ခင်မောင်အေးသည် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်သည်၊ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးသောအခါ သူ ချစ်သော ညာမေတင်ကို ရှာဖွေရာမှာ အားအင်ပြည့်ဝမှဖြစ်မည်ကို စဉ်းစားလိုက်မိသောကြောင့် အိပ်ပျော်အောင် ကျိုးစားအိပ်လိုက်သည်။
အိပ်ယာက နိုးသောအခါ နောက်တနေ့ မိုးလင်းနေလေပြီ၊ ခင်မောင်အေး သစ်ပင်ပေါ်က ဆင်းပြီး တောင်ကျ စမ်းချောင်းလေးထဲမှာ ရေချိုးနေသည် ထိုနောက် စားကောင်းသည့် သစ်သီး သစ်ရွက်ကို ရှာဖွေ စားနေရင်း သူ့စိတ်သည် သူနှင့်ညာမေတင်တို့ နေထိုင်ခဲ့သည့် ဂူရှိရာသို့ ပြန်ရောက်သွားပြန်သည်။
'ငါဒီနေရာကို ရောက်နေခိုင်မှာ မခင်မေ ဟိုအကောင်တွေဆီက ထွက်ပြေးလာပြီး ငါတို့နေခဲ့တဲ့ ဂူကိုများ ပြန်ရောက်နေလား၊ ငါ့ကိုမတွေ့ရင် သူလိုက်ရှာနေမှဖြင့် တယောက်တခြားစီ ကွဲနေအုံးမယ်၊ ဂူကိုပြန်ပြီး ကြည့်လိုက်အုံးမယ်'
'မခင်မေပြန်ရောက်နေပါစေ'
ဟူသောဆန္ဒကို ပြင်းပြစွာ ပြုရင်း လျှင်မြန်စွာ ပြန်လာခဲ့ရာ ကျောက်ကမ္ဘားယံ အောက်ခြေက စမ်းချောင်းကို ရောက်လာသည်။
'ရေဆင်းခပ်ရင်း ငါ့ကိုစောင့်နေလား'
ဟူသောအတွေးဖြင့် မျှော်လင့်ချက်ကြီးစွာ စမ်းချောင်းကို ကြည့်လိုက်သည်၊ ညာမေတင်ကို မတွေ့။
'ဂူထဲမှာ မောမောနဲ့ ထိုင်စောင့်နေလေမလား'
ဤအတွေးဖြင့် ကျောက်ကမ္ဘားယံကို လျှင်မြန်စွာ တွယ်တက်လိုက်သည်။
'မခင်မေရေ...ငါပြန်လာပြီဟေ့ မခင်မေရေ...'
ခင်မောင်အေးသည် တကြော်ကြော်ဟစ်ရင်း ဂူရှိရာသို့ ပြေးလာခဲ့သည်၊ သို့သော် ခင်မောင်အေး၏ မျှော်လင့်ချက် ကား ပြိုကွဲရှာလေသည်၊ ခင်မောင်အေးသည် ကျောက်ဂူထဲမှာ သူ နှင့် ညာမေတင်တို့ နှစ်ရှည်လ များ အတူနေထိုင်အိပ်စက်ခဲ့သည့် ကျောက်ပြားကြီးပေါ်မှာ အရုပ်ကြိုးပြတ်သလို ပုံရက်သား ပြစ်လှဲ လိုက်လေသည်။
ကြေကွဲဘွယ်ရာ ဆိတ်ငြိမ် ချောက်သွေ့နေသော ဂူသည် ခင်မောင်အေး၏= အဆွေးကိုပိုပြီး ကြီးမား စေတော့သည်။ ဂူအတွင်းတနေရာက ညာမေတင် ထွက်ပေါ်လာနိုး၊ ညာမေတင် အလွန် နှစ်သက်မြတ်နိုး ခဲ့သည့် ပန်းပင်ကြီးအောက်မှာ ညာမေတင်ကို တွေ့နိုးနိုး၊ ကျောက်ကမ္ဘားယံထိပ်နေရာလေးကို မျှော်ကြည့်ခါ ညာမေတင် တက်လာနိုးနိုးဖြင့် ခင်မောင်အေးသည် တယောက်ထဲ အရူးလိုဖြစ်နေသည်။
ညံညံစီစီအော်မြည် ဟစ်ကြွေးလိုက်သော ကျေးငှက်လေးတွေ၏ အသံကို ကြားလိုက်ရလျှင်...
'ခင်မောင်အေး ရေ...'
ဟု ညာမေတင် ခေါ်လိုက်သည့် အသံထင်သည်၊ ခင်မောင်အေးသည် ဂူပြင်ဘက်သို့ အပြေးအလွှား ထွက် ကြည့်သည်။
သို့သော် ညာမေတင် ၏ အရိပ်အရောင်နှင့် တူသည်ကိုမှ မမြင်မတွေ့ရချေ။
'မခင်မေရေ...မခင်မေ'
ခင်မောင်အေးသည် အသံကုန်ဟစ်အော်မိသည်။ ထိုနောက် ဆောက်တည်ရာ မရအောင်ပင် ညာမေတင်ကို လွမ်းဆွတ်လှသဖြင့် သီးထန်စွာ ငိုကြွေးလိုက်ပြန်သည်။
'အတောင်ငယ်ယှဉ်နွဲ ရွှေလည်ဆွဲလို့၊
ဝမ်းဘဲ ပမာ ရွှေဟင်္သာသို့။
မကွာ အတူပါတော်မူ နန်းသူမိငယ်
ဘယ်ဆီများကိုတဲ့ လှည့်ပါးတိမ်းဖယ် သွားလေတယ်တဲ့မှ
သွားလေတယ်။
မောင့်ငယ်ပျော်ဘူး ခေါ်မထူး နော်ရူးချည့်မယ်...
သည်တောလယ်မှာ ချေငယ်ကဟောက် သမင်တောက်နှင့်
မြောက်က ကြိုးခွေ ဒေါင်းအိုးဝေတဲ့မှ ဒေါင်းအိုးဝေ'
ဤသိင်္ဂါသံ ကို ခင်မောင်အေးသိသော်လဲ သူဖြစ်ပုံကမူ ဤသိင်္ဂါသံအသတိုင်းပင် ဖြစ်နေရှာတော့သည်။ တယောက် ကို တယောက် အချက်ပေးခေါ်သည့် ငှက်မြည်ကြွေးသံကို အဖန်ဖန်ပြုသော်လဲ အတုံ့အပြန် မရ တော့ချေ။
ညာမေတင်ပြန်ရောက်လာနိုးဖြင့် မျှော်ကိုး တမ်းတရင်း ပူဆွေးကြေကွဲရင်း ဟစ်ခေါ် ငိုကြွေးရင်းဖြင့်ပင် ညနေ စောင်းပြီး နေ၀င်မိုးချုပ် သွားပြန်တော့သည်။ ခင်ောမင်အေးသည် မီးဖိုကိုလဲ မီးမထည့်ချေ၊ အိပ်လဲ မအိပ် ဘဲ တညလုံး ငုတ်တုတ်ထိုင်ကာ မှောင်ထဲမှာ စူးယှသော မျက်လုံးများဖြင့် ညာမေတင်ကို တွေ့နိုးနိုး စောင့်မျှော် ကြည့်နေခဲ့သည်။
နောက်တနေ့ မိုးလင်းသောအခါ ဤဂူမှာ ညာမေတင်ကို စောင့်မျှော်နေ၍ အကြောင်းမထူးတော့ပြီ၊ မူလက ဆုံးဖြတ်ချက် ချထားသည့်အတိုင်း ရေမြေဆုံးစေတော့ အသက်ပင်သေစေတော့ တွေ့အောင် ရှာတော့မည် ဟူသော စိတ်မာန်ဖြင့် ခင်မောင်အေးသည် ဂူကိုစွန့်ခွာ ထွက်လာခဲ့သည်။
စမ်းချောင်းရှိရာ ကမ္ဘာားယံ အောက်ခြေသို့ ဆင်းတော့မည့်အခါတွင်မူ ခင်မောင်အေးသည် သူနှင့် ညာမေတင် တို့ ပျော်ရွှင်စွာ နေထိုင်လာခဲ့ကြသည့် ဂူကို အတန်ကြာ လှည့်ကြည့်ခါ ဖြိုင်ဖြိုင် ကျလာသော မျက်ရည်ကို သုတ်ပြီး ကျောက်တောင်ကမ္ဘားယံအောက်ကို လျှောဆင်းလိုက် လေသည်။
ဂူရှိရာမှာ ညာမေတင် ပြန်ရောက်နေပြီလားဟူသောဇောဖြင့် ဒရောသောပါး ပြန်ပြေးလာခဲ့စဉ်က လက်ထဲမှာ ကိုင်လာခဲ့သည့် ကျောက်တုါံ်ကို ဘယ်နေရာတွင် ချထားခဲ့သည်ကို မမှတ်မိတော့ချေ၊ ဂူအပြင်ဘက် မှာ သူ့လက်က လွှတ်ချထားခဲ့သည့် သစ်သားတုတ်ရှည်ကိုသာ တွေ့တော့သည်၊ ထို့ကြောင့် ခင်မောင်အေး ၏ လက်ထဲမှာ သစ်သားတုတ်ရှည် တချောင်းသာလျှင် လက်နက်အဖြစ်ဖြင့် ရှိတော့သည်။
ဤတစ်ကြိမ်မှာမူ ခင်မောင်အေးသည် ညာမေတင်ကို ရှာရေးကြောင့် သူ့ကိုယ်ခန္ဓာအားအင် လျော့ပါး စေမည့် အအိပ်ပျက်ခံ၊ အစားပျက်ခံ အလုပ်ကို မလုပ်တော့ချေ၊ သူ့အားခွန်ဗလ ပြည့်ဝနေမှ သူ ကျန်းမာနေမှ၊ သူအမောအပန်းခံ သွားနိုင်မှ ညာမေတင်ကို တွေ့နိုင်မည်ဟု စိတ်ထဲမှာ ယုံကြည်ချက် ရှိလာသည့်အတိုင်း ကိုမြင့်ညိုတိုက လူစုသွားသည့် ခြေရာတွေကို ဂရုစိုက်ကြည့်လိုက်လာရင်း သူ့အဘို့ အားအင် ပြည့်ဖြိုးအောင်လဲ ဂရုစိုက်လာသည်။
ခင်မောင်အေး၏ အသွားနှုန်းသည် ကိုမြင့်ညိုတို့ အသွားနှုန်းထက် များစွာ သာလွန်လျှင်မြန်သော်လဲ ခင်မောင်အေးအဘို့ မေ့ဆေးကြောင့် နှစ်ညနှင့် တနေ့လုံးလုံး နောက်ကျနေခဲ့သည်၊ လိုက်လာသည့် အခါမှာလဲ မေ့ဆေးဒဏ်ကြောင့် ခြေလှမ်းမသွက်နိုင်ခဲ့ချေ၊ ထိုအပြင် သူတို့နှစ်ယောက် နေထိုင်ခဲ့ရာ ဂူတွင် ညာမေတင် ပြန်ရောက်နေပြီလားဟူသော အတွေးဖြင့် ဆက်မလိုက်ဘဲ ဂူကိုပြန်လာပြီး တနေ့နှင့်တည အချိန်ဖြုန်း ခဲ့မိသည်၊ ထိုကြောင့် ကိုမြင့်ညိုတို့ကို မည်သည့်နည်းနှင့်မှ မမှီနိုင်အောင်ဖြစ်နေသည်။
ယခုအချိန်ဆိုလျှင် ကိုမြင့်ညိုနှင့် ညာမေတင်တို့သည် ဘခင်ကြီး မျက်မှောက်သို့ ချောမောစွာ ရောက်နေ ကြလေပြီ။
သို့သော် ခင်မောင်အေးကား ယခုမှ တောထဲတောင်ထဲက မထွက်နိုင်သေးဘဲ ခြေရာကို ကောက်ပြီါ် လိုက်လာ နေဆဲ မှာပင်ဖြစ်သည်၊ ခင်မောင်အေးသည် ညာမေတင်ကို လွမ်းဆွတ်ခြင်း ယူဆောင်သွားသူတွေကို ဒေါသဖြစ်ခြင်းစသည်တို့ ရောပြွမ်းကာ လက်စားခြေလိုစိတ်သည် ပြင်းထန်စွာ ပေါ်နေ သည်။
သူ့မိတွေ ဆွေးမျိုးတွေသတ်ခဲ့သော အကောင်တွေ ညာမေတင်၏ ကျေးဇူးရှင် လူဝံကြီးမောင်နှံကို သတ်ခဲ့သော အကောင်တွေသည် ယခု သူအသက်ပေးချစ်သော ညာမေတင်ကို တိတ်တဆိတ် ခိုးယူ ကြပြန် လေပြီ။ ထိုကြောင့် ဒီလိုအကောင်တွေကို တွေ့လျှင် ခင်မောင်အေး အစိမ်းဝါးစားချင်နေသည်။
ခြေရာကောက်လိုက်လာခဲ့သော ခင်မောင်အေးကို သဘာဝ အဖျက်အဆီးက ပေါ်လာသည်။ မိုးကောင်ကင် တခုလုံး အုံ့မှိုင်းကာ သီးထန်စွာ ရွာချလိုက်သော မိုးရေများကြောင့် ကိုမြင့်ညိုတို့ သွားကြသည့် လမ်းအတိုင်း မဟုတ်တော့ဘဲ စိတ်မှန်းဖြင့် ရမ်းဆလာခဲ့သော ခင်မောင်အေးသည် တ၀ဲလည်လည်ဖြင့် တော်တော် လေး ရက်ကြာမြင့်သွားပြီးမှ တောထဲက ထွက်လာနိုင်ခဲ့သည်။
ကူမွန် တောင်တန်း တောအုပ်ကို လွန်လာခဲ့ပြီဖြစ်သော ခင်ောမင်အေးသည် သူ့မျက်စေ့တဆုံး အကွာအဝေးတွင် အိမ်ခြေ ကြို့တို့ ကြဲတဲရှိသော ရွာကလေးကို မှုံမှုံမှိုင်းမှိုင်းဖြင့် လှမ်းမြင်နေသည် ထိုအရာ သည် ဘာတွေဖြစ်သည်ကို သိလိုသောစိတ် ထိုနေရာမှာ ညာမေတင် ရှိနေမည်လားဟူသော မျှော်လင့်ချက် စိတ်ဖြင့် ခင်မောင်အေးက ရှေ့သို့ခရီးဆက်ခဲ့သည်။
တဲအိမ်ပုလေးကို သဲကွဲစွာ မြင်ရသောအခါ ခင်မောင်အေးသည် တောင်ကမူလေးတခုထိပ်ရှိ ထူထပ်သော ခြုံကြီါ်တခုအတွင်းမှာ ဆိတ်ငြိမ်စွာ ၀ပ်လျှိုးပြီး ချောင်းကြည့်လိုက်သည်။
သူရောက်လာသည့်အချိန်က ညနေစောင်းနေလေပြီ၊ မှောင်ရီရီအချိန်မှာ တဲအိမ်စုဆီက လူသူလှုပ်ရှား သွားလာသည်ကို မတွေ့ရဘဲ တဲအိမ်စု ခေါင်မိုးပေါ်ကတလူလူလွင့်တက်နေသည့် ပြာမွဲရောင် မီးခိုးတန်း လေးတွေကို မြင်ရသည်။
ခင်မောင်အေးသည် ရင်ထဲမှာ မဖေါ်ပြနိုင်သော ဝေဒနာတခုကို လှိုက်လှိုက်လှဲလှဲ ခံစားလိုက်မိရှာသည်။
သူငယ်စဉ် ခလေးအရွယ်လူမမယ်ဘ၀က ဤလိုတဲအိမ်စုလေးများတွင် သူ့မိဘတွေ သူ့ဆွေမျိုးနှင့် အတူ နေထိုင် ခဲ့သည်၊ ဤလိုအချိန်မျိုးမှာပင် သူတယောက်တည်းကစားနေရာမှ သူ့မိဘတွေရှိရာ တဲအိမ်ဆီသို့ လှမ်းကြည့် လိုက်သည်၊ သူထမင်းဆာနေသည့်အတွက် မိဘတွေက ထမင်းစားခေါ်မည်ကို စောင့်ရင်း ကစား နေခဲ့ခြင်းဖြစ်သည်၊ ထိုအခါ သူမျှော်ကြည့်လိုက်သော သူ့မိဘတွေ တဲအိမ်ခေါင်မိုးပေါ်တွင်၎င်း၊ သူ့ဆွေမျိုး တွေနေသည့် တဲအိမ်ခေါင်မိုးပေါ်တွင်၎င်း ယခုလိုပင် မွဲပြာရောင်မီးခိုးတန်းတွေကို သူမြင် ခဲ့ရသည်။
ခင်မောင်အေး၏ စိတ်သည် သူ့မိဘတွေနှင့် အတူနေခဲ့ရပုံကို ပြန်လည်မြင်ယောင်ကာ များစွာ လွမ်းဆွတ် ကြေကွဲမိသည်။
ထိုအခိုက် အစွန်ဆုံးမှာ ရှိနေသော တဲအိမ်ဆီမှ လှုပ်ရှားသည့် သဏ္ဍာန်တွေကို တွေ့ရသောကြောင့် ဂရုစိုက် ကြည့်နေသည်၊ ထိုတဲသည် အခြားသောတဲများထက် အနည်းငယ်ပိုကြီးမားသည်၊ ခင်မောင်အေး ကြည့်နေစဉ်မှာ တဲထဲမှ သူငြိုးနေသည့် အကောင်မျိုး တကောင် ထွက်လာသည်၊ ထိုအကောင်သည့် ညာမေတင် ၏ ကျေးဇူးရှင်လူဝံကြီးမောင်နှံကို သတ်သည့် အကောင်မျိုး ဖြစ်သည်ကို ခင်မောင်အေးက ကောင်းကောင်းမှတ်မိသည်။
ခင်မောင်အေး တကိုယ်လုံးသည် တောင့်တောင့်ကြီးဖြစ်သွားသည်။
'တွေ့ပြီ တွေ့ပြီ ဒီလိုအကောင်၊ ဒင်းတို့ ကောင်းတာတွေမဟုတ်ဘူး၊ ငါ့ကိုလဲ ငိုအောင်လုပ်ခဲ့တယ်၊ မခင်မေကိုလဲ ငိုအောင်လုပ်ခဲ့တယ်၊ အခုမခင်မေကို ခိုးယူသွားတာလဲ ဒင်းတို့ဘဲဖြစ်ရမယ်'
ခင်မောင်အေးက တွေးရင်း ပြင်းထန်လာသော ဒေါသဖြင့် ထိုအကောင်ကို စောင့်ကြည့်နေခိုက်မှာ ထိုအကောင်သည် ဘာလုပ်မည်မှန်းမသိ၊ ခင်မောင်အေး ပုန်းကွယ်နေသော ခြုံကြီးရှိရာ တောင်ကမူလေး ခြေရင်းသို့ ရှေ့ရှုလာနေသည်။
တောင်ကမူလေး နှင့် ထိုတဲအိမ်ကား ခြေရင်းသို့ ရောက်သောအခါ တောင်မြောက် ၀ဲယာကို ကြည့် လိုက်သည်၊ ထိုနောက် သူခါးဆီမှ တစုံတခုကိုသော အရာကို ထုတ်ယူကာ လက်ဖြင့် ကိုင်ထားလျက် ထိုင်တော့မည့်ဟန်မျိုးပြင်လိုက်သည်၊ ထိုအချိန်မှာပင် ခင်မောင်အေးသည် တောင်ကမူထိပ် သူပုန်းနေသည့် ခြုံကြီး ဆီမှ ထိုအကောင်ပေါ်သို့ တည့်မတ်စွာ ခုန်ချလိုက်သည်။
ထိုအကောင်၏ ထိတ်လန့်စွာ အော်လိုက်သည့် အသံကား....
'အောင်မယ်လေးဗျ၊ လာကြပါအုံးဟ၊ ဘာကောင်ကြီးလဲမသိဘူး'
ဟုအသံကုန်အော်ရင်း သူ့လက်ထဲမှာ ကိုင်ထားသည့် အရာကိုမည်သို့ ပြုလုပ်လိုက်သည်မသိ၊ ညာမေတင် ၏ ကျေးဇူးရှင်လူဝံကြီး မောင်နှံကို သတ်စဉ်က အသံမျိုး မြည်ဟီးထွက်ပေါ်လာသည်၊ ကြောက်ရွံ့စွာ ရမ်းပြစ် လိုက်သော ကြောင့် ခင်မောင်အေးကို မထိပေ။
သို့သော် အငြိုးကြီးလှသော ခင်မောင်အေးသည် ထိတ်လန့်ရကောင်းမှန်း မသိဘဲ ထိုအကောင်ကို မိမိ ရရကြီး ချုပ်ကိုင်ကာ အသံကြီးမြည်ဟီးသောအရာကို လုယူလွှင့်ပြစ်လိုက်သည်၊ လက်တဘက်ဖြင့် ထိုအကောင် ကို ချုပ်ကိုင်ထားသည် လက်တဘက်ဖြင့် လည်မြိုကို ညှစ်လိုက်သည်။
ထိုအကောင်သည် သူ့ထက်အားခွန်ဗလ ကြီးမားသော ခင်မောင်အေးလက်မှ မည်သို့မှ မလွှတ်နိုင်အောင် ဖြစ်နေသည်။ သို့သော် ထိုအကောင်ကို ခင်မောင်အေးသည် အသက်သေအောင် လည်မြိုမညှစ်ရသေးမှီမှာ တဲအိမ်ကြီး ထဲက ထိုအကောင်မျိုးသုံးကောင် လက်နက်ကိုယ်စီကိုင်ပြီး ပြေးထွက်လာခဲ့ကြသည်။
သို့သော် သူတို့ကိုင်လာသော လက်နက်တွေကို အသုံးမပြုနိုင်အောင် ဖြစ်နေသည်။ တောကောင် အရိုင်းတကောင်လို စူးစူးဝါးဝါး ဒေါသကြီးစွာ အော်ဟစ်ရင်း သူ့လက်ထဲမှာ မိနေသည့်အကောင်ကို စိတ်ရှိ လက်ရှိ လည်မြိုညှစ်တော့မည့်ဆဲဆဲ ခင်မောင်အေး သည် တဲအိမ်ထဲက ထွက်လာသည့် အကောင် သုံးကောင် ကိုလှည့်ပြီး ရင်ဆိုင်လိုက်ရပြန်သည်။
သို့သော် ခင်မောင်အေးသည် သတိရှိစွာဖြင့် သူ့လက်ထဲမှာ မိနေပြီးဖြစ်သည့်အကောင်ကို သူ့ရှေ့မှာ အကာအကွယ် ယူချုပ်ကိုင်ထားသည့်အတွက် အကူအညီရောက်လာသော သုံးယောက်သည် သူတို့ လက်ထဲ မှာ ရှိနေသည့် လက်နက်ဖြင့် ပြစ်ခပ်လိုက်လျှင် သူတို့လူပါ ထိတော့မည်ဖြစ်သည်၊ ထိုကြောင့် လက်နက် ကို အသုံးမပြုတော့ဘဲ တွေ့မိတွေ့ရာ တုတ်ဖြင့် ခင်မောင်အေးကို ထိုးခြင်းရိုက်ခြင်းကိုသာ ပြုနေ ကြသည်။
ခင်မောင်အေး တောထဲမှာ တောကောင်အရိုင်းတွေနှင့် တွေ့သည့်အခါ တောကောင်အတိုင်း အသံပေးသည့် အသံမျိုးဖြင့် ဒေါသကြီးစွာ အော်ဟစ်နေသည်ဖြစ်ရာ တကဲ့တောကောင်အရိုင်းတကောင်လို ဖြစ် နေသည်၊ ထိုအခိုက် တယောက်သောသူသည် ခင်မောင်အေး နောက်ကျောဘက်ကို အမှတ်မဲ့ သွားလိုက် သည်ကို သူ့ရှေ့က ရန်သူကိုမဲပြီး ကာကွယ်နေသော ခင်ောမင်အေးက သတိမပြုလိုက်မိချေ၊ နောက် ကျောဘက်ကို ရောက်သွားသောလူက ကျောက်ခဲကြီးတလုံးကို ကောက်ခါ ခင်မောင်အေး၏ ဦးခေါင်း ကို သေချာစွာချိန်ပြီး အားကုန်ပြစ်ပေါက်လိုက်သည်တွင် ခင်ောမင်အေးသည် တကဲ့ဒဏ်ရာရသော တောကောင် သတ္တ၀ါအသံအတိုင်း ကျယ်လောင်စွာ ဟစ်အော်ပြီး သတိလစ်သွားလေတော့သည်။
သတိလစ်နေသောခင်မောင်အေးကို သူတို့တတွေသည် တဲအိမ်ကြီးထဲသို့ ချီယူလာကြသည်၊ တိုင်တတိုင် တွင် ခင်မောင်အေး မရုန်းထွက်နိုင်အောင် လွတ်မသွားစေရန် ခိုင်ခန့်သော နိုင်လွန်ကြိုးတုတ်တုတ်ဖြင့် မြဲမြံ စွာ ချီနှောင်ထားလိုက်ကြသည်။
'ဒီအကောင်တောတိရစ္ဆာန်တော့ မဟုတ်ဘူးကွဲ့၊ မင်းနဲ့ဘယ်လိုဖြစ်ပြီး သွားတွေ့ကြတာလဲ ကျော်ကျော်'
ခင်မောင်အေးနှင့် ပဌမဦးစွာ တွေ့လိုက်ရသော ကျော်ကျော်ကို သူ့ဘခင်ဖြစ်သူ ဦးအေးထွန်းက မေး လိုက်သည်၊ ကျော်ကျော်သည် သတိလစ်သည့်အဖြစ်ဖြင့် ကြိုးတုပ်ခံနေရသော ခင်မောင်အေးကို မုန်းတီးစွာ ကြည့်ကာ ခြေဖြင့် တချက်ကန်လိုက်သည်၊ ထိုနောက် သူ့ဘခင်ကို ပြောပြသည်။
'ကျွန်တော် ဗိုက်နာလာတာနဲ့ အခင်းကြီးသွားမယ်လို့ အဲဒီတောင်ကမူလေး ခြေရင်းကို သွားတာဖေဖေ၊ ဒီသတ္တ၀ါ က တောင်ကမူထိပ်ပေါ်ကနေပြီး ကျွန်တော့ပေါ်ကို ခုန်ချလိုက်တာဘဲ'
'ဒီအကောင် လူတော့လူဘဲ ဒါပေမဲ့ လူစကားမပြောတတ်ဘူးနဲ့တူတယ်၊ သူအော်လိုက်တဲ့အသံကို သတိထား မိလား လူလိုမှမဟုတ်ဘဲ၊ တောကောင်အရိုင်းတွေအော်တဲ့ အသံမျိုး'
ဦးအေးထွန်း က ထင်မြင်ချက်ပေးသည်။
'သတိရတော့ စမ်းကြည့်တာပေါ့၊ ကျွန်တော်တော့ သတ်သာပြစ်လိုက်ချင်တာဘဲ၊ သက်သက်မဲ့ လူကို လာရန်မူတဲ့ သတ္တ၀ါ'
ကျော်ကျော်က ပြောရင်း သူ့လည်ပင်းကို စမ်းကြည့်လိုက်သည် ခင်မောင်အေးက ထိထိရောက်ရောက် မညှစ်လိုက် ရစေကာမူ တော်တော်လေးနာသွားသည်၊ ထိုကြောင့် ခင်မောင်အေးကို သတ်ချင်နေသည်။
'တော်ပါသေးရဲ့၊ မျက်နှာမှာ ဘာဒဏ်ရာမှ မရှိလိုက်တာ၊ မျက်နှာမှာသာ မှတ်လောက် သားလောက် ဒဏ်ရာ ဒဏ်ချက်ဖြစ်ပြီး အနာရွတ်ထင်ရင် ဖေဖေ ဘယ်လိုပဲတားတား ကျွန်တော် သတ်မိမှာဘဲ'
ကျော်ကျော် က မကြေနိုင် မချမ်းနိုင် ဆက်ပြောလိုက်သောအခါ ဦးအေးထွန်းသည် သဘောကျသော အမူအရာ ဖြင့် သားမျက်နှာကို ပြုံးပြီးကြည့်လိုက်သည်၊ ကျော်ကျော်က သူ့မျက်နှာကို အလေးအမြတ် ထား ပြောနေသည်မှာ ပြောလောက်ပါသည်။ ကျော်ကျော်၏ မျက်နှာသည် မိန်းမပျိုတို့ နှစ်ခြိုက်စွဲမက်လောက်အောင် ချောမောလှပသည် အသားက မဖြူမညို ကိုယ်လုံးကိုယ်က ခင်မောင်အေးလို သန်စွမ်းထွားကျိုင်းခြင်းမရှိသော်လဲ မှန်တန်းကိုယ်လုံးကိုယ်ပေါက်ဖြင့် ချစ်နှစ်သက်ဖွယ် ရုပ်ရည်အဆင်း ရှိသည့် ယောကျာ်းပျို တယောက်ဖြစ်သည်။
ထိုကြောင့် ကျော်ကျော်သည် သူ့ရုပ်ရည်ကို အလွန်တန်ဖိုးထားကာ ဂုဏ်ယူနေသူ တယောက်ဖြစ်သည်၊ မိန်းမယူမည်ဆိုလျှင် သူ့ရုပ်ရည်လို ချောမောလှပသည့် မိန်းမ၊ တစိမ့်စိမ့်ကြည့်လေ ချောလေဖြင့် အကြည့်ခံသည့် ရုပ်ရည်မျိုးရှိသည့် မိန်းမကိုမှ လက်ထပ်ရန် ကြံရွယ်ထားသော ကျော်ကျော်ဖြစ်သည်။
ဦးအေးထွန်းကလဲ သားဖြစ်သူကို အသက်ပေးပြီး ချစ်နေသူဖြစ်သည်၊ ထိုကြောင့် သားပြောစကားကို သဘော ကျစွာ ပြုံးနေခြင်းဖြစ်သည်။
'ဒီသတ္တ၀ါကို မသတ်နဲ့သားရဲ့၊ ဖေဖေတို့ သုံးတတ်ရင် သိပ်အရာရောက်မဲ့ သတ္တ၀ါ'
ဦးအေးထွန်း က ပြောသည်။
'ဒီအရိုင်းအစိုင်း ကောင်ကို ဘယ်နေရာမှာ သွားသုံးနေရမှာလဲ ဖေဖေရယ်၊ လူစကားမှ မပြောတ်တာ'
ကျော်ကျော် က မေးသည်။
'အဲဒီလူစကားမပြောတတ်တာကိုက ဖေဖေတို့ လုပ်ငန်းမှာ သိပ်အသုံးဝင်နေတာပေါ့ သားရဲ့၊ သားနဲ့ ထွေးလုံး ရစ်ပတ်ဖြစ်နေခိုက် ဒီသတ္တ၀ါ အော်လိုက်တဲ့ တောကောင် အရိုင်းသံကို ကြားလိုက်ရရင်ပဲ သူ့ကို အသုံးချ ဘို့ ဖေဖေက တွေးလိုက်မိတာ၊ အဲဒီအချိန်ကတော့ သေသေချာချာ မကြည့်ရလို့ တောကောင်ဘဲ ထင်ခဲ့တယ်၊ ဒါပေမဲ့ အခုတင်က ပြောသလို ဖေဖေသုံးစရာ တွေးမိတာနဲ့ တပည့်တွေကို အသေမသတ် ကြပါနဲ့လို့ သတိပေးရတာ'
'ဖေဖေက အကြံကြီးတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်၊ ဘယ်လိုသုံးမှာလဲ အဖေ'
'သူလူစကား မပြောတတ်ဘူးဆိုတော့ ဖေဖေတို့ လုပ်ငန်းအကြောင်း လူမသိဘူးပေါ့ကွယ်၊ နောက်ပြီး သတ်ချင်ဖြတ်ချင် စိတ်ရှိတဲ့ သတ္တ၀ါတကောင်ဆိုတာ လှောင်ထားရင် အလိုလို ဒေါသကြီးကြီး မဲကနဲ မြင်တိုင်း သတ်တော့မှာကိုး'
ဦးအေးထွန်းက ဤမျှသာပြောပြီး စကားကို ဖြတ်ထားလိုက်သည်။
သို့သော် ကျော်ကျော်က ဘခင်၏စကား အဓိပ္ပါယ်အကျယ်ကို သိလိုက်လေပြီ၊ ဦးအေးထွန်းက ဆက် ပြောလိုက် သည်။
'ဒီလူ အသွင်သဏ္ဍာန်က ကြောက်စရာမကောင်းဘူးလားသား'
ကျော်ကျော်သည် ဘခင်ဦးအေးထွန်းစကားကြောင့် သေသေချာချာပင် မကြည့်မိသော ခင်အောင်အေးကို သေသေချာချာငုံကြည့်လိုက်သည်။
ခါးထိအောင် ရှည်လျားပြီး ရှုပ်ထွေးနေသော ဆံပင်များသည် ချေးဗလဗျစ်နှင့် ဂျပ်ခဲကြီးဖြစ်နေသည်။ နှုတ်ခမ်းမွေး ပါးသိုင်းမွေး မုတ်ဆိတ်မွေးတွေသည် ရှည်လျား ရှုပ်ထွေးစွာဖြင့် တခုနှင့်တခု ထိခိုက် ညိတွယ် ယှက်လိမ် နေကြသည်၊ အားခွန်ဗလ သန်စွမ်းသူ ဖြစ်သည့်အတွက် ရင်ဘတ်မှ အမွှေးတွေသည် တော်တော်လေး ရှည်နေသည်။ လက်မောင်းမွှေးတွေကလဲ သန်စွမ်း မဲနက်စွာဖြင့် လက်မောင်းမှသည် လက်ဖျန် အထိပေါက်နေသည်။ ခြေသလုံးမွေးတွေကလဲ ထိုနည်းအတူပင် သန်စွမ်းရှည်လျားနေသည်၊ ခြေသည်း လက်သည်း တွေသည် ညီညီညာညာ မရှိ ရှည်လျားသော်လည်း ပဲ့ရွဲ့နေသည်ကို တွေ့ရသည်၊ တကိုယ်လုံး မှာ မြေမှုန့်တွေ ဖုံတွေနှင့် ချေးညှော် အလိမ်းလိမ်းဖြစ်နေသည်။
ထိုကြောင့် ခင်မောင်အေး၏ ပင်ကိုယ် ရုပ်ရည်သဏ္ဍာန်သည် လှသလား၊ အရုပ်ဆိုးသလားဆိုသည်ကို မည်သို့ မှ မသိနိုင်၊ ပုံဖမ်းလို့ မရနိုင်အောင် ဖြစ်နေသည်။
အသားရောင် မှာ ပြစ်စခက်ခပ်နေခဲ့သည်ကြောင့် ပင်ကိုယ်အသားရောင် ဖြစ်ပြီး နေလောင်ထားသည့် အသားမျိုးဖြစ်နေသည်၊ ထိုသို့ နေလောင်ထားသည့် အသားရောင်နှင့် တကိုယ်လုံး ရှုပ်ထွေး ဖုံးလွှမ်း ထားသည့် အမွေးအမှင်တွေနှင့် ၀တ်ထားသည့် တောကောင် သားရေနှင့် ခင်မောင်အေးသည် လူစကား ပြောတတ်နေသည့် လူသာမန် တယောက်ဖြစ်သည်ဆိုလျှင် မည်သူမှ ယုံကြည်မည်မဟုတ်ချေ။
ဆက်ရန်
.

No comments:
Post a Comment