အခန်း(၂၄)
လင်ကီ
လင်ကီ
နောက်နှစ်ရက်အကြာတွင် သူတို့ ထပ်တွေ့ကြသည်။ လင်ကီသည် မရောက်ဖူးသည့် ကမ္ဘာတစ်ခုကို ရောက်နေသူလိုဖြစ်နေ၏။ ဘယ်တုန်းကမှ သည်အတွေ့မျိုးနှင့် ကြုံရလိမ့်မည် မထင်ခဲ့။ ကိုယ့်ကိုယ်ကိုယ် သည်ရွေ သည်မျှ တုံ့ပြန်လိမ့်မည် မထင်ခဲ့။
သူ့ရင်ခွင်ထဲသို့ ရောက်သွားလျှင် မီးလျံတစ်ခု၏ လွှတ်ခြုံခြင်းကို ခံလိုက်ရသည်နှင့်တူ၏။ မိန်းမသား တစ်ဦး၏ ဘ၀ကို အပြည့်အ၀ ရနေသည်ထင်၏။ အထီးကျန်ဝေဒနာကို ဘယ်တုန်းကမှ မခံစားဖူး သကဲ့ သို့ လည်းရှိ၏။
သူ့ရှေ့တွင် ညည်းတွားမိသည်။
" ဒုက္ခပါပဲ၊ လင်ကီ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး "
" ကိုယ်လည်း တူတူပဲ" ဟု သူတုံ့ပြန်သည်။
အလွန် အန္တရာယ်များပြီး အလွန် စွဲမက်စရာကောင်းသည့်အရာ တစ်မျိုး သူ့ကိုယ်တွင်းတွင် ၀င်ရောက် ပူးကပ် စီးနင်းထားသည်ဟု လင်ကီ ခံစားရ၏။
" မင်း အမျိုးသားက မင်းကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘူးလား "
" ရှင် ပီတာ့ကို ဒီကိစ္စထဲမှာ ဆွဲမထည့်ပါနဲ့၊ ရှင့် မိန်းမအကြောင်း ကျွန်မ တစ်ခွန်းမှ မပြောဘူးလေ"
" ထားပါလေ၊ ကိုယ်လည်း မင်းလိုပဲ၊ မင်းနဲ့လောက် ဘယ်သူနဲ့မှ စိတ်မလှုပ်ရှားခဲ့ဖူးဘူး "
" ရှင့် အသက် ဘယ်လောက် ရှိပြီလဲ "
" သုံးဆယ့် လေးနှစ် "
" လင်ကီထက် နှစ်ပေါင်း တစ်ဒါဇင် ကြီးတယ် "
" ဟုတ်လား၊ မင်း နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးလား၊ အဲဒီထက် ပိုကြီးမယ် ထင်ရတယ် "
" ဟုတ်တယ်၊ လူတိုင်း အဲဒီလိုပ ပြောကြတယ် "
နောက်တစ်ပတ်အကြာတွင် တစ်ခါထပ်တွေ့ဖြစ်ကြ၏။ မုန်တိုင်းပြယ်ချိန်တွင် ဟန့်ကမေးသည်။
" မင်း နေကောင်းရဲ့လား လင်ကီ " လင်ကီက အပြုံးဖြင့် ပြန်ဖြေသည်။ " ဘယ်တုန်းကမှ ဒါလောက် နေ မကောင်း ခဲ့ဖူးဘူး " ဟန့်က စီးကရက်တစ်လိပ် ညှိသည်။
" မင်းက သိပ် အထက်တန်းကျတာပဲ၊ သိပ် မဟာဆန်သလိုပဲ "
" ဟုတ်လို့လား "
" ရုံးအားရက်တွေမှာ ဘာလုပ်လေ့ရှိလဲ"
သူ့တွင် တွေ့ရခဲသည့် စိတ်ကောင်းဝင်ချိန်တဒင်္ဂ။
" အပေါင်းအသင်းတွေဆိ လည်တဲ့အခါလည်း ရုပ်ရှင် ကြည့်တဲ့အခါ ကြည့်၊ ညစာ စားပွဲသွားတဲ့အခါ သွားပေါ့ "
လင်ကီက ခပ်ပေါ့ပေါ့ ဖြေသည်။ ပီတာနှင့် မိမိ၏ သွားလှုပ်ရှားမှုသည် သူနှင့် ဘာမှမဆိုင် မိမိ၏ ခန္ဓာ ကိုယ်ကို သူ ရချင်ရမည်။ မိမိ၏ အိမ်ထောင်ရေးကိုတော့ လှုပ်လှုပ်ရှားရှား မဖြစ်စေရဘူးလေ။
" အပေါင်းအသင်းတွေဆီလည်။ ရုပ်ရှင်ကြည့်၊ ညစာ စားပွဲသွား "
ဟန့်က သရော်တော်တော်ဖြင့် လိုက်ပြောပြီး မှတ်ချက်ချသည်။
" အင်း တော်တော် ပျင်းစရာကောင်းမှာပဲ "
" ဘာလို့ ပျင်းရမှာလဲ "
မခံချင်စိတ်ဖြင့် ပြန်ပက်လိုက်သော်လည်း ပျင်းစရာကောင်းသည်မှာ အမှန်။
ပီတာက သူနှင့် အကျွမ်းတ၀င်ရှိသည့် စားသောက်ဆိုင် သုံးလေးဆိုင်ကိုပဲ လှည့်ပတ်စားသောက်သည်။ သူ့ကို ဂရုတစိုက် ရှိကြသည့် ဆိုင်တွေ၊ တလေးတစား နေရာပေးကြ သည့်ဆိုင်တွေ၊ သူတို့ လင်မယား နှစ်ယောက် ၏ အပေါင်းအသင်းများမှာ စင်စစ်ပီတာ၏ အပေါင်းအသင်းများသာ ဖြစ်ကြ၏။ ကျောင်းတုန်းက သူငယ်ချင်းများ အလုပ်ခွင်မှ မိတ်ဆွေများဖြစ် သည်။ သူ့အပေါင်းအသင်းများနှင့် ဆိုလျှင် ပီတာ ပျော်နေ တတ်၏။ လင်ယောက်ျားများက အားကစားနှင့် စတော့ဈေးကွက် အကြောင်း ပြောကြ၏။ ဇနီးမယားတို့က သူတို့ ကလေးတွေ အကြောင်း ဖလှယ်ကြ၏။ လင်ကို အလုပ်အကြောင်းကို ဘယ်သူမှ မပြောကြ။ မမေးကြ၊ စိတ်မ၀င်စားကြ။
အီရစ်၏ မိန်းမ ဂျွန်လေတန်က မေးသည်။
" မင်း ဘယ်တော့ ကလေးယူမှာလဲ လင်ကီ "
" ဖြည်းဖြည်းပေါ့ကွယ်။ ခုတော့ ကိုယ့်အလုပ်ထဲမှာ မြုပ်နေသေးတယ်"ဟု လင်ကီဖြေသည်။
ကလေး သုံးယောက်အမေ ဂျွန်က
" အိမ်ထောင်ပြု သားမွေးရမှာပေါ့၊ မီးဖိုဆောင်ဝင်ရမှာပေါ့ " ဟု ဘိုစကင်နာက လက်ချာပေးသည်။
လင်ကီက ဘို့မိန်းမဘက်ကို လှမ်းကြည့်လိုက်၏။ ဗိုက် ခုနှစ်လနှင့် ဘသ်သည် ဘာမှ မပြောဘဲ စားပွဲခင်းကို ငုံ့ကြည့် နေလေသည်။
နောက်သုံးရက်အကြာ အောက်တိုဘာလ ၂၅ ရက်နေ့တွင် လင်ကီနှင့် ဟန့်တို့ ထပ်တွေ့ကြသည်။ လင်ကီသည် ဟန့်တို့၏ လျှို့ဝှက်ဇာတ်လမ်းကို အဆိုးဘက်ကချည်း မမြင်တော့ဘဲ ထူး၍ မဆန်း သည့် ကိစ္စ အဖြစ် ကြည့်မြင်စပြုလာသည်။
ကိုယ့်ကိုကိုယ် အပြစ်ကျူးလွန်နေသူဟု မမြင်တော့။ ရှက်စရာ ကောင်းသည့် ကိစ္စအဖြစ်လည်း သဘော မထားတော့။ ပီတာကို မထိခိုက်ရအောင် သတိကြီးစွာ ထားသည်။ ဟန့်နှင့် ကိစ္စမှာ သွေးသားကိစ္စ သက်သက် ဟုပဲ သဘောထားလိုက်သည်။
သည် ဟန့်ဂရင်နီဆိုသည့် ပုဂ္ဂိုလ်က မိမိအပေါ် စိတ်ပိုင်းဆိုင်ရာကိုပါ လွှမ်းမိုးစပြုလာကြောင်း လင်ကီ သတိထား မိပါသည်။ သူ ပြောသည့် စကားလုံးများ၊ သူမေးသည့် မေးခွန်းများသည် လင်ကီ့ဘ၀နှင့် အိမ်ထောင်ရေး ကို ရှုထောင့်သစ်မှ ကြည့်မြင်သုံးသပ်စရာတွေ ဖြစ်လာသည်။
ခေတ်သစ် ပန်းချီပြပွဲတစ်ခု အပေါ် သူမြင်ပုံ၊ ဘရော့ဒ်ဝေး ပြဇာတ်တစ်ပုဒ်ကို သုံးသပ်ပြပုံနှင့် နိုင်ငံ ခြားရုပ်ရှင်ကားတစ်ကားကို သူ အကဲဖြတ်ပုံများ တွေ့ရတော့ မိမိ သိထားသည့် အသိမှာ သေးငယ် လွန်းကြောင်း၊ မိမိနားလည်ထားသည့် လောကအကြောင်းမှာ အပေါ်ယံ လျှပ်လျှပ်ကလေးမျှသာ ဖြစ်ကြောင်း လင်ကီ နားလည်လာသည်။ တစ်ပြိုင်တည်းတွင် အလွန် မတန် ကြမ်းတမ်းသော ဗဟိဒ္ဒ သဏ္ဍာန် အောက်တွင် ယဉ်ကျေးသော၊ ထိုးထွင်းသိမြင်တတ်သော၊ ခံစားနားလည်တတ်သော အရည် အသွေး များ သူ့တွင် ရှိနေကြောင်းလည်း တဖြည်းဖြည်း သိလာ၏။
ခွန်အားအရာတွင်ရော၊ ကြိုးစားအားထုတ်မှုပိုင်းမှာပါ၊ နုံနဲ့လှသည့် ပီတာနှင့် ဟန့်ကို ယှဉ်ကြည့်မိသောအခါ လင်ကီ စိတ်ဓာတ်အကျကြီး ကျသွားလေတော့သည်။
လင်ကီက သူ့ ယောက်ျားအပေါ်တွင် ထားရှိသည့် သဘောထားကို မည်မျှ လျှို့ဝှက်ထားရှိသော်လည်း ချက်ဆို နားခွက်က မီးတောက်သည့် ဟန့်ဂရင်နီက ရိပ်မိလေသည်။
လင်ကီက သူ့အိမ်ထောင်ရေးကို ဟန့် အနေဖြင့် မသိစေလိုသော်လည်း၊ ဟန့်ကြောင့် မထိခိုက် စေလိုသော် လည်း စူးရှလှသည့် သူ့ဝေဖန်မှုများကြောင့် လင်ကီ၏ လျှို့ဝှက် ကမ္ဘာကလေး လှုပ်လှုပ် ရှားရှား ဖြစ်ရသည်သာ။
" နောက်ထပ် လေးငါးနှစ် အလုပ်လုပ်ပြီးရင် မင်းဘာ ဆက်လုပ်မလဲ၊ ကလေးတွေမွေး၊ အိမ်တစ်လုံးဝယ်၊ မြို့ပြင် ကိုပြောင်း၊ ဒီလမ်းရိုးဟောင်းအတိုင်း လိုက်မှာပဲ မဟုတ်လား "
" သူတော်တော်များများ အဲဒီလမ်းကြောင်းအတိုင်း သွားနေကြတာ မဟုတ်လား "
" မဟုတ်ဘူး၊ မင်းလို မိန်းကလေးမျိုး သွားရမယ့်လမ်းက အဲဒီလမ်းမျိုး မဟုတ်ဘူး၊ ဒါထက်ပိုပြီး လေးလေး နက်နက် တွေးစမ်းပါ "
" ကျွန်မကို မလေးနက်ဘူး ထင်လို့လား၊ မကြိုးစားဘူး ထင်လို့လား "
မင်း ကြိုးစားပါတယ်၊ အလုပ်ကို တစ်ဖက်မှာ ကြိုးစားပြီး လင်တော်မောင်ကို အချိန်မီ ထမင်းကျွေးဖို့လည်း မင်း လုပ်နိုင်သေးတယ် "
" အဲဒါ မကောင်းဘူးလား၊ အလုပ်ကို ဒါထက် ပိုလုပ်ရင် ကျွန်မ အိမ်ထောင်ရေး ဘာဖြစ်လာမလဲ "
ဟန့် က လင်ကီ့ကို ငေးကြည့်နေပြီးမှ ပြောသည်။
" အဲဒါတော့ မင်းကိစ္စပဲလေ "
လင်ကီက အလားတူ မေးခွန်းမျိုး ပြန်မေးသည်။
" ဟန့်ကကော၊ ရုံးအက်းရက်မှာ ဘာလုပ်သလဲ "
သူက တိုတိုတုတ်တုတ် ပြန်ဖြေသည်။
" အလုပ်ပဲပေါ့၊ အလုပ်လုပ်တာပေါ့ "
သည်အလုပ် ကို ဘယ်လို တည်ထောင်ခဲ့ကြောင်း မေးတော့ ဟန့်က စကားလုံး အနည်းဆုံးဖြင့် ရှင်းပြသည်။
" ရုံးခန်းတစ်ခန်း ငှား၊ တယ်လီဖုန်း တစ်လုံးရှာပြီး ဒီလိုပဲ ရုန်းကန်ခဲ့တာပေါ့ "
သူ့ဇနီးအကြောင်း မေးတော့လည်း အလားတူ လိုရင်းတိုရှင်းပင်။
" ဆာရာ လား၊ သူ့အလုပ် သူလုပ်နေတာပဲ၊ ကိုယ်ကလည်း ကိုယ့်အလုပ် ကိုယ်ပဲ "
" ဆာရာ့ အလုပ်က ဘာတွေလဲ "
သူတို့ လင်မယားတွင် ကလေးတစ်ယောက် ရဖူးသည်။ ယောက်ျားကလေး အသည်းရောင် အသားဝါရောဂါဖြင့် ငယ်ငယ်ကလေးနှင့် သေသွားကြောင်း လင်ကီသိထားသည်။ နောက်ထပ် သူတို့ ကလေး မရတော့။
" ခွေးတွေလေ၊ ခွေးတွေ အစာကျွေးတယ်၊ ပြိုင်ပွဲဝင်တယ် "
" ဘာခွေးမျိုးတွေလဲဟင် "
" ဂျာမနီ၊ ရှက်ပတ်တွေ၊ ကဲ ဘာထပ်သိချင်သေးလဲ "
နိုဝင်ဘာလဆန်းပိုင်းတွင် သူတို့နှစ်ယောက်၏ ငြိတွယ်မှုသည် ပို၍ ပို၍ နက်ရှိုင်းလာခဲ့သည်။ နေ့စဉ် လိုလို တိတ်တခိုး တွေ့ဖြစ်ကြသည်။
တစ်နေ့တွင် လင်ကီက ဟန့်ကို မေးသည်။
" ဟန့်မှာ လင်ကီ တစ်ယောက်တည်းလားဟင်၊ တခြား ကောင်မလေးတွေ ရှိသေးလား "
" ဘာလဲ မင်းက ကျုပ်ကို စူပါမင်း အောက်မေ့နေလား "ဟု ဘုကျကျ ဖြေသည်။
မိုးမမြင် လေမမြင် ဖြစ်နေလျက်က လင်ကီ စိုးရိမ်စိတ် ၀င်စပြုလာ၏။ သူက ရော့ဖ်ကိုများ ဖွင့်ပြော လိုက်မျဖြင့် . ..။ သည်အကြောင်း သူ့ကို ပြောပြတော့။
" ဘာလို့ ကိုယ်က ရော့ဖ်ကို ပြောရမှာလဲ၊ ဘယ်သူ့ကိုရော၊ ဘာအတွက် ပြောရမှာလဲ "
" ဘာရယ်လို့ မဟုတ်ပါဘူး၊ မေးကြည့်တာပါ၊ လင်ကီ ရူးချင်နေပြီလား မသိပါဘူး "
ရုံးက လူတွေများ သိကုန်ပြီလားဟု အထောက်အထားမရှိဘဲ တွေးပူပြန်၏။
" အတွင်းရေးမှူးနဲ့ ဧည့်ကြိုစာရေးမ တီးတိုးတီးတိုး လုပ်နေကြတယ်၊ လင်ကီ အနားရောက်တော့ ချက်ချင်း တိတ် သွားတယ်၊ လင်ကီတို့အကြောင်းပဲ ပြောနေကြတာဖြစ်မျာ၊ သူတို့ ရိပ်မိကုန်ပြီ ထင်တယ်" လို့ ပြောတော့ ဟန့် က
" မဖြစ်ပါဘူးကွာ၊ သူတိုပက မင်းကို ရေခဲတုံးလို့ ထင်နေကြတယ် "
" ဟုတ်လား၊ လူတော်တော်များများ လင်ကီ့ကို အဲဒီလို ထင်ကြတယ် ထင်တယ် "
" အဲဒီအထဲမှာ ကိုယ်မပါဘူး "
လင်ကီ၏ စိတ်ကူးအိပ်မက်တွေ တဖြည်းဖြည်း မက်စပြုလာ၏။ မိမိက ပီတာနှင့် ကွာရှင်း ဟန့်က ကလည်း ဆာရာနှင့် နှစ်ယောက်သား လက်ထပ်ပြီး အတည်အတံ့ ဘ၀ကို စကြမည်ပေါ့။
" ဘယ်လို မင်းနဲ့ ကိုယ်လက်ထပ်မယ် ဟုတ်လား။ ဒုက္ခတွေ ရောက်ကုန်မျာပေါ့ "
" ဘာဖြစ်လို့ "
" ကိုယ်က ကလေကချေကောင်၊ မင်းက ရွှေဘုံပေါ်က ပင်မြင့်စံ၊ ဘယ်လို လုပ်ဖြစ်မလဲ "
မိဘနှစ်ပါး ဆုံးပြီးကတည်းက နက်ရှိုင်းစွာ ငုပ်လျှိုးနေခဲ့သည့် လင်ကီ၏ စိတ်လှုပ်ရှားမှုတို့သည် အပေါ်လွှာသို့ တဖြည်းဖြည်း ဖြင့် တက်လာခဲ့လေပြီ။
ဟန့်နှင့် ပီတာကို ယှဉ်မကြည့်မိဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ပီတာသည် ဘ၀ကို မျှော လိုက်နေသူဖြစ်၏။ ဟန့်က လောကထဲတွင် နေရာ တစ်နေရာရဖို့ ရုန်းကုန်လှုပ်ရှားနေသူ၊ ပီတာက တာဝန် ကျေပွန် သည့် ယောက်ျား။ ဟန့်က စည်းပြင်ကလူ၊ ဟန့်က အားမာန်အပြည့်၊ ခွန်အား အပြည့်ဖြင့် တိုက်ပွဲကို ရှာသူ၊ ပီတာက ရေစုံကိုယ်ဖော့ မျှောပါပြီး တိုက်ပွဲကို ရှောင်သူ။
အဖေနှင့် အမေ ရှိသေးလျှင် ဟန့်ကို ဘယ်လိုမြင်မည်လဲ ဆိုသည်ကိုလည်းသိချင်နေ၏။ စီးပွားရေး လောက ထဲကို ကိုယ့်ဒူးကိုယ်ချွန် ၀င်လာသူ မှန်သမျှ ဟန့်ကို သဘောကျကြမည် မုချ။ အဖေနှင့် အမေ သူ့ကို လက်ခံကြမည်မှာ သေချာပါသည်။ သူ့ထက်မြက်မှု သူ့တီထွင် ထိုးဖောက်တတ်မှုများ ကိုလည်း လေးစားကြမည် ဧကန် ဖြစ်ပါ၏။
လင်တော်မောင် ပီတာကို လင်ကီ ချစ်နေဆဲ ဖြစ်ပါသည်။ သို့သော် မိမိကို အသက်ဝင် လှုပ်ရှားလာ အောင် ဖန်ဆင်းပေးသူမှာ ဟန့်ဂရင်နီဖြစ်လေသည်။ သည်လူသား နှစ်ဦးကြားတွင် လင်ကီ ရှုပ်ထွေးစွာ ခံစားနေရပြီး တဖြည်းဖြည်းနှင့် ဆောက်တည်ရာမရ ဖြစ်လာသည်။ တိမ်းတိမ်းပွေပွေ ဖြစ်လာသည်။ ပျော်စရာ မြူးစရာ တို့ဖြင့် ကြည်နူးနေရာမှ အနိဋ္ဌာရုံ မိမိတ်ပုံများကို မြင်ယောင်လာ သည်။ ကမ္ဘာ့ ခေါင်မိုး ပေါ်ရောက်နေသလို အဖြစ်မှ အသူရာနက်သည့် ချောက်ကမ်းပါးထဲသို့ ထိုးဆင်းရတော့မလို ခံစားနေရ၏။
အပျိုဖော်ဝင်စ အရွယ်တွင် ဘ၀ အဓိပ္ပာယ်ကို စမ်းတ၀ါးဝါး ရှာဖွေစဉ်းစားခဲ့ဖူးသည်။ ထိုစဉ်က အဖြေရှာမရသည့် မေးခွန်းတွေ ခေါင်းထဲ ပြန်ဝင်နေ၏။
ရင်ထဲတွင် မရေရာမှုပေါင်းများစွာ စုဝေးလာပြီး စိတ်ပင်ပန်းနွမ်းနယ်ရာမှ ဒေါသအသွင်ဖြင့် ပေါက်ကွဲသည့် အခါများ ရှိလာ၏။
ခြင်ခွက်ကလေးတစ်လုံး ကျကွဲသည့်အတွက် အသံကုန် အော်ဟစ်သည့်အခါ ပီတာက " မင်းဓမ္မတာကော မှန်ရဲ့လား" ဟု မေးသည်။
နေ့လယ်ကြောင်တောင်တွင် အိပ်မက်ထဲ လမ်းလျှောက်နေသူလို လွင့်မျှောချင် လွင့်မျှောနေ၏။
" မင်းကို ကိုယ် အနီးကပ် နှုတ်ဆက်တာ၊ မင်းမျက်လွှာတောင် ပင့်မကြည့်ဘူး "
လင်ကီ ပြောင်းလဲနေပုံကို ဘက်ကီရီးစ်က တယ်လီဖုန်းဖြင့် လှမ်းပြောခြင်းဖြစ်၏။
သို့သော် တစ်ဖက်တွင်လည်း တိတ်တခိုး၊ အချစ်ဇာတ်လမ်းသည် ရှင်သန်ဆဲ၊ ရမ္မက် သံသရာတွင် ချာချာလည် ဆဲ။ လင်ကီက ဟန့်ထက် ကဲချင်ချင် ဖြစ်လာသောအခါ
" ဟေး မင်းက ကိုယ့်ကို ကက်ဆာနိုဗာမြို့စားများ အောက်မေ့နေလား " ဟု ဟန့်က ပြောယူရသည်။
သူနှင့် ဆက်ဆံရသည်မှာ ထူးထူးဆန်းဆန်း ကမ္ဘာတစ်ခုကို ရောက်နေရသလို ရင်ခုန်ရသော်လည်း မိမိဘ၀အတွက် အန္တရာယ်ကြီးမားလှကြောင်းလည်း လင်ကီ သိနားလည်ပါသည်။
တဖြည်းဖြည်းနှင့် သူ့ အလွှမ်းမိုးခံနေရခြင်းနှင့် သူ့ကို စွဲသည်ထက် စွဲလန်းနေမိခြင်းအတွက် လင်ကီ အထိတ် တလန့် ဖြစ်လာ၏။ " ငါ ဘာဖြစ်နေတာလဲ၊ ငါ ဘာတွေ လျှောက်လုပ်နေမိပါလိမ့်၊ ဒီဇာတ် လမ်းကို ငါ ဘယ်လို ရပ်ပစ်ရပါ့မလဲ "ဟု ဆောက်တည်ရာမရ တွေးတောစ ပြုလာ၏။
မိမိတွင် ချစ်သည့် လင်ယောက်ျားရှီသည်။ မိမိ တန်ဖိုးထားသည့် အိမ်ထောင်ရေးမျိုး ဖွဲ့စည်းပြီးသား ရှိသည်။ ၀ါသနာလည်းပါ၊ မိမိနှင့်လည်း ခွင်ကျသည့် အလုပ်အကိုင် ရှိသည်။ ဘာမှ လိုလေသေးမရှိ သည့် ဘ၀မျိုးကို ပိုင်ဆိုင်ထားပါလျက် မိမိအိမ်ထောင်အား တိုက်ခိုက်တတ်သော။ မိမိနောက်ခံ ဘ၀ကို သရော် ပြောင်လှောင် တတ်သော၊ ပြဒါးကဲ့သို့ အဖမ်းရခက်သော ထိုလူ့ ရင်ခွင်တွင် နာရီပိုင်း မျှ သာယာခြင်း ဖြင့် တည်ဆောက်ပြီးသား ဘ၀ကို အပျက်စီးခံမည်လား။
သည်လို စဉ်းစားဆင်ခြင်မိပါ၏။ သို့သော် စိတ်ကိုကား မထိန်းနိုင်။ ဤသို့ဖြင့် လင်ကီသည် မလုပ်ဖူးသော အလုပ် တစ်ခု ကို လုပ်ချလိုက်တော့သည်။ ဖြစ်ကြောင်းကုန်စင်ကို ကော်ရယ် ၀င်စတိန်အား ရင်ဖွင့် လိုက်ခြင်း ဖြစ်၏။
" ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားတယ် ဆိုတာ လင်ကီလုံးဝ နားမလည်နိုင်အောင်ပဲ မမကော်ရယ်၊ လင်ကီ့ ယောက်ျားကို အခြောက်တိုက် နှိမ်နှိမ်နင်းနင်း ပြောတတ်တဲ့လူ၊ လင်ကီ့ကို အလုပ်ထဲမှာ အကောင်း မမြင်တဲ့လူ၊ လက်ထပ်ဖို့ စကားမျိုး အပြောမခံတဲ့လူ၊ အဲဒီလူမျိုးနဲ့မှ ဖြစ်ရတယ်လို့၊ ဒါပေ မယ့် သူနဲ့တွေ့ရင် လင်ကီ အားလုံးကို မေ့သွားရော၊ သူ့ရင်ခွင်ထဲက မထွက်ချင်တော့ဘူး၊ လင်ကီ လုံးဝ မတရားဘူး " မမကော်ရယ် စဉ်းစဉ်းစားစား ပြောသည်။
" မတရားရုံမကဘူး၊ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သလို ဖြစ်နေတယ် လင်ကီ၊ မင်း ဒီအတိုင်း ဆက်သွားရင် အားလုံး ဆုံးလိမ့်မယ်၊ မင်း အလုပ်ရော၊ မင်းယောက်ျားရော၊ မင်းရဲ့ လူရော အားလုံး ဆုံးမှာ၊ မယုံမရှိနဲ့ လင်ကီ၊ မမကော်ရယ် ကိုယ်တွေ့ အသိနဲ့ ပြောတာ "
လင်ကီ ခေါင်းညိတ်သည်။
" မမကော်ရယ် ပြောတာ မှန်တယ်၊ ဒီဇာတ်လမ်းကို ရပ်တန်းက ရပ်ပစ်ရမယ်၊ ဟန့်ဂရင်နီကို လင်ကီ့ ခေါင်းထဲ က ထုတ်ပစ်ရမယ်၊ ဘ၀ထဲကပါ ထုတ်ပစ်ရမယ် "
ဆက်ရန်
.
No comments:
Post a Comment