Friday, April 22, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၆)

ညာမေတင်သည် လူဝံကြီး တိုက်သည့် ရေကို အားရပါးရ သောက်လိုက်သည်။ ညာမေ တင် ရေသောက်ပြီး သောအါ လူဝကြီးသည် သူ့ရင်ခွင်ထဲမှာ ယုယကြင်နာဟန်ဖြင့် ပွေ့ပိုက်ထား သော ညာမေတင် ကို မလွှတ်သေးဘဲ ပျားသလက်ပြစ်ပေးခဲ့သည့် လူဝံကြီးကို သူတို့ဘာသာဘ၀ ဖြင့်အသံပြုလိုက်သည်။ ညာမေတင် အပါး သို့ ရောက်လာသည်။

နှစ်ကောင်လုံး အနားသို့ ရောက်လာသောအခါမှ ညာမေတင်သည် ကြောက်ကြောက် ဖြင့် နှစ်ကောင်လုံးကို ကြည့်လိုက်သည်။ ထိုအခါ သူ့ကိုပျားသလက် ပြစ်ပေးသော လူဝံကြီးသည် လူဝံအမကြီး ဖြစ်ပြီး သူ့ကိုရေတိုက်ပြီး ပွေ့ပိုက်ထားသော လူဝံကြီးသည် လူဝံအထီးကြီး ဖြစ်ကြောင်းသိရသည်။

ညာမေတင်ကို ပွေ့ပိုက်ထားသော လူဝံအထီးကြီးက သူ့ရင်ခွင်ထဲမှာ ရှိနေသော ညာမေတင် ကို လူဝံအမကြီးလက်ထဲသို့ လွှဲပေးလိုက်သည်၊ လူဝံအမကြီးက ညာမေတင်ကို မိခင်က သမီး ငယ်အားပွေ့ပိုက်သလို သူ့ရင်ခွင်ထဲမှာ ကြင်နာစွာ ပွေ့ပိုက်လိုက်သည်။ သူ့တို့ကိုယ်နံ့က ဆိုးရွား သော်လဲ သူတို့အမွှေးက နွေးထွေးသည်၊ ရင်ငွေ့နူးညံ့သည်။
လေယာဉ်ပေါ်က ကျခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေသော ညာမေတင်သည် ပျားသလက် ကိုဘဲ အ၀ စား လိုက်ရပြီးပြီ၊ အေးမြသောရေကိုလဲ အ၀သောက်လိုက်ရပြီးပြီ၊ လူဝံမကြီး၏ နွေးထွေး နူးညံ့သော ရင်ခွင်ထဲ မှာ သက်ထောင့် သက်သာပိုက်ပွေ့ ထားခြင်းကို ခံနေရသောအခါ ညာမေတင်သည် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားရှာ လေတော့သည်။

မည်မျှကြာအေင် အိပ်ပျော်နေသည်မသိ၊ ညာမေတင်အိမ်ယာက နိုးလာသော အချိန်သည် ညနေ နေ၀င် ပြီး၍ မှောင်ရိပ်ပင် သန်းစပြုနေပြီ။
    ညာမေတင်မျက်လုံး ဖွင့်ကြည့ိလိုက်သည်။ သို့သော် ညာမေတင် ရောက်နေသော နေရာ သည်လူဝံကြီး မောင်နှံ အသိုက် လုပ် နေထိုင်သော သစ်ပင်မြင့်ကြီး၏ ခွကြားထဲက လူဝံကြီးမောင် နှံ၏ နေထိုင်ရာ အသိုက် ထဲမှာ ဖြစ်နေသည်။ နေ၀င်ပြီး မှောင်ရိပ်သန်းနေပြီ ဆိုသော်လဲ လူဝံသိုက် လုပ်ထားသော သစ်ပင်ကြီးမှာ မြင့်မား လွန်း သောကြောင့် မိုးကောင်းကင်က နေ၀င်ပြီးစ နီးရဲသော တိမ်ရောင်တွေသည် သစ်ပင်ကြီးတွေ ထူထပ် လွန်းသော မြေပြင်ကို တိမ်ရောင် မပက်ဖြန်းနိုင် သော်လဲ မြင့်မားသည့် သစ်ပင်ကြီးထက်မှ လူဝံသိုက် ကိုမူ သဲသဲကွဲကွဲ မြင်နိုင်အောင် နီရဲသော တိမ်ရောင်က ပက်ဖြန်းပေးနေသည်။
 
နီရဲသော တိမ်ရောင်ဟပ်နေသောအခါ ပင်ကိုယ်က ချောမောလှပသောရုပ်ရည်ဖြင့် ချစ်စရာကောင်း လှ သော ညာမေတင်သည် တိမ်ရောင်ကြောင့် ပိုပြီး လှပချောမောခါ ချစ်စရာ ကောင်းလွန်းနေသည်။
    ညာမေတင် အနားတွင်မူ လူဝံကြီး မောင်နှံသည် ညာမေတင်၏ ဘေးနှစ်ဘက် မှာ တကောင်စီထိုင်ပြီး ညာမင်တင် ကို ပျောက်ကွယ်သွားမည် စိုးရိမ်သည့်အလား စေ့စေ့ကြည့်နေကြ သည်ကို တွေ့ရသည်။

    အိပ်နေရာမှ ထထိုင်ခါ ညာမေတင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊ ထို့နောက် အသိုက်ထက်မှ သစ်ပင်အောက် ကို ငုံ့ကြည့်လိုက်သည်၊ မြင့်မားသော သစ်ပင်ကြီး၏ အောက်အခြေကို မမြင်ရအောင်ပင် မှောင်ရိပ် က ဖုံးလွှမ်းနေပြီဖြစ်သည်။ ညာမေတင်သည် အားငယ်စွာဖြင့် သည်းထန်စွာ ရှိုက်ငင်ငိုကြွေး လိုက်သည်။
    လူဝံကြီးမောင်နှံသည် ညာမေတင်ငိုနေသည်ကို စိုက်ကြည့်နေသည် ညာမေတင် ငိုနေစဉ်မှာပင် နီရဲသော တိမ်ရောင်တွေ ပျောက်ကွယ်သွားသည်၊ ညအမှောင် လွှမ်းမိုးလာပြီ ဆိုသော်လဲ ထိန်ထိန်သာသာ လရောင် ကြောင့် အောက်ခြေမြေပြင်မှာ အလင်းရောင် မရှိနိုင်အောင် ဖြစ်နေလင့်ကစား ညာမေတင် ရှိနေသော လူဝံသိုက်ကြီးမှာကား လရောင်ကောင်းစွာရနေသည့် အတွက် လင်းနေသည်။

    ငိုရ၍မောသွားပြီဖြစ်သော ညာမေတင်က အငိုတိတ်ပြီး ရှိုက်နေသည်၊ လူဝံကြီး မောင်နှံသည် ညာမေတင် ကို သူတို့ဘာသာဖြင့် တိုးတိုးတိတ် တိတ် အသံမြည်ပြလိုက်ကြသည် ထိုနောက် ညာမေတင် အိပ်ပျော် နေစဉ် မှာ အဆင်သင့်ရှာဖွေထားသည့် သစ်သီးတွေကို၎င်း ချိုမွှေးသော ပျားရည်စက်လက် ရှိနေသည့် ပျားသလက်ကို၎င်း ခွက်သဏ္ဍာန်ဖြစ်နေသော သစ်ခွံဖြင့် ခပ်ထားသည့် ရေကို၎င်း တခုပြီးတခု လက်ဖြင့် ယူပြသည်။ ညာမေတင် ပါးစပ်နား တေ့ပေးသည်၊ စားစေလိုသော စေတနာကို သူတို့ဘာသာ ဘာဝ အမူအရာ ဖြင့် ပြုမူပြသည်။

    ဤအခြေအနေမှာ ညာမေတင်သည် လူဝံကြီးမောင်နှံကို ကြောက်သည့် စိတ်မရှိတော့ချေ၊ အားငယ် သည့် စိတ်နှင့်ဝမ်းနည်းသည့် စိတ် မိဘတွေနှင့် ကြီးကြီးမေကို လွမ်းသည့်စိတ်သာရှိတော့သည်။

    သို့သော် ခလေးပြီပြီ ဆာလောင်သည့် စိတ်ကလဲ ရှိနေသည်၊ ထို့ကြောင့် ငိုရင်း မျက်ရည် သုတ်ရင်း နှင့် ပင် လူဝံကြီးမောင်နှံကြွေးသည့် အစားအစာတွေကို ၀လင့်သည့် တိုင်အောင်ပင် စားလိုက်သည် အေးမြသော ရေကို အ၀သောက်လိုက်သည်၊ ညာမေတင် စားသောက်နေသည်ကို အနားက ထိုင်ကြည့် နေသော လူဝံကြီးမောင်နှံသည် ၀မ်းသာ နှစ်သိမ့်ဟန်ပေါ်နေသည်၊ သစ်သီးကို တခုပြီးတခု ယူပေးသည်၊ ညာမေတင် မခွဲနိုင်သော သစ်သီးကို သူတို့၏ သန်မာသော လက်ကြီးများဖြင့် ထုတ်ရခက်ခဲသော အစေ့ တွေကို ထုတ်ပေးသည်။

    စားသောက် ပြီးစီးသွားပြီ ဖြစ်သောညာမေတင်သည် သူဘယ်နေရာရောက်နေသည်ကို မသိနိုင် ရှာတော့ချေ၊ သူ့မိဘတွေနှင့် သူ့ကြီးကြီးမေ ရှိရာသို့ ပြန်သွားနိုင်ရန် မဆိုထားနှင့် သူရောက်နေသည့် မြင့်မား လှသော ဤသစ်ပင်ကြီးအထက်က ညာမေတင်လို ခလေးငယ်သည် မည်ကဲ့သို့ ဆင်းနိုင် ပါမည်နည်း ငိုရလွန်း၍ မောနေပြီဖြစ်သော ညာမေတင်သည် ငိုချင်သောစိတ်လဲ မရှိတော့ချေ။

    ကောင်းက်ငမှာ ထိန်ထိန်သာနေသော လမင်းကို ကြည့်ရင်း ရင်ထဲစိတ်ထဲမှာ မည်သို့ ခံစားနေရသည်ကို ညာမေတင် သည် ခလေးဖြစ်သောကြောင့် ပုံသဏ္ဍာန် ပီပြင်အောင် မဖေါ်ပြတတ်သလို ဝေဒနာကို ရင်ထဲ မှာရော အသည်းနှစ်လုံးသားထဲမှာရော ခံစားနေရရှာသည်။

    ပြောတတ်သည့် အရွယ်သာဆိုပါလျှင် ညာမေတင်သည် သူ့စိတ်ထဲမှာ မည်သို့ ခံစားနေရသည်ကို ကြားရသူ မျက်ရည်ကျလောက်အောင် ပြောပြပေလိမ့်မည်။
    မတုန်မလှုပ် ကျောက်ရုပ်လို ကောင်းကင်က လမင်းကို မျက်လုံးအကြောင်သားဖြင့် မော်ကြည့်နေသော ညာမေတင် ကို လူဝံမကြီးသည် အသာအယာ ပွေ့ယူလိုက်သည်၊ နွေးထွေးသော သူ့ရင်ခွင်ထဲမှာ လဲလျောင်း စေပြီး အိပ်စေလိုသည့် အမူအရာကို ထင်ထင်ရှားရှားပြသည်။

    ညာမေတင်အနေဖြင့် အိပ်ချင်သည် မအိပ်ချင်သည်မဟုတ်တော့ချေ။ နုနယ်သော စိတ်ခလေးမှာ အားငယ်ခြင်း၊ လွမ်းဆွတ်ခြင်း၊ ၀မ်းနည်းခြင်းတို့ စုပေါင်းခံစား နေရသည်ကြောင့် ငြိမ်ငြိမ်လေးသာ တွေးနေချင် သည်၊ လူဝံမကြီး ပြုပြင်ပေးသည့် အနေအထားအတိုင်း အလိုက်သင့်လဲ လျောင်းခါ ငြိမ်သက်စွာ နေလိုက် သည်။

    ညာမေတင်ကို သူ့ရင်ခွင်ထဲမှာ သိပ်လိုက်ပြီဖြစ်သော လူဝံမကြီးသည် သူကိုယ်တိုင်လဲ ညာမေတင်ကို ပွေ့ပိုက်လျက်ပင် အိပ်လိုက်သည်။ ထိုအခါ လူဝံထီးကြီးသည် ညာမေတင်ကို ကြင်နာဟန်ဖြင့် သေသေ ချာချာ ငုံ့ကြည့်လိုက်သည်၊ ထို့နောက် သူသည်လဲ ညာမေတင်၏ တဖက်ဘေးက လဲလျောင်း အိပ် လိုက်သည်၊ ညာမေတင်ကား လူဝံကြီးမောင်နှံ နှစ်ယောက်အကြားမှာ အိပ်နေရသောကြောင့် သစ်ပင် အမြင့်ကြီး ထက်က မည်သည့်နည်းနှင့်မှ လိမ့်ကျနိုင်မည်မဟုတ်တော့ချေ။

    တနေ့နေ့ တရွေ့ရွေ့ ရက်တွေ ကုန်လာခဲ့သည် လေယာဉ်ပျက်ကျပြီး လူဝံကြီးမောင်နှံထံ ညာမေတင် ရောက်နေသည်မှာ မည်မျှကြာနေပြီကို ညာမေတင် မမှတ်မိနိုင်တော့ချေ၊ ညာမေတင် မှတ်မိနေသည်က နေမင်းကြီး ထွက်လာသည်၊ လမင်းကြီး ပျောက်ကွယ်သွားပြန်သည်၊ ထို့နောက် နေမင်းကြီး ထွက်လာ ပြန်သည်။

    လမင်းကြီးနှင့် နေမင်းကြီးတို့ ထွက်လာသည့် အကြိမ်ပေါင်း ပျောက်ကွယ်သွားသည့် အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ဖြစ်နေသည်ကိုကား ညာမေတင် ကောင်းစွာ သိခဲ့လေသည်။
    ညာမေတင် လေယာဉ်ပေါ်က ကျလာစသ် ၀တ်လာခဲ့သည့် အ၀တ်တွေသည် စုတ်ပြတ်ကုန်လေပြီ၊ ညာမေတင် ၏ ကိုယ်လုံးကိုယ်ထည်လဲ ထွားကျိုင်းလာခဲ့သည်ကြောင့် ပါလာရင်းစွဲ အ၀တ်ကလေးများးမှာ မလုံ တော့ချေ။

    ညာမေတင်အဘို့ သစ်ပင်ကြီးပေါ်က မဆင်းရသည့် အဖြစ်မှ လွဲပြီး စားရေးသောက်ရေးမှာ ပူစရာ မရှိချေ။ လူဝံကြီးမောင်နှံသည် တယောက်တလဲ အစာရှာထွက်သည်၊ နှစ်ကောင်မသွားကြချေ၊ လူဝံ အမကြီး က ညာမေတင်နှင့်အတူ သစ်ပင်မြင့်ကြီး အသိုက်ထဲမှာ နေရစ်ခဲ့သည်က များသည်၊ ယခင်ကလဲ သူတို့ ထုံးစံရှိသည့်အတိုင်း နေရစ်ခဲ့လေသလား၊ ယခုမှ ညာမေတင်ကို စိတ်မချသောကြောင့် စောင့်ရှောက် ကြည့်ရှုရန် နေရစ်ခဲ့လေသလား ဆိုသည်ကို ညာမေတင်သည် ခလေးဖြစ်သောကြောင့် မတွေးတတ်ချေ။

    သို့သော် သူနှင့်အတူ နေရစ်ခဲ့သော လူဝံမကြီးသည် အလကားထိုင်နေသည်မဟုတ်၊ သူတို့သုံးယောက် နေထိုင်သည့် အသိုက်ကို လေမိုးလုံအောင် သစ်ကိုင်းသစ်ခက်များ သစ်ရွက်များဖြင့် မိုးကာသည်၊ ခိုင်ခန့်အောင် ပြုပြင်သည် ညာမေတင်အား သစ်ပင်တက်တက် ဆင်းတတ်အောင် သင်ပေးသည်၊ သင်ပေးစ အချိန်ကမူ ညာမေတင်သည် ကြောက်လွန်းသောကြောင့် ဆတ်ဆတ်တုံနေရှာသည်၊ ညာမေတင် ကြောက်မည် ဆိုကလဲ ကြောက်ရှာပေမည်။

    အသိုက်ရှိနေရာ အထက် ခွဆုံကနေပြီး အောက်ခွဆုံရောက်အောင် ညာမေတင်ကို လူဝံမကြီးက တွန်းချသည်၊ ညာမေတင်သည် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်ရင်း လိမ့်ကျသွားသည်၊ သို့သော် ညာမေတင် အောက်အကိုင်း ခွဆုံသို့ မရောက်မှီမှာပင် လူဝံမကြီးသည် လျှင်မြန်စွာ အောက်ကိုင်းသို့ ခုန်ဆင်း လိုက်သောကြောင့် ညာမေတင် အောက်ကိုင်းခွဆုံသို့ မရောက်မှီမှာပင် လူဝံမကြီးက ရောက်နှင့် နေပြီဖြစ်သည်။

    ညာမေတင်ကျလာသောအခါ သစ်ပင်အောက် မြေပြင်သို့ ညာမေတင် မကျစေရန် လူဝံမကြီးက ဆီးပြီး ဖမ်းထားလိုက်သည်၊ ညာမေတင် အကြောက်ပြေသလောက် ရှိသောအခါ လူဝံမကြီးသည် ညာမေတင်ကို သစ်ပင်ကြီး ပေါ်ရှိ သူတို့ အသိုက်သို့ ပြန်တက်စေလိုဟန်ဖြင့် တွန်းတင်သည်။ ညာမေတင် လိမ့်ကျမည် ဖြစ်တိုင်း လူဝံမကြီးက လက်ဖြင့် ဖေးထားပြီး အတွင်သာ တွန်းတင်နေတော့သည်။

    ညာမေတင်က ဘာလုပ်ရမည်မသိ ဖြစ်နေသောအခါ ညာမေတင်၏ လက်နှစ်ဘက်ကို လူဝံမကြီးက ကိုင်ပြီး သစ်ပင်ပင်စည်ကို ဖက်စေသည်၊ ထို့နောက် ညာမေတင်၏ တင်ပါးနှစ်ဘက်ကို တွန်းတင်ပေးသည်၊ ညာမေတင် သည် သူ့ကို သစ်ပင်ပေါ် ပြန်တက်စေလိုကြောင်း စဉ်းစားမိလာသည်။ ထို့အပြင် သူ့ကို သစ်ပင်ပေါ် လက်ဖြင့် တွန်းတင်နေသည်မှာ အဆင်မသင့်သည့်အခါ လူဝံမကြီး၏ လက်သည်း ရှည်ကြီး များက သူ့တင်ပါးကို မျက်မျက်ကြီး ထိုးမိ စူးမိနေသည်။ စူးမိထိုးမိသည့်အခါ နာလွန်းသည့်အတွက် မျက်ရည် ရစ်ဝိုင်း သော မျက်လုံးဖြင့် လူဝံမကြီးကို ကြည့်လိုက်သည်။

    ထိုအခါ လူဝံမကြီးသည် လက်သည်းဖြင့် စူးမိထိုးမိသည့် ညာမေတင်၏ တင်ပါးကို သူ့ပါးဖြင့် အပ်ထား တတ်သည်။ လက်ဝါးဖြင့် ယုယစွာ အုပ်ကိုင်ထားတတ်သည်။ လူတို့ဘာသာ စကားဖြင့် မပြောတတ် သော်လဲ…
    'နာသွားသလားသမီးရယ်၊ အမေတမင်လုပ်တာမဟုတ်ပါဘူးနော်'

    ဟု ပြောဆိုချော့မော့နေသည့် အသွင်မျိုးကို တွေ့ရသည်။ ထိုအခါ ညာမေတင်သည် သူ့အသား နာသွားသည်ကိုပင် အမှတ်မထားနိုင်တော့ဘဲ လူဝံမကြီး၏ ကြင်နာဟန်ထင်ထင်ရှားရှား ကြီးပြနေသော မျက်နှာ ကို ကြည့်ခါသနားသွားသည်။ ထိုအခါ ညာမေတင်သည်။ လူဝံမကြီး၏ ရင်ခွင်ကို ဦးခေါင်းဖြင့် ခွေ့ခါ လူဝံမကြီး ၏ ခါး ကို အလိုလို ဘက်ထားမိရက်သား ဖြစ်သွားသည်။

    လူဝံမကြီးသည် ညာမေတင် အပြုအမူကို များစွာ နှစ်ခြိုက်သွားဟန်ဖြင့် ညာမေတင်၏ ဦးခေါင်းကို ပွတ်သတ် ပေးသည်။ ဖရိုဖရဲဖြစ်နေသော ညာမေတင်၏ ဆံပင်လေးတွေကို လက်ဖြင့် သပ်ယပ် ပြုပြင် ပေးသည်။ ထိုနောက် ညာမေတင်ကို သစ်ပင်ကြီးပေါ်သို့ တွန်းတင်ပြန်သည်၊ ထိုအခါ၌ ညာမေတင်သည် သစ်ပင်အောက်သို့ လိမ့်ကျမည်ကို မကြောက်တော့ချေ၊ လူဝံမကြီး၏ မေတ္တာစေတနာကို ညာမေတင် ကောင်းကောင်း နားလည်သွားခဲ့လေပြီ၊ တင်ပါးကို လူဝံမကြီး၏ လက်သည်းဖြင့် ထိုးမိမည်ကိုလဲ စိုးရိမ်သည်၊ ထို့ကြောင့် ကြိုးစားကုပ်ကပ်ပြီး တက်သည်။ လူဝံမကြီးက အားသွန်ခွန်စိုက် တွန်းတင်ပေးခြင်း မပြုတော့ဘဲ လက်ဖြင့် ဖေးရုံသာ ဖေးပေးသည်၊

ညာမေတင် နောက်ပြန်လျှောကျမည့် အဖြစ်က ကာကွယ်ရန် ညာမေတင်ခြေကို အောက်ဖက်ကနေပြီး သူ့ဦးခေါင်းဖြင့် ခုခံပေးသည့်အခါ ပေးသည်၊ နေ့စဉ်ပင် ဤနည်းဖြင့် လူဝံမကြီးက သစ်ပင်ထက်က တွန်းချလိုက် သစ်ပင်ပေါ်တွန်းတင် ပေးလိုက်ဖြင့် ရက်ပေါင်းများစွာ ကြာလာသောအခါ ညာမေတင်သည် သစ်ပင်ပေါ် တက်ခြင်း၊ သစ်ပင်ပေါ်က ဆင်းခြင်း၊ သစ်ပင်တပင်က တပ်ငသို့ သစ်ကိုင်းဆွဲကူးခြင်း၊ ခိုးကူးခြင်း၊ ခုန်ကူးခြင်းတို့မှာ လူဝ့ကြီးမောင်နှံကို မှီနိုင်သည့် အခြေသို့ရောက်လာသည်။

    ထိုအခါ ညာမေတင်သည် မပျင်းတော့ချေ။
    မျောက်တကောင်လို သစ်ပင်တွေပေါ်မှာ ပျော်လာသည်၊ လူဝံကြီးက အစာရှာဖွေပြန်လာသည့်အခါ ပျားရည် ပြည့်နေသော ပျားသလက်တွေ သစ်သီးတွေ စားလောက် သောက်လောက် ယူလာသည်။ ရေကို ညာမေတင် ရောက်ခါစကလို သစ်ခေါက်ဖြင့် ယူဆောင်လာခြင်းမပြုတော့ဘဲ သူတို့အသိုက် ရှိသည့် သစ်ပင်ကြီး နှင့် ခပ်လှမ်းလှမ်းမှာရှိနေသော စမ်းချောင်းလေးတခုကို ညာမေတင် သွားတတ်အောင် ပြ ထားသည်။

    စမ်းချောင်းလေးကို ပြပုံမှာ လူဝံမောင်နှံသည် ညာမေတင်လက်ကို တယောက်တဖက် ဆွဲကိုင်ကာ ခေါ်လာခဲ့ကြသည်။ ပထမသော် ညာမေတင်သည် သူ့ကိုမည်သည့် အတွက် ခေါ်လာခဲ့ကြသည်၊ ပထမသော် ညာမေတင်သည် သူ့ကို မည်သည့်အတွက် ခေါ်လာသည်ဟု မတွေးမိ၊ လူဝံကြီး မောင်နှံ နှစ်ယောက် အကြားဝယ် ပျော်ပျော်ရွှင်ရွှင်ပင် လိုက်ပါလာခဲ့သည်။
    စမ်းချောင်းကမ်းပါးသို့ ရောက်သောအခါ လူဝံကြီးမောင်နှံက စမ်းချောင်းကို လက်ညှိုးထိုးပြကြသည်။ ထိုအခါ မှ ညာမေတင် သဘောပေါက်လေသည်။

    လူဝံကြီးမောင်နှံထံ ရောက်လာခဲ့သည်မှာညာမေတင်အနေဖြင့် ရက်ပေါင်းလပေါင်း မည်မျှကြာခဲ့ပြီကို မသိတော့သော်လဲ ညာမေတင်၏ အသက်လေးနှစ်သမီးအရွယ် ရောက်လာခဲ့သည်မှာ ယခုဆိုလျှင် ညာမေတင်အသက်သည် ဆယ့်သုံးနှစ်ပင်  ကျော်လေပြီ၊ မိန်းခလေးတို့ ဓမ္မတာ အချိန်အခါကိုမူ မရောက် သေးချေ။ ထို့ကြောင့် ခလေးစိတ်ပင် ရှိနေသေးသည်၊ အ၀တ်တွေကား စုတ်ပြတ်နေလေပြီ၊ လူဝံကြီး နှစ်ကောင် အကြား လူဝံမကြီး၏ ရင်ခွဲထဲမှာ ပုနေအောင် ကွေးအိပ်နေရသောကြောင့် ညအချိန်မှာ ညာမေတင် ချမ်းရမှန်းမသိခဲ့ချေ။
    ယခုမှ သူ့ကို သစ်ပင်အောက် ခေါ်ချကာ မြေပြင်ကို ခြေလျင် လျှောက်ခြင်းခြင်းသည် ပထမဆုံး အကြိမ် ဖြစ်လေသည်။

    ရေမချိုးရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော ညာမေတင်သည် စမ်းချောင်းကို မြင်လိုက်သောအခါ ၀မ်းသာလွန်းသောကြောင့် ဆွေ့ဆွေ့ခုံနေသည်။ သူ့လက်နှစ်ဖက်ကို ကိုင်ထားသော လူဝံကြီးမောင်နှံက လွှတ်ပေး လိုက်ကြသည်။

    ညာမေတင်သည် စမ်းချောင်းထဲသို့ ပြေးဆင်းသွားပြီး ကြည်လင်အေးမြသော ရေထဲမှာ သူ့တကိုယ်လုံးကို အားရပါးရ နှစ်ပြီးချိုးလိုက်သည်။ ကြာမြင့်စွာ မငြမ် မတွေ့ခဲ့ရသော ရေကို မြင်တွေ့လိုက်ရသောအခါ ညာမေတင်သည် ဘာမှ မစဉ်းစားဘဲ စမ်းခေချင်းထဲ ပြေးဆင်းရေစိမ်လိုက်ခြင်းဖြင့် သူ့ကိုပေါ်မှာ အရှက်လုံရုံမှသာ ရှိတော့သော စုတ်ပြတ်နေသည့် အ၀တ်ကလေးတွေမှာ ရေစိုကုန်လေပြီ။

    စမ်းချောင်းထမြှာ ရေချိုးနေရင်းက ညာမေတင်သည် လူဝံကြီးမောင်နှံရှိရာသို့ ကြည့်လိုက်သည်။ လူဝံမကြီးသာ သူ့ကို စောင့်ကြည့်နေပြီး လူဝံ အထီးကြီးကို မတွေ့ရချေ၊ ဘယ်အချိန်က ပြန်သွားသည်ကို ညာမေတင် မသိလိုက်။
    သို့သော် ညာမေတင် ထင်သကဲ့သို့ လူဝံအထီးကြီးက သစ်ပင်ထက်က အသိုက်ကို ပြန်သွားခြင်း မဟုတ်ကြောင်းကို စမ်းချောင်းထဲမှာ ရေချိုးနေရာမှ ပြန်တက်လာသော ညာမေတင် သိလိုက်သည်၊ လူဝံ အထီးကြီး လက်ထဲတွင် ပြောက်ပြောက် ကြားကြား အရာတခု ကိုင်လာသည်ကို ညာမေတင် မြင် လိုက်သည်။

    ရေစိုကုန်သငြဖ့် ချမ်းနေပြီဖြစ်သော ညာမေတင်က တုန်တုန်ခိုက်ခိုက်ဖြင့် လူဝံမကြီး ရင်ခွင်ထဲကို ပြေးဝင်လိုက်သောအခါ လူဝံမကြီးက အလိုက်သင့် ဆီးပွေ့လိုက်သည်၊ ထိုနောက် လူဝံ အထီးကြီး လက်ထဲ မှာ ရှိနေသော အရာကို ယူပြီး ညာမေတင် ကိုပေးလိုက်သည်။ ညာမေတင်က ယူကြည့်လိုက်၏။

    အ၀ါနှင့်အနက် ကြားထားသည့် နူးညံ့သော အမွေးတွေ ဖုံးနေသော အရာတခုဖြစ်ကြောင်း မြင်ရသည်၊ ထိုအရာသည် ဘာဖြစ်သည်၊ ထိုအရာသည် မည်သည့် အရာဖြစ်ကြောင်း မတွေးတတ်သော်လဲ သူ့ ကိုယ်ပေါ်မှာ ၀တ်ဆင်၍ ရကြောင်းကိုမူ သိသည်၊ ထို့ကြောင့် ထိုအရာကို ဖြန့်ကြည့်နေခိုက်မှာလူဝံမကြီးက ညာမေတင်ကိုယ်ပေါ်မှာ စုတ်ပြတ်စိုရွဲနေသော အ၀တ်စလေးကို ဆွဲချွတ်သည်၊ အ၀တ်စ လေးကား မဖွတ် မလျော်ဘဲ နှစ်လကြာရှည်စွာ ချွေးတွေ ချေးတွေဖြင့် ၀တ်ထားခဲ့၍ ဆွေးမြေ့နေပြီဖြစ်ရာ လွယ်ကူစွာပင် စုတ်ပြတ်ကွာကျကုန်သည် ထိုအခါ လူဝံမကြီးက ထိုအရာကို ညာမေတင်၏ ကိုယ်ပေးမှာ ဖုံးအုပ် ပေး လိုက်သည်။

    ထိုအရာကား ကျားတကောင်၏ သားရေဖြစ်သည်၊ တောထဲမှာ သေနေသော ကျားတကောင်ကို လူဝံအထီးကြီးသည် ကာလအတော်ကြာကပင် တွေ့မြင်ခဲ့သည်၊ ထိုကျားသေသည် ပုတ်ပွ ဆွေးမြေ့ သွားသော အခါ ကျားရေကြီးက တောကောင်တွေ၏ နင်းနယ်ခြင်းဖြင့် အချို့နေရာတွေမှာ စုတ်ပြတ် နေခဲ့သည်။ လူဝံကြီးသည် ညာမေတင် ကိုယ်ပေါ်မှာ စုတ်ပြတ်နေသော အ၀တ်တွေကို မြင်စကပင် ကျား သားရေကြီး ကို အပြန်လိုက်ဖြစ်အောင် ဆုတ်ဖြဲပြီး သစ်ကိုင်းတခုပေါ် တင်ပြီး နေလှမ်းထားခဲ့သည်။

    ယခု ကျားသားရေကြီးသည်လဲ ခြောက်သွေ့ခါ အနံ့အသက် မရှိတော့ချေ၊ ညာမေတင်အနေဖြင့် ကျား သားရေကြီး ကို ၀တ်ရုံရန် နိုင်နင်းသော အားခွန်ဗလ ရှိနေလေပြီ။
    ညာမေတင်အနေဖြင့် လူဝံကြီးမောင်နှံတို့ဖြင့် နေထိုင်လာခဲ့ရသည့် နှစ်ပရိစ္ဆေဒအချိန်တွင်းမှာ သစ်ပင် အတက်  အဆင်းတွင် တောတွင်းမျောက်များနှင့် ရည်တူအောင် ကျွမ်းကျင်ခဲ့ရရုံမျှသာ သန်မာ တောင့်တင်း နေခဲ့သည်။ ထို့ကြောင့် ဘခင်သဘွယ်ဖြစ်နေသော လူဝံကြီးက ပေးသည့် ကျားရေကြီးကို နိုင်နင်းစွာ ၀တ်ရုံလိုက်သောအခါ ပင်ကိုက ချစ်စရာကောင်းသည့် ရုပ်ရည်အဆငှ်းရိသော ညာမေတင် သည် ကျားရည် ၀ါဝါ၀င်း နှင့်များစွာ လိုက်လျော ပဏာရခါ ကြည့်မငြီးနိုင်အောင်ပင် ကြက်သရေရှိလှသည်။

    'အဖေရေ နွေးသွားတာဘဲ'
    ညာမေတင်က လူဝံအထီးကြီးကို ချစ်ခင်နေသည့် အလျောက် အဖေဟုခေါ်သည်၊ လူဝံအထီးကြီးက ၀မ်းမြောက်နှစ်သက်သည့် သဘောမျိုးဖြင့် ပါးစပ်ကြီးကိုဖြဲပြသည်။ နှုတ်မှ သူတို့ဘာသာဘာဝ စကားဖြင့် အသံမြည်ပြသည်။ လူဝံကြီးကမူ ညာမေတင်ကို စိမ့်စိမ့်ကြည့်ခါ ညာမေတင် ၀တ်ရုံထားသည့် ကျားသားရေကြီးကို နေရာတကျဖြစ်အောင် လူသားမိခင်သဘွယ် ပြုပြင်ပေးနေရှာသည်။

    ညာမေတင်က လူဝံကြီးမောင်နှံကို အမေအဖေဟုခေါ်သည်၊ လူဝံကြီးမောင်နှံနှင့် ညာမေတင်တို့သည် တယောက်စကားကို တယောက်မတက်ကြသော်လဲ လူဝံကြီးမောင်နှံက ဘာဆိုလိုသည်၊ ညာမေတင် ဘာဆိုလိုသည်ကိုမူ ကောင်းစွာ သဘောပေါက် နားလည်နေကြပြီဖြစ်ရာ၊ အဟိတ်တိရိစ္ဆာန်ဖြစ်သော လူဝံကြီးမောင်နှံနှင့် လူသားဖြစ်သော ညာမေတင်တို့ ဆက်ဆံမှုသည် အခက်အခဲမရှိတော့ဘဲ ဖြောင့်ဖြူး ချောမောနေသည်။

    ညာမေတင်အနေဖြင့် လေယာဉ်ပျက်ပြီး ဤနေရာရောက်ခါ၊ လူဝံကြီး မောင်နှံ၏ စောင့်ရှောက် ပြုစုခြင်း ကို ခံယူလာခဲ့သည်မှာ ယခုဆိုလျှင် ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်၊ လေးနှစ်သမီးအရွယ်ရောက်လာ၍ ယခု အသက်ဆယ့်လေးနှစ် ပင်ရှိနေပြီဖြစ်သော ညာမေတင်သည် သူ့ဘ၀ကို သတိတော့ရနေသည်၊ သို့သော် တကယ်ဖြစ်ခဲ့သည်လား အိပ်မက်မက်ခဲ့သည်လား ဆိုသည်ကိုမူ တိတိကျကျ မဝေခွဲ တတ် တော့ချေ။

    သူ့အနေဖြင့် မည်သည့်နေရာကို ရောက်နေကြောင်း သူမသိတော့၊ ဤလူဝံကြီး မောင်နှံနှစ်ဦးထံမှ ထွက်ခွာသွားမည်ဆိုကလဲ မည်သည့်နေရာကို သွားရမည်ကိုလဲ သူမသိတော့ သွားလဲမသွားတတ်။
    မြင့်မားသော သစ်ပင်ကြီးထက်ရှိ လူဝံမောင်နှံနှင့် အတူနေထိုင်ရာ အသိုက်ထဲက အောက်မြေပြင်ကို ငုံ့က်ြည့လိုက်သည့်အခါ တခါတရံ ကြောက်မက်ဘွယ်ကောင်းသော ကျားကြီးတွေသည် သွေးသံရဲရဲဖြင့် သားကောင်တွေကို ချီလာသည်ကို တွေ့ရသည်။

    ကြောက်စရာ ကောင်းသော ဆင်ရိုင်းအုပ်ကြီးသည် သူတို့အင်အားဖြင့် နင်းချေနိုင်သမျှ သစ်ပင် ခြုံပုတ် များကို မွမွကြေအောင် နင်းချေသွားသည်ကိုလဲ တွေ့ရသည်။
    လူဝံကြီးမောင်နှံသည် ယခင်က ညာမေတင်ကို တယောက်ထဲမထားခဲ့ဘဲ လူဝံမကြီး က စောင့်ရှောက် ကျန်ရစ် သော်လဲ ညာမေတင် အရွယ်ကြိးလာသည်တကြောင်း၊ သူတို့ကို ခင်တွယ်နေကြောင်း နားလည် ထား၍ တကြောင်း ညာမေတင်တယောက်ထဲ ဝေးဝေးလံလံကို မသွားတတ်ကြောင်းကို သူတို့သဘာဝ အသိဥာဏ် ဖြင့် သိထား၍တကြောင်း၊ သစ်ပင်ကြီးထက်က အသိုက်ကြီးထဲမှာ ညာမေတင်ကို တယောက်ထဲ ထားခဲ့ပြီး လူဝံကြီးမောင်နှံသည် နှစ်ကောင်တွဲလျက် အစာရှာထွက်လေ့ရှိကြသည်။

    ညာမေတင်သည် အနေကြာလာသော အခါ သူ့ဘ၀ဟောင်းကို တခါတရံမှုံမှေး ရီဝေစွာ တွေးမိသော်လဲ လွမ်းလွမ်း ဆွေးဆွေး မဖြစ်တော့ချေ၊ လူဝံကြီး မောင်နှံကို မိဘ၀ဘွယ် ချစ်ခင်တွယ်တာခြင်းဖြင့် သံယောဇဉ် ကြီး နေတော့သည်။

ဆက်ရန်
.

1 comment:

Ei said...

thaks for sharing