Monday, May 2, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၁၅)

"ဦးလေးနှစ်ယောက်လာတဲ့နေ့မှာ ခင်မောင်အေးအကြောင်းကို ငါမေးရအောင် ဖေဖေနဲ့ ကိုကိုလစ် တဲ့ အချိန်လေး ရပါစေ"ဟု ဆုတောင်းလိုက်မိရှာသည်။
ညာမေတင် ၏ ဆုတောင်းပြည့်သည်ဟု ဆိုရပေမည်။

ကိုထွန်းအံနှင့် ကိုဘသော်တို့ ရောက်လာကြပြီး ကိုမြင့်ညိုတို့ သားအဖကို ကန်တော့ကြသည်၊ ညာမေတင် က စားသောက်ဖွယ်ရာ ပြင်ဆင်ခါ ကိုထွန်းအံ့နှင့် ကိုဘသော်ကို ဧည့်ဝတ်ပြုသည်၊ ထိုအခိုက်မှာ ကိုမြင့်ညို ဖခင် နှင့် အလွန်ခင်သော ဧည့်သည်တယောက်က အလည်ရောက်လာသည်။

ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် လူမှုရေးကိုနားလည်ထားပြီးသူများ ဖြစ်သည့်အလျှောက် ဧည့်ခန်း တွင်နေကြရာမှ နေရာဖယ်ခါ ထမင်းစားခန်းသို့ ပြောင်းထိုင်လိုက်ကြသည်၊ ညာမေတင် အတိုင်းမသိ ၀မ်းသာ သွားတော့သည်။

ဦးလေးတို့ ခဏလောက် နေကြပါအုံးနော်၊ အေးအေး ဆေးဆေးပေါ့၊ တင်တင်နဲ့ စကားပြောကြရအောင် ဟု ဆိုင်းထားခဲ့ပြီး ဖခင်နှင့် အစ်ကိုထံ ရောက်လာသော ဧည့်သည်အတွက် ဆောင်ရွက်ပေးစရာ ရှိသည် များကို သွက်လက်လျှင်မြန်စွာဆောင်ရွက် လုပ်ကိုင်ပေးခဲ့ပြီး ထမင်းစားခန်းသို့ ပြန်လာခဲ့ သည်။
"ဦးလေး တို့ကို တင်တင်သိချင်တာ တခုလောက် မေးပါရစေ၊ တင်တင်ကိုသနားရင် အမှန်အတိုင်း ပြောကြ ပါလို့ ကြိုတင်တောင်းပန်ပါရစေ၊ နောက်ပြီး တင်တင်က ဒီလိုမေးတယ်လို့ ဖေဖေနဲ့ ကိုကိုကို ပြန်မပြော ပါနဲ့နော်"

ညာမေတင် စကားစလိုက်လျှင်ပင် ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် ညာမေတင် သိလိုသော အကြောင်း ကို ကြိုတင်သိလိုက်ကြချေပြီ၊ တယောက်ကိုတယောက် မသိမသာ ကြည့်လိုက်ကြပြီ...
"တင်တင် က ဘာသိချင်တာလဲကွယ်၊ မေးပါ........ဦးလေးတို့ သိတာဆိုရင် ပြောပါမယ်"
"မေးပါ တင်တင်"
ကိုထွန်းအံ့ နှင့် ကိုဘသော်တို့က တယောက်တခွန်း ပြောလိုက် ကြသည်။

ညာမေတင်က ပန်းသွေးရောင် ဖြန်းနေသော မျက်နှာ၊ မျှော်လင်ချက် ထားသာ အသံဖြင့် သူသိလိုသော အကြောင်း ကို သွယ်ဝိုက်လှည့်ပတ် မနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်၊ သွယ်ဝိုက် လှည့်ပတ် နေခြင်းဖြင့် အချိန်ကုန်ခါ လိုရင်းကို မရောက်ဘဲ ဖခင်နှင့် အစ်ကိုရောက်လာမည်ကို စိုးရိမ်သည်။
"ဟို တောင်ညိုတန်း ဆီက တင်တင်ကို ခေါ်လာတော့ တင်တင်နဲ့ အတူနေတဲ့ အဖေါ် ဘယ်လို ဖြစ်ပြီး ကျန်ရစ်လဲ ဦးလေးတို့ရယ်၊ သူသေကျန်ခဲ့သလား ဒဏ်ရာနဲ့ ကျန်ခဲ့လား တင်တင်တို့ နှစ်ယောက်ကို လူသတ်သမား က လာသတ်နေတာကို ကိုကိုနဲ့ ဦးလေးတို့ ဘယ်လိုသိကြလဲ..."

သူတို့ထင်ထားသည့် မေးခွန်းပင်ဖြစ်သောကြောင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့ တယောက် မျက်နှာကို တယောက် မသိမသာ ကြည့်လိုက်မိကြပြန်သည်။ ကူမွန်တောင်တန်းအကြောင်းကို၎င်း ခင်မောင်အေး အကြောင်း ၎င်း ညာမေတင်ကမေးခဲ့သည်ရှိသော ခြေရာလဲပျောက် ရေလဲနောင်သည့် စကားမျိုးကိုသာ ပြန်ပြောရန်၊ ခင်မောင်အေးဆိုသော လူလား တိရစ္ဆာန်လား မသိရသည့် အကောင် အကြောင်းလုံးဝလေသံ မဟမိစေရန် ကိုမြင့်ညိုတို့ သားအဘ တင်းတင်းကြပ်ကြပ်မှာကြား ထားခဲ့ကြ သည်ကို ကိုထွန်းအံ့နှင့် ကိုဘသော် တို့ မမေ့ကြချေ။

ကျေးဇူးသိတတ်ကြသော ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် ညာမေတင်ကို ကိုမြင့်ညိုတို့ မိသားစု မှာ နှစ်ပေါင်းများစွာ ပျောက်ကွင်နေခဲ့ရာမှ ကံအားလျှောစွာ တောင်တန်းတနေရာက ပြန်လည်ခေါ် ဆောင် လာနိုင်ကြောင်း လောက်သာ ပြောသင့်သူကို ပြောခဲ့ကြသည်၊ ခင်မောင်အေး နှင့် ညာမေတင် သည် တောထဲမှာ အကြောင်းပါလာခဲ့သည် အကြောင်းကိုမူ အခြားသူများကို မဆိုထားနှင့် သူတိုကအိမ် သူအိမ်သား များ ကိုပင် မပြောခဲ့ကြချေ။

စကားတွေ ပွားသွားပါက ကျေးဇူးရှင် သားအဖအရှက်ရကြမည်ကို၎င်း၊ ညာမေတင်အနေဖြင့် သိက္ခာ ထိခိုက်မည် ကို၎င်း စိုးရိမ်စိတ်ဖြင့် သိုသိပ်ထားကြခြင်း ဖြစ်သည်။
ညာမေတင် အနေဖြင့်လဲ ယခုလို ဘ၀တဖြစ်လဲပြီး အခြေအနေအဆင့်အတန်း ပြောင်းလဲလာသော အခါ တောတောင်ထဲမှာ အရိုင်းဘ၀ဖြင့် တွေ့ခဲ့ရသော ခင်မောင်အေးကို မေ့ပျောက်နေပြီ မမေ့ပျောက်စေကာမူ လူသိခံ လိုသော ဆန္ဒရှိတော့မည် မဟုတ်ဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့ ထင်သလို မဟုတ်ဘဲ ညာမေတင် က ယခုလို ပွင့်ပွင့်လင်းလင်း ဖွင့်မေးလိုက်သောအခါ ညာမေတင်၏ အစွဲအလန်းကြီးပုံကို စိတ်ထဲက အံ့သြလိုက်မိကြသည်။

ညာမေတင်၏ မေးခွန်းကို ယုံကြည်အောင် ဖြေကြရမည်ဖြစ်သည်၊ ဦးစွာဖြေလိုက်သူက ကိုထွန်းအံ့ ဖြစ်သည်။
အခု တင်တင်မေးတဲ့ အတူနေအဖော် ဆိုတာကို ဦးလေးတို့ မတွေ့မိဘူးကွဲ့၊ ဟိုသူသတ်သမားတို့ လူတစု က တင်တင်တို့ နေတဲ့ဂူထဲကို ၀င်ပြီး ရိုက်နှိက် သတ်ဖြတ်နေတာကိုလဲ မသိကြဘူး၊ ဆရာကို မြင့်ညိုနှင့် သတ္တု ရှာဖို့ အဲဒီဂူနား ရောက်လာတော့ အော်သံ ဟစ်သံတွေကြားရပြီး သတိ မေ့နေတဲ့ တင်တင်ကို လူဆိုး တယောက်က ထမ်းပြီး ဂူထဲက ထွက်လာတယ်၊

သူတို့လူစုကို မြင်လိုက်ရင်ဘဲ တောထဲမှာ ဆိုးခိုးတိုက်ခိုက်နေတဲ့ လူဆိုးတွေဘဲလို့ ဆရာကိုမြင့်ညိုရော ဦးလေး တို့ရော သိလိုက်ကြတယ်၊ ဒါကြောင့် သူတို့ကို တိုက်ခိုက်နှင်ထုတ်ပြီး တင်တင်ကိုကယ်လာခဲ့တာ၊ ဒီရောက်တော့ မှ ဘဘကြီးက တင်တင်ကိုမြင်တော့ တင်တင်တို့ မိခင်ဓာတ်ပုံကို ထုတ်ပြ၊ တင်တင် ခြေသလုံး မှာ ရှိနေတဲ့အမှတ်ကြီးကို ပြောပြ၊ တင်တင်မြစ်ကြီးနားကို အသွားမှာ လေယာဉ်ပျက်ခဲ့တဲ့ အကြောင်း တွေ တခုနဲ့ တခုဆက်စပ်မိကြတော့မှာ တင်တင်က ဘဘကြီးရဲ့ သမီးအရင်း၊ ဆရာကိုမြင့်ညိုရဲ့ နှမအရင်း ဆိုတာ သိကြရတယ်၊ ဦးလေးတို့ကတော့ ဒါလောက်ဘဲ သိတယ် တင်တင်
    ကိုထွန်းအံ့ စကားဆုံးသော အခါ ညာမေတင်က မေးလိုက်သည်။

"ဒါဖြင့် တင်တင်နဲ့ အတူနေတဲ့ အဖော်ခင်မောင်အေး သေသွားပြီလို့ ဘယ်လို ပြောနိုင်လဲ၊ ကိုကို နဲ့ အတူသွားလာကြတဲ့ ဦးလေးတို့က ဒါလောက်ပဲ သိတယ်ဆိုတော့ ခင်မောင်အေး သေတာကို ကိုကိုက ဘယ်လို လုပ်သိလဲ"
ညာမေတင်၏ စေ့စပ်သော မေးခွန်းကို ကိုဘသော်က ယုတ္တိရှိရှိ ဖြေလိုက်ရပြန်သည်။

"ဟို........လူဆိုးတွေ ထွက်ပြေးကြတော့ ဦးလေး တို့ နှစ်ယောက်ကို ဆရာကပြောတယ်၊ ဒီသူငယ်မလေးကို ခင်ဗျား တို့ စောင့်ကြည့်လိုက်ကြအုံး၊ ဂူထဲမှာ သူလို သူငယ်မလေးတွေ ဒုက္ခ ဖြစ်ကျန်နေသေးလား မသိဘူး၊ ကျွန်တော် သွားကြည့်လိုက်အုံးမယ်၊ ကယ်လို့ ဖြစ်ရင်လဲ ကယ်လာခဲ့မယ်လို့ ပြောပြီး တင်တင်ကိုစောင့်ဖို့ ဦးလေး တို့ နှစ်ယောက်ကို ထားခဲ့ပြီး ဆရာက ဂူထဲကို ၀င်ကြည့်တယ်ကွဲ့၊ ပြန်ထွက်လာတော့ တင်တင်လို သူငယ်မ တယောက်မှ မတွေ့ခဲ့ဘူးတဲ့ တောကောင် လိုလို လူ လိုလို အကောင်တကောင်တော့ လူဆိုးတွေ သတ်သွား လို့ သေနေတာ ဘဲ တွေ့ခဲ့တယ်လို့ ပြောတယ်၊ ဒါနဲ့ဦးလေးတို့လဲ တင်တင်ကို ယူဆောင်ပြီး တောတောင် ထဲက သုတ်သုတ် ထွက်လာခဲ့ကြတာဘဲ တင်တင်"

ကိုဘသော် စကားက ခြေရာလဲပျောက် ရေလဲနောက်သွားပြီး ဖြစ်သည်။ ယုတ္တိရှိရှိ ဖြေလိုက်သော ကိုဘသော် စကားကြောင့် ညာမေတင် သည် ဘာမှဆက်မမေးတော့ဘဲ ပြူတင်းပေါက်ကို မျက်နှာမူ လိုက်သည်၊ ပြူတင်းပေါက်မှာ လှမ်းမြင် နေရသည့် ပြာလွင်သော မိုးကောင်းကင်ဝယ် လေယူရာ တအိအိ ရွေ့လျားနေသော ဖြူဖွေးသည့် တိမ်တောင် တိမ်လိပ်တွေကို မျက်တောင်မခတ် ငေးကြည့်နေသည်၊ ညာမေတင် ၏ မျက်နှာသည် စိတ်ထဲက ခံစားနေရသည့် ကြေကွဲ ပူဆွေးမှုကို တင်တင်ရှားရှား ဖော်ပြ နေသည်။

လူလားတိရိစ္ဆာန်လား ခွဲခြားမရသော အရိုင်းကောင် တကောင်ကို ညာမေတင်သည် မမေ့ပျောက် နိုင်ဘဲ ဤမျှလောက် စွဲလန်းနေသည့် စိတ်ကို ကိုထွန်းအံ့နှင့် ကိုဘသော်တို့က အံ့သြောနေကြ သည်၊ သုံးယောက်လုံး ဘာစကားမှ မပြောကြဘဲ အခိုက်အတန့်အားဖြင့် တိတ်ဆိတ်နေကြရာမှ ကြေကြေကွဲကွဲ ပြောလိုက်သော ညာမေတင် စကားကြောင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့ပင် စိတ်မကောင်း ဖြစ်မိကြသည်။

"ကိုကိုက ပြောတယ်လား၊ တောကောင်လိုလို လူလိုလို အကောင်လို့၊ ခင်မောင်အေး တောကောင် မဟုတ်ပါဘူး၊ လူစင်စစ်ပါ၊ အဖြစ်ဆိုးလေခြင်း ခင်မောင်အေးရယ်"
ညာမေတင် စကားကြောင့် ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် အံ့အားသင့်သွားကြသည်။
"လူအစစ် ဟုတ်လား"
"ဘယ်လိုဖြစ်ပြီး တောထဲရောက်နေတာလဲ"
ကိုထွန်းအံ့နှင့် ကိုဘသော်တို့သည် ပြိုင်တူလိုလို မေးလိုက်ကြသည်၊ စိတ်ထဲမှာလဲ များစွာ အံ့သြော သွားကြသည်၊ ညာမေတင်က ပြောလိုက်၏။

"သူတောထဲ ရောက်လာတာ ကတော့တင်တင်နဲ့ အဖြစ်ချင်းမတူပါဘူး၊ သူ့မိဘတွေ သူ့အမျိုး တွေ တောင်စောင်း က နေရာမှာ မြေကြီးတွေ တူးနေကြခိုက်တဲ့"
ညာမေတင် က စကားကို ရပ်လိုက်သည်၊ ခင်မောင်အေးပြောခဲ့သည့် စကားကို ယခုထက်တိုင်ပင် ပြန်လည် ကြားယောင် နေမိသည်။
ထိုစဉ်အခါက ခင်မောင်အေးသည် သူ့မိဘတွေ မြေကြီးတူေးနသည်ကိုသာ မြင်သည်၊ ဘာကြောင့် တူးသည် ကို မသိခဲ့၊ ခင်မောင်အေး ပြောသည့်စကားကို ကြားခဲ့ရစဉ်က ညာမေတင်သည် ခင်မောင်အေး နည်းတူပင် မြေကြီးကို ဘာကြောင့်တူးသည်ကို မသိခဲ့၊ ယခုမှပင် ခင်မောင်အေး မိဘနှင့် သားချင်းဆွေမျိုးတစုသည် ထိုနေရာ မှာ မြေကြီးတူးပြီး ရွှေကျင်နေခဲ့ကြကြောင်း စဉ်းစားမိ သည်။
ထိုအခါမှ လူဆိုးတသိုက်သည် ခင်မောင်အေး မိဘတွေနှင့် သားချင်းတစုကို အလစ်မှာ ၀င်စီးသတ် ဖြတ်ပြီး တပင်တပန်းမြေကြီးတူး ကျင်ထားရသည့် ရွှေတွေကို လုယက် ယူငင်သွားကြောင်း ဆက်စပ် တွေးတောမိလာသည်။

ညာမေတင်က စကားကို တိုတိုပင် ဆက်လိုက်သည်။
"ဟို လူဆိုးတသိုက်က သတ်သွားတယ်တဲ့၊ အဲဒီအချိန်က ခင်မောင်အေးက တင်တင်အသက် သာသာ လောက်ပဲ ရှိအုံးမယ်၊ သူတယောက်ထဲ အသက်မသေပဲ လွတ်ပြေး လာပြီး တောနက်ကြီး ထဲမှာ တ၀ဲ လည်လည် ဖြစ်နေရာက ကြာတော့ လူတွေနဲ့ဝေးပြီး ဖြစ်သလိုနေရာက တင်တင်နဲ့ တွေ့၊ တောကောင်လို့ အထင်ခံ လိုက်ရတာပေါ့လေ၊ အမှန်က ခင်မောင်အေးဟာ တင်တင့်ကျေး ဇူးရှင်ပါ၊ တင့်တင့်အသက်ကို ကယ်ကြရာ မှာ ကျေးဇူးရှင် လူဝံကြီးမောင်နှံလိုဘဲ ခင်မောင်အေးလဲ သူ့နေရာက သူကယ်လာခဲ့တာဘဲ"

ညာမေတင်က စကားကို အဆုံးသတ်လိုက်သည်။ သုံးယောက်လုံး စကားပြတ်ပြီး တိတ်နေကြပြန် သည်၊ ကိုထွန်းအံ့ နှင့် ကိုဘသော်တို့သည် ညာမေတင်မျက်နှာကို ငေးကြည့်နေကြသည်။
"ခင်မောင်အေး ရယ် သေသွားပြီဆိုတာ ငါ့မျက်စေ့နဲ့ မမြင်သမျှ ငါမကျေနပ်နိုင်ပါဘူး၊ ဖြစ်ရာ ဘ၀က ငါ့ကို စောင့်ကြည့်နေပါ၊ နင်နောက်ဆုံး ခေါင်းချရာဂူ၊ နင်နဲက ငါနေခဲ့တဲ့ဂူကို ငါမသေခင် ရောက်အောင်တော့ ကျိုးစား အုံးမယ်လေ"

ထိုစကားကို ညာမေတင် ပြောနေစဉ်က သူ့အနားတွင် ကိုထွန်းအံ့နှင့် ကိုဘသော်တို့ ရှိနေသည်ကို သတိ အလျှင်း မရဘိသကဲ့သိုက သူတယောက်ထဲ ရှိနေဘိ သကဲ့သို့ တမ်းတမ်း တတပြောလိုက်သည်။
    ကိုဘသော်နှင့် ကိုထွန်းအံ့တို့သည် တယောက်ကို တယောက်ကြည့်လိုက်ကြသည်၊ ထို့ နောက် နှစ်ယောက် လုံး မတိုင်ပင်ဘဲလျက်နှင့်.....
    "ပြန်အုံးမယ် တင်တင်ရယ်"
'ဟုတ်တယ် ဧည့်ခန်းက ဧည့်သည်ပြန်တော့မယ်လို့ နှုတ်ဆက်သံကြားတယ်၊ ဘဘကြီးနဲ့ ဆရာကို နှုတ်ဆက်ပြီး ပြန်တော့မယ်'

    ဟူသောစကားကို တယောက်တခွန်း အတိုင်အဖောက်ညီစွာ ပောပြီး ညာမေတင်ကို နှုတ်ဆက်ကာ ထမင်းစားခန်း ထဲက ထွက်သွားကြသည်၊ ဧည့်ခန်းထဲတွင်ကား ဧည့်သည်မရှိတော့ချေ၊ တကယ်ပင် ပြန်သွားပြီ ဖြစ်သည်၊ ဧည့်သည်ကို ဧည့်ဝတ်ပြုထားသည့် စားသောက်ဘွယ်ရာ ထည့်ထားသည့် ပန်းကန် တွေကို ညာမေတင်က လာသိမ်းသွားပြီးသည့် အခါတွင်မူ ကိုဘသော်နှင့် ကိုထွန်းအံ့တို့သည် မပြန်ကြ သေးချေ။

    ညာမေတင်ကို ချက်ချင်းပြန်ကြတော့ဟန်မျိုးဖြင့် နှုတ်ဆက်လာခဲ့ကြသော ကိုဘသော်နှင့် ကိုထွန်းအံ့ တို့သည် ကိုမြင့်ညိုနှင့် ဘခင်ကြီးတို့ အား ညာမေတင်ပြောသည့် စကားလုံးတွေကို တလုံးမကျန် ပြန်ပြော လိုက်ကြသည်။

    ခင်မောင်အေး လူအစစ်ဟု သိလိုက်ရသောအခါ ကိုမြင့်ညိုနှင့် ဘခင်ကြီး မျက်လုံးဝိုင်းသွား တော့သည်၊ ခင်မောင်အေး မသေဘဲ မေ့ဆေးကြောင့်သာ မေ့ပြီး ကျန်နေရစ်သည်ကို သူတို့အားလုံးသိကြသည်၊ တောရိုင်း တိရိစ္ဆာန် ဖြစ်နေလျှင် သေလိုလသေ မသေလိုနေ၊ သူတို့အဘို့စိုးရိမ်စရာမဟုတ်၊ တောရိုင်း တိရိစ္ဆာန် သည် မြို့နားရွာနား လူနားကို နီးနီးကပ်ကပ် လာဝန့်ရိုးထုံးစံမရှိ၊ ကြုံတောင့်ကြုံခဲ သီဟဗာဟု မင်းသား ၏ ခမည်းတော် ခြင်္သေ့ကြီးလို လူ့ရပ်ရွာနား ကပ်လာလျှင် လူတွေက ကြာကြာ မထားဘဲ တောကောင်အဖြစ်က ကျွတ်လွတ်သွားအောင် လုပ်လိုက်မည်သာဖြစ်သည်။
    ထို့အပြင် တောရိုင်းတိရစ္ဆာန်ဆိုသည်မှာ လူစကားမပြောတတ်သည့်အတွက် ညာမေတင်၏ ဘ၀ဖြစ်စဉ် လူသိအောင် လူလိုမပြောတတ် မဆိုတတ်။

    ယခုမူ တောတိရစ္ဆာန်ဟု ခိုင်မြဲစွာ မှတ်ယူလာခဲ့သော ခင်မောင်အေးဆိုသည်မှာ လူသား စစ်စစ် တယောက်ဖြစ်နေသည်ကို သိလိုက်ရသောအခါ ကိုမြင့်ညိုတို့ သားအဘသည် စိုးရိမ်စိတ်ဝင်လာသည်။
    'မေ့ဆေးပြေရင် ဒီအကောင် ခြေရာခံပြီးလိုက်ရှာမှာ၊ နောက်ပြီး လူစစ်စစ်ဆိုတော့ လူစကားလဲ ပြောတတ်နေတာ ညာမေတင်က ပြောပြီဟုတ်လား၊ လူသိသူသိတော့ ဖြစ်ကုန်တော့မှာဘဲ'
    'အေးတကယ်လို့ မိုးကောင်းမြို့အနားရောက်လာရင် သူမေးတော့မှာပေါ့၊ ဒါမျိုးဆိုတာ ဘယ်လောက်ပဲ လျှို့ဝှက် ပေမဲ့ ပေါ်ပေါက်လာတတ်တာဘဲ'
    ကိုထွန်းအံ့နှင့် ကိုဘသော်တို့ ပြန်သွားကြသောအခါ ကိုမြင့်ညိုနှင့် ဘခင်ဖြစ်သူတိုကသည် တီးတိုး ခေါင်းချင်းရိုက် နေကြသည်။

    'တောထဲတောင်ထဲက ရိုင်းရိုင်းစိုင်းစိုင်း အကောင်တကောင်နဲ့ အကြောင်းပါလာတယ်လို့ လူတွေ သိကုန်မှာ ဖေဖေရှက်တယ်သားရယ်၊ သမီးလေးကို ချစ်လွန်းလို့ တောတောင်ထဲမှာ အရိုင်းကောင်အဖြစ်နဲ့ ဘ၀မဆုံး စေလိုလိုက ရအောင် ပြန်ဆောင်ယူခဲ့ရတာ၊ အခုလိုပုံတော့ အရှက်ကွဲကြလိမ့်မယ်ထင်တယ်'
    ဘခင်ကြီး က ငြီးငြီးငြူငြူ ပြောသည်။

    'ဖေဖေက နောက်ကြောင်းပြန်လိုက်တော့ ကျွန်တော်လဲ ယူကြုံးမရဖြစ်ပြီး ညီမလေးကိုရအောင် ဆောင်ကျဉ်း လာခဲ့တာဘဲဖေဖေ၊ ဒီအကောင်နဲ့ တောထဲမှာ အကြောင်းပါ လာတာကို ကျွန်တော်တို အပြစ် မဆိုလိုပါဘူး သူ့ဘ၀ကိုက ဒီအတိုင်း ဖြစ်ဘိုကဖန်လာတာကိုး၊ တောထဲတောင်ထဲမှာ ဖြစ်ခဲ့တာကတော့ ဖြစ်ခဲ့ပါစေတော့၊ အခုဘ၀အသစ်ကို ရောက်တဲ့အခါမှာ ဘ၀ဟောင်းကအဖြစ် ပျောက်သွားဘို့ က အရေး ကြီးတယ်၊ ဟိုအကောင်က လူအစစ်ဖြစ်ပြီး လူစကားပြောတတ်နေတာကိုက အခြေအနေကို တမျိုး ဖြစ်သွား နိုင်တယ် ဖေဖေ'

    'အေး သမီးကလဲ ထွန်းအံ့နဲ့ ဘသော်ကိုတောင် ဖွင့်မေးနေပြီဘဲ၊ သူ့အရိုင်းကောင်ကို ဘယ်လေက် မြတ်နိုးစွဲလန်နေတယ်ဆိုတာ သိလောက်ပြီ၊ တော်တော်ကြာ အပြင်အပ သွားကြလာကြတဲ့အခါ ဒီအကြောင်းကို မကွယ်ဝှက်ဘဲ ပြောပြပြီး ကူမွန်တောင်တန်းဆီကို သွားဘို့ လူကြုံရှာ အဖော်ရှာမှဖြင့် သူ့ စိတ်ကလဲ ယဉ်နေပြီဆိုပေမဲ့ အရိုးစွဲအောင် နှစ်ရှည်လများ ရိုင်းလာတဲ့ အခြေခံက ရှိနေတဲ့ မိန်းခလေးဆိုတော့ တချိန်ချိန်မှာ တောထဲက စိတ်မျိုးပြန်ဝင်သွားမှာ စိုးရတယ်သား'
    သားအဖနှစ်ယောက်သည် ညာမေတင်အတွက် စိုးရိမ်သောကဖြစ်နေကြသည်။ ဘခင်ကြီးအနေဖြင့် ရှိသည့် ပစ္စည်းကို သိုသိပ်စွာ စားသုံးပြီး အေးအေးလူလူနေလာခဲ့သည်ကြောင့် နာမည်မထွက်ဘဲ လူမသိချေ၊ ကိုမြင့်ညို အနေဖြင့်ကား လူသိများလှသည်။

    ဤအသက်အရွယ်နှင့် ဤရာထူးကြီးကို ထမ်းဆောင်နေရသော ကိုမြင့်ညို၊ နိုင်ငံခြားမှာ အစိုးရ ပညာတော်သင် အဖြစ် သွားနေပြီး ပါရဂူဘွဲ့ ရလာခဲ့သည့် ကိုမြင့်ညို၊ အသက်အရွယ် ရုပ်ရည်၊ ပညာ၊ ရာထူး၊ ပစ္စည်းဘာမှ ဆိုစရာမရှိသည့်အတွက် အရာရှိပိုင်းမှာရော အမျိုးသမီးအသိုင်း အ၀ိုင်းမှာရော မျက်နှာပွင့် နေသည့် ကိုမြင့်ညို....

    လူသိများ၍ ထင်ရှားသည့် အရာရှိကြီး ကိုမြင့်ညို၏ နှမလေးသည် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့် အချိန် က မြစ်ကြီးနာသို့ အသွား လေယာဉ်ပျက်ကျပြီး သေဆုံးသည့် စာရင်းထဲမှာ ပါခဲ့သည်၊ ယခု စိတ်ကူးယဉ် ထက်ပင် ဆန်းကျယ်သည့် ၀တ္ထုတစ်ပုဒ်သဘွယ် အဖြစ်မျိုးနှင့် တောထဲမှာ တွေ့လာခဲ့ပြီး အစ်ကိုဖြစ်သူက ကျိုးစား ခေါ်ဆောင်လာခဲ့သည်၊ လူသူနှင့် ကင်းဝေး၍ အရိုင်းမလေးဖြစ်နေခဲ့သော ညာမေတင်ကို ပြုပြင်သွန်သင်ခြင်းဖြင့် နူးညံ့သိမ်မေ့သော မိန်းခလေး၊ ချောမောလှပသော မိန်းခလေး၊ ကိုမြင့်ညို တို့ အရာရှိပိုင်း မှ လူလွတ် လူပျိုအရာရှိများ အမှုထမ်းများက မျက်စေ့ကျနေသည့် မိန်းခလေးဖြစ်နေသော ညာမေတင် သည် တောထဲက အရိုင်းကောင် ခင်မောင်အေးနှင့် အကြောင်းပါလာပြီး အရိုင်းကောင် ခင်မောင်အေး ကိုသာ စွဲလန်းပြီး ကူမွန်တောင်တန်း အရောက်ပြန်သွားလိုသည့် စိတ်မျိုးရှိနေပါသည်။ဟု လူသိမှာ ကို ကိုမြင့်ညို အလွန်အမင်းစိုးရိမ်သောက ဖြစ်နေမိသည်။

    ရှင်းရှင်းဆိုရသော် ကိုမြင့်ညိုသည် နှမလေး၏ ဖြစ်လာခဲ့သည့် အကြောင်းမှန်ကိုရော ယခုနှမလေး၏ စိတ် သဘောထား ကိုရော လူသိမှာ အလွန်ရှက်နေသည်။
    သားအဖနှစ်ယောက်သည် ညာမေတင်ကို ချစ်လိုက်ကြသည်မှာ ခိုက်ခိုက်တုံနေကြသည်၊ ထိုသို့ ချစ်လွန်း သောကြောင့် ညာမေတင်ကို စိတ်မချမ်းမသာဖြစ်မှာလဲ စိုးရိမ်ကြသည်၊ ညာမေတင် သဘောအတိုင်း တောထဲ က ခင်မောင်အေးဆိုသူကို သတိရစွဲလန်းနေသည့်အတွက်လဲ စိုးရိမ်နေကြသည်။

ဆက်ရန်
.

No comments: