Wednesday, May 25, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၂)

အခန်း(၂)

ဆရာကြီး ရုံးခန်းထဲမှ ထွက်လာပြီး လှေကားအတိုင်း ပြန်ဆင်းလာခဲ့သည်။ ခန်းမဆောင်သို့ သွားရာ လမ်း တစ်ဖက်စီ တွင် စာသင်ခန်းများ ရှိကြ၏။ ပထမဆုံးတွေ့သည့် စာသင်ခန်းဝတွင် ကျွန်တော် ခဏ တွေ ရပ်နေ မိ၏။ ဘာဆက်လုပ်ရမှန်း မသိသဖြင့် ခပ်ကြောင်ကြောင် ဖြစ်နေစဉ် အခန်းတံခါး ၀ုန်းခနဲ ပွင့်လာပြီး အရပ် မြင့်မြင့်၊ ဆံပင်နီနီနှင့် ကျောင်းသူကလေး တစ်ယောက် ပြေးထွက်လာသည်။
သူ့နောက် မှ နှစ်ယောက် အပြေးအလွှား ထွက်လိုက်လာသည်။ စင်္ကြံ လမ်းက ကျဉ်းကျဉ်းကလေးဖြစ်၍ သူတို့ သုံးယောက် ကျွန်တော်နှင့် ၀င်တိုက်မိမလို ဖြစ်သွားပြီး ရှေ့ဆုံးတစ်ယောက်မှာ တစ်ဖက်သို့ ယိုင်သွား သည်။ ကျွန်တော်က လက်မောင်းကို လှမ်းဆွဲပြီး ထိန်းပေးလိုက်ရ၏။

ချာတိတ်မလေးက ကျွန်တော့်ကို တစ်ချက် မော်ကြည့်ပြီး ဆောရီးဟု တောင်းပန်ကာ စင်္ကြံတစ်လျှောက် ပြေး ထွက်သွားသည်။ ကျန်နှစ်ယောက်က ကျွန်တော့်ကို ကြောင် ကြည့်နေပြီးမှ တစ်ဆက်တည်း စာသင် ခန်း ထဲ သို့ ပြန်ပြေးဝင်သွားသည်။ တံခါးကို ၀ုန်းခနဲ ဆောင့်ပိတ်သွား၏။

မမျှော်လင့်သည့် အဖြစ်ကြောင့် ဘာဆက်လုပ်ရမှန်း မသိဘဲ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်နေ၏။ ခဏ ရပ်စဉ်းစားပြီးမှ အခန်းအခြေအနေကို သိချင်လာသဖြင့် ၀င်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ တံခါး ကို အသာခေါက်ပြီး တွန်းဝင်သွားသည်။

အခန်းထဲတွင် လက်ပံပင် ဆက်ရက်ကျသလို ဖြစ်နေသဖြင့် ကျွန်တော် ၀င်လာသည်ကို ဘယ်သူမှ သတိ မထားမိကြ။ အတန်ကြာမှ တစ်ယောက်ချင်း ကျွန်တော့်ကို ငဲ့ကြည့်ကြသည်။
အတန်းထဲတွင် ဆရာနှင့် တူသူဟူ၍ တစ်ယောက်တလေမျှ မရှိ။ ကျောင်းသူ ကျောင်းသားအားလုံး လေးဆယ်ခန့် ရှိမည့် စာသင်ခန်းဖြစ်၏။ သူတို့သည် ကလေးသူငယ်များ မဟုတ်ကြတော့ပြီ။ သူတို့၏ ခန္ဓာ ကိုယ်အစိတ်အပိုင်း များကို ကြည့်ကြည့်၊ သူတို့ ၀တ်စားဆင်ယင်ထားကြပုံကို ကြည့်ကြည့် ကလေးဘ၀က လွန်မြောက်လာကြပြီဖြစ်ကြောင်း သိသာနေ၏။

သူတို့သည် အခန်းထဲတွင် ဟိုတစ်စု၊ သည်တစ်စု စုဝေးကာ အေးအေးလူလူ စကားတွေ ဖောင်ဖွဲ့နေကြ၏။ အချို့ က အခန်းထောင့်ရှိ မီးဖိုနားတွင် ရပ်လျက်။ အချို့က ကုလားထိုင်တွေ၊ စားပွဲတွေပေါ်တွင် ခြေပစ် လက်ပစ် ထိုင်လျက်။

အများစုက ကျောင်းယူနီဖောင်းကို ၀တ်မထားကြ။ မိန်းကလေးများက ခန္ဓာကိုယ်အပေါ်ပိုင်းကို အတတ်နိုင် ဆုံးပုံပေါ်အောင် ကိုယ်ကျပ် ဆွယ်တာများ ၀တ်ထားကြ၏။ ဆံပင်ကို အမျိုးမျိုး အဖုံဖုံ ထုံးဖွဲ့ထားကြ၏။ သို့သော် တစ်ကိုယ်ရေ သန့်ရှင်းမှုကိုတော့ သိပ်ဂရုစိုက်ကြပုံ မပေါ်။ ယောက်ျားလေးများက တီရှပ်ကို အင်္ကျီ ကြယ်သီး မတပ်ဘဲ ဂျင်းဘောင်းဘီကိုယ်စီဖြင့်။
မျက်နှာပြားပြား၊ မှဲ့ယင်ချေး သဲ့သဲ့ နှင့် ကျောင်းသူတစ်ယောက် သူတို့အထဲမှ ထ လာပြီး ကျွန်တော့်ဆီ လျှောက် လာသည်။

" ဆရာဟက်ကမန်းရဲ့ ဧည့်သည်လားဟင်၊ ဆရာတွေ အခန်းထဲမှာရှိမယ်ထင်တယ်၊ ဆရာက မှာထားတယ်၊ ကျွန်မတို့ အားလုံး ငြိမ်ပြီဆိုမှ သူ့ကို လာခေါ်တဲ့"
ပြောရေးဆိုခွင့်ရှိသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ရွေးချယ်တင်မြှောက်ပြီး ရှင်းပြနေသည့် ကျောင်းသူကို အားလုံး က ထောက်ခံသည့် သဘောဖြင့် မိန်းကလေးနောက်မှ ၀ိုင်းလိုက်လာပြီး ကျွန်တော်နှင့် မျက်နှာချင်း ဆိုင် စုရုံး လိုက်ကြသည်။ သူတို့အမူအရာက ထီမထင်သည့် ကျောင်းတော်သူ ကျောင်းတော်သားများပုံစံ။
ကျွန်တော် ဘုရား တလိုက်မိ၏။ မလွယ်ပါလား။

တစ်ပြိုင်တည်း တွင် ကြွက်စီကြွက်စီနှင့် နားထောင်သူမရှိဘဲ အလုအယက် ပြောကြပြန်သည်။ ပြီးတော့ ရုတ်ခြည်း ရပ်သွားကာ ကျွန်တော့်ကိုအလောတကြီး ၀ိုင်းမေးကြသည်။
" ခင်ဗျားက ဆရာအသစ်လား "
" ဆရာ ဟက်ကမန်းနေရာကို ၀င်မှာလား "
" ဆရာ ဟက်ကမန်းက တကယ် သွားတော့မှာလားဗျ "
ပထမဆုံး မိန်းကလေး၏ မေးခွန်းကိုသာ ကျွန်တော် ဖြေပြီး -
" ကဲ ဆရာတွေအခန်းကို သွားလိုက်ဦးမယ်"ဟု ပြောကာ သူတို့ အခန်းထဲမှ လစ်ထွက်ခဲ့၏။

သည်အတွေ့အကြုံကြောင့် ကျွန်တော် တုန်လှုပ်ချောက်ချားသွားသည်။ ကျွန်တော့် စိတ်ကူးရုပ်ပုံထဲမှ အတန်း သည် ခု ကျွန်တော် တွေ့ခဲ့သော တိရစ္ဆာန် လှောင်အိမ်နှင့်တူသည့် အတန်းမျိုး မဟုတ်ပေ။ စားပွဲ၊ ကုလားထိုင်တွေ စီစီညီညီနှင့်။ အတန်းထဲမှ ကျောင်းသူ ကျောင်းသားတွေက သိမ်သိမ်မွေ့မွေ့ ကလေးတွေ၊ ဗိုင်းကောင်းကျောက်ဖိ ကလေးတွေ။း
ဆရာ ဟက်ကမန်းဆိုသူသည် ဘယ်လိုလူလဲ၊ သည်လို အတန်းမျိုးကို သည်းခံနိုင်သည့် ဆရာသည် ဘယ်လိုဆရာမျိုးလဲ၊ သည်ကျောင်းကကော သည်လို အဖြစ်မျိုးကို လက်ခံထားသည်လား၊ သည်အသိုက် အ၀န်းတွင် ကျွန်တော် ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ်နေနိုင်ပါမည်လား။

သည်အတွေးပေါင်းစုံဖြင့် ဆရာများအခန်း ရှိမည်ထင်ရာသို့ ကျွန်တော် ဆက်လျှောက်လာခဲ့၏။ စင်္ကြံ လမ်း တွင် စောစောက ပြေးထွက်သွားသည့် ကျောင်းသူကလေး ပြန်ပြေးဝင်လာသည်။ မြင်းမြီးဆံပင် နီကြန်ကြန် ဦးခေါင်းပေါ်တွင် လှုပ်ကာ ၀ဲကာဖြင့်၊ ဖွံ့ဖြိုးစ တင်ကြီးနှစ်လုံးက နိမ့်တုံ မြင့်တုံ။

စောစောက သဘောမပေါက်ခဲ့သည့် ဆရာကြီး၏ မှတ်ချက်ကို ကျွန်တော် တဖြည်းဖြည်း ရိပ်မိစ ပြုလာပြီ။ တစ်ကျောင်းလုံးရဲ့ ပုံစံကိုက တစ်မျိုးပါလား။
ဆရာများအခန်းမှာ စင်္ကြံထိပ်တည့်တည့်တွင် ဖြစ်သည်။ လှေကားထစ် အနည်းငယ်ကို တက်ရသေး၏။ အခန်းတံခါး ပွင့်လျက်သား တွေ့ရသည်။ ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် အလောင်းကောင် တစ်ခု လို အစန့်သား ထိုင်နေသည့် လူရွယ်တစ်ယောက်ကို လှမ်းမြင်ရ၏။ ဆံပင်ထူထူ၊ ဗလကောင်းကောင်း၊ ၀တ်ပုံ စားပုံက မသေမသပ်နှင့်။ ဂျာကင်အင်္ကျီအဟောင်းကို တံတောင်ဆစ်နှင့် လက်ကောက်ဝတ်တွင် သားရေချပ် များဖြင့် ဖာထေးထားသည်။

ကျွန်တော် ၀င်သွားတော့ သူက ခေါင်းထောင်ကြည့်ပြီး -
" သားသတ်ရုံထဲကို သိုးတစ်ကောင် ၀င်လာပြန်ပါပြီဗျား၊ အဲဒီသိုးကတော့ သိုးမည်းလို့ ပြောရမယ် "
သူ့ကိုယ်ပိုင် တင်္ခဏုပ္ပတ္တိဥာဏ် အတွက် သူ့ဘာသာသူ သဘောကျပြီး သွားတွေအားလုံး ပေါ်လုနီးပါး ပြုံးလိုက်၏။ သွားတွေက မညီမညာ၊ ၀ါကြန့်ကြန့်။
ကျွန်တော်သည် ပင်ကိုအားဖြင့် စိတ်ဆက်သူဖြစ်ပါသည်။ ယင်နားခံချင်သူမဟုတ်ပါ။ သို့သော် စိတ်ရှည်ရှည် ထားဖို့၊ စိတ်ကိုထိန်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့သည်မှာ နှစ်အတန်ပင် ကြာခဲ့ပြီ။
ထို့ကြောင့် ကျွန်တော့်အား မြင်မြင်ချင်း ဆောက်နှင့်ထွင်းသည့် အနှီသကောင့်သားအား နကမ္ပတိ ပြန်ကြည့်ရင်း -
" ကျုပ်နာမည် ဘရိတ်ဝိတ်၊ တိုင်းပညာရေးရုံးက လာခဲ့တာ "

" သြော် ... လက်စသတ်တော့ ဆရာသစ်ကိုး၊ အင်း ... ပေါက်လွှတ်ပဲစားတွေကို ထိန်းတဲ့နေရာမှာ ဟက် ကမန်း ထက် ကံကောင်းပါစေလို့ ဆုတောင်းရမှာပေါ့လေ "
" ကျုပ်က ခင်ဗျားကို ဟက်ကမန်းအောက်မေ့နေတာ၊ ကလေးတွေက ဆရာဟက်ကမန်း ဒီအခန်းထဲမှာ စောင့်နေတယ်လို့ ပြောလိုက်လို့"
" လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်အထိတော့ ရှိတယ်၊ ခုတော့ အမြီးကုပ်ပြီး လစ်သွားပြီး၊ ခုလောက်ဆို တိုင်းရုံး မှာ သူ့ဝေဒနာတွေကို ကြေညာနေလောက်ပြီ"
သူက ခပ်ပြုံးပြုံး ပြောနေခြင်းဖြစ်၏။

" ဒါဆို သူ့အတန်းကို ဒီအတိုင်း ပစ်ထားခဲ့တာပေါ့၊ ဟုတ်လား "
ကျွန်တော့်အမေးကို သူက အော်ရယ်ပြီး ဖြေသည်။
" ကျုပ် တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်စေရမယ်၊ အဲဒီ အတန်းဟာ ခင်ဗျားအတွက်ပဲ ဖြစ်ရမှာပေါ့"

ထိတ်လန့်အံ့သြစရာ သတင်းကို ကျွန်တော့်အား ပေးပြီး သူ ထွက်သွားတော့၏။ အပြန်ပြန် အလှန်လှန် စဉ်းစားရင်း အခန်းထဲတွင် ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်သည်။
သူ ထွက်သွားပြီး အတန်ကြာအောင် တံခါးပေါက်ကို ငေးကြည့်နေမိ၏။ ကျွန်တော့်အတွက် အားလုံးသည် မှန်းချက် နှင့် နှမ်းထွက် တခြားစီချည်း ဖြစ်နေပါကလား။ သို့သော် ကျွန်တော်သည် လွယ်လွယ်နှင့် လက်မြှောက် အရှုံးပေးတတ်သူကား မဟုတ်ပါ။

သည်ငတိကို စာရင်းထဲ ထည့်တွက်ဖို့ မလိုပါ။ သူ့ကြောင့် ကျွန်တော့် မျှော်လင့်ချက်တို့ ရေအဖြစ် မခံနိုင်ပါ။
အခန်းတံခါး ပွင့်လာသည်။ အရပ်မြင့်မြင့်၊ ရွှေရောင်ဆံပင်နှင့် ခပ်ချောချော ဆရာမတစ်ယောက် ၀င်လာ သည်။ နဂိုလှသည့် ကိုယ်နေဟန်မှာ ခပ်ကျပ်ကျပ် ၀တ်ထားသည့် ဘောင်းဘီကြောင့် ပို၍ ပေါ်လွင်နေ၏။

မျက်နှာတွင် ကျက်သရေအရှိဆုံးမှာ မီးခိုးရောင် မျက်လုံးများနှင့် သေသပ်လှပသည့် ပြုံးယောင်ယောင် နှုတ်ခမ်းများဖြစ်၏။ ဆံပင်ကိုမူ လူကြီးဆန်ဆန် ရိုးရိုး ယဉ်ယဉ် ခွေထုံးထားသည်။ ကျွန်တော့်ဆီကို တန်းတန်း မတ်မတ် လျှောက်လာ၏။ လက်တစ်ဖက်ကို ဆန့်တန်းလျက် နဂိုပြုံးနှုတ်ခမ်းများကို ပိုပြုံးလျက် -
" တိုင်းရုံးက ပို့လိုက်တဲ့ ဆရာအသစ် ဟုတ်ပါတယ်နော် "
" ဟုတ်ကဲ့ ... ကျွန်တော့်နာမည် ဘရိတ်ဝိတ်ပါ "

" ကျွန်မက မစ္စက် ကရေ့စ်ဒေးလ်အီဗန်ပါ။ အဘိုးကြီးနဲ့ တွေ့ပြီးပြီလား"
အမျိုးသမီး၏ အသံက ခပ်တိုးတိုး။ သို့သော် ရွှင်သည်၊ လွင်သည်။
" မစ္စတာ ဖလောရင့်ကို ပြောတာပါလားခင်ဗျာ၊ ကျွန်တော် တွေ့ပြီးပါပြီ၊ ဆရာကြီးက ကျောင်းရဲ့ အခြေအနေကို အကဲခတ်ဖို့ ကျွန်တော့်ကို လျှောက်ကြည့်ခိုင်းထားပါတယ် ဆရာမ"
" ကလေးတွေကိုရော ဆရာ တွေ့ပြီးပြီလား "

" ဒီဘက်ကို လျှောက်လာရင်း မစ္စတာ ဟက်ကမန်းရဲ့ အတန်းကို ခဏ ၀င်ကြည့်ခဲ့ပါတယ် "
" ဟုတ်လား ခပ်ဆိုးဆိုးကလေးတွေလို့ ဆရာ မထင်ဘူးလား၊ ကျွန်မက အဲဒီအတန်းမှာ အိမ်တွင်းမှုသိပ္ပံ သင်ရတယ်၊ သိပ္ပံနည်းကျကျ သင်လို့ မရပါဘူး ဆရာ၊ အိမ်တွင်းမှုဆန်ဆန်ပဲ သင်ရတယ်လေ "
စကားပြောနေရင်း သူ့လက်က ဇယ်ဆက်သလို အလုပ်ရှုပ်နေ၏။ မီးလင်းဖိုပေါ်တွင် တချို့၊ ပြတင်းပေါက် ပေါင်ပေါ်တွင် တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကျဲနေသည့် လက်ဖက်ရည် ပန်းကန်တွေကိုစုပြီး အခန်းထောင့်မှ လက်ဆေးကြွေကန်ထဲ ထည့်နေသည်။

ကြွေကန်ပေါ်မှ ရေနွေးပိုက်ခေါင်းကို ဖွင့်ချပြီး ပန်းကန်တွေ ဆေးနေရင်း ဆရာမ စကားဆက်ပြောသည်။ ပန်းကန်ချင်း ထိသံတွေ တချွင်ချွင်ဖြင့်။
" တချို့ ဆရာတွေက ကလေးတွေထက်တောင် ဆိုးကြသေးတယ် ဆရာရဲ့။ ကြည့်လေ၊ သောက် တဲ့ နေရာမှာ ပန်းကန်တွေကို သည်အတိုင်း ချသွားတာပဲ။ သြော် ... ဆရာ၊ ထိုင်လေ "
ကျွန်တော် ၀င်ထိုင်လိုက်၏။ ဆေးပြီးသား ပန်းကန်တွေကို အ၀တ်နှင့် သုတ်နေသည့် ဆရာမကို ငေးကြည့် နေမိသည်။

" ဆရာလုပ်သက် တော်တော်ရပြီလား"
" ဟင့် အင်း ... ဒါ ကျွန်တော် ပထမဆုံးရတဲ့ အလုပ်ပါ ဆရာမ"
" အို ... "
ဆရာမ မျက်ခုံးတွေ မြင့်တက်သွားပြီး
" ဒါဖြင့် အရင် ဘာလုပ်သလဲဟင် "
" ကျွန်တော် လေတပ်က ထွက်လာတာပါ၊ ဘာပြုလို့ပါလဲ ဆရာမ "

" အို ... ဘာရယ်လို့ မဟုတ်ပါဘူး၊ ရှင့်ကြည့်ရတာ တစ်မျိုး ထူးခြားနေလို့ပါ။ နေ့လယ်စာ စားပြီးမှ ပြန်မှာ မဟုတ်လားဟင် "
" ဗျာ ... ကျွန်တော့်မှာ ဘာအစီအစဉ်မှ မရှိပါဘူး၊ ဆရာမတို့ စားတဲ့ အစဉ်အလာရှိရင်လည်း စားတာပေါ့"
" ဟုတ်ပြီ၊ ဒါဆို ကျွန်မ ရုံးခန်းကို ပြေးပြီး ကျောင်းစာရေးနဲ့ ညှိလိုက်ဦးမယ်၊ အဆင်ပြေမှာပါ။ ဆရာ ဒီအခန်း ထဲမှာ ပဲ စောင့်နေလေ၊ အားလပ်ချိန်နီးပါပြီ၊ တခြားဆရာတွေနဲ့ တွေ့လိုက်ဦးပေါ့၊ သွားမယ်နော်"
တံခါးကို အသာ နောက်ပြန်ပိတ်ပြီး ဆရာမ ထွက်သွားသည်။

အခန်းကို ကျွန်တော် အကဲခတ်လိုက်သည်။ စာအုပ်တွေ ဟိုတစ်ပုံ၊ သည်တစ်ပုံနှင့် ရှုပ်ယှက်ခတ်နေ၏။ နံရံ ကပ်ဗီရိုမှာ ပွင့်လျက်။ ဗီရိုထဲတွင် အားကစားပစ္စည်းမျိုးစုံဖြင့် ပြွတ်သိပ်စုပြုံနေ၏။ ဘောလုံးတွေ၊ တင်းနစ်ရိုက်တံ တွေ၊ လက်ဝှေ့ထိုးသည့် လက်အိတ်တွေ၊ အားကစားဝတ်စုံတွေဖြင့် ရှုပ်ပွနေ၏။

မီး လုံးဝမရှိသည့် မီးလင်းဖိုထဲတွင် စီးကရက်တိုတွေ ပစ်ထည့်ထားသည်။ တချို့မှာ နှုတ်ခမ်းနီစတွေဖြင့်။ နံရံတစ်ဖက်တွင် ထီးတွေ၊ ကုတ်အင်္ကျီတွေ၊ လက်ပွေ့အိတ်တွေ တိုးလိုးတွဲလောင်း ချိတ်ထားသည်။
လက်တန်းကုလားထိုင် နှစ်လုံးနှင့် ပက်လက်ကုလားထိုင် ခုနစ်လုံး၊ ရှစ်လုံးခန့် နံရံတစ်ဖက်တွင် စီချထား သည်။ အခန်းလယ်မှ စားပွဲရှည်ကြီးတွင်တော့ လက်တန်းမပါ ကုလားထိုင်တွေ ပတ်ပတ်လည်။
စီးကရက်တိုနံ့နှင့် အောက်သိုးသိုး အ၀တ်ဟောင်းနံ့မှာ အခန်းထဲတွင် မင်းမူနေ၏။ ပြတင်းပေါက်ဆီ လျှောက်သွားပြီး တွန်းဖွင့်လိုက်သည်။ ဗုံးဒဏ်ကြောင့် ပျက်စီးခြင်းမှလ ပျက်စီးနေသည့် ဘုရားရှိခိုးကျောင်းကြီးကို ငုံ့ကြည့်လိုက်မိ၏။

ဘုရားရှိခိုးကျောင်းကြီး၏ သံချေးတက်နေသည့် ခြံစည်းရိုးတစ်ဖက်တွင် ပန်းစုံပွင့်နေသည့် လှလှပပ ပန်းခြံ ကလေး။ ဘုရားရှိခိုးကျောင်းနှင့် စာသင်ကျောင်းကို အုတ်နံရံ အမြင့်ကြီးဖြင့် ခြားထားသည်။
အခန်းထဲမှ ကျွန်တော် ထွက်လာခဲ့၏။ အောက်ထပ်သို့ ဆင်းသည့် လှေကားအတိုင်း ဆင်းလာသည်။ ကျောက်တုံးများ စီခင်းထားသည့် ကျောင်းရှေ့ ကွက်လပ်ဆီသို့ ထွက်ခဲ့၏။ ကွက်လပ်ထဲတွင် စက္ကူအိတ်စုတ် တွေ၊ သစ်သော့သီးခွံတွေ၊ ချိုချဉ်ပတ် စက္ကူစတွေ၊ သတင်းစာ အပိုင်းအပြတ်တွေနှင့် မြင်မကောင်း ရှုမကောင်း။ နေရာတကာတွင် အများဆုံး တွေ့ရသည်ကတော့ တစ်ရှူးစက္ကူနုကလေးများ။ တစ်ကျောင်း လုံး နှာစေးချောင်းဆိုးဖြစ်နေသည့်အလား။

ကွက်လပ်နှင့် တစ်ဆက်တည်း အနံပေအစိတ်ခန့် ကစားကွင်းကို ကျောင်းနံရံ အုတ်ရိုးတစ်လျှောက် အလျားလိုက် ဖောက်လုပ်ထားသည်။
ကျောင်း၏ တစ်ဖက်ရပ်ကွက်မှာ ဆူဆူညံညံ ရပ်ကွက်ပင် ဖြစ်၏။ သို့သော် အုတ်ရိုးတွေက မြင့်လွန်းသည်မို့ အဆက်အစပ် လုံးဝမရှိ။ အုတ်နံရံလေးဖက်အတွင်းမှ ကျောင်းမှာ ကျောင်းနှင့်မတူဘဲ ထောင်နှင့် ပိုတူနေ၏။ စိုထိုင်းထိုင်း၊ မှုန်မှိုင်းမှိုင်းနှင့်။

ကျွန်တော် စိတ်ဓာတ်အကျကြီးကျသွားသည်။ ကျွန်တော်တို့ ငယ်ငယ်က နေခဲ့ရသည့် ကျောင်းကို ပြန်လည် မြင်ယောင်လာ၏။ ဂျော့တောင်းမှ ကျွန်တော် နေခဲ့ရသည့် ကျောင်းမှာ အလင်းရောင်များများဝင်ပြီး နွေးနွေး ထွေးထွေးရှိလှသည့် ဧရာမ သစ်သားကျောင်းဆောင်ကြီးဖြစ်သည်။ အရိပ်အာဝါသကောင်းသည့် ပင်မြင့်ပင် စောက် တွေဖြင့် အုပ်ဝေ စိမ်းလန်းလျက်။ ပျော်စရာသူငယ်ချင်းများ၊ သားသမီးများကို ချစ်တတ်သည့် မိဘ များ၏ မေတ္တာအငွေ့အသက်များဖြင့် ငြိမ်းချမ်းအေးမြလှပါ၏။
ခု လန်ဒန်အရှေ့ပိုင်းမှ ကလေးများ၏ ဘ၀နှင့်များစွာ ကွာခြားပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကလို သည် ကလေးတွေ ကျောင်းတော်ဝိဟာကို မြတ်နိုး တွယ်တာကြရစကောင်းမျန် သိကြပါမည်လား။

*
ကလိုင်ခေါက်သံကြောင့် ကျွန်တော့်အတွေး ရပ်သွားသည်။ တဆက်တည်းပင် တ၀ုန်းဝုန်း တဒိုင်းဒိုင်းနှင့် တံခါးဖွင့်သံ၊ ပြေးလွှားသံများဖြင့် အ၀ီစိ ပွက်သလို ဆူညံသွား၏။
မနက်ပိုင်း ခေတ္တ ကျောင်းအားချိန်ပေကိုး။ ဆရာများ အခန်းဆီသို့ ကျွန်တော် ခပ်သွက်သွက် ပြန်တက်လာစဉ် ခပ်မှောင်မှောင် လှေကားတွင် စုပြုံတိုးဝှေ့ ပြေးဆင်းလာကြသည့် မိန်းကလေး တစ်သိုက် နှင့် ရင်ဆိုင်တိုးတော့သည်။ နံရံတစ်ဖက်ကို ကပ်ပြီး မနည်းလွတ်အောင် ရှောင်နေရ၏။ သို့သော် မရ။ ကျွန်တော့် ကို အတင်းတွန်းတိုက်ပြီး အလုအယက် ပြေးဆင်းသွားကြသည်။ တစ်ကောင် တစ်မြီးကမှ ကျွန်တော့် ကို ဂရုမစိုက်ကြပါ။

ကျွန်တော် ဆရာများအခန်း ပြန်ရောက်တော့ မစ္စက်ဒေးလ်အီဗန် လက်ဖက်ရည် ဖျော်နေသည်ကို တွေ့ရ၏။ ကျွန်တော့်ကို မော့ကြည့်ပြီး -
" သြော် ခဏလေးနော်၊ လက်ဖက်ရည် ပြီးပါတော့မယ်၊ ဆရာတွေလည်း ခုပဲ ရောက်လာကြတော့မှာပါ။ ကျွန်မ အားလုံးနဲ့ မိတ်ဆက်ပေးပါ့မယ်"
ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ဘုရားရှိခိုးကျောင်းပျက်ကြီးကို ကျွန်တော် ငေးကြည့်နေသည်။ အပျက်အစီးများ ကြားထဲတွင် ခိုတစ်အုပ် အစာရှာစားနေကြ၏။

အခန်းထဲသို့ ဆရာ ဆရာမတွေ အလျှိုအလျှို ၀င်လာပြီး လက်ဖက်ရည် သောက်ကြသည်။ အတန်းထဲက အတွေ့အကြုံတွေကို ဖလှယ်ကြသည်။ ကျွန်တော့်ကိုမြင်တော့ အသိအမှတ်ပြုသည့်အနေဖြင့် သာမန် နှုတ်ဆက်ကြသည်။ အားလုံးစုံမှ ဆရာမ မစ္စက်ဒေးလ်အီန်ေက ကျွန်တော်နှင့် တစ်ဦးချင်း မိတ်ဆက်ပေး သည်။ ဆရာ ဆရာမ တစ်ဦးစီ၏ ဂုဏ်ပုဒ်ကို ခပ်တိုးတိုး ဖော်ထုတ်ပြီး မိတ်ဆက်ပေးခြင်းဖြစ်၍ ကျွန်တော့်မှာ အားတုံ့အားနာ ဖြစ်ရသေးသည်။

ပထမဆုံး မိတ်ဆက်ရသည့် ဆရာမက မစ္စ ဂျိုစီဒေါစ်။ ဂျိုစီမှာ ဂျိုဇက်ဖင်း၏ အတိုကောက်ဖြစ်သည်။ စကော့ အမျိုးသမီးဖြစ်၍ ကျန်းမာတောင့်တင်းသည်။ မျက်နှာကို ဆေးဆိုးပန်းရိုက် လုပ်မထား။ ဆံပင်ကို တိုတို ညှပ်ထား၏။ ယောက်ျားရှပ်အင်္ကျီကို ၀တ်ထား၏။ ထွားကျိုင်းသည့် ရင်သားများသာ မရှိလျှင် ယောက်ျားဆန်နေမည် မုချ။ နှုတ်ဆက်စကားဆိုသံက လေးနက်ပြီး ရွှင်သည်။

နောက်တစ်ယောက်မှာ မစ္စယူဖီနီးယားဖီးလစ်။ အသက်ငယ်သည်။ စုတ်ချွတ်းချွန်းနှင့်။ မနူးမနပ် ကျောင်းသူ ကလေးတစ်ဦး ၏ ပုံစံမျိုး။ မျက်လုံးများက အားငယ်နေပုံ။ တစ်စုံတစ်ရာကို အားကိုးအားထား ရှာနေပုံ။ ဖွံ့ဖွံ့ ထွားထွား မရှိလျသည့် ခန္ဓာကိုယ်ကို မိးခိုးရောင်ဝတ်စုံဖြင့် ဆင်မြန်းထား၏။ စောစောက ကျွန်တော် တွေ့ခဲ့သည့် ကျောင်းသူတချို့လောက်ပင် ထွားထွားကျိုင်းကျိုင်း မရှိ။
သီအိုဝက်စတန် အလှည့်ရောက်တော့ ဖော်ဖော်ရွေရွေ ပြုံးပြသည်။ သို့သော် ၀ါကြန့်ကြန့် မုတ်ဆိတ်မွေးများ ထဲမှ အပြုံး၏ နောက်ကွယ်အထိ လှမ်းကြည့်ဖို့တော့ မလွယ်လှ။

" ကျွန်တော်တို့ အိမ်ထောင်စုထဲကို မစ္စတာ ဘရိတ်ဝိတ် ၀င်လာတဲ့အတွက် ကျွန်တော်က သိပ်ဝမ်းသာနေတာဗျ၊ ကျွန်တော်တို့ စောစောက ဆုံပြီးပါပြီ၊ ကျွန်တော့်ကို ဆရာဟက်ကမန်းနဲ့ မှားနေလို့ လေ"
ဆရာမတစ်ယောက် ဖြတ်မေးသည်။

" ဒါထက် အဲဒီဆရာက ဘယ်ပျောက်နေတာလဲ"
ဆရာ ၀က်စတန်က ဆက်ရှင်းပြသည်။
" လစ်သွားပြီလေ တစ်ချိုးတည်းပဲ၊ ဖနောင့်နဲ့တင်ပါး တသားတည်း ကျအောင်ကို ပြေးတာ၊ အဘိုးကြီးကို တောင် နှုတ်ဆက်မသွားဘူးထင်တယ်"
" ဘယ်တုန်းကလဲ "

" ဒီမနက်ပဲ တစ်ချိန်အားတာနဲ့ ကျွန်တော် ဒီအခန်းထဲ ရောက်နေတုန်း သူ ၀င်လာတယ်လေ၊ ၀ုန်းဒိုင်းကျဲလို့၊ ကျွန်တော် ဖတ်နေတဲ့ သတင်းစာကို ဆတ်ခနဲ ဆွဲယူတယ်၊ ကုတ်အင်္ကျီကို ချိတ်က လွှားခနဲ ဆွဲချတယ်၊ ပြီးတော့ ဘာမှ မပြောဘဲ လစ်ထွက်သွားတော့တာပဲ၊ ကျွန်တော်တော့ သူ ဒီကျောင်းကို ဘယ်တော့မှ ပြန်လာတော့မယ် မထင်ဘူး "
မစ္စက် ဒေးလ်အီဗန်က ပခုံးတွန့်ပြီး -
" ဒါတွေ မဆန်းပါဘူးလေ၊ ဒီလိုပဲ ထွက်တဲ့လူ ထွက်၊ ၀င်တဲ့လူ ၀င်ပေါ့။ ကဲ ... ကျန်တဲ့ ဆရာတွေကို တွေ့ လိုက်ပါဦး"

ပြောပြောဆိုဆို ကျွန်တော့်လက်ကို ဆွဲပြီး မစ္စက်ဒရူးဆီ ခေါ်သွားသည်။ ဆံပင်တွေ တစ်ခေါင်းလုံး ဖြူဖွေး နေပြီး ဦးခေါင်းမှ ခြေထောက်လေးများထိ နူးညံ့သိမ်မွေ့ပုံရသည်။ ဆရာမကြီး ဆင်ယင်ထုံးဖွဲ့မှုက အထက်တန်း ကျသည်။ ဂျီဘရော်တာ ကျောက်တောင်တမျှ သမနိရှည်သည့် ပုံစံမျိုး။
မစ္စက်ဒေးလ်အီဗန်က ကျွန်တော့်နားနားကပ်ပြီး တိုးတိုးပြောသည်။

" အတော်ဆုံးပဲ၊ လက်ထောက်ကျောင်းအုပ်လေ "
နောက်တစ်ယောက်က မစ္စ ဗီဗီယန်ကလင်တီ။ ပန်းချီနှင့် အကသင်ဆရာမ။ အသက် သုံးဆယ်ခန့်။ ၀ သော်လည်း ကိုယ်လုံးကိုယ်ပေါက်လှသည်။ ခပ်ရိုင်းရိုင်းလှသည့် အလှမျိုး။ တရင်းတနှီး လက်ဆွဲနှုတ်ဆက်၏။ ပြုံးနေသည့် သူ့မျက်လုံးညိုများထဲတွင် ကျွန်တော့်ပုံရိပ်ကို မြင်နေရ၍ တအံ့တသြ ဖြစ်ရသေးသည်။ နှုတ်ဆက်သည့် အသံက ကြည်လင်၏။
" ကလင်တီက ပန်းချီ သိပ်တော်တာ၊ ဒါပေမဲ့ ထမင်းတစ်နပ်အတွက် လခစား ၀င်လုပ်နေရတယ်လေ "

အသံခပ်အုပ်အုပ်ဖြင့် ပြောနေသည့် မစ္စက်ဒေးလ်အီဗန်၏ ဝေဖန်ချက်များကို အခြား ဆရာ ဆရာမတွေ ကြား နိုင်ပါ့မလား မသိပါ။
နောက်ဆုံး မိတ်ဆက်ရသည့် ဆရာမလေးက မစ္စ ဂျီလိယံဘလင်းချဒ်။ အလှနှင့်ပတ်သက်၍ ယောက်ျား တိုင်းတွင် ကိုယ်ပိုင် လောကအမြင်များ ရှိတတ်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကာရီဘီယံကျွန်းတွင် အမျိုးသမီးတစ်ယောက်ကို ကျွန်တော် တွေ့ဖူးခဲ့၏။ အကြင် အမျိုးသမီးကို ကမ္ဘာပေါ် တွင် အလှဆုံးဟု ကျွန်တော် ထင်ခဲ့သည်။

ဂျီလီယံဘလင်းချဒ်မှာလည်း သည်လို အလှမျိုးပိုင်ရှင်ဖြစ်ပါသည်။ အရပ်အမောင်း ကောင်းကောင်း၊ ကိုယ်လုံးသွယ်သွယ်၊ ပျားရည်ရောင်အသားနှင့် ပျော့ပျောင်းနူးညံ့လှသည့် ပိတုန်းရောင်ကေသာက အလှိုင်းလှိုင်းထလျက်။ မိန်းမ ကျက်သရေဖြင့် ပြည့်စုံသည့် ရှင်းသန့်သန့်အလှ မျက်နှာပိုင်ရှင်ဖြစ်ပါ၏။ မျက်လု့းများက ပကတိ အနက်ရောင်။ ဂျူးသွေး သို့မဟုတ် အီတလီသွေး ပါပုံရ၏။ ချစ်စရာလည်း ကောင်းပါ၏။
ဆရာမ ဒေးလ်အီဗန်က ကျွန်တော့် နားနားကပ်ပြီး ပြောပြန်သည်။

" သူက လူသစ်လေ၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ရောက်လာတာ "
အားလုံးနှင့် မိတ်ဆက်နှုတ်ဆက်ခြင်း ပြုပြီးတော့ လက်ဆေးကြွေကန်အနီးမှ ပြတင်းပေါက်နားတွင် ကျွန်တော် သွားရပ်နေလိုက်၏။ စာသင်ခန်းများအကြောင်းကို ဆရာ ဆရာမတွေ ဆက်ပြောနေကြသည်။
အသံ တွေ တိုးသွားလိုက်၊ ကျယ်လာလိုက်နှင့်။ မစ္စ ကလင်တီက မီးလင်းဖိုတွင် မှီကာ အသံကျယ်ကျယ်ဖြင့် နံနက်ပိုင်း ပန်းချီသင်တန်းအကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ခပ်ရွှင်ရွှင် ပြောနေ၏။ ရံခါတွင် ဆစ်ဂမန်ဖရော့ဒ်၏ စိတ်ပညာ သီဝရီများကို ကုးကားလျက်။

မစ္စဒေါစ်နှင့် မစ္စဖီးလစ်တို့က အခန်းထောင့်တွင် ကပ်ထိုင်ပြီး အခြားဆရာ ဆရာမတွေနှင့် မရောချင်သည့် အလား နှစ်ကိုယ်ကြား တွတ်ထိုးလျက်ရှိ၏။ ထိုစဉ် မစ္စက်ဒရူးက ကျွန်တော့်ဆီ လျှောက်လာသည်။ လှပ သွယ်ပျောင်းသည့် လက်ချောင်းကလေးများကြားတွင် စီးကရက်တစ်လိပ်ကို ညှပ်လျက်။
" ဆရာ ဒီကျောင်းမှာ ပျော်ပါလိမ့်မယ်လို့ ဆရာမ မျှော်လင့်ပါတယ်ကွယ် "
ကြင်နာတတ်ပုံရပြီး အားတက်သရော ရှိလှသည့် ဆရာမကြီး၏ မျက်နှာကို ငေးကြည့်ရင်း ဘာမှ ပြန်မပြောဘဲ ကျွန်တော် ပြုံးနေလိုက်သည်။

" ဆရာမတို့ကျောင်းမှာ ယောက်ျားဆရာတွေ သိပ်မမြဲကြဘူးကွယ့်၊ နှစ်လုံးပေါက် လုပ်တဲ့ဆရာ ခပ်ရှားရှား ရယ်၊ ကျောင်းသားကလေးတွေရဲ့ ဒဏ်ကို မခံနိုင်ကြဘူးလေ၊ ကျောင်းသားကြီးတွေက ပိုဆိုးတာပေါ့လေ၊ သူတို့တစ်တွေကို ထိန်းဖို့ ဆရာမတို့ကျောင်းမှာ အမျိုးသားဆရာတွေ သိပ်လိုတယ်ကွယ့်"
ဤတွင် မစ္စကလင်တီ ကျွန်တော်တို့ဆီသို့ လျှောက်လာပြီး -
" ဘာတဲ့ အမျိုးသားဆရာ ဆိုလား ကြားလိုက်လို့" ဟု ပြုံးစိစိနှင့် ပြောကာ လက်ဆေးကြွေကန်ကို တင်တစ်ခြမ်း တင်ပြီး ထိုင်သည်။

" ဆရာမက ဆရာဘရိတ်ဝိတ်ကို ပြောနေတာပါကွယ်၊ ယောက်ျားဆရာတွေ ဆရာမတို့ကျောင်းမှာ သိပ်လိုတဲ့ အကြောင်းလေ၊ ဆရာ ဟက်ကမန်း ထားသွားတဲ့ အတန်းကို ထိန်းဖို့ ဘယ်လောက်ခက်မလဲ"
" ဆရာမရေ ... ခက်တဲ့အကြောင်းတွေ ပြောရရင်တော့ အများကြီးပဲပေါ့။ ကျွန်မကလည်း ဆရာအသစ်ကို ကျွန်မရဲ့ အခက်အခဲတွေကို ပြောရဦးမယ်"
ဆရာမ ကလင်တီ၏ ရယ်သံက ပွင့်လင်းသည်။ ချိုသာသည်။ တရင်းတနှီးရှိသည်။

မစ္စက်ဒရူးက ရယ်ပြီး -
" ကလင်တီကလဲကွယ်၊ ဆရာ့ကို အဲလို မကျီစားပါနဲ့။ သူ့ကို တို့စည်းရုံးရမှာကွယ့်၊ လန့်အောင် မလှန့် ရဘူး လေ"
" အို ဆရာမရယ်၊ စောစောပြောရောပေါ့၊ ဆရာ့ကို ကျွန်မတို့ ကျောင်းမှာ လုပ်ချင်လာအောင် ပြောစရာတွေ ကျွန်မမှာ အများကြီးရှိတာပေါ့ "
အမူအရာကလည်း အားတက်သရောရှိ၏။ နှုတ်ခမ်းကို စု၊ မျက်ခုံးတွန့်ကာ ပြောနေခြင်း။ ခပ်တည်တည်နေဖို့ ကြိုးစားရင်း သူ့ကို ကြည့်ပြီး ကျွန်တော် မပြုံးဘဲ မနေနိုင်တော့ပါ။
မစ္စကလင်တီ မျက်နှာပိုးသတ်ပြီး စကားဆက်သည်။

" ဘယ့်နှယ်လဲ ဆရာ၊ ဒီမှာ လုပ်မယ် မဟုတ်လားဟင် "
" ဟုတ်ကဲ့ ... လုပ်ဖြစ်ပါလိမ့်မယ်ထင်တယ် ဆရာမ "
ကျွန်တော် မတင်မကျ ပြန်ပြောလိုက်ပါသည်။ စင်စစ် ကျွန်တော့်ကို ဂရုတစိုက် ဖိတ်ခေါ်နေခြင်းအတွက် ကျွန်တော် ကျိတ်ပြီး ကျေနပ်နေ၏။ သည်အလုပ်ကို ဘယ်အကြောင်းကြောင့်မှ လက်လွှတ်မခံနိုင်ကြောင်း ကျွန်တော့်ကိုယ် ကျွန်တော် အသိဆုံး မဟုတ်လား။ သို့သော် သည်ဆရာမ တစ်သိုက် ကျွန်တော့်ဘက်က ၀င်ပြီး စိုးရိမ်နေကြသည်။ ထို့ကြောင့် သူတို့ကို ကလိချင်သည်နှင့် ကျွန်တော် မရေမရာ တမင် ဖြေလိုက်ခြင်း ဖြစ်သည်။

ထိုစဉ် အတန်းတက် ခေါင်းလောင်းသံ ပြန်ကြားရသည်။ မစ္စကလင်တီက " ကောင်းပါလေ့ ဆရာရယ် " ဟု ပြောပြောဆိုဆို ကြွေကန်ပေါ်မှ လျှောဆင်းပြီး အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားသည်။ အခြား ဆရာ ဆရာမများလည်း မစ္စကလင်တီ နောက်မှ လိုက်ထွက်သွားကြသည်။ မစ္စ ဘလင်းချဒ် တစ်ယောက်သာ သူ့ ကုလားထိုင်နံဘေး ကြမ်းပြင်ပေါ်မှ လေ့ကျင့်ခန်း စာအုပ်များကို အမှတ်ခြစ်ရင်း ကျန်နေရစ်သည်။

အခန်းထဲတွင် ရုတ်ခြည်း တိတ်ဆိတ် ကျန်ရစ်၏။ ဆရာမ၏ စာရွက်လှန်သံ၊ ခဲတံခြစ်သံမှာ ပို၍ ကျယ်လောင် လာသလို ထင်ရ၏။ အတန်ကြာမှ ကျွန်တော့်ကို ငဲ့ကြည့်ညပီး -
" ထိုင်ပါလား ဆရာရဲ့ "
ကျွန်တော် သူ့နံဘေးမှ ကုလားထိုင်ဆီသို့ လျှောက်သွားပြီး ထိုင်သည်။

" ဒါ ဆရာ ပထမဆုံးရတဲ့အလုပ် ဟုတ်လား "
သူ့အသံက တိုးသော်လည်း ကြည်လင်သည်။ အမှတ်ခြစ်လက်စ လေ့ကျင့်ခန်းစာအုပ်ကို ပိတ်ပြီး နံဘေးမှ စာရွက်ပုံပေါ်တင်သည်။ ကုလားထိုင် နောက်တန်းကိုမှီသည်။ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်သည်။ လက်ချောင်းကလေးများ မသိမသာ ကွေးလျက်။

" ဟုတ်ပါတယ် ဆရာမ။ ဒါထက် ဘာဖြစ်လို့ ကျွန်တော့်အတွက်ဝိုင်းပြီး ဒါလောက် စိတ်ပူနေကြတာပါလိမ့် "
" အဲဒါတော့ ကျွန်မ မဖြေနိုင်ဘူး။ ကျွန်မလည်း ရောက်တာ မကြာသေးဘူးလေ၊ တိတိကျကျ ပြောရရင် သုံးရက်ပဲ ရှိသေးတယ် "
ချိုသာအေးမြသည့် အသံဟု ထပ်မံ အတည်ပြုမိ၏။

" ကျွန်မတုန်းကလည်း အဲဒီလို ပြောကြတာပါပဲ၊ ခုတော့ ဘာကြောင့်ဆိုတာ ကျွန်မ နားလည်စ ပြုပါပြီး ကျောင်းက အခြေအနေ မကောင်းဘူး၊ ကြောက်စရာ ကောင်းလောက်အောင်ကို စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာ ဆရာ"
ကျွန်တော်ကို ပြောပြနေခြင်း မဟုတ်ဘဲ သူ့ခံစားချက်ကို သူ့ဘာသာ သူ ပြောနေသည် ထင်ရ၏။

" ဒီကျောင်းမှာ ပြစ်ဒဏ်ဆိုတာ လုံးဝ မရှိဘူး ဆရာရဲ့၊ ဘယ်လို ပုံသဏ္ဍာန်နဲ့မှ မရှိတာနော်။ ဒီတော့ ကလေးတွေ ကဲတာပေါ့၊ နှုတ်မစောင့်လျှာမစောင့် ဖြစ်လာတာပေါ့၊ ပြောရမယ့် စကားမှန်း မသိ၊ မပြောရမယ့် စကားမှန်း မသိ။ တစ်ခါတစ်ခါများ မကြားဝံ့ မနာသာတွေတောင် ပါတယ်ဆရာ၊ ဆရာမ ကလင်တီနဲ့ ဒေးလ် အီဗန်တို့ နှစ်ယောက်ကတော့ လန်ဒန် အရှေ့ပိုင်းသူတွေ ထင်တယ်၊ တော်ရုံတန်ရုံ မဖြုံဘူး"
" ကလေးတွေ ဒီလောက်ပံ ထိန်းရသိမ်းရ ခက်သလား ဆရာမ "

မလိုအပ်ဘဲ ကျွန်တော် မေးလိုက်ခြင်းဖြစ်သည်။ ဆရာမ စကားဆက်ပြောစေချင်၍ ဖြစ်၏။ ကျောင်းနှင့် ပတ်သက်သည့် သတင်းပလင်းများ ရလိုမှုထက် ဆရာမ၏ အသံသာသာကို နားထောင်ချင်နေ၏။
" မလွယ်ဘူး ဆရာ၊ တစ်ခုတော့ ရှိတာပေါ့လေ၊ ကျွန်မက အတွေ့အကြုံ မရှိသေးလို့ ဖြစ်ချင် ဖြစ်မှာပေါ့၊ ကျွန်မတော့ သူတို့ကို လန့်နေတယ်၊ သူတို့ဟာ ကလေးတွေ မဟုတ်ကြတော့ဘူး၊ လန့်စရာကောင်းလောက် အောင် ထွားကျိုင်းပြီး သိပ် တစ်ဇွတ်ထိုးနိုင်ကြတာ၊ မိန်းကလေးတွေက ပိုဆိုးတယ်၊ ကျွန်မကို သူတို့ကြည့်တဲ့ မျက်လုံးတွေဟာ ဆရာမ တစ်ယောက်ကို ကြည့်တာနဲ့ မတူဘဲ သူတို့လောက် အသိဥာဏ်မရှိတဲ့ ကလေးတစ်ယောက်ကို ကြည့်တဲ့ မျက်လုံးမျိုးတွေလို့ ကျွန်မ ထင်တယ်၊ ကျွန်မ ၀တ်ပုံ စားပုံနဲ့ ကျွန်မရဲ့ ပြင်ပဘ၀ကိုသာ စိတ်ဝင်စားပြီး စာသင်တာကို လုံးဝ စိတ်မ၀င်စားကြဘူးလေ "

ပြောနေရင်း သူ့အသံကလေး မသိမသာ တုန်လာသည်။ ရှည်လျားသော မျက်တောင်များကို မှေးစင်းကာ မျက်လုံးအစုံကို မှိတ်လိုက်သည်။
အခန်းတံခါး ပွင့်လာပြီး မစ္စက်ဒေးလ်အီဗန် ပြန်ဝင်လာသည်။ ကျွန်တော်တို့နှစ်ယောက်ကို ပြုံးကြည့်ပြီး လက်ဖက်ရည် ပန်းကန်တွေကို သိမ်းဆည်း ဆေးကြောနေပြန်သည်။ လုပ်နေကျအလုပ် ထင်ပါရဲ့။ ဆေးကြောနေရင်း ဆရာမ စကား စသည်။

" ကလင်တီ့ အတန်းက မာဖီဆိုတဲ့ ကောင်မလေးကို ရေချိုးပေးရဦးမယ်၊ တခြားကျောင်းသူတွေ ပူညံပူညံ ဖြစ်လာပြန်ပြီလေ၊ သူ့နားမှာ ဘယ်သူမှ မထိုင်ချင်ကြတော့ဘူး၊ တချို့ အမေတွေဟာ အသုံးကို မကျဘူး၊ ပစ်သတ်ဖို့ ကောင်းတယ်။ သနားပါတယ်၊ ကလေးမလေးခမျာ နံစော်နေတာပဲ "
ကျွန်တော်တို့၏ ဝေဖန်ချက်ကို ရယူလိုသည်ထင်သဖြင့် ကျွန်တော်က -
" ကလေးမက ဘာဖြစ်တာလဲ ဆရာမ၊ ဆီး ထိန်းတာလား "

" အို မဟုတ်ပါဘူး ဆရာရယ်၊ အ၀တ်တစ်စုံကို ကိုးရက် ဆယ်ရက် မလဲဘဲ ဆက်ဝတ်တာပါ၊ ဆယ့်လေး နှစ်သမီးရှိပြီ။ တကယ့် ကလေးလေး တစ်ယောက် အတိုင်းပဲလေ၊ ယောက်ျားဆရာ ဖြစ်ရတာ ဆရာတို့ ဘယ်လောက် ကံကောင်းတယ် မှတ်လဲ၊ အဲဒီလို ကျောင်းသူကလေးတွေအတွက် ကျွန်မတို့ ဆရာမတွေ သိပ် ဦးနှောက်ခြောက်ရတာ "
ပန်းကန်တွေ ဆေးကြောပြီး လက်သုတ်ရင်း ကျွန်တော်တို့ရှိရာသို့ လျှောက်လာသည်။

" လာ ... ဆရာ့ကို ကျွန်မပိုင်နက် လိုက်ပြမယ်၊ ကြည့်မယ်မဟုတ်လား "
ဆရာမ မစ္စဘလင်းချဒ်ကို ခွင့်ပန်ပြီး ဆရာမ ဒေးလ်အီဗန် နောက်သို့ ကျွန်တော် လိုက်သွားသည်။
*
အိမ်တွင်းမှု သိပ္ပံခန်းမှာ အပေါ်ဆုံးထပ်တွင် ရှိသည်။ ကျယ်ကျယ်ဝန်းဝန်းနှင့် အထောက်အကူပြုပစ္စည်းတွေ စုံစုံလင်လင်ရှိသည်။ ဆရာမက သူ့အခန်းကို သူ ဂုဏ်ယူနေပုံရ၏။
ဓာတ်ငွေ့ မီးဖိုကို ဖွင့်ပြသည်။ အိုးတွေ ခွက်တွေ တင်သည့် စားပွဲရှည်ကြီးမှာ ပြောင်နေအောင် တိုက်ချွတ်ထား၏။ ခြေနင်း အပ်ချုပ်စက်။ အ၀တ်လျှော်စက်တို့မှာလည်း သူ့နေရာနှင့်သူ။
နံရံတစ်ဖက်တွင် အံဆဲတွေ စီရရီနှင့်။ မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံ ထည့်ထားသည့် အံဆွဲများ။

မီးပူတိုက်ရန်အတွက် မီးပူကြိုးသွယ်ဖို့ ပလပ်ပေါက်တွေလည်း နံရံတွင်စီနေသည်။
အခန်းထောင့် တစ်နေရာတွင် ခုတင်သေးသေးကလေးတစ်ခုကိုလည်း တွေ့ရ၏။ ခုတင်ပေါ်တွင် ကလေး ကျွဲကော်ရုပ်ကလေး တစ်ခု။ ခုတင်ငယ်၏ နံဘေးမှ စားပွဲပေါ်တွင် ကလေးပစ္စည်း အသုံးအဆောင်တွေ။

ကျွန်တော့်ကို လိုက်ပြရင်း နှုတ်မှလည်း တတွတ်တွတ် ရှင်းပြနေ၏။ ကလေး ခုတင်ကလေးကို လက်ညိုး ထိုးပြီး -
" တချို့ ကျောင်းသူတွေကျတော့ အဲဒီကိစ္စတွေ ကျွန်မထက်တောင် နားလည်နေကြတယ် ဆရာ၊ အတွေ့အကြုံ ဘယ်လောက်များနေကြပြီလဲ စဉ်းစားသာ ကြည့်တော့ "
ဆရာမ ကျွန်တော့်ကို ရှင်းလင်းပြောပြနေစဉ်မှာပင် အချက်အပြုတ် သင်တန်းအတွက် ကျောင်းသူ တစ်သိုက် အခန်းထဲ ၀င်လာကြသည်။

အားလုံးလက်ကို စင်စင်ဆေးဖို့ ဆရာမက အမိန့်ပေးလိုက်၏။ လက်ဆေးပြီးတော့ စားပွဲတွင် နေရာယူကြ သည်။ ဆရာမ အချက်အပြုတ် သင်တန်းကို စတင်ပို့ချသည်။
အဆင့်မြင့်မြင့် သင်ကြားနေသော ဆရာမ၏ သင်တန်းကို ကျွန်တော် စောင့်ကြည့်လေ့လာနေသည်။ ကျောင်းသူ များ စိတ်ဝင်စားအောင် ဆရာမ ဒေးလ်အီဗန် သင်နိုင်ပါပေသည်။ အားလုံး သေသေ၀ပ်ဝပ် ရှိကြ၏။ စောစောပိုင်းက ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့ပုံရ၏။

ဆရာမသည် ကျောင်းသူများအပေါ် ဆရာမလိုရော၊ မိခင်လိုပါ အုပ်ချုပ်နိုင်ကြောင်း ကျွန်တော် လေ့လာမိ သည်။ အရေးကြုံလျှင် အတန်းကို ခပ်ပြတ်ပြတ် ထိန်းမည့် ဆရာမဟု အကဲခတ်လိုက်မိသည်။
-----------------------------
ဆက်ရန်
.

1 comment:

စော(အဝါရောင်မြေ) said...

အမရေ ဆက်တိုက် ဖတ်သွားတယ်။ ကျေးဇူးပါ။