အခန်း(၂၂)
လင်ကီ
လင်ကီ
လင်ကီ နှင့် ပီတာတို့၏ အိမ်ထောင်ရေး သက်တမ်း နှစ်နှစ်ထဲ ရောက်လာသည်။ လင်ကီက နေ့တိုင်း နေ့တိုင်းကို ပျားရည်ဆမ်း ခရီးကာလမျိုးဖြစ်အောင် ကြိုးစားသည်။ ပီတာကို အစစအရာရာ ဦးစား ပေးသည်။ အိမ်ဦးနတ်သည် မိမိ၏ချစ်သူ၊ မိမိ၏ လင်ယောက်ျားဖြစ်သည့်အပြင် အဖနှင့်လည်း တူကြောင်း၊ အမေဆိုလည်း ဟုတ်ကြောင်း၊ အရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်ကြောင်း ထုတ်ပြော သည်။ ချစ်သူနှင့် ခွဲနေရလျှင် သေလိမ့်မည် ထင်ကြောင်းလည်း ပြောမိ၏။
"အမျိုးသမီး" မှ ထွက်လာပြီး စာပေပေါင်းကူးကို ရောက်ကတည်းက ပေါ်ပေါ်လာတတ်သည့် အသေးအဖွဲ ပဋိပက္ခ ကလေးများကိုလည်း လင်ကီ လွယ်လွယ်ကလေး ကျော်ဖြတ် ဖြေရှင်း၏။
ပီတာက "ကိုယ် ပြန်ရောက်တာ တစ်နာရီကျော်ပြီ၊ မင်း နေ့တိုင်း အချိန်ပို လုပ်ဖို့ လိုလို့လားကွာ" ဟု ည ခုနှစ်နာရီ ဆယ့်ငါးမှ ပြန်ရောက်လာသည့် ဇနီးသည်ကို မေးသည်။
"အို မောင်ကလည်း မောင့်ကို ညစာ ကျွေးဖို့ အမြဲတမ်း မီသားပဲ"
"အမြဲတမ်းတော့ မဟုတ်ပါဘူးကွာ"
"အင်း ဟုတ်သားပဲ၊ တစ်ခါတစ်လေပါ မောင်ရယ်"
ပီတာက သူတို့ လင်မယားနှစ်ယောက် အမြွာမောင်နှမနှင့် တူကြောင်း ပြောတတ်၏။ လင်ကီက ပီတာကို သူ့ကိုယ်ပွားဖြစ်ကြောင်း ပြောတတ်၏။ လင်ကီက သူတို့အိမ်ထောင်ကို စံပြအိမ်ထောင်စု ကလေး ဖြစ်စေရမည်၊ ချမ်းမြေ့ရိပ်မြုံကလေး ဖြစ်စေရမည်ဟု ဆုံးဖြတ်ထား၏။
သို့အတွက်လည်း ကိုယ့်ကိုယ် ဂုဏ်ယူချင်၏။ ပီတာလည်း မိမိနှင့် အလားတူဖြစ်ကြောင်း သိနေ၏။ ဒက်စမွန် နှင့် ဒက်စမွန်စတော့ လုပ်ငန်းကြီးတွင် ပီတာ ထင်တိုင်း မပေါက်သည့် ကိစ္စကို လင်ကီ မသိကျိုးကျွန် ပြုထားသည်။ သို့သော် စိတ်ထဲကတော့ သိပ် မကျေနပ်ပေ။ ဦးလေး လုပ်သူ အန်ကယ် ဟယ်ရီက ကုမ္ပဏီ၏ အစုဝင်ဖြစ်အောင် လုပ်ပေးမည်ဟု ကတိပေးထားပြီး ခုတော့ မသိသလို လုပ်နေသည်။ ၁၉၆၃ခုနှစ်တွင် ပီတာ့ ကို ပေးရမည့် အစုဝင်နေရာကို ပီတာ့သူငယ်ချင်း ဘိုစကင်နာကို ပေးပစ်လိုက်သည်။ သည်အကြောင်း ပီတာ ပြန်ပြောတော့ ကုမ္ပဏီ ခေါင်းစဉ် စာတမ်းနာမည်များတွင် ခုထိ ပါဝင်ခွင့် မရသေး သည့် လင်တော်မောင်ကို ကြည့်ပြီး မေးသည်။
"မောင် ဒေါသ မပါဘူးလား၊ မနာလို မဖြစ်ဘူးလား"
"ဘာလို့ မနာလို ဖြစ်ရမှာလဲ၊ ကိုယ်က သူ့လောက်မှ မလုပ်နိုင်တာပဲ"
"ဒီ နှင့် ဒီ" ကို မကျေနပ်၍ တွက်ပြီး တစ်စင်ထောင်သော သူငယ်ချင်းက ပီတာ့ကို ခေါ်သည်။ ပီတာမသွား။ အီရစ်လေတန် စတော့ ရောင်းဝယ်ရေးမှလည်း အစုစပ် လုပ်ဖို့ခေါ်သည်။
"ခု အတိုင်းပဲ ကောင်းပါတယ်ကွာ၊ ငါ မင်းဆီ လာရင် အန်ကယ်ဟယ်ရီ ငါ့ကို သတ်မှာ၊ အဖေလည်း လေဖြတ်မှာ" ဟု အကြောင်းပြပြီး သူငယ်ချင်း အီရစ်ကိုလည်း ငြင်းသည်။
"အီရစ်တို့အဖွဲ့က အရမ်း အောင်မြင်နေတာပဲ၊ အဲဒါ အခွင့်ကောင်း မောင်ရဲ့" ဟု လင်ကီ အကြံပြု သည်။
"ဟုတ်တယ်၊ ဒါပေမယ့် အီရစ်က အလုပ်တွေ ပိပြီး ဦးနှောက်ထဲမှာ အကြိတ် ဖြစ်နေတာ၊ ဒါကြောင့် ကိုယ် သူ့ဆီသွားဖို့ စိတ်မကူးတာ၊ သူ့လို အဖြစ်မခံနိုင်ဘူးလေ"
"မောင်ရယ်၊ အလုပ်ကြိုးစားတဲ့ လူတိုင်း အဲဒီရောဂါ မဖြစ်ပါဘူး" ဟု ဟန့်ကို သတိရပြီး လင်ကီ ပြောလိုက်သည်။ ဟန့်က "အဲဒီ ရောဂါမျိုး ဟန့်ဂရင်နီ ဘယ်တော့မှ မဖြစ်ဘူး၊ သူများတွေ ဖြစ်အောင်သာ ဟန့်ဂရင်နီက လုပ်ပေးနေတာ" ဟု ဟန့်က ပြောတတ်သည် ဆို၏။
"မသိပါဘူး၊ မောင်က မောင့်ကို ဦးလေးဆီက ထွက်ပြေးချင်နေတယ် အောက်မေ့လို့"
"ထွက်ပြေးချင်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် မဖြစ်ဘူး"
လင်တော်မောင် ဝေခွဲမရ ဖြစ်နေပုံကို ကြည့်ပြီ လင်ကီ သနားနေသည်။ အန်ကယ် ဟယ်ရီကို တိုက်ပွဲ ဆင်စေချင်သည်။ ခေါင်းစီး နာမည် စာရင်းဝင် အစုဝင် အဖြစ် တောင်းဆို စေချင်သည်။ ဒက်စမွန်နှင့် ဒက်စမွန်တွင် ထိပ်တန်းက ပါဝင်စေချင်သည်။ သို့သော် သည်ကိစ္စကို လုံးဝ တွန်းအား မပေးဘဲ လင်ကီ ရေငုံ နေလိုက်သည်။ သူ့သဘာသူဆောင်သွားမှာပါလေ ဆိုပြီး ၀က်မစွက်ဘဲနေ သည်။ သူ စိတ်အနှောင့်အယှက် ဖြစ်မှာ လည်း စိုးသည်လေ။
လင်ကီသည် ပေါ်လီယာနာ မဟုတ်ပါ။ အမေနှင့် အဖေကြားတွင် ပြဿနာရှိမည်သာ ဖြစ်၏။ အမေ ရှိလျှင် သည် ကိစ္စမျိုး ဘယ်လိုဖြေရှင်းရမည်ကို ဆွေးနွေးဖြစ်မည် မုချ။ ခုတော့ မေးစရာ အမေ မရှိ။ ဤသို့ဖြင့် သည်ကိစ္စ ကို လုံးဝ မေ့ထားလိုက်ပြီး လင်မယားနှစ်ယောက် ပျော်ပျော်နေလိုက်ကြ၏။ "တစ်နှစ်ထက် တစ်နှစ် တိုးတက်လာပါတယ် "ဦး" ဟု အမွေထိန်း ရှေ့နေကြီး အယ်လ်ဗင်ဟေးကို ပီတာ အကြောင်း မုသား စွက်ပြီး လင်ကီ ပြောရသည်။
အိမ်ထောင်ရေးတွင် ဖုံးဖိလို့ မရသည့် သဘော ကွဲလွဲချက်မှာ ပီတာက သူအလုပ်တွင် သူသဘော ထားသလို လင်ကီ့ကိုလည်း စာပေပေါင်းကူးအပေါ် သဘောထားစေလိုခြင်း ဖြစ်၏။
ကော်ရယ်လ်ဝင်စတိန်းက "မေ့အလှ" စာအုပ်ကို ဟန့်ဂရင်နီဆီ ပေးသည့် အချိန်မှာ စက်တင်ဘာလ ပထမပတ် ဖြစ်သည်။
"ဒီစာအုပ်က မင်းပေးတဲ့ စိတ်ကူးပဲ၊ အိမ်မှာ ယူပြီး တည်းဖြတ်ပါလား" ဟု ဟန့်က အကြံပေးသည်။ ပထမဆုံး လင်ကီအား သီးခြား တာဝန်ပေးခြင်း ဖြစ်၏။ လင်ကီသ်ည ရော့ဖ်၏ လက်ထောက်အဖြစ် ယခုထိ တာဝန် ယူနေရဆဲ ဖြစ်သည်။ လင်ကီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာဖြင့် ၀မ်းပန်းတသာ လက်ခံလိုက်သည်။
ဟန့်က လင်ကီ့ကို စာမူပေးပြီးသည်နှင့်
"တနင်္လာနေ့ အပြီးလိုချင်တယ်။ အားလုံး အသင့်ဖြစ်တာနဲ့ တက်ဒ်စပင်း ဒေါနဲ့ နေ့ချင်းပြီး စကားပြောမယ်" ဟု ပြောသည်။
ဒီစနေ၊ တနင်္ဂနွေ "ဖီလာဒဲလ်ဖီးယားမှာ ဗိသုကာ ပုံစံ ပြပွဲ ရှိတယ်။ တို့ သွားကြည့်ကြရမှာအောင် လား၊ ကားနဲ့ သွားမယ်လေ၊ လမ်းမှာ ညစာစာပြီး စနေနေ့ ပြပွဲ ကြည့်တာပေါ့"
စာမူ ယူလာသည့် သောကြာနေ့ညတွင် ပီတာက လင်ကီကို ပြောနေခြင်း ဖြစ်၏။
"မဖြစ်ဘူးမောင်၊ မမကော်ရယ် စာမူ တနင်္လာနေ့ အပြီး ပေးရမှာ၊ အသေအလဲ လုပ်မှာ မောင်ရေ"
"သွားစမ်းပါကွာ၊ မင်းကို ဟန့်ဂရင်နီ ပေးထားတဲ့ လခက တနင်္လာနေ့က သောကြာနေ့ထိပါ၊ စနေ၊ တနင်္ဂနွေ မပါပါဘူး"
"အဲဒီလို ပြောမယ်ဆိုရင် သူ ဒေါ်လာတစ်ရာ ပေးစရာလည်း မလိုဘူးလေ"
"ဒါဆိုရင် မင်း မလိုက်ဘူးပေါ့"
"ဘယ်လိုလုပ် လိုက်မလဲ မောင်ရယ်"
"ဒါဆိုလည်း တစ်ယောက်တည်း သွားရုံပဲပေါ့"
"နောက် အပတ် ရွှေ့လိုက်ပေါ့ကွယ်၊ လင်ကီက အပတ်တိုင်း မအားတာမှ မဟုတ်ဘဲ"
"ဒါပေမယ့် ပြပွဲက ဒီတစ်ပတ်တည်းရယ်လေ"
နောက်တစ်နေ့ မနက်တွင် ညအိပ်ခရီးဆောင် အိတ်ကို လွယ်ပြီး ပီတာ ရုံးသွားဖို့ ပြင်သည်။
"မသွားခင် အိမ်ပြန်လာဦးမှာလားဟင်"
ဟု လင်ကီ လှမ်းမေးသည်။
"ဟင့်အင်း၊ နေ့လယ်စာ စားချိန် ဆင်းပြီး ရုံးက တစ်ခါတည်း လစ်တော့မယ်"
ပီတာသည် ရုံးမှ စောစောပြန်ဖို့ အကြောင်းတစ်ခုခု အမြဲ ရှာတတ်သည်။
"ဒါပေမယ့် စတော့ ဈေးက သုံးနာရီမှ ပိတ်တာ မဟုတ်လား"
"စတော့ဈေးက ကိုယ်မရှိလဲ ဖြစ်နေတာပဲ၊ ဒီအင်ဒီလည်း အတူတူပဲလေ"
"ဒါဖြင့်လဲ နမ်းသွားပါဦး မောင်ရယ်"
ပီတာ့အပေါ် ချစ်စိတ်၊ သနားစိတ်တို့၏ အောက်ပိုင်းလွှာတွင် စိတ်ပျက်ခြင်း၊ အားမလိုအားမရခြင်း ဖြစ်ခြင်းများ စုဝေး ဆောက်တည်စ ပြုလာသည်။ လင်ကီက ပီတာ့အပေါ် အမြင်များ မှန်နေပြီလား ဟူသည့် သံသယမျိုး ၀င်လာသောအခါ ချစ်သူအပေါ် သစ္စာသွေဖည်မိလေပြီဟု လင်ကီ စိတ်မကောင်း ဖြစ်ရပြန်သည်။
"စိတ်ပျက် လက်လျှော့ဖို့ အရွယ်မဟုတ်သေးဘူးလေ၊ အသက် ငယ်ငယ်ကလေး ရှိသေးတာပဲ" ဟု ပီတာ့ အတွက် အားမလိုအားမရ ဖြစ်ပြီး လင်ကီ ကော်ရယ်ဝင်စတိန်ကို ရင်ဖွင့်သည်။
"လင်ကီကိုသာ အန်ကယ် ဟယ်ရီက အဲဒီလို လုပ်ရင် တခြား အလုပ်ထွက်လုပ်တာ ကြာပြီ" ဟုလည်း မချင့်မရဲ ပြောမိ၏။
"မင်းက ပီတာ မဟုတ်ဘူး၊ ချာလီလင့်ကလည်း အန်ကယ် ဟယ်ရီ မဟုတ်ဘူး၊ ပြီးတော့ "အမျိုးသမီး" ကလည်း မိသားစု လုပ်ငန်း မဟုတ်ဘူးလေ" ဟု မမကော်ရယ်က ရှင်းပြသည်။
"မမ ပြောတာ မှန်တယ်၊ လင်ကီ သူ့အပေါ်မှာ အားမရ ဖြစ်ပြီး တင်းလွန်းနေတယ် ထင်တယ်"
ပြောလို့သာ ပြောရသည်။ အန်ကယ် ဟယ်ရီကိုတော့ ပီတာ ရင်ဆိုင်သင့်ပြီဟု ထင်နေ၏။ အစုစပ် လုပ်ငန်း အကောင်အထည် ဖော်ရန် ဗြောင်ဖွင့်ပြောဖို့ ကောင်းပြီး။ ခုတော့ ပီတာက တိုက်ပွဲ မဆင်ဘဲ အလုပ်ထဲတွင် အဆင်မပြေသည်ကို အကြောင်းပြပြီး တစ်လစ်တည်း လစ်နေသည်။ အလုပ်ကို ဥပေက္ခာ ပြုလာသည်။
ပီတာနှင့် ဟန့်ကို နှိုင်းယှဉ်မကြည့်ချင်ပါ။ ဟန့်က အလိုက်မသိတတ်။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသည့် လူစားမျိုး။ အားမာန်တွေ ရည်ရွယ်ချက်တွေ သူ့တွင် အပြည့်၊ ဗုံးတစ်လုံးလို ပေါက်ကွဲတတ်သူ၊ အချိန်ပြည့် အသက်ဝင် လှုပ်ရှားနေသူ၊ ပီတာ့တွင် သည်လို အားမာန်မျိုးတွေ ရှိစေချင်သည်။ သူ့ထက် သာစေ့ချင်သည်။
"ဟန့်သာဆိုရ်င အန်ကယ်ဟယ်ရီ လုပ်နေပုံနဲ့ ထိပ်တိုက် တိုးမှာပဲ၊ ကုမ္ပဏီ ခေါင်းစီးမှာ နာမည် ထည့်မလား၊ မထည့်ဘူးလား ဗြောင်မေးမှာ၊ မထည့်နိုင်ဘူးဆိုတာနဲ့ တခြားကို ခုန်ကူးမှာ သေချာတယ်၊ ဒါမှမဟုတ် ကိုယ်ပိုင် ကုမ္ပဏီထောင်မှာပဲ"
တစ်နေ့တွင် ဇာတ်မျှောကြီး ဖြစ်နေသည့် အစုစပ်လုပ်ငန်းကိစ္စနှင့် ပတ်သက်ပြီး လင်ကီက ပီတာ့ကို ပြောမိသည်။
"ဘာ၊ မင်းက ကိုယ့်ကို ဟန့်ဂရန်နီ ပုံစံနဲ့ လှုပ်ရှားစေချင်တယ်၊ ဟုတ်လား၊ မင်း ရူးနေပြီလား လင်ကီ" ဟု ပီတာက နားမလည်နိုင်စွာဖြင့် တုံ့ပြန်လေသည်။
ပီတာ၏ မတက်ကြွမှုကို လင်ကီ စိတ်ပျက်နေသလို ပီတာကလည်း ကလေးယူဖို့ ကိစ္စ ပြောတိုင်း ပယ်ချနေသည့် လင်ကီ့ကို မကျေမနပ် ဖြစ်နေ၏။
"ဖြည်းဖြည်းပေါ့၊ လင်ကီ အလုပ်တွေ ဖိလုပ်ချင်သေးတယ်"
"မင်းပဲ အိမ်ထောင်ကို အိမ်ထောင်နဲ့ တူအောင် နေချင်လှချည်ရဲ့ဆို"
"ဟုတ်ပါတယ်၊ နေချင်ပါတယ်၊ တစ်သက်လုံး ကလေးမယူဘူး ပြောတာမှ မဟုတ်ဘဲ၊ နောက်မှလို့ ပြောတာပဲဟာ"
ဆက်ရန်
.
No comments:
Post a Comment