Saturday, May 14, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၆)

အခန်း(၁၈)
အယ်လီ

နောက်နှစ်နှစ်လုံးလုံး အိုဝင်ကာဆယ်သည် နယူးယောက်နှင့် အယ်လီ့ဘ၀ထဲကို ၀င်လိုက် ထွက်လိုက် လုပ် နေသည်။ ချစ်သူက နှောင်ဖွဲ့ရစ်ပတ်မှုကို မကြိုက်မှန်းသိ၍ အယ်လီက သူ စိတ်အနှောင့်အယှက် မဖြစ် အောင် နေသည်။ အဖြည့်ခ့သက်သက် ဘ၀မျိုးကို ကြည်ကြည်ဖြူဖြူ ခံယူသည်။
အိုဝင်၏ အိပ်ခန်းထဲတွင် ခရီးဆောင် ပစ္စည်းအချို့ ပါသည့် အိတ်တစ်လုံး အမြဲထားထား၏။ တိုက်က လွှတ်လျှင် ချက်ချင်း ခရီးကောက်ထွက်သွားတတ်သည်။ ထို့ကြောင့် အတည်တကျ ဖြစ်ဖို့ အိုဝင့်ဆီမှ မမျှော်လင့် အပ်ကြောင်း အယ်လီ အလိုလို သိနေ၏။

"အိုဝင်လို လူစားက မိန်းမတွေ ရာနဲ့ချီ ရှိမှာပါဟယ်၊ သူ ကြိုက်ရာကို ခေါင်းခေါက်ရွေးနိုင်မှာ" ဟု အီသယ့်ကို အယ်လီ ရင်ဖွင့်ပြန်၏။ အီသယ်က စားသောက်ဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်း စားပွဲထိုး လုပ်ရင်း ပန်းပု ကျောင်း ဆက်တက်နေ၏။ အီသယ်သည် ဘီနင်တန်တက္ကသိုလ်ကျောင်းသူဘ၀ ကတည်းက ယောက်ျား ယူပြီး ဖြစ်သည်။ ကွဲပြီး ဖြစ်သည်။ လောလောဆယ်တွင် ပြင်သစ် တစ်ယောက်နှင့် အတူ နေနေသည်။ တစ်ပြိုင်တည်း တွင် ရွှံ့တွေ ဆောက်တွေ ၀ယ်ရသည့် ပန်းပု ပစ္စည်းဆိုင်မှ တစ်ယောက်နှင့်ရော၊ ဘဏ်စာရေး တစ်ယောက်နှင့်ပါ ကြုံသလို တွဲလိုက်သေး၏။
"အိုဝင့်မှာ ရာနဲ့ချီ ရှိရင် နင်က ထောင်နဲ့ချီ ရှိအောင် လုပ်ပေါ့ဟ" ဟု အီသယ်က သြ၀ါဒပေးသည်။

"နင့် ဘာမှ မပြောင်းလဲဘူးနော် အယ်လီ၊ ကျောင်းတုန်းက အတိုင်းပဲ" ဟု အစ်မလုပ်သူ  မာဂရက် က မှတ်ချက် ချသည်။ မာဂရက်က ဥပဒေတန်း တက်တုန်းက အတန်းသား လီးဖရီးမောင့်နှင့် လက်ထပ်လိုက်ပြီး ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားနေရပြီ။ အလုပ်လုပ်နေသည့် ဥပဒေလုပ်ငန်း ပိုင်ရှင်ကို ကိုယ်ဝန် ရှိကြောင်း မပြောဘဲ ထား၏။ ကိုယ်ဝန်ရှိသူ ၀န်ထမ်းများကို ဖြုတ်ပစ်တတ် သည်ဟု သတင်း ဖြစ်နေ သောကြောင့် ဖြစ်၏။ မာဂရက်က ဆုံးမစကား ဆိုသည်။

"လူပွေတွေနဲ့ချည်း နင်တွဲတွဲနေတုန်းပဲ၊ ဘယ်တော့မှ နင် နားလည်လာမှာလဲ အယ်လီ"
"အိုဝင်က သူများတွေနဲ့ မတူပါဘူးဟာ" ဟု အယူခံဝင်သည်။
"ဘာ သူများနဲ့ မတူဘူး၊ ဟုတ်လား၊ လိုက်လည်း လိုက်တယ်၊ နင်တို့နှစ်ယောက်လုံး ဟိုဟာရူးတွေ"

အယ်လီက အခြားယောက်ျားတွေနဲ့ တွဲတိုင်း အိုဝင်နှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်။ ဂျက်ကလင်း ကနေဒီ၏ ပါရီခရီးကို သတင်းယူရန် အိုဝင် လိုက်သွးစဉ်စာရင်းကိုင်တစ်ယောက်နှင့် ခဏ တွဲနေ ကြောင်း အယ်လီက အီသယ့်ကို ပြန်ပြောပြသည်။

"ကွာ တစ်ချိန်လုံး အရှုံးအမြတ် စာရင်းအကြောင်းတွေ၊ လက်ကျန် ရှင်းတမ်းတွေ၊ အခွန်ကိစ္စတွေ ချည်း လျှောက် ပြောနေတာပဲ၊ စိတ်ကို ညစ်ရော၊ ကိုယ် တစ်ခုမှ နားမလည်ဘူး"
မာဂရက် လုပ်သည့် ဥပဒေ အကျိုးဆောင်အဖွဲ့မှ တစ်ယောက်နှင့် ချိတ်မိပြန်သည်။ သူ့အကြောင်း ကိုလည်း အီသယ့် ကို အိတ်သွန် ဖာမောက် ပြောပြသည်။
"ကိုယ့်ကို အဖေနဲ့ ခဏ ခဏ လိုက်သွားဖူးတဲ့ စားသောက်ဆိုင်အိုကြီးကို ခေါ်သွားတယ် သိလား၊ အိုဝင်နဲ့ ဆိုရင် အဲဒီလို ပျင်းစရာကောင်းတဲ့ ဆိုင်မျိုး ဘယ်တော့မှ မသွားဘူး"
တစ်တိုက်တည်းသား အနုပညာ ရေးရာဌာနမှူးအကြောင်းကိုတော့ အမေ့အား ပြောပြမိ၏။

"သူက အရပ်ငါးပေပဲ ရှိတယ် မေမေ၊ သမီးထက် ခေါင်းတစ်လုံးလုံး နိမ့်နေတယ်။ စာပေလောက ဧည့်ခံပွဲ တစ်ခုကို သူနဲ့အတူ တိုက်က လွှတ်တယ်လေ၊ သူက နောက်တစ်ခါအတူတွဲပြီး ထွက်ချင်ပါ သေးတယ်တဲ့"

ဘယ်သကောင့်သားမှ အိုဝင်ကာဆယ်ကို မမှီကြပါ။ ဟာသရွှင်ရာတွင်ရော၊ စွဲမက်စရာ ကောင်းပုံ ခြင်းပါ မတူနိုင်ကြပါ။ အိုဝင်၏ အသံကိုက ယစ်မူး မိန်းမောဖွယ် ကောင်းလှသည်။
အထက်တန်းလွှာ နာမည်ကြီးတို့၏ အတွင်းရေးသတင်းများကိုလည်း အိုဝင့်လောက် ဘယ်သူမှ မသိ။ နိုင်ငံကျော် များနှင့် အိုဝင်လောက် ဘယ်သူမှ မရင်းနှီး။ သူတို့ ကြိုက်သည့် ရုပ်ရှင်ကားများ သည် ကလေးကြိုက် များသာ ဖြစ်ပြီး အိုဝင် ရွှေးသည် ကားများလို အနှစ်သာရ မရှိ။

အိုဝင် ပြောသလို ဘယ်သူမှ မပြောတတ်၊ အိုဝင် ရယ်သလို ဘယ်သူမှ မရယ်တတ်၊ အိုဝင် လမ်းလျှောက် သလို ဘယ်သူမှ မလျှောက်တတ်၊ အိုဝင် ချစ်သလို ဘယ်သူမှ မချစ်တတ်။
"အိုဝင် ကို မှီဖို့ကတော့ ဝေးစွခြောက်ပါး" ဟု အီသယ့်ကို ပြောတတ်၏။
"ဘာပဲဖြစ်ဖြစ် ငါ သူ့ကို မျှော်လင့်နေမှာပဲ" ဟုလည်း ဆိုသေးသည်။

အစ်မလုပ်သူ မာဂရက်ကိုကျတော့
"နင် ပြောတာ ဟုတ်ပါတယ်၊ ငါ ၀န်ခံပါတယ်၊  အိုဝင်နဲ့ ငါ နှစ်ယောက်စလုံး အချစ်ကိစ္စမှာ ဥမ္မတ္တက တွေ၊ အခွင့်အရေး ရသခိုက်လေးမှာ ငါတို့ ရူးကြမယ်လေ၊ အဲဒါ ဘ၀ပဲ၊ ငါ ကျေနပ်တယ်" ဟု အပွင့်လင်းဆုံး ပြောလေသည်။

ခရီးသွားဟန်လွဲ၊ အတွဲများထားသော်လည်း ရင်ထဲ အိုဝင်ကိုသာ တမ်းတနေ၏။ သူ ပေါ်မလာ သည့် အချိန် များတွင် ဘယ်များ ရောက်နေပါလိမ့်။ ဘာတွေ လုပ်နေပါလိမ့်ဟု သိချင်နေ၏။
တဖြည်းဖြည်း အနည်ထိုင်လာတော့ အလေးအနက် တွေးလာသည်။ မိမိကို သူ ဘယ်လိုများ သဘောထားနေပါလိမ့်ဟု သိချင်ာလသည်။
သူ့အကြောင်း ကို ချေးခါးအူမ မကျန် လေ့လာသည်။ သူပြောဖူးသမျှ စကားလုံးတွေကို ခွဲခြမ်း စိတ်ဖြာ ကြည့်သည်။ သူ့ ကော်ဖီစားပွဲပေါ်မှ မဂ္ဂဇင်းများ၊ သူ့စာအုပ်စင်မှ စာအုပ်များအကြောင်း ပြန်စဉ်းစားသည်။ သုတေသီ တစ်ဦးကဲ့သို့ အသေးစိပ် လေ့လာသည်။

သူ စိတ်အနေကို ပုံဖော်ကြည့်ဖို့ ကြိုးစားသည်။ သူ့မျက်နှာ အမူအရာကို ပြန်တွေးကြည့်၏။ သူ၏ အဇ္ဈတ္တကို ရှာဖွေ၏။ သတင်း မဂ္ဂဇင်းမှ သူ့ဆောင်းပါးတွေကို လုံးစေ့ပတ်စေ့ ဖတ်ပြီး သူ့စရိုက်ကို လေ့လာ၏။ သူက "လေးသည်တော်" ရုပ်နှင့် "မိဂသီ" ဇာတာရှင်လေ။
"ငါ ရှက်ရမှန်းလည်း မသိတော့ဘူးဟာ" ဟု အီသယ့်ကို ထုတ်ပြောသည်။
"ငါ ချစ်စိတ် မွှန်လာပြီဆိုရင်။ ငါ့ ဦးနှောက်က အလုပ်မလုပ်တော့ဘူး" ဟု မာဂရက်က ရင်ဖွင့်သည်။

ရံခါတွင် အိုဝင်လိုလူမှာ အခြားမိန်းကလေးတစ်ယောက် ရှိနေမည်။ မိမိအတွက်  မျှော်လင့်စရာ မရှိဟု အတွေး ၀င်၏။ တစ်ခါတစ်ရံတွင်တော့ သူ အလုပ်တွေ ပိနေလို့ ခရီးတွေ ဆက်တိုက်  ထွက်နေတာ ဖြစ်မှာ ပါဟု အကောင်းမြင်ဝါဒဖြင့် ဖြေ၏။

သူ ရေးသည့် သတင်းတွေကို ခြေရာခံပြီး ဘယ်ရောက်နေသည်ကို အယ်လီ မှန်းဆရသည်။   စီးပွားရေး အပုပ်နံ့ သတင်းတစ်ပုဒ်အတွက် ဘော်ဘီဘေကာ အကြောင်းရေးဖို့ သူ ၀ါရှင်တန် ရောက်သည့်အခါ ရောက် နေသည်။ စိတ်ငြိမ်ဆေး အစားများသည့်အတွက် ကိုယ်ဝန် ထိခိုက်  အကြောင်း ရေးဖို့ ကာယကံရှင်ရှိရာ အာရီဇိုးနား ထိ သွားသည်။ သူ၏စံ၊ သူ၏ ဆရာတစ်ဆူ ဖြစ်သည့် ဟဲမင်းဝေး အသုဘသတင်း ယူရင်း နောက်ဆုံး ဂါရ၀ပြုဖို့ ကက်ချွမ်အထိ ခရီးဆန့်သည်။

အိုဝင် ပြောဖူးသည့်   စကားလုံးများကို အာရုံပြုပြီး အယ်လီ စိတ်ဖြေရသည်။ ရှေ့တက်လမ်းရယ် ရင်ထဲက  ၀တ္ထုရှည်ကြီးကို  ရေးချဖို့ရယ်ကလွဲပြီး  လောလောဆယ် ဘာမှ  ဦးစား မပေးနိုင်သေး ဘူးတဲ့လေ။ အချစ်ကိစ္စ ကို ရှေ့တန်း မတင်နိုင်သေးဘူးတဲ့။ ဟုတ်မှာပေါ့နော်၊ ဘယ်အချိန် ပေးနိုင် ပါ့မလဲ။
"အဲဒါကြောင့် ဘယ်သူနဲ့မှ မငြိတွယ်အောင် ကိုယ်သတိထားနေရတယ်လေ၊ ဒါမှ ကိုယ့်ဘက်က တရားမျှတ ရာ ရောက်မှာပေါ့" ဟု အမြဲ မတွေ့နိုင်သည့်အကြောင်း ရှင်းပြရင်း ပြောလာတော့ သူ့ ရိုးသားမှုကို အယ်လီ ပိုလို့ လေးစားရပြန်ပါသည်။

"အယ်လီ့ကို သူငယ်ချင်းတစ်ယောက် အနေနဲ့ အမြဲ အသိအမှတ်ပြုမယ် မဟုတ်လား ဟင်" ဟု ၁၉၆၃ခုနှစ် ဇူလိုင်လ ထဲတွင် အယ်လီ မေးမိသည်။
သူက အချော့အမြူမပျက် "သူငယ်ချင်းထက်တော့ ပိုပါတယ်ကွာ"ဟု ပြန်ပြောသည်။
"အများကြီး ပိုတာလားဟင်"
"အင်း အင်းပါ"

မပီမသ လှိုင်းထနေသည့်အသံဖြင့် သူဖြေသည်။ သည်တော့ အယ်လီအား တက်လာသည်။
"အယ်လီလေ မောင့်အကြောင်းချည်း အမြဲတမ်း စဉ်းစားနေမိတယ်၊ ဖုန်းလာတိုင်း မောင့်ဆီက ချည်း အောက်မေ့ နေမိတယ်။ တစ်ယောက်တည်းဆိုတော့ ဘ၀ဟာ တစ်ခြမ်းပဲ့  နေသလိုပဲ  မောင်ရယ်"
"ဟာ ဒုက္ခပါပဲကွာ၊   အဲဒီလောက်တို့ စိတ်ကူးယဉ်လို့  မဖြစ်ဘူးလေ အယ်လီ"

" အယ်လီ စိတ်ကူးယဉ်တာ မဟုတ်ဘူး၊ တကယ်ပြောနေတာ၊ မောင်ဟာ အယ်လီ့အတွက် ဘုရားတစ်ဆူ  ဖြစ်နေပြီ၊ သိပ်ချစ်တယ်၊  အယ်လီ ဘာပဲလုပ်ရလုပ်ရပါ။ ဘယ်လိုပဲ  နေရနေရပါ ။ ဟိုးတုန်းကတည်းက ချစ်ခဲ့ ရတာပါ။ နောက်လည်း တစ်သက်လုံး ချစ်သွားမှာပါကွယ်"
အယ်လီ့ စကားဆုံးတော့ သူ့အနမ်းတွေ တုံ့ကနဲ ရပ်သွားသည်။ သူ့လက်တွေ ရောက်ရာ အရပ်တွင် ငြိမ်သက် သွားသည်။

"ဒီမယ် အယ်လီ၊ တို့တစ်တွေ သူငယ်ချင်းတွေလို နေကြမယ်၊ သူငယ်ချင်းတွေထက်  လေးနက်ပါ တယ်လေ၊ ဒါပေမယ့်   ချစ်တဲ့အကြောင်း ကိုယ်တစ်ခွန်းမှ မပြောသေးဘူးနော်"
"ဟုတ်ပါတယ်၊ တစ်နေ့မှာ မောင် အယ်လီ့ကို ချစ်လာမှာပါ၊ အရေးကြီးတာက"
"သွားစမ်းပါကွာ တော်တော့"

အိပ်ရာပေါ်တွင် သူ ထထိုင်သည်။ စီးကရက် မီးညှိသည်။ သူ့ မီးခြစ်ခြစ်သံသည် အယ်လီ့နားထဲ တွင် မိုးချုံးသံ လို ပဲ့တင်ထပ် ညံသွာသည်။ ကြောက်ကြောက်နှင့် အယ်လီ အသာကလေး ငြိမ်နေ လုက်၏။
"မင်း နားလည်လိမ့်မယ်လို့ ကိုယ်ထင်နေတာ၊ ကိုယ် ဘယ်သူနဲ့မှ မပတ်သက်ချင်သေးဘူးလို့ ပြောထားတယ် မဟုတ်လား အယ်လီ၊ လက်စသတ်တော့ မင်းလည်း တခြား မိန်းမတွေနဲ့ ဘာမှ မ ထူးပါပဲလား"
တခြား မိန်းမတွေ ဆိုသည်မှာ သူ့ပထမနှင့် ဒုတိယ အိမ်ထောင်များဟု အယ်လီ နားလည်ထား သည်။ ထိုမိန်းမ နှစ်ယောက် တို့သည် အိုဝင့်ကို ပိုင်စိုးပိုင်နင်း လုပ်ကြ၏။ ချုပ်ချယ် ကြ၏။ ကျားပိန် တွယ် တွယ်ကြ ၏ သည်အမှာမျိုး မကျူးလွန်မိအောင်  သတိထားရမည်။

"အယ်လီ က သူတို့နဲ့ မတူပါဘူးကွယ်၊ အယ်လီက မောင့်ကို လေးစားတယ်၊ နားလည်တယ်လေ"
အိုဝင် က အိပ်ရာပေါ်မှ ဆင်းပြီး အ၀တ်အစားတွေ ၀တ်နေချိန်ထိ အယ်လီက တောင်းပန်တိုးလျှိုး သံဖြင့် ပြောသည်။ အယ်လီ အ၀တ်ပြန်ဝတ်ပြီးချိန်တွင် အိုဝင်က စာရေးစားပွဲတွင် ထိုင်နေပြီ။  ဘာတစ်ခွန်းမှ ထပ် မပြောတော့ဘဲ နှုတ်ဆက်စကားကလေးမျှ မဆိုတော့ဘဲ အသာကလေး ထွက်လာခဲ့၏။ သူ အလုပ် လုပ်နေ လျှင် ဘယ်သူ နှောင်ယှက်တာကိုမှ မကြိုက်တတ်ဘူး မဟုတ်လား။
တွေ့ကြသည့် အခါတိုင်း ရင်ခုန်ပေါက်ကွဲသည့် အချစ်ပွဲများ ဆင်နွှဲဖြစ်သည်ချည်း။ သို့သော် သူ့အခန်းမှ ပြန် လာရတိုင်း နောက်တွေ့မှ တွေ့ရပါတော့မလားဟု သံသယဖြင့် ရင်ဟာရစမြဲ။
သည်တစ်ခါ အပြန်တွင် ခါတိုင်းထက် ပိုခံစားရလေသည်။

ထင်သည့်အတိုင်းပင် တစ်ပတ်လုံးလုံး သူ့ဆီက ဘာသတင်းမှ မရ။ နောက်ထပ်တစ်ပတ်ကုန်သွား သည်။ သူ ဖုန်း ဆက်မလာ၊ တတိယပတ်ခန့်သို့ ရောက်သည့်တိုင်လည်း သူ မဆက်သွယ်။
"နင် ဘာလုပ်မလဲ၊ တွေ့ရင် သူ့ကို ချိန်းပါတော့လို့ ပြောမလို့လား" ဟု အီသယ်က မေးသည်။ အယ်လီသည် ချစ်သူ ဆီမှ ဖုန်းလာလျှင် လွဲနေမည်စိုးသဖြင့် အခန်းမှ ဝေးဝေး မထွက်သည်မှာ တစ်လကျော်ခဲ့ပြီ။

"ငါ ဘယ်လို ခံစားနေရတယ်ဆိုတာ သူ့ကို ဖွင့်ပြောခဲ့တယ် အီသယ်"
"နင့်ဟာက ဘာအဓိပ္ပာယ်လဲ အယ်လီ"
"ငါ သူ့ကို ချစ်နေပြီလို့ ပြောလိုက်တယ်လေ"
"ဘာ သူ မပြောခင် နင်က ပြောတယ် ဟုတ်လား"
အီသယ် က မယံကြည်စွာ ပြန်မေးသည်။

"ဟုတ်တယ်၊ ငါ မြှိုသိပ်မထားနိုင်တော့ဘူး။ သူ သိစေချင်ပြီလေ"
အီသယ် စိတ်ပျက်လက်ပျက် ခေါင်းခါသည်။ ယောက်ျားနှင့် ပတ်သက်လာလျှင် အယ်လီ တစ်ယောက် ဘာမှ မမြင် နိုင်ပါလား။ ဒါလောက်တုံးလိမ့်မည်ဟု အီသယ် လုံးဝ မထင်ခဲ့။

မာဂရက် တုံ့ပြန်မှုကလည်း အလားတူပင်။
"ဟဲ့ ချစ်ပါတယ်တယ်ဆိုတာ ယောက်ျားလုပ်တဲ့ လူက စပြောရတာမျိုးဟဲ့၊ နင် ဒါလောက်မှ မသိဘူး လား၊ ခုလိုတော့လည်း နင် သူ့ဆီ မဆက်ဘဲ နေနိုင်သားပဲ၊ မဆိုးပါဘူး"
"ဒါပေမယ့် ခံစားရတာက သေတော့မယ်"
"အင်း အိုဝင်လို လူမျိုးဆီက သတင်းကောင်းရဖို့ မရှိပါဘူး၊ အထူးသဖြင့် နင့်လို ပုံစံမျိုးအတွက် ပိုဆိုး သေးတယ်" ဟု မာဂရက်က မှတ်ချက်ချသည်။

သြဂုတ်လလယ်လောက် ရောက်သည်အထိ အိုဝင့်ဆီက ဘာသတင်းမှ မကြားရ၊ မထင်ဘဲနှင့် အဆက် အသွယ် လုပ်လာသူက ဗင့်စ် မက္ကလောက်၊ ဆံပင်နီနီ၊ မျက်နှာနီနီနှင့် သတင်းစာ ဆရာ လူထွက် ကနေဒီ အောင်နိုင် ရေး မဲဆွယ်ပွဲတုန်းက တွဲလုပ်ခဲ့ဖူးသူ"။
"ကိုယ့်လက်ထောက် မိန်းကလေး ဆန်ဖရန်စစ္စကို ပြောင်းသွားတယ်"
သူ့အသံကို ကြားရသည်နှင့် တယ်လီဖုန်းထဲတွင် ဆေးလိပ်နံ့ နံလာသည် ထင်ရ၏။
"မင်း အိမ်ဖြူတော်မှာ ကိုယ်နဲ့ တွဲလုပ်ဖို့ စိတ်မ၀င်စားဘူးလား အယ်လီ၊ ကိုယ့်ရုံးခန်းကတော့ လေးထောင့် ပုံစံ ပါပဲ၊ ဒါပေမယ့် ဘဲဥပုံ ရုံးခန်းကြီးနဲ့ နီးနီးလေးရယ်"

ဆက်ရန်
.

No comments: