Saturday, April 2, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃ဝ)

 အခန်း ၂၈
ဧရာမ စိတ်ကူးအိပ်မက်


လူသားသည် ၁၉၆၉ ခုနှစ် ၊ နွေရာသီတွင် ပထမဆုံးအကြိမ်အဖြစ် လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ ထိုအချိန်က ကျွန်တော်သည် ၈ နှစ်သားမျှသာ ရှိသေးသည်။ ထိုအချိန်တည်းကပင် လူတွေလုပ်ဖို့ ဖြစ်နိုင် တာတွေဟာ အများကြီးပါကလား။ ဘာမဆို ဖြစ်နိုင်လောက်ပါကလားဟု သိခဲ့သည်။ လပေါ်သို့ လူသား တို့ ခြေချ လိုက်နိုင်ခြင်းသည် ကမ္ဘာပေါ်ရှိ လူအားလုံး ဧရာမအိပ်မက်ကြီးတွေ မက်ခွင့်ပေး လိုက်ခြင်းပင် ဖြစ်ပေ သည်။

ထိုနှစ်နွေရာသီတွင် ကျွန်တော်သည် စခန်းချနေရသည်။ လဆင်းယာဉ် လပေါ်သို့ ဆင်းသက် လိုက်ပြီးမှပင် ကျွန်တော် တို့ အားလုံးအား ရုပ်မြင်သံကြား တပ်ဆင်ထားသည့် ပင်မလယ်တောအိမ်သို့ ခေါ်ဆောင် လာခဲ့သည်။အာကာသယာဉ်မှူးများသည် လှေကားမှ ဆင်းလြာ့ပီး လမျက်နှာပြင်ပေါ်တွင် ခြေတင်နိုင်ဖို့ အတော်ကြီး အချိန်ယူခဲ့ကြရပါသလား။ ကျွန်တော် နားလည်လိုက်၏။ သူတို့မှာ ထိုးစရာ ဂီယာတွေက မနည်း ပါကလား။ အသေးစိတ်ကအစ ဂရုစိုက်စရာ တွေက များလှပါကလား။ သို့ရာတွင် ကျွန်တော် စိတ်ရှည် စွာ ကြည့်ဖြစ်ခဲ့ပါသည်။

 သို့ရာတွင် စခန်းသို့ ပြေးလာကြသူများသည် မိမိတို့၏ နာရီများကိုသာ ကြည့်နေကြသည်။ အချိန်မှာ ၁၁ နာရီ ရှိသွားပေပြီ။ လပေါ်မှာ တိကျသေချာသည့် ဆုံးဖြတ်ချက်ချနေစဉ်မှာပင် ဤကမ္ဘာမြေပြင်၌လည်း အတော် မိုက်မဲသည့် ဆုံးဖြတ်ချက်ကို ချလိုက်ပါသည်။ ညဥ့်နက်ပြီ။ အိပ်ကြတော့။ ကျွန်တော်တို့ အားလုံး အား မိမိတို့တဲများသို့ ပြန်ခိုင်းလိုက်ပေ၏။

ကျွန်တော်သည် စခန်းဒါရိုက်တာများကို အတော်စိတ်ဆိုးမိသည်။ ကျွန်တော်ခေါင်းထဲမှာ ဤအတွေးမှာ ဤအတွေး က ၀င်လာသည်။ 'ငါတို့ လူသားမျိုးနွယ်သည် ကမ္ဘာဂြိုလ်မှ အပြင်သို့ထွက်ကာ ကမ္ဘာသစ် တစ်ခု ပေါ်မှာ ပထမဆုံး ခြေချကြသည်။ ဒီလူကြီးတွေက အိပ်ရာဝင်ချိန်က အရေးကြီးသည်ဟု ထင်နေကြ ပါသလား' ဟူသော အတွေးဖြစ်ပါ၏။
သို့ရာတွင် နောက်ထပ် သီတင်းပတ်အနည်းငယ်အကြာ ကျွန်တော် အိမ်ပြန်ရောက်သောအခါ ကျွန်တော် ဖခင် သည် ဒုတိယ အာကာသယာဉ်မှူးဖြစ်သူ နီးလ်အမ်စရောင်း လပေါ်သို့ ခြေချနေပုံကို တွေကို တီဗီမှ  ဓါတ်ပုံရိုက် ယူထားပါပေ၏။ ကျွန်တော်တို့မှာ ယနေ့တိုင် ထိုလပေါ်ဆင်းသည့် ဓါတ်ပုံရှိနေဆဲ ဖြစ်ပါသည်။

လပေါ်သို့ လူကို လွှတ်တင်နိုင်ရေးကလေးအတွက် ငွေတွေ ဒေါ်လာဘီလျံနှင့်ချီ၍ သုံးပစ်သည်။ ထိုငွေတွေ ကို ကမ္ဘာမြေပေါ်မှာ ရှိနေကြသည့် ဆင်းရဲငတ်ပြတ်နေသူတွေအတွက် သုံးလိုက်ပါလျှင် အဘယ်မျှ အသုံးတည့် ပေမည်နည်းဟူသော ငြင်းခုန် ပြောဆိုချက်များကိုလည်း သဘောပေါက်ပါ၏။ သို့ရာတွင် ကျွန်တော့် လို သိပံ္ပပညာရှင်တစ်ဦးကမူ စိတ်ကူးဥာဏ်မျိုးသည် လူသားတို့၏ ကောင်းကျိုးကို ဆောင်ကြဉ်း ပေးနိုင်သော လက်နက်ကိရိယာတစ်ခုဟု မြင်ပေသည်။

ဆင်းရဲမှု ပပျောက်ရေးအတွက် ငွေကြေးကို သုံးသည့်အခါ ငွေကြေးသည် အလွန်တန်ဖိုး ရှိသွားသည်လည်း မှန်ပါ၏။ သို့ရာတွင် အတိုင်းအတာ တစ်ခုနှင့်သာ လုပ်နေရခြင်းမျိုး ဖြစ်သည်။ လပေါ်သို့ လူလွှတ်တင် လိုက်ခြင်း မျိုးကား ကျွန်တော်တို့အားလုံးအား လူသားတို့၏ အမြင့်ဆုံး စွမ်းရည်ရရှိအောင်လုပ်ဖို့ နှိုးဆွ ပေးလိုက်ခြင်း ဖြစ်ပေသည်။ ဤသို့ လူသားတို့၏ စွမ်းရည် အမြင့်ဆုံး ရရှိအောင်လုပ်ခြင်းမှာလည်း ကျွန်တော် တို့၏ အကြီးမားဆုံး ပြဿနာများကို ဖြေရှင်းသွားနိုင် ရန် ဖြစ်ပေသည်။

သင့်ကိုယ်သင် အိပ်မက်မက်ခွင့် ပြုလိုက်စမ်းပါ။ သင့်ကလေးတွေ အိပ်မက်မက်တာကိုလည်း အားပေးပါ။ တစ်ခါတစ်ရံ တွင်ကား သူတို့၏ အိပ်ရာဝင်ချိန်ထက် ကျော်လွန်သည့်တိုင် မအိပ်သေးဘဲ လည်း ဖြစ်ချင်တော့ ဖြစ်နေပါလိမ့်မည်။
အခန်း ၂၉
အပေါ်ယံဟန်ထက် စိတ်သန်မှုက သာသည်

ကျွန်တော်သည် ဘယ်အခါတွင်မဆို တကယ် စိတ်ထက်ထက်သန်သန်ရှိသူနှင့် အပေါ်ယံဟန်သမားကို ယှဉ်လျှင် စိတ်ထက်ထက်သန်သန် ရှိသာလျှင် ရွေးချယ်ကြသည်။ စိတ်ထက်ထက်သန်သန် ရှိသူသာ ရေရှည်ခံ ပေသည်။
စိတ်ထက်သန်မှု၏ ကောင်းပုံကို အမှန်အတိုင်း မသိတတ်ကြပေ။ စိတ်ထက်သန်မှုသည် ရင်ထဲ၊ ရိုးတွင်းချဉ်ဆီ ထဲက လာ၏။ ဟန်သဘောမှာ အပေါ်ယံကြောအားဖြင့် လူအထင်ကြီးအောင် ပြုခြင်းမျှသာ ဖြစ်သည်။

'ဟန်' သမားများသည် သူတစ်ပါးကို လိုက်တုခြင်းမျိုးလောက်သာ ၀ါသနာထုံသည်။ ထာဝရ ကြာရှည်ခံသည့် အတု ဟူ၍ မရှိပါ။ ကျွန်တော်ကတော့ စိတ်ထက်သန်မှုရှိသူများကိုသာ ပို၍ လေးစားသည်။ စိတ်ထက်သန် မှု ရှိသူများသည် မျိုးဆက် အဆက်ဆက်တိုင်တည်နေမည့် အရာမျိုးကို ပြုကြ၏။ အပေါ်ယံဟန်သမားများကမူ သူတစ်ပါးကို တုမှ ဖြစ်မည်ဟု ယူဆကြလေသည်။

စိတ်ထက်သန်မှု ရှိသူ တစ်ဦးဦးအကြောင်းကို စဉ်းစားကြည့်သည့်အခါ ကြိုးကြိုးစားစားလုပ်ကိုင်ရင်း အီးဂဲလ် စကောက် ရခဲ့ဖူးသည့် အလုပ်လျှောက်သူတစ်ဦးကို တွေ့လိုက်သည်ဆိုပါလျှင် ကျွန်တော်သည် ထိုသို့သောသူမျိုး တွေ့မိသည့်အခါတိုင်းနီးပါးပင် ထိုအီးဂဲစကောက်ဖြစ်ဖူးသူကို ခန့်ထားဖို့ ကြိုးစား မိမည်ဖြစ်ပေသည်။ အီးဂဲစကောက်ဆိုသည်မှာ ဆုတံဆိပ် ၂၁ ရသည့် အမြင့်ဆုံး ဘွိုင်းစကောက်ဖြစ်ပေရာ ထိုသူမျိုးတွင် အပေါ်ယံကြော စိတ်ဓါတ်မျိုးနှင့် မယှဉ်သာသည့် စိတ်ထက်သန်မှုမျိုး တွင် အပေါ်ယံကြော စိတ်ဓါတ်မျိုး နှင့် မယှဉ်သာသည့် စိတ်ထက်သန်မှုမျိုး ရှိရမည်သာ ဖြစ်သည်ဟု ကျွန်တော် သိထားပေသည်။

စဉ်းစားကြည့်ပါ။ အီးဂဲစကောက်ဖြစ်ဖို့ ဆိုသည်မှာ ၁၄ နှစ်သားအရွယ်လောက်က လုပ်ခဲ့သော    အရာကို အသက် ၅၀ ရောက်မှ ကိုယ့်ကိုယ်ရေးရာဇ၀င်ပုံစံပေါ်တွင် ဖော်ပြနိုင်သည့်အရာမျိုးဖြစ်ရာ ထို အချက်က ပင်လျှင် လေးစားအထင်ကြီးစရာ ဖြစ်နေသေးပေသည်။ (ကျွန်တော် စိတ်ထက်သန်မှုဖြစ်အောင် ကျွန်တော် ကြိုးစား ခဲ့သည်ဟု ဆိုရစေကာမူ ကျွန်တော် ကိုယ်တိုင်လည်း အီးဂဲစကောက် ဖြစ် အောင် မလုပ်နိုင်ခဲ့ပါ။)

စကားစပ်၍ ပြောရသော် ဖက်ရှင်ဆိုသည်မှာ စီးပွားကုန်သွယ်မှု သဘောအရ အပေါ်ယံကြော ဟန်လုပ်ခြင်း တစ်မျိုးပေတည်း။ ကျွန်တော်ကတော့ ဖက်ရှင်တွင် လုံးဝ ၀ယ်ဝတ်ခဲသည်။ ဖက်ရှင်မကျတော့ဘဲ ခေတ်တိမ် သွားလိုက် ဖက်ရှင်ပြန်ဖြစ်လာလိုက်ဖြစ်သည်မှာလည်း တချို့လူတွေက တချို့နေရာမှာ သည်အ၀တ်အစား ကို ၀တ်လိုက်လျှင် သူတို့ကို လူတွေက စိတ်ဝင်စား သဘောကျလိမ့်မည်ဟူသော အချက်ပေါ်တွင် လုံးဝ အခြေခံ နေသည်။ ကျွန်တော်ကတော့ ရူးသွပ်ခြင်းဟူ၍သာ ယူဆပေသည်။

ကျွန်တော်မိဘများကျ ကျွန်တော့်အား ဤသို့သင်ပေးထားသည်။ '၀တ်နေတဲ့ အ၀တ်အစား ဟောင်းပြဲစုတ် သွားမှ အ၀တ်သစ်ကို ၀ယ်ပါ တဲ့။ ကျွန်တော်၏ နောက်ဆုံးဟောပြောချက်မှာ ကျွန်တော် ၀တ်စားလာတာကို မြင်တွေ့ဖူး သူများသည် ကျွန်တော့်မိဘများ အဆုံးအမအတိုင်း ကျွန်တော် နေထိုင်ကြောင်းကို သိရှိ သဘောပေါက် ပေလိမ့်မည်။
ကျွန်တော် အ၀တ်အစား များသည် အပေါ်ယံသဘော မဟုတ်။ ဟန်မဟုတ်။ ဖက်ရှင်မဟုတ်။ စိတ် ထက်သန်မှု လို အရာမျိုးဖြစ်သည်။ ကျွန်တော် အ၀တ်အစားများသည် နောက်ဆုံးပေါ် ဖက်ရှင်ပင် မဟုတ် သော်လည်း ကျွန်တော့်အတွက် ဆက်လက်၍ အသုံးတည့်နေဦးမည်သာတည်း။

ဆက်ရန်
.

No comments: