Friday, April 22, 2011

အောင်နိုင် (စိန်စိန် ရေးသည်) အပိုင်း (၇)

" ကိုအောင်နိုင့်စာ ရပြီးလို့ ရန်ကုန်ကို သွားရတုန်းကများ နည်းနည်းမှ မပျော်မိဘူး သိလား ... ကိုအောင်နိုင် ကိုချည်း တွေးမိနေတယ်၊ နောက်ပြီးတော့ သိပ်ကိုလဲသနားတယ်၊ အေးရင်ထဲမှာ ဘယ်လိုနေမှန်းမသိဘူး၊ အေး ဘ၀ မှာ စိတ်ညစ်တယ်ဆိုတာကို စ သိလိုက်တာဟာလဲ ကိုအောင်နိုင့်အတွက်ဘဲလို့ ထင်တယ်"
" ဟင် ... "
ဤနေရာတွင် အောင်နိုင်က " ဟင် ... " တလုံး ဖောက်လိုက်မိ၏။ အေးကတော့ သူ့စကားကို ဆက်မြဲ ဆက် နေသည်။

" ဒီ့ပြင် ဘာကိုမှလဲ အေးစိတ်ဝင်စားလို့မရဘူး၊ အေး ဒီလိုနေတာကို မြင်ရတော့ ကိုကိုလွင်ဆိုတာ သိပ်အလို လိုက်ပြီး သိပ်ကို ချော့ရှာတာပါဘဲ၊ နောက်တော့ အေးတွေးမိလာတာကို သူ့ကို ပြောလိုက်ရတယ်၊ အေး ကိုအောင်နိုင်ကို ချစ်မိနေပြီ ထင်တယ်လို့၊ ဟုတ်ပါတယ် ကိုအောင်နိုင်ကို အေးချစ်နေတာ အမှန်ပါဘဲလို့ ... "
ဤနေရာတွင်ကား ... ၀မ်းသာရမလိုလိုရွှင်မွေ့ ရမလိုလိုနှင့် အောင်နိုင့် မျက်လုံးတွေမှာ ရွှန်းရွှန်းစိုကာ ရင်တွေ အသဲတွေ တဖျတ်ဖျတ် လှုပ်ရှားလာသည်ဟု ထင်ရသည်။ အေးကတော့ အောင်နိုင်ကို လုံးဝ မကြည့်ဘဲ ခပ်ငေးငေးကလေးနှင့် သူ့အဖြစ်ကို သရုပ်ပါပါ ပြောနေတုန်းပင် ဖြစ်သည်။

" အဲဒီတော့ ကိုကိုလွင်က မျက်နှာသိပ်မကောင်းဘူး ကိုကိုလွင်တော့ မချစ်ဘူးလားကွယ် ...တဲ့ အေးက နည်းနည်း တော့ ချစ်သားဘဲလို့ ပြန်ပြောလိုက်ရတယ်၊ ဟုတ်တယ် ... သူ့ခမျာလဲ အေးအလိုကို သိပ်လိုက် ရှာတာ ဆိုတော့ အားနာပြီး နည်းနည်းပါးပါး ချစ်လိုက်ရသေးတာဘဲ မဟုတ်လား ... "
အောင်နိုင် ကတော့ ခပ်မဲ့မဲ့နှင့် ခေါင်းကို ရမ်းခါနေမိပြန်သည်။

" အဲ့ဒီတော့ ကိုကိုလွင်က နည်းနည်းပါးပါး ချစ်ရင် များများစားစား ချစ်ဘို့လဲ မခဲယဉ်းတန်ပါဘူးကွယ်တဲ့၊ အေး ချစ်အောင် ကိုကိုလွင်နေတတ်ပါတယ်၊ အေးပျော်အောင်လဲ ကိုကိုလွင် ထားနိုင်ပါတယ်တဲ့ နောက်တော့ ဖြင့်လေ ... အေးနဲ့ ကိုကိုလွင်ဟာ အားတဲ့ အချိန်တိုင်းမှာ တတွဲတွဲ နေကြတော့တာဘဲ ရုပ်ရှင် ကြည့် ကန်တော်ကြီးသွား အင်းလျားကို ပျော်ပွဲစားထွက် ပန်းခြံတွေထဲ လျှောက်လည် ပြပွဲတွေသွား အဲဒီတော့ ကိုအောင်နိုင်ကို အေး နည်းနည်း မေ့သွားတယ်"

အောင်နိုင်မှာတော့ ရှည်လျားလှစွာသော တရားသူကြီး၏ စီရင်ချက်ကို စောင့်ဆိုင်း နားထောင် ရသည့် သဖွယ် ဖြစ်နေသည်၊ စီရင်ချက်မှာ လိုရင်းသို့ပင် ရောက်နိုင်သည်မရှိသေး ... ရင်တမမနှင့် ဘ၀င်မကျ နိုင် စဘွယ် ဖြစ်နေသည်။
" စာလဲ သိပ်ပြီး ကြိုးစားသင်ရတယ်လို့ မဟုတ်လှပါဘူး ... ကိုအောင်နိုင်ရယ် ... ကိုကိုလွင်နဲ့နှစ်ယောက်သား စားစရာ ကလေးစားလိုက် ရယ်စရာတွေ ပြောလိုက် နေရင်းကဘဲ သင်ယူရတာ အောင်ချင်တော့လဲ ဒီလိုနဲ့ဘဲ စာမေးပွဲ အောင်လာခဲ့တာဘဲ ... ဒီနှစ်တော့ ဘယ်လိုနေမယ်မသိပါဘူး ကိုကိုလွင့် အတွက်ကတော့ ဥာဏ်ထက်လွန်း လို့ စိုးရိမ်စရာ မရှိဘူးလေ ... ကိုကိုလွင်လဲ ဒီနှစ်ဘီအေ ဂုဏ်ထူးတန်းဖြေတဲ့ နှစ်ပေါ့ ... "

" ဒါတွေ ထားပါတော့လေ ... ကိုအောင်နိုင် လွတ်နေတာကိုတော့ အေးအခု ပြန်ရောက်မှသိရတာပါဘဲ အေး က ၂-နှစ် ၆-လဆိုတော့ စက်တင်ဘာ လောက်မှပြည့်မယ်မှတ်တာ ဖေဖေက လျှော့ရက်တွေ ရသေး တာကို ပြောပြမှ နားလည်သွားတယ် နောက်ပြီး၊ ဒေါ်ဒေါ်က ကိုအောင်နိုင်ရယ် မြို့စွန်က အိမ်ကလေးမှာ သွားငှား နေတာ ကိုလဲ ပြောပြတယ် အေးရင်ထဲမှာ နင့်သွားတာဘဲ သတ္တိကောင်းပြီး စိတ်ကောင်းရှိတဲ့ လူ တယောက် ဟာ ဒီလိုနေဘို့ရာလဲ မထိုက်တန် ပါဘူးလို့ အောက်မေ့မိတယ်"
" သတ္တိကောင်းတယ်ဆိုတာက ဘာကိုများလဲအေး ဒါလောက်ကို သတ္တိဆိုရင်တော့ တောင်ကြီး တတောင် လုံး မှာ သတ္တိခဲတွေ ချည်ဆိုရတော့မှာပေါ့"
အောင်နိုင် က သူ့ဘ၀အတွက် နာသာခံရခက် အသံမျိုးနှင့် ၀င်တောမိသည်။

" ဒါက ငေါ့စရာ မဟုတ်ပါဘူး ကိုအောင်နိုင် ကိုအောင်နိုင့် စိတ်ထား သဘောထားကို အေးကလဲ နောကျေ အောင် သိထားခဲ့ပြီးပါပြီပြီးတော့ ငယ်ငယ်ထဲကလဲ ကိုအောင်နိုင် ကို အေးချစ်လာခဲ့တာ မဟုတ်လား အေး ကို ကိုအောင်နိုင် ချစ်နေတယ် ဆိုတာလဲ အေးသိပါတယ် ... "
အေးက မျက်တောင်ကော့ကြီးများအောက်မှ တဖျတ်ဖျတ် တောက်နေသော မျက်လုံးအစုံဖြင့် ရွှန်းရွှန်း စားစား စိုက်ကြည့်နေတော့သဖြင့် မချင့်မရဲနှင့် ပြန်လည် ကြည့်ရှုနေမိသော အောင်နိုင်မှာ ယမ်းနှင့် မီးစ တွေ့ထိကြတော့မည့်အဖြစ်ကို လက်တလုံးခြား ကလေးမျှ လွဲဖယ်၍ ပစ်လိုက်ရသလို မျက်လွှာကို အနိုင် ပိုင်း ပစ်လိုက်ရသည်။

ရင်ထဲမှာကား နိမ့်တုံ မြင့်တုံ လှိုက်လှိုက်ခုန်၍သာနေသည်။
" ဒါကြောင့် ... အေးမှာ အချိန် များများ မရှိတော့ဘူး ဆိုတာ သိလာလို့ မြန်မြန်ဘဲ ဆုံးဖြတ်လိုက်ရတာပေါ့ ကိုအောင်နိုင် ... အေး ခရီးပန်းလာလို့ စောစောအိပ်လိုက်တော့မယ် ပြောပြီး အိပ်ခန်းထဲကို စောစောဝင် အခြေအနေ ကြည့်ပြီး၊ အားလုံး စိတ်ချရတော့မှ အပြင်တံခါး ပြန်စေ့ပြီး လစ်လာခဲ့တယ် ဖေဖေ နဲ့ ဒေါ်ဒေါ်တို့ ကတော့ အေးအိပ်နေပြီထင်လို့ တံခါးကိုတောင် တွန်းကြည့်ကြမှာ မဟုတ်ပါဘူး စိတ်ချရပါတယ် ... သြော် ... ကြည့်လေ သူ့မှာဖြင့် အေး ဘာပြောပြော သက်ပြင်းကြီး တဟင်းဟင်းနဲ့ ၀မ်းမသာ ဘူးလားလို့"
အေးက သူ့စကားအဆုံးမှာ သက်ပြင်းကြီး မှုတ်ထုတ်လိုက်ပြန်သော အောင်နိုင်အား ခပ်ညုညုကလေး နွဲ့ပစ်လိုက်သည်။

" ကိုယ့်ရင်ထဲမှာ ဘယ်လိုတွေ ဖြစ်နေမှန်း မသိတော့ပါဘူးအေးကလေးရာ"
အောင်နိုင်ကလည်း ဖြစ်လာသော သူ့အခြေအနေကို ၀မ်းသာရမှာလိုလို စိတ်ရှုပ်ရမှာလိုလို ဝေခွဲမရနိုင်သော စိတ်လှုပ်ရှားမှုမျိုးဖြင့် မျက်နှာကို မပြုံးတပြုံးထားကာ ခပ်ညည်းညည်း ပြောထုတ် လိုက်သည်။
" အဟင်း ... ၀မ်းသာတာလိုလို ထမင်းဆာတာလိုလို တမျိုးကြီး ဟုတ်လား "

အေးက အရွှန်းကလေး ဖောက်မြဲဖောက်နေသည်။ အောင်နိုင်မှာလည်း သည်တော့မှသာ အကွက်ကောင်း တကွက် ရသွားသည်။ အမှန်မှာတော့ အောင်နိုင်သည် လေထု၏ အထက်လွှာမှ ပေါ့ပေါ့ကလေး ရှက်တိုက်ပြေးနေသလို ဘ၀ တခုကို အသာရွရွကလေး ကြည့်မြင်ပုံချထားသော အေး၏ရှုထောင့်မှ အတွေ့အမြင် သဘောထားများကို အလိုက်သင့် နားထောင်နေရခြင်းထက် ကိုယ်ပိုင်ရှုထောင့်မှ အမြင် အမျိုးမျိုး နှင့်ကြည့်ကာ အရည်လည်အနယ်ထိုင်သည်အထိ လွတ်လပ်စွာ တွေးခေါ်ချင်စိတ် မျိုးလည်း ပေါ်ပေါက်နေသည်။ သို့ကြောင့်လည်း အေးထံမှ အကွက်ကောင်းရတုန်းကို နင်း၍ လိုက်ရသည်။
" ဟဲ ... ဟုတ်သလား မသိပါဘူးအေးရာ ... ကိုယ် ခုထိထမင်းလဲ တကယ်မစားရသေးပါး၊ ချက်မယ်လို့ စိတ်ကူး နေတုန်းတင် အေးရောက်လာတာနဲ့"

" ဟင် .. ဒါများ စောစောက ပြောရောပေါ့၊ ခဏကလေးဈေးသွားဝယ်လိုက်ရင် ပြီးနေတာ၊ ခုတော့ မိုးချုပ် လှပြီ၊ အေး တယောက်ထဲလဲ နေခဲ့ဝံ့မှာ မဟုတ်တော့ဘူး၊ ဘယ့်နှယ် လုပ်အုံးမလဲ ဟင် "
" သြော် အေးရယ် ... ခက်တာမှတ်လို့ ကိုယ်ချက်စားမှာပေါ့ "

" ဒါဖြင့်လဲ ချက် ချက် ... ဒီ့ထက် ညဥ့်နက်ရင် ဘယ်အချိန်သွားစားတော့မှာလဲ၊ နောက်တော့သာ အေးကိုလဲ သင်ပေးပေါ့၊ အေးချက်တတ်တော့ အေးကချည့်နေ့တိုင်း ချက်ကျွေးတယ်နော်"
ခပ်နွဲ့နွဲ့ကလေး ပြောနေသော အေးအား အောင်နိုင်မျာ ရင်ခွင်ထဲမှာတင် ပျောက်သွားအောင် တအား သိမ်းညှစ်ပြီး ဖက်ထားလိုက်ချင်သလိုလို စိတ်ရှုးပေါက်သွားမိသည်။ သူသည် အံကြိတ်ကာ တခဏလောက် စိန်းစိန်း စားစား ကြည့်နေမိပြီးမှ " အေးရယ် ... အောင်နိုင် နဲ့ ဘ၀တူ ဆင်းရဲတဲ့ ဒဏ်ကို မင်း တာရှည် ခံနိုင်မှာလား ဟင်၊ အပြောလွယ်သလောက် လက်တွေ့က လွယ်မယ်မထင်နဲ့အေး၊ နောက်ပီး အောင်နိုင်ဟာ ထောင်ထွက် ဆိုတာလဲ ... "

" အောင်မယ်လေး ... ဒါကြီးကို ခဏခဏ ဂုဏ်ဖော် မနေစမ်းပါနဲ့ ရှင်ကြီးရယ်...အေး မသိတာလိုက်လို့၊ ဆင်းရဲတယ် ဆိုတာဘဲ ဘယ်လောက်ကြာကြာများ ဆင်းရဲမှာမှတ်လို့၊ တော်တော်ကြာ သူ့သမက်ကလေးနဲ့ အေး ကို ဖေဖေကိုယ်တိုင် လာမခေါ်ဘူးဆိုတော့ အေးကို ပြောချင်တိုင်းသာပြော၊ ကဲ ... သွားသွား ထမင်းချက်စားရအုံးမှာဆိုလဲ မြန်မြန် ချက်စားစမ်းပါ တကတဲအဖြစ်ကလဲ အရေးထဲမှာ ပြောချင် တော့ပါဘူး...၊ အေးလဲ ညောင်းလာပါပြီ... တုံးလုံးလှဲနေအုံးမှဘဲ"

" အေးသည် ပြောပြောဆိုဆိုနှင့် အခန်းထောင့်မှာ ထောင်ထားသော သင်ပျူးလိပ်ကို ဆွဲဖြန့်ခင်းလိုက်တာ နံရံမှာ ကပ်ရိုက်ထားသော သစ်သားခုံတန်းကလေးပေါ်မှ ခေါင်းအုံးတလုံးကိုပါ သွားယူသည်။ ပြီးတော့ ရင် ပတ် အောက်မှာ ခေါင်းအုံးကို ခုကာ ၀မ်းလျားမှောက်ကလေး လှဲချလိုက်သည်။
အောင်နိုင်မှာလည်း အခြားရေနံဆီမိးခွက်တလုံးဖြင့် မီးကူးယူလိုက်ကာ ခြေလှမ်းခပ်လေးလေးနှင့်ပင် မီးဖို ဆီသို့ လှမ်းခဲ့ရလေသည်။

" သြော် ... သြော် ... ဒီမှာ ကိုအောင်နိုင် "
မီးဖိုခန်းကလေးထဲသို့ ခြေတဖက်ချမိပြီးမှ အေးအသံကြောင့် ခြေလှမ်းတန့်ကာ သမင်လည်ပြန် ပြန်လှည့် ကြည့်မိ ရပြန်သည်။
" သြော် ... ဟဲ ... ဘာမှမဟုတ်ပါဘူး၊ ခုလမှာ အေး (၁ဂ)နှစ်ပြည့်ပြီးပြီဆိုတာကို ပြောမလို့ပါ သွား ... သွား"
အေးက သူ တွေးမိတွေးရာတွေကို စိတ်ကူးစိတ်ရပြောနေပြန်တော့လည်း အောင်နိုင်မှာ ပြုံးရမလိုလို ရော ရယ်ရ မလိုလိုနှင့် အူတူတူ ဖြစ်သွားရသေးသည်။ ပြီးတော့မှ စိတ်ကို ပြန်ထိန်းကာ လှမ်းဝင်ခဲ့သည်။ ထမင်းအိုးတလုံးကို အမြန်ပြင်ကာ မီးဖိုပေါ်မှာ မီးမွှေး၍ တည်ထားပြီးသည်တွင်ကား အောင်နိုင်သည် ယောက်မ တချောင်း ကို လက်မှာကိုင်ကာ ထိုင်ခုံကလေးနှင့် ထိုင်ပြီး အတွေးညွန့်ပေါင်း ပဒေသာဖြင့် ဝေဖြာ ၍ နေတော့သည်။

ခုအချိန်ထိအောင် အေးအား အိမ်မှလိုက်မရှာပုံကို ထောက်လျှင် အေးပြောသလို အေးထွက်လာတာကို မသိကြ ၍ ပင်ဖြစ်မည်ထင်ရသည်။
အကယ်၍သာ သိများသိကြလျှင် ဘယ်လိုနေမလဲဟု အောင်နိုင် တွေးကြည့်သည်။

ဘယ့်ကလောက် ချမ်းသာကြွယ်ဝ၍ အမျိုးအနွယ် မြင့်မြတ်သည်ပင်ဖြစ်စေ၊ ဘယ်ကလောက် ဆင်းရဲနွမ်း ပါး၍ အမျိုးအနွယ် နိမ့်ကျသည်ပင်ဖြစ်စေ၊ မိဘဆိုသည်မှာ သားသမီးကို ဆင်စီး၍ မြင်းရံသည်ကိုသာ ကြည့် လိုမြင်လိုစမြဲ ဖြစ်ရာ အမိမဲ့ သမီးထွေးဟူ၍ သူတကာထက် အရေးပေး အလိုလိုက်ခဲ့သော ဦးဖေတင် တယောက် အဖို့မှာလည်း အေးအား ဘ၀တသက်တာလုံးတွင် အထက်တန်းကျကျ မျက်နှာပန်း လှလှ ကလေး သာ နေစေချင်ပေလိမ့်မည်။

အေး၏ အိမ်ထောင်ဘက်ကိုလည်း ထိပ်တန်းကိုမှ ရွယ်ရည်မှန်းထားပေလိမ့်မည်။ သည်အထဲကမှ အေးတယောက်က သူ့ဘ၀ကို ဤလိုဤပုံ ဖန်တီးလိုက်ပါပြီ ဆိုသည့်အခါ ဖခင်နှင့် သားချင်းများအဖို့မှာ ဘယ်လို မှ အလိုကျနိုင် ကျေနပ်နိုင်စရာ မမြင်။

အေးကတော့ သူ့အား ဖခင်ဖြစ်သူက ကြာရှည် ပစ်ထားနိုင်မည် မဟုတ်ဟု ယုံကြည်စိတ်ချလျက်ရှိနေသည်။ အချစ်ကြီးလျှင် အမျက်ကြီးတတ်သည်မို့ အကယ်၍ မြှော်လင့်ထားသလို မဖြစ်လာခဲ့ပါလျှင်ကော ဒုက္ခဆိုသည်ကို တရံတဆစ်မျှ တွေ့ကြုံဘူးခြင်းမရှိသည့် အေးတယောက်သည် နွမ်းပါးလှသည့် အိမ်ထောင် ရှင်ဘ၀တွင် အဘယ်မျှကြာကြာ ဆင်းရဲဒုက္ခကို သည်းခံနိုင်ပါလိမ့်မည်နည်း။
အကယ်၍ အေးယုံကြည်မှုရှိသလို ဦးဖေတင်က မိမိတို့အား ပြန်လည်ခေါ်ငင်ကာ ချီးမြှင့်မြှောက်စားထားပါပြီ ဆိုစေ ကာမူ မိမိဘ၀နှင့် အသွင်မလှ ခွင်မကျအောင် ဖြစ်နေလိုက်မည့် အထက်လွှာ၏ ပေါင်းသင်း ဆက်ဆံ ရေး နယ်ပယ်မှာ မည်မျှအရုပ်ဆိုးသည့် အဆွယ်အပွားကိစ္စတွေကို ဖိတ်ခေါ် ဖြစ်ပွားစေဦးမည်ဟူ၍ပင် မခန့်မှန်း တတ်တော့နိုင်။

လူတဦးတယောက်၏ ကောင်းသတင်းကို ဆိုလျှင်သာ ဖုံးမနိုင် ဖိမရကြီးဖြင့် ထင်ရှားလာပါမှ အနည်းငယ်မျှ လောက်ပြောချင်တတ်ပေမည်။ မကောင်းသတင်းဆိုလျှင် တဆိတ်ကို တအိတ်လုပ်ကာ ပုံကြီးချဲ့တတ်ကြ သော ပတ်ဝန်းကျင်ကလည်း မိမိတွေးထင်ထားသည့်လောက်မျှ မကအောင် ဂယက်ရိုက်ပေလိမ့်ဦးမည်။
သည်ဒဏ်ချက်ကို အရေမထူ အပူမတွေ့ဘူးလေသည့် အေးတယောက်က ကြာရှည်ကြာများ သည်းခံခွင့် လွှတ်၍ ချည်းနေနိုင်ပါမည်လော။ အေးက မိမိအား ချစ်ပါသည်ဆိုလာခြင်းမှာလည်း မိမိကဲ့သို့ ဘ၀ တသက်တာ ကို ပုံအပ်ကာ မသွေမကွက် မယွင်းမဖောက် ချစ်မြတ်နိုးနိုင်မည့် အချစ်စစ် အချစ်မှန်မျိုးမှ ဟုတ်ပါ လေမည်လော။

အတွေးချင်းဆက်ကာ ပွေချာလိမ်လျက် ရှိနေသော အောင်နိုင်မှာ ထမင်းအိုး ပွက်ပွက်ဆူလာတော့မှသာ ထမင်းရည် ငဲ့ပြီး ပြန်နှင်ထားလိုက်ရသည်။ ပြီးတော့မှ အခင်းအပြင်ဘက်မှာ တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်ချက်သားကောင်းနေသော အေးအား အသာအယာခြေဖွနင်းပြီး သွားကြည့်လိုက်မိပြန်သည်။
ပူပင် ကြောင့်ကျ ကင်းစင်လိုက်သည့် အေးတယောက်ဆိုတာကတော့  ဘယ်အချိန်ကများ အိပ်ပျော်နေရှာ သည်မသိ၊ ပူးယှက်ထားသော လက်ကလေးနှစ်ဖက်ကို ခေါင်းအောက်မှာ ခုကာ ခပ်စောင်းစောင်း ကလေး ကွေးပြီး အသက်ရှုမှန်မှန်နှင့် အိပ်ပျော်လျက်ရှိပေပြီ။

" သြော် ... အေး ... အေး ... စည်းစိမ် ချမ်းသာတွေကို နောက်ကျောခိုင်းပြီး အောင်နိုင်သလို အရှုံးတွေဆင့် နေတဲ့ သတ္တ၀ါတကောင်ကို တွယ်တွယ်တာတာ ရှိလိုက်ပုံများနှယ် ဆန်းပြားလှချည်လားဟင်၊ ဒီလောက် စွန့်စားဝံ့ တဲ့ သတ္တဟာလဲ တော်ရုံတန်ရုံ ချစ်တဲ့စိတ်မျိုးတော့ မဟုတ်တန်ရာပါဘူးနော်၊ မင်းကလေး အောင်နိုင်ကို တကယ်ဘဲ ချစ်နေတော့တာထင်ပါရဲ့၊ ဒီလောက် ထက်သန်ထူးကဲနေတဲ့ မေတ္တာမျိုးကိုမှ တန်ဘိုးမထားဘဲ ရှောင်လွှဲလိုက်ရင်လဲ အောင်နိုင်ဟာ ဥဒုဗ`ရေဒေ၀ီကို စွန့်ပစ်ပြေးတဲ့ ပိင်္ဂုတ္တရလုလင်လို အစား ထဲက ဖြစ်နေတော့မှာပေါ့ "
" ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်ဟာ အေးကို အသဲထဲကနင့် အောင်ချစ်ရသလို အေးရဲ့အချစ်ကိုလဲ တန်ဘိုး ထားရပေလိမ့်မယ်၊ စစ်မျန်တဲ့မေတ္တာ နှစ်ခုပေါင်းမိရင်လဲ လောကမှာ ဘာမဆို ရင်ဆိုင်ရဲရမှာပေါ့၊ ကိုယ်ဟာ ပိင်္ဂုတ္တရ လုလင် တော့ အဖြစ်မခံနိုင်ပါဘူး အေးရယ် ... "

အောင်နိုင်သည် သူ့အတွေးနှင့်သူ အေးအား စူးစိုက်ကြည့်ရှုနေရာမှ အနီးမှာကပ်ကာ ဒူးထောက်ပြီး ခပ်သာသာ ထိုင်ချလိုက်သည်။
ပြီးတော့ နဖူးထက်မှာ ၀ဲနေသော ဆံပင်အခွေ ကလေးကို ကြင်နာယုယစွာ ဖြည်းဖြည်းကလေး သိမ်းတင် ပေးလိုက်ပြီး နုနယ် ၀င်းပသော မျက်နှာကလေးကို ရှုမ၀နိုင်သလို တစိမ့်စိမ့်ကြည့်ရှုနေပြန်သည်။ ခဏ နေတော့ သူ့ဖာသာသူပင် ခေါင်းရမ်းမိပြန်လေ၏။

" မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ပိင်္ဂုတ္တရလုလင်က သတို့သမီးရဲ့ဖခင်ကိုယ်တိုင်က ထိမ်းမြား ပေးလိုက်တာ၊ အခုတော့ လူလောကကို အစစ်အမှန် မသိသေးတဲ့ အရိုင်းမကလေး အရူးမကလေး၊ ခလေး စိတ် မကုန်နိုင်သေးတဲ့ ဟောဒီ ဟာမကလေးက ဆတ်ဆော့တာနဲ့"

အောင်နိုင်မှာ အံကိုကြိတ်ကာ မျက်နှာကို တဖက်သို့ လှည့်ငေးလိုက်မိသည်။ ဦးဖေတင်၏ တည်ကြည် ခန့်ထည်သော မျက်နှာမှာ ဖျတ်ခနဲ ပေါ်ပေါက်လာပြန်၏။
ဆိုက်ကားထောင်သူ ဦးရွှေဘတို့အိမ်မှ သူ့ကိုခေါ်ယူထားပုံ ခြေထောက်အနာကို ကိုယ်တိုင်လာကြည့်ကာ စားရေး သောက်ရေး စီစဉ်ပေးပုံ၊ သူအမှုဖြစ်နေဆဲတွင် ၀တ်လုံတော်ရကြီးများကို ငှားရမ်းကူညီခဲ့ပုံ၊ မောင်နှမ နှစ်ယောက်သား စားသောက်ဘွယ်ရာတွေနှင့် ထောင်ဝင်စာ လာတွေ့ကာ အားပေးစကား ပြောခဲ့ပုံ တွေမှာ အစီအရီ ပေါ်ပေါက်လာသည်။

လူကြီး လူကောင်း ပီသ၍ လေးစားအပ်သော ဦးဖေတင်အပေါ်၌ သည်ကျေးဇူးတရားတွေကို ထောက်ထား ရဦးမည်မှာ သူ၏ ၀တ္တရားပင် မဟုတ်ပါလော။
" ဟုတ်ပါတယ်အေးရယ် ... အချစ်ဆိုတဲ့ စိတ်တခုထဲနဲ့ ဆူဝေမွှန်ထူနေတဲ့ ကိုယ်တို့ လူငယ်တွေ့ရဲ့ အဆုံး အဖြတ်ဟာ အရာရာ နှိုင်းချိန်နိုင်ပြီး သမာသမတ်ရှိတဲ့လူကြီးတယောက်ရဲ့အဆုံးအဖြတ်လောက် ဖြောင့်မျန် သင့်မြတ်နိုင်မယ် မထင်မိပါဘူး၊ ပြုဘူးတဲ့ ကျေးဇူးတရားတွေကို ထောက်ထားပြီး တိုင်ပင်ရ ပန်ကြားရမှာက ကိုယ်တို့ ၀တ္တရားဘဲ မှုတ်ဘူးလားကွယ်"

အောင်နိုင်က အိပ်ပျော်နေသော အေးကိုပင် စိတ်ထဲမှ တိုင်တည်နေလိုက်မိသည်။ တကယ်ဆိုတော့ မိမိ ကိုယ်တိုင် အသဲနစ်မျှ ချစ်မိထားသူကလေးက တုံ့ပြန်သော မေတ္တာဖြင့် ချစ်ခင်ပါသည်ဟု ဖွင့်ဆိုကာ ပုံအပ် လာခြင်းကို ရှောင်ရှားနိုင်ရန်မှာ ခက်ခဲလှသော ဖြစ်ရပ်ကြီးတခု ဖြစ်နေသလို မေတ္တာစစ် မေတ္တာမွန်တို့ သဘာဝအတိုင်း မိမိချစ်သူ၏ ဘ၀တခုလုံးကို ဆုံးရှုံးနစ်မွန်းစေရန် ဆွဲထူပြီး မနှစ်လိုတော့သည်မှာလည်း အမှန်ပင် ဖြစ်နေသည်။

" သြော် ... ငါဟာ ဟိုတုန်းကလို ကိုယ့်ဘ၀ကို တတ်နိုင်သမျှကလေးနဲ့ တတ်အောင် ကြိုးပမ်းနေတဲ့ အောင်နိုင် ဘဲ ပြန်ဖြစ်လိုက်ပါတော့ ... "ဟူ၍လည်း တောင့်တောင့်တတ တွေးမိလိုက်သည်။
မှန်သလောက်တော့လည်း မှန်ပေသည်။ ယခင်က ဆိုလျှင် ဆင်းရဲချမ်းသာနှင့် ဥာဏ်ပညာ ဂုဏ်ဒြပ်တို့ အဘယ်မျှ ကွာခြားလွန်နေပါစေ...၊ သူအားပြိုင်နိုင်စရာ စာရိတ္တ ဂုဏ်ကလေးတလုံးက ကျန်ရှိနေသေးသည်။

ထိုအခါမျိုးမှာ ယခုလို အဖြစ်မျိုးကို လက်ခံ စွန့်စားလိုက်မည်ဆိုလျှင် ဖြစ်နိုင်ကောင်းပါသေး၏။
ယခုတော့ဖြင့် တခုတည်းသော သူ အားပြုဂုဏ်ခံစရာ စာရိတ္တဖြူဖြူစင်စင်ကလေးမှာ ပင်လျှင် ဖျောက်ဖျက် ၍ မရနိုင်စကောင်းကော အမဲကွက်ကြီးဖြင့် ညစ်ထေးစွန်းကွက်ခဲ့ပါလေပြီ ... သူ့ ကိုယ်နှင့်သူပင် အဖတ်ဆည် ၍ ရနိုင်ကောင်းသည်ဟု မထင်မှတ်မိသော ဤဘ၀ထဲသို့ မိမိချစ်သူ နုနုရွရွ သန့်သန့် စင်စင် ကလေး ကို ဆွဲနှစ်လိုက်ရမည်မှာလည်း အဆမတန်မှ ၀န်လေး ပင်ပန်းစရာဖြစ်နေတော့ပေ သည်။

ဆက်ရန်
.

No comments: