Saturday, April 9, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၄)

အခန်း ၄ဝ
လူအများ၏ အာရုံစိုက်မှုရအောင်ပြုပါ

ကျွန်တော့်တပည့်တွေထဲမှာ တကယ့်ကိုတော်သည့်သူတွေ အများကြီးရှိသည်။ သူတို့သည် အလုပ် လောက ထဲသို့ရောက်သွားကြကာ တကယ့်ကိုအံ့လောက်စရာ ဆော့ဖ်ဝဲ ပရိုဂရမ်အသစ်တွေ၊ လူ တိရစ္ဆာန်ရုပ်တွေ လှုပ်ရှား ရှင်သန်နေစေမည့် လုပ်ငန်းအစီအစဉ်တွေနှင့် ဖျော်ဖြေရေးပစ္စည်းကိရိယာ သစ်တွေကို ဖန်တီး သွားကြလိမ့်မည် ဆိုသည်ကို ကျွန်တော်သိသည်။ သူတို့မှာ သန်းနှင့်ချီသော လူတွေ ကို စိတ်ပျက်စရာ ဖြစ်အောင် လည်း လုပ်နိုင်သည့် စွမ်းရည်များရှိကြမှန်းလည်း ကျွန်တော် သိသည်။

ကျွန်တော်တို့လို အင်ဂျင်နီယာတွေ၊ ကွန်ပျူတာသိပ္ပံပညာရှင်တွေသည် အလွယ်တကူ သုံး၍ရမည့်အ ရာမျိုး တွေ ဘယ်လိုတည်ဆောက်ရမည်ကို အမြဲသဖြင့် စဉ်းစားနေကြသူများမဟုတ်ကြပေ။ ကျွန်တော် တို့ထဲမှ အများအပြား သည် ရှုပ်ထွေးသောအလုပ်များကို အလွယ်နည်းနှင့် ရှင်းပြရာတွင်လည်း အလွန် ချာကြသည်။ ဗီဒီယို ကက်ဆက်၊ အသံဖမ်းစက်၊ VCR သုံးစွဲနည်း လမ်းညွှန်စာအုပ်ကလေးများကို ဖတ် ဖူးကြပါသလား။ ဖတ်ဖူးသည် ဆိုလျှင် သင်သည် ကျွန်တော်ပြောနေသည့် စိတ်ပျက်စရာကို ကြုံဖူးနေ ပေပြီ။ ထို့ကြောင့် ကျွန်တော် က တပည့်များအား မိမိတို့၏တီထွင်ဖန်တီးမှုကို အသုံပြုမည့်သူများအ ကြောင်းကို ထည့် စဉ်းစားခြင်း သည် ဘယ်မျှ အရေးပါကြောင်း ပြောပြသည်။ သုံးစွဲမည့်သူများမှာ စိတ် ပျက်စရာဖြစ်ရမည့် နည်းပညာ ကို မတီထွင်မိစေရန်မှာ မည်မျှအရေးကြီးကြောင်းကို သူတို့ရှင်းအောင် ကျွန်တော် ဘယ်လို ပြောနိုင် ပါမည်နည်း။ ကျွန်တော်သည် မုချအောင်မြင်မှုရမည့်၊ လူအများ အာရုံစိုက် ခံရမည့်သူတစ်ယောက် ဖြစ်ရေး ကို စဉ်းစားမိလိုက်သည်။

ဗာဂျင်းနယားတက္ကသိုလ်၌ ကွန်ပျူတာသုံးသူနှင့် သတင်းအချက်အလက်ဖလှယ်သည့် ပရိုဂရမ်အ ကြောင်း (user interface) သင်ခန်းစာကို သင်ပေးခဲ့စဉ်က ကျွန်တော်သည် ပထမနေ့တွင် VCR ဗွီဒီယို ကက်ဆက် အသံဖမ်းစက် တစ်ခုကို ယူလာသည်။ ယင်းကို အခန်းရှေ့ရှိ စားပွဲတစ်ခုပေါ်တွင် တင်ထား သည်။ တူအကြီးကြီး တစ်ခုကို ဆွဲထုတ်လိုက်ပြီး VCR ကို ဖျက်ဆီးပစ်ပြလိုက်သည်။
ထို့နောက် ကျွန်တော်က ပြောသည်။ "တို့က သုံးဖို့ ခက်တဲ့ပစ္စည်းတစ်ခုကို လုပ်လိုက်တဲ့အခါ လူတွေ မှာ အဆင်မပြေ ဖြစ်တာ၊ သုံးဖို့ခက်လို့ သိပ်စိတ်ဆိုးတော့ အဲဒီပစ္စည်းကို ဖျက်ဆီးပစ်ချင်စိတ် ပေါက်လာ တယ်၊ လူတွေ ဖျက်ဆီးပစ်ချင်စိတ်ပေါက်လာမယ့် ပစ္စည်းမျိုးကို တို့က ဖန်တီးမပေးလိုပါဘူး"

ကျောင်းသားများက ကျွန်တော့်ကို ကြည့်ကြသည်။ ထိတ်ထိတ်ပျာပျာဖြစ်သွား၍ ဘာလုပ်လိုက်ပါလိမ့် ဟု ဝေခွဲမရ ဖြစ်သွားပြီး ပြုံးချင်သလိုလို ဖြစ်သွားကြကြောင်း ကျွန်တော် ပြောနိုင်ပေသည်။ ကျွန်တော် လုပ်ပြ လိုက်ပုံက သူတို့အဖို့ စိတ်လှုပ်ရှားဖွယ်ဖြစ်သွားသည်။ ပြီးလျှင် သူတို့တွေးကြသည်။ "ဟာ၊ ဘယ် လို ဆရာ လဲဟ၊ နောက်တစ်ကြိမ် သူ ဘာစတန့်မျိုးတွေ လုပ်ပြဦးမလဲဆိုတာ ကြည့်ဖို့ နောက်နေ့မနက် တော့ ကျောင်း ကို မပျက်မကွက် တက်မှဖြစ်မယ်"

ကျွန်တော့်အပေါ် သူတို့ အာရုံစိုက်မှုရလိုက်သည်ကတော့ သေချာသွားသည်။ မသိကျိုးကျွန်ပြုထား သော ပြဿာနာ ကို ဖြေရှင်းရာတွင် ဤနည်းသည် ပထမဦးဆုံးအဆင့်ဖြစ်ပေသည်။ (ကျွန်တော် ဗာဂျင်းနယား တက္ကသိုလ်မှ ကာနက်ဂီမယ်လွန်တက္ကသို့ ထွက်လာသောအခါ ကျွန်တော့်မိတ်ဆွေရင်း လည်းဖြစ်၊ လုပ်ဖော် ကိုင်ဖက် ပါမောက္ခလည်းဖြစ်သူ ဂါဘီရိုဘင်သည် ကျွန်တော့်အား စာတန်းရေးထား သည့် သတ္တုပြား နှင့် တွဲထားသော တူကြီးတစ်ချောင်းကို ပေးလိုက်၏။ သတ္တုပြားပေါ်က စာတွင် VCR တွေကအများကြီး အချိန်က နည်းလွန်းသည် ဟု ရေးထားလေသည်။)
ဗာဂျင်နယားတက္ကသိုလ်တုန်းက ကျွန်တော့်တပည့်အားလုံးသည် ယခုအခါ အလုပ်လုပ်သော အင်အား စုအတွင်းရှောက်ရှိနေကြပေပြီ။ သူတို့သည် နည်းပညာသစ်တွေကို ဖန်တီးမည်ပြုသည့်အခါမျိုးတွင် သူတို့၏ စိတ်ထဲ၌ လွယ်ကူရှင်းလင်းမှုကို လိုလားတောင့်တလျက် စိတ်ပျက်စရာတွေ မလုပ်မိအောင် သတိပေး တတ်သည့် ကျွန်တော် တူကြီးကိုင်လွှဲလျက်ရှိပုံကို မကြာ မကြာပေါ်လာလိမ့်မည်ဟု မျှော်လင့် မိပါသည်။
 
အခန်း ၄၁
ပျောက်ဆုံးသွားသည့် ကျေးဇူးတင်စာ အနုပညာ

လူသားအချင်းချင်း ပြုပေးနိုင်သော အလွယ်ကူဆုံးဖြစ်ပေမဲ့ အင်အားအရှိဆုံးဖြစ်သည့် အရာတစ်ခုမှာ ကျေးဇူး ကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ ကျွန်တော်သည် အရည်အချင်းပြည့်ဝမှုကို နှစ်သက်မြတ်နိုး သည် မှန် သော်လည်း စာရွက်ကလေးပေါ်မှာ ဖောင်တိန်ကလေးနှင့်ရေးခြစ်လိုက်သော ကျေးဇူးတင်ပါ သည် ဟူသော စာကြောင်းလေးမှာ အကောင်းဆုံးပြုပေးလိုက်သည့် ရှေးဆန်သောနည်းဟု ကျွန်တော် ထင်ပေ သည်။

အလုပ်ခန့်ဖို့ လူတွေ့မေးမြန်းသူများနှင့် ကျောင်းဝင်ခွင့်ပြုပေးမည့်အရာရှိများသည် လျှောက်လွှာတွေ တစ်ပုံတစ်ထပ်ကြီးကို ကြည့်ကြရသည်။ ၎င်းတို့သည် ထူးချွန်မှုတွေ အမြောက်အမြားရှိထားသော A အ ဆင့် ကျောင်းသားများထဲမှ ကိုယ်ရေးရာဇ၀င်တစ်ပွေ့တစ်ပိုက်ကြီးကို ဖတ်ကြရသည်။ သို့ရာတွင် ၎င်း တို့သည် ကျေးဇူးတင်ပါသည်ဟူသော လက်ရေးနှင့်ရေးထားသည့် စာကြောင်းကလေးများကိုမူ မမြင် ကြရချေ။

အကယ်၍ လျှောက်ထားသူသည် ဘီပလပ်စ် (B+)တစ်ဦးဖြစ်ပါလျှင် သူ၏ကျေးဇူးတင်ပါသည်ဟူသော လက်ရေးဖြင့် ရေးထားသော စာကြောင်းကလေးသည် ထိုသူအား နောင် မိမိ၏အလုပ်ရှင်ဖြစ်မည့်သူ၏ မျက်စိ ထဲတွင် သို့မဟုတ် ကျောင်းဝင်ခွင့်ပြုပေးမည့် အရာရှိ၏မျက်စိထဲတွင် အနည်းဆုံးအားဖြင့် ဂရိတ် တစ်ဝက် လောက် တိုးမြှင့်ပေးလိုက်ပေလိမ့်မည်။ ထိုအခါ ထိုအရာရှိများအဖို့ B+ ကျောင်းသားသည် A အဆင့် ကျောင်းသားဖြစ်လာပေလိမ့်မည်။ လက်ရေးနှင့်ရေးသည့် ကျေးဇူးတင်စာများမှာ တွေ့ရခဲလှ သည် ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်များက ထိုကျောင်းသားအား သတိရနေမိလိမ့်မည်ဖြစ်သည်။

ဤအကြံပေးချက်ကို ကျွန်တော့်ကျောင်းသားများအား ကျွန်တော် အကြံပေးသည့်အခါ ကျွန်တော့်အ နေဖြင့် သူတို့ အား တမင်တွက်ချက်လုပ်ကိုင်တတ်သော အကြံသမားတွေဖြစ်လာစေဖို့ မဟုတ်ပါ။ သို့ရာ တွင် အချို့ ကျတော့လည်း ကျွန်တော့်အကြံကို လက်ခံကြသည်မှာ ထိုသို့တွက်ချက်တတ်သော သ ဘောမျိုးဖြင့်ဖြစ်မှန်း ကျွန်တော် သိသည်။ ကျွန်တော့်အကြံပေးချက်၏ရည်ရွယ်ချက်မှာ လောက၌အ လေးထား လေးစားရမည့်၊ စဉ်းစားရမည့်အရာများရှိသည်။ ထိုသို့သော အရာများကို ပြုလိုက်ပါက အပြု ခံရသူက လေးစား အသိအမှတ် ပြုသွားမည်။ ကောင်းသောအရာများကို ပြုခြင်းသည် ကောင်းကျိုးရနိုင် သည်ဟူသော လောက၏ သဘော ကို သိနားလည်လာစေရန်သာ ဖြစ်သည်။

ဥပမာသာဓကအဖြစ် ETC ၀င်ခွင့်လျှောက်သည့် အမျိုးသမီးတစ်ဦးအကြောင်းကို ပြောပြချင်သည်။ သူ့ လျှောက်လွှာကို ကျွန်တော်တို့သည် ပယ်ချတော့မည့်အနေ ရှိသည်။ ထိုအမျိုးသမီးမှာ ကြီးကျယ်သော စိတ်ကူးအိပ်မက်များရှိသည်။ သူသည် ဒစ္စနေးအပျော်စီးစက်ယန္တရား တည်ဆောက်သူ အင်ဂျင်နီယာ ဖြစ်ချင်၏။ သူရရှိသော အဆင့်မှတ်များ၊ သူအောင်ခဲ့သော စာမေးပွဲများနှင့် သူ့ကိုယ်ရေးရာဇ၀င်သည် အကောင်းကြီး မဟုတ်သော်လည်း မဆိုးလှပါ။ သူ့လျှောက်လွှာကို ပယ်ဟူသော အပုံထဲသို့ ပစ်မချမီ ကျွန်တော် သည် သူ့လျှောက်လွှာကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ တစ်ခေါက် ထပ်မံပြန်ဖတ်လိုက်စဉ် ဖိုင်တွဲစာမျက်နှာများကြားမှ ကျေးဇူးတင်ပါသည်ဟူ၍ လက်ရေးနှင့် ရေးထားသော လျှောထွက်ကျလာသည်ကို သတိပြုမိလိုက်သည်။

ထိုစာကလေးမှာ ကျွန်တော်ထံပို့သောစာတော့ကား မဟုတ်။ ကျွန်တော်၏တွဲဖက်ဒါရိုက်တာ ဒွန်ဖာရီ နယ်လီထံ ပို့သည့်စာလည်း မဟုတ်။ တက္ကသိုလ်ပညာရေးအဖွဲ့က မည်သည့်ပုဂ္ဂိုလ်ထံသို့မှ ပေးသည့် စာလည်းမဟုတ်ပါ။ သူ ဤတက္ကသိုလ်သို့လာသည့်အခါ လိုအပ်သောစီစဉ်မှုများကို ကူညီဆောင်ရွက် ပေးသူ တက္ကသိုလ်မှဝန်ထမ်းတစ်ဦးထံသို့ ရေးသောစာမျှသာ ဖြစ်ပေသည်။ ဤ၀န်ထမ်းသည် သူ၏ လျှောက်လွှာများနှင့်ပတ်သက်၍ ဘာမျှလုပ်နိုင်သည့် သြဇာအာဏာရှိသူမဟုတ်။ ထို့ကြောင့် ဤကျေး ဇူးတင်စာကလေးသည် ဘာမှမဟုတ်တာကို ဟုတ်လေဟန်ဖြင့် ဟန်ဆောင်ပန်ဆောင်ရေးထားသော စာဟူ၍ မဆိုသာ။ ဤစာသည် သူတစ်ခါမှမသိခဲ့ဖူးသောသူ တစ်စုံတစ်ဦးထံ ရေးလိုက်သောစာမျှသာ ဖြစ်သည်။ ထိုဝန်ထမ်းက သူ့ထံရေးလိုက်သော စာကို စာရှင်အမျိုးသမီး၏လျှောက်လွှာဖိုင်ထဲမှာပင် ပစ် ထည့်ထား လိုက်ပုံရပေသည်။ သီတင်းပတ် တစ်ပတ် နှစ်ပတ်ကြာသောအခါ ကျွန်တော် ထိုအချက်ကို သွားတွေးမိပါသည်။

တစ်စုံတစ်ဦး အပေါ် လုပ်ကောင်းသောအရာတစ်ခုဟု သဘောပိုက်ပြီး ရေးလိုက်သော ထိုလျှောက်လွှာ ရှင်၏ ကျေးဇူးတင်ကြောင်း စာကို မျှော်လင့်မထားဘဲ ကျွန်တော် တွေ့လိုက်သောကြောင့် ကျွန်တော် ဤ သို့ ပြန် စဉ်းစားကြည့်သည်။ သူသည် သူ့ကျေးဇူးတင်စာကို သူ့လက်နှင့်ရေးခဲ့ခြင်းဖြစ်သည်။ ဤအချက် ကို ကျွန်တော် သဘောကျသည်။ "ဒီစာကလေးဟာ သူ့ဖိုင်တွဲထဲမှာပါတဲ့ တခြားအရာတွေထက် ပိုပြီး ပြောပြနိုင်ပါကလား" ကျွန်တော် ဒွန်ကိုပြောပြသည်။ ကျွန်တော် သူ့အထောက်အထား စာရွက်စာတမ်း တွေကို ပြန်ဖတ်သည်။ ကျွန်တော် ထိုအမျိုးသမီးအကြောင်း စဉ်းစားကြည့်၏။ သူ့စာကလေးကြောင့် အ ထင်ကြီးသွားမိရာ ကျွန်တော် သူလျှောက်သည့် အခွင့်အရေးကို ရထိုက်သည်ဟု ဆုံးဖြတ်လိုက်သည်။ ဒွန် ကလည်း သဘောတူပေသည်။

သို့ဖြင့် သူသည်  ETC သို့ ရောက်လာသည်။ မဟာဘွဲ့ရသွားသည်။ ယနေ့သော် ဒစ္စနေးအပျော်စီးစက် ယန္တရားများ တည်ဆောက်ရေး အင်ဂျင်နီယာဖြစ်၍ နေပေပြီ။
ကျွန်တော် ဤအကြောင်းများကို သူ့အား ပြန်ပြောပြ၏။ သူကလည်း အခြားသူများကို ပြန်ပြောပြသည်။
ကျွန်တော်သည် ကျွန်တော်၏ကျန်းမာရေးအခြေအနေအတိုင်း ဆေးဝါးကုသမှုကို ခံယူရသော်လည်း ကျွန်တော့်လက်ရေးဖြင့် ရေးမှ သင့်မည့်အနေမျိုး အရေးကြီးသည့်ကိစ္စများတွင် ကျွန်တော်သည် ကိုယ် တိုင် လက်ရေးဖြင့် ရေးဖို့ ကြိုးစားဆဲဖြစ်သည်။ ဤသို့ပြုခြင်းသည် ပြုကောင်းသောအရာဖြစ်သည်။ ကိုယ့်စာသည် တစ်စုံတစ်ဦး၏ စာတိုက်ပုံးထဲသို့ ရောက်သွားပြီးနောက်တွင် ထူးထူးဆန်းဆန်း ဘာတွေ ဖြစ်လာမည် ဆိုသည်ကို ဘယ်မှာလျှင် သိနိုင်ပါမည်နည်း။
အခန်း ၄၂
သစ္စာရှိခြင်းသည် နှစ်လမ်းသွားလမ်းဖြစ်သည်

၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ကျွန်တော်သည် ဗာဂျင်နယားတက္ကသိုလ်တွင် စာပြနေစဉ်က ဒဲနစ္စကော့စ် ဂရို့ဗ်သည် ဘွဲ့ရကျောင်းသားတစ်ဦးဖြစ်သည်။ ဒဲနစ္စသည် သဘောကျစရာကောင်းသော ကျောင်းသားတစ်ဦးဖြစ်၏။ သူသည် ကျွန်တော်၏ကွန်ပျူတာခန်းတွင် အံ့လောက်စရာ အလုပ်တွေကို လုပ်နေ၏။ သူသည် ကွန်ပျူတာရိုက်စနစ်သင်တန်းတွင် သင်ကြားရေးလက်ထောက်တစ်ဦးလည်း ဖြစ် သည်။ သူကမူ ဘွဲ့ယူအဆင့်သင်တန်းကို တက်ရောက်နေခြင်းဖြစ်သည်။ သူသည် A အဆင့် ကျောင်း သားတစ်ဦး လည်း ဖြစ်ပေသည်။

အတန်းအများစုတွင် သူသည် A အဆင့် ကျောင်းသားဖြစ်သည်။ ကဲကုလသင်္ချာ ၃ တွင်မူ သူသည် F အဆင့် ကျောင်းသားဖြစ်နေသည်။ ဤသို့ဖြစ်ရခြင်းမှာ သူ့မှာပင်ကို ဉာဏ်ရည်ဉာဏ်သွေးမရှိ၍ကား မ ဟုတ်။ ကွန်ပျူတာသင်တန်းတွေကိုပဲ အာရုံစိုက်လွန်းနေသောကြောင့် ဖြစ်သည်။ တစ်ဘက်က သင် ကြားရေး လက်ထောက်လုပ်၊ အခြားတစ်ဘက်တွင် ကျွန်တော့်ကွန်ပျူတာ လက်တွေ့သုတေသနခန်း၌ သုတေသန လက်ထောက် ဖြစ်နေပေရာ သူသည် ကဲကုလသင်တန်း များကို မတက်တော့သည်နှင့်ပင် F အဆင့် ရောက်သွားခြင်းဖြစ်ပေသည်။

ဤတွင် ပြဿနာကြီးဖြစ်လာလေသည်။ ဤသို့ A တွေချည်း တောက်လျှောက်ရလာပြီး F ကိုပါ ရလိုက် သည့် စာသင်နှစ်ဝက်မျိုးကြုံခဲ့သည်မှာ သူ့အဖို့ ဤအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပါ။
ဒုတိယ စာသင်နှစ်ဝက် စ၍ သီတင်းနှစ်ပတ်ထဲ ရောက်လာသောအခါ ဒဲနစ္စ၏အကောင်းအညံ့ရောနေ သော ပညာရည်မှတ်တမ်းကို တက္ကသိုလ်မဟာဌာနမှူးတစ်ဦးက သတိပြုမိသွားပေသည်။ ထိုမဟာဌာနမှူးသည် ဒဲနစ္စ လူတော်တစ်ယောက်မှန်း သိသည်။ သူသည် ဒဲနစ္စ၏ SAT ပညာရည်အကဲဖြတ်ချက် စာမေးပွဲနှင့် AP အတန်း တက်ပေးသည့် စာမေးပွဲရမှတ်များကိုလည်း တွေ့မြင်ဖူး၏။ သူ၏အမြင်မှာ F အဆင့်ရသည်မှာ သူ၏ ဉာဏ်ရည်ဉာဏ်စွမ်း ကြောင့် မဟုတ်။ သူ၏စိတ်နေသဘောထားကြောင့် ဖြစ် သည်ဟု ယူဆစရာ ဖြစ်နေ လေသည်။

ထို့ကြောင့် ဒဲနစ္စကို ကျောင်းထုတ်ပစ်လိုသည်။ သို့ရာတွင် ကျွန် တော် သိထားသည်မှာ ဤကိစ္စနှင့် ပတ်သက် ၍ ဒဲနစ္စကို တစ်ကြိမ်တစ်ခါမျှ သတိပေးခံရဖူခြင်းမရှိပေ။ တကယ်တော့ အတန်းတိုင်းက A တွေသည် သူ၏ကဲကုလသင်္ချာတန်းက F ကို မှောက်ထေပစ်လိုက် သည်ဖြစ်ရာ သူသည် ပညာသင်ခွင့် ရပ်ဆိုင်း ခံရနိုင်ဖွယ်ပင် မရှိတော့ပေ။ သို့ပင်ဖြစ်သော်လည်း မဟာ ဌာနမှူးက မရှင်းမလင်း ဥပဒေ စည်းမျဉ်း တစ်ခု ကို ကိုးကားလျက် စားပွဲပေါ်တွင် ကျောင်းထုတ်မိန့်ကို ထားခဲ့လေသည်။

ကျွန်တော်သည် ကျွန်တော့်တပည့်ဘက်မှ ရပ်တည်ရန်ဆုံးဖြတ်လိုက်သည်။ "ဒီမယ်၊ မဟာဌာနမှူး၊ ဒဲနစ္စဟာ ဆူးတောင် မပါတဲ့ အားကောင်းတဲ့ ဒုံးပျံတစ်စင်းပါ၊ သူဟာ ကျွန်တော့်ရဲ့ကွန်ပျူ တာသုတေသနခန်းမှာ အတော်ဆုံးကျောင်းသားတစ်ယောက်ပါ၊ ကျွန်တော်တို့ သူ့ကို အခုချက်ချင်း ကျောင်းထုတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒီမှာလာရောက်လုပ်ကိုင်နေတဲ့ ရည်ရွယ်ချက်တစ်ခုလုံး လက်လွတ်ဆုံးရှုံးသွားတော့မှာပဲ၊ ကျွန်တော်တို့ ဒီမှာရောက်နေကြတာက သင်ပြပေးဖို့၊ ပျိုးထောင်ပေးဖို့ ပါ၊ ဒဲနစ္စဟာ တစ်နေရာရာမှာ  ထူးချွန်သွားမယ့်သူဆိုတာ ကျွန်တော်သိတယ်၊ ကျွန်တော်တို့ သူ့ကို စွန့် ပစ်လို့မဖြစ်ပါဘူး"ဟု မဟာဌာနမှူး အား ပြောပါသည်။

မဟာဌာနမှူးသည် ကျွန်တော့်ကို ကြိုက်သူမဟုတ်ပါ။ သူ့အမြင်တွင် ကျွန်တော်သည် ကိုယ်လိုချင်ရာ ကို မရအရ ပြောတတ်သည့် ပါမောက္ခပေါက်စတစ်ယောက်ဖြစ်နေလေသည်။
ထိုအခါ ကျွန်တော်သည် ပို၍ပင် မရအရပြောချင်လာသည်။ ကျွန်တော် နည်းဗျူဟာသုံးရသည်။ စာ သင်နှစ်ဝက်က စတင်ခဲ့ပြီဖြစ်သည်။ တက္ကသိုလ်က ဒဲနစ္စ၏ကျောင်းလခ ချက်လတ်မှတ်ကို ငွေသားလဲ ယူပြီးဖြစ်သည်။ ကျွန်တော့်အမြင်အရသော် ထိုသို့ပြုလိုက်ခြင်းသည် တက္ကသိုလ်က ကျောင်းသားတစ် ယောက် အဖြစ်ဆက်လက်နေသွားဖို့ ငါတို့က မင်းကိုကြိုဆိုပါသည်ဟု ဒဲနစ္စကို ပြောလိုက်သည့်သဘော ဆောင် နေပေသည်။ အကယ်၍သာ ဒုတိယစာသင်နှစ်ဝက်မစခင်က သူ့ကိုကျောင်းထုတ်လိုက်မည်ဆိုပါ လျှင် သူ့အနေဖြင့် အခြားကျောင်းတစ်ကျောင်းကျောင်း၌ ၀င်ခွင့်ရရန်ကြိုးစား၍ရနိုင်ဦးမည်။ ယခုမူ ဘယ်ကျောင်း ကိုမှ ၀င်ခွင့်လျှောက်၍မရနိုင်လောက်အောင်ပင် အချိန်ကနှောင်းသွားပေပြီ။

ကျွန်တော်က မဟာဌာနမှူးအား မေးသည်။ "ဒီကိစ္စအတွက် စောဒကတက်ဖို့ သူကရှေ့နေတစ်ယောက် ကို ငှားမယ် ဆိုရင် ဘယ်နဲ့လုပ်မလဲ၊ အဲဒီလိုလုပ်ရင်တော့ ကျွန်တော်က သူ့ဘက်က သက်သေခံထွက် ဆိုပေးရမှာပဲ၊ မဟာဌာနမှူးအနေနဲ့ ကိုယ့်တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးက ကိုယ့်တက္ကသိုလ်နဲ့ဆန့် ကျင်တဲ့ သက်သေ ထွက်ဆိုချက် မျိုးပြုတာကို လိုလားပါသလား"
မဟာဌာနမှူး တွန့်သွားပြီး "ခင်ဗျားဟာ လုပ်သက်နုသေးတဲ့ တက္ကသိုလ်ဆရာတစ်ဦးပါ၊ ပြီးတော့ ခင်ဗျား အခုထိ အမြဲတန်းမဖြစ်သေးပါဘူး၊ ဘာကြောင့်များ ခင်ဗျားက သူရဲကောင်းလုပ်ပြီး ဒီကိစ္စကို ငါ တိုက်ရမယ့် တိုက်ပွဲ လို့ လုပ်ချင်ရတာလဲ"ဟု ပြောပါသည်။

"ဘာကြောင့် ဒီလိုလုပ်ရတဲ့အကြောင်းကို ပြောပါမယ်၊ ကျွန်တော် ဒဲနစ္စကို အာမခံဝံ့တာက သူ့ကို ကျွန်တော် ယုံကြည်လို့ ပါပဲ"ဟု ကျွန်တော်ကပြန်ပြောပါသည်။
မဟာဌာနမှူးသည် ကျွန်တော့်အား အကြာကြီးစိုက်ကြည့်နေသည်။ "ခင်ဗျားကို အမြဲတမ်းခန့်ထားဖို့ ကိစ္စ တက်လာ တဲ့ အခါ ကျွန်တော် ဒီကိစ္စကို သတိရနေမှာနော်"ဟု ပြောသည်။ သူ့စကား၏အဓိပ္ပာယ်မှာ တစ်နည်း အားဖြင့် အကယ်၍များ ဒဲနစ္စက နောက်တစ်ဖန် ယခုလိုဆိုးလာမည်ဆိုပါရင် ကျွန်တော်၏အ ကဲဖြတ်ချက် သည် အလွန့်အလွန် သံသယဖြစ်ဖွယ်ကောင်းမည်ဆိုသည့်သဘော ဖြစ်ပါသည်။
"ဒါ သဘောတူညီချက်တစ်ခုပါပဲ၊ စိန်လိုက်ပါ"ဟု ကျွန်တော်က မဟာဌာနမှူးကို ပြောသည်။ သို့ဖြင့် ဒဲနစ္စ သည် ကျောင်းဆက်နေခွင့်ရသွားခဲ့သည်။

သူသည် ကဲကုလသင်္ချာ ၃ တွင် အောင်သွားသည်။ ကျွန်တော်တို့အားလုံးက ဂုဏ်ယူကြရသည်။ ဘွဲ့ရ ပြီးသော် ကွန်ပျူတာသိပ္ပံပညာရပ်တွင် ဆုရပညာရှင် အကျော်အမော်တစ်ဦးဖြစ်သွားသည်။ သူသည် ထိုအချိန်မှစ၍ ကျွန်တော့်ဘ၀နှင့် ကျွန်တော့်ကွန်ပျူတာသုတေသနအခန်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ် ခဲ့ပေသည်။ တကယ်တော့ သူသည် အဲလစ္စလုပ်ငန်းစီမံချက်ကို အစောဦးဆုံးတီထွင်လုပ်ဆောင်သွား သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ကွန်ပျူတာဒီဇိုင်နာတစ်ဦးအနေဖြင့် သူသည် ဗာကျူယယ် ရီ ရယ်လတီ စနစ် ကို လူငယ်များ ပို၍လက်လှမ်းမီလာအောင် ပြုပေးသည်။ ပရိုဂရမ်များကို ရေးဆွဲတီထွင် သွားခဲ့သူဖြစ်ပေသည်။

ကျွန်တော် ဒဲနစ္စဘက်က ရပ်တည်ပြောဆိုခဲ့စဉ်က ကျွန်တော့်အသက် ၂၁ နှစ်သာရှိသေးသည်။ ယခု ကျွန်တော့် အသက် ၃၇ နှစ်ရှိပြီဖြစ်သည။် သူသည် ကျွန်တော့်ဘက်က ရပ်တည်သွားပေလိမ့်မည်။ အဲလစ္စ သည် ကျွန်တော်၏ပညာရပ်ဆိုင်ရာ အမွေတစ်ရပ်ဖြစ်ပေရာ ဒဲနစ္စသည် ဒီဇိုင်းပုံစံရေးဆွဲ အကောင်အထည် ဖော်ပေးသော သုတေသနသိပ္ပံပညာရှင်တစ်ဦးအနေဖြင့် အဲလစ္စကို အနာဂတ်ကို သယ်ဆောင် ပေးခဲ့ခြင်း ကြောင့် ကျွန်တော်သည် သူ့ကို ယုံကြည်စိတ်ချပေသည်။
ကျွန်တော်သည် သူလိုအပ်နေချိန်က သူ၏အိပ်မက်ကို ပြန်လည်ရှင်သန်လာနိုင်စေခဲ့သလို ယခု ကျွန်တော် လိုအပ်နေချိန်တွင်လည်း ဒဲနစ္စက ကျွန်တော့်အိပ်မက်ကို ရှင်သန်အောင် ပြုပေးနေနိုင်ပြီ ဖြစ် ပါ၏။
အခန်း ၄၃
သောကြာနေ့ည အဖြေ

ကျွန်တော်သည် အများသူငါ ရမြဲအချိန်ထက် တစ်နှစ်စော၍ အမြဲတမ်းခန့်ထားခြင်းခံရသည်။ ထိုသို့ ခန့် ထား ခံလိုက်ရသဖြင့် အခြားသော လုပ်သက်နုတက္ကသိုလ်ဆရာများက အထင်ကြီးစရာလည်း ဖြစ်သွား ဟန်တူသည်။

"ခင်ဗျားက အမြဲတမ်းအစောကြီး ရသွားပါကလား၊ ခင်ဗျားရဲ့လျှို့ဝှက်ချက်က ဘာလဲဗျ"ဟု ၎င်းတို့က မေးလာ ကြသည်။
"ဒါကတော့ လွယ်ပါတယ်ဗျာ၊ သောကြာနေ့ည တစ်ညညမှာ ကျွန်တော့်အခန်းကို ၁၀ နာရီလောက် လာပါ၊ ကျွန်တော် ပြောပြပါ့မယ်"ဟု ကျွန်တော်က ပြောပါသည်။ (ထိုအချိန်က ကျွန်တော် အိမ်ထောင် မကျသေးပါ၊ အိမ်ထောင် မကျသေးခင်ကသာ ထိုသို့ဖိတ်ကြားနိုင်ခြင်းဖြစ်သည်။)

လူတော်တော်များများသည် ဖြတ်လမ်းနည်းကို လိုက်ချင်ကြ၏။ ကျွန်တော် သိထားတာ ဖြတ်လမ်းနည်း ကား အခြေခံ အားဖြင့် စကားနှစ်လုံး သာပါသည့် ခရီးရှည်ဖြစ်ပါ၏။ စကားနှစ်လုံးမှာ "ကြိုးစား"ဖြစ်ပါ သည်။

ကျွန်တော်သိသမျှ ပြောရသော် အခြားသူများထက် အချိန်ကြာကြာ ပိုလုပ်ခဲ့လျှင် ထိုပိုလုပ်သော အချိန် အတွင်း၌ ကျွမ်းကျင်မှုပညာ ပိုရလာလိမ့်မည်ဟူ၍ဖြစ်ပါသည်။ ထိုသို့ သူတစ်ပါးထက်ပို၍ အလုပ်လုပ် သော အားဖြင့် အရည်အချင်း ပိုပြည့်လာနိုင်သည်။ ပို၍စွမ်းရည်တက်လာနိုင်ကာ ပို၍လည်း ပျော်ရွှင်မှု ရ နိုင်ပေသည်။ အလုပ်ကြိုးစားခြင်းသည် ဘဏ်မှာ နှစ်ထပ်တိုးနှင့်ထားသည်နှင့်တူ၏။ အကျိုးအမြတ်တွင် မြန်မြန် ဆန်ဆန် တိုးပွားလာနိုင်သည်။

အလုပ် ၏ပြင်ပမှာ ဘ၀မှာလည်း အလားတူပင်၊ ကျွန်တော်အရွယ်ရောက်ပြီး အချိန်တစ်လျှောက်လုံး၌ ကျွန်တော်သည် အိမ်ထောင်သက်ရှည်ကြာသော ဇနီးမောင်နှံများအား ဘယ်လိုနည်းဖြင့် သူတို့မောင်နှံ အတူတွဲ၍နေနိုင်ကြပါသနည်းဟူသော မေးခွန်းကို မေးကြည့်ဖူးခဲ့သည်။ သူတို့အားလုံးက အဖြေတူကို ပေးကြသည်ကား "တို့က အဲဒီလို အိမ်ထောင်သက်ရှည်ကြာဖို့ ကိစ္စမှာ ကြိုးစားကြလို့ပါ"ဟူ၏။
အခန်း ၄၄
ကျေးဇူးတင်ကြောင်း ပြပါ

ဗာဂျင်းနယားတက္ကသိုလ်တွင် အမြဲတမ်းခန့်ထားခံရပြီး မကြာမီမှာပင် ကျွန်တော်သည် ကျွန်တော့်၏သု တေသန အဖွဲ့တွင်ပါသည့် လူဆယ့်ငါးဦးစလုံးကိုပင် ဒစ္စနေးဝေါ့လ်သို့ ခေါ်ဆောင်ခဲ့သည်။ ထိုတွင် သီတင်း တစ်ပတ်ကြာ နေခဲ့သည်။ ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် ထိုသို့ပြုခဲ့ခြင်းပင်။

လုပ်ဖော်ကိုင်ဖက် ပါမောက္ခတစ်ဦးက ကျွန်တော့်အား သူ့နားသို့ခေါ်ပြီး ပြောသည်။ "ရန်ဒီ၊ မင်းမို့ ဒါတွေ လုပ်နိုင်ပလေကွာ" သူက ကျွန်တော် ယခုကဲ့သို့လုပ်နေသည်မှာ နောင်အမြဲတမ်း ခန့်ထားခံရမည့် ပါမောက္ခများ သူများနှင့်တူချင်သော ဆန္ဒမျိုးမရှိအောင် အစဉ်အလာတစ်ခုကို ထူထောင်နေသည်ဟု ထင်မြင်ကောင်း ထင်မြင်ပေမည်။

"ဘာလို့ ဒီလိုလုပ်နိုင်ခဲ့တာလဲဆိုရင်၊ ဒီလူတွေက အရိုးကျေကျေ အရည်ခမ်းခမ်း လုပ်ခဲ့ကြသူတွေ ဖြစ် တယ်၊ ကျွန်တော့်ကိုလည်း တစ်သက်ပန်လုံးအတွက် လောကမှာ အကောင်းဆုံးအလုပ်ကို လုပ်ပေးခဲ့ ကြတာ ဆိုတော့ ကျွန်တော်က ဘယ်မှာ မလုပ်ပေးနိုင်ဘဲ ရှိပါတော့မလဲ"ဟု ကျွန်တော် ပြန်ဖြေသည်။

ထို့ကြောင့် ကျွန်တော်တို့ ၁၆ ယောက်သည် ဖလော်ရီဒါသို့ ဗင်ကားကြီးတစ်စီးဖြင့် သွားကြသည်။ အ တော်လည်း ပျော်စရာကောင်းသည်။ ကျွန်တော်သည် ဖျော်ဖြေမှုမှာ ပညာပါရအောင်လည်း ပြုပါသည်။ လမ်းတစ်လျှောက်လုံးရှိ တက္ကသိုလ်အမျိုးမျိုးတွင် ရပ်နားခဲ့သည်။ ကွန်ပျူတာသုတေသနအဖွဲ့များသို့ လည်း သွားခဲ့ကြ၏။
ဒစ္စနေးသို့သွားသည့်ခရီးမှာ ကျေးဇူးတင်ကြောင်းကို အလွယ်နှင့်ပြသခြင်းပင် ဖြစ်သည်။ ဤခရီးမှာ လက်ဆုပ် လက်ကိုင်ပြနိုင်သော လက်ဆောင်တစ်ခုပမာဖြစ်သည်။ ပြီးတော့ ဤခရီးမှာ တကယ့်ကို ကောင်းမွန်သောခရီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အလေးတယူ စောင့်ရှောက်လာခဲ့ သော ကျွန်တော့်တပည့်များကို ကျွန်တော်မျှဝေပေးနိုင်သည့် အတွေ့အကြုံတစ်ရပ်လည်း ဖြစ်နေသော ကြောင့် ပင်။

ကျေးဇူးတင်သည် ဆိုသည်မှာ လူတိုင်းမှာ လွယ်လွယ်နှင့် ကျေးဇူးအတင်ခံရသည်မျိုး မဟုတ်ပါ။
ကျွန်တော့်ဆရာသမားတွေထဲမှာ တကယ့်ကိုအတော်ဆုံ ဆရာသမားတစ်ဦးမှာ ကျွန်တော် ဘရောင်း တက္ကသိုလ်မှာတက်စဉ်က ကျွန်တော်၏ကွန်ပျူတာသိပ္ပံပါမောက္ခဖြစ်ခဲ့သူ အင်ဒီဗန်ဒမ်း ဖြစ်သည်။ သူ သည် ကျွန်တော့်အား အကြံကောင်း ဉာဏ်ကောင်းများပေးခဲ့သည်။ သူသည် ကျွန်တော့်ဘ၀ကို ပြောင်း လဲပေးသူဖြစ်သည်။ ကျွန်တော် သူ့ကျေးဇူးကိုကျေအောင် ဘယ်တော့မှဆပ်နိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်တော်က သူ့ကျေးဇူးကို ရှေ့သို့လက်ဆင့်ကမ်းနည်းဖြင့်သာ ပြန်ဆပ်ရဖို့ရှိသည်။

ကျွန်တော်သည် ကျွန်တော့်တပည့်များအား အမြဲသဖြင့် ဤသို့ပြောလေ့ရှိသည်။ အပြင်ထွက်ပါ။ တစ် ယောက် ယောက်က မင်းတို့ကို လုပ်ပေးလိုက်တာမျိုးကု အခြားသူတွေကို လုပ်ပေးပါ။ ဒစ္စနေးဝေါ့လ်သို့ ကားမောင်းလာကြရင်း ကျွန်တော့်တပည့်များနှင့် သူတို့၏စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက်ပန်းတိုင် များအကြောင်း ကိုပြောရင် ကျွန်တော်သည် ဖော်ပြပါ တစ်ဆင့်လက်ကမ်းပေးသည့်အလုပ်ကို အ ကောင်းဆုံး လုပ်သွားရန် ကြိုးစားနေမိပါသတည်း။

ဆက်ရန်
.

No comments: