှင့် ဘွားခနဲ ရင်ဆိုင်လိုက်ရ ခြင်း ပင် ဖြစ်ပါ၏။ ကျွန်တော့် အသားရောင်ကို ကျွန်တော် မေ့နေခဲ့ခြင်း။
၁၉၄၀ ပြည့်နှစ် အင်္ဂလန်နိုင်ငံတွင် စစ်သားတွေ စုဆောင်းလို့ မလောက်အောင် လိုနေချိန်၌ ကျွန်တော့် အသားရောင်သည် အကြောင်းမဟုတ်ခဲ့ပါချေ။ လေသူရဲသင်တန်းတွင်ရော၊ ကျွန်တော့်ပခုံးပေါ်သို့ တောင်ပံကား ကလေးများ ရောက်လာချိန်တွင်ပါ အကြောင်းမဟုတ်ခဲ့ပါ။

စစ်အတွင်းကာလတုန်းက သူသူကိုယ်ကိုယ် နေ့ သေမလား၊ ည သေမလား မသိကြချိန်ဖြစ်၍ အသားရောင် ကိစ္စကို ဘယ်သူမှ ရေးကြီးခွင်ကျယ် မလုပ်ကြပါ။ အရာရှိ၊ အကြပ်၊ တပ်သားအားလုံး ညီအစ်ကိုလိုပင် ဆက်ဆံ ခဲ့ကြသည်။
ဘုရင့်လေတပ်မတော်မှ အရာရှိဝတ်စုံဖြင့် ကျွန်တော် အနေရာရာသို့ရောက်ခဲ့သည်။ ရုပ်ရှင်ရုံတွေ၊ ကပွဲခန်းမ တွေ၊ ဘီယာဆိုင်တွေ။ ကုန်ကုန်ပြောရလျှင် အင်္ဂလိပ်မ ချောချောကလေးတွေ ရှိနေသည့် ဆောင် ကြာမြိုင် တွေပါမကျန် ကျွန်တော် ကျက်စားခဲ့ပါသည်။ ဘာမှ ပြဿနာမပေါ်ခဲ့ပါ။

သည်ကာလတစ်လျှောက်လုံး မည်းနက်နေသည့် ကျွန်တော့် မျက်နှာကို ကျွန်တော် လုံးဝ မေ့လျော့ နေခဲ့လေသည်။ လေသူရဲဝတ်စုံဖြင့် ဘုရင့်အမှုတော်ထမ်း အရာရှိတစ်ယောက်မို့ လူရိုသေ ရှင်ရိုသေ ရှိကြ သည်။ သည်ဝတ်စုံထဲတွင် ကျွန်တော်၏ အသားရောင်သည် ပျောက်ကွယ်နေခြင်း ဖြစ်ပေလိမ့်မည်။ ဟုတ်ပါ သည်၊ သည့်အတွက် ကျွန်တော့်ဘ၀မှန်ကို ကျွန်တော် မေ့နေခြင်းပါတကား။
စိတ်ဓာတ် အကျကြီးကျကာ ၀မ်းနည်းပက်လက် ကျွန်တော် ဆက်လျှောက်နေမိ၏။ လမ်းနံဘေးဆိုင်များမှ မှန်ချပ်ကြီး များတွင် တဒင်္ဂ ထင်ဟပ်လာသည့် ကျွန်တော့်ပုံရိပ်များကို မျက်နှာလွှဲကာ လွှဲကာဖြင့်။ ရင်ထဲတွင် နာကျင် လာ၏။ ဆို့ကျပ်လာ၏။

အများသုံး အိမ်သာတစ်လုံးဆီသို့ ခပ်သုတ်သုတ် လျှောက်သွားသည်။ အိမ်သာထဲမှ ပြန်ထွက်လာတော့ အနည်းငယ် ပေါ့ပါးသွားသလို ခံစားရသည်။ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေမိပြန်သည်။ အတန်ကြာမှ ကိုယ့် ကိုယ်ကိုယ် ပြန်ထိန်းနိုင်လာပြီး အခြေအနေကို ပြန်လှန်သုံးသပ်နိုင်တော့၏။
သေသေချာချာ စဉ်းစားတော့မှ တစ်မနက်ခင်းလုံး အစစ်ဆေးခံနေရခြင်းမှာ လုံးဝ အဓိပ္ပာယ်မရှိ အချိန်ကုန် ခဲ့ခြင်း ဖြစ်ကြောင်း နားလည်လာသည်။ ကျွန်တော် ရုံးခန်းထဲ မ၀င်မီ ဆုံးဖြတ်ပြီးသား ဖြစ်လိမ့်မည်။ ဧည့်ကြို မကလေးက ကျွန်တော့်အသားရောင်ကို သတင်းပို့ပြီး ဖြစ်လိမ့်မည်။ သည်ကြားထဲက ကျွန်တော့်ကို ခေါ်တွေ့ခြင်း မှာ ရက်စက်ခြင်းတစ်မျိုးပင်ဖြစ်၏။ အဓိပ္ပာယ်မရှိ အမေးအဖြေလုပ်တမ်း ကစားခြင်း တစ်မျိုး ပင် ဖြစ်၏။

တစ်စုံတစ်ခုကို စဉ်းစားမိပြီး ကျွန်တော် တုံ့ခနဲ ရပ်လိုက်၏။ ကျန်တဲ့ နှစ်နေရာလည်း သည်လိုပဲ နေမှာပေါ့။ လျှောက်လွှာကို ကြည့်ပြီး ကျွန်တော့်ကို လူဖြူဟုသာ ထင်ကြပေလိမ့်မည်။ ထို့ကြောင့် လှလှပပ ဝေေ၀ဆာဆာ စာပြန်လာခြင်းဖြစ်မည်။ ကျွန်တော့် အသားရောင်ကို တမင် ၀ှက်ထားသည်ဟု သူတို့ ထင်ကြ မည်။
ဘာမှ စဉ်းစားမနေတော့ဘဲ အနီးရှိ တယ်လီဖုန်းရုံးကလေးထဲသို့ ၀င်လိုက်သည်။ ကျွန်တော်သည် နီဂရိုးလူမျိုးဖြစ်ကြောင်း၊ အဖြူအမည်း ခွဲခြားခြင်းမရှိမှ ကျွန်တော် လာတွေ့မည့်အကြောင်း ပြောလိုက်သည်။ နှစ်နေရာစလုံး အဖြေတစ်မျိုးတည်း ပေးလာသည်။ ခုလို တယ်လီဖုန်း ဆက်ပြီး အကြောင်း ကြားသည်ကို ကျေးဇူး တင်ကြောင်း၊ သို့သော် နေရာလပ်နှစ်ခုစလုံး ခန့်ပြီးပြီဖြစ်ကြောင်း ... စသည် စသည်။

ထင်သည့်အတိုင်းပင် ရင်ထဲတွင် ဒေါသတွေ အုံကျင်းဖွဲ့၍ ပေါက်ကွဲထွက်လာတမတ် ဖြစ်ရ၏။ နောက်ဆုံး ကျွန်တော့်ကို လူလူသူသူ ဆက်ဆံသည့် အဘိုးကြီး၊ အဘွားကြီးရှိရာ ဘရင့်ဝုဒ်သို့ ရထားဖြင့် ပြန်လာခဲ့ သည်။
တစ်စုံတစ်ခုကို " စံ "အဖြစ် ယုံယုံကြည်ကြည် လက်ခံပြီးလျှင် သည်အစွဲကို ဖျောက်ဖို့ ခက်ခဲလှသည်။ ကျွန်တော်သည် သက်တမ်းတစ်လျှောက်လုံး အင်္ဂလိပ် လူမှုရေးဘ၀ကို "စံ" ထားခဲ့သူ ဖြစ်ပါသည်။ နှစ်ဆယ့် ရှစ်နှစ်ကြီး များတောင် ရှိခဲ့လေပြီ။

အထက်တန်းကျောင်းသားဘ၀ကပင် ကျွန်တော် အင်္ဂလိပ်လူမျိုးများကို အထင်ကြီးစိတ် ၀င်ခဲ့သည်။ လူဖြူ ကျောင်းတွင် သူများထက် ခေါင်းတစ်လုံး ပိုမြင့်အောင် ကျွန်တော် အသေအလဲ ကြိုးစားခဲ့ရသည်။ သူများ တစ်လှမ်း လှမ်းလျှင် သုံးလေးလှမ်း လှမ်းနိုင်အောင် အားထုတ်ခဲ့ရသည်။
ကျွန်တော် ကောလိပ်နှင့် တက္ကသိုလ် ကျောင်းသားဘ၀တွင် အင်္ဂလန်နှင့် စပိန် စစ်ဖြစ်ကြသည်။ သည်တုန်း က အင်္ဂလန်ကို ကိုယ့်နိုင်ငံလို မှတ်ခဲ့သည်။ ထို့ကြောင့်ပင် ကျွန်တော် အမေရိကန် နိုင်ငံသား အဖြစ် မခံယူခဲ့ခြင်းဖြစ်ပါ၏။

ဘွဲ့ရပြီး ဗင်နီဇွဲလားတွင် ၂-နှစ် လက်တွေ့ဆင်းခဲ့ရသည်။ ၁၉၃၉ ခုနှစ်တွင် ဘွဲ့လွန်သင်တန်း တက်ရန် ကျွန်တော် အင်္ဂလန်သို့ ရောက်ခဲ့သည်။ ကျွန်တော် မျှော်လင့် တောင့်တခဲ့သည့်အတိုင်း တရားမျှတမှု၊ လွတ် လပ်မှု၊ သည်းခံခွင့်လွှတ်မှုများကို ခံစားရသည်ဖြစ်၍ ကျေနပ်နေခဲ့မိသည်။ ထို့ကြောင့် ၁၉၄၀ ပြည့်နှစ်တွင် ဘာမှ စဉ်းစားမနေတော့ဘဲ ကျွန်တော် လေတပ်သို့ ၀င်ရောက် အမှုထမ်းခဲ့ခြင်းဖြစ်ပါ၏။ ကျွန်တော် စံထား သည့် လူမျိုး နှင့် တိုင်းပြည်အတွက် ကျွန်တော့်အသက်ကို ပေးလှူခဲ့ပါ၏။

ခုတော့ သည် "စံ"သည် ကျွန်တော့် ရင်ထဲတွင် အဆိပ်ကို မျိုထားမိသလို ဖြစ်နေချေပြီ။
အများအားဖြင့် အင်္ဂလန်ပေါက် အင်္ဂလိပ်များသည် သူတို့ လက်အောက်ခံ ကိုလိုနီမှ တိုင်းရင်းသားများကို ဘယ်တော့မှ အလေးအနက်မထားကြပါ။ တိုင်းရင်းသားများ၏ အသားရောင်ကိုလည်း ဂရုစိုက်တတ်ကြ သည်မဟုတ်ပါ။ သူတို့လက်အောက်ခံ တိုင်းပြည်များမှ လူသားအားလုံး ၀ါဝါ၊ ညိုညို၊ မည်းမည်း၊ နက်နက် သူတို့သစ္စာခံများအဖြစ် တစ်ပြေးညီထားတတ်ကြပါသည်။ ဤသည်မှာ သူတို့တွင် အရိုးစွဲနေသည့် ရိုးရာ ဓလေ့ တစ်ခု လိုပင် ဖြစ်နေပြီ။

အလားတူစွာပင် လက်အောက်ခံ တိုင်းရင်းသားများကလည်း သူတို့ ချမှတ်ထားသည့် အုပ်ချုပ်မှု ဥပဒေ အောက်တွင် အနေကြာလာကာ သူတို့ဥပဒေ၊ သူတို့ ပညာရေးစနစ်၊ သူတို့ အစိုးရနှင့် ယဉ်ပါးပြီး သူတို့ကို ကိုးကွယ်ခဲ့ကြသည်။ မိမိတို့အား အရိုးအရင်းမျှ ကျွေးပြီး အဆီအနှစ်တွေကို သူတို့ ၀ါးမျိုနေကြသည်ကို တော်တော် နှင့် မသိခဲ့ကြပေ။ သူတို့ ယဉ်ကျေးမှုနှင့် သူတို့ ဓလေ့များကိုပင် အတုခိုးခဲ့ကြသည်။

ကျွန်တော်တို့ အနောက် အိန္ဒိယကျွန်းစု နိုင်ငံတွေက ပိုဆိုးသည်။ ကျွန်တော်တို့ နိုင်ငံသားများမှာ ယဉ်ကျေးမှုနှင့်ပို၍ ဝေးခဲ့ကြသည် မဟုတ်ပါလား။ အနောက် အိန္ဒိယ ကျွန်းသားများသည် ငွေဝယ်ကျွန်များမှ ဆင်းသက်လာသည့် လူမျိုးများဖြစ်သည်။

ထို့ကြောင့် အင်္ဂလိပ်လက်အောက် ရောက်သည့်အခါ သူတို့သည် အင်္ဂလိပ်တို့၏ လူမှုရေးဘ၀ကို အားကျကြ သည်။ အထင်ကြီးကြသည်။ ကိုးကွယ်ကြသည်။
သူတို့ အပေါ် ဗြိတိသျှတို့ လွှမ်းမိုးမှုမှာ ပြင်းထန်လှသည်။ အင်္ဂလန်ပြည့်ရှင် ဘုရင်မင်းမြတ် သို့မဟုတ် မင်းညီ မင်းသား များ တိုင်းခန်းလှည့်လည်လာလျှင် ပို၍ သိသာသည်။ ဆင်းရဲ ချမ်းသာမရွေး၊ ကလေး လူကြီးအား လုံး စုဝေးကာ ပျော်ပွဲရွှင်ပွဲ၊ အကအခုန်များဖြင့် ကြိုဆိုကြ၏။

သြော် ... အင်္ဂလပ်လူမျိုး ဖြစ်ရခြင်းမှာ အဟောသုခံ ချမ်းသာစွ။ ငွေကြေးတတ်နိုင်လို့ဖြစ်စေ၊ ကောင်းကင် တမွတ် ကြယ်ကို ဆွတ်ရသလို ခက်ခဲသည့် အစိုးရပညာသင်ဆုကို ရရှိလို့ဖြစ်စေ သူတို့တစ်တွေ အင်္ဂလန် တွင် ပညာဆက်သင်ခွင့် ရတတ်ကြသည်။
သူတို့ကား အင်္ဂလိပ်စနစ်နှင့် အင်္ဂလိပ်ယဉ်ကျေးမှုကို ရင်ဝယ်ပိုက်ထားရာမှ ခေါင်းပေါ်တင်ကာ ကိုးကွယ်ကြ သူများ ဖြစ်လာတော့၏။

ကျွန်တော်သည်လည်း သည်ပုတ်ထဲက သည်ပဲ ဖြစ်ပါသည်။ ဗိုလ်ဆန်ဆန် မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါ သည်။ အင်္ဂလိပ်စနစ်ဖြင့် တစ်သက်လုံး နေလာခဲ့ကြသည့် မိသားစုဖြစ်ပါသည်။ ကျွန်တော့်မိဘများသည် အခြားစနစ် ကိုလည်း သိကြသူများ မဟုတ်ပါ။ သည်လို နေလာခဲ့ရခြင်းအတွက် ကျွန်တော့် မိဘဘိုးဘွားများ တစ်ခါဖူး မျှ မညည်းညူခဲ့ဖူးပါ။
ကလေးဘ၀ကပင် ကျွန်တော်သည် အင်္ဂလိပ်စာပေ၊ ကဗျာလင်္ကာနှင့်ရှေးဟောင်း အင်္ဂလိပ် ဂန္ထ၀င်စာပေများ ကို လေ့လာခဲ့ရ၏။ ပုံဝတ္တုတွေထဲမှာ အင်္ဂလန်ကို ထောင်ထားခြားနားသည့် သူပုန်သူကန်များကို နှိမ်နင်းသော အင်္ဂလိပ်သူရဲကောင်းများကို သဘောကျ၏။

အမေရိကန်တွင် ကောလိပ်ကျောင်းသား ဘ၀၊ တက္ကသိုလ် ကျောင်းသားဘ၀ဖြင့် နေခဲ့ရစဉ်ကလည်း အင်္ဂလိပ်ကို ဝေဖန်လျှင် ဆတ်ဆတ်ထိမခံ ကျွန်တော် ခုခံကာကွယ်ပါသည်။
ဒီရေ အတတ်အကျကို တိုင်းထွာလို့ရပါသည်။ မျက်စိနှင့် မမြင်နိုင်သည့် အာကာသထဲမှ အရာများ၏ အကွာ အဝေး ကိုလည်း တိုင်းတာနိုင်ခဲ့ကြပါသည်။ သို့သော် အမှန်တရား၏ အတိမ်အနက်ကိုကား တိုင်းထွာ၍ မရ နိုင်ပါ။

ပညာရပ်အသီးသီးတွင် ကိုလိုနီနိုင်ငံများမှ ကျောင်းသားတွေ သင်ကြားကြရ၏။ အနာကျက်အောင် လုပ်နည်း၊ အခြေအတင် စကားရည်လုနည်း၊ စုတ်တံကိုင်နည်း၊ တွေးခေါ်နည်း ... စသည် စသည်။
သို့သော် ကျောင်းပရိဝုဏ်၏ အပြင်တွင် သူတို့ ရင်ဆိုင်ရသည့် ပြဿနာတွေက လူတန်းစား ခွဲခြားခြင်း၊ အနှိမ်ခံရခြင်း၊ ရွံရှာ မုန်းတီးခံရခြင်းများ။

ပညာစုံလို့ ကိုယ့်တိုင်းကိုယ့်ပြည်တွင် အခြေတကျဖြစ်ကာ ဘ၀တစ်ဝက်ကျိုးသည့်တိုင် ဘိလပ်တွင် ခံခဲ့ရ သည့် ဒဏ်ရာဒဏ်ချက်များကို မမေ့နိုင်ကြ။ အိမ်ရှင်အဒေါ်ကြီးက အဖက်မတန်သလို ဆက်ဆံသည်။ စားပွဲ ထိုးက မထီမဲ့မြင် ပြုသည်။ ကပွဲတွင် ယဉ်ကျေးစွာ ခွင့်တောင်းသည့်တိုင် အဖြူမကလေးများ၏ ငြင်းပယ်ခြင်း ခံရသည်။ ဒီနေ့ ကျောင်းသားများသည် မနက်ဖြန်တွင် ၀န်ကြီးချုပ် ဖြစ်နိုင်သူများ ဖြစ်ပါသည်။ အနာဂတ်တွင် ပြောင်းလဲလာမည့် နိုင်ငံရေး အခြေအနေများသည် ကြိုတင် သြဇာ သက်ရောက်မှု မရှိလေ ရော့သလား။

နိုင်ဂျီးရီးယား၊ ဂိုးလ်ကို့စ်၊ အနောက်အိန္ဒိယ ကျွန်းစုများ၊ ဗြိတိသျှဂီနီ၊ ဟွန်းဒူးရပ်စ်၊ မလေး၊ သီဟို၊ ဟောင် ကောင်နှင့် အခြားတိုင်းပြည်များမှ ကျောင်းသားများသည် သူတို့နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အုံကြွ တောင်းဆိုနေကြသည်။ သို့သော် သူတို့ လှုပ်ရှားမှု ဒီလှိုင်းသည် အင်္ဂလန် ကမ်းခြေသို့ လုံးဝ ရိုက်ခတ်မလာ ပါချေ။

အင်္ဂလန်တွင် နီဂရိုးများကို ဘယ်သူမှ လူလူသူသူ မဆက်ဆံကြ။ ခေါ်ပုံကို ကြည့်ပါ။ ငမည်းကောင်တဲ့၊ နီဂါ တဲ့။ နီဂရိုးများကို ခွန်အားသန်မာသူ၊ ဦးနှောက်မရှိသူ အဖြစ်သာ သတ်မှတ်ထားကြသည်။ အောင်မြင် နေသည့် နီဂရိုး ဆရာဝန်များ၊ ရှေ့နေများ၊ အနုပညာရှင်များ ရှိပါ၏။ သို့သော် သူတို့ကို နီဂရိုး အများစုနှင့် မရောထွေးဘဲ သီးခြား ဆက်ဆံကြ၏။
ကျွန်တော်သည် လူမည်း နီဂရိုးတစ်ယောက်ဖြစ်ပါ၏။ ခု ကျွန်တော်ကြုံတွေ့နေရသည့် အဖြစ်ကို ကြည့်ပါ။ ကျွန်တော်သည် လွတ်လပ်မှုကို မြတ်နိုးသူ ဖြစ်ပါသည်။ ယုံကြည်သူ ဖြစ်ပါသည်။ ဘ၀ကို လွတ်လပ်စွာ တည်ဆောက်လိုသူ ဖြစ်ပါသည်။ သည်အတွက် လိုအပ်သည့် အဖိုးအခကို ကျွန်တော် ပေးမည် ဖြစ်ပါသည်။

လွတ်လပ်သည့် ဘ၀တွင် ကျွန်တော် သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်ဖြင့် အသက်မွေးလိုပါ၏။ လူမျိုးဘာသာကို သည်နေရာတွင် ထည့်မတွက်စေချင်ပါ။ ဒီမိုကရေစီရေးတို့၊ လူ့အခွင့်အရေးတို့ဆိုသည့် စကားလုံးကြီးများကို ကျွန်တော် မသုံးလိုပါ။ သည်စကားလုံးက စက်မှုလုပ်ငန်းရှင်ကြီးများ လျှာအရိုးမရှိ ပြောနေသည့် ဆီသည်မလက်သုတ် စကားလုံး ဖြစ်နေပါပြီ။
ဘိလပ်သားတို့က ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေး အရာရှိများ၏ ကတိစကားများ၊ တောင်းဆိုမှုများကို လုံးဝ အသိအမှတ် မပြုကြပါ။

အမေရိကန်တွင် နေခဲ့ရသည့် ဘ၀ကို ကျွန်တော် ပြန်တွေးကြည့်သည်။ အဖြူ-အမည်းကိစ္စ ပေါ်လာလျှင် ဗြောင်ရှင်းကြသည်။ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ကြသည်။ တစ်ဖက်နှင့်တစ်ဖက် တရားရေးလက်နက်ကို ကိုင် တွယ်ဖြေရှင်းကြသည်။ အင်္ဂလိပ်တွေလို ပညာရှိ နှိပ်စက်ခြင်းမျိုး လုံးဝမရှိပါ။

သို့သော် အင်္ဂလန်က အမေရိကန်ကို အဖြူ-အမည်း ကိစ္စတွင် လက်ညိုးထိုး ဝေဖန်လိုက်သေးသည်။ စင်စစ် အမေရိကန်သည် နိုင်ငံသက်တမ်းအားဖြင့် တိုတောင်းသေးသော်လည်း ကမ္ဘာပေါ်တွင် နီဂရိုးလူမျိုး အများ ဆုံးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် နိုင်ငံဖြစ်ကြောင်း အင်္ဂလိပ်တွေ မေ့နေကြဟန် တူပါသည်။
နီဂရိုး လူမျိုးများ၏ တစ်ဦးချင်း ၀င်ငွေ အများဆုံးမှာလည်း အမေရိကန်နိုင်ငံပင်ဖြစ်ပါသည်။ အမေရိကန်တွင် နီဂရိုးများသည် လူဖြူများနှင့် ရင်ပေါင်တန်းပြီး တိုင်းပြည်တာဝန် ထမ်းနေကြပါပြီ။ အလုပ်သမား၊ လယ်သမား၊ ဆရာဝန်၊ ရှေ့နေ၊ သိပ္ပံပညာရှင်၊ ပါမောက္ခ၊ အားကစား၊ အဆို အက စသည့် တာဝန်များ ထမ်းဆောင် ရင်း တိုင်းပြည်ကို အကျိုးပြုနေကြပါပြီ။

အင်္ဂလန်တွင်မူ လုံးဝ ခြားနားနေသည်ကို တွေ့ရ၏။ သူ့ကိုယ်သူ လူမည်း ဆန့်ကျင်ရေးသမားပါဟု ၀န်ခံသူ တစ်ယောက်တလေမှ ကျွန်တော် မတွေ့ဖူးသေးပါ။ အဖြူ-အမည်ကိစ္စ အင်္ဂလန်တွင် မရှိဟုပင် ထင်နေကြသူ အများအပြားရှိပါသည်။ လူမည်းတစ်ယောက်သည် အင်္ဂလန်တွင် အခကြေးငွေ ပေးနိုင်လျှင် မည်သည့်ယာဉ်မဆို တက်စီးနိုင်ခွင့်ရှိပါသည်။ တစ်ခုတော့ ရှိသည်။ ထိုလူမည်း၏ နံဘေးခုံသို့ ၀င်ထိုင်သူ မရှိသလောက်ရှားသည်။ ၀င်ထိုင်လဆင်လည်း မျက်စိလျှမ်းပြီး ၀င်ထိုင်ခြင်းပင်ဖြစ်မည်။

မည်သည့် ဟိုတယ်တွင်မဆို တည်းခိုခွင့်ရှိသည်။ သို့သော် လူမည်းဆိုလျှင် "လူပြည့်နေပါပြီ ခင်ဗျာ"ဟု ယဉ်ကျေးစွာ ငြင်းပယ်ခံရသည်သာ။
ခုတော့  ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည် ဆန်းစစ်ရတော့မည်။ အနာဂတ်အတွက် လမ်းသစ်ကို ရှာရ တော့မည်။

စစ်ကာလသည် နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့လေပြီ။ သည်ကာလကို ကျွန်တော် လုံးဝ မေ့ပစ်လိုက်ရမည် ဖြစ်ပါ၏။ လူတွေလည်း ကျီးလန့်စာ စားဘ၀မှ လွတ်မြောက်ပြီး ပုံမှန်ဘ၀ကို ပြန်လည် တည်ဆောက် နေကြပြီ။ စီးပွားရေးလုပ်ငန်းများကို အပြိုင်အဆိုင် ထူထောင်နေကြပါပြီ။ ကျွန်တော် အလုပ်တစ်ခုကို ရအောင် ရှာရတော့မည်။
စင်စစ် ကျွန်တော့်အနေဖြင့် အလုပ်ကို လက်ဝါးဖြန့်ပြီး လိုက်တောင်းနေစရာ မလိုပါ။ ကျွန်တော့် ကိုယ်ပိုင် အရည်အချင်းနှင့် ကျန်းမာသန်စွမ်းသည့် ခန္ဓာကိုယ်ကို တန်ရာ တန်ကြေးဖြင့် ကျွန်တော် ငှားရမ်းခြင်းဖြစ်ပါ သည်။

ကျွန်တော့် အသားရောင်ထက် ကျွန်တော့် ခွန်အားနှင့် ဦးနှောက်ကို ပိုစိတ်ဝင်စားသည့် အလုပ်ရှင်တစ် ယောက် နှင့် တွေ့တန်ကောင်းပါ၏။ ကိစ္စမရှိပါ။ ကျွန်တော် စိတ်ရှည်လက်ရှည် ရှာဖွေပါမည်။ တပ်က ရထားသည့် ဆုငွေနှင့် စုငွေ နှစ်ရပ်ပေါင်းကို ချွေချွေတာတာ သုံးလျှင် နှစ်နှစ်အတွင်းတော့ ထမင်း မငတ်နိုင်ပါ။
------------------------
ဆက်ရန်
.

4 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ စောင့်မျှော်အားပေးလျှက်ပါ မမ။ ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

ဟန်ကြည် said...

ဒီဝထ္ထုလေး တော်တော်ကောင်းပါတယ်...မူရင်းကိုက ကောင်းနေသလို ဘာသာပြန်သူရဲ့ အရေးအသား ညက်ညောမှုကလည်း ပံ့ပိုးပါတယ်...ကိုယ်တိုင်က ဆရာဖြစ်နေတော့ ပိုပြီးတော့ ခံစားရပါတယ်...တင်ပေးသင့်တဲ့ စာအုပ်ပါ...

စော(အဝါရောင်မြေ) said...

သူက အဖြူ၊ အမဲ
ကိုယ့်တွေ့ တာက အဝါမဲ နှင့် အဝါဖြူ ပြသနာ
ဖတ်လို့ ကောင်းတယ်။

စံပယ်ချို said...

အသားအရောင်ခွဲခြားမှုတွေကမ္ဘာပေါ်မှာ
(တစ်ချို့နေရာ)ခုထိရှိနေသေးတယ်ဆို
အဲတာဟုတ်လား..အမရွှေစင်
ဒီဇာတ်လမ်းလေးကိုကြိုက်လို့ဖတ်ဖြစ်ပါတယ်။