Tuesday, May 24, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၆)

 “ဟိုတစ်ခါကတည်း ငါ မှတ်သွားပါပြီကွ”
“အေး… အဲဒီလိုမှပေါ့” ကံညွန့်မောင်က ရယ်လိုက်ပြီး-
“ငါ မှတ်တယ်ဆိုတာက ဟိုတစ်ခါလို မဖြစ်အောင် သတိထားပြီး ရှောင်တာကို ပြောတာ၊ ဆိုင်တစ်ဆိုင် တည်းမှာ စွဲစွဲမြဲမြဲ မထိုင်တော့ဘူး၊ မကြာခဏ ဆိုင်ပြောင်းတယ်၊ အဲ… ဒီနေ့ မင်းကို ခေါ်သွားမယ့်ဆိုင်က တော့ ခြွင်းချက်ပေါ့”

“ဘာ… ငါ့ကို ခေါ်သွားမယ့်ဆိုင်”
“အေး… ဟုတ်တယ်၊ မင်းဆီက ချေးခဲ့တဲ့ ငွေအတွက် အတိုးပေးတဲ့သဘောနဲ့ ဒီနေ့ မင်းကို ငါ ပြုစုမယ်၊ ပြစ ရာလည်း ရှိတယ်”
ပေါ်ဋ္ဌေးသည် ကံညွန့်မောင် ထိုင်လေ့ရှိတဲ့ ဆိုင်မျိုးကို သိပ်သဘောမကျလှ။ ဆူညံလွန်းသည်။ စကား တောင် အေးအေးဆေးဆေး ပြောလို့မရ။ ကောင်မလေးတွေက သီချင်းတွေ ဆိုကြ၊ ကကြ။ ပုရိသ ဆိုတဲ့ လူတွေက ပန်းကုံးတွေ စွပ်ကြ၊ လက်ခုပ်တွေ တီးကြ၊ ကီးမကိုက်တဲ့ သံကြောင်ကြီးတွေနဲ့ သီချင်းလိုက်ဆို ကြ၊ အပန်းမပြေတဲ့အပြင် မျက်စိတောင် နောက်သေးသည်ဟု ထင်ခဲ့သည်။

ဒီနေ့တော့ အိမ်မှာ နေရတာ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေသည်။ တစ်ယောက်တည်း အထီးကျန် နေနေရတာလိုလည်း ငြီးငွေ့နေ သည်။ ထို့ကြောင့် ကံညွန့်မောင်နှင့် လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
အပြန်ကျလျှင် အိမ်ကို တစ်ကွေ့တစ်ပတ်ကြီး ပြန်ပို့ပေးရမှာစိုးသဖြင့် ကံညွန့်မောင်၏ကားနှင့် မလိုက်ဘဲ သူ့ ကားကိုပါ ယူလာခဲ့သည်။

“မင်း ဘီယာ သောက်မှာလား”
“မင်းကော…”
“မိုးအေးတယ်ကွ၊ ၀ီစကီပဲ သောက်မယ်”
“ကောင်းသားပဲ”
ကံညွန့်မောင်က ၀ီစကီတစ်လုံး မှာလိုက်သည်။
“နှစ်ယောက် တစ်လုံးဆိုတော့ မများဘူးလားကွ၊ ငါက သိပ်သောက်နိုင်တာ မဟုတ်ဘူး၊ ဘာလဲ… မင်း လစ်မစ်တွေ တက်နေပြီလား”

“မတက်ပါဘူးကွာ၊ သိပ်မူးအောင် သောက်ရင် ဘယ်အလုပ်ဖြစ်တော့မလဲ ဟဲ ဟဲ… စိတ်မပူပါနဲ့ကွာ၊ မကုန် ရင်လည်း ဆိုင်မှာ ပြန်အပ်ထားခဲ့လို့ ရပါတယ်၊ နောက်တစ်ခေါက်ကျတော့ ဆက်သောက်မှာပေါ့”
ဒီဆိုင်မှာ သူ တော်တော်ပိုင်ပုံရသည်။ စားပွဲထိုးလေးတွေကလည်း သူ့ကို အတော်အရေးပေးသည်။ ယနေ့ ညအတွက် ရနိုင်သော အထူးအစားအသောက်များကိုလည်း ပြောပြ အကြံပေးသည်။
ကံညွန့်မောင်က ကြိုတင် မှာကြားထားပုံရသည်။ သူတို့အတွက် စီစဉ်ပေးထားသော စားပွဲကလည်း အထူး ရှယ်ပင်ဖြစ်လိမ့်မည်။ စတိတ်ခုံနှင့်အနီးဆုံး ညာဘက်ထောင့်မှာဖြစ်သည်။ စားသောက်ခန်းမ တည်နေပုံအရ ထိုနေရာတွင် ထောင့်ချိုးဖြစ်နေသောကြောင့် တခြားဝိုင်းတွေကနေ လှမ်းမမြင်ရ။ သီးသန့်အခန်းကလေး တစ်ခန်းလိုဖြစ်နေ၏။ စတိတ်ခုံပေါ်ကိုတော့ ကောင်းကောင်း မြင်နေရသည်။

ဆိုင်မှာ အပြင်မှာကြည့်လျှင် ဂိုဒေါင်ဟောင်းကြီးတစ်လုံးနှင့် တူသည်။ ဆိုင်းဘုတ်ကလည်း ခပ်သေးသေး ခပ်နုပ်နုပ်ပဲ။ အတွင်းမှာကျတော့ အတော်သားသားနားနား ပြင်ဆင်ထားသည်။ အခင်းအကျင်းကလည်း သန့်ရှင်း သပ်ရပ်သည်။ အစားအသောက်တွေကလည်း ကောင်းသည်။ စားပွဲထိုးကောင်လေးတွေ အကြံပေး ချက်အရ မှာယူခဲ့သော ကင်းပုစွန်ကင်သုပ်ကလည်း အတော်စားလို့ကောင်းသည်။

စင်မြင့်ပေါ်မှာတော့ မိန်းကလေးတွေက တစ်ယောက်ချင်း တစ်လှည့်၊ အုပ်စုလိုက် တစ်လှည့် သီဆိုကခုန် ဖျော်ဖြေနေကြသည်။ ရက်ပ်ဆန်ဆန်အကများကို ပေါ်ဋ္ဌေး စိတ်မ၀င်စားလှ။ စင်မြင့်နှင့်နီးသော စားပွဲမှာ ထိုင်နေခြင်းဖြစ်သောကြောင့် ကောင်းကောင်းမြင်သာသည်။ သူတို့မှာ ရုပ်မြင်သံကြားထဲ၌ တစ်ခါတစ်ရံ မြင် တွေ့ရတတ်သော တာဝန်အရ သီဆိုကခုန်နေသူများလို မျက်နှာသေကလေးတွေနှင့် ဖြစ်သည်ဟု ထင်ရ သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ပေါ်ဋ္ဌေးသည် သိပ်သောက်လေ့ရှိသူ မဟုတ်။ သုံးပက်လောက်ဆိုလျှင် မှန်နေပြီ။ ဒီနေ့ တော့ မိုးကလည်း အေးအေး၊ စိတ်ကလည်း ထွေထွေနဲ့မို့ ကံညွန့်မောင် ငှဲ့ပေးသမျှ မငြင်းဘဲ သောက်နေမိ ၏။ သောက်လို့လည်း ကောင်းသည်။ မှန်တဲ့အဆင့်ကနေ မူးတဲ့အဆင့်ကိုတောင် ကူးစပြုပြီ။

“အခု ဆက်လက်ပြီး အထူးဖျော်ဖြေမယ့်သူကတော့ လူကြီးမင်းများ အထူးမျှော်လင့်နေကြတဲ့ ရှာကီရာပဲ ဖြစ်ပါတယ်”
ကြေညာသံ ပေါ်လာပြီးနောက် လက်ခုပ်သံတွေ ဆူညံသွားသည်။ ကံညွန့်မောက်ကလည်း လက်ခုပ်တီး သည်။ ပေါ်ဋ္ဌေးကတော့ ထူးခြားဟန်မပြ။

စင်ပေါ်က မီးတွေ မှောင်သွားသည်။ တစ်စုံတစ်ယောက် စင်ပေါ်တက်လာပုံကို သူတို့နေရာမှ ခပ်ရေးရေးမြင် ရသည်။ စပေါ့လိုက်တစ်ခု ပွင့်သွားသည်။ စင်ပေါ်မှာ မိန်းကလေးတစ်ယောက် ခါးတစ်ဖက်ထောက်ပြီး ခပ်နွဲ့ နွဲ့ရပ်နေသည်။ ဆေးဆိုးထားသော ဆံပင်ပုံစံ၊ အ၀တ်အစားက အစ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ အဖွင့် သီချင်း အဆိုတော် ရှာကီရာ နှင့် တူတောင် ဆင်ယင်ထားသည်။ ရုပ်ကလည်း ခပ်ဆင်ဆင်။ အဝေးကကြည့် လျှင် တကယ့်ရှာကီယာအစစ်လား ထင်လောက်သည်။

သူက အနည်းငယ် ဦးညွတ်လိုက်ပြီး-
“အခု သမီး သီဆိုဖျော်ဖြေမယ့် သီချင်းကတော့…”
သူ့စကား မဆုံးခင်မှာပင် စင်အောက်ရှိစားပွဲများဆီမှ “၀ါကာ ၀ါကာ”ဆိုသော အော်သံများ ထွက်လာသည်။ သူက လက်ဝှေ့ယမ်းပြလိုက်သောအခါ “ဟေး”ဆိုသော အသံများ ကြားရပြန်သည်။ အင်ထရိုတီးလုံး ၀င် လာသည်။ ထို့နောက် သူ သီချင်းစဆိုသည်။ ပေါ်ဋ္ဌေး မျက်မှောင်ကုတ်သွားပြီး-
“ပလေးဘက်လားကွ”ဟု မေးလိုက်သည်။

ကံညွန့်မောင်က-
“မဟုတ်ဘူး၊ သူကိုယ်တိုင် ဆိုနေတာ”
ဟု ဂုဏ်ယူသော လေသံမျိုးဖြင့် ပြောသည်။
ပေါ်ဋ္ဌေး အံ့သြသွား၏။ မှန်သည်။ တချို့ အသံထွက်တော့ မမှန်တာကလွဲလျှင် ဆိုဟန် ဆိုပေါက်က တော် တော်တူသည်။ သူ ကခုန်နေပုံလည်း ရှာကီရာနှင့် တထေရာတည်းပဲ။ ပေါ်ဋ္ဌေးတောင်မှ စူးစူးစိုက်စိုက် ငေး ကြည့်နေမိ၏။ ကံညွန့်မောင်က ပေါ်ဋ္ဌေး ဖြစ်နေပုံကို ကြည့်ပြီး ဘယ့်နှယ်ရှိစ… ဆိုသော မျက်နှာပေးဖြင့် ပြုံး နေသည်။

ပန်းကုံးတွေ တစ်ကုံးပြီး တစ်ကုံး တက်လာသည်။ သီချင်းဆုံးခါနီးလောက်တွင် ကံညွန့်မောင်က ဖန်ခွက်ကို ၀ါးတူနှင့်ခေါက်ပြီး အသံပေးလိုက်သည်။ အထာသီပြီးသား ဖြစ်ပုံရသော စားပွဲထိုးလေးတစ်ယောက်  ချက် ချင်းရောက်လာသည်။ ကံညွန့်မောင်က တစ်စုံတစ်ခု ခပ်တိုးတိုး ပြောလိုက်သည်။ ကောင်လေးက “ဟုတ်” ဟု နာခံပြီး ခပ်သုတ်သုတ် ထွက်သွားသည်။

ရှာကီရာသည် အလှဆုံး ကိုယ်ဟန်အနေအထားတွင် ရုပ်သေပြကွက်လို တိခနဲရပ်ပြီး သီချင်းကို အဆုံး သတ်လိုက်သည်။ လက်ခုပ်သံတွေ၊ ၀မ်းခေါင်းသံများဖြင့် အော်ဟစ် အားပေးမှုတွေ၊ စောစောက စားပွဲထိုး လေး စင်ပေါ်တက်လာသည်။ ရွှေရောင်၊ ငွေရောင် တလက်လက် တောက်နေသော သရဖူလေးတစ်ခုကို ရှာကီရာ၏ဦးခေါင်းပေါ်မှာ စွပ်ပေးလိုက်သည်။ ပြီးတော့ တစ်စုံတစ်ခုပြောသည်။ ရှာကီရာက နားလည်ဟန် ခေါင်းညိတ်ပြသည်။ ကံညွန့်မောင်နှင့် ပေါ်ဋ္ဌေးတို့ စားပွဲဆီလှမ်းကြည့်ပြီး လက်ပြသည်။

ကံညွန့်မောင်က ကျမ်းကျိန်တဲ့အခါ လုပ်သလို တံတောင်ဆစ်ကို ခပ်ကွေးကွေးထားပြီး လက်ဝါး ထောင်ပြသည်။ ပေါ်ဋ္ဌေးက ဖန်ခွက်ထဲမှ လက်ကျန်ဝီစကီကို တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။ လည်ချောင်း ထဲမှာ ပူခနဲ လောင်မြိုက်သွား၏။ အရက်ချည်းသက်သက်။ ဆိုဒါမှ မရောရသေးဘဲ။

“ရှာကီရာ ဆိုတာ သူ့နာမည်ရင်း မဟုတ်ဘူး၊ ၀ါကာ ၀ါကာသီချင်း အဆိုကောင်းလို့ ဒီနာမည်တွင်သွား တာ၊ အေးလေ… အရင်သိထားတဲ့ နာမည်ကလည်း နာမည်ရင်း မဟုတ်နိုင်ပါဘူး၊ ထားပါတော့၊ ဘယ်လိုလဲကွ၊ လန်းတယ် မဟုတ်လား”
ကံညွန့်မောင်က မေးသည်။ ပေါ်ဋ္ဌေးက ဘာမှပြန်မပြော။
စောစောက “နိ”သောက်မိလို့ ရင်ပူသွားတာ သက်သာအောင် ရေခဲတုံးလေးတစ်တုံးကိုသာ ယူပြီး ငုံထား လိုက်သည်။

ထိုစဉ်တွင် သူတို့စားပွဲရှိရာနှင့် စတိတ်ခုံဘေးဘက်တို့ကို ကန့်ထားသော တံခါးလေး ပွင့်သွားပြီး ရှာကီရာ ၀င်ရောက်လာသည်။ ကံညွန့်မောင် ရှေ့မှာ စင်ပေါ်ကအတိုင်း ခါးကို ခပ်စောင်းစောင်း နွဲ့၍ရပ်ရင်း-
“ကရောင်းအတွက် ကျေးဇူးပဲနော်”

ဟု ပြောသည်။ ကံညွန့်မောင်က-
“ကိုယ့်သူငယ်ချင်းအတွက် ရည်ရွယ်ပြီး ဂုဏ်ပြုတာလေ”
ဟု ပေါ်ဋ္ဌေးကို ရည်ရွယ်၍ပြောသည်။ ရှာကီရာက ပေါ်ဋ္ဌေးဘက် တစ်ချက်စောင်းငဲ့ကြည့်ပြီး နှုတ်ဆက်ပြုံး ပြုံးပြသည်။ ဒီနေ့ ဘယ်သူ “မင်းသား”လဲ ဆိုတာကိုလည်း သိသွားပုံရသည်။
“ထိုင်လေ…”

ကံညွန့်မောင်က ခွင့်ပြုလိုက်သည်။ ရှာကီရာက ကံညွန့်မောင်ကို ကျော်ဖြတ်ပြီး ပေါ်ဋ္ဌေးဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်။ ကံညွန့်မောင်က ပေါ်ဋ္ဌေးကို ညွှန်ပြပြီး-
“ဒါ ကိုယ့်အချစ်ဆုံး သူငယ်ချင်းပဲ၊ နာမည်က ပေါ်…”
ပေါ်ဋ္ဌေးက နာမည်မပြောစေလိုသော အမူအရာဖြစ်သွားသည်။ ထို့ကြောင့်-
“အဲ အဲ… ဦးပေါ်လို့ပဲခေါ်ပေါ့”ဟု ကံညွန့်မောင်က ပြောလိုက်၏။ ရှာကီရာက ခစ်ခနဲတစ်ချက် ရယ်လိုက်ပြီး-
“နာမည်က စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ ဥပေါ်ဆိုတော့…”

ပေါ်ဋ္ဌေးက မျက်နှာတည်တည်နှင့် ဖျတ်ခနဲ စိုက်ကြည့်လိုက်သည်။ ရှာကီရာက အကင်းပါးသည်။ ဒီကိစ္စမျိုး မှာ အတွေ့အကြုံမရှိသူမှန်း ရိပ်မိသွားသည်။
“ဆောရီး.. ကန်တော့နော်”
ဆိုပြီး လက်အုပ်ကလေး ချီလိုက်၏။ အလိုက်တော့ သိတတ်သားပဲဟု ပေါ်ဋ္ဌေး မှတ်ချက်ပေးလိုက်၏။ တစ် ပြိုင်နက်တည်းမှာ သူ့လက်ကလေးတွေ သွယ်သွယ်လျလျ ရှိတာကိုလည်း သတိပြုဖြစ်အောင် ပြုမိလိုက် သေးသည်။

စားပွဲထိုးလေး ရောက်လာပြီး ရှာကီရာ၏ရှေ့မှာ စပိုင်ဝိုင်ပုလင်းလေး လာချပေးသည်။ ရှာကီရာက ပုလင်း ကိုဖွင့်ပြီး ငှဲ့သည်။ ဖန်ခွက်ကို မြှောက်၍ “ချီးယားစ်”ဟု ပြောပြီး တစ်ငုံ ငုံလိုက်သည်။ နှုတ်ခမ်းကို လျှာနှင့် သပ်သည်။ သူ့နှုတ်ခမ်းသည် လက်ခနဲ စိုသွား၏။
ရှာကီရာသည် အသက်နှစ်ဆယ်ကျော်ကျော်လောက်ရှိမည်။ အသားက မဆိုစလောက်ကလေး ညိုသည်။ အရပ်အမောင်း ကောင်းသည်။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သည်။ နှာတံ၊ မေးရိုး၊ မျက်လုံးတို့ကို ကြည့်ရ တာ ကပြားသွေး ပါမယ့်ပုံပဲ။

သိပ်ချောလွန်း လှလွန်းတာတော့ မဟုတ်။ သို့ရာတွင် ဆွဲဆောင်မှုရှိသည်။ အထူးသဖြင့် ခပ်လျားလျားရှိသော နှုတ်ခမ်းက ပြုံးလိုက်လျှင် အတော်ကြည့်ကောင်းသည်။
ပေါ်ဋ္ဌေးက စကားနည်းပြီး နှုတ်ဆိတ်နေသည်။ ကံညွန့်မောင်နှင့် ရှာကီရာတို့ကသာ လေပေးဖြောင့်နေ သည်။ သူတို့ပြောသော စကားတွေကလည်း အနှောင့်အသွား မလွတ်။ အဓိပ္ပါယ်နှစ်ခွတွေ၊ အနက်ရင်းတွေ၊ အနက်ပွားတွေ၊ အစွန်းထွက်တွေ။

တချို့ စကားလုံးတွေက ပေါ်ဋ္ဌေးကို ရည်ရွယ်ပြီး လှမ်းချိတ်တာမျိုးတွေ ဖြစ်၏။ ထိုအခါမျိုးတွင် ရှာကီရာက ပေါ်ဋ္ဌေးကို မျက်လုံးထောင့်ကပ်ကြည့်ရင်း ဆွဲငင်အားကောင်းသော အပြုံးကို ပြုသည်။ တစ်ခါတစ်ခါ သူက မျက်လုံးထောင့်ကပ်ကြည့်စဉ် ပေါ်ဋ္ဌေးကလည်း ထောင့်ကပ်ကြည့်မိ ရာမှ ထောင့်ချင်းဆုံတတ်သည်။ ပေါ်ဋ္ဌေးမှာ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားရ၏။ အာခေါင်တွေလည်း ခြောက်လာ သည်။
ထို့ကြောင့် ၀ီစကီပုလင်းကို လှမ်းကိုင်လိုက်သည်။

“သမီး ငှဲ့ပေးပါ့မယ်”
ရှာကီရာကလည်း ပုလင်းကို လှမ်းကိုင်သည်။ ထိုအခါ ပေါ်ဋ္ဌေး၏လက်ကို အပေါ်က အုပ်ကိုင်မိသွား၏။ သူ့ လက်များသည် နုနုညံ့ညံ့၊ နွေးနွေးထွေးထွေး ရှိလှသည်။ ပေါ်ဋ္ဌေးရဲ့လက်တွေကတော့ အရက်ပြန်နဲ့ လောင်းချလိုက်သလို စိမ့်ခနဲဖြစ်သွား၏။ သွေးကြောတွေကတော့ ဆူဒါနီး ရေနွေးလို တစီစီမြည်လာသလား အောက်မေ့ရသည်။

ပေါ်ဋ္ဌေးက လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်သည်။ ရှာကီရာက မျက်လုံးထောင့်ကပ်၍ တစ်ချက်ကြည့် ရင်း ပြုံးသည်။ ပြီးတော့ ပေါ်ဋ္ဌေး၏ဖန်ခွက်ထဲသို့ ၀ီစကီ တစ်ပကတ်စာခန့် ငှဲ့ထည့်ပေးသည်။ ရေခဲ ခပ်လတ် လတ် တစ်တုံး ထည့်သည်။ ဆိုဒါ ထပ်ဖြည့်ပေးရင်း…
“ရေမရောရင် အသေစောတယ်တယ်လို့ အန်ကယ်ကြီးတစ်ယောက် ပြောတာ ကြားဖူးတယ်၊ ဆိုဒါ မရောရင် တော့…”
“ဆိုဒါ မရောရင်တော့ ကိုသာဗျောတို့ အကြိုက်ပေါ့ကွယ်… ဟဲ ဟဲ”

ကံညွှန့်မေင်က ၀င်ပြောပြီး-
“ကဲ… မျက်နှာမလိုက်နဲ့လေ၊ ကိုယ့်ကိုလည်း ထည့်ပေးဦး
ရှေ့က ဖန်ခွက်လွတ်ကို ညွှန်ပြသည်။ ရှာကီရာက-”
“ဟင်း… သူက မနာလို ဖြစ်နေပြန်ပြီ”

ဟု အတိုင်အဖောက်ညီညီ ပြောရင်း ကံညွန့်မောင်ကို မသိမသာ မျက်စိမှိတ်ပြသည်။ ထို့နောက် ၀ီစကီ ပုလင်းကို ယူသည်။ ပေါ်ဋ္ဌေးရှေ့မှကျော်ပြီး ကိုယ်ကို ကိုင်းညွတ်ရင်း ကံညွန့်မောင် ဖန်ခွက်ထဲသို့ ငှဲ့ပေးနေ သည်။ သူ့လက်မောင်းသည် ပေါ်ဋ္ဌေး၏ရင်ဘတ်ကို စပါးကြီးမြွေတစ်ကောင်လို လျှောခနဲပွတ်တိုက် ဖြတ် ကျော်သွားသည်။ ချက်ချင်း ငှဲ့မပေးသေးဘဲ ကံညွှန့်မောင်နှင့် စကားပြောနေသေးသည်။ ငှဲ့ပေးပြန်တော့ လည်း…

“ဟင်… နည်းနည်းလေး၊ ကိုယ့်ကို စေတနာတွေ မေတ္တာတွေ လျော့နေပြီပေါ့လေ၊ ဘာလဲ၊ ကဏန်းအရှင်ကို မြင်လို့၊ ပုစွန်ကင်ကို ပစ်ချင်တဲ့သဘောလား”
“ဒါပေါ့၊ အင်း… ကဏန်းပျော့ကြီး ဖြစ်မနေပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ”

ဟု အဓိပ္ပါယ် အစွန်းထွက်သော စကားများကို ကံညွန့်မောင်နှင့် အချီအချ ပြောရင်း အချိန်ဆွဲနေပြန်သည်။ ရယ်လိုက်သောအခါ ရှာကီရာ၏လက်မောင်းများသည် ပေါ်ဋ္ဌေး၏ပခုံးစွန်းပေါ်ကို အိအိကျလာသည်။ သူ့ မျက်နှာကို ဘေးတိုက်အနေအထားအတိုင်း မြင်ရသည်။ သူ့နားရွက်မှာ ဆင်ထားသော ဖန်စီနားဆွဲမှ တွဲ လောင်းကျနေသော ခရစ်စတယ်ချောင်းကလေးများကို တစ်ခုချင်း ရေတွက်လို့ရနိုင်လောက်တဲ့ အကွာ အဝေးအထိ နီးကပ်နေပြီ။

ပေါ်ဋ္ဌေး အသက်ရှူမြန်လာသည်။ ရင်ခုန်နှုန်း မြင့်လာသည်။ အကယ်ဆိုလျှင် သူ့လက်တွေက တစ်စုံတစ်ခု ကို ကိုင်တွယ်ဆော့ကစားနိုင်လောက်အောင် အားလပ်နေပြီ။ သို့ရာတွင် ငါ့မှာလည်း လက်နဲ့ ခြေနဲ့ပါလား ဆိုတာ သူ မေ့လျော့နေမိ၏။

ရှာကီရာက ခေါင်းလျှော်ရည် ကြေငြာထဲက မော်ဒယ်သရုပ်ဆောင်လို ခေါင်းကို ခါယမ်းလိုက်သည်။ သူ့ဆံပင်တွေက လေဝှေ့ခံရသော ပိုးပ၀ါတစ်စလို ဝေ့၀ဲလွင့်ပျံသွား၏။ ဆံပင်ဖျား တစ်ထွေးက ပေါ်ဋ္ဌေး၏ပါး ပြင်ကို ပွတ်ဆွဲသွားသည်။ စောစောက ခုန်ပေါက် ကခုန်ခဲ့သောကြောင့် ခေါင်းချွေးထွက်နေဟန်တူသည်။ အနံ့တစ်ခုကို ရှူရှိုက်မိလိုက်၏။ ခေါင်းမလျှော်တာကြာသော မိန်းမတွေရဲ့ဆံပင်က ထွက်ပေါ်လာတတ် သော စိမ်းရွှေရွှေ အောက်သိုးသိုးအနံ့။

ထိုအခိုက်တွင် ရင်ရင်ငြိမ်း ပြောခဲ့သော စကားတစ်ခွန်းကို ဖျတ်ခနဲ သတိရလိုက်၏။
“အလှအပဆိုတာ အရေပြားတစ်ထောက်စာပဲ ရှိတာပါ”
ရှာကီရာက သူ့ဘက်ကို လှည့်ကြည့်လိုက်သည်။ ခပ်လျားလျားရှိသော နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။ လက်ခနဲ စိုသွား၏။

“အပေါ်ယံ အရေခွံကို တစ်လွှာချင်း ခွာကြည့်လိုက်စမ်း၊ အရွတ်တွေ၊ အသားတွေ၊ အကြောတွေကို မြင်ရ လိမ့်မယ်၊ ဆက်ပြီး ခွာကြည့်လိုက်၊ အရိုးစုတွေ ပြီးတော့ အူတွေ အသည်းတွေ ကလီစာတွေ…”
သူတို့နှစ်ယောက်၏မျက်နှာများသည် ထွက်သက် လေတစ်ကမ်းစာလောက်သာ ကွာဝေးတော့သည်။ နှစ် ယောက်စလုံး ရှေ့ကို နည်းနည်းစီတိုးလိုက်လျှင်…။ ရှာကီရာက စပြီး ရွှေ့လာသည်။ နှုတ်ခမ်းသည် ကမာ ကောင်ရဲရဲလေး လို ခပ်ဟဟ…။ အတွင်းက ပုလဲလုံးလေးတွေကိုတောင် ထင်ရှားစွာ မြင်ရ…။

“အရွတ်စု ရုပ်တစ္ဆေကို၊ မဟုတ်လေ ကိုယ်ထဲ၊ အပုပ်ရေ စိုရွဲလို့၊ ယိုမစဲသူငါ၊ သွေးသည်းခြေ ပြည်သလိပ် တွေက၊ အီမဆိပ် လွှမ်းပြန်တော့တာ။ သို့ကလောက် ရွံ့စရာကို…”
ပေါ်ဋ္ဌေးက ဆတ်ခနဲ ထရပ်လိုက်သည်။ ရှာကီရာ လန့်သွား၏။ ကံညွန့်မောင်က အံ့သြသလို လှမ်းကြည့် လိုက်သည်။ ပေါ်ဋ္ဌေး ရင်ထဲက ပျို့တက်လာသည်။

ဆက်ရန်
.

3 comments:

Anonymous said...

I'm the 1st for Minlu 16.Thanks Sa Sa.Any news from Shwezin?
Gyidaw

Anonymous said...

ကျေးဇူးဗျာ...ဒီကနေပဲ စောင့်ဖတ်နေရတာ ။

Anonymous said...

Thanks Sis.

Ray