အရှက်
စာရေးသူ - စိန်စိန်
သည်နေ့မှာ အဖိတ်နေ့ ဖြစ်၏။
သီလရှင်များ အားလုံးလိုလို ဆွမ်းဆန်ရပ်ရန် ထွက်ခွာသွားကြပြီမို့ "သီရိမာလာ" ကျောင်းတိုက် ၀င်းကြီး တစ်ခုလုံးမှာ ဆိတ်ငြိမ်၍ နေလေသည်။
အချို့သော ဇရပ်များမှာ တံခါးအလုံပိတ်ကာ သော့ တန်းလန်းနှင့် ဖြစ်နေ၏။ ဇရပ် နှစ်ဆောင် သုံးဆောင် လောက်မှာသာ ဆွမ်းဆန်မရပ်နိုင်သော အဖွားအို တယောက်စ နှစ်ယောက်စ ကျန်ရစ် သည်။ သည်ဖွားသီလတို့မှာလည်း စိပ်ပုတီးကိုယ်စီနှင့် ငြိမ်တိတ်နေတတ်သည်မို့ လှုပ်ရှားဟန်းကို အမြင်အတွေ့ နည်း လှစွာသည်။
မဟာရန်ကုန် နယ်နမိတ်အတွင်း အစွန်အဖျား တနေရာမှာ ချောင်ကျကျ တည်ရှိနေသည်မို့လည်း ကားသံ လူသံမှစ၍ ကင်းဝေး ပြတ်လပ်နေသည်။
အညိုသည် ပုသိမ်ထီးကလေးကို ပိတ်လိုက်ကာ အုတ်တံတိုင်းများ ကာရံထားသော ကျောင်းတိုက် ၏ ခြံဝင်း တံခါးကျယ်ကြီးကို ဖွင့်ဝင်လိုက်၏။ ပင်ချင်းဆက် ကိုင်းချင်းယှက်မျှ စီတန်းအုပ်မိုးနေကြ သော သရက်ပင် ပိန္နဲပင်တို့၏ အရိပ်ကို ခိုဝင်လိုက်ရသောအခါ ပင်ပန်းနွမ်းလျမှုများ လျော့ပါးကာ အေးမြလန်းဆန်း သွားလေသည်။
နေပူကျဲကျဲတွင် လမ်းခပ်ဝေးဝေး လျှောက်လာရသည်မို့ နဖူးစပ်တွင် စို့နေသော ချွေးဥကလေးများ ကိုပင် သည်နေရာရောက်တော့မှသာ လက်ကိုင်ပုဝါငယ်ငြဖ့် သုတ်နိုင် အားတော့သည်။
အညိုသည် ဇရပ် တဆောင်ပြီးတဆောင် ကျော်လွန်၍ လာခဲ့၏။ သူ့ ပုခုံးမှာ ချိတ်လွယ်လာခဲ့သော ကချင်လွယ်အိတ် အနီးကလေးထဲမှ လိမ္မော်ရ်ညပုလင်းနှစ်လုံးကို စမ်းမိသောအခါ ဆရာဘုရားနှင့် ဖွားလေး ဘုရား ကို တပုလင်းစီကပ်လှူရန် သတိရသွားသည်။
"ခုအချိန်မှာ ဖွားလေးဘုရားတော့ အိပ်ပျော်ချင် ပျော်နေမှာ ..."
ထိုအတွေးနှင့်အတူ အညိုသည် ဆရာဘုရား၏ နှစ်ထပ်တိုက်ကြီး ဆီသို့ အလျင်ခြေဦးလှည့်လိုက် ၏။ ဆရာဘုရား၏ နှစ်ထပ်တိုက်ကြီးရှေ့တွင် အဖြူရောင် ဂျစ်ကားတစ်စီး ရပ်ထားသည်ကို တွေ့ရ သောအခါ အညို၏ ခြေလှမ်းများ အနည်းငယ် တုံ့နှေးသွားသည်။ သည်ကားမှာ ဆရာဘုရားကို လာပင့်သော ကား ဖြစ်ချင် ဖြစ်နိုင်သည်။ သို့မဟုတ် ဧည့်သည် ရောက်ကောင်း ရောက်နေမည်။ သို့သော် ဧည့်သည် ရောက်နေလဲ ကိစ္စမရှိပါဘူးလေ၊ လိမ္မော်ရည်ပုလင်းကပ်ခဲ့ပြီး ကိုယ့်ဇရပ်ကိုယ် ပြန်မယ့်ဟာဘဲ" ဟု တွေးရင်းနှင့် ဆက်လက် လျှောက်သွားမြဲ လျှောက်သွား၏။
"ဟော အညို ..."
တံခါးဝတွင် ဖိနပ်ကလေးကို ချွတ်ထားခဲ့ပြီး အတွင်းသို့ ၀င်မိလျှင် ၀င်မိချင်းပင် ဆရာဘုရားက လှမ်းခေါ် နှုတ်ဆက်လိုက်သည်။ ဆရာဘုရားသည် သူထိုင်နေကျ ကြိမ်ထိုးပက်လက်ကုလားထိုင် ကြီးပေါ်တွင် မတ်မတ်ထိုင်လျှက် ရှိ၏။ အသက် ငါးဆယ်ကျော်ခန့် ညိုညို၀၀ ထောင်ထောင် မောင်းမောင်းနှင့် ကော်ကိုင်း မျက်မှန်ကြီး တပ်ထားပုံမှာ ခံ့ညားနေသည်။
အဆိုပါ သီရိမာလာကျောင်း တိုက်အုပ် တိုက်ပိုင်ဆရာဘုရားကြီး ဒေါ်စရဏ၏ ရှေ့မှောက်တွင်ကား မီးခိုးရောင် ပိုးကြူလုံချိ ခပ်လတ်လတ်နှင့် အ၀ါနုရောင် အပေါ်ဖုံးအင်္ကျီကို ၀တ်ဆင်ထားသော ယောက်ျား ဧည့်သည် တယောက်သည် အပေါက်ဝသို့ ကျောပေးကာ တယောက်ထိုင် သင်ဖြူး ကလေးပေါ်တွင် ကြုံ့ကြုံ့ ထိုင်လျက် ရှိနေ၏။
"တင့်ပါဘုရား"
အညိုက ဆရာဘုရားကို ပြန်လည်လျှောက်ထားလိုက်တော့မှ ဧည့်သည်က နောက်သို့ လှည့်ကြည့် သည်။ အညို ပထမဆုံး သတိပြုမိသည်မှာ ဧည့်သည်ယောက်ျား၏ ၀င်းအိ ညက်ညောသန့်စင်နေ သော အသားအရေ ဖြစ်၏။ ထိုနောက်မှာတော့ တခါမျှ မမြင်ဘူးသော အညိုအား ဖော်ရွေညင်သာ စွာ ကြိုဆို သမှုပြုလိုက်သည့် အပြုံးကလေး စြဖ်သည်။ သည်အကြောင်း နှစ်ရပ်ကြောင့်ပင် မပိန်မ၀ မနိမ့်မမြင့်နှင့် လှလည်းမလှသော၊ အရုပ်လည်း မဆိုးသော သည်လူ၏ ရုပ်ရည်မှာ ကျက်သရေ အတော်ရှိသည်ဟု အညို က မှတ်ချက်ချမိ၏။
သူ့နှုတ်ခမ်း နှစ်လွှာမှာလည်း အလိုလို ပြန်လည် ပြုံးလိုက်မိလျက်သား ဖြစ်သွားသည်။
နောက်မှ ဆရာဘုရားကို ပြန်လည်သတိရမိကာ ကိုယ်ရှိန်သတ်လျက်၊ ဟိုး ... နောက်ပါး ခပ်လှမ်းလှမ်း တနေရာမှာ ပုဆစ်တုပ် ထိုင်ပြီး ဆရာဘုရား နောက်ဘက်ဘေးတိုက် ခပ်ယွန်းယွန်းမှ ဘုရားဆောင်တွင် သပ္ပာယ်စွာ မွမ်းမံ ပူဇော်ထားသော ဗုဒ္ဓံရုပ်ပွားတော် မြတ်ကို၎င်း၊ ဆရာဘုရားကို ၎င်း ရိုသေစွာ ၀တ်ဖြည့် ကန်တော့လိုက်ရသည်။
"အတော်ဘဲဟေ့ အတော်ဘဲ၊ ရှေ့တိုးစမ်း အညို ..."
ဆရာဘုရားက အမိန့်ရှိလိုက်မှ အညိုသည် ရှေ့နားသို့ အနည်းငယ် တိုးရွှေ့လိုက်သည်။
"အညို ဆရာဘုရားကို လိမ္မော်ရည် တပုလင်း ကပ်မလို့ပါဘုရာ့"
အညိုက ပြောပြောဆိုဆိုနှင့် လွယ်အိတ်ထည်းမှ လိမ္မော်ရည်တပုလင်းကို ထုတ်ယူလိုက်သည်။
"နေပါ ... နေပါ ..."
ဆရာဘုရားက အနည်းငယ် ပြုံးယောင်ပြုကာ လက်ကာပြလိုက်သည်။ "ဟောဒီက တူတော်မောင် ယူလာလို့ကွဲ့ ဆရာဘုရားမှာ လိမ္မော်ရည် ပုလင်းတွေ ဒါဇင်လိုက် ရှိနေပြီ၊ အညိုတို့ ဖွားလေး အတွက်သာ ယူသွား၊ နောက်ပြီးတော့ အညို့ကိုဘဲ ဆရာဘုရားက တာဝန်တခု ပေးချင်တယ်"
"တင်ပါ ... ပေးချင်တဲ့ တာဝန်ကို အမိန့်ရှိပါ ဘုရား ..."
"အင်း ... ဒီလိုကွဲ့ ... ဟောဒီက ကိုတင်မြင့်က ဆရာဘုရားရဲ့ တူအရင်းဘဲ ... ဘီစီအက်စ်ဘွဲ့ရ ၀န်ကလေး တယောက်ပေါ့ ... အသက်က ၃၃နှစ်ဆိုတော့ အညိုနဲ့ အတူတူလောက် ရှိလိမ့်မယ်၊ ခုချိန်ထိတော့ လူပျိုကြီး ဘဲကွဲ့ ..."
ဆရာဘုရားက ခပ်စူးစူးပြုံး ကြည့်လိုက်သောအခါ ကိုတင်မြင့်သည် ရှက်ပြုံးကလေးပြုံးကာ ခေါင်းငုံ့ချလိုက်၏။ ဆရာဘုရားက မျက်နှာကို တည်တည်ပြင်၍ ဆက်ပြောသည်။
"ဒါပေတဲ့ သူ့မှာ တုတ်ပြီးနှောင်င်္ပြီးတော့ ရှိပါတယ်။ သူနဲ့ စေ့စပ်ထားတဲ့ အမျိုးသမီးက ဘီကွန်းအောင်ပြီသား လက်ထောက်မန်နေဂျာ တယောက်ဘဲ အခု အလုပ်လုပ်ရင်းနဲ့ အိာအေ နောက်ဆုံးနှစ် တက်နေဆဲမို့ လက်ထပ် ဘို့ အချိန်စောင့်နေရတယ်ဆိုပါတော့"
"ဒါထက် အခုပြောမယ့် အကြောင်းထူးကတော့ ကိုမြင့်ကဲ ဗုဒ္ဓစာပေ အသင့်တင့် တတ်မြောက်ထား ချင်သတဲ့ကွယ် ခုအချိန်ရောက်မှဘဲ သူ့ဆန္ဒက ရှိလာတယ် ..."
"ခုချိန်ရောက်မှ မဟုတ်ပါဘူး ... ကြီးကြီး ဘုရားရဲ့"
ကိုတင်မြင့်က ဆရာဘုရား၏ စကားကို ဖြတ်ပြောလိုက်သည်။
"ဟိုးတုန်းကလဲ ကိုမြင့် သင်ခဲ ဘူးတာကို ကြီးကြီးဘုရားသိသားနဲ့ နောက်ပြီး အလုပ်ဝင်တယ် ဆိုရင်လဲ အလုပ် နဲ့ နဘမ်းသတ်နေရတာ အလုပ်ကချည့် လူကိုနိုင်နေတော့ ကိုမြင့် ဘယ့်နှယ် လုပ်မလဲ ကြီးကြီးဘုရား ကိုတောင် ကိုမြင့် လာမတွေ့နိုင်လို့ ကြီးကြီး ဘုရားဆီကိုသာ တခါတလေ ကားလွှတ်ပြီး အိမ်ကို ပင့်တွေ့နေရာတာလဲ နှစ်ပေါင်းဘဲ ကြာလှပေါ့ကို အခုမှ ကိုမြင့်ဌာန ပြောင်းကိုင်ရတော့ အလုပ်ကလဲ အရင် ဌာနထက် နဲနဲသက်သာ သွားတယ် အထက်လူ အောက်လူတို့ကလဲ ကိုမြင့်အပေါ်မှာ သက်ညှာ ကူညီကြတယ် မို့ ဒီစိတ်ကူးကို ကိုမြင့်ရလာပြန်တာ ပေါ့ ..."
"အေးပါကွယ် ... အေးပါ ထားပါတော့ ဒါပေတဲ့ စောစောက ကြီးကြီးဘုရား ပြောခဲ့သလိုဘဲ ကြီးကြီး ဘုရား ကိုယ်တိုင်နနဲ့ သီလရှင်များကတော့ ကြီးကြီးဘုရား ကိုယ်တိုင်နဲ့ သီလရှင်ကတော့ နေ့ဝါ ည၀ါခွဲပြီး စာတတ် စာချရတာမို့ အချိန်အား မရှိပေဘူးကွဲ့ ခုလို အဖိတ်နေ့များမှာ ဆွမ်းဆန်ခံယူ ရက်ပေး ရတာကိုတောင်မလွဲသာလို့ ပေးနေရတာကြီးကြီးဘုရား ကျောင်းတိုက်က စာပြန်ပွဲ အဆင့် ဆင့်တွေမှာ နာမည်ကောင်း ရနေတဲ့ အရှိန် အ၀ါကို ကြီးကြီး ဘုရားက အလျော့မခံနိုင်ဘူး ဒီတော့... တိုက်အုပ်ဆရာကြီး ဒေါ်စရဏ သည် စကားကို ခဏရပ်ကာ အညိုနှင့် ကိုတင်မြင့်ကို တလှည့်စီ လှမ်းကြည့်လိုက်သည်။ ပြီးမှဆက်ပြော၏။
"မင်းအတွက် ဘယ်သူ့ကိုဖြစ်ဖြစ် ဆရာတင်ဘို့ ၀န်မလေးပါဘူး ဆိုရင်ဖြင့် ဟောဒီ အညိုနဲ့မင်းကို အပ် ချင်တယ်"
သည်စကားကတော့ ကိုတင်မြင့်ထံမှ မဟုတ်ပေ။ အညိုကသာ ရှက်နိုးယောင် ကလေးနှင့် မ၀ံ့တ၀ံ့ ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။
"ဘာဖြစ်လို့တုန်း မိညိုရဲ့ "
ဒေါ်စရဏက အလိုမကျုဟန်ဖြင့် ပြန်မေးသည်။ အညိုက ငြိမ်နေ၏။
"ဟုတ်ကဲ့ ဘာဖြစ်လို့လဲ ခင်ဗျာ ကျွန်တော့် ဖက်ကတော့ အညို့ကို ဖြစ်ဖြစ်၊ ဘယ်သူ့ကို ဘဲဖြစ်ဖြစ် ဆရာ တင်ရဘို့ ၀န်မလေးပါဘူးခင်ဗျာ့"
ကိုတင်မြင့်ကပါ အညို့ဖက်သို့ လှည့်ကာ တိုက်ရိုက်မေးပြန်သည်။
"ဟို... ဟို... အညိုကလဲ သိပ်တတ်ထားတာ မဟုတ်သေးလို့ပါ... "
"ဒါကတော့အေ.... ညည်းလောက်မှ မတတ်သေးလို့ သင်ခိုင်းတာဘဲဥစ္စာ မိညိုက ကပ်သပ်စရာ မလိုပါဘူး၊ ဒီနှစ်အတွက်သည်းက စာမေးပွဲ မ၀င်ဘဲ အနားယူထားတော့ အချိန်ပို အချိန်အားဆို တာလဲ သည်းဘဲ ရနေ တာပါ၊ ကိုတင်မြင့်ကလဲ ညနေရုံးဆင်းတိုင်းတောင် နေ့ဆက်လာနိုင်မှာ မဟုတ်သေးပါဘူး... ပျက်ကွင်ချင် ပျက်ကွက်ဦးမယ့်လူပါ ဒါကိုတော့ သည်းမငြင်းစေချင်ဘူးအေ ...
"ဒီလို ဆို ရင်လဲ အညိုမငြင်းဝံ့ပါဘူး ဆရာဘုရား ... "
"အေး ... အေး ကောင်းပြီ ကိုတင်မြင့်ကို မညိုအကြောင်း နဲနဲပြောပြမယ် မိညိုကလေ... ဒီကျောင်း တိုက်ထဲမှာ ဆံရှည်ုဝတ်ကြောင် သီလရှင်ဘဲကွဲ့ ... သီလရှင်များ စည်းကမ်းအတိုင်း လိုက်နာကျင် ကြံ နိုင်စွမ်း ရှိတယ် .... စားပေပရိယတ္တိဘဲ သင်ယူတယ်အဲ.... ဆံပင်မရိတ်တာနဲ့ အ၀ါမ၀တ်တာ တခု လောက်ပါဘဲ .... ကျောင်းဆရာမလဲ တဖက်က လုပ်နေသူဆိုတော့ သူ မင်းကို စနစ်တကျ သင်ပြ နိုင်စရာ ရှိပါတယ် ဒီနေ့ကစပြီး ကိုမြင့်က အညိုကို ဆရာလို့မှတ် အညိုကလဲ ကိုမြင့်ကို တပည့် တယောက်လိုမှတ်ပြီး လိုအပ် ရာရာကို ညှိနှိုင်းသင်ပြကြပေါ့ကွယ်... "
"ကိုမြင့်လာတဲ့ အခါတိုင်း ကြီးကြီးဘုရားကို နှုတ်ဆက်ဘို့ဝတ်ပြုဘို့ မဘိုဘူး အညို့ဆီမျာသာ တိုက် ရိုက်သွားသင် အကြောင်းထူးရှိမှသာ ကြီးကြီး ဘှုရားဆီကို ၀င်ခွင့်ပြုမယ် ကြားပြီလား... ကဲ....ကဲ.... အညိုက အခုတပါထဲ ဇရပ်ကိုခေါ်သွားပြီး ပြထားပေတော့ သွားကြ.... သွားကြ"
တိုက်အုပ်ဆရာကြီး ဒေါ်စရဏသည် မျက်လွှာ ချလိုက်ကာ ကုလားထိုင် လက်ရန်းမှာ စွပ်ထားသော စိပ်ပုတီးကြီးကို ဆွဲယူလိုက်လေသည်။
အညိုနှင့် ကိုတင်မြင့်က ဗုဒရုပ်ပွာ တော်နှင့် ဆရာဘုရား ဒေါ်စရဏအား ဦးချ ကံတော့ပြီးလျှင် ကျိုးနွံ ညင်သာစွာ ထွက်ခွာလာကြသည်။
အုတ်ခဲကို မွမွညက်ညက် ထုခင်းထားသော လမ်းနီနီကလေးများမှာ ပတ်ဝန်းကျင် ဇရပ်များဆီသို့ အမွှာမွှာခွဲထွက်လျက် ရှိနေ၏။ အညိုတို့ ဇရပ်ကလေးမှာ ကျောင်းဝင်းအစွန်လောက်တွင်ရှိနေသည်။ ဇရပ် ဟု ခေါ်သော်လည်း စင်စပ်မှာ ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုးနှင့် သုံးပင် တထပ်အိမ် သပ်သပ် ရပ်ရပ်ကလေး တလုံး သာဖြစ်သည်။
သုံးဆင့် မျှသော လှေကား ကလေးကို တက်သောအခါ ဖိတ်ဖိတ်လက်လက် ရှိနေသော ကြမ်းပြင် အခင်းနှင့် သပ်ရပ်သော ဘုရားဆောင်ငယ်ကို အလျင် သတိပြုမိနိုင်သည်။ အတွင်းဖက်တွင်ကား အခန်းငယ်တစ်ခု ဖွဲ့ထားသည်ကို တွေ့ရ၏။ ထိုအခန်းငယ်နှင့်တကွ နံရံအားလုံးမှာ ဆေးဖြူသုတ် ထားကာ အခန်းနံရံ ပေါ်တွင်လည်း ဘုရားစေတီ ပန်းချီကား မျက်နှာဖုံးနှင့် ပက္ခဒိန်တခုကိုသာ ရှင်းရှင်းလင်းလင်း ချိတ်ဆွဲ ထားသည်။
အခန်းထောင့်တွင်တော့ ပေါ်ပလင် အပြာရင့်ရောင်အနားကွပ်နှင့် သင်ဖြူး ၃-၄ လိပ်မျှ ထောင်ထားသည်။
အညိုသည် သင်ဖြူးလိပ်တခုကို ကိုတင်မြင့်အတွက် ဆွဲယူ ဖြန့်ခင်းပေးလိုက်ပြီးနောက် "ဖွားလေး ဘုရား ဘယ်သွား နေပါလိမ့်၊ အညို ပြန်ရောက်ပါပြီ ဖွားလေးဘုရား" ဟု အသံပြုလိုက်သည်။
"အေး ... အေး ... ဖွားလေးဘုရား ဒီမှာ အညိုရေ ... မသုခတို့ ဇရပ်က ပိတောက်ပန်းတွေ လာပေးလို့ ဘုရားပန်း လဲဘို့ လုပ်နေတယ်"
"သြော် ... သြော် ... ပိတောက်ပန်းတွေတောင် နောက်ဆုံး သုတ် ပွင့်နေမှကိုး၊ လုပ်ပါ ဖွားလေး ဘုရား၊ ဧည့်သည် လဲ ခဏလေး ထိုင်ရစ်ပါအုံးနော် ..."
အညိုက သူ့ဖွားလေး ဘုရားခေါ်သော သီလရှင်ကြီး ဒေါ်စန္ဒီနှင့် ကိုတင်မြင့်ကို တဆက်တည်း ပြောပြီး နောက်ဖေး ဆောင်သို့ ထွက်သွားသည်။
"အို ... ကိုမြင့်ဟာ ဧည့်သည် မဟုတ်ပါဘူး ဆရာမရယ်၊ ဆရာမရဲ့ တပည့်တယောက်ပါ"
ကိုတင်မြင့်က ခပ်သုတ်သုတ် ထွက်သွားသော အညိုအား လှမ်းပြောလိုက်သည်။ အညိုက ဘာမျှ ပြန်မပြောဘဲ ရှက်ပြုံးကလေးနှင့်သာ တချက်မျှ လည်ပြန် ပြန်ကြည့်ပြီး ဆက်လျှောက်သွားသည်။
ခဏနေလျှင် အသက်(၇၀)ကျော်ခန့် ပိန်ပိန်ညိုညို သီလရှင်ကြီးတပါးသည် ပိတောက်ပန်းတွေ ဝေနေအောင် ထိုးစိုက်ထားသော တွံတေးလက်ရာ မြေပန်းအိုး လှလှကလေးကို ကိုင်လျက် နောက်ဖေး ဆောင် မှ ထွက်လာသည်။
ကိုတင်မြင့်ကို မြင်လျှင် မျက်ခုန်းများတွန့်ရှုံ့ကာ မှုန်ဝေသော မျက်စိများကို အားစိုက်လျက် ကြည့်ရှု ပြီးနောက် မသိသောသူကို နှုတ်ဆက်သည့်အနေနှင့် ပြုံးယောင်ပြုလိုက်သည်။ ပြီးလျှင် ဘုရားစင်ရှေ့တွင် ကြုံ့ကြုံ့ထိုင် ရှိခိုးကာ အသံခပ်တိုးတိုးနှင့် ဘုရားပန်း ကပ်လှူနေလေသည်။
အတန်ငယ်ကြာလျှင် အညိုလည်း နောက်ဖေးဆောင်မှ ပြန်ထွက်လာသည်။ သူ့လက်ထဲတွင်မူ ယွန်းလင်ပန်းငယ်တချပ်တွင် လိမ္မော်ရည်ဖန်ခွက် နှစ်လုံးထည့်ကာ ကိုင်ယူလာ၏။
အိမ်ရှေ့ခန်းသို့ ရောက်သောအခါ ကိုတင်မြင့်၏ ရှေ့နားတွင် ယွန်းလင်ပန်းငယ်ကလေးကို ချထား လိုက်ကာ မနီးမဝေး တွင် သိမ်သိမ်မွေ့မွေ့ကလေး သွားထိုင်နေလိုက်သည်။
သီလရှင်ကြီး ဒေါ်စန္ဒီ ဘုရားပန်းကပ်လှူပြီး၍ ဧည့်သည်ဖက်သို့ မျက်နှာမူကာ လှည့်ထိုင်လိုက်တော့ မှ အညို သည် လိမ္မော်ရည် တဖန်ခွက်ကို ယူပေးကာ "သောက်လိုက်ပါ ဖွားလေးဘုရား" ဟု ပြော လိုက်သည်။ ပြီးတော့မှ ကိုတင်မြင့်ဘက်သို့ လှည့်လာပြီး "ဦးတင်မြင့်လဲ သောက်ပါရှင်" ဟု ပြောလိုက်သည်။
"ဟောခင်ဗျာ ... ဆရာမက ကိုယ့်တပည့်တယောက်းကို ဦးတင်မြင့် ခေါ်နေရင်ဖြင့် တပည့် တယောက်အနေနဲ့ မခံယူဝံ့ပါဘူး ခင်ဗျာ၊ ပြင်ပြီး ခေါ်ပါလို့ တောင်းပန်ရတော့မှာပါဘဲ"
"အို ... အညို့ကိုလဲ ဆရာမခေါ်ရင် အညိုနေတတ်မှာ မဟုတ်ဘူး ဦးတင်မြင့်"
"ဒါဖြင့် ဘယ်လိုခေါ်ရမလဲခင်ဗျာ ..."
"အညိုဘဲ ခေါ်ပေါ့"
"ကောင်းပါခင်ဗျာ၊ ကျွန်တော့်ကိုလဲ ကျွန်တော့် မိဖု နှမတွေ ခေါ်သလို ကိုမြင့်လို့ ခေါ်နိုင်ပါတယ်"
"ဟုတ်ကဲ့ရှင် ... လိမ္မော်ရည်လေးလဲ သောက်လိုက်ပါအုံး"
ကိုတင်မြင့်က လိမ္မော်ရည်ကို တကျိုက်ချင်း နားနားနေနေ သောက်လိုက်သည်။
"ဒါထက် စကားမစပ် အညို ညစာချက်ပြီးပြီလားခင်ဗျား၊ ကျွန်တော့်အတွက် အချိန်တွေ လစ်ဟင်း ကုန်ပြီ လား မသိဘူး"
"အညို ညစာမစားပါဘူး ကိုမြင့်ရဲ၊ ဒီကျောင်းရောက်ထဲက ညစာမစားဘဲ နေလာတာ ၅-နှစ်ထဲကို ရောက်ပါပြီ"
"ဟင် ... အဆန်းပါလလား၊ ဒါနဲ့တောင် သီလရှင် မ၀တ်သေးတာကတော့ ပိုပြီးဆန်းတယ် ဆိုရမှာပဲ ခင်ဗျာ ..."
အညိုက ရှက်သွေးစို့စို့နှင့် ပါးအို့ကလေး ရဲသွားသည်ခဏနေမှ မျက်တောင်ကလေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာ အားယူပြီး ပြန်ပြောလိုက်၏။
"အညိုလေ သီလရှင် ၀တ်နိုင်ဘို့ ကြိုးစားနေတာ ငါးနှစ်ကျော်ပါပြီ ကိုမြင့်ရယ်၊ ဒီနေ့ထိ မအောင်မြင် နိုင်သေးတာတော့ အညိုလဲ ရှက်ပါတယ်"
"အို ... အို ... ဒါဟာ ရှက်စရာမဟုတ်ပါဘူး အညို၊ ဒီကိစ္စမဆိုတာ ဘ၀ဘ၀က အညိုပါရမီ ပါလာဦးမှ ဖြစ်တာဘဲ၊ ဘာအညိုက ဆံပင်နှမြောနေတယ် ထင်ပါရဲ့ ဟုတ်လား ..."
"ဟုတ်ကဲ့ ... ဒါလဲ တကြောင်း အပါအ၀င် ဖြစ်နိုင်ပါတယ် နောက်ပြီးတော့ အညိုက ခေတ်ပေါ် ၀တ္ထုတွေလဲ ကြိုက်တယ်၊ တခါတလေ ရုပ်ရှင်လဲ ကြည့်ပါတယ်၊ နောက်ပြီး ... အညို အလှူခံ မစားရတာကတော့ အဓိက အကြောင်းပါဘဲ"
အညိုက သူ့ဖြစ်အင်ကို သူကျေနပ်ဟန်ဖြင့် အသံတိမ်ဝင်သွားသည်။
"သြော် ... ဟုတ်ပေသား၊ အညို ဆရာမလုပ်တယ်ဆိုတာ ကြီးကြီးဘုရားတောင် ပြောလိုက်သေးတာ ဘဲ၊ ဘယကျောင်းမှာလဲ အညို ... "
"ကျောင်း မဟုတ်ပါဘူး ကိုမြင့်ရဲ့၊ ကလေး၅ယောက်ထဲကို ကျူရှင်ပေးတာပါ၊ မနက် ၇နာရီထိ နှစ်ချိန်ခွဲပြီး သင်ရပါတယ်၊ ဒီအလုပ်အတွက် လခ ၇၅ိ ရပါတယ်ရှင်၊ ဖွားလေးဘုရားကလဲ ဆွမ်းဆန် မရပ်နိုင်တဲ့အရွယ်မို့ ရံဖန်ရံခါ နာမကျန်းရှိတဲ့အခါများမှာဆိုရင် အညိုမှာရှိတဲ့ ရွှေတိုရွှေစကလေး တွေကို ထုခွဲရတဲ့အထိ ဖြစ်တတ် ပါသေးတယ်။ ဒါပေတဲ့ ဒီလိုဆင်းရဲတာကို အညို မရှက်ပါဘူး"
အညို သည်နေရာတွင်တော့ အသံအောင်မာ ပြတ်သားစွာနှင့်ပင် ပြောလေသည်။ ပြီးတော့မှ တစုံတရာကို တွေး မိဟန်ဖြင့် တွေတွေငေးငေးကလေး ဖြစ်သွားသည်။
ဆက်ရန်

10 comments:
ဇာတ်လမ်းရော အရေးအသားပါ ကောင်းပါတယ်။
ဒါပေမယ့် စာလုံး အပိုတွေပါသလို၊ အလိုတွေလ
ည်း တွေ့ရပါတယ်..။ အဲဒါလေးတွေကို သတိထာ
းရေးစေချင်ပါတယ်..။ စာကောင်းတစ်ပုဒ် ပျက်စီး
သွားမှာ စိုးလို့ပါ...(အမှားပါတာကို ကျွန်တော်
လက်ခံပါတယ်..။ ကျွန်တော်လည်း မှားတာပါပဲ.
ကျွန်တော်က စေတနာနဲ့ ပြောတာပါ...)
ကျေးလက်သားလေး
Nice one!
I like this book.
Thanks for sharing!
Ray
စိတ်ဝင်စားစရာ ဇတ်လမ်းလေးပဲ မမရေ။။
စောင့်မျှော်အားပေးနေပါတယ်လို့...
ကောင်းသောနေ့ လေးဖြစ်ပါစေမမ။
အင်း...
အားပေးတယ်ဗျိုး....။
ဘာပဲဖြစ်ဖြစ် ရေးချင်၊ ပေးချင်တဲ့  စေတနာတွေ
မြင်နေရပြီ။
ရှားပါးတဲ့  ဇာတ်အိမ် ဖွဲ့ မှုလို့  ထင်တာပဲ။
ကွန့် မြူး နိုင်သလောက် “ ညိ ” နိုင်တဲ့  ဇာတ်
လို့  ထင်ပါတယ်။
အင်း...စိတ်ဝင်စားစရာပဲနော်...ကိုတင်မြင့်မှာချည်ပြီးတုတ်
ပြီးသား၇ှိတယ်ဆိုတော့....၊ပြီး ခေါင်းစဉ်ကလည်း အရှက်
ဆိုတော့.....။
အဲလို အနုအရွတွေ မဖတ်ဖြစ်တာတောင် အတော်ကြပေါ့... ဘယ်လိုများဇတ်သိမ်းမလဲ ခန့်မှန်း ကြည့်မိသေးတယ်.။
ဆက်ရန် ရှိသေးသည်ဆိုတော့... မျှော်နေပါကြောင်း
ဆရာမစိန်စိန် စာတွေ မဖတ်ရတာ ကြာပြီ။ ကျေးဇူးပါ အစ်မရေ။
အခု သီလရှင်ဆရာလေးတွေအကြောင်း ရေးတာတော့ ကိုကျေးလက်သားလေး ပြောသလို ကျွန်တော်လဲ ခံစားရတယ်.
သီလရှင်တွေက စာချ တိုက်ကြပ် ဆရာကြီးတွေကို ဆရာကြီး၊ ဆရာကြီးဘုရားလို့ပဲ သုံးကြတယ်။ ဖွားလေးဘုရားတို့၊ ကြီးကြီးဘုရားတို့ သုံးတာ မကြားမိဘူး။ အမျိုးတော်လို့ အဒေါ်အဖွား ခေါ်ချင်ရင်လဲ ဘုရားတပ်နေစရာ မလိုတော့ဘူး။ သာသနာဝေါဟာရနဲ့ မသုံးနှုန်းဘဲ လူလို သုံးချင်လို့ သုံးနေပြီပဲ။ ဘုရားထပ်ရအောင် ဘုရင်ခေတ်က မင်းမျိုးတွေလဲ မဟုတ်ဘူးလေ။
နောက်ပြီး မြင်မိတာက ကိုတင်မြင့်နဲ့တွေ့ပုံ ဇာတ်လမ်းကို တစ်မျိုးဆင်ရင် ကောင်းမယ်။ ရင့်ကျက်တဲ့အရွယ်ရောက်နေပြီး လောကအကြောင်းလဲ သိနားလည်နေတဲ့ ပရိယတ္တိစာပေတတ် သီလရှင်ဆရာကြီးက အိမ်ထောင်ပြုခါနီး လူပျိုတစ်ယောက်ကို အပျိုမလေးဆီမှာ နှစ်ကိုယ်ချင်း စာသင်စေတယ်ဆိုတယ် မတော်မှန်း၊ ဟိုတစ်ဖက် ဇနီးလောင်းကို ကိုလူပျိုက စွန့်လွှတ်သွားတဲ့အထိ ဖြစ်နိုင်မှန်း ဆရာကြီး မှန်းဆမိရမှာပေါ့။
တရားဓမ္မ သင်ချင်ရင် ဖတ်ဖို့စာအုပ်တွေ ညွှန်လိုက်လို့ ရတာပဲ။ ဒီလူ စာမတတ်တာမှ မဟုတ်တာ။ လူနဲ့မှ သင်ချင်ပါတယ်ဆိုလဲ ဒီလို ဓမ္မကို စိတ်ဝင်စားပြီး သင်ချင်ပါတယ်ဆိုလို့ကတော့ သင်ပေးချင်တဲ့ ရဟန်းတော်တွေ အများကြီးပါ။ ဘုန်းကြီးကျောင်းတွေ၊ သင့်တော်ရာ ဦးဇင်းနဲ့ ဆရာတော်တွေ ညွှန်လိုက်လို့ ရတာပဲ။ စာသင်တိုက်ကို ဦးစီးနေတယ်ဆိုကတည်းက စာသင်စာချ သံဃာအသိုင်းအဝိုင်းနဲ့လဲ အလှမ်းဝေးတာမှ မဟုတ်တာ။
ကျူရှင်ပြတဲ့ လခ ၇၅ ကျပ်ရတဲ့ ခေတ်ဆိုတော့ အတော်ကြာခဲ့ပြီထင်ပါတယ်
အဲ့ဒီခေတ်က အရှက် အကြောက် က ခုခေတ်ထက်တော့ ပိုပြီး ကြီးပါလိမ့်မယ် ။
သီလရှင်ကျောင်းမှာ ကိုတင်မြင့်နဲ့ အညိုတို့ ရဲ့  ဘယ်လိုဇာတ်လမ်းကြောင့် ဒီခေါင်းစဉ်ဖြစ်လာရတာလည်းလို့  တွေးစရာ ပါပဲ..
စောင့်မျှော်အားပေးလျှက်ပါ..
ခင်မင်စွာဖြင့်
ကိကိ
ဇာတ်လမ်းက အစမှာတင် စိတ်ဝင်စားနေပြီ
ဘာဆက်ဖြစ်မလဲ သိချင်မိတာ။
ဆက်ရန်ကိုတော့ ပြန်လာမှ ဆက်ဖတ်မယ်အစ်မရေ
ခရီးသွားဦးမှာမို့ နှုတ်ဆက်သွားတယ်နော်
ပျော်ရွှင်သောအတာသင်္ကြန်နဲ့ နှစ်သစ်ဖြစ်ပါစေရှင်
Post a Comment